အခန်း ၆၂
Vol. 7 Ch. 62
အပိုင်း ( ၆၂ )
ရှောက်ချန်းကျယ်က သူ့ဆီ ကမ်းပေးထားတဲ့ လက်ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ့ကိုယ်သူ “ ကျွန်တော့်နာမည် ချန်ကုံပါ။ ‘ အောင်မြင်မှု ’ ဆိုတဲ့ ချန် ၊ ‘ မလျှော့သော ဇွဲ ’ ဆိုတဲ့ ကုံ။ ”
ထန်ယိချန်းသည် ပါးစပ်ထဲက သောက်လက်စ ဝိုင်ကို ဖူးခနဲ ထွေးထုတ်မိတော့မလို ဖြစ်သွားလေသည်။ ဒီကိုးရိုးကားရား နာမည်ကြီးက ဘယ်က ရောက်လာမှန်း မသိပေမဲ့ ရှောက်ချန်းကျယ် ရှင်းပြတာကို နားထောင်ရသလောက်တော့ ဗေဒင်ဆရာ သေချာ ရွေးပေးထားတဲ့ နာမည်ကောင်း တစ်ခုလိုပါပဲ။
ချန်ကျင်းလန်က ဝိုင်ကို ဟန်မပျက် ဆက်သောက်နေခဲ့သော်လည်း သူမရဲ့ နှုတ်ခမ်းထောင့်ကနေ ရယ်သံ တိုးတိုးလေး ထွက်ပေါ်လာကာ အမြန် ပြန်ထိန်းလိုက်ရသည်။
တစ်ဖက်လူက ပထမတော့ အံ့ဩသွားပြီးမှ ထိုနာမည်ကို ထောပနာပြုလိုက်၏။ “ ကောင်းလိုက်တဲ့ နာမည်ဗျာ။ လူကြီးမင်းချန်ကရော ဟိုတယ်လုပ်ငန်းနယ်ပယ်ထဲကပဲလား။ ”
ချန်ကျင်းလန်က သူ့အတွက် ဖြေပေးလိုက်သည်။ “ ဟင့်အင်း ၊ သူက ကျွန်မရဲ့ ကိုယ်ပိုင် ယာဉ်မောင်းပါ။ ”
“ ဟုတ်တယ် ၊ ကျွန်တော်က သူ့ရဲ့ ဒရိုင်ဘာပါ။ ” ရှောက်ချန်းကျယ်က မိန်းမကို ကြောက်ရတဲ့ ခင်ပွန်း တစ်ယောက်လိုမျိုး အတိုင်အဖောက်ညီညီ ဝင်ပြောလိုက်တော့ လူတိုင်းဆီက အိုးခနဲ အသံထွက်လာကာ အကုန်လုံးရဲ့ မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ တုံ့ပြန်မှုပေါင်းစုံကို အတိုင်းသား မြင်နေရပါသည်။ ထန်ယိချန်း တစ်ယောက် ဒီဇာတ်လမ်းကို ဆက်မကြည့်နိုင်တော့ပေ။ သူဌေးတွေ အကုန်လုံး သရုပ်ဆောင်သင်တန်းတွေကို မတက်မနေရသဘောနဲ့ တက်ထားရတာလား ၊ ဒါမှမဟုတ် ဒီသူဌေး နှစ်ယောက်ကပဲ ဘာသရုပ်ဆောင်သင်တန်းမှ တက်စရာ မလိုဘဲနဲ့ သရုပ်ဆောင်ပညာကို တစ်ဖက်ကမ်းခတ် ထူးချွန်နေတာလား။
ကော့တေးလ်ပါတီပွဲက လူ တစ်ဝက်ကျော်လောက်နှင့် စကားစမြည်ပြောပြီးသွားချိန်မှာတော့ ချန်ကျင်းလန်က လူမှုရေးလုပ်ရတာကို ငြီးငွေ့စပြုလာပါပြီ။ ရှောက်ချန်းကျယ်က သူမနားကို ကပ်ပြီး “ အပြင်ထွက်ပြီး လေလေး ဘာလေး ခဏ ရှူကြမလား။ ” ဟု မေးလိုက်သည်။
ချန်ကျင်းလန် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့ နှစ်ယောက်သည် ပါတီပွဲ ကျင်းပနေတဲ့ ခန်းမရဲ့ အပြင်ဘက်ရှိ ကော်ဖီဆိုင်ကို အတူတူ ထွက်လာဖြစ်ခဲ့ကြသည်။ ကော်ဖီဆိုင်ထဲမှာ လူမများပေမဲ့ လေအေးပေးစက်ဆို အမြင့်ဆုံးထိ ဖွင့်ထားတာမို့ ရှောက်ချန်းကျယ်က သူ့အပေါ်ထပ်အင်္ကျီကို ချွတ်ပြီး သူမရဲ့ ပခုံးပေါ် လွှားခြုံပေးကာ လူရှင်းတဲ့ ထောင့်စားပွဲလေးသို့ ခေါ်လာခဲ့လိုက်သည်။
“ မင်း ဘာသောက်မလဲ။ ”
ချန်ကျင်းလန်က လက်ပေါ် မေးတင်ကာ ခဏ စဉ်းစားနေပြီးမှ “ အိုက်စ်အမေရိကာနို။ ” ဟု ပြန်ပြောလိုက်သည်။
သူမ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ချိန်မှာ သူကတော့ မထိုင်သေးဘဲ ဒီတိုင်း ရပ်လျက်။ ရှောက်ချန်းကျယ်ရဲ့ အကြည့်က သူမဆီ ရောက်လာပြီး သူမရဲ့ အစွန်းအစထွက်နေတဲ့ ဆံပင်လေးကို နားရွက်နောက်သို့ နူးညံ့စွာ သပ်တင်ပေးသည်။ “ နေမကောင်းဖြစ်နေတဲ့အချိန် အအေးတွေ သောက်လို့ မရဘူးလေ။ မင်း ဗိုက်အောင့်လိမ့်မယ်။ ”
ချန်ကျင်းလန်ကတော့ သူ့ကို ဖီဆန်စွာပင် မျက်လုံးတွေကို ဖွင့်ချည် ပိတ်ချည် ( ကလန်ကဆန်နိုင်တဲ့ ကလေးဆိုး တစ်ယောက်လို အမူအရာမျိုး ) လုပ်ပြလိုက်သည်။ “ ကျွန်မ ဓမ္မတာ မလာတော့ဘူး။ အိုက်စ်အမေရိကာနိုပဲ သောက်ချင်တယ်။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးအကြည့်က နက်ရှိုင်းသွား၏။ သူက သူမရဲ့ နားရွက်ဖျားလေးကို လက်မနှင့် တို့ထိရင်း တိုးလျစွာ ပြောလိုက်သည်။ “ ကိုယ် သဘောပေါက်ပြီ။ ”
တိတ်ဆိတ်နေတဲ့ ကော်ဖီဆိုင်လေးထဲမှာ သီချင်းသံငြိမ့်ငြိမ့်လေး ပျံ့လွင့်နေပြီး သူတို့ နှစ်ယောက်က အချစ်စကားလေးတွေ အပြန်အလှန် ဖလှယ်နေတဲ့ ချစ်သူ နှစ်ယောက်လိုပင် လေသံလေးဖြင့် တိုးတိုး ပြောနေခဲ့ကြလေသည်။
ကော်ဖီခွက်တွေ ကိုင်လျက် ပြန်ရောက်လာသော ရှောက်ချန်းကျယ်က သူမရှေ့မှာ ဝင်ထိုင်သည်။ နှစ်ခွက်မှာ တစ်ခွက်က အအေး ၊ တစ်ခွက်က အပူဖြစ်ကာ သူက ရေခဲထည့်မထားတဲ့ ကော်ဖီအပူခွက်ကို သူမရှေ့မှာ ချပေးလိုက်တဲ့ ရေခဲထည့်ထားတဲ့ ကော်ဖီခွက်ကိုတော့ သူမနှုတ်ခမ်းနား ကပ်ပေးသည်။ “ မင်း တစ်ငုံလောက်တော့ သောက်လို့ ရတယ် ၊ အဲ့ထက် ပိုသောက်ရင် နေမကောင်းဖြစ်လိမ့်မယ်။ ”
ချန်ကျင်းလန် သူ့ကို မျက်စောင်းထိုးလိုက်၏။ သူမရဲ့ မျက်စောင်းကို သူက အပြုံးဖြင့် တုံ့ပြန်သည်။ နောက်ဆုံးတော့ ချန်ကျင်းလန်ပဲ အရှုံးပေးလိုက်ရကာ သူ ကိုင်ထားတဲ့ ကော်ဖီအေးခွက်ကိုပဲ တစ်ငုံ သောက်လိုက်ရတော့သည်။ သူမ ညစ်ပြီး ထပ်သောက်မှာကို စိုးရိမ်သည့်အလား တစ်ငုံ သောက်ပြီးသည်နှင့် ခွက်ကို ချက်ချင်း သူ့ဘက် ပြန်ဆွဲသွားသည်။ ချန်ကျင်းလန်သည် သူမရဲ့ ကော်ဖီခွက်ကို ပိုက်နှင့် အလကားသက်သက် မွှေရင်း အရှုံးပေးလိုက်ရသည့်အတွက် ဒေါပွနေမိသည်။
ရှောက်ချန်းကျယ်က နှုတ်ခမ်းနီရာစွန်းထင်းနေတဲ့ ပိုက်ဖြင့် ကော်ဖီတစ်ငုံ သောက်ပြီးမှ “ မင်း ကိုယ့်နာမည် အသစ်ကို သဘောကျလား။ ” ဟု မေးလိုက်သည်။
အကြာကြီး နှုတ်ဆိတ်နေပြီးမှ ချန်ကျင်းလန်ဆီက စကားသံ ထွက်လာသည်။ သူမလည်း ထင်တော့ ထင်ပေမဲ့ သူ့ကို ဒီလို အတည်ပေါက်ကြီး ရှင်းပြလိမ့်မည် ဟူ၍တော့ မထင်ခဲ့။ “ ရှင် အဲ့လောက်ထိ မျက်နှာပြောင်မှန်း ကျွန်မ မသိခဲ့ဘူး ရှောက်ချန်းကျယ်။ ”
ရှောက်ချန်းကျယ်ရဲ့ လက်က စားပွဲကို ကျော်ဖြတ်လာခဲ့ကာ သူမရဲ့ နှုတ်ခမ်းထောင့်လေးကို ဆွဲလိမ်လိုက်သည်။ “ ပြုံးချင်နေတာကို ဘာလို့ အတင်း ထိန်းနေတာလဲ။ ”
ချန်ကျင်းလန်က သူ့ကို လက်ကို ရိုက်လိုက်ပေမဲ့ သူမနှုတ်ခမ်းထောင့်က အပြုံးလေးကတော့ ပျောက်ကွယ်မသွားတော့ဘဲ တဖြည်းဖြည်း ပီပြင်လာခဲ့သည်။ ခဏနေတော့ သူမက မျက်နှာကို လက်နှင့် အုပ်ကာ ခေါင်းငုံ့၍ အူလှိုက်သည်းလှုက် ရယ်နေပုံမှာ ပခုံးလေးတွေ လှုပ်ခါနေလေသည်။
ရှောက်ချန်းကျယ်သည် သူမရဲ့ စားပွဲပေါ်မှာ တင်ထားတဲ့ လက်လေးကို ဆုပ်ကိုင်ပြီး နူးညံ့တဲ့ လက်ဖဝါးလေးကို ဖျစ်ညှစ်လိုက်သည်။ “ ခဏလောက် ရယ်လိုက်လို့ ဘာမှ မဖြစ်ပါဘူး။ ”
တစ်မိနစ်လောက် ကြာတော့မှ ချန်ကျင်းလန်ဟာ ခေါင်းပြန်မော့လာခဲ့သည်။ သူမရဲ့ ပန်းရောင်သမ်းနေတဲ့ ပါးပြင်ပေါ်မှာ အပြုံးရိပ်တွေ မပျောက်သေးဘဲ သူမရဲ့ မျက်လှံးလှလှလေးတွေက စီးဆင်းနေတဲ့ ရေအလျဥ်လိုပဲ လက်ဖြာတောက်ပနေခဲ့သည်။ “ ရှင်က အရမ်း ဆရာလုပ်ချင်တယ်။ ခုနတုန်းက ကျွန်မကို ကော်ဖီအေး မသောက်နဲ့လို့ ပြောတယ် ၊ ဟော .. အခုကျ ကျွန်မကို ရယ်ရမလား မရယ်ရဘူးလား ဆိုတာပါ လာပြောနေပြန်ပြီ။ ”
သူမရဲ့ နူးညံ့သော အသံလေးက မကျေမနပ်ဟန်ပေါက်နေပေမဲ့ တစ်ချိန်တည်းမှာပဲ ချစ်စရာကောင်းနေသည်။ ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်သည်။ “ ဒါဆို မင်း ကိုယ့်ကို တာဝန်ယူပေးမှာလား။ မင်း ပြောသမျှ ကိုယ် လုပ်မယ်လေ ၊ မင်းက ကိုယ့်ကို အနောက်အရပ်ကို သွားဖို့ ပြောရင် ကိုယ် ဘယ်တော့မှ အရှေ့အရပ်ကို သွားမှာ မဟုတ်ဘူး။ ”
ချန်ကျင်းလန်က သု့ကို မျက်နှာလွှဲကာ ပြတင်းပေါက်မှန်ဆီ အကြည့်လွှဲလိုက်သည်။ “ ကျွန်မ ရှင့်ကို တာဝန်ယူပေးဖို့ အရမ်း ပျင်းတယ်။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ပန်းသွေးရောင်ပြေးနေတဲ့ လည်ပင်းလေးကို ငေးကြည့်နေမိသည်။ အဲ့ဒီနောက် စားပွဲကို လက်ဆစ်နှင့် တတောက်တောက် ခေါက်နေရာမှ သူမရဲ့ဘေးက အိတ်ကို ယူကာ မတ်တပ်ရပ်လိုက်တော့ ချန်ကျင်းလန်က သူ့ကို မော့ကြည့်သည်။ “ ရှင် ဘာလုပ်နေတာလဲ။ ”
“ သွားရအောင်။ ”
“ ဘယ်ကိုလဲ။ ” ချန်ကျင်းလန်လည်း သူ့နောက်ကို လိုက်ခဲ့လိုက်သည်။ ကော်ဖီဆိုင်ထဲကနေ ကားပါကင်ကို ရောက်တဲ့ထိ ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ထား၏။
ကားထဲကို ရောက်သည်နှင့် ချန်ကျင်းလန်က “ ရှင် ဘယ်သွားမလို့လဲ။ ” ဟု မေးလိုက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို သူ့နှုတ်ခန်းထံ ဆွဲယူကာ လျှပ်တစ်ပြက် နမ်းလိုက်သည်။ သူ့အသံက စနောက်ချင်ဟန် တစ်ဝက် ၊ လေးလေးနက်နက် ပြောနေဟန် တစ်ဝက် ရှိ၏။ “ ခိုးရာလိုက်ပြေးမလို့လေ။ မင်းရော ကိုယ်နဲ့ လိုက်ချင်လား။ ”
ချန်ကျင်းလန်ရဲ့ လက်ထဲကို ကူးပြောင်းစိမ့်ဝင်လာတဲ့ ရှောက်ချန်းကျယ်ရဲ့ လက်က အနွေးဓာတ်က သူမကို စိတ်လှုပ်ရှားစေသည်။ သူမက လက်ကို ပြန်ရုတ်သိမ်းပြီး သူ့မျက်လုံးတွေကို ပြန်စိုက်ကြည့်လိုက်သည်။ “ ရှင်က ကျွန်မကို ရှင့်ကားထဲ ရောက်အောင်တောင် သွေးဆောင်ပြီးနေပြီကို ကျွန်မကို ရှင်နဲ့ လိုက်မလား ၊ မလိုက်ဘူးလား မေးနေသေးတာလား။ ”
ရှောက်ချန်းကျယ်က ကားတံခါးတွေကို လော့ခ်ချလိုက်သည်။ “ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ မင်းကို ကိုယ့်ရဲ့ ကိုယ်ပိုင်သင်္ဘောပေါ် ပြန်ပေးဆွဲလိုက်ပြီ။ မင်း လိုက်ချင်သည်ဖြစ်စေ ၊ မလိုက်ချင်သည်ဖြစ်စေ ကိုယ်နဲ့ လိုက်ကို လိုက်ခဲ့ရတော့မယ်။ ”
ချန်ကျင်းလန်က သူ့ကို “ ရှင်က ပြန်ပေးဆွဲသမားပဲ။ ” ဟု မကျေမနပ် ပြောလိုက်သည်။ ထိုစကားက အပြစ်တင်တာနှင့် တူပေမဲ့ ရှောက်ချန်းကျယ်ရဲ့ နားထဲမှာတော့ ချစ်စရာကောင်းနေ၏။ ထို့နောက် သူ လီဗာကို နင်းလိုက်တော့သည်။
လမ်းတစ်ဖက်တစ်ဖျက်က သစ်ပင်တွေ ၊ အဆောက်အဦးတွေက နောက်မှာ တရိပ်ရိပ် ကျန်ခဲ့ကာ ရှုခင်းတွေက သူတို့နှင့် တဖြည်းဖြည်း အသားကျ ရင်းနှီးလာသည်။ ( ၇ ) နှစ်ကျော်အကြာမှာ တချို့ အရာတွေက ပြောင်းလဲသွားပေမဲ့ တချို့ အရာတွေကတော့ အရင်အတိုင်းပင်။ ဘွဲ့ရပြီးကတည်းက ချန်ကျင်းလန် ဒီဘက်ကို မရောက်ဖြစ်ပါ။ သူမ ဒီမြို့ကို အလုပ်ကိစ္စနှင့် လာရလျှင်တောင် ဒီလမ်းတွေကို တမင် မသွားဘဲ ရှောင်ခဲ့သည်။
ချန်ကျင်းလန်သည် ရှောက်ချန်းကျယ် သူမကို ဒီနေရာကို ခေါ်လာရတဲ့ ရည်ရွယ်ချက်ကို သေချာ မသိသောကြောင့် မေးခွန်းထုတ်သလို အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ရှောက်ချန်းကျယ်ကတော့ ဆိုင်လေး တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီးနောက် ကားမှန်အပြင်ကို မေး တစ်ချက် ဆတ်ပြသည်။ “ ပဲနီကိတ် စားချင်လား။ ”
သူ့မျက်လုံးတွေနောက်ကို လိုက်ကြည့်လိုက်သောအခါ အံ့ဩမှုကြောင့် ချန်ကျင်းလန် နှုတ်ခမ်းလေး ခပ်ဟဟ ဖြစ်သွားရလေသည်။ ဒီဆိုင်က ဒီမှာ ဖွင့်ထားတုန်းပါပဲလား … ။ သူမ ကျောင်းသားဘဝတုန်းက သူတို့ရဲ့ ပဲနီကိတ်ကို အရမ်း ကြိုက်သဖြင့် နွေရာသီ ကျောင်းပိတ်ရက်မှာ အဆာပြေ စားဖို့ နေ့တိုင်းနီးပါး ဝယ်ခဲ့ဖူးသည်။
ရှောက်ချန်းကျယ်က သူမရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ခါးပတ်ကြိုး ဖြုတ်ကာ ကားထဲက ထွက်လိုက်သည်။ “ ကိုယ် သွားဝယ်ပေးမယ်။ ”
ချန်ကျင်းလန်က ကားမှန်ကို ချပြီး ကားပြတင်းဘောင်ပေါ် လက်တင်၍ မေးထောက်ကာ အပြင်ကို ငေးကြည့်နေမိသည်။ နွေးထွေးတဲ့ နေရောင်ခြည်က လမ်းကို အုပ်မိုးထားတဲ့ သစ်ပင်အုပ်ကို ဖြတ်သန်း၍ လမ်းပေါ်မှာ နေရောင်ခြည် အစက်အကွက်လေးတွေ စွန်းထင်းနေစေကာ သူ့ရဲ့ မြင့်မတ်တဲ့ ကိုယ်ဟန်ကိုလည်း အရိပ်ထင်စေသည်။
ထိုအချိန်မှာပဲ သူက ဖျတ်ခနဲ လှည့်ကြည့်လာတော့ သူရဲ့ နက်မှောင်သော မျက်လုံးများဖြင့် အကြည့်ချင်း ဆုံသွားကြသည်။ ချန်ကျင်းလန်သည် နွေးထွေးတဲ့ နေရောင်ကို ငြိမ်သက်စွာ ခံယူရင်း အကြည့်လွှဲဖို့တောင် ခဏတာ မေ့လျော့နေမိသည်။
ချန်ကျင်းလန်က ကားဆီ ပြန်လျှောက်လာကာ သူမရဲ့ မျက်နှာကို လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ နှုတ်ခမ်းထောင့်လေးကို ငှက်မွှေးလို ပေါ့ပါးသော အနမ်းဖြင့် ရွှတ်ခနဲ နမ်းလိုက်သည်။ “ ကိုယ့်ကို ခဏ စောင့်နေနော်။ ကိုယ် ချက်ချင်း ပြန်လာခဲ့မယ်။ ”
လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာ တစ်ယောက်မှ မရှိပေမဲ့ မမျှော်လင့်ထားတဲ့ သူ့အပြုအမူက ချန်ကျင်းလန်ရဲ့ လည်ပင်းတွေ ရဲတက်သွားတဲ့အထိ ရှက်သွေးဖြာစေသည်။ သူမ ကားမှန်ကို အမြန် ပြန်တင်ပြီး သူ့ရဲ့ ချိုမြိန်တောက်ပနေသော အပြုံးနှင့် နေရောင်ကို ပိတ်ဆို့ထားလိုက်သည်။
သိပ်မကြာလိုက်ဘဲ သူ ပြန်ရောက်လာ၏။ သူမမျက်နှာပေါ်က အပူရှိန် တရိပ်ရိပ် မပြယ်သေးခင်မှာ ပါးစပ်ကို ရောက်လာတဲ့ ပဲနီကိတ် အေးအေးချိုချိုလေးက အပူတွေကို အတော်လေး ငြိမ်းအေးသွားစေသည်။
ပဲနီကိတ်ကို ခပ်ဖြည်းဖြည်း စားနေတဲ့ သူမကို ကြည့်ပြီး ရှောက်ချန်းကျယ်က “ အရသာက အရင်တုန်းကအတိုင်းပဲလား။ ” ဟု မေးတော့ ချန်ကျင်းလန် ခေါင်းညိတ်ပြလိုက်သည်။ သူမ မှတ်မိတဲ့ အရသာအတိုင်း မပြောင်းမလဲပါ။ “ ရှင်ရော စားဦးမလား။ ”
ရှောက်ချန်းကျယ် ကားစက်နှိုးလိုက်သည်။ “ ကိုယ် ပြီးရင် စားလိုက်ပါ့မယ်။ ”
အလယ်က ပစ္စည်းထည့်တဲ့ အံခွက်လေးထဲမှာ သူ ထည့်ထားတဲ့ ပဲနီကိတ်မုန့်အိတ်ဆီ အကြည့်ရောက်သွားချိန်မှာ ချန်ကျင်းလန်ရဲ့ မျက်နှာပေါ်က ဆုတ်ခွာခါစ အပူရှိန်တွေ ပြန်တက်လာ၏။
ကားက အနီးရပ်ကွက်ထဲကို တဖြည်းဖြည်း ဝင်လာခဲ့ကာ နောက်ဆုံးတော့ အုတ်နီနီ ၊ နံရံဖြူဖြူနှင့် အိမ်လေး တစ်အိမ်ရှေ့မှာ ရပ်သွားသည်။
“ ရောက်ပြီ။ ” ရှောက်ချန်းကျယ်က သူ့ခါးပတ်ကြိုးကို အရင် ဖြုတ်ပြီးမှ သူမရဲ့ ခါးပတ်ကြိုးကို ဖြုတ်ပေးသည်။
ချန်ကျင်းလန် တစ်ချက်လေးတောင် မလှုပ်နိုင်ဘဲ ငြိမ်သက်နေမိပါသည်။ “ ကျွန်မတို့ ဒီကို ဘာလာလုပ်တာလဲ။ ”
သူမ ဘွဲ့ရပြီးနောက်ပိုင်း ဒီအိမ်ကို ရောင်းဖို့ အေးဂျင့်ငှားခဲ့ဖူးသည်။ အိမ်ထဲက သူမနဲ့ သူ့ရဲ့ အမှတ်တရတွေ အကုန်လုံးကိုပါ အတူတူ ပျောက်ကွယ်သွားစေဖို့ပေါ့ … ။
ဝင်ပေါက်မှာ ထောင်ထားတဲ့ ထီးလေးတွေရော ၊ ဆိုဖာပေါ်က မွှေးပွအရုပ်လေးတွေရော ၊ နံရံပေါ်က ဓာတ်ပုံတွေရော … အိမ်က အရင်အတိုင်း တစ်ပုံစံတည်းပါပဲ။ လသာဆောင် ဝရန်တာက အရွက်ဖားဖားနှင့် အလှစိုက် အပင်စိမ်းစိမ်းလေးတွေတောင် သူ့အတိုင်း စိမ်းစိုလန်းဆန်းလျက် မပြောင်းမလဲ။
ချန်ကျင်းလန်က ကြီးလာပြီ ဖြစ်တဲ့ အပင်လေးတွေကို ကြည့်ရင်း “ ဒီအိမ်ကို ဝယ်လိုက်တဲ့ လူက ရှင်လား။ ” ဟု တိုးလျစွာ မေးလိုက်တော့ ရှောက်ချန်းကျယ်က “ အင်း ” ဟု တစ်ခွန်းတည်း ပြန်ပြောသည်။
ရှောက်ချန်းကျယ်က သူမနောက်မှာ ရပ်ပြီး သူမနှင့်အတူ အိမ်ထဲက အရာအားလုံးကို ခြုံငုံ ကြည့်နေ၏။ သူ ဒီအိမ်ကို ဝယ်ခဲ့ပေမဲ့ ဒီကြားထဲ တစ်ခါလေးတောင် ပြန်မလာဖြစ်ဘဲ အိမ်အကူကိုသာ ဒီမီာ ရှိတဲ့ အရာရာတိုင်းကို မူလအတိုင်း ထိန်းသိမ်းထားဖို့ မှာထားခဲ့တာပင်။
“ ဘာလို့လဲ။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ဘေးတစောင်း မျက်နှာလေးကို ငေးကြည့်ရင်း ပြောလိုက်သည်။ “ မင်းက ဒီနေရာက ပဲနီကိတ်ကို အရမ်း ကြိုက်တော့ တစ်နေ့ကျရင် ဒီအိမ်ကို မင်း ပြန်လာလိမ့်မယ် ဆိုတဲ့ အတွေးနဲ့ ဝယ်လိုက်တာ ဖြစ်မယ် ထင်တယ်။ ”
ချန်ကျင်းလန်က အပင်ရေလောင်းသည့် ရေကရားလေးကို ယူပြီး အပင်စိမ်းလေးတွေကို တစ်ပင်ချင်းစီ ဂရုစိုက် ရေလောင်းပေးလိုက်သည်။ သူမ ဘာမှ ပြန်မပြောတာမို့ ရှောက်ချန်းကျယ်ကလည်း သူမနောက်ကို တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်လာသည်။ ဟိုးတစ်ချိန်တုန်းကတော့ သူမ ဒီအပင်လေးတွေကို နာမည် တစ်ခုစီ ပေးထားခဲ့ပြီး ရှောက်ချန်းကျယ်အား ထိုနာမည်တွေကို ခေါင်းထဲမှာ စွဲမြဲနေအောင် မှတ်ထားဖို့ပါ မရမက တိုက်တွန်းခဲ့ဖူးပါသည်။ အပင်လေးတွေကို ရေလောင်းတဲ့အခါ သူတို့ရဲ့ နာမည်လေးတွေကို ခေါ်ပြီး စကားပြောရင် အပင်လေးတွေက မြန်မြန် ကြီးထွားလာလိမ့်မည်ဟု သူမ ပြောခဲ့ဖူးသည်။ အဓိပ္ပာယ်မရှိတဲ့ ထိုအယူအဆကို သူမ ဘယ်က ရလာမှန်း မသိပေမဲ့ သူကတော့ အပင်လေးတွေရဲ့ နာမည်တွေကို တကယ်ပဲ မှတ်မိနေပါသည်။
ရှောက်ချန်းကျယ်က အပင်စိမ်းစိမ်းလေးတွေကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရင်း သူ့မှတ်ဉာဏ်ထဲက နာမည်တွေနှင့် တွဲပြီး မှတ်မိဖို့ ကြိုးစားနေမိသည်။ ထို့နောက် ရုတ်တရက်ပဲ တစ်ခုခု မူမမှန်တာကို သူ သတိပြုမိသွား၏။ အရွက်လေးတွေပေါ် ကျနေတဲ့ ရေထဲမှာ သူမရဲ့ မျက်ရည်တွေပါ ရောနေသည်။ သူမရဲ့ ပါးပေါ်ကို တိတ်တဆိတ် စီးကျနေတဲ့ မျက်ရည်စတွေက သူ့နှလုံးသားကို လာရောက်လှုပ်ကိုင်လိုက်သည်။
ရှောက်ချန်းကျယ်သည် အနည်းငယ် ပြာယာခတ်သွားပြီး သူမရဲ့ ပခုံးတွေဘက် သူ့ဘက်သို့ အမြန် ဆွဲလှည့်လိုက်၏။ “ မင်း ဘာလို့ ငိုနေတာလဲ။ ”
ချန်ကျင်းလန်က သူ့ကို မကြည့်ဘဲ မျက်ရည်တွေကို လက်ဖမိုးနှင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ကာ ရှိုက်သံ မပါတဲ့ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ “ ရှင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ ကျွန်မကို သိမ်သွင်းဖို့ ကြိုးစားနေတာ တော်လိုက်တော့ ရှောက်ချန်းကျယ်။ ”
သူမ မှတ်မိသလောက်တော့ သူမဟာ လူတွေရှေ့မှာ မျက်ရည်ကျရတာ မကြိုက်တဲ့ လူမို့ အလွန် ငိုခဲပါသည်။ လူရှေ့မှာ မျက်ရည်ကျရတာထက် တစ်နေရာရာမှာ တစ်ယောက်တည်းပဲ ဘယ်သူမှ မသိအောင် ငိုပစ်လိုက်မည်။ လမ်းခွဲတဲ့ နေ့တုန်းကရော ၊ သူ့ဆီက ဟိုစကားတွေ ကြားခဲ့ရတဲ့ ကမောက်ကမ ညတုန်းကရော ၊ ယုတ်စွအဆုံး ချန်လီချီလေးကို မွေးတဲ့ နေ့မှာတောင် သူမ မငိုမိပါ။ ချန်ကျင်းလန်သည် စိတ်ထွက်ပေါက်အဖြစ် မျက်ရည်မကျတတ်ဘဲ ခံစားချက်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ လူ တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူခဲ့၏။
ဘယ်အရာကများ သူမကို အခုလို ရုတ်တရက် မျက်ရည်ကျလာအောင် လှုံ့ဆော်လိုက်တာလဲ နားမလည်ပေ။ နေရောင်စူးလွန်းလို့လား ၊ ဒါမှမဟုတ် စိတ်ထဲ ဝင်လာတဲ့ အတိတ်တုန်းက အမှတ်တရတွေကို မတွန်းလှန်နိုင်လို့လား … ။
ရေကာတာ ကျိုးကျသလိုပင် မျက်ရည်တွေကို ထိန်းချုပ်ဖို့ ခက်လှသည်။ ချန်ကျင်းလန်သည် ပျော့ညံ့ပြီး ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိသလို သူမကို ဒီနေရာ ခေါ်လာတဲ့ သူ့ကိုလည်း ဒေါသထွက်သည်။ သူ့ကို ရှောင်ဖို့ ကြိုးစားသည့်အနေဖြင့် ရေချိုးခန်းဘက် ထွက်လာချိန်မှာ သူက သူမရဲ့ လမ်းကို ပိတ်ပြီး စိတ်ပူသလို ကြည့်နေသည်။
“ လမ်းဖယ်ပေး။ ” ချန်ကျင်းလန်က သူမရဲ့ မျက်လုံးတွေကို လက်ဖြင့် အုပ်ထားခဲ့သည်။
ရှောက်ချန်းကျယ်က သူမရဲ့ မရပ်မနား စီးကျနေတဲ့ မျက်ရည်တွေကို နူးညံ့စွာ သုတ်ပေးရင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါသည်။ “ ကိုယ် တောင်းပန်ပါတယ်နော်။ ကိုယ် ခုနတုန်းက ပြောလိုက်တဲ့ စကားတွေက မင်းရဲ့ သံသယတွေကို ပျောက်စေချင်လို့ ပြောလိုက်တာပါ။ အမှန်အတိုင်း ပြောရရင် ဒီအိမ်ကို အမှတ်တရတွေကို သိမ်းထားချင်တဲ့ စိတ်ထက် မင်းကို ရွဲ့ချင်စိတ်နဲ့ ဝယ်ဖြစ်ခဲ့တာ။ မင်းက အတိတ်တုန်းက အမှတ်တရတွေ အကုန်လုံကို ဖျက်ဆီးပြီး ဘဝသစ် စချင်နေပေမဲ့ ကိုယ်ကတော့ ခေါင်းမာမာနဲ့ အရာအားလုံးကို ဖက်တွယ်ထားခဲ့မိတယ်။ ”
သူမရဲ့ နီရဲနေတဲ့ နှာခေါင်းလေးကို ကြည့်ရင်း ပြောလိုက်တဲ့ သူ့အသံက ခါးသီးနေခဲ့သည်။ “ ကိုယ် အရမ်း တုံးခဲ့တယ်မို့လား မြောင်မြောင်။ မင်းနဲ့ မာနချင်းပြိုင်ဖို့ အချိန်ရှိပေမဲ့ မင်း ဘာလို့ လမ်းခွဲချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ဘယ်တော့မှ မမေးခဲ့ဘူး။ မင်း ကိုယ်နဲ့ လမ်းခွဲချင်တယ်လို့ ပြောတဲ့ နေ့တုန်းကသာ အကြောင်းပြချက်ကို မေးခဲ့ရင် ကိုယ်တို့ နှစ်ယောက်လည်း ဝေးခဲ့ရမှာ မဟုတ်ဘူး။ အကုန်လုံး ကိုယ့်အမှားတွေပါ။ ”
***