← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အပိုင်း ( ၆၃ )

အရင်တုန်းက သူတို့ နှစ်ယောက်လုံး ငယ်လွန်းခဲ့တာမို့ မာနတလူလူနှင့် တစ်ယောက်ကို တစ်ယောက် စမ်းသပ်ရင်း တိတ်ဆိတ်စွာ သဝန်တိုခဲ့ကြသည် ၊ အတောမသတ်နိုင်အောင် အပြစ်ရှာရင်း ဂရုမစိုက်သလိုလည်း ဟန်ဆောင်ခဲ့ကြသည်။

ဒါပေမဲ့ အရေးအကြီးဆုံး မေးခွန်းတွေ ဖြစ်တဲ့ မင်း ဘာလို့ ကိုယ့်ကို ချစ်တာလဲ ၊ ရှင် ဘာလို့ ကျွန်မကို ချစ်တာလဲ ၊ အဖြေက ဘာလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ဘယ်တော့မှ မမေးဖြစ်ခဲ့ပါ။ အဖြေကို သိရက်နှင့် ပါးစပ်က ထုတ်ပြောမှာကို ကြားချင်စိတ်အား ထိန်းချုပ်မရမှာ ကြောက်ခဲ့ကြသည်။

အကျဉ်းကျနေတဲ့ ထိုခံစားချက်တွေက နာကျင်စရာကောင်းလွန်းပါသည်။ သူမဘက်က လမ်းခွဲရအောင်ဟု စပြောလာချိန်မှာ သူကလည်း စိတ်သက်သာရာရသွားသလို ၊ ဘာမှ အထွေအထူး မဟုတ်သလိုမျိုး ချက်ချင်း လက်ခံခဲ့သည်။ ‘ ဘဝ ဆိုတာ အရှည်ကြီးပဲ ၊ ငါလည်း မင်းကို တဖြည်းဖြည်း မေ့နိုင်သွားမှာပါ ’ တဲ့လေ။

သူ့ပါးစပ်ကရော ၊ နှလုံးသားကရော မေ့နိုင်မှာပါလို့ အခိုင်အမာ ပြောနေပေမဲ့ မရေမတွက်နိုင်တဲ့ အိပ်ပျက်ညတွေ ၊ ပူလောင်အိပ်မက်တွေက သူ့အား သူမကို မေ့နိုင်တယ် ဆိုတာက ကိုယ့်ကိုယ်ကိုယ် လိမ်နေတာထက် မပိုကြောင်း အသိပေးနေခဲ့သည်။ သူ ဘယ်လောက်ပဲ အသက်ရှည်ရှည် နေရ နေရ ၊ သူမကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သလို သူမ ဘယ်သူ့ကိုပဲ ချစ်ချစ် သူကတော့ သူမတစ်ယောက်တည်းကိုပဲ ချစ်လို့ ရသည်။ ပိုပြီး တိတိကျကျ ပြောရလျှင် သူမကို သူ ချစ်သည်။

ချန်ကျင်းလန်က သူ့ပခုံးကို မှီရင်း သူမရဲ့ မျက်နှာကို မမြင်အောင် ဖုံးကွယ်ထားခဲ့သည်။ သူမရဲ့ ဆက်တိုက် ကျဆင်းနေတဲ့ မျက်ရည်တွေက သူ့ရှပ်အင်္ကျီအဖြူထဲကို စိမ့်ဝင်ကာ သူ့အသားကို စိုစွတ်သွားစေသည်။

သူမရဲ့ နီရဲနေတဲ့ မျက်နှာမှာ ချွေးစလေးတွေ သီးနေခဲ့ပြီး ဗလုံးဗထွေး အသံလေးထဲမှာလည်း ခံစားချက်တွေ ရောယှက်နေလေသည်။ “ အမှန်တရားကို သိသွားတော့ရော ဘာများ ဆိုးဝါးသွားတာ ရှိလို့လဲ။ အခု ကျွန်မမှာ ချန်လီချီ ရှိတယ်။ ကျွန်မသမီးကို ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူး။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက နူးညံ့နေ၏။ သူမရဲ့ နားရွက်နောက်လေးကို သူ့လက်မဖြင့် ဖွဖွလေး ပွတ်ရင်း ပြောလိုက်သည်။ “ မင်း ပြောတာ ဟုတ်ပါတယ်။ ကိုယ်လည်း မင်း ကိုယ့်အတွက် ချန်လီချီလေးကို မွေးပေးတဲ့အတွက် အရမ်း ကျေးဇူးတင်တယ်။ ဒါပေမဲ့ မင်း လီချီလေးကို ကိုယ်ဝန်ဆောင်တုန်းက ဘယ်လောက် ပင်ပန်းခဲ့ရမလဲ ဆိုတာရယ် ၊ ဒီအချိန်ထိ ကလေးကို တစ်ယောက်တည်း ပျိုးထောင်ခဲ့ရတာရယ်ကို တွေးတိုင်း ကိုယ် မင်းဆီမှာ အရိုက်ခံရသင့်သလို ခံစားရတယ်။ အဲ့အချိန်တွေက မင်းဘေးမှာ ကိုယ် ရှိပေးသင့်တဲ့ အချိန်တွေလေ။ ကျေးဇူးပြုပြီး မငိုပါနဲ့တော့။ မင်း ဒေါသထွက်နေရင် ကိုယ့်ကို ရိုက်ပစ်လိုက် ၊ မဟုတ်ရင်လည်း ဒေါသကို ရတဲ့နည်းနဲ့ ဖွင့်ချလိုက်။ စိတ်ထဲမှာ မျိုသိပ်မထားနဲ့။ ”

ချန်ကျင်းလန်က တစ်ချက် ရှိုက်ရင်း “ ဘာလို့ ရှင့်ကိုယ်ရှင် မရိုက်တာလဲ။ ရှင့်အရိုးတွေက အဲ့လောက် မာတာ။ ကျွန်မရဲ့ လက်နဲ့ ရိုက်ရင် ကျွန်မပဲ နာသွားမှာပေါ့။ ” ဟု ပြန်ပြောလိုက်သည်။

ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်နားကို ကပ်လိုက်၏။ “ ဒါဆိုလည်း မင်း ဒေါသပြေအောင်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်ပေးရမလား ၊ ဒါမှမဟုတ် မင်းကို စိတ်ပျော်အောင် လုပ်ပေးနိုင်မယ့် အသံတွေကိုပဲ နားထောင်မလား။ ”

ချန်ကျင်းလန်က သူ့ပါးစပ်ကို လက်နှင့် အမြန် အုပ်လိုက်ရသည်။ သူ့ပခုံးမှာ မျက်နှာအပ်ထားတာကြောင့် သူမရဲ့ အသံက ဗလုံး‌ဗထွေး ဖြစ်နေဆဲ။ “ ရှင်က သိပ်စိတ်ရှုပ်စရာကောင်းတာပဲ။ ”

ရှောက်ချန်းကျယ်က ခပ်တိုးတိုး ရယ်လိုက်ပြီး သူမရဲ့ လက်ကလေးကို သူ့လက်ဖဝါးထဲမှာ ဖွဖွလေး ဖျစ်ညှစ်နေခဲ့သည်။ “ မင်း ကိုယ့်စိတ်ကို သံသယဖြစ်တုန်းပဲလား မြောင်မြောင်။ မနေ့ညတုန်းက မင်း ကိုယ့်ကို မှားပြီး ဖုန်းခေါ်မိထားတာ။ မင်းရဲ့ သူငယ်ချင်းကို ကိုယ်တို့ ဘယ်အချိန် ပြန်ဝေးရမလဲ မသိဘူးလို့ ပြောနေတာ ကိုယ် ကြားလိုက်တယ်။ ”

ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်လေးဟာ ဆတ်ခနဲ တောင့်တင်းသွားပြီးမှ သူ့ရဲ့ အေးအေးဆေးဆေး စကားသံအောက်မှာ ပြန်ပျော့ပျောင်းသွားသည်။ ရှောက်ချန်းကျယ်က သူမ စိတ်သက်သောင့်သက်သာရှိတာ သေချာတော့မှ ဆက်ပြောလိုက်သည်။ “ မင်း ဘာလို့ ကိုယ့်ကို သံသယရှိနေတာလဲ ဆိုတာ ပြောပြလို့ ရမလား။ ”

သူမမှာ သူနှင့်ပတ်သက်လို့ အတိတ်တုန်းကရော ၊ အခုရော မသေချာ မရေရာမှုတွေ ၊ သံသယ‌တွေ အများကြီး ရှိသည်။

သူတို့ တွဲခဲ့စဉ်တုန်းက သူတို့ကြားမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ တကယ့်ကို အများကြီး ရှိခဲ့သည်။ အချိန် တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ သံသယ သေးသေးလေးတွေ တဖြည်းဖြည်း စုလာပြီး ကြီးမားတဲ့ အစိုင်အခဲ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့ နှစ်ယောက်လုံးက ကလေးဆန်တဲ့ လူတွေ မဟုတ်တာမို့ ဒီဆက်ဆံရေးကသာ အပျင်းပြေသက်သက်ဆိုလျှင် တစ်ယောက်ကို တစ်ယောက် အကြာကြီး ဖက်တွယ်နေစရာ မလိုပါ။ သူမအပေါ် ထားတဲ့ သူ့ခံစားချက်တွေကရော သူမ သူ့အပေါ် ထားတဲ့ ခံစားချက်တွေနဲ့ အတူတူပဲလား … ။

ထို့ကြောင့် သူ့ရဲ့ စိတ်ရင်းအမှန်ကို ထုတ်ပြအောင် စမ်းသပ်သည့်အနေဖြင့် သူမဘက်က လမ်းခွဲစကား စပြောခဲ့သည်။ သူတို့ဆက်ဆံရေးကို ရှေ့ဆက်ဖို့ ပကတိ ရိုးသားမှုကို လိုသည်။ အထပ်ထပ် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို မဟုတ်။

ဒါပေမဲ့ သူကတော့ သူမကို စိတ်ရင်းအမှန် ထုတ်မပြသလို သူ့ကို စမ်းသပ်ဖို့လည်း ဘာအခွင့်အရေးမှ မပေးခဲ့ပါ။ တစ်စက္ကန့်လောက်တောင် တုံ့ဆိုင်းတွန့်ဆုတ်သွားတာမျိုး မရှိဘဲ လမ်းခွဲဖို့ ချက်ချင်း ခေါင်းညိတ် သဘောတူကာ သူ့အပေါ် ထားတဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို ဟာသတစ်ပုဒ်အဖြစ် ပြောင်းလဲခဲ့သည်။

အဲ့ဒီည ပြီးတဲ့နောက်ပိုင်းမှ သူ့ညီမ ဆုံးပါးသွားတဲ့ အကြောင်းကို သူမ သိလိုက်ရသည်။ သူမကို လွှတ်မပေးဘဲ တင်းတင်းကျပ်ကျပ် ဖက်ထားတဲ့ သူ့ထံက စိတ်အားငယ်မှုတွေ ၊ သောကတွေကို အထင်းသား မြင်နေရသည်။ သူ့ညီမအကြောင်းနှင့် သူတို့ရဲ့ လမ်းခွဲမှုအကြောင်းကို ရီဝေစွာ ပြောနေတဲ့ သူဟာ အရက်မူးနေတာမို့ သူ့စကားကို အတည်ယူလို့ မရဘူး ဆိုတာလည်း သူမ သိသည်။ သို့သော် သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေနှင့် မျက်ရည်မကျအောင် ဇွတ်အတင်း ထိန်းချုပ်ထားပုံက သူမကို ‘ ငါတို့ နှစ်ယောက် တကယ်ပဲ ရှေ့ဆက်နိုင်ပါ့မလား ’ ဟု အတွေးဝင်‌စေသည်။

အဲ့လိုနှင့် သူမရဲ့ မျှော်လင့်ချက်လေးတွေ အကုန် ကြေမွပျက်ဆီးကာ စိတ်ထဲမှာ တစ်စစီ ကျိုးပဲ့သွားခဲ့သည်။ နည်းနည်းလေးတောင် မနာကျင်ပါဘူး ၊ သူမ အဆင်နေပြေပါတယ်လို့ တခြား လူတွေကို ဟန်ဆောင်လို့ ရပေမဲ့ အမှန်တရားကိုတော့ သူမကိုယ်တိုင်ပဲ သိသည်။

သူတို့ ပြန်လည်ဆုံတွေ့ပြီးနောက်ပိုင်းမှာတော့ သူက သူမရဲ့ သံသယတွေ ၊ မသေချာ မရေရာမှုတွေကို ဖြည်းဖြည်းချင်း ချေဖျက်ပေးသွားခဲ့သည်။ ဒါပေမဲ့ သူမရဲ့ စိတ်ထဲက အသံ တစ်သံက သူ့ကို လုံးလုံးလျားလျားကြီး မယုံကြည်ဖို့ သတိပေးနေဆဲပင်။ ထို့ကြောင့် မနေ့ညတုန်းက ကျန်းမုန့်နှင့် စကားပြောရင်း သူမတို့ အချိန်မရွေး ပြန်ဝေးသွားရနိုင်တယ်လို့ ပြောလိုက်တာ ဖြစ်သည်။

ချန်ကျင်းလန်က အရည်စိုလဲ့သော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်လိုက်သည်။ “ ကျွန်မ ရှင်နဲ့ ပတ်သက်ပြီး မယုံကြည်ရဲတာတွေ အများကြီး ရှိတယ် ဆိုရင် ရှင် ဘာလုပ်မှာလဲ။ ”

ရှောက်ချန်းကျယ်က သူမရဲ့ မျက်နှာလေးကို လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ “ မင်းဘက်က လမ်းခွဲဖို့ မပြောသရွေ့ အဲ့ဒီ မယုံကြည်ရဲတာတွေကို ယုံကြည်ရဲအောင် ကိုယ် ပြောင်းလဲပေးနိုင်ပါတယ်။ ”

“ ကျွန်မဘက်က လမ်းခွဲဖို့ ပြောရင်ရော … ”

သူမနှုတ်ခမ်းပေါ်ကို အနမ်း တစ်ပွင့် ကျရောက်လာခဲ့သည်။ “ မင်းကို ကိုယ်နဲ့ ထပ်ပြီး လမ်းခွဲခွင့်ပေးတော့မှာ မဟုတ်ဘူး ကျင်းလန်။ ကိုယ် တစ်ကြိမ် အမှားလုပ်ဖူးပြီးပြီ။ အဲ့လောက်ဆို လုံလောက်ပြီ။ ”

အချိန် အတော် ကြာတော့မှ ချန်ကျင်းလန်က သူ့နှုတ်ခမ်းအောက်ကနေ ခပ်တိုးတိုး ပြောလိုက်သည်။ “ တကယ်တော့ အကြောင်းပြချက်ကပဲ ဘာပဲဖြစ်ဖြစ် ရှင် ဒီအိမ်ကို ဝယ်ပြီး အိမ်ထဲက ပစ္စည်းတွေကို ဒီအတိုင်း ထိန်းသိမ်းထားတာနဲ့တင် ကျွန်မ နည်းနည်းလေး ပျော်တယ်။ ကျွန်မ ဒီအပင်လေးတွေအကြောင်း ခဏ ခဏ အိပ်မက် မက်တယ်။ သူတို့မှာ ပိုင်ရှင် အသစ်တွေ ရသွားပြီလို့ ထင်နေတာ။ ”

ရှောက်ချန်းကျယ်သည် သူမရဲ့ နှုတ်ခမ်းလေးကို နူးညံ့စွာ ထိတွေ့လိုက်၏။ “ ကိုယ်လည်း နောက်ဆုံးတော့ မင်းကို ပျော်အောင် လုပ်နိုင်လို့ တကယ် ဝမ်းသာပါတယ်။ ကိုယ် မင်းကို ဒီကို စောစောစီးစီး ခေါ်လာခဲ့သင့်တာ။ ” ထိုသို့ ပြောပြီးမှ သူ့စကားကိုသူ ပြန်ငြင်းလိုက်သည်။ “ မဟုတ်ဘူး ၊ ဒီကို ရောက်လို့ မင်း မျက်ရည်ကျမယ်မှန်းသာ သိခဲ့ရင် မင်းကို ဒီကို ခေါ်မလာတာက ပိုကောင်းလိမ့်မယ် ထင်တယ်။ မင်းကို ပျော်အောင် လုပ်ပေးဖို့ တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ”

ငိုထားလို့ မူးနောက်နေတဲ့ ချန်ကျင်းလန်ရဲ့ ခေါင်းထဲမှာ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာသည်။ သူမက သူ့ပခုံးကို တွန်းဖယ်လိုက်၏။ “ ကျွန်မ မျက်နှာသစ်ချင်တယ်။ နေရတာ တော်တော်လေး အဆင်မပြေဘူး။ ” ဒီနေ့ မိတ်ကပ်အပြည့် ပြင်လာခဲ့တာမို့ စိတ်ရှိတိုင်း ငိုထားပြီးတဲ့နောက် သူမမျက်နှာက အခုလောက်ဆို ရုပ်ပျက်ဆင်းပျက် ဖြစ်နေလောက်ပါပြီ။

ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းထောင့်လေးကို အကြာကြီး နမ်းပြီးမှ သူမကို ရေချိုးခန်းထဲ ပွေ့ခေါ်လာခဲ့လိုက်သည်။ ထို့နောက် သူမရဲ့ ခန္ဓာကိုယ်လေးကို ဘေစင်ဘောင်ပေါ် တင်ပေးလိုက်ပြီး ဘေစင်မှာ ရှိတဲ့ ဘူးတွေကို တစ်ချက် ကြည့်လိုက်၏။ “ ကိုယ် ဘယ်ဘူးနဲ့ မင်းကို မျက်နှာသစ်ပေးရင် ကောင်းမလဲ။ ”

“ ရှင် အပြင်ထွက်တော့။ ကျွန်မဘာသာ လုပ်လို့ ရတယ်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ ပခုံးကို လက် တစ်ဖက်ဖြင့် ရစ်ပတ်ပွေ့ဖက်ထားခဲ့ပြီး ကျန်လက် တစ်ဖက်ဖြင့် ဘူးတွေ ၊ ပုလင်းတွေကို လိုက်စမ်းနေခဲ့ပြီး နောက်ဆုံးတော့ ‘ မိတ်ကပ်ဖျက်ဆေးရည် ’ လို့ ရေးထားတဲ့ ဘူးကို ရှာတွေ့သွားသည်။ သူမ မိတ်ကပ်ဖျက်တာကို အရင်တုန်းက မြင်ဖူးတာမို့ မှတ်ဉာဏ်တွေကို ပြန်အစဖော်လိုက်ပြီး Cotton Pad ပေါ်ကို မိတ်ကပ်ဖျက်ဆေးရည် အနည်းငယ် လောင်းချလိုက်သည်။

“ အဲ့ဒါ ဟိုးအရင်တုန်းက မိတ်ကပ်ဖျက်ဆေးကြီး ထင်တယ် ၊ ဒိတ်တောင် ကုန်ရင် ကုန်နေလောက်ပြီ။ ရှင် ကျွန်မရဲ့ မျက်နှာပေါ်ကို ဒိတ်ကုန်နေတဲ့ ဟာကြီး တင်မလို့လား။ ” ချန်ကျင်းလန်က သူ့ကို ကာဆီးထားမိသည်။

“ ဒိတ်ကုန်ဦးမှာ မဟုတ်ဘူး။ ကိုယ် မနက်တုန်းကမှ ဒါတွေကို ပြင်ခိုင်းထားတာ။ ”

ချန်ကျင်းလန် : ……

“ မျက်လုံးမှိတ်ထားနော်။ ”

မျက်နှာပေါ်ကို Cotton Pad ရဲ့ အေးစက်တဲ့ အထိ‌အတွေ့ ရောက်လာသောအခါ ချန်ကျင်းလန် အလိုလို မျက်လုံးမှိတ်ထားလိုက်လေသည်။ သူ့အသံကိုတော့ သူမရဲ့ နားရွက်နားမှာ ကပ်၍ ကြားနေရဆဲ။ “ ကိုယ့်မှာ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ မင်း ပြောရင်လည်း ဝန်ခံရမှာပဲ။ ကိုယ့်မှာ မင်းနဲ့ ပတ်သက်ပြီးတော့ ရှက်စရာကောင်းတဲ့ အတွေးတွေ တကယ် ရှိတယ် ကျင်းလန်။ ဒီအခြေအနေ ရောက်မှတော့ ကိုယ်လည်း မငြင်းတော့ပါဘူး။ ”

သူ့ရဲ့ မျက်နှာပြောင်မှုကြောင့် ချန်ကျင်းလန်မှာ ပြောစရာ စကားတောင် မရှိတော့။ “ ရှင့်ကိုယ်ရှင် လူရမ်းကားလို့ နာမည်ပြောင်းပေးလိုက်သင့်တယ်။ အဲ့နာမည်ကမှ ရှင်နဲ့ ပိုလိုက်တာ။ ”

ရှောက်ချန်းကျယ်က သူမရဲ့ မေးစေ့ကို လက်ချောင်းလေးများဖြင့် ဆွဲမော့ထားစေရင်း နောက်ထပ် မျက်လုံး တစ်ဖက်ကို မိတ်ကပ်ဖျက်ပေးဖို့ Cotton Pad အသစ် တစ်ခု ပြောင်းလိုက်သည်။ “ ကိုယ့်ကို မင်း ခေါ်ချင်သလို ခေါ်လို့ ရတယ်။ ကိုယ်က မင်းအပိုင်ပဲလေ။ ”

သူ့လှုပ်ရှားမှုတွေဟာ နူးညံ့လွန်းတာကြောင့် ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်မှာ ကြက်သီးလေးတွေတောင် စိမ့်ဖြာသွားရသလို အေးစက်တဲ့ ဘေစင်ဘောင်ပေါ်မှာ ထောက်ထားတဲ့ လက်ဖျားလေးတွေကိုလည်း ကွေးလိုက်မိသည်။

“ အနေရခက်လို့လား။ ဒါဆို ကိုယ် ပိုပြီးတော့ နူးနူးညံ့ညံ့လေး လုပ်ပေးပါ့မယ်။ ” ရှောက်ချန်းကျယ်ရဲ့ လှုပ်ရှားမှုတွေက ပိုပြီး ဖြည်းညင်းနူးညံ့လာခဲ့သည်။

သူ့စနောက်မှုကို ချန်ကျင်းလန် သည်းမခံနိုင်တော့၍ သူ့ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး “ အဲ့လောက် ဖြည်းဖြည်းလေး လုပ်မနေနဲ့။ မြန်မြန် လုပ်။ မဟုတ်ရင် ကျွန်မဘာသာပဲ လုပ်လိုက်တော့မယ်။ ဒီပုံစံအတိုင်းဆို ရှင် ဘယ်အချိန်ကျမှ ပြီးမှာလဲ။ ”

သူမရဲ့ နားထဲမှာ ရယ်သံ တိုးတိုး ထွက်ပေါ်လာကာ ချန်ကျင်းလန် ချက်ချင်း စကားရပ်သွားရသည်။

ရှောက်ချန်းကျယ်က အသံ တိုးတိုးလေးဖြင့် ပြောသည်။ “ ဒါဆိုလည်း ကိုယ် ပိုပြီး မြန်မြန်သွက်သွက်လေး လုပ်ပါ့မယ်။ ”

ချန်ကျင်းလန် သူ့ခြေထောက်ကို ပိတ်ကန်ပစ်လိုက်သည်။ “ ရှင့်ပါးစပ်ကို ပိတ်ထားလိုက်တော့။ ” ခုနုတန်းက ငိုထားတာမို့ သူမရဲ့ အသံက နှာသံပေါက်နေလေရာ ဘယ်လိုပဲ ကြမ်းတမ်းတဲ့ စကားတွေကို သုံးသုံး ၊ ဘာသက်ရောက်မှုမှ မရှိတော့ပါ။

“ ကောင်းပြီ။ ကိုယ် ပါးစပ်ပိတ်နေတော့မယ်။ ” ရှောက်ချန်းကျယ်က အလွန် ပြောစကားနားထောင်တတ်သည်။

ဒါပေမဲ့ တံခါးပိတ်ထားတဲ့ ရေချိုးခန်းလေးထဲမှာ လူ နှစ်ယောက်တောင် ရှိနေပါရက်နှင့် ဘာအသံမှ မကြားရတာက ပိုပြီးတော့ သည်းမခံနိုင်စရာကောင်းသည်။ ငိုထားတာ မကြာသေးတာကြောင့် သူမရဲ့ လည်ချောင်းထဲမှာလည်း ချောင်းဆိုးချင်သလို အနေရခက်နေသည်။ ဒီကြားထဲ သူတို့နှစ်ယောက်ရဲ့ အသက်ရှူသံတွေကပါ ရောယှက်နေသးရာ ရေချိုးခန်းအပြင်က အပူတွေ ဝင်နေတာလား ၊ သူမရဲ့ ခန္ဓာကိုယ်ထဲက အပူတွေကပဲ လေထဲကို ပြန့်သွားတာလား မသိတော့။

ဘယ်လိုမှ မနေနိုင်တော့တဲ့အဆုံး “ ရှောက်ချန်းကျယ် ” ဟု ခေါ်လိုက်တော့ “ အင်း ၊ ကိုယ် ဒီမှာ ရှိတယ်။ ” ဟု ပြန်ထူးသည်။ သူ့အသံက ကော်ဖတ်စားတဲ့ စက္ကူအကြမ်းလို အက်ကွဲစွာပင်။

“ ကျွန်မဘာသာ ရေဆေးချလိုက်မယ်။ ”

“ အင်း။ ”

သူ့ပါးစပ်ကသာ အင်းလို့ ပြောပေမဲ့ သူမကို လွှတ်ပေးရမည့်အစား ရေပန်းအောက်ကို ပွေ့ခေါ်သွားသည်။ ရေပန်းက ရေတွေ စီးကျလာလို့ သူမမျက်နှာပေါ်က ဆပ်ပြာမြုပ်တွေ ပြောင်စင်သွားချိန်မှာ သူမရဲ့ အဝတ်အစားတွေလည်း ကျွတ်သွားခဲ့ပြီ ဖြစ်သည်။

သူက လက် တစ်ဖက်တည်းနှင့် ဆုပ်ကိုင်လို့ ရတဲ့ သူမရဲ့ ခါးသွယ်သွယ်လေးကို ပွေ့ဖက်ထားစဉ်မှာ သူ့နှုတ်ခမ်းနှင့် လျှာက သူမရဲ့ ပါးစပ်ထဲ ကျုးကျော်ဝင်ရောက်လာခဲ့သည်။ ဒီလို ရုတ်တရက်ဆန်ပြီး ပြင်းပြတဲ့ တိုက်ခိုက်မှုကို ချန်ကျင်းလန် ခံနိုင်ရည် မရှိပါ။ သူမရဲ့ ခန္ဓာ‌ကိုယ်လေးက အဖြူရောင်နံရံလေးပေါ်ကို အစွမ်းကုန် ငုံ့ကိုင်းသွားရ၏။ ရေချိုးခန်းထဲမှာ ဖွင့်ထားတဲ့ မီးရောင်တွေက နံရံပေါ်မှာ စိတ်လှုပ်ရှားဖွယ် ပုံရိပ်တွေကို ထင်ဟပ်စေသည်။

ရှောက်ချန်းကျယ်က ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်လေးကို ဖိကပ်ထားရင်း သူမရဲ့ အမောတကာ အသက်ရှူသံလေးနောက်ကို အမီလိုက်နေခဲ့သည်။

ရေချိုးခန်းထဲမှာ ရေခိုးရေငွေ့တွေဖြင့် မှုန်ဝါးနေ၏။ ချန်ကျင်းလန်က ရေစိုနေတဲ့ မျက်တောင်လေးတွေကို တဖျတ်ဖျတ် ခတ်ရင်း တိုးဖျော့စွာ ပြောလိုက်သည်။ “ ဒါ မတရားတာပဲ။ ”

“ ဘာက မတရားတာလဲ။ ” ရှောက်ချန်းကျယ်က သူမရဲ့ လက်လေးကို ဆုပ်ကိုင်ကာ သူ့ရှပ်အင်္ကျီကော်လံပေါ် တင်ပေးရင်း ပြောလိုက်သည်။ သူ့နှုတ်ခမ်းတွေက သူမရဲ့ နှုတ်ခမ်းကို အလွှတ်မပေးသေးဘဲ သူ့ရဲ့ ဩရှရှ အသံက ရေကျသံကြားထဲကနေ သူမရဲ့ နားထဲ ဖြတ်သန်းတိုးဝင်လာခဲ့သည်။ “ မင်း မတရားဘူးလို့ ထင်တာတွေ အကုန်လုံးကို ကိုယ် တရားအောင် လုပ်ပေးမယ်။ ”

ဟင့်အင်း … ။ ချန်ကျင်းလန် ခေါင်းခါပြလိုက်သည်။ သူမ မလုပ်ချင်ပါ။

ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းအတွင်းသားလေးတွေကို ဖြည်းဖြည်းချင်း ကိုက်ဝါးရင်း သူမရဲ့ လက်ကို ကိုင်ကာ သူ့ရှပ်အင်္ကျီကို ကြယ်သီး တစ်လုံးချင်း ဖြုတ်စေခဲ့သည်။ ကြမ်းပြင်ပေါ်ကို သူ့အဝတ်အစားတွေလည်း ကျသွားသည်။

“ အခု တရားမျှတသွားပြီလား။ ”

ဘယ်လိုလုပ် တရားမျှတမှာလဲ။ သူမက နစ်နာသူ ဖြစ်နေတာ အသိအသာကြီးပဲကို … ။ ကောင်းကင်မှာ နေသာနေခဲ့တဲ့ အချိန်ကနေ နေဝင်ချိန်ကို ရောက်ချိန်မှာလည်း ချန်ကျင်းလန် တစ်ယောက် နူးညံ့တဲ့ အိပ်ရာထဲမှာ အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။ ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်အတွင်းထဲမှာတော့ ဖြည်းညင်းစွာ တဆတ်ဆတ် တုန်နေတဲ့ အပူရှိန် အကြွင်းအကျန်တွေ ၊ ထုံထိုင်းမှုတွေ ရှိနေခဲ့သည်။

ရှောက်ချန်းကျယ်က သူ့မကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားရင်း သူမရဲ့ ဖူးရောင်နေတဲ့ နှုတ်ခမ်းလေးကို နမ်းကာ ဖွဖွလေး ကျောပုတ်၍ ချော့သိပ်နေခဲ့သည်။

ရှစ်နာရီ ထိုးခါနီးတော့ ချန်လီချီလေး ဖုန်းဆက်လာ၍ ရှောက်ချန်းကျယ် ဖုန်းကိုင်လိုက်သည်။

အဖေဖြစ်သူရဲ့ အသံကို ကြားတော့ ချန်လီချီလေး ပျော်သွားပေမဲ့ တစ်ချိန်တည်းမှာပဲ နားမလည်နိုင် ဖြစ်သွားသည်။ သူမ အိပ်ခန်းထဲ ပြေးဝင်ပြီး အသံ တိုးတိုးလေးဖြင့် မေးလိုက်၏။ “ သမီးက မေမေ့ဖုန်းကို ဆက်တာကို ဖေဖေက ဘယ်လိုလုပ် ဖုန်းကိုင်လိုက်တာလဲ။ ”

ရှောက်ချန်းကျယ်က နူးညံ့စွာ ပြန်ပြောလိုက်သည်။ “ ဘယ်လိုလုပ် ဖုန်းကိုင်လိုက်တာလဲ ဆိုတော့ ဖေဖေက မေမေနဲ့ ရှိနေလို့ပေါ့ လီချီလေးရဲ့။ ”

ချန်လီချီ ချက်ချင်း နားလည်သွား၏။ “ အယ် ၊ မေမေ့ကို ချော့ဖို့ မေမေ့နောက်ကို ဖေဖေ လိုက်သွားတာလားဟင်။ ”

“ အင်း။ လီချီလေးက အရမ်း တော်တာပဲ။ ”

“ ဒါဆို ဖေဖေ မေမေ့ကို ရအောင် ချော့ပြီးပြီလား။ ”

“ ဖေဖေတော့ ချော့ပြီးပြီလို့ ထင်တာပါပဲ။ ” ရှောက်ချန်းကျယ်က အိပ်ခန်းတံခါးကို ခပ်ဖြည်းဖြည်း ဖွင့်ပြီးမှ အိပ်ရာထဲမှာ အိပ်နေသူကို ပြန်ကြည့်လိုက်သည်။ သူ တော်တော်လေး များသွားတာမို့ သူမ အိပ်ရာနိုးလာရင် သူ့ကို ပိုပြီးတော့တောင် ဒေါသထွက်နေမလား မသိပါ။ သူမက သူ့ကို ရပ်စေချင်နေပေမဲ့ သူ့ကိုယ်သူ ဘယ်လိုမှ ရပ်တန့်မရ။

“ မေမေ ဘယ်မှာလဲဟင်။ သူ တကယ် စိတ်ပြေသွားပြီလား ဆိုတာ သမီး မေးချင်လို့။ ”

ရှောက်ချန်းကျယ်က အိပ်ခန်းတံခါးကို ဖြည်းဖြည်းချင်း ပြန်ပိတ်ရင်း “ မေမေ အိပ်နေတာ မနိုးသေးဘူး လီချီ‌လေးရဲ့။ ” ဟု သူ့မင်းသမီးလေးကို ပြန်ပြောလိုက်သည်။

သူ မီးဖိုချောင်ထဲကို သွားဖို့ လုပ်နေစဉ်မှာပဲ အိပ်ခန်းထဲက အသံ တိုးတိုးလေး ထွက်လာ၍ ရှောက်ချန်းကျယ် ပြန်လှည့်လာခဲ့ပြီး မီးဖွင့်ကာ အိပ်ရာဘေးသို့ လျှောက်သွားလိုက်သည်။ သူမလေးရဲ့ ဆံပင်ကို သပ်ပေးရင်း နူးညံ့စွာ မေးလိုက်၏။ “ ဘာဖြစ်လို့လဲ ကျင်းလန်။ ”

“ ကျွန်မ ရေသောက်ချင်တယ်။ ” ချန်ကျင်းလန်သည် အိပ်ချင်တာ တစ်ဝက် ၊ လည်ချောင်းထဲမှာ ခြောက်ကပ်ကာ ရေ‌ဆာတာ တစ်ဝက် ဖြစ်နေသည်။ အပြင်က ကောင်းကင်ကို ကြည့်ချင်ပေမဲ့ လိုက်ကာ အထူကြီးတွေက သူမရဲ့ မြင်ကွင်းကို ကာဆီးထားသည်။ “ အခု ဘယ်အချိန် ရှိပြီလဲ။ ”

“ ရှစ်နာရီ ထိုးတော့မယ်။ ” ရှောက်ချန်းကျယ်က သူမရဲ့ ကျောကုန်းအောက်ကို ခေါင်းအုံးလေးတွေ ခုပေးလိုက်ကာ အိပ်ရာဘေးစားပွဲပေါ်က ဖန်ခွက်ကို ယူ၍ ရေတိုက်လိုက်သည်။

***

All Chapters