အခန်း ၆၄
Vol. 7 Ch. 64
အပိုင်း ( ၆၄ )
ဖုန်းတစ်ဖက်က ချန်လီချီလေးဟာ သူမရဲ့ အဖေနှင့် အမေ ပြောနေတဲ့ စကားတွေကို ကြားပြီး စိုးရိမ်သွားမိသည်။ မေမေ ဘာလို့ ဒီလောက် အစောကြီး အိပ်နေတာလဲ ၊ နေမကောင်းလို့လားဟု သူမ မေးချင်သည်။ ဒီ ကျင်းလန် ဆိုတာက ဘယ်သူလဲ ဆိုတာကိုလည်း မေးချင်သည်။ ဖေဖေက မေမေနဲ့ ရှိနေတာ မဟုတ်ဘူးလား။
ချန်လီချီသည် ဖုန်းထဲကို “ ဖေဖေ ” ဟု အကျယ်ကြီး ခေါ်လိုက်သည်။
ထိုအသံကို ကြားသည်နှင့် ချန်ကျင်းလန်ရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာခဲ့သည်။ “ အဲ့ဒါ လီချီလေးလား။ ”
“ အင်း ၊ သူ ဖုန်းဆက်တာ။ ” ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခန်းထောင့်က ရေစက်တွေကို သုတ်ပေးရင်း ဖုန်းကို စပီကာဖွင့်ပေးလိုက်၏။ “ လီချီလေး … အခု ဖုန်းပြောနေတာ မေမေပါ။ ”
ချန်လီချီက “ မေမေ နေမကောင်းဘူးလားဟင်။ ” ဟု အမြန် မေးလိုက်သည်။
ချန်ကျင်းလန်သည် ခေါင်းအုံးထဲမှာ မျက်နှာအပ်ကာ နှစ်ချက် သုံးချက်လောက် လည်ချောင်းရှင်းပြီးမှ သူမရဲ့ မင်းသမီးလေးကို ပြန်ပြောလိုက်၏။ “ ဟင့်အင်း ၊ မေမေ နည်းနည်းလေး ပင်ပန်းလို့ တစ်ရေး အိပ်နေတာ။ ”
အမေဖြစ်သူရဲ့ ပုံမှန် မဟုတ်တဲ့ အသံကို သတိထားမိတဲ့ ချန်လီချီလေးကတော့ ထိုစကားကို မယုံပါ။ “ မေမေ လိမ်ပြောနေတာ။ မေမေ ငိုထားတာ အသိအသာကြီးပဲကို။ ဖေဖေက မေမေ့ကို အနိုင်ကျင့်ထားတာလားဟင်။ ဖေဖေက သမီးကိုကျတော့ မေမေ့ကို သွားချော့မယ်လို့ ပြောပြီးတော့ တကယ်တော့ မေမေ့ကို အနိုင်ကျင့်နေတာပဲ။ ဒီအကြောင်းကို ဘိုးဘိုးနဲ့ ဦးလေးကို သမီး သွားပြောမှ ဖြစ်မယ် ၊ အဲ့ဒါမှ သူတို့က ဖေဖေ့ကို ရိုက်မှာ။ ”
ချန်ကျင်းလန် သမီးဖြစ်သူကို ပြာပြာသလဲ တားဆီးလိုက်ရလေသည်။ “ မဟုတ်ပါဘူး သမီးရယ်။ ဖေဖေက မေမေ့ကို ချော့ဖို့အတွက် လက်ဆောင် တစ်ခုတောင် ပြင်လာခဲ့တာ။ မေမေ အဲ့လက်ဆောင်ကို မြင်တော့ အပျော်လွန်ပြီး ငိုမိသွားတာပါ။ ”
“ တကယ် ပြောနေတာလား မေမေ။ ”
“ ဒါပေါ့။ တကယ်ပါကွယ်။ မေမေ အိမ်ပြန်ရောက်ရင် ဖေဖေ ပေးထားတဲ့ လက်ဆောင်လေးကို သမီးကို ပြပါ့မယ်။ ”
အဲ့ဒီတော့မှ ချန်လီချီလေး စိတ်အေးသွားရသည်။ သို့သော်လည်း သူမမှာ နောက်ထပ် မေးခွန်း တစ်ခုတော့ ရှိနေသေးသည်။ “ ကျင်းလန်က ဘယ်သူလဲ ဖေဖေ။ ဖေဖေ ခုနတုန်းက အဲ့နာမည်ကို ခေါ်လိုက်တာ သမီး ကြားလိုက်သလိုပဲ။ ”
“ ကျင်းလန်က မေမေပဲလေ။ ”
“ သူက ကြောင်မလေးလို့ အခေါ်ခံရတာကို မကြိုက်လို့ ဖေဖေက သူ့ကို ကျင်းလန်လို့ ပြောင်းခေါ်နေတာ။ ”
ချန်ကျင်းလန်သည် စကားလမ်းကြောင်းကို ပြောင်းချင်နေပေမဲ့ ရှောက်ချန်းကျယ်ရဲ့ ပါးစပ်ကို ထပိတ်ဖို့တောင် သူမရဲ့ ခန္ဓာကိုယ်မှာ အင်အား မရှိတော့ပါ။ သူတို့ကို အာရုံလွှဲနိုင်မယ့် အကြောင်းတွေကိုလည်း စဉ်းစားမရသောကြောင့် ခေါင်းအုံးကိုပဲ မှီပြီး သားအဖ နှစ်ယောက်ရဲ့ စကားဝိုင်းကို ဆက်နားထောင်နေခဲ့ရသည်။
ချန်လီချီက သူမအဖေစ ပြောတဲ့ စကားကို ရုတ်တရက် နားမလည်ပေ။ “ ဖေဖေက မေမေ့ကို ဘာလို့ ကြောင်မလေးလို့ ခေါ်ချင်တာလဲ။ ”
ထို့နောက် သူမရဲ့ မိဘ နှစ်ပါးလုံး ဘာမှ မဖြေနိုင်သေးခင်မှာပဲ အဖြေကို သူမဘာသာ ရှာတွေ့သွားသည်။ “ သိပြီ။ မေမေ ငိုတဲ့ အသံက ကြောင်ပေါက်လေးတွေ မြောင် မြောင် ဆိုပြီး တိုးတိုးလေး အော်နေတဲ့ အသံနဲ့ တူလို့လားဟင်။ အဲ့ဒါကြောင့် ဖေဖေ မေမေ့ကို အဲ့လို ခေါ်တာလား။ ”
မြို့ကို ကာရံထားတဲ့ အုတ်တံတိုင်းကြီးလို မျက်နှာအရေထူသော ရှောက်ချန်းကျယ်ပင်လျှင် ပုံမှန်မဟုတ်စွာ ရှက်ရွံ့သွားမိပါသည်။
ချန်ကျင်းလန်ကတော့ ဘာမှ ပြောချင်စိတ် မရှိတော့ဘဲ စောင်ခေါင်းမြီးခြုံပစ်လိုက်သည်။
ရှောက်ချန်းကျယ်က သူ့သမီး လီချီလေးကို စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။ “ မြောင် ဆိုတဲ့ စာလုံးကို ရေအရင်းအမြစ်ကို ကိုယ်စားပြုတဲ့ အက္ခရာ နှစ်လုံးနဲ့ ဖွဲ့စည်းထားတယ် လီချီလေးရဲ့။ အပေါ်မှာ ရေအရင်းအမြစ် အက္ခရာ တစ်ခု ၊ အောက်မှာ ရေအရင်းအမြစ် အက္ခရာ နှစ်ခု ရှိတယ်။ ဖတ်တဲ့အခါကျတော့ မြောင် ဆိုတဲ့ ဒုတိယအသံနဲ့ ဖတ်ရတယ်။ သမီးမေမေကို ဘာလို့ ကြောင်မလေးလို့ ခေါ်တာလဲ ဆိုတော့ ဖေဖေတို့ နာမည် နှစ်ခုလုံးရဲ့ နောက်ဆုံးစာလုံးတွေက ရေအရင်းအမြစ်ကို ကိုယ်စားပြုတဲ့ အက္ခရာတွေ ဖြစ်နေလို့ပဲ။ အပေါ်က ရေအရင်းအမြစ် အက္ခရာက မေမေ့ကို ကိုယ်စားပြုတယ် ၊ သူက အိမ်ထောင်စုရဲ့ ဦးဆောင်သူပဲ။ အောက်က ရေအရင်းအမြစ် အက္ခရာ နှစ်ခုကတော့ ဖေဖေနဲ့ လီချီလေးကို ကိုယ်စားပြုတယ်။ ဖေဖေတို့က မေမေ့ရဲ့ စကားကို နားထောင်ရမယ် ၊ ပြီးတော့ မေမေ့ကို ကာလည်း ကာကွယ်ပေးရမယ်။ ”
ချန်လီချီလေးသည် အဖေဖြစ်သူ ရှင်းပြတာကို နားထောင်ပြီးနောက် ထိုစကားလုံးကို အလွယ်တကူ နားလည်သွားလေသည်။ အရမ်း ကောင်းတဲ့ နာမည်လေးပဲလို့ သူမ ခံစားရသည်။ ဖေဖေက နာမည်လှလှလေးတွေကို စဉ်းစားတတ်တဲ့အပြင် မေမေ့ကိုလည်း စိတ်ပြေအောင် ချော့မော့နိုင်သေးသည်။ အရင်ထက် နည်းနည်းလေး တိုးတက်လာတဲ့ ဖေဖေ့ကို သူမ သဘောကျသွား၏။
ရှောက်ချန်းကျယ်က သူ့သမီးကို ဖုန်းချခိုင်းကာ အိပ်ရာဝင်ဖို့ ချော့ချော့မော့မော့ ပြောပြီးနောက် အိပ်ရာပေါ်မှာ အိပ်နေသူကို သွားကြည့်လိုက်သည်။ “ မင်း ဗိုက်ဆာနေပြီလား။ ကိုယ် ညစာ ပြင်ပြီးပြီ။တစ်ခုခု ထစားပြီးမှ ပြန်အိပ်ပါလား။ ”
ချန်ကျင်းလန် ဗိုက်မဆာတာတော့ မဟုတ်ပါ။ နေ့လယ်တုန်းက သူမ ပဲနီကိတ် နှစ်ခုပဲ စားခဲ့တာ ဖြစ်ကာ နေ့ခင်းက အဖြစ်အပျက်အပြီးမှာ သူမရဲ့ အားအင်တွေ ၊ ရေဓာတ်တွေ အကုန်လုံး ကုန်ဆုံးသွားခဲ့သည်။ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို ခံစားရတဲ့ထိ ဒုက္ခခံခဲ့ရကာ နောက်ဆုံးတော့ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားခဲ့ရသည်။ ဒါပေမဲ့ အခုတော့ သူမမှာ စားချင်စိတ် တစ်ခုတည်းသာ ရှိပြီး ထစားဖို့ ခွန်အား နည်းနည်းလေးတောင် မကျန်တော့ပါ။ ခန္ဓာကိုယ် တစ်ခုလုံး ၊ လက်ဖျားတွေပါမကျန် အားအင်ချိနဲ့နေကာ လက်တွေ ၊ ခြေထောက်တွေကိုတောင် ကြွဖို့တောင် ပင်ပန်းလွန်းနေသည်။ သူ့ကို တကယ့်ကို စကားပြန်ပြောချင်စိတ် မရှိ၍ ခေါင်းအုံးမှာပဲ မျက်နှာအပ်ထားလိုက်တော့သည်။
“ တော်တော်လေး နာနေတာလား။ ” ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်လေးကို တို့ထိရင်း နူးညံ့စွာ မေးလိုက်သည်။
ချန်ကျင်းလန်သည် သူ အနားကပ်လာတာနှင့် သူမရဲ့ ခန္ဓာကိုယ်ကို ခြုံထားတဲ့ စောင်ကို တင်းနေအောင် ရစ်ပတ်လိုက်ပြီး သူ့ကို အေးစက်စက် ပြန်ကြည့်လိုက်၏။ “ ရှင် ဘယ်လို ထင်လို့လဲ။ ”
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ရယ်ရင်း “ ကိုယ် မှားသွားပါတယ်။ ” ဟု ပြောသည်။
သူက သူမရဲ့ ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကို သက်သာအောင် ခြုံစောင်အပါးလေးပေါ်ကနေ နောက်ကျောကို နူးညံ့စွာ နှိပ်ပေးနေခဲ့သည်။ သူ နှိပ်ပေးတာ အရမ်း တော်သလို လက်ထိပ်ဖျားလေးတွေမှာ စိုက်ထုတ်ရတဲ့ အားကိုလည်း ပိုင်ပိုင်နိုင်နိုင် သုံးသွားသည်။ သူ အား တစ်ချက် စိုက်ပြီး နှိပ်လိုက်တိုင်း သူမရဲ့ ညောင်းညာကိုက်ခဲနေတဲ့ နေရာလေးတွေကို ထိသည်။
ချန်ကျင်းလန်က သက်သောင့်သက်သာရှိလို့ ညည်းညူမိတဲ့ အသံလေး မထွက်အောင် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထား၏။ သူ့ကို ရပ်စေချင်သလို ရပ်လည်း မရပ်စေချင်ပါ။ ဒီလောက် အနှိပ်ကောင်းပုံမျိုးနှင့် ဆိုလျှင် တစ်နေ့မှာ စီးပွားပျက်သွားရင်တောင် အနှိပ်ခန်းဖွင့်စားပြီး မကြောင့်မကြ နေလို့ ရသည်။
စောင်ကို တစ်ဖက်ကို လှန်လိုက်သလို သူ့လက်က သူမရဲ့ ကျောပြင်အောက်ကို လျှောဆင်းသွားသည်။ “ ခါးကိုရော အနှိပ်ခံဦးမလား။ ”
ချန်ကျင်းလန်က ဘာမှ ပြန်မပြောဘဲ မျက်နှာကိုသာ ခေါင်းအုံးထဲ ပိုနစ်ဝင်နေအောင် မြုပ်ထားလိုက်သည်။
ရှောက်ချန်းကျယ်က နှိပ်ပေးနေတဲ့ သူ့လက်မှာ အားထည့်လိုက်၏။ “ အနှိပ်ခံချင်လား မြောင်မြောင်။ ”
အဲ့ဒီလို သည်းမခံနိုင်စရာ စနောက်မှုကို ချန်ကျင်းလန် ခံနိုင်ရည်မရှိပါ။ ခေါင်းမော့ကာ စူးရဲသော်လည်း ဒေါသထွက်နေဟန် မပါဝင်သော မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။ “ ရှင်က စပြီးတော့တောင် နှိပ်ပေးနေပြီကို အဲ့မေးခွန်း မေးနေသေးတာလား။ ”
ရှောက်ချန်းကျယ်ရဲ့ လက်မတွေက သူမရဲ့ ခါးကို အားပါပါနှင့် ထိထိမိမိ စတင် နှိပ်ပေးလျှင် သူမရဲ့ လည်တိုင်သွယ်သွယ်ဖြူဖြူလေး ချက်ချင်းပဲ တောင့်တင်းသွားရ၏။ သေးသွယ်သော ခါးလေးကလည်း အိပ်ရာပေါ်မှာ ကြွတက်လာသလို ချွေးစိုနေတဲ့ အသားအရေကလည်း တဖြည်းဖြည်း ပန်းရောင်သမ်းလာခဲ့လေသည်။ အံကြိတ်ထားတဲ့ သွားကြားထဲကနေ ထွက်လာပြီး အခန်းထဲမှာ ပဲ့တင်ရိုက်ခတ်နေတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ညည်းသံလေးတွေက တစ်စုံတစ်ယောက်အား သူမကို မက်မောစွာ ပိုင်ဆိုင်ချင်စိတ်ပေါက်စေသလို တစ်ချိန်တည်းမှာပဲ မြတ်နိုးစွာ ကာကွယ်ပေးချင်သည်။
လျှပ်တစ်ပြက် ကျရောက်လာတဲ့ အနမ်းတွေက ငှက်ပျောပင်ပေါ် ကျဆင်းလာတဲ့ နွေရာသီမိုးစက်တွေနှင့် တူသည်။ ပခုံးသားဖြူဖြူလေးတွေကနေ လည်ပင်းအထိ ၊ အဲ့ကတစ်ဆင့် နားရွက်ဖျားလေးတွေ .. နောက်ဆုံးတော့ သူမရဲ့ နှုတ်ခမ်းထောင့်ကို ပြန်ရောက်သွားသည်။ ချန်ကျင်းလန်က သူ့ရင်ခွင်ထဲမှာ တွန်းလှန်ရုန်းကန်ရင်း နှုတ်ခမ်းတွေကို စားသုံးခံနေရကာ အိပ်ရာကို တံတောင်နှင့် လက်ထောက်ထားခဲ့ရသည်။ အားမရှိတာမို့ ခဏ ခဏ လဲကျသွားပေမဲ့ သူမ လဲကျသွားတိုင်း ရှောက်ချန်းကျယ်က သူမကို ထိန်းကိုင်ပေးထားခဲ့သည်။ ဝင်လေထွက်လေနွေးနွေးက သူမရဲ့ လွတ်မြောက်ရာ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး သူမရဲ့ လက်တွေက သူ့ရင်ဘတ်ကို တွန်းဖယ်နေခဲ့၏။ အသက်ခဏရှူတဲ့ အခိုက်အတန့်လေးမှာ သူမက တုန်ရီသော အသံလေးဖြင့် အမိန့်ပေးသလို ၊ အသနားခံသလို ပြောလိုက်သည်။ “ ကျွန်မ ဗိုက်ဆာနေပြီ ရှောက်ချန်းကျယ်။ ကျွန်မ တစ်ခုခု စားချင်တယ်။ ”
“ ကောင်းပြီ ၊ ကိုယ်တို့ တစ်ခုခု စားကြတာပေါ့။ ” ရှောက်ချန်းကျယ်က သူမရဲ့ ချိုမြိန်တဲ့ သွားရည်လေးကို စုပ်ယူကာ တီးတိုး ပြောလိုက်သည်။ ထို့နောက် သူ့ရင်ဘတ်ကို တွန်းနေတဲ့ နူးနူးညံ့ညံ့ လက်တွေကို ဖမ်းဆုပ်ပြီး အိပ်ရာပေါ်ကို ဖိချလိုက်၏။
ခန္ဓကိုယ် အပေါ်ပိုင်းမှာ အမှီအခို ကင်းမဲ့သွားတဲ့ ချန်ကျင်းလန်က သူ့ပခုံးကိုပဲ မှီထားရသည်။ သူမရဲ့ အားအင်ကင်းမဲ့နေတဲ့ လက်တွေက သူ့လည်ပင်းကို လျော့တိလျော့ရဲ ဖက်တွယ်ထားခဲ့ပြီး ပန်းရောင်သမ်းနေတဲ့ မျက်လုံးထောင့်လေးကနေ မျက်ရည်စလေးတွေ စိမ့်ထွက်လာသည်။ နှင်းဆီပွင့်ဖတ်ပေါ်က နှင်းစက်လေး တစ်စက်လို ၊ လေနုအေး တစ်ဝှေ့လို ၊ နေရောင်အောက်မှာ အလင်းပြန်ပြီး အရောင်စုံ တောက်ပနေတဲ့ နှင်းစက်လေးတွေလိုပါပဲ။
ရှောက်ချန်းကျယ်ရဲ့ လက်တွေက သူမရဲ့ ခါးလေးကို ဆုပ်ကိုင်ထားခဲ့ပြီး သူမကို အိပ်ရာပေါ်ကနေ သူ့ပေါင်ပေါ် စွေ့ခနဲ ပွေ့တင်လိုက်သည်။ ပျော့ဆင်းနက်မှောင်နေတဲ့ ဆံနွယ်တွေက သူ့လက်ဖမိုးကို ယှက်တိုက်သွားကာ ယားယံတဲ့ ခံစားချက် တချို့ကို ဖြစ်ပေါ်လာစေပြီး သူ့နှုတ်ခမ်းက စုပ်ယူနေတဲ့ အသံတွေကို ပိုလို့တောင် ကျယ်လောင်လာစေခဲ့လေသည်။
ချန်ကျင်းလန်သည် ထိုဗလုံးဗထွေး အသံတွေကြောင့် ဆံပင်အရင်းတွေအထိ ရှက်ရွံ့ပူထူသွားမိသည်။ သူမ လုံးဝ သည်းမခံနိုင်တော့၍ သူ့ဆံပင်တွေကို ဆောင့်ဆွဲလိုက်ပြီး သူမရဲ့ ပါးစပ်ထဲမှာ မွှေနှောက်နေတဲ့ လျှာကို ကိုက်ပစ်လိုက်သည်။ ထို့နောက် ပါးစပ်ကို ဟသည် ဆိုရုံလေး ဟပြီး ဝူးဝူးဝါးဝါး ပြောလိုက်၏။ သူမရဲ့ ကြယ်စုံညလို မျက်လုံးထဲမှာ ဒေါသတွေ အပြည့်။ “ ကျွန်မ ထမင်းစားချင်တာ။ ရှင့်ကို စားချင်တာ မဟုတ်ဘူး။ ”
ရှောက်ချန်းကျယ်က ပထမတော့ ကြောင်အသွားပြီးမှ သူမရဲ့ ညှပ်ရိုးဖြူဖြူလေးထဲကို ပြန်မျက်နှာအပ်ရင်း အသံထွက် ရယ်လိုက်သည်။ “ မင်း မြည်းမကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိမှာလဲ။ ကိုယ်က ထမင်းထက် ပိုအရသာရှိရင် ရှိနေနိုင်တာပဲ။ ”
“ ကျွန်မ မြည်းကြည့်ပြီးပြီ။ တစ်စက်ကလေးမှ အရသာမရှိဘူး။ ” ချန်ကျင်းလန်ရဲ့ အသက်ရှူသံတွေ မြန်နေဆဲ ဖြစ်သလို သူမရဲ့ စွဲမက်ဖွယ် အသံတိုးတိုးလေးထဲမှာလည်း ဆွဲဆောင်မှုတွေ ပျော်ဝင်နေဆဲ။ ပါးစပ်ကနေ ဘယ်လောက်ပဲ သူမ လက်မခံနိုင်တော့ပါဘူးလို့ ပြောပြော သူမရဲ့ အသံကတော့ မသိမသာလေး ဖိတ်ခေါ်ဆွဲဆောင်နေသလိုပဲ ဖြစ်သည်။
ရှောက်ချန်းကျယ် အနားကပ်လာတော့ ချန်ကျင်းလန်က ခေါင်းလေး ယိမ်းပြီး နောက်ဆုတ်ကာ တုန်ရီနေသော လက်များဖြင့် သူ့ကို သတိပေးလိုက်သည်။ “ ကျွန်မ လီချီလေးဆီ ဖုန်းဆက်ပြီး ရှင် ကျွန်မကို အနိုင်ကျင့်နေတယ် ၊ ထမင်းတောင် မစားခိုင်းဘူးလို့ ပြောလိုက်မှာနော်။ ”
ထိုခြိမ်းခြောက်မှုက လုံးဝ ကြောက်စရာမကောင်းဘဲ ကလေးဆန်ပေမဲ့ လက်ရှိအချိန်မှာ ချန်ကျင်းလန် တခြား နည်းလမ်းကို စဉ်းစားလို့ မရပါ။ ဒီနေ့ ဒီအိပ်ရာထဲမှာ သူမ အားပြတ်ပြီး သေမသွားချင်။
ရှောက်ချန်းကျယ်ရဲ့ ရယ်သံက တဖြည်းဖြည်း ပိုကျယ်လာသည်။ “ မင်းက ကိုယ့်ကို တကယ် ကြောက်အောင် လုပ်လိုက်တာပဲ။ ကိုယ်က လီချီလေးကို အကြောက်ဆုံးပဲ။ ”
ချန်ကျင်းလန်ရဲ့ နွေဦးရေတွင်းလို မျက်လုံးလေးတွေထဲမှာလည်း ရယ်မြူးရိပ်တွေ စွန်းထင်သွားသည်။ ထို့နောက် မျက်နှာအမူအရာကို တည်အောင် ပြင်ယူပြီး ခပ်တည်တည် ပြောလိုက်သည်။ “ ဒါဆို ကျွန်မကို လွှတ်ပေးတော့။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ခါးလေးကို ဆုပ်ကိုင်၍ သူ့အနား ဆွဲကပ်လိုက်သည်။ “ ကိုယ့်ကို နမ်း ၊ ဒါဆို လွှတ်ပေးမယ်။ ”
ချန်ကျင်းလန်က ချက်ချင်း ငြင်းလိုက်သည်။
“ တစ်ခါပဲ နမ်း။ ” ရှောက်ချန်းကျယ်က ဈေးညှိလိုက်တော့ ချန်ကျင်းလန်က သူ့ကို စိတ်ပျက်လက်ပျက် ကြည့်ကာ “ ရှင် အခုထိ နမ်းလို့ မဝနိုင်သေးဘူးလား။ ” ဟု ပြန်ပြောလိုက်သည်။
သူမရဲ့ နှုတ်ခမ်းတွေ ဖူးရောင်နေတယ် ဆိုတာ မှန်ကြည့်စရာတောင် မလိုဘဲ သိနေသလို လျှာကလည်း တဆစ်ဆစ် ကိုက်ခဲလျက် ထုံနေသည်။ အနမ်း တစ်ပွင့် မပြောနဲ့ ၊ တစ်ပွင့်ရဲ့ တစ်ဝက်တောင် မပေးနိုင်။
သူ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ချန်ကျင်းလန်က သူ့ပါးစပ်ကို လက်နှင့် ချက်ချင်း ပိတ်ပစ်လိုက်သည်။ သူ ပြောမယ့် စကားက ဘယ်လိုနည်းနှင့်မှ စကားအကောင်း မဖြစ်နိုင်တာမို့ နားမထောင်တာ အကောင်းဆုံးပဲ။
“ ကျွန်မကို ချီသွားပေး။ ” သူမ အမိန့်ပေးလိုက်သည်။ သူ့ကျေးဇူးတော်ကြောင့် သူမရဲ့ ခန္ဓာကိုယ်က အတော်လေး သက်သောင့်သက်သာမရှိတာမို့ သူ့ကို နည်းနည်းလောက် အပင်ပန်းခံခိုင်းတာ မမှားပါ။
သူ မျက်မှောင်ကြုတ်ပြီး ပြုံးလိုက်သည်။ ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းက သူမရဲ့ လက်ဖမိုးကို နူးညံ့စွာ ထိတွေ့သွားပါသည်။ “ အမိန့်တော်အတိုင်းပါ သခင်မလေး။ ”
သူ့နှုတ်ခမ်းတွေရဲ့ အပူချိန်က သူမရဲ့ လက်ဖမိုးကို ဖြတ်သန်းစီးဆင်းသွားကာ ခန္ဓာကိုယ်တွင်းက မငြိမ်းသတ်နိုင်သေးတဲ့ အပူတွေနှင့် ထိပ်တိုက်တွေ့လျက် ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်လေးကို ဆတ်ခနဲ တုန်သွားစေသည်။ သူမသည် မျက်လုံးမှိတ်၍ သူ့ပခုံးပေါ် ပျင်းရိစွာ မတင်ရင်း သူနှင့် အကြည့်ချင်း မဆုံအောင် မျက်လုံးမှိတ်ထားခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်အလေးချိန် အကုန်လုံးကို သူ့ပေါ်မှာ စုပြုံထားရင်း ခပ်တိုးတိုး လောဆော်လိုက်သည်။ “ မြန်မြန် သွားပါ။ ကျွန်မ တကယ် ဗိုက်ဆာနေတာ။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ခါးနှင့် ကျောပြင်ကို ထိန်းကိုင်ရင်း လွယ်လင့်တကူ ပွေ့ချီထားခဲ့သည်။ နူးညံ့နက်မှောင်နေတဲ့ ဆံပင်လေးတွေနှင့် ညအိပ်ဝတ်စုံ ပိုးကြိုးလေးတွေအောက်မှာ သူမရဲ့ ဖြူဝင်းတဲ့ အသားပေါ်က အနီရောင်အမှတ် မှိန်မှိန်လေးတွေဟာ တစ်ချက် တစ်ချက် ပေါ်လာလိုက် ၊ ပျောက်သွားလိုက်။ အမြင်အာရုံကို ဖမ်းစားထားတဲ့ ထိုအနီမှတ်လေးတွေကို ရှောက်ချန်းကျယ် အကြည့်လွှဲဖို့ရာ မတတ်နိုင်ပါ။
ဆိုဖာဘေးက ဖြတ်သွားစဉ်မှာ ချန်ကျင်းလန်က ဆိုဖာကျောမှီပေါ်က စောင်ကို ဖျတ်ခနဲ လှမ်းယူပြီး တစ်ယောက်သော သူရဲ့ စားမလိုဝါးမလို အကြည့်တွေကို ကာကွယ်ရန် သူမရဲ့ ပခုံးသားလေးတွေပေါ်မှာ ပတ်ခြုံထားလိုက်သည်။
ရှောက်ချန်းကျယ် မျက်ခုံး တစ်ချက် ပင့်ပြီး သူမကို ပြုံးပြလိုက်သည်။ “ ဒါဆို ကိုယ်က သတိထားရမယ့် ရက်စက်တဲ့ သတ္တဝါကြီးပေါ့ … ”
“ မဟုတ်လို့လား။ ”
သူမရဲ့ နားရွက်ဖျားက ဖုံးကွယ်ထားလို့ မရတဲ့ အနီမှတ်လေးကို ကြည့်ပြီး ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ နက်ရှိုင်းသွားသည်။ သူ နည်းနည်းလေး များသွားတယ် ဆိုတာ မငြင်းနိုင်ပါ။ သူ သူမကို မြန်မြန် ဗိုက်ပြည့်သွားအောင် တစ်ခုခု ကျွေးလိုက်တာ ကောင်းမည်။ မဟုတ်ရင် သူမရဲ့ မျက်လုံးထဲမှာ သူက တကယ်ပဲ သတ္တဝါကြီး တစ်ကောင် ဖြစ်သွားလိမ့်မည်။
ဟင်းအိုး တစ်အိုးထဲမှာ ခရမ်းချဉ်သီးစွပ်ပြုတ်တွေ ပွက်ပွက်ဆူနေပြီး နောက်တစ်အိုးထဲမှာတော့ ပါစတာတွေကို ပြုတ်ထားသည်။ ညစာက မကြာခင် အဆင်သင့် ဖြစ်တော့မည်။ ရှောက်ချန်းကျယ်က သူမကို ထိုင်ခုံမှာ ထိုင်စေလိုက်ပြီး သူမ တကယ့်ကို ဗိုက်ဆာနေတာမို့ ညစာ မကျက်သေးခင် အဆာပြေ အရင် စားထားဖို့ ပဲနီကိတ်တွေကို ပေးလိုက်သည်။ ပဲနီကိတ်အေးအေးလေးတွေဟာ အဆာပြေ စားဖို့ အသင့်တော်ဆုံးပင်။
ထိုအချိန်မှာပဲ ထမင်းစားပွဲပေါ် တင်ထားတဲ့ ဖုန်းက တုန်ခါလာတာမို့ မီးဖိုချောင်ထဲက လူကို ချန်ကျင်းလန် လှမ်းခေါ်လိုက်သည်။ “ ရှင့်ဖုန်းလာနေတယ်။ ”
“ ဘယ်သူ ဆက်တာလဲ။ ”
ဖုန်းမျက်နှာပြင်ကို ချန်ကျင်းလန် ငုံ့ကြည့်လိုက်၏။ “ ဦးလေးချမ့်တဲ့။ ”
“ အဲ့ဒါဆို ကိုင်စရာ မလိုဘူး။ ကိုယ့်အစား ဖုန်းကို တစ်ချက်လောက် Mute ထားပေးပါလား။ ”
ရှောက်ချန်းကျယ်က မီးဖိုချောင်ထဲကနေ လက်ထဲမှာ တူတွေ ကိုင်ထားလျက် ထွက်လာသည်။ “ ပါစတာ ကျက်တော့မယ်။ ”
“ အင်း။ ” ချန်ကျင်းလန်က ပဲနီကိတ်ကို အရသာခံ၍ ဖြည်းဖြည်းချင်း စားရင်း သူ့ကို တစ်ချက် ကြည့်လိုက်တော့ ရှောက်ချန်းကျယ်က “ ဘာဖြစ်လို့လဲ။ ” ဟု မေးရင်း သူမဆီ လျှောက်လာခဲ့သည်။ သူမမှာ တစ်ခုခု မေးစရာရှိနေတဲ့ ပုံပါပဲ။
“ ရှင် ရှောက်ကော်ပိုရေးရှင်းကို ပြန်သွားလို့ မရဘူးလား။ ”
ဦးလေးချမ့် ဆိုတာ ဘယ်သူလဲ မသိပေမဲ့ ကုမ္ပဏီက တစ်ယောက်ယောက် ဖြစ်ဖို့ များသည်။ သူက သူ့စိတ်နှင့်သူ နှုတ်ထွက်စာ တင်ခဲ့သော်လည်း ဘုတ်အဖွဲ့က အခုထိ ခွင့်မပြုရသေးတာကြောင့် ထိုကိစ္စက အတည် မဖြစ်သေးပါ။ သူ နှုတ်ထွက်တဲ့ သတင်းကို ဘယ်သူက အချိန်မတိုင်ခင် ဖြန့်လိုက်သလဲ မပြောတတ်ဘဲ အခုတော့ ရှောက်ကော်ပိုရေးရှင်းရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေက ထိုးကျနေခဲ့ပါပြီ။
“ ပြန်သွားဖို့ အချိန်မကျသေးဘူး။ ”
“ ဟမ်။ ” ချန်ကျင်းလန် နားမလည်နိုင် ဖြစ်သွားသည်။ စတော့ရှယ်ယာဈေးတွေသာ ဒီပုံအတိုင်း ဆက်ကျနေလျှင် ဖြေရှင်းရခက်တဲ့ ပြဿနာကြီး တစ်ခု ဖြစ်လာပါလိမ့်မည်။
***