အခန်း ၆၅
Vol. 7 Ch. 65
အပိုင်း ( ၆၅ )
ရှောက်ချန်းကျယ်က သူမကို ရှင်းပြလိုက်၏။ “ ရှောက်မိသားစုက မင်းတို့မိသားစုနဲ့ မတူဘူး။ မင်းတို့မိသားစုက စည်းလုံးတယ်။ ရှောက်မိသားစုကတော့ အချင်းချင်း စိတ်ဝမ်းကွဲပြီး ဘယ်သူက အများဆုံး အနစ်နာခံနိုင်မလဲ ဆိုတာကို ယှဉ်ပြိုင်နေကြတာ။ တကယ်လို့ ကိုယ် ပြန်သွားလိုက်ရင် သိပ်မကြာဘူး ၊ သူတို့ ကိုယ့်ကို လာညှိနှိုင်းကြလိမ့်မယ်။ အဲ့လို ညှိနှိုင်းရင်း ကိုယ့်နေရာကလည်း ပိုခိုင်မာလာလိမ့်မယ်။ ” သူ့အသံက ဘာ့ကြောင့်ရယ်မသိ အေးစက်ပြီး မျက်လုံးအကြည့်ကလည်း တည်ငြိမ်နေခဲ့သည်။ သို့သော် စကားအဆုံးမှာ မြင်လိုက်ရတဲ့ သူ့မျက်လုံးထဲက နွေးထွေးမှုက ထိုအေးစက်မှုကို လွှမ်းခြုံပစ်လိုက်ပါသည်။ “ ကိုယ့်အတွက် စိတ်ပူမနေပါနဲ့။ ကိုယ် တကယ် အလုပ်ထုတ်ခံရလည်း မဆိုးပါဘူး။ မင်းရဲ့ အချိန်ပြည့် ဒရိုင်ဘာ လုပ်ပေးလို့ ရတာပေါ့။ အဲ့ဒါဆို နှစ်ဦးနှစ်ဖက်လည်း အကျိုးရှိတယ်။ ”
ချန်ကျင်းလန်က နောက်ဆုံးကျန်တဲ့ ပဲနီကိတ်ကို လက်စသတ်လိုက်ပြီး ရေ တစ်ငုံ သောက်ရင်း ခပ်အေးအေး ပြန်ပြောလိုက်သည်။ “ ကျွန်မ ရှင့်ကို စိုးရိမ်တယ်လို့ ပြောမိလို့လား။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ထိုင်ခုံနောက်မှီပေါ် လက်တင်ရင်း ထိုင်ခုံနှင့် သူ့ရင်ခွင်အလယ်မှာ သူမကို ချောင်ပိတ်ထားခဲ့သည်။ “ မင်းပါးစပ်က ထုတ်ပြောစမရာ မလိုဘဲနဲ့ ကိုယ့်ဘာသာ အလိုလို ခံစားနေရတာ။ ”
ချန်ကျင်းလန်က သူတို့နှစ်ယောက်ကြားမှာ ရေခွက်ကို အကာအကွယ် တစ်ခုလုံးမျိုး မြှောက်ထားလိုက်သည်။ “ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ”
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသူကြီးက သူမကို “ ပဲနီကိတ်တွေ စားကောင်းလား။ ” ဟု မေးသည်။ သူ ဆက်ပြောမယ့် စကားကို သိနေတာမို့ ချန်ကျင်းလန် ပြန်မဖြေမိပါ။
“ ကိုယ် တစ်ခုမှ မစားလိုက်ရတော့ အရသာက အရင်အတိုင်းပဲလား ဆိုတာ မသိလိုက်ဘူး။ ”
“ ရှင် စားချင်ရင် မနက်ဖြန်ကျ သွားဝယ်စားပေါ့။ ” ချန်ကျင်းလန်က သူ့ကို ဘာအခွင့်အရေးမှ မပေးဘဲ ခွက်ကို သူမနှုတ်ခမ်းနားမှာ မြဲနေအောင် အတင်း ကပ်ထားလိုက်သည်။
“ ကိုယ် မနက်ဖြန်ထိ မစောင့်နိုင်တော့ဘူး။ ”
ရှောက်ချန်းကျယ်က ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး ခွက်ကို ဆုပ်ကိုင်ထားတဲ့ သူမရဲ့ လက်ကို အပေါ်ကနေ ဆုပ်ကိုင်ကာ သူမရဲ့ လက်ချောင်းတွေကို နူးညံ့စွာ စုပ်ယူခဲ့သည်။ ချန်ကျင်းလန်ရဲ့ လက်တွေ အားလျော့လာကာ လက်ထဲကနေ ခွက် လွတ်ကျသွားခဲ့သော်လည်း ကြမ်းပြင်ပေါ် ကျကာ ခွမ်းခနဲ ကွဲသွားရမည့်အစား သူ့လက်ဖဝါးပေါ်ကို ရောက်သွားခဲ့ပါသည်။ အချိန်ကိုက်ပင် လက် တစ်ဖက်က ခွက်ကို လှမ်းဖမ်းပြီး ကျန်လက် တစ်ဖက်ဖြင့် သူမရဲ့ မေးစေ့ကို ဆွဲမော့ကာ သူမပါးစပ်ထဲက ပဲနီကိတ်ကို အရသာခံ မြည်းစမ်းကြည့်ခဲ့သည်။
ပဲနီကိတ် စားထားလို့ အနည်းငယ် အားပြန်ပြည့်လာတဲ့ ချန်ကျင်းလန်ရဲ့ အားအင်တွေဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အငွေ့ပျံ ပျောက်ကွယ်သွားရသည်။
ချန်ကျင်းလန်က သူ့နှုတ်ခမ်းကို အားနှင့် ဖိကိုက်ပစ်လိုက်ပြီး မောဟိုက်စွာ အသက်လုရှူနေခဲ့သည်။ “ ရှောက်ချန်းကျယ် … ကျွန်မ ရှင့်ကို ကျွန်မအနား ထပ်ကပ်ခွင့်ပြုမိရင် ကျွန်မရဲ့ နာမည်ကို နောက်ပြန် ရေးပစ်လိုက်မယ်။ ရှင်က အတောမသတ်နိုင်အောင် လောဘကြီးလွန်းတယ်။ ” ရှောက်ချန်းကျယ်က သူမနှင့် နဖူးချင်း ထိကပ်ထားရင်း သူမကို အသက်ရှူခွင့် ပေးလိုက်သည်။ “ ကိုယ်လည်း ဘယ်တတ်နိုင်မှာလဲ။ ဒီအခြေအနေကို ပြန်ရောက်ဖို့ ကိုယ် တောင့်တနေခဲ့တာ ကြာလှပြီ။ ”
…
ထိုညမှာ ချန်ကျင်းလန် တစ်ယောက် ရှောက်ချန်းကျယ်ကို သူမအနား ထပ်ကပ်ခွင့်ပေးခဲ့လား ဆိုတာ ဘယ်သူမှ မသိသော်လည်း နောက်တစ်နေ့မှာတော့ သူမက နေ့ခင်းအထိ အိပ်နေခဲ့သည်။ နေ့လယ်ပိုင်းမှာ သူမ တက်ရောက်ပေးရမယ့် ဆုပေးပွဲ တစ်ခုသာ မရှိရင် ညနေစောင်းတဲ့အထိ ဆက်အိပ်နေမိလောက်သည်။
ဆုပေးပွဲ ပြီးသွားတဲ့အခါမှာတော့ သူမရဲ့ အချိန်စာရင်းထဲမှာ ဘာလုပ်စရာမှ မကျန်တော့။ ထန်ယိချန်းကတော့ မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေအတွက် ဒီမှာ နောက်ထပ် ထပ်နေဖို့ စီစဉ်ထားသည်။ ချန်ကျင်းလန်ရဲ့ မူလ အစီအစဉ်က ဒီည ကျန်းမုန့်နှင့် ညစာ အတူ စားပြီး နောက်တစ်နေ့မနက် အိပ်ရာနိုး,နိုးချင်း ချန်လီချီလေးကို အရင်ဆုံး မြင်နိုင်စေရန် ညတွင်းချင်းလေယာဉ်နှင့် ပြန်ဖို့ ဖြစ်သည်။ သို့သော် ဒီနေ့ ရာသီဥတု မကောင်းတာမို့ သူမ စီစဉ်ထားတဲ့ လေယာဉ်ကလည်း အချိန်ရွေ့ထားရသာ်။
ရှောက်ချန်းကျယ်က နောက်ကြည့်မှန်ထဲကို ကြည့်လိုက်သည်။ “ မနက်ဖြန်မနက်မှပဲ ပြန်ရအောင်ပါ။ ဒီည မိုးကြီးမယ်လို့ မိုးလေဝသ,သတင်းထဲမှာ ပြောထားတယ်။ ဒီည သွားမယ့် လေယာဉ်ခရီးစဥ်ကိုတောင် ဖျက်သိမ်းရင် ဖျက်သိမ်းလောက်တယ်။ ”
ချန်ကျင်းလန်က ချန်လီချီလေးကို ဗီဒီယိုကောလ်ခေါ်ရင်း ဒရိုင်ဘာကို ပြောလိုက်သည်။ “ ဒါဆို ညစာ စားပြီးတာနဲ့ ကျွန်မကို ဟိုတယ်ကို ပြန်ပို့ပေး။ ” သူမ သူနှင့် နောက်ထပ် တစ်ညတာကို သေချာပေါက် မဖြတ်သန်းရဲတော့။
ရှောက်ချန်းကျယ်က “ ကိုယ် ဒီည မင်းကို ကောင်းကောင်း အိပ်ခိုင်းပါ့မယ်လို့ အာမခံပါတယ်။ ” ပြုံးရင်း ပြောချိန်တွင် သူမရဲ့ ခါးတစ်ဝိုက်မှာ နာကျင်မှုကို ခံစားလိုက်ရပြီး ထိုင်ခုံကို ခပ်မတ်မတ် မှီထိုင်လိုက်ရသည်။
“ ကျွန်မ ရှင့်စကားကို ထပ်ယုံရင် ဦးနှောက်မရှိတဲ့ ဝက် ဖြစ်သွားလိမ့်မယ်။ ”
ချန်လီချီလေးက အမေဖြစ်သူရဲ့ ဗီဒီယိုကောလ်ကို လက်ခံလိုက်သည်နှင့် ထိုစကားကို အရင်ဆုံး ကြားလိုက်ရ၏။ “ မေမေက ဘာလို့ ဝက်ဖြစ်ချင်တာလဲဟင်။ ဝက်လေးတွေကလည်း ချစ်စရာကောင်းပေမဲ့ ကြောင်လေးတွေက ပိုချစ်စရာကောင်းတယ်။ သမီးက ကြောင်လေးတွေကိုပဲ ပိုသဘောကျတာ။ ”
ချန်ကျင်းလန်သည် ရယ်ရခက် ငိုရခက် အခြေအနေကြားထဲက ရယ်မိသွား၏။ “ မျေမလည်း ကြောင်လေးတွေကိုပဲ ပိုသဘောကျတာပါ လီချီလေးရယ်။ ဒီမှာ ရာသီဥတုမကောင်းလို့ မေမေ ဒီည အိမ်ပြန်လာလို့ မရတော့ဘူး လီချီလေး။ အဲ့ဒါကြောင့် မေမေ မနက်ဖြန်မနက်ပိုင်း လေယာဉ်ချိန်ကို ပြောင်းထားတယ် ၊ သမီး နေ့ခင်းဘက် တစ်ရေးတမောအိပ်ပြီး နိုးလာတာနဲ့ မေမေ့ကို မြင်ရလိမ့်မယ်။ ”
မနက်ဖြန်က စနေ ၊ တနင်္ဂနွေမို့ ချန်လီချီ ကျောင်းမရှိပါ။
“ မနက်ဖြန်ကျ သမီး မေမေ့ကို လာကြိုလို့ ရလားဟင်။ သမီး တစ်ရေး မအိပ်ချင်ဘူး။ မေမေ့ကို လွမ်းလွန်းလို့ အမြန်ဆုံး တွေ့ချင်နေပြီ။ ”
သမီးဖြစ်သူရဲ့ စကားကြောင့် ချန်ကျင်းလန်ရဲ့ နှလုံးသားလေး အရည်ပျော်ကျသွားသည်။ “ ဟုတ်ပါပြီရှင် ၊ လီချီလေး မေမေ့ကို လာကြိုလို့ ရတယ်။ မေမေလည်း လီချီလေးကို လွမ်းနေတာ။ ”
ကား မီးနီမိနေတုန်း ရှောက်ချန်းကျယ်ကလည်း ကားနောက်ခန်းကို လှည့်ပြီး “ ဖေဖေလည်း လီချီလေးကို လွမ်းနေတာနော်။ ” ဟု ပြောလိုက်တော့ ချန်လီချီလေးက တခစ်ခစ် ရယ်ရင်း “ သမီးလည်း ဖေဖေ့ကို လွမ်းပါတယ်။ ” ဟု ပြန်ပြောလိုက်၏။
ထို့နောက် သူမ တစ်စုံတစ်ရာကို တွေးမိသွားသည်။ “ ဖေဖေက မေမေနဲ့အတူတူ ပြန်လာရင် သမီး လေဆိပ်ကို ဘွားဘွားနဲ့ လာကြိုလို့ ရမှာ မဟုတ်ဘူး။ သမီး ဦးလေးရှန်းကိုပဲ မေးကြည့်လိုက်တော့မယ်။ ဦးလေးရှန်းနဲ့ သမီးနဲ့ အခုလေးတင် ဖုန်းပြောပြီးတာရယ် ၊ သူ မနက်ဖြန်ကျ အားတယ်လို့ ပြောသွားတယ်။ ”
သူမ ဘယ်သူ့ကို ရည်ညွှန်းနေတာလဲ ဆိုတာ အသိအသာပင်။
ရှောက်ချန်းကျယ်က စတီယာရင်ဘီးကို လက်ဖြင့် တတောက်တောက် ခေါက်ရင်း “ ဖေဖေ မေမေနဲ့အတူတူ ပြန်လာဖြစ်မှာ မဟုတ်ဘူး လီချီလေး။ ဒီမှာ လုပ်စရာလေးတွေ မပြတ်သေးလို့ မနက်ဖြန် နေ့ခင်းလောက်မှ ပြန်လာလို့ ရမှာ။ သမီးရဲ့ ဘွားဘွားနဲ့ပဲ လေဆိပ်ကို လာပြီး မေမေ့ကို ကြိုလိုက်နော်။ ” ဟု ပြန်ပြောလိုက်တော့ ချန်ကျင်းလန်ရဲ့ နှုတ်ခမ်းပေါ်က အပြုံးလေး တဖြည်းဖြည််း မှေးမှိန်ပျောက်ကွယ်သွားသည်။
“ ဪ။ ဟုတ် ဟုတ်။ ဒါဆိုလည်း သမီး ဘွားဘွားနဲ့ပဲ မေမေ့ကို သွားကြိုလိုက်ပါ့မယ်။ ”
ပြဿနာ ပြေလည်သွားသောအခါ ချန်လီချီလေးက စန္ဒရားတီး လေ့ကျင့်ဦးမည်ဟု ဆိုကာ သူမရဲ့ မိဘ နှစ်ပါးကို နှုတ်ဆက်၍ ဗီဒီယိုကောလ်ချသွားသည်။
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ချောင်းဟန့်ရင်း နောက်ခန်းထဲမှာ ထိုင်နေသူကို နောက်ကြည့်မှန်မှ တစ်ဆင့် ကြည့်လိုက်သည်။ “ ကိုယ့်မှာ တခြား ဘာသဘောမှ မပါ,ပါဘူး။ သူ့အတွက် အနှောင့်အယှက် မဖြစ်ချင်လို့ပါ။ ”
သူ ဘယ်သူ့ကို ရည်ညွှန်းနေတာလဲ ဆိုတာလည်း သိသာသည်။
ချန်ကျင်းလန်ကတော့ သူ့စကားကို ဘာမှ မတုံ့ပြန်ဘဲ ကားမှန်အပြင်ဘက်က မိုးစက်တွေကိုသာ ငေးကြည့်နေမိလေသည်။
အနက်ရောင် ကားလေး တစ်စီးက ပြွတ်သိပ်ပိတ်ဆို့နေတဲ့ ယာဉ်ကြောထဲမှာ ငြိမ်သက်စွာ ရပ်တန့်နေခဲ့သည်။ ကားထဲမှာ ထွက်ပေါ်နေတဲ့ အသံ ဆိုလို့ သီချင်း ငြိမ့်ငြိမ့်အေးအေးလေးရယ် ၊ တဖြည်းဖြည်း သည်းလာတဲ့ မိုးစက်တွေကြားက ပဲစေ့အရွယ် မိုးစက်ပေါက်လေးတွေ ပြတင်းပေါက်မှန်ကို လာထိစင်ရာမှ ထွက်ပေါ်လာတဲ့ အသံအုပ်အုပ်လေးရယ်ပဲ ရှိသည်။ ဆိတ်ငြိမ်မှုကပဲ လူတွေကို စိတ်ရှုပ်စေတာလား ၊ ရပ်တန့်ပိတ်ဆို့နေတဲ့ ယဉ်ကြောကပဲ စိတ်ရှုပ်စရာကောင်းတာလား ပြောရခက်သည်။
ရှောက်ချန်းကျယ်က ကီးဘုတ်ကို လက်ဖျားလေးတွေနှင့် တတောက်တောက် ခေါက်နေခဲ့သည်။ အစပိုင်းမှာ သူ့လက်လှုပ်ရှားမှုက ခပ်နှေးနှေး ဆိုပေမဲ့ တဖြည်းဖြည်း မြန်လာကာ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ကားနောက်ခန်းထဲမှာ ထိုင်နေသူကို သူ လှည့်ကြည့်လိုက်၏။ “ မင်း ဗိုက်ဆာနေပြီလား။ ”
ချန်ကျင်းလန်က ကားပြတင်းပေါက်တစ်ဖက်က မိုးစက်တွေကို ငေးနေရာမှ သူ့ကို တစ်ချက် လှည့်ကြည့်ခဲ့ပြီး လက်ပေါ် မေးတင်ကာ မိုးစက်တွေဆီ အကြည့်ပြန်ရောက်သွားသည်။ “ ဟင့်အင်း။ ”
‘ ဟင့်အင်း ‘ ဆိုတဲ့ စကားက သူမ စိတ်ဆိုးနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
“ ကိုယ် သူ့ကြောင့် နည်းနည်း စိတ်ရှုပ်ရလို့ပါ။ ” ရှောက်ချန်းကျယ်က ခဏ စကားရပ်ပြီးမှ ဆက်ပြောလိုက်သည်။ “ တကယ်တော့ နည်းနည်း စိတ်ရှုပ်ရတယ် ဆိုတာ လျှော့ပြောနေတာ။ ကိုယ် သူ့ကြောင့် အရမ်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်ပိုင်ခွင့် မရှိဘူး ဆိုတာ သိပါတယ်။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူကပဲ မင်းနဲ့ လီချီလေးရဲ့ ဘေးမှာ ရှိနေပေးပြီး ကွက်လပ်တွေကို ဖြည့်ပေးခဲ့တာလေ။ ဒီကိစ္စမှာ အမှားကျူးလွန်မိတဲ့ လူက ကိုယ်ပါပဲ ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ သူ့ကို ပြဿနာရှာချင်ရင် ကိုယ် ဟိုးအရင်ကတည်းက ပြဿနာရှာပြီးနေတာ ကြာပြီ။ လီချီလေးက သူ့ကို ချစ်တယ်။ ကိုယ် ပြန်လာပြီး လီချီလေးနဲ့ သူ့ကြားက သံယောဇဉ်ကို တမင်သက်သက် ဖြတ်တောက်ပစ်လို့ မရဘူး။ ”
ကားပြတင်းပေါက်မှန်ကို လာထိမှန်နေတဲ့ မိုးစက်တွေ တဖြည်းဖြည်း ပိုများလာကာ အပြင်ဘက်က မြင်ကွင်းကို ဝေဝါးသွားစေခဲ့သည်။ အကြာကြီး တိတ်ဆိတ်နေပြီးမှ ချန်ကျင်းလီဆီက စကားသံ ထွက်လာပါသည်။ “ ရှင်က ကိုယ့်ကိုယ်ကိုယ်တော့ တော်တော်လေး သတိထားမိသားပဲ။ “
ရှောက်ချန်းကျယ်က သူမရဲ့ ပေါင်ပေါ်မှာ တင်ထားတဲ့ လက်ကလေးကို လှမ်းဆုပ်ကိုင်လိုက်သည်။ “ ဒါပေမဲ့ မင်း ကိုယ့်ကို အချိန် တစ်ခုတော့ ပေးရမယ်။ ကိုယ့်အတွေးထဲမှာ သူ့ကို ပြိုင်ဘက် တစ်ယောက်အဖြစ် မြင်လာခဲ့တာ ကြာပြီ။ သူ့အပေါ် ထားတဲ့ ကိုယ့်စိတ်ကို ချက်ချင်းကြီး ပြောင်းဖို့ မဖြစ်နိုင်ဘူး။ ”
ချန်ကျင်းလန်က လက်ကို မရုန်းဘဲ ဆုပ်ကိုင်ခွင့်ပေးထားခဲ့သည်။ ချန်ကျင်းလန်ရဲ့ လက်မက သူ့လက်ဖမိုးကို ခပ်ဖွဖွ ပွတ်သပ်နေခဲ့ပြီး မျက်လုံးတွေကတော့ ပြတင်းပေါက်မှန် အပြင်ဘက်ကို ငေးနေဆဲ ဖြစ်သည်။ ထို့နောက် သူမက အနည်းငယ် မျက်မှောင်ကြုတ်လျက် “ ကျွန်မ သူ့ကို သဘောကျတယ်လို့ ရှင် ဘာလို့ ထင်ရတာလဲ။ ” ဟု မေးလိုက်လေသည်။
ကလေးဘဝကတည်းက သူမနှင့် ရှစ်ရစ်ဟာ သူငယ်ချင်းတွေအဖြစ် အတူ ကြီးပြင်းလာခဲ့တာပင်။ ရှစ်ရမ်ရဲ့ အမေကလည်း သူမအပေါ် သမီးအရင်း တစ်ယောက်လို ဆက်ဆံပေးခဲ့ပြီး သားအရင်း ဖြစ်တဲ့ ရှစ်ရမ်ထက်တောင်မှ သူမအပေါ် ကောင်းပေးသေးသည်။ သူမအတွက်တော့ ရှစ်ရမ်က ချန်ကျင်းချွမ်လိုမျိုး မိသားစုဝင် တစ်ယောက် ဖြစ်ကာ ရှစ်ရမ်ကလည်း သူမကို ထပ်တူ သတ်မှတ်ထားလိမ့်မည်ဟု ယုံကြည်သည်။ ချန်ကျင်းလန်သည် သူမကိုယ်သူမ လူတိုင်း အရူးလုပ်လို့ ရတဲ့ လူလို့ မထင်သလို တစ်ဖက်လူကိုလည်း အခြေအမြစ်မရှိတဲ့ အတွေးတွေ ဝင်အောင် လုပ်မှာ မဟုတ်ပါ။ သူတို့ နှစ်ယောက် အတူ ရှိနေခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ ရှစ်ရမ်က နိုင်ငံခြားရောက်နေတာမို့ တွေ့ဖြစ်တဲ့ အကြိမ်ရေက လက်ချိုးရေလို့ ရသည်။ ရှောက်ချန်းကျယ် တစ်ယောက် ထိုအတွေးကို ဘယ်နေရာက ရလာတာလဲ ဆိုတာ သူမ ဘယ်လိုမှ တွေးကြည့်လို့ မရပေ။
ရှောက်ချန်းကျယ်က သူမရဲ့ လက်ကလေးကို ဖျစ်ညှစ်လိုက်သည်။ “ ကိုယ်တို့ ပထမဆုံး တွေ့ခဲ့တဲ့ နေရာကို မင်း မှတ်မိသေးလား။ ”
ချန်ကျင်းလန် တစ်ချက် စဉ်းစားကြည့်လိုက်ပေမဲ့ တကယ်တော့ စဉ်းစားနေစရာတောင် မလိုပါ။ “ ကွမ်းရှီကော ကားပါကင်မှာ ဖြစ်မယ် ထင်တယ်။ ”
သူတို့ တစ်ယောက်ကို တစ်ယောက် တစ်ကြိမ်ထက်မနည်း ဖြတ်သန်းဆုံတွေ့ခဲ့ဖူးရင်တောင် သူမက သူ့ကို နည်းနည်းလေးမှ စိတ်မဝင်စားခဲ့မှန်း ရှောက်ချန်းကျယ် သိပါသည်။
မည်သည့်တုံ့ပြန်စကားကိုမှ မကြားရသောကြောင့် ချန်ကျင်းလန်က သူ့ကို လှည့်ကြည့်လိုက်သည်။ “ မဟုတ်ဘူးလား။ ”
သူမ အမှတ်မှားတာ မဟုတ်တာတော့ အသေအချာပင်။ ဒါမှမဟုတ် အဲ့ဒီနေ့ ကားပါကင်မှာတုန်းက သူမပဲ သူ့ကို မှတ်မိပြီး သူကတော့ သူမကို မမှတ်မိခဲ့တာလား။
ချန်ကျင်းလန်သည် သူ့မေးခွန်းကို ဖြေလိုက်မိတဲ့အတွက် ရုတ်တရက် နောင်တရသွားသည်။ ဘာပဲဖြစ်ဖြစ် သူလည်း မမှတ်မိတာပဲကို သူမလည်း မမှတ်မိဘူးလို့ ဖြေလိုက်သင့်တာ … ။
သူ့လက်ဖဝါးအောက်က လက်ကို ရုန်းလိုက်ချင်ပေမဲ့ ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ရုန်းကန်ခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။ ပြီးတော့ သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်လာ၏။ “ အဲ့ဒီနေ့တုန်းက မင်း ရှစ်ရမ်ကို ဖွင့်ပြောဖို့ မင်းရဲ့ သူငယ်ချင်းရှေ့မှာ လေ့ကျင့်နေခဲ့တာ။ အဲ့နေ့က မင်း ပြောတဲ့ စကားတွေ အကုန်လုံးကို ကိုယ် ကြားခဲ့ရတယ်။ ”
ချန်ကျင်းလန် ဆွံ့အသွားမိသည်။ အကြာကြီး နှုတ်ဆိတ်နေပြီးမှ သူ ပြောတဲ့ စကားကို နားမလည်သလို ထပ်မေးလိုက်၏။ “ ဘာရယ်။ ”
ရှောက်ချန်းကျယ်က သူမ ထိုနေ့တုန်းက ပြောခဲ့တဲ့ ပေါက်ကရ စကားတွေကို စကားလုံး တစ်လုံးမှ မေ့မကျန်ခဲ့ဘဲ တစ်လုံးချင်း တိတိကျကျ ပြန်ရွှတ်ပြလိုက်သည်။ သူ့ရဲ့ စွဲမြဲလွန်းတဲ့ မှတ်ဉာဏ်ကို တစ်ခါတလေတော့ သူ မကြိုက်။ ဒီလောက် ကြာသွားတာတောင် တခြား ယောက်ျား တစ်ယောက်ကို ဖွင့်ပြောခဲ့တဲ့ သူမရဲ့ စကားတွေကို တစ်ခွန်းမကျန် မှတ်မိနေသေးရဲ့။
ချန်းကျင်းလန်က သူ့ရဲ့ စကားသံတိုးတိုးမှာ နစ်မျောသွားသည်။ အဲ့ဒီတုန်းက သူမ ဘာရယ်မဟုတ် ပြောခဲ့မိတဲ့ စကား တော်တော်များများကို မေ့သွားတာ ကြာပါပြီ။ အခု သူ ပြန်ပြောတာကို ကြားတော့မှ အဲ့လို ပေါက်ကရ စကားတွေကို သူမ တကယ်ပဲ ပြောခဲ့မိတာလားဟု ကိုယ့်ကိုယ်ကိုယ်တောင် သံသယဝင်သွားမိလေသည်။
ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ “ မင်း ပြောခဲ့တဲ့ အဲ့ဒီ စကားတွေ အကုန်လုံးကို ကြားပြီးတဲ့နောက်မှာတောင် ကိုယ်က သူ့ကို ဘယ်လိုလုပ် အမြင်ကြည်နိုင်ဦးမှာလဲ။ ”
လူ တစ်ယောက်ကို ပိုသဘောကျလာတာနဲ့အမျှ ပိုင်ဆိုင်လိုစိတ် ၊ သဝန်တိုစိတ်တွေ ပိုပြင်းထန်လာတတ်သည်။ အရင်တုန်းက ရှောက်ချန်းကျယ် သူ့ခံစားချက်တွေကို ထုတ်မပြောချင်၍ မျိုသိပ်ထားခဲ့ပေမဲ့ အခု ထုတ်ပြောလိုက်ချိန်မှာတော့ သူ့ကို သူမ ဒေါသထွက်သွားမှာ စိုးရိမ်သည်။ ဒီနှစ်တွေ တစ်လျှောက်လုံး ချန်ကျင်းလန်ရဲ့ ဘေးမှာ အဖော်ပြုပေးခဲ့တာက ရှစ်ရမ်မို့ သူက သူမရဲ့ နှလုံးသားထဲမှာ ခိုင်မာတဲ့ နေရာ တစ်ခု ရနေလောက်ပါပြီ။ ရှစ်ရမ်နှင့် ယှဉ်လိုက်ရင် သူကတော့ သူမအတွက် ဘာမှ မဟုတ်ပေ။
ငြိမ်သက်ရပ်တန့်နေတဲ့ ကားဘီးတွေက လှိမ့်စပြုလာသည်။ သူတို့နောက်က ကားက ဟွန်း နှစ်ချက်ဆင့်တီးကာ သူတို့ကို လမ်းဖယ်ပေးဖို့ အချက်ပြလိုက်သောကြောင့် ချန်ကျင်းလန် သတိပြန်ဝင်လာသည်။ “ အရင်ဆုံး ကားမောင်းလိုက်ဦး။
ဒါက စကားပြောဖို့ အချိန်ကောင်း မဟုတ်မှန်း ရှောက်ချန်းကျယ်လည်း သိပါသည်။ သူမကို လေးနက်စွာ ထပ်ကြည့်လိုက်ပြီးမှ အရှေ့ကို လှည့်၍ ကားစက်နှိုးလိုက်၏။ ကားထဲမှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဂီတသံ တစ်မျိုးတည်းသာ ထွက်ပေါ်နေသော်လည်း လေထုက ဘာ့ကြောင့်ရယ်မသိ နွေးထွေးလာကာ ခုနတုန်းက အေးစက်မှုတွေ ပျောက်ကွယ်သွားသလို ခံစားရသည်။
ကားလေးက စားသောက်ဆိုင်အပြင်က ကားပါကင်ထဲမှာ ရပ်တန့်သွားသည်။ အပြင်မှာ ရွာနေတဲ့ မိုးက နည်းနည်းလေး စဲသွားပြီပင်။ ရှောက်ချန်းကျယ်က ကားထဲက အရင် ထွက်ကာ ထီးဖွင့်ပြီးမှ နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်တော့ ချန်ကျင်းလန်က ကားထဲကနေ လက်ကမ်းပေးခဲ့သည်။
ရှောက်ချန်းကျယ် အနည်းငယ် အံ့ဩသွားပေမဲ့ ချက်ချင်းပဲ သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး ကားထဲကနေ ထွက်ဖို့ ကူညီပေးလိုက်သည်။
ထီး တစ်လက်အောက်မှာ သူတို့နှစ်ယောက် အတူ ရပ်မိကြသည်။ ရှောက်ချန်းကျယ်က ထီးကို သူမဘက်သို့ ပိုစောင်းပေးထားရင်း “ မင်း စားလို့ ပြီးခါနီးတာနဲ့ ကိုယ့်ကို ဖုန်းဆက်လိုက်နော်။ ကိုယ် မင်းကို လာကြိုမယ်။ ”
ချန်ကျင်းလန်ရဲ့ မျက်တောင်လေးတွေက အောက်ကို ငေးစိုက်ကျနေကာ သူ့ရှပ်အင်္ကျီကော်လံနားက ကြယ်သီးလေးကို ငေးကြည့်နေခဲ့သည်။ “ မုန့်မုန့်က တက္ကသိုလ်တုန်းက ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းပဲ။ ”
“ အင်း။ ”
ချန်ကျင်းလန် ခေါင်းပြန်မော့လိုက်တော့ သူနှင့် အကြည့်ချင်း ဆုံသွားသည်။ “ တက္ကသိုလ်မှာကတည်းက သူက ရှင်နဲ့ တွေ့ချင်တယ်လို့ ဆက်တိုက် ပြောနေခဲ့တာ။ ”
သူမ ပြောချင်တဲ့ စကားကို ရှောက်ချန်းကျယ် ဖြည်းဖြည်းချင်း နားလည်လာသည်။ တောက်ပနေတဲ့ သူ့မျက်လုံးတွေထဲမှာ ချန်ကျင်းလန်ဆီက အတည်ပြုမှုကို တောင်းခံနေတဲ့ မယုံကြည်နိုင်မှုအရိပ်တွေ ယှက်သန်းနေ၏။ “ ဒါဆို ကိုယ်တို့ ဒီနေ့ အခွင့်အရေးရတုန်းက သူနဲ့ တွေ့ရင် မကောင်းဘူးလား။ ကိုယ်လည်း မင်းရဲ့ အခင်ဆုံး သူငယ်ချင်းကို တစ်ဝိုင်း ကျွေးသင့်တာပေါ့။ ”
ဒီစားသောက်ဆိုင်ကို မလာခင်ကတည်းက သူ ထိုအကြောင်းကို ပြောခဲ့ပေမဲ့ သူမက လက်မခံသောကြောင့် ထပ်မပြောဖြစ်ခဲ့ပါ။
ချန်ကျင်းလန်က စားသောက်ဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။ “ သူက ရှင် ကျွေးမှ စားရ သောက်ရမယ့် အခြေအနေ မဟုတ်ဘူး။ ”
***