← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အပိုင်း ( ၆၆ )

ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေ ကွေးညွှတ်သွားသည်။ ထီးကို ကိုင်လျက် သူမနောက်ကို အမြန် ပြေးလိုက်သွားကာ သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူ့ရဲ့ ကံတရားကို မျက်စိမှိတ် ယုံပြီး မေးလိုက်ပါသည်။ “ ကိုယ် ဘယ်သူ့အနေနဲ့ လိုက်ခဲ့ရမလဲ။ မင်းရဲ့ ချစ်သူအနေနဲ့လား။ ”

“ ရှင် သူ့ကို ရှင်က ဘယ်သူပါ ဆိုပြီး မနေ့ကတည်းက မိတ်ဆက်ပြီးပြီ မဟုတ်ဘူးလား။ ”

တစ်ယောက်နှင့် တစ်ယောက်ကြား သာမန်ဆက်ဆံရေး မဟုတ်တာ သိသာတဲ့ အကွာအဝေးမျိုးဖြင့် အရှေ့အနောက် လျှောက်လာကြတဲ့ နှစ်ယောက်ကို ကြည့်ကာ ကျန်းမုန့်ရဲ့ မျက်လုံးတွေ အရောင်လက်သွားသည်။ နှစ်ယောက်တွဲပြီး လျှောက်လာတာ မဟုတ်ပေမဲ့လည်း သူတို့ နှစ်ယောက်ကြားက အကွာအဝေးက သံသယဖြစ်ချင်စရာကောင်းအောင် နီးကပ်နေ၏။

ကျန်းမုန့်က ချန်ကျင်းလန်ကို မျက်လုံး တစ်ဖက် မှိတ်ပြရင်း အခြေအနေမှန်ကို မေးလိုက်သည်။ သူမရဲ့ အလိုလို သိစိတ်က ဘယ်တော့မှ မမှားတတ်ပါ။ ဒီလူက ရိုးရိုးတန်းတန်း ဒရိုင်ဘာ မဟုတ်တာ သေချာသည်။

“ ရှောက်ချန်းကျယ်။ ” ချန်ကျင်းလန်က နာမည်က လွဲလို့ ကျန်တာ ဘာမှ မပြောဘဲ သူမနောက်က လူကို ကျန်းမုန့်နှင့် မိတ်ဆက်ပေးလိုက်သည်။

ရှောက်ချန်းကျယ်က သူမစကားအတိုင်း ရေလိုက်ငါး‌လိုက်လေး ပြောကာ ကျန်းမုန့်ကို ပြုံးပြလိုက်ပါသည်။ “ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကျင်းလန်ရဲ့ ချစ်သူပါ။ ”

ချန်ကျင်းလန်ရဲ့ မျက်တောင်လေးတွေ တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။ ထို့နောက် သူမအတွက် ရှောက်ချန်းကျယ် ထုတ်ပေးထားတဲ့ ထိုင်ခုံမှာ မငြင်းဆန်ဘဲ ဝင်ထိုင်လိုက်၏။

မငြင်းဆန်တာက အသိအမှတ်ပြုခြင်းဟု အဓိပ္ပာယ်ရသည်လေ။ ကျန်းမုန့် လက် နှစ်ဖက်လုံးဖြင့် စားပွဲကို စိတ်လှုပ်ရှားစွာ တဖတ်ဖတ် ပုတ်လိုက်သည်။ စနောက်ချင်စိတ်ကိုလည်း သူမ ထိန်းချုပ်မရ။ “ မနေ့တုန်းကတော့ သူက ဒရိုင်ဘာဆို ၊ ဒီနေ့ကျ သူက နင့်ကောင်လေး ဖြစ်သွားပြီလား။ အပြောင်းအလဲကလည်း အရမ်း မြန်လိုက်တာဟယ်။ ပြီးတော့ နင် ငါ့ကို ပြောတော့ သူက ဒီတိုင်း သာမန်လူ တစ်ယောက်ပါဆို ၊ နင့်ရဲ့ ‘ သာမန် ’ ဆိုတဲ့ စံချိန်စံနှုန်းကလည်း မြင့်လိုက်တာနော်။ သူ့အနေအထားကြီးကို သာမန်လို့ သတ်မှတ်မယ် ဆိုရင် ငါ့ယောက်ျားကို ဘာသွားလုပ်ရတော့မှာလဲ။ ”

ချန်ကျင်းလန်က ခင်ပွန်းဖြစ်သူကို ဘယ်တော့မှ အကောင်းမပြောတဲ့ ကျန်းမုန့်ကို မျက်စောင်းထိုးလိုက်သည်။ “ နင့်ယောက်ျားက ဘယ်မှာလဲ။ ”

အလုပ်ကိစ္စဖြင့် ခရီးထွက်နေရာမှ ပြန်ရောက်လာတဲ့ ကျန်းမုန့်ရဲ့ ခင်ပွန်းကလည်း သူမတို့နှင့် ညစာ အတူတူ စားမှာ ဖြစ်သည်။

“ ဒီစားသောက်ဆိုင်ရဲ့ ဟိုဘက်နားလေးမှာ အရမ်း စားကောင်းတဲ့ ချဉ်စပ်ခေါက်ဆွဲတွေ ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင် ရှိတယ်။ သူ့ကို ငါ့အတွက် ခေါက်ဆွဲ နည်းနည်းပါးပါး သွားဝယ်ခိုင်းလိုက်တာ။ ကဲပါ ၊ စကားလမ်းကြောင်း မလွှဲစမ်းပါနဲ့။ နင်က နင့်ကောင်လေးကို နှစ်တွေ အကြာကြီး ဖွက်ထားပြီးတော့ ဒီနေ့မှ သူ့ကို ခေါ်ထုတ်လာပြီး ငါနဲ့ မိတ်ဆက်ပေးတော့တယ်။ ငါ့မှာ သူ့ကို မေးစရာ မေးခွန်းတွေ အများကြီး ရှိတယ်။ ”

အသက်ရှူဖို့ စက္ကန့်ပိုင်းလောက်တောင် မနားဘဲ ကျန်းမုန့်ရဲ့ ပါးစပ်ကနေ စက်သေနတ်ပစ်သလို စကားတွေ တရစပ် ထွက်လာခဲ့သည်။ သူမက ရှောက်ချန်းကျယ်ကို လှည့်ကြည့်လိုက်သည်။ “ ဒရိုင်ဘာရှောက် … ကျွန်မရဲ့ ချစ်သူငယ်ချင်းလေးက နောက်ဆုံးတော့ သူ့ကောင်လေးကို ကျွန်မနဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးဖို့ ခေါ်လာပြီ ဆိုတော့ မေးခွန်းတွေ အများကြီးကို လုံးဝ ရှောင်လို့ မရတော့ဘူးနော်။ ရှင် စိတ်ပိုင်းဆိုင်ရာအရ ကြိုပြင်ဆင်ထားရမယ်။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ အပြုံးတွေ ပီပြင်သွားသည်။ “ ကျွန်တော် ဖြေနိုင်တဲ့ မေးခွန်းမှန်သမျှကို ဖြေပေးပါ့မယ်ဗျာ။ ”

ကျန်းမုန့်သည် လူကြီးမင်းရှောက်က နှစ်ထောင်ချီ ကျင့်ကြံလာတဲ့ ၊ ဉာဏ်များတဲ့ မြေခွေးအိုကြီး တစ်ကောင်နှင့် တူသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူ့စကားလုံးတွေက ကြားရတာ ချိုသာပေမဲ့ တစ်ချိန်တည်းမှာပဲ အဓိပ္ပာယ်မရှိတဲ့ စကားလုံးတွေလို့ ခံစားရသည်။

ချန်ကျင်းလန်ကို မီနူးစာအုပ်ကို ကျန်းမုန့်ရှေ့ တိုးပေးလိုက်၏။ “ နင် အရင် မှာလိုက်။ ”

ကျန်းမုန့်က မီနူးစာအုပ်ကို ချန်ကျင်းလန်ရှေ့သို့ ပြန်တိုးပေးလိုက်သည်။ “ နင်ပဲ မှာလိုက်ပါ။ ငါ ကြိုက်တတ်တာတွေကို နင် သိတာပဲ။ ” အရင်ဆုံး ဒီမြေခွေးအိုကြီးနှင့် သူမ စကားလေး ဘာလေး ပြောချင်သေးသည်။

လမ်းခွဲပြီးတော့မှ ပြန်ပေါင်းထုပ်သွားတဲ့ စုံတွဲလေးမှာ အခြေခံအားဖြင့် သူစိမ်းတွေ မေးလို့ မရတဲ့ ထိရှလွယ် အကြောင်းအရာတွေတော့ သေချာပေါက် ရှိပါလိမ့်မည်။ နောက်ဆုံးမှာ ကျန်းမုန့်က သူမ အသိချင်ဆုံးလည်း ဖြစ် ၊ အန္တရာယ်အကင်းဆုံးလည်း ဖြစ်တဲ့ မေးခွန်းကို ‌ရွေးချယ်လိုက်သည်။ “ နင်တို့ နှစ်ယောက် အချင်းချင်း ဘယ်လို သိသွားကြတာလဲ။ ”

လူတွေ ချစ်မိကြတဲ့အခါ တချို့တွေက မြင်,မြင်ချင်း ချစ်မိကြတာ ရှိသလို တချို့တွေက ခံစားချက်တွေကို အချိန်ယူ တည်ဆောက်ရတာ ရှိသည်။ ကျန်းမုန့်သည် သူမရှေ့က လူ နှစ်ယောက်ကို ကြည့်ကာ သူတို့က ဘယ်အမျိုးအစားထဲမှာ ပါသလဲ ဝေခွဲမရပါ။ ကြည့်ရသလောက်တော့ နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် မြင်,မြင်ချင်း ချစ်မိသွားနိုင်တဲ့ အနေအထားမျိုးမှာ ရှိပေမဲ့ ချန်ကျင်းလန်က အေးတိအေးစက်နိုင်သလို ချဉ်းကပ်ရတာလည်း အရမ်း ခက်သည်။ သူမအတွက်ဝောာ့ သူစိမ်း တစ်ယောက်ကို သူမနှင့် ရင်းနှီးခွင့်ပေးဖို့ မလွယ်ကူပေ။ အတိတ်တုန်းက ကျန်းမုန့်ဘက်က ဖျတ်လတ်တက်ကြွစွာ အရင် စခေါ်ခဲ့တာကြောင့်သာ မဟုတ်ရင် သူတို့ နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာမှာ မဟုတ်။

ရှောက်ချန်းကျယ်ကလည်း သူမရဲ့ ဖျတ်လတ်တက်ကြွမှုကိုတော့ မမီလောက်။ အရင်တုန်းကတော့ ကျန်းမုန့်သည် ချန်ကျင်းလန်ရဲ့ ကောင်လေးဟာ သူမလို ရေခဲတမျှ အေးစက်တဲ့ မိန်းမလှလေး တစ်ယောက်ရဲ့ နှလုံးသားကိုတောင် အရည်ဖျော်နိုင်လောက်အောင် ကြည်လင်ရွှင်ပျပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကောင်လေး တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ ဒါပေမဲ့ ဒီ ပဟေဋိဆန်တဲ့ အမျိုးသားကလည်း ချန်ကျင်းလန်လိုပဲ အေးတိအေးစက်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထို့ကြောင့် သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဘယ်လို သိခဲ့ကြတာလဲ ဆိုတာကို သူမ အလွန် သိချင်မိသည်။

မီးနူးစာအုပ်ကို လှန်နေတဲ့ ချန်ကျင်းလန်ရဲ့ လက်က ရုတ်တရက် ရပ်တန့်သွားကာ ရှောက်ချန်းကျယ်ထက် အရင် ပြောလိုက်သည်။ “ ငါတို့ ပထမနှစ် ဆောင်းရာသီ ကျောင်းပိတ်ရက်တုန်းကပေါ့။ မှတ်မိသေးလား ၊ ယွဲ့ရှီကောမှာ စားပြီးတော့ ပြန်လာတဲ့ လမ်းမှာ ငါ ကား တစ်စီးနဲ့ တိုက်မိတော့မလို ဖြစ်သွားတယ်လေ။ အဲ့ဒါ သူ့ကားပဲ။ ”

ကျန်းမုန့် အံ့ဩသွားသည်။ “ ငါ ရှစ်ရမ်ကို ဖွင့်ပြောခဲ့ပေမဲ့ အငြင်းခံခဲ့ရတဲ့ နေ့လား။ ”

ဖန်ခွက်ထဲကို ရေထည့်နေတဲ့ ရှောက်ချန်းကျယ်ရဲ့ လက်က ရပ်တန့်သွားသည်။ သူ ချန်ကျင်းလန်ကို လှည့်ကြည့်လိုက်တော့ ချန်ကျင်းလန်က သူ့ကို ပြန်ကြည့်ပေမဲ့ ဘာစကားမှတော့ မပြောပါ။ သို့သော် ရှောက်ချန်းကျယ်သည် ထိုတခဏအတွင်းမှာပဲ အရာ အားလုံးကို နားလည်သွားလေသည်။ သူ စားပွဲအောက်ကနေ ချန်ကျင်းလန်ရဲ့ လက်ကို ဆုပ်ကိုင်ဖို့ လုပ်လိုက်ပေမဲ့ ချန်ကျင်းလန်က သူ့လက်ကို ရှောင်ကာ သူ့အား သူမရဲ့ လက်ကို ဆုပ်ကိုင်ခွင့်မပေးဘဲ လက် နှစ်ဖက်လုံးကို စားပွဲပေါ်မှာ တင်ထားခဲ့သည်။

ထိုအချိန်မှာပဲ ချဉ်စပ်ခေါက်ဆွဲတွေ ဝယ်လာတဲ့ ကျန်းမုန့်ရဲ့ ခင်ပွန်း ရောက်လာသည်။ သူက စားပွဲဘေးမှာ ထိုင်ပြီး သုံး ၊ လေးကြိမ်လောက် ချောင်းဟန့်လိုက်တော့ ကျန်းမုန့်က သူ့ကို မြင်သွားပြီး သူမရဲ့ အသံက ချွဲနွဲ့တဲ့ အသံလေးအဖြစ် ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် ခင်ပွန်းဖြစ်သူအတွက် ခုံကို ဆွဲထုတ်ပေးရင်း “ ဒီကမ္ဘာပေါ်မှာ ကျွန်မ ချစ်တဲ့ လူက အချစ် တစ်ယောက်တည်း ရှိတာကို အချစ်လည်း သိပါတယ်။ ရှစ်ရမ် ဆိုတာ ဘယ်သူကြီးပါလိမ့်။ ကျွန်မ သူ့ကို မှတ်တောင် မမှတ်မိတော့ဘူး။ ”

ကျန်းမုန့်က ရှစ်ရမ်ကို ဖွင့်ပြောခဲ့ပေမဲ့ အငြင်းခံခဲ့ရတဲ့ အဖြစ်အပျက်ဟာ အရင်ကတည်းက ကျန်းမုန့်ရဲ့ ယောက်ျား သိနေပြီးသား အဖြစ်အပျက်ပင်။ အဲ့ဒါကိုလည်း ကျန်းမုန့်ကိုယ်တိုင်ပဲ ပြောပြခဲ့တာပါ။ သူတို့လင်မယားကြားမှာ အိမ်ထောင်ရေးကို ပိုလို့ ခိုင်မြဲစေမယ့် လှည့်ကွက်လေး တစ်ကွက် ရှိသည်။ သူတို့က ထိုအကြောင်းကို မကြာခဏ ပြန်ပြောရင်း ၊ ဘာမဟုတ်တာလေးတွေကို မကြာခဏ ငြင်းခုံရင်း သူတို့ရဲ့ အိမ်ထောင်ရေးကို ငြီးငွေ့ဖွယ်မကောင်းအောင် ကြိုးစားလေ့ ရှိသည်။ သဝန်တိုစိတ်က ခန္ဓာကိုယ်ကို များစွာ နာကျင်စေပေမဲ့ စိတ်ဝိညာဉ်ကိုတော့ အနည်းငယ်သာ လှုံ့ဆော်ကြည်နူးစေသည်။

ရှောက်ချန်းကျယ်နှင့် ကျန်းမုန့်ရဲ့ ခင်ပွန်းက ယောက်ျားတွေကြားမှ ပျင်းရိဖွယ်ရာ အလ္လာပသလ္လာပ စကားတွေကို ပြောနေခဲ့ကြသည်။ ကျန်းမုန့်ကတော့ သူမရဲ့ အခင်ဆုံး သူငယ်ချင်းရဲ့ အချစ်ရေး ဇာတ်လမ်းအစကိုသာ စိတ်ဝင်စားနေခဲ့ပြီး ချန်ကျင်းလန်ရဲ့ လက်ကို ကိုင်၍ မေးလိုက်သည်။ “ မဟုတ်သေးပါဘူး။ အဲ့နေ့တုန်းက ကားပေါ်က ဆင်းလာတဲ့ လူက သူမှ မဟုတ်တာ။ လူကြီးမင်းရှောက်ရဲ့ ရုပ်ရည်က ငါ တစ်ခါလောက်ပဲ မြင်ဖူးထားရင်တောင် တစ်သက်လုံး မေ့နိုင်မယ့် ရုပ်ရည်မျိုး မဟုတ်ဘူး။ ”

ကျန်းမုန့်ရဲ့ ခင်ပွန်းက အဟမ်း အဟမ်းဟု နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြန်သည်။

ကျန်းမုန့်က ခင်ပွန်းဖြစ်သူဘက်ကို လှည့်ပြီး လက်ကလေးကို ပုတ်ကာ သူ့သံသယတွေကို ဖြေဖျောက်ပေးလိုက်သည်။ “ ဘာမှ မဟုတ်ပါဘူး အချစ်ရယ်။ သူများတွေအတွက် သူက ဘယ်လောက်ပဲ ရုပ်ချော,ချော ၊ ကျွန်မအတွက်တော့ ရှင် တစ်ယောက်တည်းကပဲ ရုပ်အချောဆုံး လူပါ။ ” အပေါ်ယံ စကားလေး နည်းနည်းပါးပါး ပြောပြီးနောက် ချန်ကျင်းလန်ဘက်ကို ပြန်လှည့်ကာ သူမရဲ့ အဖြေကို စောင့်နေလိုက်သည်။

ချန်ကျင်းလန်က ရေ တစ်ငုံ သောက်လိုက်၏။ “ အဲ့နေ့တုန်းက ကားပေါ်က ဆင်းလာတာ သူ့ဒရိုင်ဘာပါ။ ”

ထိုနေ့တုန်းက သူမ ကားပါကင်က ထွက်လာချိန်မှာ လမ်းဖြတ်ကူးလာတဲ့ အနက်ရောင် Rolls Royce ကားကို မြင်လိုက်ရပြီး မှင်သက်နေမိတဲ့ ခဏမှာပဲ ထိုကားကို ဝင်တိုက်မိသွားလေသည်။ ဖြစ်သွားတဲ့ အဖြစ်အပျက်မှာ အပြည့်အဝ တာဝန်ရှိတဲ့ လူက သူမ ဆိုပေမဲ့ သူ့ဒရိုင်ဘာက ကားပေါ်က ဆင်းလာပြီး သူမကို သွားစရာရှိတဲ့ နေရာကို ဆက်သွားပါ ဟူ၍သာ ပြောခဲ့သည်။ ဒါပေမဲ့ သူမကတော့ သူမရဲ့ ဖုန်းနံပါတ်ကို ထိုဒရိုင်ဘာထံ ပေးထားခဲ့လိုက်သည်။ အဆုံးသတ်မှာတော့ သူ့ဘက်က သူမကို ဖုန်းဆက်လာခဲ့ပါသည်။

ကျန်းမုန့်က အိုးခနဲ သံရှည်ဆွဲ ရေရွတ်ရင်း အခြေအနေကို နားလည်သွားပုံရသည်။ “ ဒါဆို အဲ့နေ့တုန်းက လူကြီးမင်းရှောက်က ကျွန်မတို့ရဲ့ ကျင်းလန်ကို ကားပြတင်းပေါက်ကနေ လှမ်းမြင်ပြီး မြင်,မြင်ချင်း ချစ်မိသွားခဲ့တာပေါ့နော်။ ”

ရှောက်ချန်းကျယ်က ‌ချန်ကျင်းလန်ရဲ့ ထိုင်ခုံကျောမှီပေါ်ကို လွတ်လပ်ပေါ့ပါးစွာ လက်တင်လိုက်သည်။ သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးထဲမှာ တိကျသေချာမှုတွေ ရှိနေလေရဲ့။ “ အဲ့ဒါက ကျွန်တော် ကျင်းလန်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်ဘူး။ ”

ကျန်းမုန့်က အခုတော့ ပိုလို့တောင် စိတ်ဝင်စားသွားခဲ့သည်။ “ ဒါဆို ပထမဆုံးအကြိမ် တွေ့တာက ဘယ်တုန်းကလဲ။ ”

ချန်ကျင်းလန်သည် ယွဲ့ရှီကောထဲမှာ သူမ ရှစ်ရမ်ကို ဖွင့်ပြောဖို့ လေ့ကျင့်နေတဲ့ အချိန်ကို သူ ပြောတော့မည်ဟု ထင်သွားသော်လည်း ရှောက်ချန်းကျယ်ကတော့ ချန်ကျင်းလန်ကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေလျက်ပင် ကျန်းမုန့်ကို ပြန်ဖြေခဲ့သည်။ “ အထက်တန်းကျောင်းရဲ့ နောက်ဆုံး နှစ်လမှာ ကျွန်တော် ရှစ်ရမ်ရဲ့ အတန်းထဲကို ပြောင်းလာဖြစ်ခဲ့တယ်။ ကျင်းလန်က တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် ပြတင်းပေါက်ဘေးကနေ ဖြတ်သွားရင်း ရှစ်ရမ်ကို လာ,လာရှာတတ်တယ်။ ”

သူ့အဖေ ကွယ်လွန်သွားတဲ့နောက် အထက်တန်းကျောင်း နောက်ဆုံး နှစ်လမှာ ရှောက်မိသားစုဆီကို သူ ပြန်သွားခဲ့တယ ဖြစ်သည်။ သူ့စိတ်ခံစားချက်က အပြင်က နှင်းထူထပ်တဲ့ နေ့တွေလို အမြဲ မှုန်မှိုင်းဝေသီနေခဲ့သည်။ ပြတင်းပေါက်မှာ ဘယ်ညာ ယိမ်းနွဲ့နေတဲ့ ပိုနီတေးလ်ကလေးကို သူ မမြင်ခင် အထိပေါ့လေ … ။ တချို့ အရာတွေက ထူးဆန်းသည်။ ပိုနီတေးလ်စည်းထားတဲ့ ကောင်မလေးတွေ အများကြီး ရှိပေမဲ့ သူမရဲ့ နောက်ကျောက သူ့စိတ်ထဲမှာ ချက်ချင်း စွဲမြဲသွားခဲ့သည်။

ပြီးတော့ ထိုနောက်ကျောလေးရဲ့ ဘေးမှာ ရှစ်ရမ်က အမြဲ ရပ်နေတတ်သည်။

ဖန်ခွက်ကို ဆုပ်ကိုင်ထားတဲ့ ချန်ကျင်းလန်ရဲ့ လက်တို့ တင်းကျပ်သွားသည်။ သူမ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ သူနှင့် အကြည့်ချင်း ဆုံသွားကာ ရှောက်ချန်းကျယ်က သူမကို မျက်ခုံးပင့်၍ ပြုံးပြနေခဲ့ပါသည်။

ပထမတော့ ကျန်းမုန့် အံ့ဩနေပြီးမှ သူမရဲ့ အတွေးထဲကို ဒရာမာဇာတ်လမ်းတွဲတွေထဲက ဇာတ်လမ်းဇာတ်ကွက်တွေ ဝင်ရောက်လာသည်။ “ အဲ့ဒီ ကားအက်ဆီးဒင့်ကို ရှင် အစီအစဉ်ဆွဲထားတာတော့ မဟုတ်ပါဘူးနော်။ ”

“ မဟုတ်ပါဘူးဗျာ။ ” သူ အစီအစဉ်ဆွဲခဲ့တယ် ဆိုရင်တောင် ထိုကားအက်ဆီးဒင့်ကို မကောင်းတဲ့ အကြံအစည်တွေအတွက် အသုံးချမှာ မဟုတ်ပါ။ “ ကျင်းလန်က ကျွန်တော်ကားကို သူ့ဘာသာ ဝင်တိုက်မိခဲ့တာပါ။ ”

သူ့သားက တစ်ချက်လေးတောင် မရွေ့ဘဲ သူမကသာ သူ့ကားကို အလွတ်ကြီး ဖြစ်ပါလျက် ဝင်တိုက်မိခဲ့တာ ဖြစ်သည်။ အဲ့ဒါကို သူ့ကံကြမ္မာလို့ပဲ ပြောရမလား … ။

ချန်ကျင်းလန်ရဲ့ စိတ်ထဲမှာ အတွေးပေါင်းစုံ ပြိုးပြက်လင်းလင်သွားကာ ရှောက်ချန်းကျယ်ရဲ့ အကြည့်က သူမရဲ့ အတွေး တစ်ခုချင်းစီကို အတည်ပြုနေခဲ့သည်။ သူမရဲ့ နှလုံးခုန်သံတွေ စတင် ကျယ်လောင်လာပုံမှာ အပြင်က မိုးသံလေသံတွေနှင့်တောင် ဖုံးအုပ်လို့ မရတော့ပါ။

အပြန်လမ်းမှာတော့ ကားထဲမှာ သီချင်း ဖွင့်မထားတာမို့ အတော်လေး တိတ်ဆိတ်နေ၏။ ကား Wiper တွေက သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးစက်တွေကို ကြိုးစားပမ်းစား သုတ်ဖယ်‌ပစ်နေသည်။ ချန်ကျင်းလန်က နောက်ခန်းထဲမှာ မျက်လုံးပိတ်လျက်သား အိပ်ချင်ယောင်ဆောင်၍ လိုက်ပါလာခဲ့သည်။ မျက်လုံးတွေ ပိတ်ထားပေမဲ့ သူမကို ခဏ ခဏ လှည့်ကြည့်နေတဲ့ သူ့အကြည့်တွေကိုတော့ ခံစားနေရပါသည်။

ကားက တဖြည်းဖြည်း ရပ်တန့်သွားချိန်မှာ ချန်ကျင်းလန် မျက်လုံးဖွင့်လိုက်သည်။ “ ရောက်ပြီလား။ ”

ရှောက်ချန်းကျယ်က သူ့ခါးပတ်ကြိုးကို ဖြတ်ပြီး ခန္ဓာကိုယ်ကို သူမဘက်သို့ ငုံ့ကိုင်းလိုက်သည်။ “ မရောက်သေးဘူး။ ဒါပေမဲ့ မင်း ပဲနီကိတ် စားချင်နေတာ မဟုတ်လား။ ကိုယ် ထပ်ပြီး ဝယ်ပေးမလို့။ ”

ချန်ကျင်းလန်က အနီးကပ် မြင်နေရတဲ့ သူ့ရဲ့ မျက်ခုံးထူထူ ၊ မျက်လုံးနက်နက်လေးတွေကို ကြည့်ကာ တိုးလျစွာ ပြောလိုက်သည်။ “ ရှင် တကယ် ပဲနီကိတ် ဝယ်မှာရော ဟုတ်လို့လား။ ”

ဟုတ်လား ၊ မဟုတ်ဘူးလား … ။ ပဲနီကိတ် ရောင်းတဲ့ ဆိုင်က ဒီအချိန်လောက်ဆို ပိတ်သွားပါပြီ။ သူက ဒီည သူမကို လက်ဖျားနှင့်တောင် မထိဖို့ ကတိပေးထားပေမဲ့ လက်ရှိအချိန်မှာတော့ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း သိပ်မရှိပါ။

ရှောက်ချန်းကျယ်က သူ့စိတ်ကို ဖောက်ထွင်းအမြင်ခံလိုက်ရသော်လည်း ရှက်မသွားဘဲ သူမရဲ့ နှုတ်ခမ်းလေးကို ကိုင်လိုက်၏။ “ ဒါဆိုလည်း ကိုယ် ဘာမှ မဝယ်တော့ဘူး။ ကိုယ် မင်းကို ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ခွင့်ပေးမယ်လို့ ကတိပေးထားတယ်။ ကိုယ် ကတိဖျက်လို့ မရဘူး။ ”

ချန်ကျင်းလန်ရဲ့ လက်ဖျားလေးတွေက သူ့ရဲ့ အင်္ကျီလက်က ကြယ်သီးလေးပေါ်မှာ တရွရွ ရွေ့လျားသွားသည်။ “ ကျွန်မရဲ့ ခါးပတ်ကြိုးကိုလည်း ဖြုတ်ပေး။ ”

“ ဟမ်။ ”

“ ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်။ ”

သူ တစ်ယောက်တည်း သွားရင် ပိုမြန်လိမ့်မယ် ဆိုတာ သိပေမဲ့ ဒီလို မိုးသည်းညမှာ သူနှင့် ခဏလေးတောင် ခွဲခွာ၍ မနေချင်ပါ။

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။

ချန်ကျင်းလန်က ယုံကြည်ချင်စရာ‌မကောင်းတဲ့ ဖြေရှင်းချက်ကို ပေးသည်။ “ ကျွန်မလည်း ဝယ်စရာ ပစ္စည်းလေးတွေ ရှိလို့ပါ။ ”

“ အင်း ၊ ဒါဆို အတူတူ သွားကြမယ်လေ။ ” ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းလေးကို ဖျတ်ခနဲ နမ်းလိုက်သည်။ တစ်ခါတရံမှာ သူမ ပြောတဲ့ စကားတွေကို နားထောင်မည့်အစား ဘယ်တော့မှ မလိမ်တတ်တဲ့ သူမရဲ့ ရင်ခုန်သံတွေကိုပဲ နားထောင်သင့်သည်။

ကားလေးက ( ၂၄ ) နာရီ စတိုးဆိုင်ရှေ့မှ ထွက်ခွာလာကာ နောက်ဆုံးတော့ ခြံထဲမှာ ကားစက်သတ်လိုက်လေသည်။

ရှောက်ချန်းကျယ်က သူ့ခါးပတ်ကြိုးကို အရင် ဖြုတ်ပြီးမှ သူမရဲ့ ခါးပတ်ကြိုးကို ဖြုတ်ပေးလိုက်သည်။ ပြီးတော့ သူတို့အိမ်ထဲကို ရောက်တဲ့အထိတောင် မစောင့်နိုင်တော့ဘဲ သူမကို သူ့ပေါင်ပေါ် ဆွဲမပွေ့ချီလိုက်ပါသည်။ “ မင်း ကိုယ့်ကို တစ်ခုခု တောင်းဆိုချင်တာ မရှိဘူးလား ကလေးလေး။ ”

သူ့အသံထဲမှာ သွေးဆောင်ဖြားယောင်ဟန်က အထင်းသား။ ချန်ကျင်းလန်က နောက်ကို မှီလိုက်ပေမဲ့ သူမနောက်မှာ စတီယာရင်ဘီးသာ ရှိတော့တာမို့ နောက်ဆုတ်စရာ နေရာလွတ် မရှိတော့ပါ။

သူမ အသနားခံလိုက်သည်။ “ အိမ်ထဲကို အရင် ဝင်ရအောင်ပါ။ ရှင့်အဝတ်အစားတွေ မိုးစိုနေတယ်။ ဒီအတိုင်းကြီး ဆက်နေရင် ရှင် အအေးမိလိမ့်မယ်။ ”

ခုနတုန်းက သူက ထီးကို သူမဘက်ကိုပဲ အများဆုံး ယိမ်းပေးခဲ့တာ့မို့ သူ့အဝတ်အစားတွေနှင့် ဆံပင်တစ်ခြမ်းက မိုးရေတွေ ရွဲရွဲစိုနေသည်။

ရှောက်ချန်းကျယ်က မငြင်းဆန်ပါ။ “ ဒါဆို ကိုယ့်ရှပ်အင်္ကျီကို ကူချွတ်ပေး။ ”

ချန်ကျင်းလန်က နူးညံ့သော အသံလေးဖြင့် သူ့ကို တိုက်တွန်းလိုက်သည်။ “ အင်းပါ ၊ အိမ်ထဲ ရောက်တော့မှ ကျွန်မ ကူချွတ်ပေးပါ့မယ်။ ”

ရှောက်ချန်းကျယ်က သူမကို ကြည့်လိုက်သည်။ “ ဟောခန်းထဲမှာ မင်း ကိုယ့်ဘေးကနေ ဖြတ်သွားတဲ့ အချိန်တွေလည်း အများကြီး ရှိခဲ့တာ။ မင်းကတော့ ကိုယ့်ကို တစ်ကြိမ်လေးတောင် မော့မကြည့်ခဲ့ဘူး။ မင်းမျက်လုံးထဲမှာ ကိုယ်က လက်တွေ့မရှိတဲ့ ဖြစ်တည်မှု တစ်ခုလိုပဲ။ မင်းရဲ့ နှလုံးသားထဲမှာ ၊ စိတ်ထဲမှာ ရှစ်ရမ် တစ်ယောက်တည်းပဲ ရှိခဲ့တာ။ ”

ချန်ကျင်းလန်က သူ့ရဲ့ မိုးမိထားတဲ့ ဆံပင်လေးတွေကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။ “ အဲ့အချိန်တုန်းက ရှစ်ရမ်ရဲ့ အမေက ကင်ဆာဖြစ်နေတဲ့ အချိန်လေ။ သူက အရမ်း စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေခဲ့တာ။ ကောလိပ်ဝင်ခွင့် စာမေးပဲကလည်း နီးနေပြီ ဆိုတော့ ကျွန်မတို့ အကုန်လုံး သူ့ကို စိုးရိမ်ခဲ့ကြတယ်။ အဲ့ဒါကြောင့် ကျွန်မအမေကလည်း ကျွန်မကို သူ့ကို မကြာခဏ သွားနှစ်သိမ့်ပေးခိုင်းခဲ့တယ်။ ”

ရှောက်ချန်းကျယ်သည် ရှစ်ရမ်အကြောင်းကို ချန်ကျင်းလန် ထိုလေသံနှင့် ပြောနေတာကို နားထောင်ချင်စိတ် မရှိပေ။ ထို့ကြောင့် သူမရဲ့ နှုတ်ခမ်းတွေကို ဖိကိုက်ပစ်လိုက်သည်။ “ မင်းရဲ့ နောက်ကျောလေးကို မြင်တိုင်း မင်းသာ ကိုယ့်ကို တစ်ကြိမ်လောက် လှည့်ကြည့်လာရင် သိပ်ကောင်းမှာပဲလို့ အမြဲ တွေးနေခဲ့တာ။ ”

ချန်ကျင်းလန်ရဲ့ နှုတ်က ညည်းသံ တိုးတိုးလေး ထွက်လာတဲ့အထိ အကိုက်ခံလိုက်ရသည်။ “ ရှင် သနားစရာကောင်းတဲ့ ပုံစံဖမ်းနေတာလား ရှောက်ချန်းကျယ်။ ”

“ ကိုယ် မင်းကို ကိုယ့်ကို သနားအောင် လုပ်နေမိတာလား။ ”

ချန်ကျဂ်းလန်က သူ့မျက်နှာကို ဆုပ်ကိုင်ရင်း သူ့နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်သည်။ “ ရှင်က အရမ်း သရုပ်ဆောင်ကောင်းတယ်။ ”

လူတွေကို လှည့်စားတဲ့ နေရာမှာ ၊ မြှောက်ပင့်ခယတဲ့ နေရာမှာလည်း အလွန် အရည်အချင်းရှိသည်။

***

All Chapters