← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အပိုင်း ( ၆၇ )

လေအေးစက်က ကားထဲမှာ မြှင့်တက်လာတဲ့ အပူရှိန်ကို မထိန်းချုပ်နိုင်ပါ။ ပြတင်းပေါက်မှန်မှာ ရေခိုးရေငွေ့တွေဖြင့် မှုန်ဝါးသွားကာ အပြင်က ညအမှောင်ထုနှင့် သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးစက်တွေကို ကာဆီးပိတ်ဆို့လိုက်၏။ မိုးသည်းညက ကားလေးကို သူတို့ နှစ်ယောက်တည်းပဲ ရှိတဲ့ လူသူကင်းမဲ့ ကျွန်းလေးပေါ်မှာ ပိတ်မိနေစေခဲ့သည်။

မနေ့ညတုန်းက သူမထံမှ တပ်မက်စွာ တောင်းဆိုခဲ့တဲ့ လူက သူ ဖြစ်ပေမဲ့ ဒီနေ့ညမှာတော့ သူမက မဆွတ်ခင်ကတည်းက ညွှတ်ပြီးသားပါ။ သူမဘက်က အရင် စလာတဲ့ တုံ့ပြန်မှု ၊ သူမရဲ့ အသက်ရှူသံ ၊ သူမရဲ့ လျှာ ၊ ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ပြင်းပြလာတဲ့ ခံစားချက်ဒီရေလှိုင်းတွေ အကုန်လုံးကို သိသိသာသာ ခံစားနေရသည်။

ခပ်ဖွဖွ ကိုက်ခံထားရတဲ့ နှုတ်ခမ်းတွေနဲ့ ခပ်ရဲရဲ မျက်နှယလေး။ ဆံခြည်မျှင်လေးတွေက သူမနဖူးပေါ်မှာ ချွေးတို့ဖြင့် ကပိုကရိုလေး စိုကပ်နေသည်။

ပြင်းပြင်းပြပြနဲ့ စိတ်လှုပ်စရာကောင်းနေတဲ့ စွဲမက်ဖွယ်ရာ မြင်ကွင်းလေး တစ်ခုပါ။

ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအောက်မှာ ရှောက်ချန်းကျယ်က သူမရဲ့ ခါးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ဖြစ်နိုင်ရင် မိုးတွေ နည်းနည်းလေး ဆက်သည်းနေဖို့ ဆုတောင်းသည်။

နောက်တစ်နေ့ ရောက်တော့ မိုးစဲသွားကာ ပန်းပင်လေးတွေကြားမှ ငှက်လေးတွေရဲ့ ကျီကျီကျာကျာ တွန်ကျူးသံနှင့်အတူ နေရောင်ခြည်လင်းပွင့်လာခဲ့သည်။ ချန်ကျင်းလန်ကတော့ အဲ့ဒါတွေကို မမြင်နိုင်ရှာဘဲ လေဆိပ်ရှိ VIP နားနေဆောင်ကို သွားတဲ့ လမ်း တစ်လျှောက်လုံး မောပန်းအားနည်းနေတဲ့ အိပ်မက်ထဲမှာ နစ်မြုပ်နေခဲ့လေသည်။

အိပ်ချင်မူးတူးဖြင့်ပင် သူမဘေးက လူကို “ ရှင် ‌ဒီနေ့ နေ့ခင်း ပြန်မှာ မဟုတ်လား။ ” ဟု မေးလိုက်သည်။

ရှောက်ချန်းကျယ်က သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ခြုံစောင်လေး လွှားခြုံပေးကာ လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ လေအေးတွေကို တားဆီးလိုက်သည်။ “ လေယာဉ်ဆိုက်ရင် မင်းက လီချီလေးနဲ့ အရင် သွားလိုက်။ မင်းတို့ နှစ်ယောက် ပြန်သွားတာနဲ့ ကိုယ် ထွက်လာခဲ့မယ်။ ”

ချန်ကျင်းလန်က မျက်လုံးတွေကို မှိတ်ထားလျက် သူ့ပခုံးကို မှီနွဲ့ကာ သက်သောင့်သက်သာဖြစ်တဲ့ အနေအထားလေးကို ရှာဖွေနေသည်။ “ ရှင်က လှည့်စားတဲ့ နေရာမှာ အမြဲတမ်း တော်တယ်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်နားကို ကပ်ပြီး တီးတိုး ပြောလိုက်၏။ “ ကိုယ် မင်းရဲ့ အမေနဲ့လည်း တွေ့ချင်တယ် ၊ ဒါပေမဲ့ မင်းကရော ကိုယ့်ကို ခွင့်ပြုပေးမှာလား။ ”

ချန်ကျင်းလန်က ခြုံစောင်ကို သူမရဲ့ နားရွက်လေးတွေအထိ ဆွဲခြုံလိုက်သည်။ “ ကျွန်မ အခုတော့ အိပ်လိုက်ဦးမယ်။ ပင်ပန်းလွန်းလို့ သေတော့မလားပဲ။ ”

မိုးလင်းခါနီးမှ သူ သူမကို လွတ်ပေးခဲ့တာမို့ သူမ နှစ်နာရီတောင် ပြည့်အောင် မအိပ်ရသေးပါ။ လက်ရှိအချိန်မှာ ဘာအကြောင်းကိုမှ မတွေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်သည်။

“ အိပ်တော့နော် အဲ့ဒါဆို။ ” ရှောက်ချန်းကျယ်က သူမကို ပင်ပန်းအောင် လုပ်ခဲ့တဲ့ လူက သူကိုယ်တိုင်ပဲ ဆိုတာ သိနေသလိုမျိုး ပြောလိုက်သည်။ ထို့နောက် သူမကို ဆက်မနှောင့်ယှက်တော့ဘဲ ပခုံးလေးကို ခပ်ဖွဖွ ပုတ်ပေးရင်း ချော့သိပ်နေလိုက်သည်။

လေယာဉ်ဆိုက်ချိန်အထိ ချန်ကျင်းလန်ရဲ့ ခေါင်းထဲမှာ ရီဝေထိုင်းမှိုင်းနေဆဲ ဖြစ်သည်။ အိပ်ချိန် မရှိသလောက် နည်းပါးခဲ့တဲ့ နှစ်ရက်တာခရီးက သူမကို အလွန် ပင်ပန်းစေသည်။ သန့်စင်ခန်းထဲမှာ ရေအေးနှင့် မျက်နှာသစ်ရင်း ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေး နိုးနိုးကြားကြား ဖြစ်သွားအောင် လုပ်လိုက်ရသည်။

လက်ဂေ့ဂ်ျကို ဆွဲရင်း ထွက်လာခဲ့ချိန်မှာပဲ ရှစ်ရမ်နှင့် လီချီလေးကို သူမ ချက်ချင်း လှမ်းမြင်လိုက်သည်။ ရှစ်ရမ်က လီချီလေးကို ပွေ့ချီထားပါသည်။ သူမ ခပ်သွက်သွက် လျှောက်သွားလိုက်တော့ လီချီလေးကလည်း သူမကို မြင်သွားပြီး စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြနေခဲ့သည်။

ချန်ကျင်းလန် သူတို့နားကို ရောက်တော့ သမီးဖြစ်သူကို ပွေ့ဖက်ရင်း ရှစ်ရမ်ကို “ နင် ဒီမှာ ဘာလာလုပ်နေတာလဲ။ ” ဟု မေးလိုက်သည်။

“ ငါ ဒီနေ့ နားရက် ရတယ်လေ။ အဲ့ဒါကြောင့် လီချီလေးကို လေဆိပ်ကို လိုက်ပို့ပေးတာ။ ”

လီချီလေးက ရှစ်ရမ်ရဲ့ ရင်ခွင်‌ထဲကနေ အမေဖြစ်သူကို လှမ်းဖက်လိုက်သည်။ “ အဖေရှစ်ကိုပဲ သမီးကို ချီခိုင်းထားလိုက်ပါ မေမေရယ်။ မေမေက အခုမှ ခရီးက ပြန်လာတာ ဆိုတော့ အရမ်း ပင်ပန်းနေမှာ။ မေမေ့ကို ကြည့်ရတာ အားမရှိသလိုပဲ။ ”

ချန်ကျင်းလန်က သူမရဲ့ ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည်။ “ မေမေ အဆင်ပြေပါတယ် သမီးရယ်။ အိမ်ပြန်ရောက်လို့ တစ်ရေးလောက် အိပ်လိုက်ရင် အားပြန်ပြည့်သွားလိမ့်မယ်။ ”

ချန်လီချီလေးကလည်း အမေဖြစ်သူကို ပြန်နမ်းလိုက်သည်။ “ ဒါဆိုလည်း အိမ်ကို မြန်မြန် ပြန်ကြမယ်လေ။ အဘွားချွီက အရသာရှိတဲ့ ဟင်းတွေ အများကြီး ချက်ထားတယ်။ မေမေ စားပြီးတာနဲ့ အိပ်ရေးဝအောင် အိပ်လိုက်နော်။ ”

သူမရဲ့ စကားဆုံးသည်နှင့် နောက်ကနေ ရောက်လာသူကို ချန်လီချီ မြင်သွားသည်။ “ ဖေဖေ။ ” သို့သော် ချက်ချင်းပဲ ပါးစပ်ပြန်ပိတ်ပြီး ဖေဖေ့ကို ဒီကို မလာဖို့ လက်ကာပြလိုက်၏။ သို့သော် ဖေဖေက နားလည်ပုံမပေါ်ဘဲ သူမတို့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့ပါသည်။

သမီးဖြစ်သူရဲ့ လက်ဟန်ခြေဟန်ကို ရှောက်ချန်းကျယ် ဘာသာပြန်တတ်ပေမဲ့ ဒီမြင်ကွင်းကို မှန်ပြတင်းတစ်ဖက်ကနေ တည်တည်ငြိမ်ငြိမ် ရပ်ကြည့်မနေနိုင်ပါ။ အခုအချိန်မှာ အရာအားလုံးရဲ့ အမှန်တရားထွက်ပေါ်သွားပြီ ဆို‌ရင်တောင် သူ့နှလုံးသားကတော့ သဘောထားမကြီးနိုင်ပါ။

ရှောက်ချန်းကျယ်က ချန်ကျင်းလန်ဘေးမှာ ရပ်လိုက်ပြီး ပိုင်ရှင်ရှိကြောင်း ဖော်ပြသကဲ့သို့ သူမရဲ့ ခါးလေးကို လျော့ရဲရဲ ‌ဖက်လိုက်သည်။ ထို့နောက် ရှစ်ရမ်ကို ဆတ်ခနဲ ခေါင်းဆတ်ပြရင်း သမီးဖြစ်သူကို ပြန်တောင်းလိုက်သည်။

ချန်လီချီလေးသည် မေမေ့ရဲ့ ခါးပေါ်က ဖေဖေ့လက်ကို ကြည့်ကာ မျက်လုံး တစ်ဖက်ကို လက်ဖြင့် အုပ်လိုက်မိလေသည်။ သူတို့ဆီကို လျှောက်လာတဲ့ ဘိုးဘိုးနှင့် ဘွားဘွားကို လှမ်းမြင်ချိန်မှာတော့ နောက်ထပ် မျက်လုံး တစ်လုံးကို အုပ်ပစ်လိုက်သည်။

ဖေဖေတော့ ဒီနေ့ သွားပြီဟု သူမ ခံစားလိုက်ရသည်။ ဒီတစ်ခေါက်တော့ သူမလည်း ဖေဖေ့ကို ကယ်တင်မပေးနိုင်လောက်တော့ပါ။

ချန်ကျင်းလန် တစ်ယောက် အခုတော့ အိပ်ချင်စိတ်တွေ အကုန်လုံး အငွေ့ပျံ ပျောက်ကွယ်ပြီး မျက်လုံးကျယ်သွားပြီ ဖြစ်သည်။ လေဆိပ်ကို ရှစ်ရမ်ပါ ရောက်လာလိမ့်မည်ဟု ထင်မထားသလို ရှောက်ချန်းကျယ်ကိုလည်း လူလုံးထွက်ပြလာလိမ့်မည်ဟု ထင်မထား။ ပြီးတော့ သူမရဲ့ အဖေလည်း ဒီကို ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူမအဖေက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက အလုပ်ကိစ္စနှင့် ခရီးသွားနေခဲ့တာ ဖြစ်ပြီး သူမ မှတ်မိသလောက်ဆို မနက်ဖြန်အထိ ပြန်လာဦးမှာ မဟုတ်ပေ။

ချန်ရှန်းဟယ်ရဲ့ မူလအစီအစဉ်ကတော့ မနက်ဖြန်ကျမှ ပြန်လာဖို့ ဖြစ်ပေမဲ့ အလုပ်ကိစ္စတွေက ခန့်မှန်းထားတာထက် ပိုပြီး ချောချောမွေ့မွေ့ပဲ ပြီးသွားတာကြောင့် တစ်ရက်စောပြီး ပြန်လာနိုင်ခဲ့တာ ဖြစ်သည်။ သူနှင့် ချန်ကျင်းလန်ရဲ့ လေယာဉ်တွေက ရှေ့ဆင့်နောက်ဆင့် ဆိုက်တာ ဆိုပေမဲ့ သူ့လေယာဉ်က နိုင်ငံတကာလေကြောင်းလိုင်း ဖြစ်ပြီး ချန်ကျင်းလန်ရဲ့ လေယာဉ်ကတော့ ပြည်တွင်းလေကြောင်းလိုင်း ဖြစ်ပါသည်။ ဖေးကျူးဟွေ့က သူ့ကို လာကြိုခဲ့ပြီး လီချီလေးကတော့ အမေဖြစ်သူကို အဖေရှစ်နှင့်အတူ ကြိုဖို့ စောင့်နေခဲ့၏။

ရှောက်ချန်းကျယ်က ဒီအခြေအနေကို မျှော်လင့်မထားပေမဲ့ သူ့ကိုယ်သူ ဟန်မပျက် တည်ငြိမ်အောင် ထိန်းထားနိုင်သည်။ သို့သော်လည်း ‌ချန်ရှန်းဟယ်ရဲ့ အကြည့်တင်းတင်းကြောင့် လီချီလေးကို ပွေ့ချီဖို့ လုပ်နေတဲ့ လက်ကို ပြန်ရုတ်သိမ်းလိုက်ရသလို ချန်ကျင်းလန်ရဲ့ ခါးပေါ်က သူ့လက်ကိုလည်း ပြန်ရုတ်သိမ်းလိုက်ရလေသည်။

သူက ဖေကျူးဟွေ့ကို အရင်ဆုံး ခေါင်းညိတ်နှုတ်ဆက်ကာ “ အဒေါ် ” ဟု လေးစားသမှုဖြင့် ခေါ်လိုက်ပြီးမှ ချန်ရှန်းဟယ်ကိုလည်း ထပ်တူ လေးစားသမှုဖြင့် “ ဦးလေး ” ဟု ခေါ်လိုက်၏။

ချန်ရှန်းဟယ်က သူ့ကို တစ်ချက်လေးတောင် မကြည့်ဘဲ စိတ်မပါလက်မပါဖြင့် အင်းဟု အသံပြုသည်။ ဖေးကျူးဟွေ့ကတော့ ရှောက်ချန်းကျယ်ကို အပြုံးလေးဖြင့် ကြည့်လိုက်ပါသည်။ “ လူကြီးမင်းရှောက်ကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာလား။ ”

ရှောက်ချန်းကျယ်က တစ်ချက်လောက် စဉ်းစားကြည့်ပြီးမှ ဖေးကျူးဟွေ့ကို ပြန်ပြောလိုက်သည်။ “ အမှန်အတိုင်း ပြောရရင်တော့ အဲ့လို မဟုတ်ပါဘူး အဒေါ်။ ကျွန်တော် ကျင်းလန်ကို စိတ်ဆိုးအောင် လုပ်ထားမိလို့ ဖုန်းထဲကနေ သေချာ ရှင်းမပြနိုင်ရင် အထင်လွဲစရာတွေ ထပ်တိုးလာမှာစိုးတာနဲ့ သူ့နောက်ကို ကိုယ်တိုင် လိုက်သွားပြီး ရှင်းပြခဲ့တာပါ။ ”

ရှစ်ရမ် မျက်ခုံးပင့်လိုက်၏။ ဒီအတန်းဖော်ဟောင်းကတော့ သခင်ကြီးချန်ဆီမှာ အရိုက်ခံရဖို့ တစ်ဝက် သေချာသွားပြီဟု ပြောလို့ ရသည်။ မကြာခင်မှာ သူ အရိုက်ခံရမှာကို စိုးရိမ်ပေမဲ့ ပွင့်လင်းရဲတင်းစွာပင် အမှန်အတိုင်း ဝန်ခံလိုက်ပါသည်။ သူ့လုပ်ရပ်က လက်လွတ်စပယ်နိုင်သည်ဟု ထင်ရသော်လည်း တကယ်တော့ အကျိုးဆက်ကို သေချာ တွက်ချက်ထားပြီးသားပင်။ ဦးလေးကျန်းဆီမှာ အရိုက်ခံရမှာကို ရှောင်လွှဲမရပေမဲ့ အန်တီဖေးကတော့ အပြုံးတု တစ်ခုကို အပေါ်ယံဆန်ဆန် ဖန်တီးယူလိုက်သည်။

“ ဒါဆို မင်း သေချာ ရှင်းပြပြီးပြီလား။ ” ဖေးကျူးဟွေ့က ရှောက်ချန်းကျယ်ကို မေးလိုက်သည်။

ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို တစ်ချက် လှည့်ကြည့်ပြီး “ ရှင်းပြတာကတော့ ပြီးပါပြီ ၊ ဒါပေမဲ့ သူက စိတ်ဆိုးတော့ မပြေသေးဘူးဗျ။ ကျွန်တော် သူ စိတ်ဆိုးပြေအောင် အများကြီး ဆက်ကြိုးစားရဦးမယ်။ ”

ချန်ကျင်းလန်ကတော့ မျက်နှာပေါ်မှာ ဘာခံစားချက်ကိုမှ မထင်ဟပ်စေဘဲ ငြိမ်နေရင်း သူ စကား တစ်ခွန်း ထပ်ပြောလိုက်လို့ သူမအဖေဆီမှာ အရိုက်ခံရမှာကို စိုးရိမ်နေမိသည်။

ဖေးကျူးဟွေ့ စိတ်ထဲကနေ တွေးလိုက်၏။ ဒီထောင်ချောက်ထဲကို သူမရဲ့ သမီး ကျသွားတာ အံ့ဩစရာ မရှိပါ။ သူက ရုပ်ချောသည် ၊ ဖြတ်ထိုးဉာဏ်ကောင်းသည် ၊ တစ်ဖက်လူရဲ့ စိတ်ကို ဘယ်လို စည်းရုံးသိမ်းသွင်းရမလဲ ဆိုတာလည်း သိသည်။ ဒါပေမဲ့ သူက လူတွေကို ချော့မော့တဲ့ နေရာမှာ တော်တယ် ဆိုရင်လည်း သူမရဲ့ သမီးနောက်ကို ဘာလို့ ဒီလောက် အစောကြီး လိုက်သွားတာပါလိမ့် … ။ ချန်ကျင်းလန်က ဘယ်တော့မှ ပြန်မလာတော့မယ့် မားဂြိုလ်ကို သွားတဲ့ ခရီး တစ်ခု ထွက်သွားတာလည်း မဟုတ်။

ချန်ရှန်းဟယ်ကတော့ ဘာမှ ‌မပြောပါ။ ဒီမှာ လီချီလေးလည်း ရှိနေတာမို့ သူ့ဒေါသတွေကို လွတ်ထွက်မသွားအောင် ကြိုးစားနေခဲ့သည်။

ချန်လီချီလေးက ချန်ရှန်းဟယ်ကို ပွေ့ဖက်ရန် လက် နှစ်ဖက်ကို ဆန့်တန်းလိုက်၏။ “ သမီး ဘိုးဘိုးကို အရမ်း လွမ်းနေတာ။ ဘိုးဘိုး သမီးနဲ့ မတွေ့ရတာ ရက်တွေ အများကြီး ကြာသွားပြီကို သမီးကို ဖက်ချင်တယ်လို့ တစ်ခွန်းမှ မပြောဘူးနော်။ ဘိုးဘိုးက ဘွားဘွားကိုပဲ လွမ်းပြီးတော့ သမီးကိုကျ မလွမ်းတာလား။ ”

ချန်ရှန်းဟယ်ရဲ့ မျက်နှာပေါ်က မုန်တိုင်းကျတော့မည့် အငွေ့အသက်တွေက ချက်ချင်း ပျောက်ကွယ်သွားပြီး နူးညံ့ချိုသာတဲ့ မျက်နှာလေးကို ဖန်တီးယူလိုက်သည်။ ချက်ချင်း ဆိုသလဲ ရှစ်ရမ်ရဲ့ ရင်ခွင်ထဲက လီချီလေးကို သူ လွှဲပြောင်းပွေ့ချီလိုက်လေသည်။ “ အဘိုးက အဘိုးရဲ့ ချစ်စရာ မြေးမလေးကို မလွမ်းဘဲ နေမတဲ့လားကွယ်။ လီချီလေးအတွက် အဘိုး လက်ဆောင်တွေ အများကြီး ဝယ်ခဲ့တယ် ၊ လီချီလေး ကြိုက်မယ့် လက်ဆောင်တွေချည်းပဲ။ ”

ချန်လီချီက အဘိုးဖြစ်သူရဲ့ လည်ပင်းကို ပွေ့ဖက်ရင်း “ သမီးကို ဂရုအစိုက်ဆုံး လူက ဘိုးဘိုး ဆိုတာကို သမီး သိသွားပြီ။ အဲ့ဒါဆို အိမ်ပြန်ကြမယ်လေ ဘိုးဘိုး။ ဘိုးဘိုး သမီးအတွက် ဝယ်လာတဲ့ လက်ဆောင်တွေကို ဖွင့်ကြည့်ချင်နေပြီ။ ” ချန်လီချီလေးက လက်ကလေးတွေကို မြှောက်ပြရင်း အိမ်ပြန်ကြမယ်လေ “ ဟူသော လက်ဟန်ခြေဟန်လေး လုပ်ပြနေခဲ့သည်။

ချန်ရှန်းဟယ်မှာ တခြား အရာတွေကို စိတ်ပူနေဖို့ အချိန်မရှိတာမို့ သူ့မင်းသမီးလေးကို ပွေ့ချီပြီး လျှောက်ထွက်လာခဲ့လိုက်၏။ “ ဟုတ်ပြီ။ အိမ်ပြန်ပြီး လက်ဆောင်တွေကို ဖွင့်ကြည့်ကြမယ်။ ”

ချန်လီချီသည် အဘွားဖြစ်သူဘက်ကို လှည့်ပြီး ပြောဖို့လည်း မမေ့လျော့ခဲ့ပေ။ “ အိမ်ပြန်ကြမယ်လေ ဘွားဘွား။ ဘိုးဘိုးက ဘွားဘွားအတွက်လည်း လက်ဆောင်တွေ အများကြီး ဝယ်လာမှာ သေချာတယ်။ လက်ဆောင်တွေ အများကြီး သိလား။ ”

ဖေးကျူးဟွေ့က ချန်လီချီကို အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ “ ဟုတ်ပါပြီကွယ် ၊ လီချီလေးနဲ့ ဘိုးဘိုးက အရင် သွားနှင့်လိုက်နော်။ ” ထို့နောက် သူမ ချန်ကျင်းလန်ကို ကြည့်ပြီး “ သမီးရဲ့ မျက်နှာကို ကြည့်ရတာ ပင်ပန်းနေသလိုပဲ ၊ သမီး ကောင်းကောင်း မနားရသေးဘူးလား။ ”

ချန်ကျင်းလန်က အိုးတိုးအမ်းတမ်းနိုင်စွာ ပြုံးပြရင်း သဘာဝမကျတဲ့ အဖြေကို ပေးလိုက်သည်။ “ အလုပ် အချိန်ဇယားက နားချိန်မရှိလောက်အောင်ကို တော်တော်လေး … ပြည့်နေလို့ပါ။ ”

ဖေးကျူးဟွေ့က သူမ လိမ်ပြောနေမှန်း သိပေမဲ့ ဘာမှ ဆက်မပြောဘဲ ရေလိုက်ငါးလိုက်လေးသာ အလိုက်သင့် ပြန်ပြောပေးခဲ့သည်။ “ ဒါဆိုလည်း ဒီနေ့ နေ့ခင်း ကုမ္ပဏီကို မသွားနဲ့။ ညစာ စားပြီးရင် အိမ်မှာ ကောင်းကောင်း အနားယူလိုက်။ ”

ရှစ်ရမ်က ချန်ကျင်းလန်ထံမှ ခရီးဆောင် လက်ဆွဲသေတ္တာကို ယူကာ ဖေးကျူးဟွေ့ရဲ့ လက်ကို ဆွဲ၍ ချန်ကျင်းလန်ကို “ အရင်ဆုံး အိမ်ပြန်ကြရအောင်။ ” ဟု ပြောလိုက်သည်။

ရှောက်ချန်းကျယ်ကတော့ အားလုံးရဲ့ လျစ်လျူရှုခြင်းကို ခံရလျက် တစ်ယောက်တည်း ကျန်ခဲ့ပါသည်။

ချန်ကျင်းလန်က တွန့်ဆုတ် တွန့်ဆုတ်နှင့် ပါသွားရင်း ရှောက်ချန်းကျယ်ကို လှည့်ကြည့်လိုက်တော့ သူက သူမ စိတ်ချလက်ချ အိမ်ပြန်နိုင်စေရန် သူမကို နူးညံ့စွာ ပြုံးပြနေခဲ့၏။ သူ့အတွက်တော့ သူမရဲ့ အကြည့်က အရာရာတိုင်းထက် ပိုအရေးပါသည်။ သူမရဲ့ အဖေကိုလည်း ဦးလေးလို့ ခေါ်လိုက်တော့ သူ့ကို စကားပြန်ပြောသည် ၊ သူမရဲ့ အမေကလည်း သူ့ကို စကားလက်ခံ ပြောသွားသည်။ လီချီလေးကလည်း သူ့အတွက် ကာကွယ်ပေးဖို့ အဆင်သင့်ပင်။ သူ့အနာဂတ်လမ်းကြောင်းဟာ တဖြည်းဖြည်း ကြည်လင်စပြုလာပြီဟု ခံစားရသည်။

လေဆိပ်ထွက်ပေါက်ကို ရောက်ခါနီးတော့မှ ဖေးကျူးဟွေ့က‌ ခြေလှမ်းရပ်ပြီး သူ့ကို လှည့်ကြည့်ခဲ့သည်။ “ လူကြီးမင်းရှောက်လည်း အဒေါ်တို့နဲ့ မလိုက်ဘူးလား။ နေ့လယ်စာ စားချိန်တောင် ရောက်တော့မယ်လေ ၊ ဒါမှမဟုတ် လူကြီးမင်းရှောက်ရဲ့ အိမ်မှာ ထမင်းဟင်း ချက်ပြုတ်ပေးတဲ့ လူတွေ ဘာတွေ ရှိလို့လား။ ”

ရှောက်ချန်းကျယ်က ပထမတော့ အံ့ဩသွားပြီးမှ ချန်ကျင်းလန်ဘေးသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်သည်။ “ မရှိပါဘူး အဒေါ်။ ကျွန်တော့်အမေက လောလောဆယ် ကျွန်တော့်ဇာတိမြို့မှာပဲ နေ,နေတာပါ။ ကျွန်တော်က ဒီမှာ တစ်ယောက်တည်းပဲဗျ။ ”

ဖေးကျူးဟွေ့ ခေါင်းညိတ်လိုက်သည်။ “ ဒါဆိုလည်း အဒေါ်တို့အိမ်ကို လိုက်ပြီး နေ့လယ်စာလေး ဘာလေး စားပြီးမှ အိမ်ပြန်ပေါ့။ ”

“ ဟုတ်ကဲ့ ၊ ကျွန်တော် အဲ့လို လုပ်လိုက်ပါ့မယ် အဒေါ်။ ကျေးဇူးပါ။ ” ရှောက်ချန်းကျယ် နူးညံ့စွာ ပြုံးလိုက်သည်။

ချန်ကျင်းလန်ကတော့ အနည်းငယ် ဆွံ့အနေမိပါသည်။ ရှောက်ချန်းကျယ်နှင့် ပတ်သက်တဲ့ သူမအမေရဲ့ လက်ရှိ စိတ်သဘောထားကို သူမ သေချာ မသိပေမဲ့ အခြေအနေက ဒီအနေထားကို ရောက်နေပြီမို့ တစ်ဆင့်ချင်း ရှေ့တိုးဖို့သာ လိုပါတော့သည်။

ရှေ့ဆင့်နောက်ဆင့် မောင်းထွက်လာခဲ့သော ကား နှစ်စီးထဲမှာ ချန်လီချီကတော့ အဘိုးအဘွားတွေနှင့်အတူ လိုက်ပါလာခဲ့ပြီး ကျန်ကား တစ်စီးထဲမှာတော့ ရှောက်ချန်းကျယ် ၊ ချန်ကျင်းလန်နှင့် ရှစ်ရမ်တို့ ရှိသည်။ ရှစ်ရမ်က ကားမောင်းပြီး ရှောက်ချန်းကျယ်ကတော့ ကားမောင်းသူ့ရဲ့ ဘေးထိုင်ခုံမှာ ထိုင်နေ၏။

ကားပြတင်းပေါက်မှန်ကို မှီနေတဲ့ ချန်လီချီက မေမေနှင့် အဖေရှစ်တို့ ဝင်သွားတဲ့ ကားထဲကို သူမရဲ့ အဖေပါ လိုက်ဝင်သွားတာကို မြင်တော့ အနည်းငယ် အံ့ဩသွားသည်။ ချန်လီချီလေးသည် သူမရဲ့ ဘေးမှာ ထိုင်နေတဲ့ အဘွားဖြစ်သူကို ကြည့်လိုက်ရင်း အဘွားဖြစ်သူရဲ့ နားရွက်နားကို ကပ်ကာ “ ဘိုးဘိုးက … ဖေဖေ့ကို သိပ်သဘောမကျဘူးလားဟင် ဘွားဘွား။ ” ဟု တိုးတိုးလေး မေးလိုက်မိသည်။

ဖေးကျူးဟွေ့က သူမလေးရဲ့ ‌ဆံပင်ကို ပွတ်သပ်ပေးရင်း “ မဟုတ်ပါဘူးကွယ်။ သမီးဘိုးဘိုးက သူ့ကို သဘောမကျပေမဲ့ ပြဿနာ နည်းနည်းပါးပါး ဖန်တီးပြီးတော့ သူ့ကို စမ်းသပ်ချင်နေတာလေ။ စာမေးပွဲဖြေရသလိုပဲပေါ့ ၊ သူ စာမေးပွဲအောင်ရင်တော့ သမီးမေမေနဲ့ လက်တွဲနိုင်မှာပေါ့။ နတ်သမီးပုံပြင်‌တွေထဲကလိုပဲပေါ့ လီချီလေးရယ် ၊ မင်းသားလေးက မင်းသမီးလေးနဲ့ ရွှေလက်တွဲနိုင်ဖို့ စမ်းစစ်မှုတွေကို ဖြတ်ကျော်ရတယ်လေ။ ”

ချန်လီချီလေးက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ဖေးကျူးဟွေ့က နူးညံ့စွာ ဆက်ပြောနေခဲ့သည်။ “ သမီးဘိုးဘိုး သူ့အတွက် ဖန်တီးထားတဲ့ စမ်းသပ်ချက်တွေကို သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်တယ် ဆိုရင်တော့ သမီးမေမေကို ဘယ်လို တန်ဖိုးထား မြတ်နိုးရမယ် ဆိုတာကို သူ သိလာမှာပါ။ ”

ချန်လီချီရဲ့ မျက်လုံးလေးတွေ အရောင်လက်သွားသည်။ “ ဘိုးဘိုးက အရမ်း ဉာဏ်ကောင်းတာပဲနော်။ ”

“ တကယ်တော့ ဘိုးဘိုးကို အဲ့အကြံပေးလိုက်တာက ဘွားဘွားလေ။ ”

“ ဘိုးဘိုးက ဉာဏ်ကောင်းပေမဲ့ ဘွားဘွားက ပိုပြီး ဉာဏ်ကောင်းတယ်။ ” စီခနဲ ထွက်ပေါ်လာတဲ့ ချန်လီချီလေးရဲ့ အသံကြောင့် ဖေးကျူးဟွေ့ တစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိလေသည်။ “ လီချီလေးက ဖေဖေ့ကို တိတ်တိတ်လေး ကူညီပေးလို့ မရဘူးနော်။ ”

ချန်လီချီလေးက တရစပ် ခေါင်းခါပြရင်း “ စိတ်ချပါ ဘွားဘွားရဲ့။ ကလေးပဲဖြစ်ဖြစ် ၊ လူကြီးပဲဖြစ်ဖြစ် စာမေးပွဲမှာ စာခိုးချခွင့် မရှိဘူးလေ။ ” ဟု ပြန်ပြောတော့ ဖေးကျူးဟွေ့က သူမရဲ့ မျက်နှာလေးကို ပွတ်သပ်ရင်း “ ဘွားဘွားတို့ရဲ့ လီချီလေးက အရမ်း လိမ္မာတယ်။ ” ဟု ပြောလိုက်လေသည်။

နောက်ခန်းမှာ ထိုင်ပြီး မြေးအဘွား နှစ်ယောက်ရဲ့ စကားဝိုင်းကို နားထောင်နေတဲ့ ချန်ရှန်းဟယ်ရဲ့ မျက်နှာပေါ်မှာ အပြုံးလေး တစ်ပွင့် ရှိနေခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် မှုန်မှိုင်းတည်ငြိမ်နေခဲ့တဲ့ သူ့မျက်လုံးတွေကလည်း အခုတော့ ကြည်လင်ရွှင်ပျလို့ နေပါသည်။

သူတို့နောက်က ကားထဲမှာတော့ တိတ်ဆိတ်ခြင်းမမည်သော တိတ်ဆိတ်ခြင်းမျိုးနှင့် တိတ်ဆိဆ်နေခဲ့သည်။ ရှောက်ချန်းကျယ်နှင့် ရှစ်ရမ်က သူတို့ရဲ့ လက်ရှိ အလုပ်အကိုင် ၊ လူမှုရေးရာတွေအကြောင်းကို ယဉ်ကျေးစွာ ၊ တစ်နည်းအားဖြင့် ပြောရလျှင် သူစိမ်းဆန်စွာ စကားစမြည် ပြောနေခဲ့သည်။ ချန်ကျင်းလန်ရဲ့ စိတ်ထဲမှာ အလွန် ပင်ပန်းအိပ်ချင်နေကာ အိပ်ချင်စိတ်ကို ပြေပျောက်စေရန်အတွက် သူတို့နှစ်ယောက် ပြောနေတဲ့ စကားဝိုင်းထဲ နည်းနည်းပါးပါး ဝင်ပြောခဲ့ပေမဲ့ အဆုံးသတ်မှာတော့ မျက်လုံးတွေကို ဘယ်လိုမှ ဆက်မထိန်းနိုင်တော့ဘဲ ပြတင်းပေါက်မှန်ကို မှီကာ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့လေသည်။

***

All Chapters