← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အပိုင်း ( ၆၈ )

ရှေ့ခန်းထဲရှိ အမျိုးသား နှစ်ယောက်က နောက်ကြည့်မှန်ကို တစ်ချိန်တည်းမှာ ပြိုင်တူ ကြည့်မိကြသည်။ ရှစ်ရမ်က ကားထဲက လေအေးပေးစက်ကို အရှိန်မြှင့်လိုက်တော့ ရှောက်ချန်းကျယ်က သူ့အပေါ်အင်္ကျီကို ချွတ်ပြီး ချန်ကျင်းလန်ကို လွှားခြုံပေးလိုက်သည်။

ချန်ကျင်းလန် ကောင်းကောင်း အိပ်မပျော်သေးပေမဲ့ အနည်းငယ် စိတ်နှင့်ကိုယ်မကပ် ဖြစ်နေသည်။ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့ကို ရသော်လည်း သူမ ဘယ်နေရာကို ရောက်နေမှန်း မသိသောကြောင့် အိပ်ချင်မူးတူးအသံဖြင့် ရှောက်ချန်းကျယ်ဟု ခေါ်လိုက်သည်။

“ ကိုယ် ဒီမှာ ရှိတယ်။ ” ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်နားကို ကပ်ကာ တိုးလျစွာ ပြောရင်း သူမရဲ့ လက်မောင်းလေးကို လက်နှင့် ပုတ်ပေးနေမိသည်။ “ အိပ်တော့နော်။ ”

ချန်ကျင်းလန်က သူမလက်မောင်းပေါ်က လက်ကို ကိုင်ကာ ဘယ်သူ့လက်လဲ ဆိုတာ အတည်ပြုနေသလိုမျိုး ဖျစ်ညှစ်ကြည့်နေခဲ့သည်။ လက်ပိုင်ရှင်ကို အတည်ပြုပြီးတော့မှ သေးသွယ်တဲ့ လက်ချောင်းလေးတွေက သူ့လက်ချောင်းတွေကို သွယ်ယှက်လာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့လေသည်။

ရှောက်ချန်းကျယ်ကတော့ အလွန်တရာ ကိုးရို့ကားရားနိုင်သော ကိုယ်နေဟန်ထားဖြင့် ခန္ဓာကိုယ် အပေါ်ပိုင်းကို နောက်ခန်းဘက်ကို လှည့်ထားရင်း ထိုအတိုင်းကြီး ငြိမ်နေခဲ့ရသည်။ သူ့မျက်နှာပေါ်က အမြင့်ဆုံး ထီဆုကြီးပေါက်သွားသလို အပြုံးက ရှစ်ရမ်ကို တိုက်ရိုက် မျက်နှာချင်းဆိုင်နေခဲ့ပြီး ရှစ်ရမ်သည် ထိုစပ်ဖြဲဖြဲ အပြုံးက အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ခံစားရသော်လည်း ဘာမှ ပြောပိုင်ခွင့်မရှိသဖြင့် ကားကိုပဲ တိတ်ဆိတ်စွာ အရှိန်တင်လိုက်သည်။

မီးပွိုင့်ကို ရောက်တော့ ကားက မီးနီမိသွားသည်။ ချန်ကျင်းလန်က အိပ်ပျော်နေရာမှ တစ်ဖက်ကို လှည့်ရင်း မျက်ခွံလေးတွေ တရွရွ လှုပ်ရှားသွားသည်။ ရှောက်ချန်းကျယ်က ပထမတော့ သူမ အိပ်ရာနိုးလာတော့မည်ဟု ထင်သွားခဲ့တာ ဖြစ်သည်။

ထိုအခိုက်အတန့်မှာပဲ ချန်ကျင်းလန်သည် သူ့လက်တွေကို သွယ်ယှက်ဆုပ်ကိုင်ထားလျက်ပင် နှုတ်ကနေ “ ရှစ်ရမ် … ” ဟု တိုးတိုးလေး ယောင်နေခဲ့လေသည်။ ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထောင့်က အပြုံးလေး အေးခဲသွားကာ သူ့မျက်နှာက အမှောက်ခံလိုက်တဲ့ ဆေးရောင်စပ်သည့် အပြားလေး တစ်ချပ်လို ဖြစ်သွားသည်။ ဆေးရောင်တွေ ( ခံစားချက်တွေ ) အကုန်လုံး သူ့မျက်နှာပေါ်ကို စွန်းထင်းသွားပေမဲ့ အဆုံးသတ်မှာတော့ သူ့မျက်နှာပေါ်မှာ ကျန်ခဲ့တာက ဘယ်ဆေးရောင်မှန်း ( ဘယ်ခံစားချက်မှန်း ) မသိတော့ပါ။

ရှစ်ရမ်သည် လည်ချောင်းဝအထိ လှိုက်တက်လာသည့် ပြုံးရယ်ချင်စိတ်ကို မနည်း ထိန်းထားခဲ့ရပြီး လည်ချောင်းရှင်းကာ ချန်ကျင်းလန်ကို ‌ပြန်ပြောလိုက်၏။ “ ငါ ဒီမှာ ရှိတယ်။ ပြန်အိပ်တော့နော်။ ခဏနေရင် အိမ်ကို ရောက်တော့မယ်။ ”

ချန်ကျင်းလန်က အင်းဟု ပြန်ပြောသည်။ ခဏအကြာမှာ‌ သူမ ပြန်အိပ်ပျော်သွားပါသည်။

ရှောက်ချန်းကျယ်ရဲ့ မျက်နှာကတော့ ဆယ်နှစ်ကျော်လောက် အသုံးပြုသူ ကင်းမဲ့ခဲ့တဲ့ အိုး တစ်လုံးရဲ့ အောက်ခြေပမာ မည်းမှောင်နေခဲ့သည်။

တကယ်တော့ ချန်ကျင်းလန်က အိပ်မက်,မက်နေတာပင်။ အိပ်မက်ထဲမှာ အထက်တန်းကျောင်း ကော်ရစ်ဒါကို ပြန်ရောက်သွားခဲ့သည်။ ဝင်လုဆဲဆဲ နေဝင်ချိန်ရှုခင်းက လှပလွန်းသည်။ သူမ အမှတ်တမဲ့ တစ်ဖက်ကို လှည့်လိုက်မိတော့ ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ ကောင်လေး တစ်ယောက်ကို မြင်သွားသည်။ ထိုကောင်လေးက စာအုပ်ကို စိတ်ဝင်တစား ငုံ့ဖတ်နေခဲ့ကာ သူ့ရဲ့ တည်ကြည်ချောမောသော ရုပ်သွင်က ကလေးရုပ်လေးလည်း သိပ်မပျောက်သေးပါ။ အထက်တန်းကျောင်းတုန်းက သူ့ပုံစံက အဲ့ဒီလို ဖြစ်ခဲ့တာပါလား … ။

ထို့နောက် ချန်ကျင်းလန်သည် သူမကို အရှေ့မှာ ရပ်စောင့်နေတဲ့ ရှစ်ရမ်ကို လှမ်းခေါ်ကာ တစ်ခုခု သွားစားဖို့ ပြောလိုက်သည်။ ဒါပေမဲ့ မသွားခင် ထိုကောင်လေးကို အရင် နှုတ်ဆက်သွားချင်သည်။

ကားလေးက ချန်အိမ်တော်ထဲကို ဝင်လာသလို ချန်ကျင်းလန်လည်း အိပ်ရာနိုးလာသည်။ သူမ မက်ခဲ့တဲ့ အိပ်မက်ကို မှတ်မိနေပေမဲ့ သူမ အိပ်နေရင်း ဘာတွေ ပြောခဲ့မိလဲ ဆိုတာကိုတော့ မမှတ်မိတော့ပေ။ ကားထဲမှာ အိပ်လိုက်ရတော့ လူက နည်းနည်းလေး အားပြည့်သွားသည်ဟု ခံစားရသည်။ ခုနတုန်းကဆို ထိုင်ခုံတွေ ၊ ဆိုဖာတွေကို မြင်တာနဲ့ ပစ်လှဲပြီး အိပ်ပစ်လိုက်ချင်လောက်အောင်ကို အိပ်ချင်နေခဲ့တာပါ။

ချန်ကျင်းလန်သည် ရှောက်ချန်းကျယ်ရဲ့ ပြိုတော့မည့်မိုးလို မည်းမှောင်နေတဲ့ မျက်နှာကို သတိမထားမိသလို ရှစ်ရမ်ရဲ့ ဘာကိုမှ ဂရုမစိုက်သလို အကြည့်ကိုလည်း သတိမထားမိပေ။ ကားထဲက ထွက်လာတဲ့ ချန်ရှန်းဟယ်က ရှောက်ချန်းကျယ်ကို အပေါ်ထပ် စာကြည့်ခန်းထဲ လိုက်ခဲ့ဖို့ ပြောချိန်မှာ သူမလည်း ရှောက်ချန်းကျယ်ဘေးမှာ အတူ ရပ်လိုက်သည်။ “ သမီးလည်း ‌အဖေတို့နဲ့ လိုက်ခဲ့လို့ ရမလားဟင်။ ”

ချန်ရှန်းဟယ်က ခဏလောက် နှုတ်ဆိတ်သွားပြီးမှ “ ‌အဖေနဲ့ သူနဲ့ စကား‌ပြောတာကို ပြီးအောင် စောင့်ပြီးခဲ့ သမီး လာခဲ့။ ” ဟု ပြောလိုက်သည်။

ချန်လီချီက အမေဖြစ်သူရဲ့ လက်ကို ဆွဲကာ အဖေဖြစ်သူရဲ့ အင်္ကျီလက်ကို တိတ်တိတ်လေး ဆွဲ၍ ‘ ဘိုးဘိုးက ဖေဖေ့ကို စာမေးပွဲစစ်တော့မှာမို့ စာမေးပွဲ ကြိုးစား ဖြေသင့်ကြောင်း ’ ကို မျက်ရိပ်မျက်ကဲဖြင့် အမြန် ပြောလိုက်၏။

ရှောက်ချန်းကျယ်က သူ့သမီးရဲ့ ခေါင်းလေးကို နူးညံ့စွာ ပွတ်သပ်ရင်း ချန်ကျင်းလန်ကို လေးလေးနက်နက် ကြည့်လိုက်ပါသည်။

သူ့မျက်လုံးတွေက နည်းနည်းလေး ဝမ်းနည်းနေသည်ဟု ချန်ကျင်းလန် ခံစားရပေမဲ့ သူမ အိပ်ငိုက်နေလို့ အထင်မှားနေတာလား ဟူ၍လည်း ထင်မိပြန်သည်။ သူ့ကို နူးညံ့စွာ ပြောလိုက်၏။ “ ကျွန်မကို ချော့တုန်းက သုံးခဲ့တဲ့ ဉာဏ်နီဉာဏ်နက်တွေကို အဖေ့ဆီမှာ မသုံးနဲ့နော်။ မဟုတ်ရင် ရှင် အရိုက်ခံရတော့မှ အော်မနေနဲ့။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေ လျော့ကျသွားကာ သူမရဲ့ လက်ကလေးကို ဖျတ်ခနဲ ချိတ်လိုက်ပြီးမှ လက်ချင်း ပြန်ဖြုတ်ကာ ချန်ရှန်းဟယ်နောက်သို့ လိုက်သွားလေသည်။

ရှစ်ရမ်က ချန်လီချီလေးကို ချီရင်း “ ကဲ ကဲ ၊ အဘွားချွီက ဒီနေ့ လီချီလေး ကြိုက်တာတွေ ချက်ကျွေးမယ်လို့ ပြောတယ်။ လီချီလေး ဒီနေ့ ဘာစားချင်လဲ။ ” ဟု မေးလိုက်သည်။

“ မလိုင်လုံး။ အပြင်ဆိုင်တွေက မလိုင်လုံးထက် အဘွားချွီကိုယ်တိုင် လုပ်ကျွေးတဲ့ မလိုင်လုံးက စားအကောင်းဆုံးပဲ။ သမီးနဲ့ အဖေရှစ်နဲ့ မလိုင်လုံး အတူတူ စားကြမယ်လေ။ ”

“ ဟုတ်ပြီ။ ကဲ .. ဒါဆို အဘွားချီဆီ သွားကြမယ်နော်။ ”

ရှစ်ရမ်နှင့် ချန်လီချီတို့ ထွက်သွားတော့ ဧည့်ခန်းထဲမှာ ဖေးကျူးဟွေ့နှင့် ချန်ကျင်းလန်တို့သာ ကျန်ခဲ့သည်။ ဖေးကျူးဟွေ့က သမီးဖြစ်သူရဲ့ လက်ကို ဆွဲကာ ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီးမှ နူးညံ့သော အသံဖြင့် မေးလိုက်သည်။ “ သမီးတို့ နှစ်ယောက် ပြန်တွဲနေကြပြီလား။ ”

ချန်ကျင်းလန်က စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေပြီးမှ တွန့်ဆုတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ သမီး နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ချင်လို့ပါ။ အရင်တုန်းက သူနဲ့ သမီးကြားမှာ နားလည်မှုလွဲပြီး အထင်လွဲခဲ့တာတွေ အများကြီး ရှိခဲ့တယ်။ ”

“ ဒါဆို အခု အဲ့ဒီ အထင်လွဲတာတွေ အကုန်လုံးကို ဖြေရှင်းပြီးသွားပြီလား။ ”

“ အဲ့လို ပြောလို့ ရမယ် ထင်တယ်။ ”

ဖေးကျူးဟွေ့က သူမရဲ့ မျက်နှာလေးကို ကြင်နာစွာ ဖျစ်ညှစ်လိုက်သည်။ “ ဒီနှစ်တွေညတစ်လျှောက်လုံး သမီး ရည်းစားထပ်မထားဘဲနဲ့ အတိတ်တုန်းက မပြီးပြတ်ခဲ့တဲ့ ခံစားချက်တွေထဲမှာပဲ ပိတ်မိနေတယ် ဆိုတာ အမေ သိပါတယ်။ အခုတော့ သမီးရဲ့ နှလုံးသားကို သတ္တိရှိရှိ အချစ်အပေါ် ပုံအပ်နိုင်သွားပြီပဲနော်။ အဲ့ဒီ လူက လူသစ်ပဲဖြစ်ဖြစ် ၊ လူဟောင်းပဲဖြစ်ဖြစ် … အမေကတော့ သမီးအတွက် ဝမ်းသာတယ်။ သမီး ထပ်ကြိုးစားကြည့်ချင်တယ် ဆိုမှတော့ တခြား ဘာကိုမှ စိုးရိမ်မနေနဲ့။ သတ္တိရှိရှိပဲ ကြိုးစားကြည့် ၊ နောက်ဆုံးမှာ အမှားလုပ်မိတယ် ဆိုရင်တောင် ကိစ္စမရှိဘူး။ အချစ်နဲ့ ပတ်သက်လာရင် သေချာရေရာတဲ့ အဖြေ တစ်ခု ထွက်လာတယ် ဆိုကတည်းက အရှုံးမရှိဘူး။ တကယ်လို့ သေချာတဲ့ အဖြေ တစ်ခု ထွက်မလာရင်လည်း အဲ့ဒီ ဆက်ဆံရေးမှာ ကိုယ် ပျော်ခဲ့ရတယ် ဆိုရင် ဘာအရေးလဲ။ ”

သူတို့ နှစ်ယောက်ကြားမှာ သူမ မသိသေးတဲ့ အတွင်းကျကျ ကိစ္စတွေ ရှိလိမ့်ဦးမည်ဟု ခံစားရသော်လည်း ဖေးကျူးဟွေ့ ထပ်မမေးဖြစ်ပါ။ သူမ အခုလေးတင်ပဲ သူတို့ နှစ်ယောက်ရဲ့ လေဆိပ်က အပြန်အလှန် အပြုအမူတွေကို မြင်ခဲ့ရတာ ဖြစ်သည်။ သူမရဲ့ သမီးက သူ့ကို အသည်းခွဲခဲ့တဲ့ လူကို ခွင့်လွှတ်ပေးမှာ မဟုတ်မှန်း သူမ ကောင်းကောင်း သိသည်။ ဖြစ်နိုင်တာကတော့ အထင်လွဲခဲ့တာတွေ အကုန်လုံးကို နားလည်သွားတာ ဖြစ်လိမ့်မည်။ လက်ရှိအချိန်မှာ သူမရဲ့ သမီးက အမှန်တရားကို သိသွားပြီမို့ သူမ ဘာမှ ထပ်ပြောစရာ မလိုတော့ပါ။ ငယ်ရွယ်ပြီး တဇွတ်ထိုးဆန်တဲ့ အချစ်ဇာတ်လမ်းတွေမှာ အထင်လွဲမှုတွေ တစ်နည်းမဟုတ်တစ်နည်း ရှိတတ်သည်။ နှစ်တွေ အများကြီး ဝေးကွာခဲ့ရပြီးတဲ့နောက်မှာ ပြန်လက်တွဲနိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပေ။

ချန်ကျင်းလန်က ဖေးကျူးဟွေ့ရဲ့ ပခုံးကို မှီကာ “ ကျေးဇူးပါ အမေ။ ” ဟု ပြောလိုက်သည်။

သူမ ခဏလောက် စဉ်းစားနေပြီးမှ ခေါင်းပြန်မော့လိုက်၏။ “ စီးပွားရေးလုပ်ငန်းတွေအပြင် ရှောက်မိသားစုနဲ့ သမီးတို့မိသားစုကြားမှာ တခြား ကိစ္စတွေ ရှိသေးလား အမေ။ ”

တိတိကျကျ ပြောရရင် ဒီမိသားစု နှစ်စုက ဘယ်လို မိသားစုတွေမို့လို့လဲ။ ချန်ကျင်းလန်သည် လက်ရှိ အနေအထားကို ရောက်အောင် ဘယ်အရာက တွန်းပို့ခဲ့တာလဲ ဆိုတာ သေချာ မသိပေ။ သူမရဲ့ အဖေကလည်း အရင်တုန်းက ဘာဖြစ်ခဲ့လဲ ဆိုတာကို တစ်ခါမှ ပြောမပြဖူး။ ပထမတုန်းကတော့ သူမရဲ့ အဘိုးအဘွားတွေလက်ထက်တုန်းက စီပွားရေးလုပ်ငန်းမှာ ပြဿနာတွေ ဖြစ်ခဲ့၍ မိသားစု နှစ်စုက အခုလို ရန်ဘက်တွေ ဖြစ်သွားကြတာပေမဲ့ ထင်ခဲ့ပေမဲ့ အခုတော့ သူမ ထင်သလောက် မရိုးရှင်းဘူးလို့ ခံစားလာရပါသည်။

“ ချန်မိသားစုနဲ့ ရှောက်မိသားစုကြားက ပြဿနာတွေကို သမီး ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ ဘယ်လောက်ပဲ ရန်ဘက်တွေ ဖြစ်နေပါစေ ၊ အဲ့ဒါက အရင် မျိုးဆက်ဟောင်းတွေတုန်းက ဖြစ်ခဲ့တဲ့ ပြဿနာတွေမို့လို့ သမီးနဲ့ ဘာမှ မပတ်သက်‌ဘူး။ အဲ့ကိစ္စက သမီးရဲ့ အဖေ ၊ အစ်ကို ၊ ပြီးတော့ ရှောက်ချန်းကျယ်နဲ့ပဲ သက်ဆိုင်တယ်။ သူတို့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ။ သမီးရဲ့ အချစ်ကိုပဲ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ခံစား။ ”

ချန်ကျင်းလန်က ဖေးကျူးဟွေ့ရဲ့ စကားကို နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

သမီးဖြစ်သူကို ဒီလို ပုံစံမျိုးနှင့် မြင်ရတာ အတော် ရှားတာမို့ ဖေးကျူးဟွေ့ တစ်ယောက် နည်းနည်းလေး ထူးဆန်သည်ဟု ခံစားလိုက်ရ၏။

“ ဒါပေမဲ့ သမီး စိတ်ပိုင်းဆိုင်ရာအရလည်း ပြင်တော့ ပြင်ဆင်ထားရလိမ့်မယ်။ ရှောက်ချန်းကျယ်က သမီးရဲ့ အဖေကို လွယ်လွယ်နဲ့ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ သမီးရဲ့ အဖေက သူ့စမ်းသပ်ချက်ရဲ့ ရလဒ်တွေကို စိတ်တိုင်းကျတယ် ဆိုရင်တောင် ရှောက်ချန်းကျယ်က အများကြီး ပင်ပန်းရဦးမှာ။ ဒီလောကကြီးမှာ သားမက်ကို စိတ်တိုင်းကျတဲ့ ယောက္ခမ ဆိုတာ တော်တော်ကို ရှားတယ်။ သူက ဟိုးအစကတည်းက သမီးကို စိတ်ပင်ပန်းအောင် လုပ်ခဲ့တဲ့ လူ ဆိုတော့ ပိုဆိုးတာပေါ့။ သမီးအဖေက သူ့ကို လွယ်လွယ်နဲ့ စိတ်တိုင်းကျမှာ မဟုတ်ဘူး။ ”

ချန်ကျင်းလန်သည် ရှက်ရွံ့သွားကာ နာမည်တွေ ထည့်ပြောတာကို ရှောင်ပြီး ဘေးကင်းတဲ့ မေးခွန်း တစ်ခုကို မေးလိုက်၏။ “ အဖေ သူ့အကြောင်းကို လူလွှတ်ပြီး စုံစမ်းခိုင်းထားတာလားဟင်။ ”

“ သမီးအဖေက အစကတည်းက အဲ့လို လူမျိုးပဲကို။ သူ မစုံစမ်းရင်သာ ထူးဆန်းနေမှာ။ ရှောက်ချန်းကျယ် ဒီနှစ်တွေ တစ်လျှောက်လုံး မိန်းကလေးတွေနဲ့ ပွေရှုပ်နေခဲ့ရင် သမီးအဖေက ဒီနေ့ သူ့ကို အိမ်ထဲ ဝင်ခွင့်ပေးမယ် ထင်လို့လား။ ချက်ချင်းပဲ ရိုက်နှက်မောင်းထုတ်ပစ်လိုက်မှာ။ ဒါပေါ့ ၊ သူ့မှာလည်း တခြား မိန်းကလေး တစ်ယောက်ကို လွတ်လွတ်လပ်လပ် ချစ်ပိုင်ခွင့်တော့ ရှိတာပေါ့။ ဒါပေမဲ့ သမီးက ဒီအချိန်ထိ တစ်ယောက်တည်း ကိုယ်ပင်ပန်း စိတ်ပင်ပန်းခံခဲ့ရပြီး သူကတော့ ဒီကြားထဲ တခြား ကောင်မလေးတွေနဲ့ ပျော်ချင်တိုင်းပျော်ပြီးမှ သမီးဆီ ပြန်ကပ်လာတာမျိုးကတော့ အဓိပ္ပာယ်မရှိဘူးလေ။ ပြီးတော့ သမီးတို့နှစ်ယောက်မှာ လီချီလေးလည်း ရှိနေတာ။ သူသာ လူရှုပ်လူပွေ တစ်ယောက် ဆိုရင် သမီးအဖေ မပြောနဲ့ ၊ အမေတောင် သူ့ကို လက်မခံဘူး။ ”

ဖေးကျူးဟွေ့က သမီးဖြစ်သူရဲ့ အချစ်ရေးအကြောင်း အသေးစိတ် သိပ်မမေးပေမဲ့ အတင်းအဖျင်း မပြောမိဘဲတော့ မနေနိုင်ပါ။ “ အခြေအနေကို ကြည့်ရသလောက် ဒီကြားထဲမှာ သူ့ဘက်ကလည်း သမီးကို လက်မလွှတ်နိုင်သလို သမီးဘက်ကလည်း သူ့ကို လက်မလွှတ်နိုင်ခဲ့တဲ့ ပုံပဲ။ သမီးတို့ နှစ်ယောက်လုံးက ခေါင်းမာတဲ့ လူတွေလို့ သမီး အမေ့ကို ပြောဖူးတယ် မဟုတ်လား။ ဒါပေမဲ့ သမီးတို့က ခုနှစ်ကျော်ကြာတဲ့အထိ ခေါင်းမာနေတုန်းပဲ။ နှစ်ယောက်လုံး ပွင့်ပွင့်လင်းလင်း မရှိဘဲနဲ့ ဒီလောက် နှစ်တွေ အကြာကြီး အချိန်မဖြုန်းပစ်ခဲ့ရင် အမေလည်း သူ့ကို အဲ့လို ဆက်ဆံခဲ့မှာ မဟုတ်ဘူး။ အရာအားလုံး ချောမွေ့လွယ်ကူသွားမှာ။ ”

ချန်ကျင်းလန်က “ တကယ်တော့ သမီး သူ့ကို လက်မလွှတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ သင့်တော်တဲ့ လူ တစ်ယောက်ကို ရှာမတွေ့လို့ ဒီအချိန်ထိ တစ်ယောက်တည်း နေခဲ့တာပါ။ ” ဟု ခေါင်းမာစွာ ပြောလိုက်သည်။

ဖေးကျူးဟွေ့က ခပ်ပြုံးပြုံးလေး ခေါင်းညိတ်လိုက်သည်။ “ သမီးကတော့လေ … ဘယ်တော့မှ အရှုံးကို မဝန်ခံဘူး။ ကဲပါလေ ၊ သမီးရဲ့ အဖေနဲ့ ရှောက်ချန်းကျယ်တို့ စကားပြောတာလည်း တော်တော်နဲ့ ပြီးမယ် မထင်ဘူး။ သမီး ပင်ပန်းတာတွေ ပျောက်သွားအောင် ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်ပါလား။ ပြီးတော့ သမီးရဲ့ မျက်ကွင်းတွေကလည်း ညိုမည်းနေလိုက်တာများ နှစ်ရက်လောက် မအိပ်ထားရတဲ့အတိုင်းပဲ။ ”

ချန်ကျင်းလန်သည် ချက်ချင်း ဆိုသလိုပဲ လှစ်ခနဲ ပြေးထွက်လာခဲ့လိုက်လေသည်။

ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်တို့ကတော့ စာကြည့်ခန်းထဲမှာ အကြာကြီး စကားပြောနေခဲ့ကြပါသည်။ ချန်လီချီက မလိုင်လုံးလေးတွေကို စားရင်း ဘိုးဘိုး မေးတဲ့ စာမေးပွဲမေးခွန်းတွေက အရမ်း ခက်လို့ ဖေဖေ ဒီလောက် အကြာကြီး ဖြေနေရတာလားဟု တွေးနေမိသည်။ နောက်ဆုံးလက်ကျန် မလိုင်လုံးကို သူမပါးစပ်ထဲ ထည့်လိုက်ချိန်မှာတော့ ရှောက်ချန်းကျယ်က အပေါ်ထပ်ကနေ ဆင်းလာပြီ ဖြစ်သည်။ ချန်လီချီလေးက လှေကားထစ်တွေပေါ်ကို ပြေးတက်သွားပြီး ဖေဖေ့ကို လူရှင်းတဲ့ ထောင့် တစ်နေရာကို ခေါ်သွားလိုက်သည်။ “ ဖေဖေ စာမေးပွဲအောင်ခဲ့လားဟင်။ ဘယ်လို အောင်ခဲ့တာလဲ။ ”

ရှောက်ချန်းကျယ်ကတော့ သူမလေးရဲ့ မေးခွန်းကို သိပ်နားမလည်ပေ။

“ ဘိုးဘိုးက စာမေးပွဲ စစ်မယ်လို့ ပြောထားတယ်။ အဲ့ဒါကြောင့် ဖေဖေ စာမေးပွဲအောင်ခဲ့လားလို့ မေးတာ။ ”

ရှောက်ချန်းကျယ်က သူမလေးရဲ့ နှုတ်ခမ်းထောင့်က မလိုင်ဖတ်လေးတွေကို သုတ်ပေးရင်း “ အခုထိတော့ မအောင်သေးဘူး ထင်တယ် သမီးရဲ့။ ” ဟု ပြန်ပြောလိုက်သည်။

သူ အောင်သွားခဲ့တယ် ဆိုရင်တောင် စာကြည့်ခန်းထဲကို “ ဦးလေး ” လို့ မခေါ်ဘဲ ဝင်ခွင့်ရှိမှာ မဟုတ်။ လေဆိပ်မှာတုန်းက ချန်ရှန်းဟယ် သူ့ကို ဒေါသမပေါက်ကွဲခဲ့တာ ချန်လီချီလေး ရှိနေတာကြောင့် ဖြစ်လိမ့်မည်။

ရှောက်ချန်းကျယ်သည် တိတ်တိတ်လေး သက်ပြင်းချလိုက်ရင်း တစ်ချိန်တည်းမှာပဲ သူ့အတွက် အစစ အရာရာ လွယ်ကူချောမွေ့အောင် ကူညီပေးနေတဲ့ မင်းသမီးလေး ရှိနေတဲ့အတွက် ဝမ်းသာမိသည်။

“ မေမေ ဘယ်မှာလဲ။ ”

“ မေမေက အဖေရှစ်နဲ့ စကားပြောနေတယ်။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ မီးတောက်သွားကာ သမီးဖြစ်သူကို ငုံ့ပြီး ပွေ့ချီလိုက်သည်။ “ ဖေဖေ့ကို မေမေ့ဆီ ခေါ်သွားပေးနော် လီချီလေး ၊ ဟုတ်ပြီလား။ ”

လီချီလေးက ခေါင်းခါပြလိုက်သည်။ “ မေမေက စာကြည့်ခန်းထဲမှာ မဟုတ်ဘူးလား။ မေမေ့ကို ရှာဖို့ ဘိုးဘိုးက မှာထားတာမို့လား။ ”

“ စာကြည့်ခန်းထဲမှာလည်း မရှိဘူး လီချီလေးရဲ့။ ဘိုးဘိုးက ဖေဖေ့ကို တာဝန်ပေးထားလို့ ဖေဖေတို့ မေမေ့ကို အမြန်ဆုံး ရှာမှ ဖြစ်မယ်။ ”

“ ဒါဆို မေမေ့ကို ဖေဖေ့ဘာသာ ရှာရမယ်လေ။ သမီး ဖေဖေ့ကို မေမေ့ဆီ ခေါ်သွားပေးလို့ မရဘူး။ ” ချန်လီချီလေးက ပြောရင်း ဖေဖေ့ရင်ခွင်ထဲကနေ ခုန်ဆင်းလိုက်သည်။ “ သမီး ဒီလိုမျိုး ဆက်လုပ်ပေးလို့ မရတော့ဘူး ဖေဖေ။ သမီးက ဖေဖေ့ကို ကူညီပေးနေတာပဲ။ ဘိုးဘိုး စစ်တဲ့ စာမေးပဲကို ဖေဖေ့ဘာသာ ဖြေရမယ်လေ။ သမီး ဖေဖေ့ကို သူများအကူအညီယူခွင့်ပေးလို့ မရဘူး။ ”

…

ခုနလေးတင် လေဆိပ်မှာတုန်းက သူ့အနာဂတ်ဟာ တဖြည်းဖြည်း ကြည်လင်စပြုလာပြီလို့ ရှောက်ချန်းကျယ် ခံစားခဲ့ရတူပါ။ အခုကျတော့ ဘာလို့ ရုတ်တရက်ကြီး မည်းမှောင်သွားတာပါလိမ့် … ။

ချန်လီချီက အလွန် စည်းကမ်းရှိတဲ့ ကလေးမလေး တစ်ယောက် ဖြစ်ပါသည်။ ပါးစပ်က မကူညီဘူးလို့ ပြောလျှင် တကယ်လည်း ကူညီပေးမည့် လူ မဟုတ်။ ဖေဖေက မေမေ့ကို တစ်ယောက်တည်းပဲ ရှာဖို့ စိတ်ပိုင်းဖြတ်လိုက်ပုံဖြင့် သူမကို အောက်ချပေးလိုက်သည်။

***

All Chapters