အခန်း ၆၉
Vol. 7 Ch. 69
အပိုင်း ( ၆၉ )
ရှောက်ချန်းကျယ်က သူမရဲ့ နှာခေါင်းလေးကို ဆွဲလိမ်လိုက်သည်။ “ မေမေ့ကို ရှာရတာက စမ်းသပ်ချက် ဆိုရင်လည်း လီချီလေးကတော့ ဖေဖေ့ဘေးမှာ ရှိနေပေးရမယ်လေ။ ဖေဖေ တခြားသူတွေကိူ အကူအညီမတောင်းမအောင် လီချီလေးက ဖေဖေ့ကို ဦးဆောင်ပေးရမယ်။ ”
ချန်လီချီက ဖေဖေ့ကို ကြည့်လိုက်သည်။ “ ဒါဆို သမီးက ဖေဖေ့ရဲ့ စာမေးပွဲခန်းစောင့် လုပ်ရမှာလား။ ”
“ လီချီလေး လုပ်ချင်ရင်ပေါ့။ ”
“ လုပ်ချင်တယ် လုပ်ချင်တယ်။ ” ဖေဖေ့ကို ဦးဆောင်တဲ့ နေရာမှာ ဘိုးဘိုးနှင့် မေမေ့ကို ကူညီပေးဖို့ သူမ မစောင့်နိုင်တော့ပေ။ “ ဒါဆိုလည်း မြန်မြန် စကြမယ်လေ ဖေဖေ။ ”
ရှောက်ချန်းကျယ်က သမီးဖြစ်သူရဲ့ အမူအရာကို စေ့စေ့စက်စပ် ကြည့်လိုက်သည်။ လခြမ်းကွေးသဏ္ဍာန် မျက်လုံးလေးတွေက ကြည်လင်နေကာ သူ သွားတဲ့ နေရာက လွဲနေတိုင်း ပါးစပ်က ဘာမှ မပြောပေမဲ့ သူမလေးရဲ့ မျက်လုံးထဲမှာတော့ အပြုံးရိပ်လေးတွေ ယှက်သန်းသွားပြီး ပါးစပ်ကို ခပ်တင်းတင်း စေ့ပိတ်၍ မျက်တောင်လေးတွေ တဖျတ်ဖျတ် ခတ်သွားတတ်လေသည်။
နောက်ဆုံးတော့ ရှောက်ချန်းကျယ်သည် သူ ရှာနေတဲ့ လူကို နောက်ဖေးခြံထဲက ပန်းပင်တွေ စိုက်ထားသည့် မှန်မိုးမှန်ကာအိမ်လေးထဲမှာ ရှာတွေ့သွား၏။ လှပစွာ ပွင့်လန်းနေတဲ့ ပန်းပင် အစုအဝေးတွေကြားမှာ လူ နှစ်ယောက်က ဘေးချင်းယှဉ် ရပ်နေသည်။
ချန်လီချီလေးက အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ “ မေမေနဲ့ အဖေရှစ်ရေ ၊ ဖေဖေက မေမေတို့ကို ရှာတွေ့သွားပြီ။ ”
ပန်းပင်တွေကြားက လူ နှစ်ယောက်က ပြိုင်တူ လှည့်ကြည့်လာခဲ့သည်။ ရှစ်ရမ်က ပန်း တစ်ပွင့်ကို ခူးလိုက်ပြီး ချန်ကျင်းလန်ကို ပေးလိုက်တော့ ချန်ကျင်းလန်က ထိုပန်းလေးကို လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့သည်။ တောက်ပစိုလက်နေတဲ့ နှင်းဆီနီ သုံး ၊ လေးပွင့်ကို လက်ထဲမှာ ကိုင်ထားလျက် သူမရဲ့ မျက်နှာဖြူဖြူလေးပေါ်မှာ အပြုံးလေး တစ်ပွင့် ရှိနေခဲ့သည်။
ရှောက်ချန်းကျယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အရင်ကတည်းက ရှိနှင့်ပြီးသား သဝန်တိုစိတ်တွေ စီးဆင်းနေပေမဲ့ ထိုမြင်ကွင်းက လှပတယ် ဆိုတာကိုတော့ သူ ဝန်ခံရပါမည်။ ပြီးတော့ သဝန်တိုစိတ်က သူ့စိတ်ကို လောင်မြိုက်စေသည်။
ရှောက်ချန်းကျယ်က ချန်လီချီလေးကို ရင်ခွင်ထဲမှာ ပွေ့ချီထားကာ ရှစ်ရမ်ကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်း တစ်ချက် ဆတ်ပြလိုက်သည်။
ရှစ်ရမ်က သူ့ရဲ့ မကြည်လင်မှုကို သဘာဝကျစွာပင် ရိပ်မိသောကြောင့် ချန်ကျင်းလန်ကို “ ကိုယ့်ကို ပန်းတွေ ပေးလိုက်။ အန်တီဖေးကို ကိုယ် သွားပေးလိုက်မယ်။ ” ဟု ပြောလိုက်သည်။
“ အင်း။ ” ချန်ကျင်းလန်က နှင်းဆီပန်းတွေ အကုန်လုံးကို သူ့လက်ထဲ ပြောင်းပေးလိုက်သည်။
ရှစ်ရမ်သည် ရှောက်ချန်းကျယ်ကို ခေါင်းပြန်ညိတ်ပြပြီး မှန်လုံအိမ်လေးထဲက ထွက်ခဲ့လိုက်၏။ သူတို့နှစ်ယောက်ကြားမှာ အထင်လွဲစရာတွေ ထပ်တိုးမလာစေချင်ပါ။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူမရဲ့ အတွေးတွေကို သူ ကောင်းကောင်း နားလည်ခဲ့သည်။ ခေါင်းလောင်းလေးကို ပထမဆုံး ချည်နှောင်ခဲ့တဲ့ လူကသာ ထိုခေါင်းလောင်းလေးကို ကြိုးဖြေပေးနိုင်တယ် ဆိုတဲ့ ဆိုရိုးစကားက အမြဲတမ်းအတွက် မှန်ကန်နေဆဲပင်။ အမှန်တရားက ပြောင်းလဲသွားခဲ့ပါပြီ ၊ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ နစ်မြုပ်နေခဲ့တဲ့ ကြိုးထုံးလေးတွေလည်း အခုတော့ ပြေလျော့သွားပြီ ဖြစ်ကာ တစ်ယောက်ကို တစ်ယောက် အချစ်စစ်နှင့် ချစ်တဲ့ စုံတွဲတွေဟာလည်း ဆုံစည်းခွင့်ရသင့်ပါသည်။
စိတ်အနှောင့်အယှက်ဖြစ်စရာလူ ထွက်သွားသည်နှင့် မှန်လုံအိမ်ထဲကို ကျနေတဲ့ နေရောင်က ပိုတောက်ပလာသည်ဟု ရှောက်ချန်းကျယ် ခံစားလိုက်ရသည်။ သူ ခေါင်းငုံ့ပြီး သူ့ဘေးမှာ ရှိနေသူကို ကြည့်လိုက်ချိန်မှာ ချန်ကျင်းလန်နှင့် အကြည့်ချင်း ဆုံသွားပြီး သူမက ချက်ချင်းပဲ လီချီလေးဆီ အကြည့်လွှဲပစ်လိုက်သည်။
ဒီနေ့မနက် သူမ အိပ်ရာနိုးတုန်းက ဘာကိုမှ ရေရေရာရာ မသိဘဲ အာရုံထဲမှာ ဝေဝါးထွေပြားနေခဲ့သောကြောင့် ရေမိုးချိုး အဝတ်အစားလဲတာကိုတောင် သူ့အကူအညီယူခဲ့ရသည်။ ပြီးတော့ အပြန်လမ်းမှာလည်း တစ်လမ်းလုံး အိပ်လိုက်လာခဲ့ကာ လေဆိပ်ရောက်တော့လည်း အဖေနှင့် အမေဆီမှာ လူမိခံလိုက်ရတာမို့ မနေ့ညတုန်းက သူမ ဘာဖြစ်ခဲ့လဲ ဆိုတာကို ပြန်တွေးဖို့ အချိန်မရခဲ့ပေ။ ခုနတုန်းက ရေချိုးတော့မှ ဒူးကနေ ခါး ၊ ခါးကနေ ရင်ဘတ်အထိ ပြည့်နေသော အနီရောင် အမှတ်အသားတွေ ၊ အညိုအမည်းတွေကို ကြည့်ကာ သူမ မနေ့ညတုန်းက ဘယ်လို ရူးသွပ်မှုမျိုးကို ကြုံခဲ့ရလဲ ဆိုတာ ပြန်သတိရသွားလေသည်။
ဒါပေမဲ့ မနေ့ညတုန်းက သူ တစ်ယောက်တည်း ရူးသွပ်ခဲ့တာ မဟုတ်ဘဲ သူမကိုယ်တိုင်ကပါ သူ့အထိအတွေ့ကို တောင့်တလိုချင်ခဲ့တာပါ။ အကြာကြီး မျိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ချွေးတို့ဖြင့် ပူပြင်းတဲ့ တွန်းကန်မှုတွေအောက်မှာ ထွက်ပေါက်ပေးဖို့ လိုသည်။ သူမလည်း သူ့ရဲ့ စိတ်နှလုံးနွေးထွေးဖွယ် ပွေ့ဖက်မှုနှင့် ရင်ခုန်ဖွယ်ရာ အနမ်းတွေကို လိုအပ်သည်။
မိုးသည်းညက လူတွေကို ရူးသွပ်တဲ့ ကိစ္စတွေကို လုပ်ဖို့ သတ္တိရှိစေခဲ့ပုံရပေမဲ့ နေ့အချိန်မှာတော့ ထိုသတ္တိတွေ ပျောက်ကွယ်သွားခဲ့ပါပြီ။ အဲ့ဒီလို စိတ်လွတ်ကိုယ်လွတ် ရူးသွပ်ပြီးတဲ့နောက်မှာ သူမ သူ့ကိုလည်း တည်ငြိမ်စွာ မျက်နှာချင်းမဆိုင်ရဲပါ။
ချန်လီချီလေးက သူမရဲ့ အမေကို ပျော်ရွှင်စွာ ပြောလိုက်သည်။ “ ဖေဖေက အရမ်း တော်တာပဲ မေမေ။ သမီးတောင် ဘာမှ ကူညီပေးစရာ မလိုဘဲနဲ့ မေမေ့ကို ချက်ချင်း ရှာနိုင်တယ်။ ”
“ ဟုတ်လား။ ” ချန်ကျင်းလန်သည် သူမ ရင်ခုန်သံမြန်နေတာကို ဖုံးကွယ်ရန်အတွက် သမီးဖြစ်သူရဲ့ စကားအတိုင်း သံယောင်လိုက် ရေရွတ်ရင်း ပန်းလေး တစ်ပွင့်ကို ခူးကာ သူမလေးကို ပေးလိုက်၏။ “ နမ်းကြည့်ပါလား သမီး … မွှေးရဲ့လားလို့လေ။ ”
ချန်လီချီက ပန်းလေးကို ဖျတ်ခနဲ ငုံ့နမ်းလိုက်ကာ ပန်းလေးထက်တောင် ပိုလှသော သူမရဲ့ ချစ်စရာ မျက်နှာလေးကို ပြန်မော့လိုက်သည်။ “ အရမ်း မွှေးတယ် မေမေ။ ”
သူ့ကို တစ်ချက်လေးတောင် မကြည့်တဲ့ ချန်ကျင်းလန်ကြောင့် ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေ မှုန်မှိုင်းသွားသော်လည်း သူမရဲ့ နှင်းဆီသွေးရောင် လွှမ်းနေတဲ့ နားရွက်ဖျားလေးတွေကို မြင်ချိန်မှာတော့ စကားလုံးနှင့် ဖော်ပြလို့ မရတဲ့ ပျော်ရွှင်မှုက သူ့ရင်ခွင်ထဲကို တိုးဝင်လာလေသည်။
သူ့ကြောင်ြ သူမ ရှက်နေတယ် ဆိုတာ သေချာပါသည်။ သူမ ဘယ်လောက်ပဲ တခြားသူတွေကို ပြုံးပြပါစေ ၊ တခြားသူတွေရှေ့မှာ ဘယ်လောက်ပဲ စိတ်သက်သောင့်သက်သာရှိပြီး လွတ်လပ်ပေါ့ပါးနေပါစေ .. အဲ့ဒီလို သိမ်မွေ့တဲ့ ရှက်ရွံ့ခြင်းမျိုးကတော့ သူ့ရှေ့မှာသာ ထွက်ပေါ်လာတတ်သည်။ ပြောရရင်တော့ သူ တစ်ဦးတည်းနှင့် သက်ဆိုင်တဲ့ ရှက်ရွံ့ခြင်းပေါ့။
မျက်စိနှေးလွန်းလိုက်တဲ့ ငါပါလား။ အဲ့ဒါကို အစောကြီးကတည်းက သတိထားမိခဲ့သင့်တာ … ။
ရှောက်ချန်းကျယ်လည်း ပန်းလေးနားကို တိုးကပ်သွားလိုက်သည်။ “ ဖေဖေလည်း အနံ့ခံကြည့်ဦးမယ်နော် လီချီလေး။ ”
ပန်းလေးကို အနံ့ခံနေပေမဲ့ သူ့မျက်လုံးတွေကတော့ သူမကိုသာ စိုက်ကြည့်နေခဲ့ပါသည်။ ချန်ကျင်းလန်သည် မနေ့ညတုန်းက မြင်ကွင်း တချို့အကြောင်း ပြန်တွေးမိချိန်မှာ အစကတည်းက ပူနွေးနေတဲ့ သူမရဲ့ နားရွက်တွေမှာ မီးထတောက်လာတော့မလားတောင် ထင်ရသည်။
“ မွှေးလားဟင် ဖေဖေ။ ”
ချန်ကျင်းလန်က သူ့ကို မျက်လုံးထောင့်ကပ်ကြည့်ပြီး အနေအထိုင်ဆင်ခြင်ဖို့ သတိပေးလိုက်ပါသည်။
ရှောက်ချန်းကျယ်က သမီးဖြစ်သူရဲ့ မေးခွန်းကို အပြုံးတွေ ဝေလျက် ပြန်ဖြေလိုက်သည်။ “ အင်း။ အရမ်း မွှေးတယ်။ ”
စကားနှင့် အခွင့်အရေးယူနေတဲ့ သူ့ကို ချန်ကျင်းလန် ပိတ်ကန်ပစ်လိုက်ချင်ပေမဲ့ ဒီမှာ လီချီလေးလည်း ရှိနေတာမို့ စိတ်ပြန်ပြောင်းပြီး လက်ထဲက ပန်းတွေကို သူ့နားရွက်မှာ ပန်ပေးလိုက်၏။ “ ဖေဖေ့ကို ကြည့်ရတာ ဘယ်လို နေလဲ။ ကြည့်ကောင်းလား လီချီလေး။ ”
ချန်လီချီက ခေါင်းလေး စောင်းပြီး တောက်ပသော မျက်လုံးလေးများဖြင့် ဖေဖေ့ကို ကြည့်လိုက်သည်။ “ ကြည့်ကောင်းတယ်။ ဖေဖေက ပန်းနတ်သမီးလေးထက်တောင် ပိုလှသေးတယ်။ ”
“ ဖေဖေက အရမ်း ကြည့်ကောင်းနေတယ် ဆိုတော့ မေမေတို့ သူ့ကို ဒီနေ့ တစ်နေကုန် ပန်းပန်ခိုင်းထားလိုက်ကြမလား။ ”
“ ဟုတ် ဟုတ်။ အဲ့အကြံ ကောင်းတယ်။ ” လီချီလေးက ဖေဖေ့မျက်နှာကို ဆုပ်ကိုင်ပြီး သေချာ ကြည့်လိုက်သည်။ ပန်းလေးတွေက လှသလို ဖေဖေကလည်း လှတယ်။ ဖေဖေ့ခေါင်းမှာ ပန်ထားတဲ့အခါ ပန်းလေးတွေရော ၊ ဖေဖေပါ ပိုလှသွားသည်။ “ ဒီလို လုပ်လိုက်ပါလား ဖေဖေ။ ပန်းပန်ပြီးတော့ ဘိုးဘိုးကို သွားတွေ့လိုက်။ ဖေဖေ့ကို ဘိုးဘိုး မြင်သွားရင် သဘောကျသွားလိမ့်မယ်။ အဲ့ကျ သူ စာမေးပွဲမေးခွန်းတွေကိုလည်း လျော့လျော့ပေါ့ပေါ့ မေးလိမ့်မယ်။ ဖေဖေ အောင်ဖို့ သိပ်ခက်မှာ မဟုတ်တော့ဘူး။ ”
ရှောက်ချန်းကျယ်ရဲ့ အမူအရာက အနည်းငယ် အင်တင်တင်ဖြစ်သွားသည်။ သူ့သမီးရဲ့ အလှအပအပေါ် အမြင်ကို သူ ယုံကြည်ပေမဲ့ ဒီလို အလှအပကိုတော့ သူ့ယောက္ခထီးလောင်းကြီး သဘောကျလိမ့်မည်ဟု မထင်ပါ။
သို့သော်လည်း သူ့ကို ကြည့်နေတဲ့ သူ့သမီးရဲ့ မျက်လုံး ဝိုင်းဝိုင်းလဲ့လဲ့လေးတွေထဲမှာ “ လုပ်ပါ ဖေဖေရယ်။ မေမေ ပန်ပေးတဲ့ ပန်လေးကို ပန်ပြီး မေမေနဲ့ သမီး ဖြစ်စေချင်တာကို လုပ်ပေးပါ။ ” ဟူသော စကားလုံးတွေ ပြည့်နှက်နေသည်။
ချန်ကျင်းလန်သည် ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမဲ့ မျက်နှာပေါ်က အပြုံးကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။ လီချီလေး ရှိနေရင် သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို သူမ အမြဲတမ်း ရှာလို့ ရသည်။
ရှောက်ချန်းကျယ်က တောက်ပသော မျက်လုံးများဖြင့် သူမကို လှည့်ကြည့်လိုက်သည်။ “ ကိုယ်က အရမ်း ကြည့်ကောင်းလွန်းလို့ မင်းကို အချိန်တိုင်း ပြုံးနေအောင်တောင် လုပ်နိုင်တယ်လား။ ”
ချန်ကျင်းလန်က လေးလေးနက်နက် အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။ “ အင်း ၊ ရှင်က တကယ့်ကို အရမ်း ကြည့်ကောင်းတာ။ ”
ရှောက်ချန်းကျယ်င သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ဖျစ်ညှစ်ရင်း နွေးထွေးစွာ ပြောလိုက်သည်။ “ ကျေးဇူးတင်ပါတယ်။ ”
“ ဘာကို ကျေးဇူးတင်တာလဲ။ ”
“ ကိုယ်နဲ့ လိုက်ခဲ့ပေးလို့။ ”
“ အရမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေပါနဲ့။ ကျွန်မအဖေ ရှင့်ကို ဘယ်လို ရိုက်နှက်မလဲ ဆိုတာ ကြည့်ချင်လို့ လိုက်လာတာ။ ”
ရှောက်ချန်းကျယ် ပြုံးလိုက်သည်။ “ ဒါဆို မင်းအဖေ ကိုယ့်ကို ရိုက်တော့မှ စိတ်မကောင်းဖြစ်မနေနဲ့နော်။ ”
ချန်ကျင်းလန်က တံခါးလက်ကိုင်ဖုကို ဆုပ်ကိုင်လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ စိတ်မပူပါနဲ့။ ရှင့်ကို နာနာလေး ဆုံးမလို့ ရအောင်လို့ ကျွန်မက အဖေ့ကို တုတ် တစ်ချောင်းနဲ့ လက်ဖက်ရည်ခွက်ပါ ပေးလိုက်ဦးမှာ။ ”
ရှောက်ချန်းကျယ်က တစ်ခုခု ပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ သူ့ရှေ့က တံခါးက ပွင့်သွားခဲ့ပြီ ဖြစ်သည်။ သူ့နားရွက်ပေါ်က ပန်းကို အမြန်ဆုံး ဖြုတ်ပစ်လိုက်ပေမဲ့ သူ့လက်ထဲမှာ ကိုင်ထားရုံက လွဲလို့ တခြား ထားစရာ နေရာ မရှိပါ။
ချန်ကျင်းလန်က ဘေးမှာ ရပ်ပြီး “ အဖေ ” လို့ အသံပြုလိုက်တော့ ချန်ရှန်းဟယ်က “ အင်း ” လို့ ပြန်ထူးသည်။
ရှောက်ချန်းကျယ်သည် ချန်ကျင်းလန်ဆီသို့ လျှောက်သွားပြီး ချန်ရှန်းဟယ်ကို “ ဦးလေး ” ဟု လှမ်းခေါ်လိုက်သော်လည်း ချန်ရှန်းဟယ်ကတော့ လက်ဖက်ရည်ကိုသာ သောက်နေပြီး သူ့ကို ဘာမှ ပြန်မပြောပေ။
ချန်ရှန်းဟယ် တစ်ယောက် လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ချလိုက်ချိန်မှာတော့ သူ့လက်ထံက ပန်းကို မြင်သွားလေသည်။ သူ မျက်မှောင်ကြုတ်ပြီး အဆုတ်ထဲက လေတွေကို ရှူထုတ်ပစ်လိုက်မိသည်။ သူ့စိတ်ထဲကို ရောက်လာတာက ‘ ဒီကောင် ငါ့ရှေ့မှာ ငါ့သမီးကို ဖြားယောင်းဖို့ လုပ်နေတာလား ’ ဆိုတဲ့ အတွေးပါပဲ။ ငါ့ဂေါက်ရိုက်တံ ဘယ်မှာလဲ …။ ဂေါက်ရိုက်တံ ရှာမတွေ့ရင် ဒီကောင့်ကို လက်ဖက်ရည်ခွက်နဲ့ ပစ်ပေါက်မိမယ် ထင်တယ်။
ရှောက်ချန်းကျယ်က ချန်ရှန်းဟယ် ထိုင်နေတဲ့ စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး ပန်းလေးကို စားပွဲပေါ်မှာ တင်ပေးလိုက်သည်။
ချန်ရှန်းဟယ် ကြောင်အသွားသလို ချန်ကျင်းလန်လည်း ကြောင်အသွား၏။
ရှောက်ချန်းကျယ်က ခြေ နှစ်လှမ်း နောက်ဆုတ်ပြီး ချန်ကျင်းလန်ဘေးမှာ ရပ်လိုက်သည်။ “ ကျွန်တော် ကျင်းလန်ကို ရှာဖို့ မှန်လုံအိမ်ကို သွားရင်းနဲ့ လီချီလေးနဲ့ တွေ့ခဲ့တယ်။ လီချီလေးက ကျွန်တော့်ကို သူ့အဘိုးဆီ ဒီအလှဆုံးပန်းလေးကို ယူသွားပေးဖို့ ပြောတယ် ၊ ပြီးတော့ သူ့အဘိုးရဲ့ အပြုံးကလည်း ဒီပန်းလေးလိုပဲ လှပါတယ်တဲ့။ ”
ချန်ကျင်းလန် : …..
ချန်ရှန်းဟယ် : …..
ချန်ရှန်းဟယ်သည် ခုနတုန်းကအထိ ဒီကောင့်ကို လက်ဖက်ရည်ခွက်နှင့် ပစ်ပေါက်ဖို့ တွေးနေခဲ့ပေမဲ့ အခုတော့ သူ့ဒေါသတစ်ဝက်လောက်က ချက်ချင်း အငွေ့ပျံသွားသည်။ ထိုစကားတွေက အမှန်တကယ်ပဲ သူ့ရဲ့ ချစ်စဖွယ် မြေးမလေး ပြောတဲ့ စကားတွေ ဖြစ်ပုံပေါ်သည်။ လူတွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်လောက်တဲ့ ချစ်စရာကောင်းလွန်းတဲ့ ပါးစပ်လေးပါပဲကွယ် … ။
ချန်ရှန်းဟယ် ပြောဖို့ ပြင်နေတဲ့ စကားတွေ အကုန်လုံး လည်ချောင်းဝမှာ တစ်ဆို့သွားသည်။ သူ စားပွဲပေါ်က ပန်းတွေကို တစ်လှည့် ၊ ချန်လီချီရဲ့ မျက်လုံးလေးတွေနှင့် တစ်ထေရာတည်းတူသော မျက်လုံးတွေကို မျက်လုံးတွေပို တစ်လှည့် ကြည့်လိုက်မိသည်။ ရှောက်ချန်းကျယ်ကို ပစ်ပေါက်ဖို့ အသင့်အနေအထားဖြင့် မြှောက်ထားတဲ့ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် လေးလံစွာ ပြန်ချလိုက်သည်။ သူ့အသံက နည်းနည်းလေး ကျယ်နေခဲ့ပြီး သူ့သမီးကို တစ်ချက် ကြည့်လိုက်ပြီးမှ ရှောက်ချန်းကျယ်ကို လေးလေးနက်နက် ပြန်ကြည့်လိုက်သည်။ “ ငါ စကားတွေ အများကြီး မပြောချင်ဘူး။ အဲ့ဒါကြောင့် လိုရင်းပဲ ပြောမယ်။ မင်းတို့မိသားစုနဲ့ မင်းရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို အရင်ဆုံး ပြီးအောင် ဖြေရှင်းလိုက်ဦး။ အကုန်လုံး ကိစ္စရှင်းသွားမှ ငါ့ဆီ ပြန်လာခဲ့ ၊ အဲ့ကျမှ ကျန်တာ ဆက်ပြောမယ်။ ”
ရှောက်ချန်းကျယ်က တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေပေမဲ့ ချန်ရှန်းဟယ်က သူ့ကို ဖြတ်ပြောလိုက်သည်။ “ ငါ့ကို ပါးစပ်အပြောလေးနဲ့ အာမခံချက်တွေ လာမပေးနဲ့။ ငါက လက်တွေ့သမား။ ပြီးတော့ ငါ မင်းကို ငါတို့အိမ်မှာ နေ့လယ်စာ စားခိုင်းမှာလည်း မဟုတ်ဘူး။ စားလည်း မစားခိုင်းသင့်ဘူးလို့ ထင်တယ်။ မင်းလည်း နေ့လယ်စာ တစ်နပ်တောင် ဝယ်မစားနိုင်လောက်အောင် ဆင်းရဲနေတာမှ မဟုတ်တာ။ လီချီလေး စိတ်မကောင်းမဖြစ်စေမယ့် ဆင်ခြေမျိုး ပေးပြီးတော့ ငါ့အိမ်က ပြန်လို့ ရပြီ။ ”
ရှောက်ချန်းကျယ်က ခဏတာ တိတ်ဆိတ်သွားပြီးမှ “ ဟုတ်ကဲ့ပါ ဦးလေး။ ကျွန်တော် ဒီနေ့ပဲ လုပ်စရာရှိတာတွေ လုပ်လိုက်ပါ့မယ်။ အဲ့ဒါဆို ကျွန်တော် အခု အရင် ပြန်လိုက်ပါဦးမယ်။ သိပ်မကြာခင် ဦးလေးရှေ့ကို ထပ်လာခဲ့ပါ့မယ်။ ”
ချန်ရှန်းဟယ်က သူ့ကို လက်ဝှေ့ရမ်းပြပြီး အမြန် ထွက်သွားဖို့ ပြောလိုက်သည်။
ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို “ ကိုယ် အရင် ပြန်နှင့်မယ်။ ” ဟု တီးတိုး ပြောလိုက်တော့ သူမက သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ “ အင်း ” ဟု ခေါင်းညိတ်ပြသည်။
ချန်ရှန်းဟယ်က ရှောက်ချန်းကျယ်အပေါ် သမီးဖြစ်သူရဲ့ ဆက်ဆံပုံကို မြင်လိုက်ရတော့ စိတ်အေးသွားသည်။ စာကြည့်ခန်းထဲကနေ ရှောက်ချန်းကျယ် ထွက်သွားသောအခါ ချန်ရှန်းဟယ်သည် သူ့ဘေးက ထိုင်ခုံကို လက်ညိုးထိုးပြရင်း ချန်ကျင်းလန်ကို ပြောလိုက်၏။ “ ထိုင်လေ ၊ သမီး ဘာလို့ အဲ့မှာ ဒီတိုင်းကြီး ရပ်နေတာလဲ။ ”
ချန်ကျင်းလန်ကတော့ ဝင်မထိုင်ပေ။ “ သမီး တောင်းပန်ပါတယ် အဖေ။ အဖေ့ကို အခက်တွေ့အောင် လုပ်မိသလို ဖြစ်သွားတယ်။ ”
ချန်ရှန်းဟယ်က သမီးဖြစ်သူကို ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ သမီး သူ့ကို သဘောကျလား။ ”
ချန်ကျင်းလန်ရဲ့ မျက်နှာက အနည်းငယ် အနီရောင်သမ်းသွားတော့ ချန်ရှန်းဟယ် နူးညံ့စွာ ပြုံးလိုက်သည်။ “ သမီး သူ့ကို သဘောကျတယ် ဆိုရင် အဖေ့အတွက် ဘာကမှ အခက်မတွေ့စေပါဘူးကွယ် ၊ ပြီးတော့ အဲ့ကောင်လေးက စာရိတ္တကောင်းပါတယ်။ သူ့ဆီမှာ ရှောက်မိသားစုနဲ့ တူတဲ့ အချက်တွေ မတွေ့ရဘူး။ ”
ချန်ကျင်းလန် အံ့ဩသွားသည်။ “ အဖေ … ”
“ အင်း ၊ အဖေ သူ့ကို သဘောမကျဘူး။ ဘယ်အဖေကမှ သူ့သမီးကို သွေးဆောင်ဖြားယောင်းပြီး စွန့်ပစ်ခဲ့တဲ့ လူမျိုးကို သဘောကျမယ် မထင်ဘူး။ သူက သမီး တစ်ယောက်တည်းကိုပဲ စွန့်ပစ်ခဲ့တာ မဟုတ်ဘူး ၊ အဖေ့မြေးမလေးကိုပါ စွန့်ပစ်ခဲ့တာ။ ”
လှိုက်တက်လာသော ဝမ်းနည်းစိတ်ကြောင့် ချန်ကျင်းလန်ရဲ့ နှာခေါင်းဝမှာ မွှန်လာသည်။ “ သမီး ဘယ်မှ မသွားပါဘူး အဖေ။ လီချီလေးနဲ့ သမီးက အဖေနဲ့ အမေ့ဘေးမှာပဲ အမြဲ နေသွားမှာပါ။”
ချန်ရှန်းဟယ်က သက်ပြင်း တစ်ချက် ရှိုက်လိုက်ပြီး စိတ်ရင်းအမှန်အတိုင်း ပြောလိုက်လေသည်။ “ သမီးအမေနဲ့ အဖေကတော့ အဲ့လိုပဲ မျှော်လင့်တာပေါ့ ၊ ဒါပေမဲ့ သမီးဘေးနားမှာ တစ်ယောက်ယောက် ရှိပေးနိုင်ဖို့ ပိုပြီး မျှော်လင့်တယ်။ သမီးအမေနဲ့ အဖေကလည်း သမီးဘေးမှာ အမြဲတမ်း ရှိပေးနိုင်မှာ မဟုတ်ဘူးလေ။ လီချီလေးကလည်း တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာမှာ။ သမီးဘေးမှာ အေးအတူ ပူအမျှ အတူရှိပေးနိုင်မယ့် လူ တစ်ယောက် ပေါ်လာစေချင်တာက အဖေနဲ့ အမေရဲ့ အကြီးမားဆုံး ဆန္ဒပဲ။ ”
ချန်ကျင်းလန် မျက်ရည်ဝဲလာမိသည်။
***