← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အပိုင်း ( ၇၀ )

ချန်ရှန်းဟယ်က သမီးဖြစ်သူဆီ လျှောက်သွားပြီး သူမရဲ့ ပခုံးလေးကို ပုတ်ပေးလိုက်သည်။ “ သမီး ချစ်တဲ့ လူကို သမီးရဲ့ စိတ်အကြောင်း ပွင့်ပွင့်လင်းလင်း စိတ်ဖြောင့်လက်ဖြောင့်နဲ့ သွားပြောလိုက်ပါ။ ဒါပေမဲ့ အဖေကတော့ သူ့ကို အချိန် ခဏလေးနဲ့ လက်ခံပေးမှာ မဟုတ်ဘူး။ သူတို့မိသားစုရဲ့ အိမ်တွင်းရေးတွေက အရမ်း ရှုပ်ထွေးလွန်းတယ်။ အဲ့ဒီ အရှုပ်အထွေးတွေကို သူကိုယ်တိုင် မဖြေရှင်းနိုင်ဘဲနဲ့ သမီးက သူ့အစား ဝင်ဖြေရှင်းပေးလို့ မရဘူး။ သူ့မှာ အရှုပ်အထွေးတွေကို ဖြေရှင်းဖို့ အစွမ်းအစမရှိရင် အနာဂတ်မှာ သူ သမီးနဲ့ လီချီလေးကို ကာကွယ်ပေးဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ ၊ ကာကွယ်ပေးနိုင်မှာလည်း မဟုတ်ဘူး။ ”

ချန်ကျင်းလန်ရဲ့ မျက်လုံးတွေက မျက်ရည်စတို့ဖြင့် စိုလက်နေသည်။ “ ကျေးဇူးတင်ပါတယ် အဖေ။ ”

ချန်ရှန်းဟယ်က ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ အရူးမလေး ၊ ကိုယ့်အဖေကို ကျေးဇူးတင်စရာလား။ လာ ၊ နေ့လယ်စာ သွားစားကြမယ်။ ” ထို့နောက် သူ အရင်ဆုံး ထွက်ခဲ့လိုက်၏။ သူ ဒီမှာ ကြာကြာ ဆက်နေရင် သူ့သမီးရဲ့ မျက်လုံးတွေ နီရဲလာမှာ စိုးရိမ်သည်။

စာကြည့်ခန်းထဲက ထွက်လာတဲ့ ချန်ကျင်းလန်သည် ရေချိုးခန်းထဲမှာ အကြာကြီး ဝင်နေမိကာ မျက်ရည်စတွေဖြင့် မှုန်‌ဝါးရီဝေနေတဲ့ သူမရဲ့ မျက်လုံးတွေ ကြည်လက်သွားတော့မှ အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။

ချန်အိမ်တော်ထဲကနေ ရှောက်ချန်းကျယ် ထွက်လာသည်နှင့် သူ့ကို အိမ်ရှေ့မှာ လူ တစ်ယောက်က လမ်းပိတ်ထားတာခံလိုက်ရသည်။ ထိုလူက သူ့အဘိုးရဲ့ အတွင်းရေးမှူး ကျန်းချန် ဖြစ်သည်။ သူ လှောင်ရယ်လိုက်၏။ “ ကျွန်တော်တို့ရဲ့ သခင်ကြီးက လူတွေကို နောက်ယောင်ခံလိုက်တဲ့ နေရာမှာ အရမ်း တော်တာကို တစ်ချက် မေ့သွားတယ်။ ”

ကျန်းချန်က လေးလေးစားစား ပြောလိုက်သည်။ “ သခင်လေး အိမ်ပြန်တာ ကောင်းလိမ့်မယ် ထင်တယ်။ မဟုတ်ရင် နောက်တစ်ခေါက်ကျ ရောက်လာမယ့် လူက သခင်ကြီး ဖြစ်သွားလိမ့်မယ်။ ကျွန်တော်လည်း သခင်ကြီးကို သူကိုယ်တိုင် ရောက်မလာစေချင်ဘူး။ ”

ရှောက်ချန်းကျယ်က နှုတ်ခမ်းတွေကို တွန့်ချိုး၍ ပြုံးလိုက်သည်။ “ ကျွန်တော့်ကို နာမည်အရင်းနဲ့ပဲ ခေါ်ပါ ဦးလေးချန်။ ကျွန်တော့်ကို ဒါရိုက်တာဘုတ်အဖွဲ့ကနေ သခင်ကြီးကိုယ်တိုင် မောင်းထုတ်လိုက်တာလေ။ အခု ကျွန်တော့်မှာ ဒါရိုက်တာရှောက် ဆိုတဲ့ နာမည်လည်း မရှိတော့ဘူး ၊ ဦးလေးချန် ကျွန်တော့်ကို ဘာမှ လာခြိမ်းခြောက်စရာ မလိုပါဘူး။ သခင်ကြီးကရော ဒီကို လာရဲမှာတဲ့လား။ သူ လာရဲမှာ မဟုတ်ပါဘူး။ သူ ဒီကို လာရင် အဲ့ဒါ အရှက်မရှိလို့ လာတာပဲ။ ”

ကျန်းချန်က သူ့ကို ရိုရိုကျိုးကျိုး ဆက်ဆံနေဆဲ ဖြစ်ကာ ဖုန်းကို အိတ်ကပ်ထဲက ထုတ်ယူလိုက်သည်။ “ သခင်လေး အိမ်ပြန်မလိုက်ချင်ဘူး ဆိုရင်လည်း သခင်ကြီးရှောက်ရဲ့ ဖုန်းကိုတော့ ကိုင်လိုက်ပါ။ ”

“ ကျွန်တော် ပြန်လိုက်ခဲ့မှာပါ။ ကျွန်တော့်မှာလည်း အဘိုးနဲ့ လုပ်စရာ ရှိသေးတယ်။ ” ရှောက်ချန်းကျယ်သည် ကားတံခါးကို ဆွဲဖွင့်ပြီး ကားထဲ ဝင်ခဲ့လိုက်သည်။

ကျန်းချန်က သူ အသာတကြည် အိမ်ပြန်လိုက်မည်ဟု မျှော်လင့်မထားတာမို့ စက္ကန့်ပိုင်းလောက် ကြောင်အနေမိသည်။

ရှောက်ချန်းကျယ်က ရယ်ရွှင်ရိပ်စွန်းနေသော မျက်လုံးများဖြင့် ကားမှန်ကို တဒေါက်ဒေါက် ခေါက်ရင်း “ ဘာတွေ တွေးနေတာလဲ ဦးလေးကျန်း။ သွားကြမယ်လေ။ ” ဟု ပြောလိုက်သည်။

အခန်းထဲကို မဝင်ခင်ကတည်းက သူ့ကုတ်အင်္ကျီကို လိုရမယ်ရ ချွတ်ထားခဲ့တာမို့ တော်သေးရဲ့။ တံခါးကို တွန်းဖွင့်ပြ အခန်းထဲ ဝင်ခဲ့လိုက်သည်နှင့် ထင်ထားတဲ့အတိုင်း လက်ဖက်ရည်ခွက်နှင့် ပစ်ပေါက်၍ ကြိုဆိုခံလိုက်ရသည်။ သူ့နဖူးနှင့် မိတ်ဆက်သွားတဲ့ လက်ဖက်ရည်ခွက်က သိပ်တော့ မနာလိုက်ပါ။ အတိတ်တုန်းက ဒီနာကျင်မှုထက် အဆပေါင်းများစွာ ပိုတဲ့ နာကျင်မှုတွေကို သူ ခံစားဖူးသည်ပဲ။

ဒေါသတွေကို လေး ၊ ငါးရက်လောက် မျိုသိပ်ထားခဲ့ရတဲ့ ရှောက်ယွင်ကျန်းသည် သူ့ဒေါသတွေရဲ့ အကြောင်းတည်ရာ လူကို မြင်ချိန်မှာ ‌ဒေါသရေချိန် အထွဋ်အထိပ်ကို ရောက်သွားလေသည်။ “ ရှောက်ချန်းကျယ် ၊ မင်း ဘာတွေ လုပ်ဖို့ တွေးနေလဲ ဆိုတာ ပြောစမ်း။ ”

ရှောက်ယွင်ကျန်း သူ့ကို ဒေါသထွက်ထွက်နှင့် ရှောက်ကော်ပိုရေးရှင်းထဲကနေ နှုတ်ထွက်ဖို့ ပြောခဲ့ပေမဲ့ သူ့စိတ်ထဲက တကယ် ရည်ရွယ်ခဲ့တာတော့ မဟုတ်ပါ။ ရှောက်ချန်းကျယ်ကို အတိတ်တုန်းကလိုမျိုး သူကပဲ နယ်ရုပ်လေး တစ်ရုပ်လို ချယ်လှယ်ကစားနိုင်ကြောင်း သိစေချင်ခဲ့တာပင်။

ဒါပေမဲ့ ဖြစ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေကို သူ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ရှောက်ချန်းကျယ် နှုတ်ထွက်သွားကတည်းက ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးတွေက တစ်နေ့တခြား ထိုးကျလာခဲ့သည်။ သူ့ကို ပိုလို့တောင် သွေးတက်စေတာကတော့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အားလုံးနီးပါးက ရှောက်ချန်းကျယ်ကို ထောက်ခံသူတွေ ဖြစ်နေတာပါပဲ။ ရှောက်ချန်းကျယ် နှုတ်ထွက်သွားခြင်းကြောင့် ဒါရိုက်တာဘုတ်အဖွဲ့ကလည်း သူ့ကို ပြဿနာရှာနေခဲ့သည်။ နှစ်လ ၊ သုံးလအတွင်းမှာတင် ဒါရိုက်တာဘုတ်အဖွဲ့ကို သူ့ဘက်ပါအောင် စည်းရုံးနိုင်ခဲ့တဲ့ ရှောက်ချန်းကျယ်ရဲ့ အရည်အချင်းက ဩချစရာ။

သူ ရှောက်ကျန်းထင်ကို ထုတ်ပယ်တာပဲဖြစ်ဖြစ် ၊ ရှောက်ယွင်ကျန်းကို ထုတ်ပယ်တာပဲဖြစ်ဖြစ် လုပ်ရင်တောင် လက်ရှိ အခြေအနေကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါ။ ရှောက်ယွင်ကျန်းသည် သူ ထိုကလေး ဆင်ထားတဲ့ ‌ထောင်ချောက်ထဲ ကျသွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

လက်ဖက်ရည်ခွက်နှင့် ပစ်ပေါက်ခံလိုက်ရပေမဲ့ ရှောက်ချန်းကျယ်သည် တစ်ချက်လေးတောင် မျက်မှောင်မကြုတ်မိပါ။ သူ့ပခုံးပေါ်က လက်ဖက်ရည်စက်လေးတွေကိုသာ ခါချရင်း “ အဘိုးက ကျွန်တော့်ကို မေးနေပြီ ဆိုတော့လည်း ဖြေပေးရမှာပေါ့။ ကျွန်တော် ဝူကျင်းယောင်ရဲ့ နာမည်အောက်က ရှယ်ယာတွေကို လိုချင်တယ်။ ”

ရှောက်ယွင်ကျန်းက “ မရဘူး။ အဲ့လို လုံးဝ မဖြစ်နိုင်ဘူး။ ” ဟု ပြတ်ပြတ်သားသား ငြင်းလိုက်တော့ ရှောက်ချန်းကျယ်က “ အခု ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးတွေက ဟိုးအောက်ဆုံးကို ထိုးကျနေပြီလို့ အဘိုး မထင်ဘူးလား။ ရှောက်ကျန်းထင်ရဲ့ မွေးနေ့အမှန်ကိုသာ အပြင်လူတွေ သိသွားရင် ဘာဖြစ်သွားမယ်လို့ အဘိုး ထင်လဲ။ အဘိုးမိန်းမရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတွေက ပိုအရေးကြီးလား … ကုမ္ပဏီက ပိုအရေးကြီးလား။ ” ဟု တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။

“ မင်းကများ ရာရာစစ … ” ရှောက်ယွင်ကျန်းက စားပွဲပေါ်က မှင်သွေးသည့် ကျောက်တုံးကို ယူပြီး ပစ်ပေါက်လိုက်သည်။

ရှောက်ချန်းကျယ်က ဘေးကို အသာအယာ ယိမ်းရှောင်ရင်း “ ဘာလို့ ကျွန်တော်က ရာရာစစလဲ။ အဘိုးက ကျွန်တော့်အဘွားနောက်ကွယ်မှာ အဲ့လို လူကြားမကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ထားပြီးတော့ ကျွန်တော့်ကို အမှားထောက်ပြခွင့်မပြုဘူးပေါ့လေ။ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကျွန်တော် ပြန်မစုံစမ်းနိုင်ဘူးလို့ အဘိုး ထင်နေတာလား။ လူတွေ မကောင်းတဲ့ ကိစ္စ တစ်ခုခုကို လုပ်လိုက်တာနဲ့ ခြေရာလက်ရာတွေ ဆိုတာ ကျန်ခဲ့တာပဲ။ အဘိုးက လူ့လောကမှာ ကျွန်တော့်ထက် နှစ်တွေ အများကြီး နေလာ‌တာ ဆိုတော့ အဲ့သဘောသဘာဝကိုလည်း ကျွန်တော့်ထက် ပိုသိမှာပါ။ ကျွန်တော် အတိုင်းအတာ တစ်ခုထိပဲ စိတ်ရှည်ပေးနိုင်တယ်။ အဘိုးမှာ အချိန် သုံးရက် ရမယ် ၊ ကျွန်တော် ပြောတဲ့ ကိစ္စကို သုံးရက်အတွင်း လုပ်မပေးနိုင်ရင် ကျွန်တော့်ဘက်က ဆုံးဖြတ်ချက် တစ်ခု ချရမှာ‌ပေါ့။ တနင်္လာနေ့ ပြန်တွေ့ကြရအောင်။ ”

ရှောက်ချန်းကျယ်သည် ထိုစကားကို ပြောပြီးနောက် တံခါးကို တွန်းဖွင့်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။ သူ တံခါးဝမှာ တစ်မိနစ်လောက် ရပ်နေပြီး ခန္ဓာကိုယ်ထဲက သည်းမခံနိုင်မှု ၊ စိတ်ပျက်မှုတွေကို ပြေပျောက်စေဖို့ စီးကရက် တစ်လိပ်ကို မီးညှိပြီး စီးကရက်ငွေ့တွေကို အဆုတ်ထဲထိ ရှူရှိုက်ပစ်လိုက်သည်။ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ကျန်းချန်ကိုလည်း လှမ်းပြောလိုက်၏။ “ အခန်းထဲ ဝင်ပြီး သူ့ကို သွားကြည့်လိုက်ဦး။ သွေးတက်လို့ ဆေးတွေ သောက်နေရလောက်ပြီ။ ဦးလေးချန်နဲ့ မဆိုင်တဲ့ ကိစ္စကို ဦးလေးချန်ကိုပါ ပတ်ရမ်းနေမလားပဲ။ ”

ဝူကျင်းယောင်ကတော့ လှေကားထိပ်မှာ ရပ်နေခဲ့ပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ အမြဲတမ်း ရည်ရွယ်ချက်ရှိရှိ ဖန်တီး လုပ်ယူထားတဲ့ အပြုံးယဲ့ယဲ့လေးလည်း သူမနှုတ်ခမ်းထက်မှာ မရှိတော့ဘဲ သူတစ်ပါးကို ဒုက္ခရောက် ပျက်စီးစေလိုတဲ့ မျက်လုံးစိမ်းတွေပဲ ကျန်ခဲ့သည်။

ကြည့်လိုက်ပါဦး ၊ မျက်နှာဖုံးကို ဆွဲဖွာပစ်လိုက်တော့ ဘယ်သူမှ အပင်ပန်းခံပြီး ဆက်ဟန်မဆောင်နိုင်တော့ဘူး။ ချက်ချင်းကို သရုပ်မှန်တွေ ပေါ်လာတော့တာပဲ။ ကောင်းချက်။

ချန်ကျင်းလန်သည် နေ့ခင်းတုန်းက အကြာကြီး အိပ်ထားမိတာမို့ ညဘက်ရောက်တော့ အိပ်ချင်စိတ်ပျောက်ကာ မျက်လုံးကျယ်နေသည်။ လီချီလေးကို ချော့သိပ်ပြီးသွားတော့ အရင်ရက်တွေတုန်းက သွားခဲ့တဲ့ အလုပ်ခရီးကြောင့် စုပုံနေတဲ့ အလုပ်ကြွေးတွေကို ထိုင်ရှင်းနေလိုက်သည်။ အလုပ်တွေ အကုန်လုံး ပြီးသွားတာတောင် သူမ သိပ်မအိပ်ချင်သေးဘဲ ထိုင်ခုံကို ခပ်လျော့လျော့ မှီရင်း မျက်နှာကျက်ကို ဗလာမျက်လုံးများဖြင့် မော့ကြည့်လိုက်မိသည်။

ထိုခဏမှာပဲ သူမရဲ့ ဖုန်းမျက်နှာပြင်က ဖျတ်ခနဲ လင်းလာသည်။ ဖုန်းကို ကောက်ကိုင်လိုက်တော့ “ [ အိပ်ပြီလား။ ] ” ဆိုတဲ့ မက်ဆေ့ခ်ျလေးကို မြင်လိုက်ရသည်။ ထိုမက်ဆေ့ခ်ျကို ခဏလောက် ငြိမ်ကြည့်နေမိပြီးမှ “ [ အိပ်ပြီ။ ] ” ဟု စာပြန်လိုက်သည်။

ချက်ချင်းပဲ Voice Call တစ်ခု ဝင်လာတော့ သူမလည်း ကိုင်လိုက်သည်။ “ ရှင် ဘာ‌ပြောမလို့ Voice Call ခေါ်လိုက်တာလဲ။ ”

“ မင်း ဘာလို့ ဒီလောက် နောက်ကျတဲ့အထိ နေ,နေတာလဲ။ ”

“ လုပ်စရာ အလုပ်တွေ ရှိလို့လေ။ အလုပ်ကြွေးတွေမှ တောင်လို ပုံနေတာ။ ”

ချန်ကျင်းလန်သည် ထိုင်ခုံမှ ထကာ ပြတင်းပေါက်ရှေ့မှာ သွားရပ်ရင်း ညကောင်းကင်နှင့် လရောင်ဖျော့ဖျော့ကို ငေးမောကြည့်မိသည်။ “ ရှင် ဘာလို့ အခုချိန်ထိ မအိပ်သေးတာလဲ။ ”

“ ကိုယ်လား ….. ။ ကိုယ်က ညလယ်စာ အဆာပြေမုန့်တွေ ဝယ်ပြီးတော့ ညနက်တဲ့ထိ အလုပ်ကြိုးစားတဲ့ လူတွေဆီ ဘယ်လို ပို့ပေးရင် ကောင်းမလဲ ဆိုတာ တွေးနေတာ။ ” သူ ကားပြတင်းပေါက်မှန်ပေါ်ကို လက်တင်လိုက်ပြီး ကောင်းကင်ပေါ်က လမင်းကို မော့ကြည့်လိုက်သည်။ မြို့ရဲ့ ညကောင်းကင်အလှကိုတော့ သူ မမြင်နိုင်ပါ။

ချန်ကျင်းလန်က တံခါးဘက်ကို လှမ်းကြည့်လိုက်သည်။ “ ရှင် အပြင်မှာ ရောက်နေတာလား။ ”

“ အင်း။ ” ရှောက်ချန်းကျယ် အပြင်မှာ ရောက်နေတာ တစ်နာရီနီးပါး ရှိပါပြီ။ သူ အိမ်ထဲထိ ဝင်ဖို့တော့ ဆန္ဒမရှိဘဲ ဒီတိုင်းလေး သူမနှင့်အနီးမှာ ရှိနေချင်ရုံလေးပါ။ “ ကိုယ် မင်းနဲ့ မတွေ့ရတာ သုံး ၊ လေးနာရီလောက် ရှိသွားပြီလေ မြောင်မြောင်။ ကိုယ် မင်းကို လွမ်းတယ်။ ဘာလုပ်ရပါ့မလဲ။ ”

ချန်ကျင်းလန်က ပြတင်းပေါက်မှန်ကို ခေါင်းနှင့် ခပ်ဖွဖွလေး တိုက်ရင်း သူမဘေးက ရီမုတ်ကို လှမ်းယူလိုက်သည်။ ဖုန်းထဲကနေ ကလစ် ဆိုတဲ့ အသံတိုးတိုးလေး ထွက်ပေါ်လာသည်။

“ ဝင်ခဲ့ ၊ တံခါးဖွင့်လိုက်ပြီ။ ” ထိုစကားကို ပြောပြီးသည်နှင့် ဖုန်းချပစ်လိုက်သည်။ သူမကို ကြည့်ရတာ ဗိုက်ဆာလို့ ညလယ်စာ အဆာပြေ စားချင်လာတဲ့ ပုံပါပဲ။

အခန်းထဲကို ဝင်လာတဲ့ ရှောက်ချန်းကျယ်က သူ ယူလာတဲ့ ဘူးလေးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။ “ မင်းအကြိုက် ငါးအသားလုံး ဝယ်လာတယ်။ ”

ချန်ကျင်းလန်က သူ့ခေါင်းပေါ်က လျှာထုပ်ဦးထုပ်ကို သတိထားမိသွားပြီး တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။ သူ ဦးထုပ်ဆောင်းတာ ရှားတာမို့ သူမ သူ့နားကို ကပ်သွားလိုက်လျှင် သူကလည်း သူ့ဦးထုပ်ကို ချွတ်ပစ်လိုက်ချိန်မှာ သူ့နဖူးပေါ်က တစ်ခုခုနှင့် ပစ်ပေါက်ခံထားရတာ သိသာစွာ နီရဲရောင်ကိုင်းနေတဲ့ ဒဏ်ရာကို မြင်သွားသည်။

ရှောက်ချန်းကျယ်က ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်ချင်သလို ပြုံးလိုက်သည်။ “ ရယ်စရာကောင်းတယ် မဟုတ်လား။ မင်းအဖေဆီမှာ အရိုက်ခံရမယ့်အစား ကိုယ့်အဘိုးဆီမှာ အရိုက်ခံလိုက်ရတယ်တဲ့လေ။ ”

ချန်ကျင်းလန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ ဘာဖြစ်လို့လဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ကိစ္စတွေကြောင့်လား။ ”

သူမရဲ့ အဖေက ဟောက်ချန်ဟွမ်းကို ရိုက်ပစ်ချင်တယ်လို့ နေ့တိုင်း မကျေမနပ် ပြောနေပေမဲ့ ပါးစပ်အပြောသက်သက်ပဲ ရှိသည်။ ဒီလို ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ဖို့ နေနေသာသာ ၊ တစ်ချက်လောက်တောင် မရိုက်ဖူး။

“ မဟုတ်ပါဘူး။ အခုကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ကုမ္ပဏီက ကိစ္စတွေကြောင့်ပါ။ ”

“ ဆိုဖာပေါ်မှာ ထိုင်လိုက်။ ” ချန်ကျင်းလန်က မီးဖိုချောင်ထဲကို လှည့်ဝင်ခဲ့လိုက်ပြီး ရေခဲတုံး နှစ်တုံးကို ယူကာ တဘက်လေးနှင့် ပတ်၍ သူ့ကို ပေးဘိုက်သည်။ “ အနာသက်သာသွားအောင် ရေခဲကပ်ထားလိုက်။ မဟုတ်ရင် မနက်ဖြန်ကျ တအား ဖူးရောင်လာလိမ့်မယ်။ ”

သူက ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး မိုးမိထားတဲ့ ခွေးပေါက်လေးလို မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။ ဆံပင် နှစ်ခွေက တစ်ယောက်ယောက်ဆီမှာ အထိုးခံထားရသလိုမျိုး အရစ်အခွေလိုက် တွဲလွဲကျနေ၏။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဝမ်းနည်းစရာ အငွေ့အသက်တွေ ဖုံးလွှမ်းနေသလို ဘာလို့ ခံစားရတာပါလိမ့်။

“ ရှင့်မျက်လုံးတွေကို မှိတ်ထားလိုက်။ ”

ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားကာ ခေါင်းမော့ပြီး မျက်လုံးမှိတ်ထားလိုက်သည်။

သူမရဲ့ လက်လှုပ်ရှားမှုတွေက အလွန် သိမ်မွေ့ညင်သာပါသည်။ ရေခဲရဲ့ အေးစက်စက် အထိအတွေ့က တဘက်ကနေတစ်ဆင့် သူ့အသားထဲကို စိမ့်ဝင်သွားသလို သူမရဲ့ ဆံနွယ်တွေကလည်း သူ့နားရွက်တွေနှင့် ယှက်တိုက်နေခဲ့ပြီး ဝင်လေထွက်လေနွေးနွေးသည်လည်း သူ့မျက်တောင်တွေကို ပွတ်တိုက်နေခဲ့လေသည်။ သူ့နှလုံးသားထဲမှာ ငှက်တောင်မွှေးလေးနှင့် မထိတထိ တို့ထိခံနေရသလို ခံစားရသည်။

သူ့ရဲ့ အနည်းငယ် မှေးပိတ်ထားတဲ့ မျက်လုံးကြားထဲကို အလင်းရောင် တချို့ ဝင်ရောက်လာသောကြောင့် ရှောက်ချန်းကျယ် စကားစပြောလိုက်သည်။ “ လေဆိပ်ကနေ ပြန်လာတဲ့ ကားပေါ်မှာတုန်းက မင်း ရှစ်ရမ်ရဲ့ နာမည်ကို အိပ်နေရင်း ယောင်ပြီး ခေါ်နေတာ။ ”

ချန်ကျင်းလန်ရဲ့ လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။ “ ရှင် ကြားလိုက်လို့လား။ ”

“ ကြားလိုက်တယ်။ ”

“ ကျွန်မ သူ့အကြောင်း အိပ်မက်,မက်နေတာ နေမှာပေါ့။ ”

“ ဘာအိပ်မက်လဲ။ ” ရှောက်ချန်းကျယ်က မျက်လုံးပြန်ဖွင့်လိုက်သည်။

ချန်ကျင်းလန် သူ့ကို ကြည့်လိုက်၏။ “ ရှင်က ကျွန်မကို ဘာအကြောင်း အိပ်မက်,မက်စေချင်တာလဲ။ ”

“ ကိုယ် မင်းကို သူနဲ့ ပတ်သက်လို့ ဘာအိပ်မက်မှ မမက်စေချင်တာ။ ”

ချန်ကျင်းလန်သည် ခံစားချက်တွေကို သိုဝှက်လျက် သူ့ကို ခဏလောက် စိုက်ကြည့်ပြီးမှ သူ့မေးစေ့ကို လက်ဖြင့် ဆွဲမော့ကာ နမ်းလိုက်သည်။ ပူနွေးစိုစွတ်တဲ့ ဝင်လေထွက်လေက သူ့နှုတ်ခမ်းတွေကြားကို ဖြတ်သန်းဝင်ရောက်လာကာ သု့နားထဲမှာ အသံတိုးတိုးလေးကို ကြားလိုက်ရသည်။ “ ကျွန်မဘဝမှာ ဒီလို နမ်းဖူးတာ ရှင် တစ်ယောက်တည်းပဲ ရှိတယ် ရှောက်ချန်းကျယ်။ ရှင် သဝန်တိုစရာ ဘာရှိလဲ ဆိုတာ ကျွန်မ နားမလည်ဘူး ၊ ရှင် အရမ်း သဝန်တိုနေတာလား။ ”

ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးထဲက စွဲမက်ဖွယ်ရာ အကြည့်လေးကို ကြည့်နေရင်း သူ့အသက်ရှူသံတွေ ရုတ်တရက်ပဲ မြန်လာကာ သူမခန္ဓာကိုယ်လေးကို ဆွဲဖက်လိုက်သည်။ သူ သဝန်တိုနေတာရယ်တော့ မဟုတ်ရပါ။ သူမရဲ့ စိတ်အာရုံတွေ ၊ သူမရဲ့ ဂရုစိုက်မှုတွေ အကုန်လုံးကို သူ့တစ်ယောက်တည်းဆီမှာပဲ ရှိစေချင်ရုံပါ။

သူ့ရဲ့ ပြင်းပြင်းပြပြ အနမ်းတွေကို မတွန်းလှန်နိုင်တဲ့ ချန်ကျင်းလန်က သူ့ပခုံးကို ပုတ်ပြီး “ အခန်းထဲကို သွားရအောင်။ ” ဟု ပြောဖို့သာ တတ်နိုင်သည်။

ရှောက်ချန်းကျယ်က သူမကို ပွေ့ချီလိုက်ပြီး သူမရဲ့ အခန်းထဲကို ခပ်သွက်သွက် လျှောက်လာခဲ့ကာ အခန်းထဲကို ရောက်သည်နှင့် တံခါးပိတ်လိုက်၏။

“ မီးပိတ်လိုက်ဦး။ ” ချန်ကျင်းလန်ရဲ့ အသံသေးသေးလေးက သူ့သွားကြားကနေ မနည်း တိုးလျိုးထွက်ပေါ်လာသည်။

ရှောက်ချန်းကျယ်က သူ့ရင်ခွင်ထဲမှာ ချန်ကျင်းလန်ကို ပွေ့ချီထားခဲ့ပြီး သူ့လက်တွေက သူမရဲ့ နူးညံ့တဲ့ ခြေသလုံးတွေပေါ်မှာ ပြေးလွှားနေခဲ့သည်။ “ ကိုယ် မင်းကို မြင်ချင်တယ်။ ”

“ ဟင့်အင်း။ ” ချန်ကျင်းလန်က သဘောမတူဘဲ မီးပိတ်ဖို့ ရီမုတ်ရှာရန်အတွက် အိပ်ရာဘေးစားပွဲပေါ်ကို လက်လှမ်းလိုက်သည်။

“ မေမေ … ” တစ်ဝက်တစ်ပျက် ဖွင့်ထားတဲ့ တံခါးအပြင်ဘက်ကနေ ချန်လီချီရဲ့ ငိုမဲ့မဲ့ အသံလေး ထွက်ပေါ်လာသည်။ “ မေမေ အိပ်ပျော်နေပြီလားဟင်။ ”

ချန်ကျင်းလန် တစ်ယောက် ချက်ချင်းပဲ မိန်းမောနေရာမှ သတိဝင်လာသည်။ သူမ အိပ်ပျော်နေတုန်း ချန်လီချီလေး တစ်ခုခု ဖြစ်ရင် မသိလိုက်မှာ စိုးလို့ သူမရဲ့ အခန်းတံခါးကို ဘယ်တော့မှ လော့ခ်ချမထားတတ်ပေ။

ချန်ပျင်းလန်သည် သူမရဲ့ ခန္ဓာကိုယ်ပေါ်က လူကို ဗြုန်းခနဲ ကန်ထုတ်ပစ်လိုက်ကာ သူမကိုယ်သူမ စောင်ဖြင့် ပတ်၍ အမောတကာ အသက်လုရှူရင်း လီချီလေးကို နူးညံ့စွာ ပြန်ဖြေလိုက်သည်။ “ မေမေ မအိပ်သေးဘူး လီချီလေး။ သမီး ဘာဖြစ်လို့လဲ ၊ အိပ်မက်ဆိုး မက်လို့လား။ ”

မုဒ်ပျက်သွားတဲ့ ရှောက်ချန်းကျယ်က ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် ထိန်းရင်း ခုတင်ပေါ်က ဆင်းလိုက်သည်။ ပွင့်လာတော့မယ့် တံခါးကို မြင်တော့ ချန်ကျင်းလန်က သူ့ကို မျက်လုံးအကြည့်နှင့်ရော ၊ ပါးစပ်အပြောနှင့်ပါ အမြန် ပြောလိုက်သည်။ “ ကုတင်အောက်ကို ဝင်နေလိုက်။ ”

ရှောက်ချန်းကျယ်သည် ကန်ထုတ်ခံလိုက်ရလို့ နာသွားတဲ့ သူ့းခါးနှင့် ၊ နဖူးပေါ်က နီရဲနေတဲ့ ဒဏ်ရာကို လက်ဖြင့် ဖိကာ ခုတင်အောက်ကို မကျေမနပ် စိတ်ပျက်လက်ပျက် ဝင်သွားလိုက်ရလေသည်။

***

All Chapters