← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အပိုင်း ( ၇၁ )

ချန်လီချီက တံခါးကို ဖွင့်လိုက်ချိန်မှာပဲ ချန်ကျင်းလန်ကလည်း သူမကိုယ်သူမ သပ်သပ်ရပ်ရပ် ဖြစ်အောင် အချိန်မီ ပြင်လိုက်နိုင်သည်။ ခုတင်ပေါ်မှာ ရပ်ပြီး ချန်လီချီလေးကို ကမ်းလင့်ကြိုဆိုလိုက်၏။ “ မေမေ့ရဲ့ အချစ်တုံးလေး ၊ မေမေ့ဆီ လာပါဦးကွယ်။ ”

ချန်လီချီလေးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နေသည်။ သူမလေးက မျက်ရည်ဝိုင်းလျက်ပင် ခစ်ခနဲ တစ်ချက် ရယ်မောလိုက်ပြီးနောက် ခုတင်ပေါ်ကို ပြေးတက်လာကာ အမေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်လေသည်။

ချန်ရျင်းလန်က သူမလေးရဲ့ နဖူးကို စမ်းကြည့်လိုက်သည်။ အဖျား မရှိသလို ခန္ဓာကိုယ်မှာလည်း ချွေးတွေ ရွဲမနေသောကြောင့် သူမလေးရဲ့ ဆံပင်တွေကို နမ်းရင်း “ သမီး အိပ်မက်ဆိုးမက်လို့လား။ ” ဟု မေးလိုက်သည်။

ချန်လီချီက အမေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။ “ ဟင့်အင်း ၊ သမီး မေမေ့ကို လွမ်းလို့ မေမေနဲ့ အတူတူ အိပ်ချင်လာလို့။ ”

ချန်ကျင်းလန်က သူမလေးရဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို သပ်ပေးလိုက်ပြီး “ ရတာပေါ့ လီချီလေးရယ် ၊ မေမေနဲ့ အတူတူ အိပ်လို့ ရပါတယ်။ ” လို့ ပြောလိုက်တော့ ချန်လီချီလေးက “ သမီး မေမေနဲ့ပဲ အမြဲတမ်း အတူတူ အိပ်သွားချင်တယ်။ ” ဟု ပြန်ပြောသည်။ အဲ့ဒီနောက် ချန်လီချီလေးက အမေဖြစ်သူရဲ့ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ရှောက်ချန်းကျယ်က ခုတင်အောက် ကြမ်းပြင်ပေါ်မှာ လက်မောင်းတွေကို ခေါင်းအုံးအဖြစ် အသုံးပြု၍ လဲလျောင်းနေခဲ့သည်။ ခြေထောက် တစ်ဖက်ကို ဆန့်ထုတ်ထားပြဌး ကျန်ခြေထောက် တစ်ဖက်ကိုတော့ အနည်းငယ် ပျင်းရိပျင်းတွဲ ပုံစံဖြင့် ကွေးညွှတ်ထားပြီး ခုတင်ပေါ်က တိုးတိုး တိုးတိုး စကားသံတွေကို နူးညံ့သော မျက်နှာဖြင့် နားထောင်နေမိသည်။ ကုတင်အောက်မှာ နေရတာကလည်း ကမ်းခြေမှာ နေပူဆာလှုံရသလို နေလို့ ကောင်းတယ် ဆိုတာကို သူ ဘာလို့ အရင်တုန်းက မသိခဲ့တာပါလိမ့်။

ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ မျက်တောင်ရှည်လေးကို ငေးစိုက် ကြည့်နေမိသည်။ ချန်လီချီလေးဆီက အသက်ရှူသံမှန်မှန် ထွက်ကာ အိပ်ပျော်သွားပြီ ဆိုတာ သေချာတော့မှ စိတ်ထဲမှာ ပေါ့ပါးသွားပြီး တစ်ဖက်ကို လှည့်ကာ ခုတင်အောက်ကို ငုံ့ကြည့်လိုက်လေသည်။

ခုတင်အောက်က ရှောက်ချန်းကျယ်ကလည်း သူမဘက်ကို လှည့်ကြည့်ချိန်မှာ နှစ်ယောက်လုံး အကြည့်ချင်း ဆုံသွားသည်။ ညကောင်းကင်ပေါ်က ကြယ်တွေလိုမျိုး လင်းလက်တောက်ပနေတဲ့ သူ့မျက်လုံးတွေက ပြုံးရီချိုမြသွားပါသည်။ ‘ မင်း ခုတင်ပေါ်က ဆင်းလာလို့ ရလား။ ’ဟု သူက ပါးစပ်လှုပ်ရုံလောက် ခပ်တိုးတိုး လှမ်းမေးသည်။

ချန်ကျင်းလန် ခေါင်းညိတ်ဖို့ ပြင်နေချိန်မှာပဲ ချန်လီချီလေးက အိပ်နေရင်း ‘ မေမေ … ’ ဟု ယောင်ပြီး ခေါ်လိုက်၍ ချန်ကျင်းလန်သည် ချက်ချင်းပဲ ခေါင်းအုံးဘက်ကို ပြန်လှည့်ပြီး သူမလေးရဲ့ ပခုံးလေးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်၏။ “ မေမေ ဒီမှာ ရှိတယ် သမီးလေး။ ဘာမှ မကြောက်နဲ့နော်။ ”

ချန်လီချီလေးက “ မေမေ အခန်းမီး‌ပိတ်ပေးပါလားဟင်။ ” ဟု အိပ်ချင်မူးတူးလေး ပြောလိုက်သောကြောင့် ချန်ကျင်းလန်က ရီမုကို လှမ်းယူပြီး မီးပိတ်ပေးလိုက်၏။ တစ်ခန်းလုံး မှောင်အတိကျသွားတော့ ချန်လီချီလေးက အမေဖြစ်သူရဲ့ ရင်ခွင်ထဲကို ခေါင်းအုံးလေးကို ပွေ့ပိုက်ထားလျက် တိုးဝင်လာရင်း ခပ်ချွဲချွဲလေး ပြောလိုက်သည်။ “ သမီးကို အိပ်ရာဝင်သီချင်းလေး တစ်ပုဒ်လောက် ဆိုပြပါလားဟင် မေမေ။ ”

“ ဟုတ်ပြီ။ ဆိုပြမယ်နော်။ ” ချန်ကျင်းလန်က ခပ်တိုးတိုး ‌ပြန်ပြောလိုက်သည်။

ညအမှောင်ထုထဲမှာ အသံကြည်ကြည်လေးက ခါတိုင်းထက်တောင် နူးညံ့နေသေးရဲ့။ ချန်လီချီလေးကတော့ နူးညံ့စွာ ပြုံးနေလျက်ပင် အိပ်ပျော်တော့မည် ဖြစ်သည်။ ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ အသက်ရှူသံ တိုးတိုးလေးကို နားထောင်ရင်း မျက်ခွံတွေ တဖြည်းဖြည်း လေးလံလာကာ အသိစိတ်တို့ မှုန်ဝါးလာခဲ့သည်။ သူမပါ အိပ်ပျော်တော့မည့်ဆဲဆဲမှာ တစ်ခုခုကိုများ မေ့နေတာလားဟု ခံစားရသော်လည်း လေးလံဖိစီးလာတဲ့ အိပ်ချင်စိတ်ကို မ‌တွန်းလှန်နိုင်ဘဲ သမီးဖြစ်သူနှင့်အတူ တစ်ချိုးတည်း အိပ်ပျော်သွားတော့လေသည်။

နောက်တစ်နေ့မနက် ရောက်တော့ ချန်ကျင်းလန်ရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာသည်။ အိပ်ရာနိုး,နိုးချင်းမှာပဲ သူမ တစ်ခုခုကို မေ့သွားကြောင်း သတိရသွားသည်။ အိပ်ရာထဲမှာ လီချီလေး ရှိမနေပါ။ သူမ ခုတင်အောက်ကို ငုံ့ကြည့်လိုက်တော့လည်း ဘယ်သူမှ ရှိမနေပေ။

“ သမီးရေ … ” ချန်ကျင်းလန်သည် အိပ်ရာထဲက ထွက်ရင်း သမီးဖြစ်သူကို ခေါ်လိုက်တော့ ရေဖန်ခွက်လေးကို ကိုင်ထားတဲ့ ချန်လီချီက အပြင်ကနေ ပြေးဝင်လာသည်။ “ မေမေ နိုးပြီပဲ။ ”

ချန်ကျင်းလန်က သူမလေး ကမ်းပေးတဲ့ ဖန်ခွက်လေးကို ယူလိုက်သည်။ “ အင်း ၊ သမီးရော ဘယ်တုန်းက နိုးတာလဲ။ မနေ့ညက နှစ်နှစ်ခြိုက်ခြိုက်ရော အိပ်ပျော်ရဲ့လား။ ”

ချန်လီချီက သူမအမေရဲ့ လက်ထဲက ဖန်ခွက်ထဲက ရေကို တစ်ငုံ အရင် သောက်လိုက်၏။ “ သမီးလည်း အခုမှာ အိပ်ရာနိုးတာရယ်။ သမီး ညတုန်းက ကောင်းကောင်း အိပ်ခဲ့ရပါတယ် မေမေရဲ့။ မေမေ့ရင်ခွင်ထဲကို ရောက်တာနဲ့ သမီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တာပဲ။ ”

ချန်ကျင်းလန်က သူမလေးရဲ့ နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်သည်။ ချန်လီချီလေးလည်း ဘာကိုမှ သတိမထားမိတာကို ကြည့်ရသလောက် သူ ပြန်သွားတာ ကြာပြီ ထင်သည်။ နှလုံးရောဂါရချင်စရာကောင်းလွန်းတာမို့ နောက်တစ်ခေါက် သူ့ကို ညဘက် အိမ်ထဲ ပေးမဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ချန်လီချီက ရေငတ်ပြေအောင် ရေသောက်လိုက်ပြီးမှ သူမအမေကို အရေးကြီးတဲ့ ကိစ္စကို မပြောရသေးတာ သတိရသွားသည်။ အမေဖြစ်သူရဲ့ လက်ကို ပဟေဋိဆန်သော အမူအရာဖြင့် ဆွဲခေါ်လာခဲ့ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ သမီးတို့အိမ်မှာ ခရုနတ်သမီးလေး ရောက်နေတယ် ထင်တယ် မေမေ။ ထမင်းစားပွဲပေါ်မှာ ချက်ပြီးသား ထမင်း ၊ ဟင်းတွေ အဆင်သင့် ရောက်နေတယ်။ စားကောင်းလိုက်တာ ဆိုတာလေ။ မေမေက အခုမှ အိပ်ရာနိုးတာ ဆိုတော့ အဲ့ဒါတွေကို မေမေ ချက်ထားတာလည်း မဖြစ်နိုင်ဘူး။ အဲ့ဟင်းတွေကို ခရုနတ်သမီးလေး လာချက်ပေးသွားတာများလားဟင်။ ”

ချန်ကျင်းလန်က သူမရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း “ အဲ့ဟင်းတွေကို ဘွားဘွား ယူလာပေးတာလည်း ဖြစ်နိုင်တာပဲလေ။ ” ဟု ပြန်ပြောလိုက်သည်။

“ အာ …. ဟုတ်သားပဲ။ ” အဲ့ဒီတော့မှ ချန်လီချီလေးက ခေါင်းတကုတ်ကုတ် ဖြစ်သွားသည်။ “ ဒါဆို ခရုနတ်သမီးလေးက ဘွားဘွား ဖြစ်နေတာပေါ့နော်။ ”

ချန်ကျင်းလန်က စားပွဲပေါ်က ထမင်း ၊ ဟင်းတွေကို တစ်ချက် ကြည့်လိုက်သည်။ သူ ဒါတွေ အကုန်လုံးကို မနက်အစောကြီး ထချက်ပေးသွားတာလား။ သူ မနေ့ညတုန်းက ဘယ်မှာ အိပ်တာလဲ။ သူ တစ်ညလုံး ကုတင်အောက်မှာပဲ အိပ်သွားတာတော့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့လည်း မနေ့ညတုန်းက သူ ခုတင်အောက်မှာ အတော်လေး သက်သောင့်သက်သာရှိနေတာကို မြင်ခဲ့ရပါသည်။

ချန်ကျင်းလန်က ချန်လီချီကို မျက်နှာသစ် ၊ သွားတိုက် လုပ်ခိုင်းပြီးမှ သူမရဲ့ ဖုန်းကို လိုက်ရှာလိုက်သည်။ သူ နောက်ဆုံး ပို့ထားတဲ့ မက်ဆေ့ခ်ျက ခုနှစ်နာရီဝန်းကျင်တုန်းကမို့ သူ အဲ့ဒီအချိန်ကတည်းက ထွက်သွားတာ ဖြစ်ရမည်။

[ ရှင် မနေ့ညတုန်းက ဘယ်မှာ အိပ်သွားတာလဲ။ ] ဟု စာပို့လိုက်တော့ [ ခန့်မှန်းကြည့်ပေါ့။ ] ဟု ချက်ချင်းပဲ ပြန်စာရောက်လာသည်။

ချန်ကျင်းလန် မခန့်မှန်းဖြစ်ပါ။ သူ့ဘာသာ ဘယ်နေရာမှာပဲ အိပ်,အိပ် ၊ အိပ်ချင်တဲ့ နေရာမှာ အိပ်ပါစေ။ ချန်ကျင်းလန်သည် ဖုန်းကို စားပွဲပေါ် ချပြီး လီချီလေးနှင့်အတူ မနက်စာ စားတာကိုပဲ အာရုံစိုက်နေလိုက်သည်။ သူမ ရုံးခန်းထဲကို ရောက်တော့ ကော်ဖီ တစ်ခွက် ဖျော်ကာ ထိုင်ခုံမှာ ထိုင်ရင်း ဖုန်းကို ဖွင့်ပြီး စာပြန်စရာရှိတဲ့ အလုပ်ကိစ္စ ပြောထားတာတွေကို မက်ဆေ့ခ်ျ အနည်းငယ် ပြန်ပို့လိုက်သည်။ သူ ပို့ထားတဲ့ မက်ဆေ့ခ်ျကို နောက်ဆုံးကျမှ ဖွင့်ကြည့်လိုက်မိချိန်မှာတော့ သောက်လက်စ ကော်ဖီတွေကိုတောင် ဖူးခနဲ ပြန်ထွေးထုတ်တော့မလို ဖြစ်သွားရလေသည်။

ကြွက်သားမြှောင်းတွေ ၊ အဖုအထစ်တွေနှင့် တောင့်တင်းသန်မာတဲ့ ရင်ဘတ်ကို ရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံကို ပို့လိုက်တာပါ။

[ ရှင် ဘာလို့ ဒီလောက် အရူးထနေတာလဲ။ ] ဟု သူမ ချက်ချင်း စာပြန်ပို့လိုက်သည်။ အခုမှ မနက်အစောကြီး ရှိသေးတာ … ။

သူက Voice Call ခေါ်ပေမဲ့ သူမ မကိုင်ဖြစ်ပါ။ သူမပါ သူနှင့် လိုက်ပြီး အတူတူ အရူးထချင်စိတ်မရှိ။ သတ်မှတ်အချိန် ပြည့်သွားတော့ Voice Call လေး အလိုလို ကျသွားချိန်မှာ [ ဓာတ်ပုံကို သေချာ ကြည့်လိုက်ဦး။ ] ဆိုတဲ့ မက်ဆေ့ခ်ျ တစ်စောင် ထပ်ဝင်လာသည်။

ချန်ကျင်းလန်သည် သူ့ကို Block ပစ်လိုက်ရင် ကောင်းမလားဟု တွေးမိသွားပေမဲ့ ဓာတ်ပုံကိုတော့ သူ ပြောသလို သေချာ ကြည့်လိုက်မိသေး၏။ ဒီလို ဓာတ်ပုံကို ဘာလို့ သေချာ အသေးစိတ် ကြည့်နေရတာလဲ ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် နားမလည်။ အရမ်း ကြည့်ကောင်းနေလို့လား … ။

ဓာတ်ပုံပေါ်မှာ သူမရဲ့ လက်ချောင်းလေးတွေ တဖျတ်ဖျတ် ရွေ့လျားနေခဲ့ရင်း နောက်ဆုံးတော့ တစ်ခုခု မူမမှန်တာကို သတိထားမိသွားသည်။ သူ့ရင်ဘတ်မှာ သူမ မနေ့ညတုန်းက ကန်မိခဲ့တာ ဖြစ်ပုံရတဲ့ အညိုအမဲ တစ်ခု ရှိနေသည်။ မနေ့ညတုန်းက အခန်းထဲကို လီချီလေး ဝင်လာတော့မှာကို စိတ်လောနေတာမို့ ခွန်အားကို မထိန်းချုပ်လိုက်နိုင်ဘဲ သူ့ကို အားကုန် သုံးပြီး ရက်ရက်စက်စက် ကန်မိသွားခဲ့သည်။

သူမရဲ့ ဖုန်းထဲကို [ မြင်ပြီလား။ ] ဆိုတဲ့ အသံမက်ဆေ့ခ်ျ တစ်စောင် ထပ်ရောက်လာသည်။ ဩရှရှ အသံထဲမှာ အားမရှိသလို အရိပ်အငွေ့လေးတွေ ခပ်ပါးပါး စွန်းထင်းနေသည်။

[ မင်း ကိုယ့်ကို အားကြီးနဲ့ မညှာမတာ ဆောင့်ကန်ရက်တယ်နော် မြောင်မြောင်။ ]

သူမ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာတော့ မဟုတ်ပါ။ ဒီတိုင်း မတော်တဆ ဖြစ်သွားရုံလေးသာ။

[ ကျွန်မဘာသာ အားကြီးနဲ့ပဲကန်ကန် ၊ အားလေးနဲ့ပဲကန်ကန် မိန်းမ တစ်ယောက်ရဲ့ အားက ယောက်ျားရင့်မာကြီး တစ်ယောက်ရဲ့ ခါးကို ဒဏ်ရာရအောင် လုပ်နိုင်မှာတဲ့လား။ ကျွန်မက လျော်ကြေးပေးရဦးမှာလား လူကြီးမင်းချန်။ ]

အညိုအမဲလေး သေးသေးလေးပဲကို သူက သူမဆီ လာပြီး အဖြစ်သည်းပြနေသည်။ သူမတုန်းကရော သူမရဲ့ ခန္ဓာကိုယ်ပေါ်က အညိုအမဲတွေအတွက် သူ့ကို လျော်ကြေးတောင်းခဲ့လို့လား။ နှစ်ရက်ကြာသွားတာတောင် အဲ့ဒီ အညိုအမဲတွေက အခုထိ အရှင်း ပျောက်သေးတာ မဟုတ်။

[ ကျွန်မမှာလည်း ရှင့်ကြောင့် ရထားတဲ့ အညိုအမဲတွေ ရှိတာပဲ။ ရှင်ရော အဲ့ဒါတွေကို လာကြည့်ဦးမလား။ ]

ချန်ကျင်းလန်သည် ထိုမက်ဆေ့ခ်ျကို ပို့ပြီးမှ သူမ ဘာပို့လိုက်မိတာလဲ ဆိုတာ သဘောပေါက်သွား၏။ မက်ဆေ့ခ်ျကို အမြန် ပြန်ဖျက်ဖို့ လုပ်ပေမဲ့ မမီတော့ပါ။

ချန်ကျင်းလန်သည် ဖုန်းကို အသံပိတ်ထားလိုက်ပြီး ဘေးစားပွဲပေါ် တင်ထားလိုက်သည်။ ထို့နောက် သူ ပို့လာသမျှ မက်ဆေ့ခ်ျတွေကို ဂရုမစိုက်တော့ဘဲ အလုပ်ထဲကိုပဲ အာရုံစိုက်ထားလိုက်တော့သည်။ သူမက အလုပ်,လုပ်တဲ့ နေရာမှာ အတော်ဆုံးပဲ။ အလုပ်က လူတွေကို တခြား ဘာစိတ်ဆန္ဒမှ မရှိတော့လောက်အောင် စိတ်ငြိမ်စေတယ် … ။

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ အပြုံးလေးတွေ ပွင့်လန်းနေခဲ့ပြီး ဖုန်းကို အိတ်ကပ်ထဲ ထည့်ကာ ရုံးခန်းထဲကို ပြန်ဝင်လာခဲ့လိုက်သည်။

ယွမ်ကျုံးကျိုးက သူ့သူငယ်ချင်းကြီးရဲ့ မျက်နှာကို ကြည့်ကာ ဒါက သူ အရင်တုန်းက သိခဲ့တဲ့ ရှောက်ချန်းကျယ်ရော ဟုတ်ရဲ့လား ဆိုတာ ဝေခွဲမရ ဖြစ်နေမိသည်။ ဒါမှမဟုတ် အချစ်ရဲ့ စွမ်းအားကပဲ နှစ်ထောင်ချီ ရေခဲတုံးကြီးလို အေးစက်နေတဲ့ လူ တစ်ယောက်ကို နွေဦးလေပြည်လေးလို နွေးထွေးသွားစေနိုင်တဲ့ထိ ကြီးမားတာလား။

ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးကို သူ ခပ်လှမ်းလှမ်းကနေ သုံး ၊ လေးခေါက်လောက် မြင်ဖူးသည်။ သူမမှာ အမှန်တကယ်ပဲ မြင်ရခဲတဲ့ အလှမျိုး ရှိသည်။ ဒါပေမဲ့ သူ့သူငယ်ချင်းကြီး နှစ်တွေ အများကြီး ကြာတဲ့အထိ သူမကို မေ့မရတာက သူမရဲ့ အလှ တစ်ခုတည်းကြောင့်‌ မဟုတ်တာတော့ အသေအချာပင်။

ယွမ်ကျုံးကျိုးက ခပ်မတ်မတ် ကျောဆန့်လိုက်သည်။ “ မင်း သူ့ကို ဘယ်တော့မှ ငါတို့ဆီ ခေါ်လာပြီး မိတ်ဆက်ပေးမှာလဲ။ ”

ရှောက်ချန်းကျယ်က ယွမ်ကျုံးကျိုးရဲ့ စကားကို ကြားသည်နှင့် မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားကာ ယွမ်းကျုံးကျိုး မြင်ဖူးနေကျ အေးစက်စက် မျက်နှာအဖြစ်သို့ ပြန်ပြောင်းလဲသွား၏။

“ ဘာလို့ ငါက ငါ့ကောင်မလေးကို မင်းဆီ ခေါ်လာရမှာလဲ။ ”

“ ငါက ငါ့သူငယ်ချင်းရဲ့ ကောင်မလေးရဲ့ ဒီတိုင်း တွေ့ချင်ရုံပါ။ တစ်ခုခု စားရင်း စကားလေး ဘာလေး ပြောကြည့်ချင်တာ။ သူကရော မင်းကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်မပေးဘူးလား။ ” ခေါင်းထဲကို အတွေး တစ်ခု ဝင်လာသောကြောင့် ယွမ်ကျုံးကျိုး စကားရပ်လိုက်သည်။ “ မဟုတ်မှလွဲရော မိန်းကလေးချန်က မင်းနဲ့ တွဲနေတာကို ဘယ်သူ့ကိုမှ မသိစေချင်တာများလား။ မင်းက သူ့ကို ချစ်သူ တစ်ယောက်လို ဆက်ဆံပေမဲ့ သူကတော့ မင်းကို အိပ်ရာဝင်ဖော် တစ်ယောက်လို့ပဲ သဘောထားနေတာများလား။ ”

ရှောက်ချန်းကျယ် မိန်းကလေး တစ်ယောက်ကို လိုက်တာကို သူ တစ်ခါမှ မမြင်ဖူးသလို မိန်းကလေး တစ်ယောက်ယောက်နှင့် တွဲနေတာကိုလည်း မမြင်ဖူးပါ။ သူ့ရဲ့ စကားနည်းပြီး အေးတိအေးစက်နိုင်တဲ့ ပုံစံနှင့်ဆိုလျှင် ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးကို ရအောင် လိုက်နိုင်မှာ မဟုတ်ပါ။ သူတို့ နှစ်ယောက်က ဘာခံစားချက်မှ လေးလေးနက်နက် မပါဝင်တဲ့ အပျင်းပြေ အပျော်တန်း ဆက်ဆံရေးမျိုးလား … ။

“ သွားစမ်းပါ။ ငါ သူ့သူငယ်ချင်းတွေနဲ့ တွေ့ပြီးသွားပြီ။ သူ့မိဘတွေနဲ့လည်း မနေ့တုန်းကမှ တွေ့ပြီးတာ။ ”

သူမရဲ့ မိဘတွေက လက်ရှိအချိန်မှာ သူ့ကို လက်ခံတဲ့ အရိပ်အယောင် နည်းနည်းလေးမှ မပြသေးတာကိုတော့ သူ ထည့်မပြောလိုက်ပါ။

ယွမ်ကျုံးကျိုး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ ငါ့လခွမ်း ၊ မင်းက လက်သွက်ခြေသွက်ရှိလှချည်လား။ ဒီပုံအတိုင်းဆို မင်း မကြာခင် လက်ထပ်တော့မှာတော့ မဟုတ်ပါဘူးနော်။ ”

သူ့စကားကို ရှောက်ချန်းကျယ် မငြင်းလိုက်ပါ။ “ မင်းလက်ဖွဲ့ငွေကိုသာ ပြင်ထားလိုက်။ ငါ မင်းကို မင်္ဂလာဆောင်တော့ သေချာပေါက် ဖိတ်မှာပါ။ ”

ယွမ်ကျုံးကျိုး စိတ်ဓာတ်ကျသွားသည်။ သူ ဒီကြားထဲ ရည်းစားတွေ ထည်လဲ တွဲခဲ့တာတောင် အခုအချိန်မှာ သူ့မှာ အတည်တကျ တွဲစရာ ရည်းစား မရှိပေ။ သူ့နောက်က ကားတွေတောင် သူ့ကို ကျော်တက်ပြီး အိမ်ထောင်တွေ ဘာတွေ ကျတော့မည်။ ဘယ်မှာလဲ တရားမျှတမှု … ။

ရှောက်ချန်းကျယ်က သူ့ကို စိတ်နှင့်ကိုယ် ပြန်ကပ်သွားအောင် စားပွဲကို လက်နှင့် ခေါက်လိုက်သည်။ သူ့အကြောင်းတွေ ပြောပြဖို့ ဒီကို လာခဲ့တာ မဟုတ်။ “ ကုမ္ပဏီရဲ့ လက်ရှိအနေအထားက ဘယ်လိုလဲ။ ”

အလုပ်နှင့် ပတ်သက်‌လာတော့ ယွမ်ကျုံးကျိုးလည်း ချက်ချင်း မျက်နှာတည်သွားသည်။ “ မင်းဘက်က အရင် အကွက်ရွေ့လိုက်တော့ အခု အကုန်လုံး အုတ်အော်သောင်းတင်းတွေ ဖြစ်နေကြပြီ။ အပြင်မှာ ဇာတ်လမ်းရှုပ်ထားတဲ့ ရှောက်ကျန်းထင်ရဲ့ ကောင်မလေးက ကုမ္ပဏီကို ကလေးပွေ့ပြီး ရောက်လာတယ်လေ။ ဒီလို ဆိုတော့မှ သူ့ကောင်မလေးက သာမန်လူရော ဟုတ်ပါ့မလားလို့ ငါ တွေးမိတယ်။ ငါသာ သူ့ဆွေမျိုးတွေကို မသိရင် ရှောက်ကျန်းထင်က သူ့ကို ငှားထားတာလားလို့တောင် ထင်မိမှာ။ သူက လုံးဝ ပရော်ဖက်ရှင်နယ် အဆဲသမားပဲ။ ဆဲဆိုသွားတာ နားမခံသာစရာကောင်းလွန်းလို့ လုံခြုံရေးအစောင့်တွေတောင် သူ့ကို မတားနိုင်ဘူး။ ဒီနေ့တော့ ပြန်သွားပြီ ဆိုပေမဲ့ မနက်ဖြန်ကျ ပြန်လာလိမ့်ဦးမယ် ထင်တယ်။ ကုမ္ပဏီအောက်ထပ်မှာ ဆူညံ ပွက်လောရိုက်နေတာ ၊ မသိရင် ကုန်စိမ်းတန်းကို ရောက်သွားသလိုပဲ။ ”

တကယ်တော့ လုံခြုံရေးအစောင့်က သူ့ကို မတားနိုင်တာ မဟုတ်ဘဲ ဝတ်ကျေတန်းကျေလောက်ပဲ တားခဲ့လို့ပါ။ အစတုန်းက လုံခြုံရေးအစောင့်ရဲ့ ချွေးမကလည်း ကုမ္ပဏီက ဝန်ထမ်း ဖြစ်ခဲ့ပေမဲ့ ရှောက်ကျန်းထင်ရဲ့ ပဉ္စမြောက်လား ၊ ဆဌမမြောက်လား မသိတဲ့ သမီးက သူမကို အလုပ်ထုတ်ပစ်ခဲ့သည်။ ထို့ကြောင့် လုံခြုံရေးအစောင့်က ဒီတစ်ခေါက် ကိစ္စကို ပိုကြီးလာစေဖို့ ဆုတောင်းနေတာ ဖြစ်၏။

“ ရှောက်ကျင်းယွင်ကရော ဘယ်မှာလဲ။ ”

“ သူကတော့ အခုတလော ကုမ္ပဏီကို နေ့တိုင်း လာနေတယ်။ ကုမ္ပဏီကို ရောက်တာနဲ့ ရုံးခန်းထဲမှာ တောက်လျှောက် နေတယ် ၊ တစ်နေကုန် အပြင်ထွက်မလာတော့ဘူး။ ကြည့်ရတာ အကြွေးရှင်တွေကြောင့် တော်တော်လေး ခေါင်းကိုက်နေပြီ ထင်တယ်။ သူ အကြွေးပြန်ဆပ်ဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားနေတာ နေမှာပေါ့။ မကြာခင် ညီလေး တစ်ယောက် ရတော့မှာကိုတောင် အာရုံမရောက်နိုင်တော့ဘူး ထင်တယ်။ ”

ရှောက်ချန်းကျယ်က ရှောက်ကျင်းယွင်ဘက်ကို ဘယ်လို လောင်စာထည့်ပေးရင် ကောင်းမလဲ ဆိုတာ တွေးနေမိသည်။ အဲ့ဒါမှသာ သူတို့ နှစ်ယောက်ကို တစ်ယောက်ချင်းစီ ကိုင်တွယ်နေစရာမလိုဘဲ နှစ်ယောက်လုံးကို တစ်ခါတည်း အမြစ်ဖြုတ်ပစ်နိုင်မည်ပင်။

ယွမ်ကျုံးကျိုးက သူ့နဖူးပေါ်က အညိုအမဲကို ကြည့်လိုက်သည်။ “ မင်းအဘိုးဘက်ကရော ဘာသံမှ မကြားရသေးဘူးလား။ ”

“ အေး။ ”

“ မင်း ကမ်းလှမ်းတာကို သူ လက်ခံမယ်တဲ့လား။ ”

“ သူ လက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ အရေးမကြီးပါဘူး။ အဓိကကျတာက ဝူကျင်းယောင်ပဲ ၊ သူက ငါ့အဘိုးနဲ့ နှစ်ချီပြီး အတူရှိလာတာ ဆိုတော့ ငါ့အဘိုးအကြောင်းကို အသိဆုံးပဲ။ ငါ့အဘိုးက ကျန်တာတွေထက် သူ့ဂုဏ်သတင်းကို ဂရုအစိုက်ဆုံး။ သူ လက်မခံရင် လက်မခံလောက်ပေမဲ့ စိတ်ထဲမှာတော့ ယိမ်းယိုင်သွားမှာပဲ။ သူ ယိမ်းယိုင်သွားတာနဲ့ ဝူကျင်းယောင်ကလည်း အခြေအနေတွေကို ကမောက်ကမဖြစ်အောင် လုပ်လိမ့်မယ်။ အဲ့အချိန်မှာ တစ်ခုခုတော့ မှားယွင်းသွားမှာပဲ။ ငါ့ဘက်က သူ အမှားလုပ်မိမယ့် အချိန်ကို ထိုင်စောင့်နေဖို့ပဲ လိုတာ။ ”

ယွမ်ကျုံးကျိုးက သူ့သူငယ်ချင်းကြီးရဲ့ အစီအစဉ်ကို အထင်ကြီးသွားသည်။ “ မင်း ဒီတစ်ခေါက် အကွက်ရွေ့တာ ပိုမြန်နေတယ်လို့ ငါ ဘာလို့ ခံစားရတာပါလိမ့်။ ”

“ ငါ စိတ်မရှည်ဘူး။ ” ရှောက်ချန်းကျယ်က သူ့ဖုန်းကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ ကြည့်ရတာ သူမမှာ သူနှင့် ဒီနေ့ စကားပြောဖို့ အစီအစဉ် မရှိလောက်ပါ။

“ ဘာကို စိတ်မရှည်တာလဲ။ ”

ခုတင်အောက်ကို ကန်အချခံရမည့်အစား ခုတင် တစ်ခုတည်းမှာ သူမနှင့်အတူ လွတ်လွတ်လပ်လပ် အိပ်ခွင့်ရဖို့ စိတ်မရှည်နိုင် ဖြစ်နေတာပါ။

***

All Chapters