အခန်း ၇၃
Vol. 8 Ch. 73
အပိုင်း ( ၇၃ )
ချွေးတွေ ထွက်သွားပြီးနောက် ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်မှာ လေးလံထုံထိုင်းတဲ့ နာကျင်မှုတွေသာ ကျန်ရစ်ခဲ့သည်။ မျက်ခွံတွေကိုတောင် လှုပ်ချင်စိတ်မရှိတော့ဘဲ သူမရဲ့ ဆံပင်ကို လေမှုတ်စက်ဖြင့် မှုတ်ပေးနေသူကို “ ရှင် ခဏနေရင် ဟိုမှာ သွားထိုင်လို့ ရတယ်။ တံခါးနားက ဗီရိုအောက်ဆုံးအကန့်မှာ ဆေးသေတ္တာ ရှိတယ်။ အဲ့ဆေးသေတ္တာကို ယူပြီး ရှင့်နဖူးက ဒဏ်ရာကို ဆေးတွေ ဘာတွေ လိမ်းလိုက်။ ” ဟု ပြောလိုက်၏။
ရှောက်ချန်းကျယ်က လေမှုတ်စက်ကို ပိတ်ကာ သူမရဲ့ ဖောင်းပွနေတဲ့ ဆံနွယ်လေးတွေကြားထဲ လက်ထည့်လိုက်သည်။ “ မင်း ကိုယ့်ကို ဆေးလိမ်းမပေးဘူးလား။ ”
ချန်ကျင်းလန်က မနည်း အားယူပြီး မျက်လုံးဖွင့်လိုက်ရသည်။ အကြာကြီး ရေစိမ်ထားရတဲ့ သူမရဲ့ မျက်လုံးတွေထဲမှာ ဒေါသတွေ ပြည့်နေပါသည်။ “ ကျွန်မမှာ အခု ရှင့်ကို ဆေးလိမ်းပေးဖို့ အားရှိဦးမယ်လို့ ထင်နေတာလား။ ”
ရှောက်ချန်းကျယ်က ပြုံးပြီး သူမရဲ့ နှုတ်ခမ်းလေးတွေကို နမ်းလိုက်သည်။ “ အချိန်ကြာသွားလို့ ထင်တယ် ၊ ကိုယ့်ခါးက သက်သာသွားပြီ။ တကယ်တော့ မင်း ကန်တာ ခံလိုက်ရလို့ ကိုယ့်ခါး ဘာမှ သိပ်ဖြစ်မသွားပါဘူး။ မနေ့ညတုန်းက ကြမ်းပြင်မာမာပေါ်မှာ အိပ်ရလို့လည်း ကိုယ် ဘာမှ ဖြစ်မသွားဘူး။ ”
ချန်ကျင်လးန်က မျက်လုံးတွေကို နည်းနည်းလေး ဖွင့်လိုက်သည်။ “ ရှင် မနေ့ညတုန်းက ခုတင်အောက်မှာ တကယ် အိပ်သွားတာလား။ ”
လီချီလေးရဲ့ မျက်လုံးတွေက သူနှင့် တစ်ထေရာတည်းတူပေမဲ့ မျက်လုံးလျင်တာကတော့ သူမနှင့် ပိုတူသည်။ ရှောက်ချန်းကျယ်က သူမရဲ့ မျက်တောင်ကော့လေးတွေကို နမ်းရှိုက်လိုက်သည်။ “ မင်း ကလေးချော့တေးဆိုပြတာ အရမ်း နားထောင်ကောင်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိလိုက်ခင်မှာပဲ အိပ်ပျော်သွားတာ။ ခုတင်အောက်မှာ အိပ်ရတာလည်း မဆိုးပါဘူး။ အခုက စပြီး ကိုယ် မင်းခုတင်အောက်မှာပဲ အိပ်သွားရင်ရော ဘယ်လိုလဲ။ ကိုယ် အိပ်ရာခင်းတွေ ၊ ဘာတွေ ယူလာခဲ့မယ်လေ။ ”
ချန်ကျင်းလန်က စောင်ကို ဆွဲယူပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို လွှားခြုံလိုက်သည်။ “ ရှင် ခုတင်အောက်မှာ အိပ်ရတာကို အရမ်း ကြိုက်နေရင်လည်း ဒီည ခုတင်အောက်က နေရာက ရှင့်အတွက်ပဲ။ ”
ရှောက်ချန်းကျယ်ရဲ့ လက်က စောက်အောက်ကို ဝင်သွားပြီး သူမကို လှမ်းဖက်လိုက်သည်။ “ အဲ့ဒါလည်း မဆိုးပါဘူး။ မင်းက အပေါ်က နေလေ ၊ ကိုယ်ကတော့ အောက်က နေမယ်။ အဲ့ဒီအနေအထားလေးက … မဆိုးလောက်ဘူး။ ”
ချန်ကျင်းလန်က သူမရဲ့ ခြေထောက်တွေကို သူ့ခြေထောက်ပေါ် ဖတ်ခနဲ တင်လိုက်သည်။ “ ရှင် ခါးကို အကန်ခံချင်သေးရင်တော့ ဆက်ပြော။ ” တပ်သား နှစ်ယောက် ရင်ဆိုင်တွေ့တဲ့အခါ အားနည်းချက်ကို ဆုပ်ကိုင်ခံထားရတဲ့ လူက အမြဲတမ်း အရှုံးပေးရစမြဲပါပဲ။ သူ့အားနည်းချက်က ‘ ခါးကို အကန်ခံရခြင်း ’ မဟုတ်ဘဲ ‘ သူမ ’ ဖြစ်၏။
လက်မြှောက် အရှုံးပေးလိုက်ရသူသည် သူ့နဖူးက ဒဏ်ရာကို ဆေးလိမ်းဖို့ ဆေးသေတ္တာ သွားယူနေခဲ့သည်။ ဘာပဲပြောပြော ဒီမျက်နှာလေးနှင့် သူမကို ဆွဲဆောင်ချင်သေးတာမို့ အလှပျက်စေမယ့် အမာရွတ်တွေ မကျန်ခဲ့စေချင်။
သူ အိပ်ရာထဲကို ပြန်ရောက်တော့ ချန်ကျင်းလန်က အိပ်ပျော်တော့မည် ဖြစ်သည်။ လည်ပင်းပေါ်က အေးစက်တဲ့ အထိအတွေ့အကြောင့် ချန်ကျင်းလန်က “ ဘာလဲ။ ” ဟု မျက်လုံးမဖွင့်ဘဲ အိပ်ချင်မူးတူး မေးလိုက်သည်။
“ မင်း ဟိုဘူးကို ဖွင့်မကြည့်ရသေးဘူးမို့လား။ ”
“ ဘယ်ဘူးလဲ။ ”
“ ကလေးများနေ့တုန်းက ပေးခဲ့တဲ့ လက်ဆောင်။ ”
ချန်ကျင်းလန်ရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာပြီးနောက် သူမရဲ့ လည်ပင်းက ဆွဲကြိုးလေးကို ကြည့်ကာ အေးခဲသွားမိသည်။ လက်စွပ် တစ်ကွင်းကို ထိုဆွဲကြိုးလေးမှာ ဆွဲသီးအဖြစ် ချိတ်ဆွဲထား၏။
သူမ အရင်တုန်းက စုံတွဲလက်စွပ်လေးကို ဘာရယ်မဟုတ် စိတ်ကူးပေါက်လို့ ဝယ်ဖြစ်ခဲ့ပေမဲ့ လက်မှာ လက်စွပ်တွေ ၊ ဘာတွေ ဝတ်ထားရတာကို မကြိုက်တာကြောင့် ဆွဲကြိုးမှာပဲ ဆွဲသီးအဖြစ် ချိတ်ဆွဲထားဖြစ်ခဲ့သည်။ ဒါပေမဲ့ သူမတို့နှစ်ယောက် လမ်းခွဲတဲ့နေ့ ၊ စားသောက်ဆိုင်က အပြန်မှာ ထိုဆွဲကြိုးကို သူမ လွှင့်ပစ်ခဲ့တာပင်။ လက်စွပ်ပေါ်က စကားလုံးတွေကို သူမကိုယ်တိုင် ထွင်းထုထားတာမို့ ဒါက သူမ လွှင့်ပစ်ခဲ့တဲ့ ဆွဲကြိုး ဆိုတာ သေချာသည်။
ဒါဆို … အဲ့ဒီ ဆွဲကြိုးကို သူ ကောက်ထားခဲ့တာလား … ။
“ ရှင် … ” ချန်ကျင်းလန် တုံ့ဆိုင်းနေမိသည်။ ချန်လီချီအတွက် ကလေးများနေ့လက်ဆောင် ပေးတုန်းက ဒီဘူးလေးကိုပါ တစ်ခါတည်း ထည့်ပေးလိုက်တာကို သူမ မှတ်မိနေဆဲပါ။ သူမ ပြန်ပေးတုန်းက သူက မယူဘဲ ငြင်းနေတာမို့ ဖွင့်တောင် မကြည့်ဘဲ လွှင့်ပစ်ခဲ့မိသည်။
ရှောက်ချန်းကျယ်က သူမရဲ့ ညှပ်ရိုး တစ်ဖက်ပေါ်ကို လက်တင်လိုက်သည်။ သူ့လက်မှာ ဝတ်ထားတဲ့ လက်စွပ်နှင့် သူမရဲ့ ဆွဲသီးက ဘေးချင်းယှက်လျက် … ။ ရှောက်ချန်းကျယ်က ဆွဲသီးလေးကို တစ်လှည့် ၊ သူမကို တစ်လှည့် ငုံ့နမ်းလိုက်သည်။ “ မင်း ကိုယ့်လက်ထဲက ထွက်ပြေးလို့ မရပါဘူး။ ဘာလို့ဆို ကိုယ်က မင်းရဲ့ သက်ဆိုင်သူမို့လို့လေ။ ”
ချန်ကျင်းလန်က သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ပြီး သူ့ရင်ခွင်ထဲကို တိုးဝင်လိုက်၏။
ရှည်လျားတဲ့ ညတာမှာ ချစ်သူစုံတွဲတွေအတွက် သာယာဖွယ်အကောင်းဆုံးအချိန်က တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားရတဲ့ အချိန် ဖြစ်သည်။
ချန်လီချီလေးက မနေ့ညတုန်းက အိပ်ရာစောစောဝင်ခဲ့တာမို့ နောက်တစ်နေ့မနက်မှာ အိပ်ရာစောစောနိုးလာခဲ့သည်။ အဘွားဖြစ်သူနှင့်အတူ နာရီဝက်တိတိ စန္ဒရားတီး လေ့ကျင့်ပြီးနောက် အရုပ်တွေနှင့် ဆော့ကစားသည့် အခန်းထဲကို သွားကာ အရုပ်မလေးကို ဆံပင်တုတွေ ၊ အင်္ကျီလေးတွေ ဝတ်ပေးဖို့ လုပ်နေပေမဲ့ ဆံပင်တုက ဒီမှာ ရှာမတွေ့ပါ။ ချန်လီချီသည် ကျစ်ဆံမြီးလေးတွေ လှုပ်ယမ်းလျက် ပြေးသွားပြီး တံခါးကို ညင်ညင်သာသာလေး ဖွင့်လိုက်သည်။ ဒီအချိန် သူမအမေ အိပ်ရာမနိုးလောက်သေးပါ။
ချန်လီချီသည် အရုပ်မလေးအတွက် ဆံပင်တုနှင့် ဦးထုပ်ကို အိပ်ခန်းထဲကနေ သွားယူပြီးနောက် မေမေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလား ဆိုတာကို ကြည့်ရန် မေမေ့ရဲ့ အခန်းတံခါးကို တိတ်တိတ်လေး သွားဖွင့်ကြည့်လိုက်၏။ တကယ်လည်း မေမေက အိပ်ပျော်နေပါသည်။
ထို့နောက် ဘွားဘွားတို့အိမ်ဘက်ကို သူမ လှည့်ပြန်ဖို့ လုပ်နေစဉ်မှာပဲ မီးဖိုချောင်ထဲက ထွက်လာတဲ့ ဆူဆူညံညံ အသံတချို့ကို ရုတ်တရက် ကြားလိုက်ရသည်။ ချန်လီချီလေး မျက်ခုံးပင့်သွားသလို နားရွက်လေးတွေလည်း ထောင်သွားသည်။ မနေ့ညတုန်းက ဘွားဘွားကို မေးကြည့်ခဲ့ပေမဲ့ ဘွားဘွားက ထမင်းတွေ ၊ ဟင်းတွေ လာချက်ပေးသွားတာ သူ မဟုတ်ဘူးလို့ပဲ ပြောခဲ့သည်။ ဒါဆို မေမေ့အတွက် ထမင်း ၊ ဟင်းတွေ လာချက်ပေးသွားတာက တကယ်ပဲ ခရုနတ်သမီးလေးလား … ။
ခရုနတ်သမီးလေးက ဒီနေ့ရော ထပ်ရောက်လာပြီး ဟင်းလာချက်ပေးနေတာလား ….. ။
ချန်လီချီသည် မီးဖိုချောင်ဘက်ကို ခြေဖျားထောက်၍ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။ ခရုနတ်သမီးလေး လန့်သွားမှာ စိုး၍ သူမ ခြေသံဖွဖွ လျှောက်မှ အဆင်ပြေလိမ့်မည်။ မီးဖိုချောင်တံခါးဝကနေ တိတ်တိတ်လေး ခေါင်းပြူကြည့်လိုက်ချိန်မှာတော့ အရပ်ရှည်ရှည် ပုံရိပ် တစ်ခုကို မြင်လိုက်ရပါတော့သည်။
ဪ ... ၊ လတ်စသတ်တော့ ခရုနတ်သမီးလေးက ဖေဖေ ဖြစ်နေတာပဲ။
ရှောက်ချန်းကျယ်က နောက်ကို လှည့်ကြည့်ချိန်မှာ မီးဖိုချောင်တံခါးဝက ကလေးမလေးကို မြင်သွားသည်။ သူမလေးဆီ သူ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ ဆံပင်လေးတွေကို နူးညံ့စွာ ပွတ်ပေးလိုက်သည်။ “ လီချီလေးက ဘာလို့ အစောကြီး နိုးနေတာလဲ။ ”
ချန်လီချီက အဖေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝင်ပွေ့ဖက်လိုက်သည်။ “ သမီး ညတုန်းက အိပ်ရာစောစောဝင်ထားလို့ ဒီနေ့မနက် အစောကြီး နိုးလာတာ ဖေဖေရဲ့။ စောစောအိပ် ၊ စောစောထတာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဘိုးဘိုးက ပြောတယ်။ ဒါနဲ့ မနေ့မနက်တုန်းက မနက်စာကို ဖေဖေ ပြင်ပေးထားတာလားဟင်။ ”
“ စားကောင်းလား။ ”
“ အွန်း ၊ အရမ်း စားကောင်းတယ်။ ” ချန်လီချီက တရစပ် ခေါင်းညိတ်ပြလိုက်သည်။ “ သမီး အများကြီး စားလိုက်တာ ဗိုက်တောင် ပေါက်ထွက်တော့မလားပဲ။ ခရုနတ်သမီးလေး လာချက်ပေးသွားတာလို့ သမီး ထင်နေတာရယ်။ ဖေဖေ မနေ့ညတုန်းက သမီးတို့အိမ်မှာ အိပ်တာလားဟင်။ ”
ရှောက်ချန်းကျယ်က ခဏလောက် စဉ်းစားနေပြီးမှ “ အင်း။ ဒါပေမဲ့ ဒါက လျှို့ဝှက်ချက်နော် ၊ သမီး ဘယ်သူ့ကိုမှ ပြန်ပြောလို့ မရဘူးနော်။ အဲ့ဒါဆို ခရုနတ်သမီးလေးက လီချီလေးနဲ့ မေမေ့အတွက် နေ့တိုင်း မနက်စာ လာချက်ပေးလိမ့်မယ်။ ” ဟု ပြောလိုက်သည်။
စက္ကန့်ပိုင်းလောက် ငြိမ်ပြီး စဉ်းစားနေတံ့ ချန်လီချီလေးထံမှ မေးခွန်းထွက်လာသည်။ “ ဖေဖေ … ခရုနတ်သမီးလေးက ဘာလို့ မနက်စာ တစ်မျိုးတည်း ချက်ပြီး နေ့လယ်စာတို့ ၊ ညစာတို့ကျ ချက်မကျွေးတာလဲဟင်။ ”
ရှောက်ချန်းကျယ် : ……
“ လီချီလေးရေ … ”
ဧည့်ခန်းထဲက ထွက်လာတဲ့ အသံက အရုပ်တွေနှင့်ဆော့တဲ့ အခန်းထဲမှာ ချန်လီချီကို ရှာမတွေ့လို့ ဒီအထိ လိုက်လာတဲ့ ဖေကျူးဟွေ့ရဲ့ အသံပင်။
“ ဖေဖေ ဒီမှာ ရှိနေတာကို ဘွားဘွား သိလို့ မဖြစ်ဘူးမို့လား ဖေဖေ။ ”
ရှောက်ချန်းကျယ် ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ ချန်လီချီက သူမရဲ့ လက်ထဲက ရွှေအိုရောင် လှိုင်းတွန့်ဆံပင်တုကို ဖေဖေ့ခေါင်းပေါ် တင်ပြီးသွားပြီ ဖြစ်သည်။ အဲ့ဒီနောက် မီးဖိုချောင်ထဲကို ဝင်လာတဲ့ ဘွားဘွားကို လှည့်ပြောလိုက်လေသည်။ “ ဘွားဘွားရေ … သမီးတို့အိမ်ကို ခရုနတ်သမီးလေး တကယ် ရောက်နေတယ် သိလား။ ခရုနတ်သမီးလေးက သမီးနဲ့ မေမေ့အတွက် ဟင်းလာချက်ပေးတာတဲ့။ ”
ဖေးကျူးဟွေ့ : ……
ချန်လီချီသည် ခရုနတ်သမီးလေးကို သူမရဲ့ အဘွားနှင့် လေးလေးနက်နက် မိတ်ဆက်ပေးလိုက်သည်။ “ ခရုနတ်သမီးလေး .. ဒါက သမီးရဲ့ ဘွားဘွားပါ။ ”
ရှောက်ချန်းကျယ်သည် သူ့သမီးကြောင့် ဘာလုပ်လို့ လုပ်ရမှန်း မသိလောက်အောင် ကိုးရိုးကားရားဖြစ်သွားရသည်။ ရွှေအိုရောင် လှိုင်းတွန့်ဆံပင်တုကြီးကို ခေါင်းပေါ်မှာ တင်ထားလျက် သမီးဖြစ်သူအတိုင်း လိုက်သရုပ်ဆောင်ကာ ဖေးကျူးဟွေ့ကို အတတ်နိုင်ဆုံး သဘာဝကျအောင် နှုတ်ဆက်လိုက်၏။ “ ဘွားဘွား … ကျွန်မကတော့ ….. ခရုနတ်သမီးလေး ဖြစ်ပါတယ်။ ”
ဖေးကျူးဟွေ့ အော်ရယ်ချင်သော်လည်း ရယ်လို့ မဖြစ်ပါ။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေကတော့ ထိန်းချုပ်မှုကင်းမဲ့စွာ သုံး ၊ လေးကြိမ်လောက် ကော့တက်သွားပြီးနောက် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်၍ ခေါင်းညိတ်ပြပြီး “ မင်္ဂလာပါ ခရုနတ်သမီးလေး။ ” ဟု ပြောလိုက်ရသည်။
ချန်လီချီလည်း တစ်ခုခုတော့ ပုံမှန်မဟုတ်သလို ခံစားနေရလောက်သည်။ ထို့ကြောင့် အဘွားဖြစ်သူရဲ့ လက်ကို ဆွဲပြီး “ သွားကြမယ်နော် ဘွားဘွား။ ခရုတ်နတ်သမီးလေးကို တစ်ယောက်တည်း အေးအေးဆေးဆေး ဟင်းချက်ခိုင်းလိုက်ပါ။ သူ့ကို မနှောင့်ယှက်ဘဲ နေကြမယ်နော်။ ” ဟု ပြောလိုက်သည်။
ရှောက်ချန်းကျယ်က သူ့သမီးရဲ့ အမြော်အမြင်ရှိမှုကို ကျေးဇူးတင်သွားပေမဲ့ စိတ်ထဲက အပူလုံးကြီး ကျသွားတာတော့ မဟုတ်ပါ။ ဖေးကျူးဟွေ့က “ ဘွားဘွားဘဝမှာ ခရုနတ်သမီးလေးကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာ ဆိုတော့ အမှတ်တရဖြစ်သွားအောင် သမီးနဲ့ ခရုနတ်သမီးလေးနဲ့တွဲပြီး ဓာတ်ပုံရိုက်ချင်တယ် လီချီလေး။ ရမလား။ ”
ချန်လီချီက အဘွားဖြစ်သူရဲ့ စကားကို လိုက်လျောစွာပဲ သဘောတူလိုက်၏။ “ ဟုတ် ဟုတ်။ ရတယ်လေ ဘွားဘွား။ ”
ရှောက်ချန်းကျယ်က သူ့ခေါင်းပေါ်မှာ ရွှေအိုရောင် လှိုင်းတွန့်ဆံပင်တုကြီးကို တပ်ထားဖို့သာ ငြင်းဆန်ပေမဲ့ သူ့သမီးနှင့် ဓာတ်ပုံတွဲရိုက်ဖို့ကိုတော့ ငြင်းဆန်လို့ မရပါ။ သူ့ယောက္ခမလောင်းကြီးကို စိတ်ကျေနပ်စေနိုင်မယ့် ဒီအခွင့်အရေးကို လက်လွှတ်ခံဖို့ ဆိုရင်တော့ ထည့်ပြောမနေနဲ့တော့။
အတိတ်မည်းကို အတိတ်မည်းကြီးအတိုင်းပဲ ရှိပါစေတော့လေ … ။
ရှောက်ချန်းကျယ်က လီချီလေးကို ပွေ့ချီလိုက်တော့ ချန်လီချီလေးက အဖေဖြစ်သူဘက်ကို ခေါင်းလေး ယိမ်းကာ ကင်မရာကို လက်နှစ်ချောင်းထောင်ပြ၍ ပို့စ်ပေးနေခဲ့သည်။ ကင်မရာက ထိုအခိုက်အတန့်လေးကို မိမိရရ ရိုက်ယူသွား၏။
ထိုဓာတ်ပုံကို ချန်ကျင်းလန် မြင်သောအခါ စားပွဲကို ရိုက်ပြီး ရယ်ချင်စိတ်အား ထိန်းချုပ်မရတော့ပေ။ သူ့ကို ဆံပင်တုနှင့် တွဲမြင်ရတာ တော်တော်လေး လိုက်ဖက်တယ် ဆိုတာကိုတော့ သူမ ဝန်ခံရမည်။ မနက်တုန်းက သူမ အိပ်ပျော်နေတုန်း ဘာတွေ ဖြစ်သွားတာပါလိမ့် … ။
ချန်ကျင်းလန်သည် ဓာတ်ပုံကို သူ့ဆီ လှမ်းပို့ရင်း [ ကျွန်အမေက ဒီဓာတ်ပုံကို အမှတ်တရအနေနဲ့ ရှင့်ဆီ ပို့ခိုင်းလိုက်တယ်။ မနက်တုန်းက ဘာတွေ ဖြစ်သွားတာလဲ ကျွန်မကို ပြောပြပါလား။ ] ဟု မေးလိုက်သည်။
ရှောက်ချန်းကျယ်က ထိုမေးခွန်းကို ဖြေချင်စိတ် လုံးဝ မရှိသဖြင့် [ မင်းခန္ဓာကိုယ်မှာ တစ်ခုခု နေရထိုင်ရ အဆင်မပြေတာ ရှိသေးလား။ ] ဟု ပြန်မေးလိုက်သည်။
အခုတော့ မေးခွန်းကို ဖြေချင်စိတ်မရှိတဲ့ လူက ချန်ကျင်းလန် ဖြစ်သွားပါပြီ။ [ ကျွန်မ အခု အစည်းအဝေး တက်ရတော့မယ်။ ]
ရှောက်ချန်းကျယ်က တခြား မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်၏။ [ မင်း ဒီည ညစာ အတူတူ စားဖို့ လီချီလေးကို ခေါ်လာခဲ့မလား။ ]
ချန်ကျင်းလန်က လက်ပေါ် မေးတင်ရင်း [ ကောင်းပြီလေ ] ဟု မက်ဆေ့ချ်ပြန်ပို့လိုက်သည်။
သူမရဲ့ ရှောရှာရှုူရှူူ သဘောတူမှုကြောင့် ရှောက်ချန်းကျယ် မျက်ခုံးပင့်သွားရ၏။ [ မင်း ဘာစားချင်လဲ။ ]
[ ဘာစားရင် ကောင်းမလဲ … ။ ရှင် စဉ်းစားလို့ ရတဲ့ အစားအသောက် တစ်ခုခု မရှိဘူးလား။ ]
ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းထက်မှာ အပြုံးတို့ အလိုလို ဖြစ်တည်လာသည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း တိုးတက်လေးနက်လာပြီလို့ ခံစားရသည်။ သူမက သူမရဲ့ နှလုံးသားကို ဖွင့်လှစ်စပြုလာသည်။
သူ ဖုန်းကို ဘေးချပြီး သူ့မျက်နှာပေါ်က အပြုံးလေးကို ဖုံးကွယ်လိုက်သည်။ စားပွဲကို လက်ချောင်းတွေဖြင့် တဒေါက်ဒေါက် ခေါက်ပြီး သူ့ရှေ့က လူကို သတိပေးလိုက်သည်။ “ မင်း အခုထိ ဆုံးဖြတ်ချက်မချရသေးရင် အိမ်ပြန်ပြီး ပြန်စဉ်းစားလို့ ရပါတယ်။ မင်း ဆုံးဖြတ်ပြီးရင်တော့ ငါ့ကို အသိပေးပေါ့။ ငါ့မှာလည်း တခြား လုပ်စရာ အလုပ်ကိစ္စတွေ ရှိသေးတယ်။ ”
ဒီဧည့်သည်ကို သူ မောင်းထုတ်နေတာ အသိအသာပဲ ဖြစ်သည်။ ရှောက်ကျင်းယွင်က စိတ်ထဲကနေ ကျိန်ဆဲလိုက်ပေမဲ့ မျက်နှာပေါ်မှာတော့ ကိုးရိုးကားရားနိုင်တဲ့ အပြုံး တစ်ခုကို ဟန်ဆောင်လုပ်ယူထားခဲ့ရသည်။ “ ငါ ဆုံးဖြတ်ချက်ချပြီးသွားပြီ ၊ ဒါပေမဲ့ လွှဲပြောင်းဖို့ ကိစ္စတွေကို လုပ်ဖို့ကတော့ နည်းနည်း ကြာဦးမယ် ထင်တယ်။ ငါ မစောင့်နိုင်တော့ဘူး။ ပိုက်ဆံက အခုချက်ချင်း လိုချင်တာ။ မနက်ဖြန်နေ့ခင်းလောက်ဆို ငါ့အကောင့်ထဲကို ပိုက်ဆံ ရောက်နေမှ အဆင်ပြေလိမ့်မယ်။ ”
ရှောက်ချန်းကျယ် ခေါင်းညိတ်လိုက်သည်။ “ ရတယ်လေ ၊ မင်း လက်မှတ်ထိုးစရာရှိတဲ့ စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးလိုက်တာနဲ့ ဒီနေ့ညပဲ မင်းအကောင့်ထဲကို ပိုက်ဆံတွေ ရောက်နေအောင် လုပ်ပေးမယ်။ ”
ရှောက်ကျင်းယွင်က အံကြိတ်လိုက်သည်။ “ ကောင်းပြီလေ။ စာရွက်စာတမ်းတွေကိုသာ အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်။ ငါ အချိန်မရွေး လက်မှတ်လာထိုးပေးလို့ ရတယ်။ ”
ရှောက်ကျင်းယွင်က အရက် ၊ လောင်းကစားနှင့် မိန်းမလိုက်စားတာကို အလွန်အကျူး စွဲလမ်းနေသူ ဖြစ်ပေမဲ့ သူ အစွဲလမ်းဆုံးအရာကတော့ လောင်းကစားပင်။ ပြီးတော့ သူ လောင်းကစားလုပ်တိုင်း ဆယ်ပွဲမှာ ကိုးပွဲလောက်က ရှုံးလေ့ရှိကာ အရှုံးတွေကို ရင်ဆိုင်ရလေ ၊ တစ်ပွဲတလောက်များ ပြန်နိုင်ပြီး ရှုံးထားသမျှ ပိုက်ဆံတွေကို ပြန်ရမလား ဆိုတဲ့ မျှော်လင့်ချက်နှင့် ဆက်တိုက် ဆက်ဆော့လေပါပဲ။ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိ။ သူ့မိဘတွေကလည်း သူ့ငွေကြေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာမို့ ပိုက်ဆံပြတ်တိုင်း သူ့နာမည်ကို အသုံးချပြီး သူများတွေဆီက ပိုက်ဆံချေးတတ်သည်။ နှစ်ချီပြီး ချေးလာခဲ့တဲ့ အကြွေးတွေက အတိုးရော ၊ အရင်းပါ ပေါင်းလိုက်သောအခါ တဖြည်းဖြည်း ကြီးလာတဲ့ နှင်းဘောလုံးလိုမျိုး အလွန် များပြားလာခဲ့သည်။ ထိုအကြောင်းတွေကို သခင်ကြီးသာ သိသွားရင် အကြွေးရှင်တွေ သူ့ကို ရိုက်မသတ်ခင်မှာ သခင်ကြီးက သူ့ကို အရင်ဆုံး ရိုက်သတ်မှာပါ။
လက်ရှိအချိန်မှာ သူ့အဖေက မယားငယ်ကိစ္စကြောင့် တော်တော်လေး ခေါင်းကိုက်နေပြီး ဇနီးဖြစ်သူနှင့်လည်း ကွာရှင်းထားရသည်။ သူ့အမေဘက်က ကွာရှင်းခွင့်ကို တောင်းခံခဲ့တာ ဖြစ်ပြီး ပိုင်ဆိုင်မှုတွေကိုလည်း ခွဲဝေခဲ့သည်။ သူ့အမေရြဲ ပါးစပ်ကတော့ သူ့အတွက် တိုက်ပွဲဝင်ပေးတာပါဟု ပြောပေမဲ့ တကယ်တမ်းကျ သူ့အတွက်သူပဲ လုပ်သွားတာ ဖြစ်သည်။ သူမက ပိုက်ဆံတွေကို ယူပြီး အဝေး တစ်နေရာမှာ အပျော်လင်လေးနှင့်အတူ ပျော်ပွဲဝင်ဖို့ မစောင့်နိုင်တော့ပါ။ အခုအချိန်မှာ ရှောက်ကျင်းယွင်ရဲ့ လက်ထဲမှာ ရှိတဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုက တစ်နေ့တခြား ဈေးထိုးကျနေတဲ့ သနားစရာ ရှယ်ယာလေးတွေပဲ ရှိသည်။ ထိုရှယ်ယာတွေကို လိုချင်နေတဲ့ ရှောက်ချန်းကျယ်ကို ပြန်ရောင်းပြီး သူ့ပြဿနာတွေကို ဖြေရှင်းလိုက်လို့ ရသည်။ ဒီအကြောင်းကို သခင်ကြီး သိသွားရင်တော့ ရှောက်ချန်းကျယ်က သူ့ကို ငါးစာလုပ်ဖို့ ထောက်ချောက်ဆင်တာလို့ ပြောပါလိမ့်မည်။ ဘာပဲပြောပြော ရှောက်ချန်းကျယ်နှင့် ယှဉ်လိုက်ရင် သခင်ကြီးက သူ့ကို ပိုယုံသည်။ ဒါ့ကြောင့် သူ့အနေဖြင့် ဒီအခက်အခဲကို အရင်ဆုံး ဖြေရှင်းထားဖို့ပဲ လိုသည်။ သခင်ကြီးဆီက ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံမယ့် လူက သူက လွဲပြီး တခြား မရှိပါ။
ရှောက်ချန်းကျယ်က ရှောက်ကျင်းယွင်နှင့် ပတ်သက်လို့ ကျန်တဲ့ ကိစ္စတွေကို သူ့အတွင်းရေးမှူးကိုပဲ ကိုင်တွယ်ခိုင်းထားလိုက်၏။ သူ့ရုံးခန်းနှင့် တစ်ဆက်တည်းမှာ ရှိတဲ့ အစည်းအဝေးခန်းထဲကို ဝင်ပြီး တာ့မုန့်ရဲ့ ဖုန်းကို ကိုင်လိုက်သည်။ တာ့မုန့်က ဝူကျင်းယောင်နှင့် ကျန်းဟွေ့ချင်တို့ အတူတူ ရှိနေတဲ့ ဓာတ်ပုံတွေကို သူ ရိုက်ထားသည်ဟု လိုရင်းကိုပဲ ပြောသွားသည်။
***