အခန်း ၇၄
Vol. 8 Ch. 74
အပိုင်း ( ၇၄ )
ရှောက်ချန်းကျယ် ဖုန်းချလိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ကို ပဟေဋိဆန်တဲ့ အေးစက်မှုတွေ ပျော်ဝင်နေသော မျက်လုံးများဖြင့် ငေးကြည့်မိသည်။ ကြည့်ရတာ အကုန်လုံး ဆောက်တည်ရာမရ ဖြစ်လာတဲ့ ပုံပဲ … ။ ဝူကျင်းယောင် သည်းခံပေးနေတာလည်း လုံလောက်သွားပါပြီ။ သခင်ကြီးက ဘာကို အမုန်းဆုံးလဲ ဆိုတာ သူမ သိသည်။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူမ ကျန်းဟွေ့ချင်ဆီကို တစ်ခါလေးတောင် သွားမတွေ့ဖူးပေ။ လူတွေက သူမကို စဉ်းစားချင့်ချိန်တတ်တယ်လို့ ပြောလောက်ပေမဲ့ သူမက သူမကိုယ်သူမနှင့် ကျန်းဟွေ့ချင်ရဲ့သား ကျန်းချန်ကို သခင်ကြီးရဲ့ ဘေးမှာ ရာစုနှစ်ပေါင်းများစွာ ကပ်တွယ်နိုင်အောင် ကြံစည်နိုင်တဲ့ထိတော့ ရဲတင်းပါသေးသည်။ ဝူးကျင်းယောင်အတွက်တော့ ရှောက်ကျန်းထင်က ဘာအရည်အချင်းမှ မရှိတဲ့ လျိုလောင်သို့နှင့် တူ၍ သူမရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို ကျန်းချန်ဆီမှာပဲ မြုပ်နှံထားသည်။
မနက်ဖြန်ကျ မုန်တိုင်းတိုက်ပြီး မိုးတွေ သည်းသည်းမည်းမည်း ရွာမည် ထင်သည်။ မိုးရေစက်တွေက ပူကျွတ်နေတဲ့ နွေရာသီအပူချိန်ကို အနည်းငယ်လောက် လျော့ကျသွားစေဖို့ မျှော်လင့်ရသည်။
ချန်ကျင်းလန်က မူကြိုကျောင်းဂိတ်ပေါက်ဝကို နာရီဝက်စောပြီး ရောက်သွား၏။ ရှောက်ချန်းကျယ်ရဲ့ ကားကို လှမ်းမြင်လိုက်ပေမဲ့ ကားထဲမှာ ဘယ်သူမှ မရှိပါ။ ချန်ကျင်းလန် သူ့ကို ဖုန်းဆက်ကြည့်ပေမဲ့ မကိုင်တာမို့ ထပ်မဆက်တော့ဘဲ ကားထဲမှာပဲ လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်နေလိုက်တော့သည်။
မူကြိုကျောင်း ကျောင်းဆင်းချိန် မတိုင်ခင် ဆယ်မိနစ်ဝန်းကျင်လောက် ရောက်တော့ ချန်ကျင်းလန် ကားထဲက ထွက်ခဲ့လိုက်သည်။ ထိုအချိန်မှာပဲ မလှမ်းမကမ်းက ဗန်ကားပေါ်က ဆင်းလာတဲ့ စုံတွဲ တစ်တွဲက သူမမြင်ကွင်းထဲ ရောက်လာသည်။ အရပ်ရှည်ရှည် ၊ ခပ်ချောချော အမျိုးသမီးနှင့် မိန်းမလှလေးက လူတိုင်းရဲ့ စိတ်အာရုံက ဖမ်းစားသွား၏။ ချန်ကျင်းလန်က သူတို့က စက္ကန့်ပိုင်းလောက်ပဲ ကြည့်ပြီး အကြည့်လွှဲကာ ကားကို လော့ခ်ပိတ်ခဲ့ပြီးနောက် မူကြိုကျောင်း ဂိတ်ဝသို့ လျှောက်သွားလိုက်သည်။
ရှောက်ချန်းကျယ်က သူမကို မြင်တော့ ရှန်းစီဝမ်နှင့် စကားပြောတာကို ရပ်လိုက်ပြီး သူမဘေးကို ခပ်သွက်သွက် လျှောက်သွား၍ သူမရဲ့ လက်ကို လှမ်းကိုင်လိုက်၏။ “ မင်း ဘယ်တုန်းက ရောက်တာလဲ။ ”
ချန်ကျင်းလန်က သူ့လက်ကို မသိမသာ ရှောင်ဖယ်ရင်း မအေးစက်သော်လည်း မနွေးထွေးသော အသံဖြင့် ပြန်ပြောလိုက်သည်။ “ အခုလေးတင်ပဲ ရောက်တာ။ ”
ရှောက်ချန်းကျယ်နောက်ကို လိုက်လာတဲ့ ရှန်းစီဝမ်ကလည်း ချန်ကျင်းလန်ကို လာနှုတ်ဆက်သည်။ “ တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေးချန်။ ကျွန်မက ရှန်းစီဝမ်ပါ။ ”
ရှန်းချူချီရဲ့ အမေက ဘယ်သူလဲ ဆိုတဲ့ အကြောင်း ချန်လီချီ ပြောပြတာကို ချန်ကျင်းလန် ကြားဖူးသည်။ အရင်တုန်းက ပိုင်မိသားစု ညစာစားပွဲမှာ ခဏတဖြုတ် တွေ့ဖူးတဲ့အကြောင်းကိုတော့ သူတို့နှစ်ယောက်လုံး မပြောဖြစ်တော့ပါ။ ဒါက သူမနှင့် သမာရိုးကျဆန်ဆန် တွေ့ဆုံရတာ ပထမဆုံးအကြိမ်ပဲလေ … ။ ရှန်းချူချီက သူမနှင့် အတော်လေး တူသည် ၊ အထူးသဖြင့် ပြုံးလိုက်တဲ့အချိန်မှာပဲ။ သူမရဲ့ မျက်လုံးထောင့်က မှည့်လေးကလည်း အလွန် ချစ်စရာကောင်းသည်။
အပြုံးချိုတဲ့ လူတွေက ချန်ကျင်းလန်က ခပ်စိမ်းစိမ်း ဆက်ဆံလေ့မရှိတာမို့ ရှန်းစီဝမ်ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ “ တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေးရှန်း။ ”
ရှန်းစီဝမ် ပြုံးလိုက်ချိန်မှာ သူမရဲ့ မျက်လုံးလေးတွေကပါ အတူတူ လိုက်ပြုံးသည်။ “ ကျွန်မကို စီဝမ်လို့ပဲ ခေါ်ပါ။ ကျွန်မတို့ရဲ့ ချူချီလေးက မိန်းကလေးချန်က သူ့အပေါ် ဘယ်လောက်တောင် ကောင်းပေးတယ် ဆိုတာကို ကျွန်မကို နေ့တိုင်း ပြောပြတယ်။ ဒီနှစ်တွေမှာ ချူချီလေးကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ မိန်းကလေးချန်ကို ထမင်း တစ်နပ်လောက် ဖိတ်ကျွေးချင်နေတာ ကြာပြီ။ ”
“ အဲ့လောက်ထိ အလုပ်ရှုပ်မခံပါနဲ့။ ကျွန်မလည်း ချူချီလေးကို အရမ်း ချစ်လို့ ဂရုစိုက်ပေးခဲ့တာပါ။ သူက အရမ်း လိမ္မာတယ် ၊ သိလည်း သိတတ်တယ် ၊ ကျောင်းမှာလည်း လီချီလေးကို ဂရုစိုက်ပေးတယ်လေ။ ကျွန်မ သူ့ကို ဂရုစိုက်ပေးတာက လုပ်သင့်တဲ့ ကိစ္စ တစ်ခုကို လုပ်ပေးရုံပါပဲ။ လီချီလေးရဲ့ မွေးနေ့ကလည်း နီးလာပြီ ဆိုတော့ အဆင်ပြေတယ် ဆိုရင် မိန်းကလေးရှန်းနဲ့ ချူချီလေး အတူတူ လာခဲ့နော်။ ”
“ ကောင်းသားပဲ။ ကျွန်မလည်း အခုတလော အနားယူနေလို့ အားနေတာ။ ချူချီနဲ့ ကျွန်မ သေချာပေါက် လာခဲ့ပါ့မယ်။ ” ရှန်းစီဝမ်က ချက်ချင်းပဲ ခေါင်းညိတ်လက်ခံလိုက်သည်။ သားဖြစ်သူနှင့်အတူ လီချီလေးကို မွေ့နေ့ဆုမွန်ကောင်းတွေ သွားတောင်းပေးချင်သလို သူမလေးရဲ့ အဘွားဆီက ဆုမွန်ကောင်းတွေကိုလည်း တစ်ဆင့် ပို့ဆောင်ပေးချင်ပါသေးသည်။
မူကြိုကျောင်းဆင်းသည့် ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာတော့ အတန်းထဲကနေ ကလေးတွေ အလုအယက် ပြေးထွက်လာကြသည်။ ရှန်းချူချီလေးကို သတိထားမိသွားတဲ့ ရှန်းစီဝမ်က သူ့ကို ခပ်လောလောလေး သွားကြိုနေသည်။
ရှောက်ချန်းကျယ်နှင့် ချန်ကျင်းလန်က ဘေးချင်းယှဉ် လျှောက်လာရင်း ရှောက်ချန်းကျယ်က သူမရဲ့ ဘေးတစောင်း မျက်နှာလေးကို ကြည့်လိုက်သည်။ “ စိတ်ကောက်နေတာလား။ ”
“ ဘာကို စိတ်ကောက်ရမှာလဲ။ ကျွန်မက ပူဖောင်း မဟုတ်ဘူး။ တစ်နေ့ တစ်နေ့ စိတ်ကောက်တာ တစ်မျိုးတည်းပဲ ကျွန်မ လုပ်တတ်တာ မဟုတ်ဘူး။ ” ချန်ကျင်းလန်က သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ မူကြိုကျောင်းထဲကိုသာ ကြည့်နေရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကျာင်လိုက်ပြီး သူနှင့် ရှန်းစီဝမ်ရဲ့ ပတ်သက်မှုကို အမြန် ရှင်းပြလိုက်၏။ “ သူက ကိုယ့်အမေကို အမေလို့ပဲ ခေါ်တယ်။ ကိုယ့်အမေကလည်း သူ့ကို သမီးအရင်း တစ်ယောက်လိုပဲ ဆက်ဆံတယ်။ ကိုယ်ကလည်း သူ့ကို ကိုယ့်ညီမအရင်း တစ်ယောက်လိုပဲ ဆက်ဆံတယ်။ ကိုယ်တို့ရဲ့ ပတ်သက်မှုက ဒီလောက်ပဲ။ မင်း သဝန်တိုနေတာ မဟုတ်လား။ ”
သူ့မျက်လုံးတွေထဲမှာ ရယ်ရွှင်ရိပ်တွေ ယှက်သန်းနေခဲ့ပြီး သူ့အသံထဲမှာလည်း မေးခွန်းထုတ်နေတာ မဟုတ်ဘဲ အတည်ပြုနေသည့် တိကျပိုင်နိုင်မှုမျိုး ရှိနေပါသည်။ သူမရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်ကို အစကတည်းက သူ သတိထားမိပေမဲ့ သူနှင့် ရှန်းစီဝမ်ရဲ့ ပတ်သက်မှုကို တမင်တကာ ချက်ချင်း ရှင်းမပြခဲ့တာ ဖြစ်သည်။ သူမကို အခုလို မြင်ရတာကို သူ အတော်လေး သဘောကျသည်။ သူ့ကို သဝန်တိုနေတဲ့ သူမကို သူ သဘောကျသည်။
ချန်ကျင်းလန်ရဲ့ နားရွက်ဖျားလေးတွေက နည်းနည်းလေး ရဲနေသည်။ သူမက သူ့ကို ဖျတ်ခနဲ လှည့်ကြည့်ပြီး ပြောလိုက်ချိန်မှာတော့ သူ့အထင် မှန်ကန်ကြောင်း သေချာသွားလေသည်။ “ ဘာကို သဝန်တိုရမှာလဲ။ သဝန်တိုတာက ဘာလဲ ဆိုတာကိုတောင် မသိဘူး။ ဖက်ထုပ်စားရင်တောင် ရှာလကာရည်နဲ့ တို့မစားဘူး။ ”
အတန်းထဲကနေ ကျောပိုးအိတ်လေးဖြင့် ပြေးထွက်လာတဲ့ ချန်လီချီလေးက အမေဖြစ်သူကို မြင်တော့ “ မေမေ … ” ဟု အကျယ်ကြီး အော်ခေါ်လိုက်သည် ၊ ပြီးတော့ အဖေဖြစ်သူကိုပါ မြင်သွားတော့ “ ဖေဖေ … ” ဟု အကျယ်ကြီး အော်ခေါ်ကာ မိဘနှစ်ပါးရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်လေသည်။ “ မေမေနဲ့ ဖေဖေ … ဒီနေ့ သမီးကို ဘာလို့ နှစ်ယောက်လုံး လာကြိုတာလဲ။ ”
ရှောက်ချန်းကျယ်က သူမရဲ့ ကျောပိုးအိတ်လေးကို လွှဲပြောင်းယူလိုက်သည်။ “ ဖေဖေနဲ့ မေမေက လီချီလေးကို လာကြိုပြီးသွားရင် ညစာ အတူတူ စားကြမလို့လေ။ ဒီနေ့ ဖေဖေတို့ အစားအသောက်တွေ အများကြီး စားကြမယ်။ ”
“ ပျော်လိုက်တာ။ သမီးက အများကြီး စားရတာကို အကြိုက်ဆုံးပဲ။ ” ချန်လီချီက ကျစ်ဆံမြီးလေးတွေကို စိတ်လှုပ်ရှားစွာ ခါယမ်းလိုက်ပြီးနောက် ဘေးမှာ ရပ်နေတဲ့ အန်တီရှန်းစီဝမ်ကို မြင်သွားသည်။ အန်တီရှန်းကိုလည်း သူမ မတွေ့ရတာ အတော် ကြာပြီမို့ “ အန်ဆီရှန်း … ” ဟု အကျယ်ကြီး ခေါ်ပြီး နှုတ်ဆက်လိုက်ပါသည်။
ရှန်းစီဝမ်က ရှန်းချူချီရဲ့ လက်ကလေးကို တွဲပြီး လျှောက်လာခဲ့သည်။ ရှန်းချူချီက ဦးလေးရှောက်နှင့် အန်တီချန်ကို လိလိမ္မာမ္မာလေး နှုတ်ဆက်နေချိနိမှာ သူမက လီချီလေးကို ပြုံးပြလိုက်ပြီး ‘ သမီးလေး ပိုလှလာတယ် ’ ဟု ချီးကျူးလိုက်၏။
ချန်လီချီက ရှန်းချူချီအား သတင်းကောင်းတွေကို ဝေမျှနေသည်။ သူမလေးက “ ငါ ခဏနေရင် ငါ့အဖေ ၊ ငါ့အမေနဲ့ မုန့်တွေ အများကြီး သွားစားတော့မှာ။ ” ဟု ပြောလိုက်တော့ ရှန်းချူချီက “ ငါလည်း ငါ့အမေနဲ့ မုန့်တွေ အများကြီး သွားစားတော့မှာ။ ” ဟု ပြန်ပြောသည်။
“ အိုး … ။ ငါ သိပြီ။ ”
ချန်လီချီက လူကြီး သုံးယောက်ကိူ ကြည့်ပြီး “ ဒါဆို သမီးတို့တွေ မုန့်တွေ အတူတူ စားကြမလားဟင်။ ” ဟု မေးလိုက်တော့ ရှန်းစီဝမ်က “ ဒီနေ့တော့ အန်တီ လီချီလေးနဲ့ လိုက်စားပေးလို့ မရဘူးကွယ်။ အန်တီ စားသောက်ဆိုင် တစ်ဆိုင်မှာ ဘိုကင်တင်ထားပြီးသား ဖြစ်နေတယ် ၊ အန်တီ့သူငယ်ချင်းတွေကိုလည်း ဖိတ်ထားပြီးသားမို့လို့။ နောက်တစ်ခေါက်မှ အတူတူ စားကြတာပေါ့ကွယ် … နော်။ ” ဟု အလျင်အမြန် ပြောလိုက်သည်။
တကယ်တော့ ရှန်းစီဝမ် ဘယ်သူငယ်ချင်းကိုမှ ဖိတ်မထားပါ။ ဒါက သူတို့မိသားစု သုံးယောက်ရဲ့ ညစာစားချိန်မို့ သူမ ဝင်နှောင့်ယှက်ရင် ရှောက်ချန်းကျယ်က သူမကို ခွင့်လွှတ်မှာ မဟုတ်ပါ။ သူမမှာလည်း အခုတလော သူ့အကူအညီကို လိုအပ်တဲ့ ကိစ္စ တစ်ခု ရှိနေတာမို့ သူ့ကို စိတ်ဆိုးအောင် လုပ်လို့ မဖြစ်။
ရှန်းစီဝမ်က ဒီအနုပညာအသိုင်းအဝိုင်းကနေ ထွက်ပြီး သာမန်လူ တစ်ယောက်လို နေရင် ကောင်းမလားဟု စဉ်းစားနေတာ ကြာခဲ့ပြီ ဖြစ်သည်။ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးဖို့ လချီပြီး အချိန်ပေးရတာမို့ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးတိုင်း သူမနှင့် လီချီလေးမှာ အတူ ရှိချိန်တောင် သိပ်ရှိမှာ မဟုတ်လောက်။ ချူချီလေး အသက်ခြောက်နှစ်အရွယ် ရောက်တဲ့အထိ သူ့ဘေးမှာ သူမ ရှိမပေးနိုင်ခဲ့တာမို့ သူ့တစ်ယောက်တည်း ကြီးပြင်းလာရမယ့် အချိန်မျိုးတွေကို လုံးဝ ထပ်မရှိစေချင်တော့ပါ။
အရင်တုန်းက သူမနှင့် လီဖေးဖုန့်ရဲ့ ဆက်ဆံရေးက အဆိုးဝါးဆုံး အနေအထားမှာ ရှိနေခဲ့သလို ကိုယ်ဝန်အတွက်လည်း သူမက စိတ်ပိုင်းဆိုင်ရာအရ မပြင်ဆင်ရသေးပါ။ ချူချီလေးကို မွေးပြီးတဲ့နောက်ပိုင်း သူမမှာ သွေးနုသားနုနှင့် စိတ်ဓာတ်ကျရောဂါဝင်ခဲ့သည်။ လီဖေးဖုန့်ကို မမြင်ချင်သလို ကလေးကိုလည်း မမြင်ချင်ဘဲ ကလေးငိုသံကို ကြားတိုင်း စိတ်ကျရောဂါကြောင့် သတ်သေချင်စိတ်ဝင်လာခဲ့သည်။ သူမက အမေကောင်း တစ်ယောက် မဖြစ်နိုင်ဘူး ၊ ဖြစ်ဖို့လည်း မထိုက်တန်ဘူးလို့ ခံစားခဲ့ရသည်။ သူမရဲ့ စိတ်ထဲမှာ လွတ်မြောက်ချင်စိတ် တစ်ခုတည်းသာ ရှိခဲ့ပြီး တကယ်လည်း လွတ်မြောက်သွားခဲ့ပါသည်။ သူမ ဘယ်တော့မှ ပြန်မသွားချင်တဲ့ အမှောင်ထုကြီးထဲကနေ လွတ်မြောက်ဖို့ အချိန် အတော် ကြာခဲ့သည်။ သို့သော်လည်း ချူချီလေးအပေါ်မှာ သူမ အများကြီး အကြွေးတင်သွားခဲ့ပါသည်။
အစပိုင်းတုန်းကတော့ သူ့ဆီကို ပြန်သွားရှာချင်ပေမဲ့ သူမ ပြန်သွားချင်လေ ၊ ကြောက်စိတ်ဝင်လာမိလေပဲ ဖြစ်သည်။ သူ သူမကို မုန်းနေမှာ ကြောက်သည်။ တဖြည်းဖြည်း ကြီးထွားလာတဲ့ ကြောက်စိတ်က သူမကို သူ့ဆီ ပြန်သွားဖို့ သတ္တိမရှိစေဘဲ အဝေးကနေ ကြည့်နေဖို့သာ တတ်နိုင်ခဲ့သည်။ ချုချီလေးကတော့ သူ့အမေထက် အများကြီး ပိုသတ္တိရှိသည်။ သူမကို တွေ့အောင် ရှာပြီး မိခင်ကောင်း တစ်ယောက် ဖြစ်အောင် သူမ ကြိုးစားလို့ ရကြောင်း သိစေခဲ့သည် ၊ ပြီးတော့ သူမရဲ့ မိခင်ဝတ္တရားပြတ်လပ်ခဲ့တဲ့ အချိန်တွေကို ပြန်ဖာထေးဖို့ အခွင့်အရေးပေးခဲ့သည်။ ဒါ့ကြောင့် သူမ ဆက်လျှောက်ရမယ့် လမ်းကြောင်းကို သေချာ ရွေးချယ်ရမည်ဟု ရှန်းစီဝမ် ခံစားရသည်။
ချန်လီချီက ကားထဲမှာ ဖွင့်ထားတဲ့ သီချင်းသံရဲ့ စည်းချက်အတိုင်း ခြေထောက်ကလေးတွေကို လှုပ်ယမ်းနေခဲ့သည်။ “ သမီးတို့ ဘယ်မှာ ညစာစားမှာလဲဟင် မေမေ။ ”
ချန်ကျင်းလန်က သူမလေးရဲ့ ကျစ်ဆံမြီးလေးတွေကို ပြန်ကျစ်ပေးနေရင်း “ မေမေလည်း မသိဘူးရယ်။ သမီးအဖေပဲ စီစဉ်ထားတာ ဆိုတော့ သူ့ကို မေးကြည့်ပေါ့။ ” ဟု ပြန်ပြောလိုက်သည်။
ချန်လီချီက ဖေဖေ့ဘက်ကို လှည့်ပြီး “ ဖေဖေ … သမီးတို့ ဘယ်မှာ ညစာစားမှာလဲဟင်။ ” လို့ မေးလိုက်တော့ ဖေဖေက “ သမီးရဲ့ မေမေနဲ့ ဖေဖေတို့ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့ နေရာမှာ။ ” ဟု နူးညံ့စွာ ပြန်ပြောသည်။
“ ဖေဖေနဲ့ မေမေ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့ နေရာ .. ဟုတ်လား။ ” စိတ်လှုပ်ရှားမှုကြောင့် ချန်လီချီရဲ့ အသံက အနည်းငယ် မြှင့်တက်သွားသည်။ “ မေမေနဲ့ ဖေဖေ ပထမဆုံး ချိန်းတွေ့တဲ့ နေရာက ဘယ်နေရာလဲဟင်။ ”
ထိုမေးခွန်းက ချန်ကျင်းလန်ကို ဝေခွဲရခက်သွားစေသည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက လူကြားထဲကို ချစ်သူစုံတွဲတွေအဖြစ် တစ်ခါမှ မသွားလိုက်ရဘဲ တော်တော်လေး ဒွိဟဖြစ်စရာကောင်းတဲ့ နည်းလမ်းဖြင့် လူသိရှင်ကြားဖြစ်သွားခဲ့တာပင်။ သူတို့ရဲ့ ပထမဆုံး အနမ်းကနေ စတင် ရေတွက်ကြည့်လျှင်တော့ သူတို့နှစ်ယောက် ပထမဆုံး ချိန်းတွေ့တာက ဒီနေရာမှာ မဟုတ်ဘဲ ကျန်းနန်မှာ ဖြစ်သည်။ သူ ကျန်းနန်အထိ သွားဖို့ လုပ်နေတာ မဟုတ်တာတော့ သေချာပါသည်။
ချန်ကျင်းလန်က လီချီလေးကို “ သမီး အဲ့ဒီကို ရောက်ရင် သိပါလိမ့်မယ်။ ” ဟု မတင်မကျ ပြန်ပြောလိုက်သည်။
ရှောက်ချန်းကျယ်က သူမကို နောက်ကြည့်မှန်ကတစ်ဆင့် လှမ်းကြည့်ချိန်မှာ ချန်ကျင်းလန်ကလည်း သူ့ကို လှမ်းကြည့်တာနှင့် အကြည့်ချင်းဆုံသွားသည်။ သူ ဘယ်နေရာကို ပြောနေတာလဲ ဆိုတာ သူမ မသိပါ။ ရိုးရိုးရှင်းရှင်း ညစာ တစ်နပ်ကို ဒီလောက်ထိ အလုပ်ရှုပ်ခံနေတာ … ။ သူတို့နှစ်ယောက် ပထမဆုံးအကြိမ်တွေ အကုန်လုံးကို သူ မှတ်မိလိမ့်မည်ဟု သူမ မထင်ပါ။
ကားရပ်သွားတော့မှ သူ ဘယ်နေရာကို ပြောနေတာလဲ ဆိုတာ ချန်ကျင်းလန် နားလည်သွားလေသည်။ ဒီနေရာကို သူတို့ ပထမဆုံး ချိန်းတွေ့တဲ့ နေရာအဖြစ် ဘယ်လိုလုပ် ယူဆလိုက်တာပါလိမ့်။ ဒါက သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ထမင်းအတူစားခဲ့တဲ့ နေရာ ဖြစ်သည်။
အဲ့ဒီတုန်းက သူက သူမကို ကားအက်ဆီးဒင့် လျော်ကြေးအတွက် ဆွေးနွေးကြမည်ဟု ဆက်သွယ်လာခဲ့ပြီး ထမင်း တစ်နပ် ဝယ်ကျွေးရုံနှင့် ကားပြုပြင်စရိတ်အတွက် လုံလောက်လိမ့်မည်ဟု ပြောခဲ့သည်။ မိန်းကလေး တစ်ယောက်ကို ချိန်းတွေ့ဖို့ ခွင့်တောင်းတဲ့ နေရာမှာ တော်တော်လေးကို ပရမ်းပတာနိုင်တဲ့ နည်းလမ်းပါပဲ။ အနောက်တိုင်း အစားအသောက်တွေဆို ရိုမန်တစ်ဆန်မှာမို့ သူမက အနောက်တိုင်းစားသောက်ဆိုင် တစ်ဆိုင်ကိုပဲ ရွေးချယ်ခဲ့သည်။ စားသောက်ဆိုင်မှာ အရသာရှိတဲ့ အစားအသောက်တွေကို နှစ်နှစ်ခြိုက်ခြိုက် စားဖြစ်ကြဝာာက လွဲလို့ ထိုအချိန်မှာ သူမတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန်ပဲ ဖြစ်သည်။
“ ဝါး … ” ချန်လီချီက အမေဖြစ်သူရဲ့ လက်ကို တစ်ဖက် ၊ အဖေဖြစ်သူရဲ့ လက်ကို တစ်ဖက် ဆွဲကု စားသောက်ဆိုင်ထဲကို လျှောက်ဝင်လာရင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
“ ဖေဖေက နေရာရွေးတတ်သားပဲ။ ဒီစားသောက်ဆိုင်မှာ တကယ် အရသာရှိတဲ့ အစားအသောက်တွေကို ရောင်းတယ်နဲ့ တူတယ် ၊ အနံ့တွေ မွှေးနေတာပဲ။ ”
“ တကယ်တော့ ဒီစားသောက်ဆိုင်ကို ရွေးခဲ့တာက သမီးရဲ့ အမေလေ။ ”
“ ဒါဆို ဖေဖေနဲ့ မေမေ ပထမဆုံး ချိန်းတွေ့တုန်းက မေမေ့ဘက်က အရင် ဖေဖေ့ကို ချိန်းတွေ့ဖို့ ပြောခဲ့တာပေါ့ ….. ”
ရှောက်ချန်းကျယ် : ……
ရှောက်ချန်းကျယ်ရဲ့ စကားတွေကြောင့် မည်းမှောင်သွားတဲ့ ချန်ကျင်းလန်ရဲ့ မျက်နှာက သမီးဖြစ်သူရဲ့ စကားကို ကြားတော့ ချက်ချင်းပဲ ရယ်ချင်သလို ဖြစ်သွားလေသည်။
သူတို့ကို အရှေ့ကနေ ဦးဆောင် ခေါ်သွားနေတဲ့ စားသောက်ဆိုင်မန်နေဂျာဟာ နှုတ်ခမ်းကိုက်၍ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။ သူက စည်းရှိတဲ့ စားသောက်ဆိုင်မန်နေဂျာ တစ်ယောက် ဖြစ်ချင်သည်။ အနောက်က ပြောနေတဲ့ စကားတွေကို အရှေ့ကနေ အတိုင်းသား ကြားနေရရင်တောင် စားသုံးသူတွေရဲ့ စကားတွေကို ခိုးနားထောင်နေတဲ့ မန်နေဂျာမျိုး အဖြစ်မခံနိုင်ပါ။
ရှောက်ချန်းကျယ်က သူ့သိက္ခာကို ခက်ခက်ခဲခဲ အဖတ်ပြန်ဆယ်လိုက်ရသည်။ “ အခုတော့ သမီးအမေ ဘာကြိုက်တတ်လဲ ဆိုတာ ဖေဖေ သေချာ သိသွားပါပြီ။ ”
ချန်လီချီက သူမအဖေကို ခေါင်းလေး စောင်းငဲ့၍ ကြည့်လိုက်၏။ “ ဖေဖေ မိန်းကလေး တစ်ယောက်ကို ဒီလောက် အကြာကြီး သဘောကျလာတာတောင် သူ ကြိုက်တဲ့ အစားအသောက်တွေက ဘာတွေလဲ ဆိုတာကို ဘာလို့ အခုထိ မသိသေးတာလဲ။ ဖေဖေ မေမေ့ကို တကယ်ရော သဘောကျတာ ဟုတ်ရဲ့လားဟင်။ ”
ရှောက်ချန်းကျယ် : ......
ချန်ကျင်းလန်သည် ချန်လီချီလေး သူမဘက်က ရပ်တည်ပေးတဲ့အခါတိုင်း ဝါဂွမ်းအနွေးထည်ပွပွလေး တစ်ထည်ကို ဝတ်ထားရသလို စိတ်ထဲမှာ နွေးထွေးသွားရသည်။
ရှောက်ချန်းကျယ်က ကိုယ့်ဒုက္ခကိုယ်ရှာမိသလို ဖြစ်သွားပေမဲ့လည်း သူ့သမီးရဲ့ စာမေးပွဲကို ယုံကြည်ချက်ရှိရှိ ဖြေနေဆဲပင်။ သူ မှာလိုက်တဲ့ ဟင်းပွဲ တစ်ပွဲချင်းစီတိုင်းကို လီချီလေးက စိတ်ထဲကနေ စစ်ဆေးနေခဲ့ပြီး နှုတ်ခမ်းလေးကလည်း အနည်းငယ် ကော့တက်သွားတတ်သည်။
ရှောက်ချန်းကျယ်က မီနူးစာအုပ်ကို ပိတ်ကာ ချန်ကျင်းလန်ကို တစ်ချက် ကြည့်ပြီးမှ မန်နေဂျာအား “ အမဲစွပ်ပြုတ်ကို နည်းနည်းလေး ချဉ်ဆအာင် လုပ်ပေးပါဗျ။ ကျွန်တော့်အမျိုးသမီးက ချဉ်တဲ့ အရသာတွေ ၊ အထူးသဖြင့် ရှာလကာရည်လို အချဉ်အရသာမျိုးကို အရမ်း ကြိုက်တယ်။ ” ဟု ပြောလိုက်လေသည်။
ချန်ကျင်းလန်က စားပွဲအောက်မှာ သူမရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့ လက်ကို ဆွဲဆိတ်ပစ်လိုက်ပြီး မန်နေဂျာကို “ ပုံမှန် အရသာပဲ လုပ်ပေးပါ ၊ အရမ်း မချဉ်ပါစေနဲ့။ ကျွန်မက အချဉ် သိပ်မကြိုက်ဘူး။ ”ဟု ပြင်ပြောလိုက်သည်။
ချန်လီချီလေးကတော့ သူမအမေကို အူကြောင်ကြောင်လေး ကြည့်လိုက်၏။ မေမေ ကြိုက်တဲ့ အစားအသောက်တွေကို ဒီကမ္ဘာပေါ်မှာ သူမလောက် ကောင်းကောင်း သိတဲ့ လူ ရှိဦးမလား။ “ မေမေ … မေမေက ရှာလကာရည်ကို အရမ်း ကြိုက်တာ မဟုတ်ဘူးလားဟင်။ မေမေ စားသမျှ အစားအသောက်တိုင်းကို ရှာလကာရည် နည်းနည်းလောက်တော့ ထည့်နေကျလေ။ ”
ချန်ကျင်းလန် : ......
ရှောက်ချန်းကျယ်က အဟမ်း အဟမ်းဟု ခပ်တိုးတိုး ချောင်းဟန့်၍ လည်ချောင်းရှင်းရင်း သမီးဖြစ်သူ ပြောလိုက်တဲ့ စကားကြောင့် မရယ်မိအောင် သူ့ကိုယ်သူ ထိန်းထားလိုက်ရသည်။
***