အခန်း ၇၅
Vol. 8 Ch. 75
အပိုင်း ( ၇၅ )
ချန်လီချီက ချောင်းဟန့်နေတဲ့ သူမအဖေကို ကြည့်ပြီး “ ဖေဖေလည်း ရှာလကာရည် ကြိုက်တယ်မို့လား ” ဟု မေးလိုက်တော့ ရှောက်ချန်းကျယ်က နောက်တစ်ခေါက် ထပ်ချောင်းဟန့်ကာ “ အင်း ၊ တကယ်တော့ ဖေဖေလည်း ရှာလကာရည် အရမ်း ကြိုက်တာ။ ” ဟု လေးလေးနက်နက် ပြန်ပြောလိုက်ရသည်။
သူ့စားပွဲအောက်က လက်ကိုတော့ ဒီညစာ တစ်နပ် စားပြီးရင် ထိန်းချုပ်လို့ ရတော့မည် မထင်ပေ။
ချန်လီချီလေးရဲ့ ရယ်သံက ငွေခေါင်းလောင်းလေးတွေလို ချိုသာကြည်လင်နေ၏။ “ သမီးလည်း ရှာလကာရည် ကြိုက်တယ်။ အစပ်တွေ စားရတာ မကြိုက်ပေမဲ့ အချဉ်နဲ့ အချိုတော့ ကြိုက်တယ်။ ”
ပေါင်တွေကို ဆွဲဆိတ်ပြီး ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရတဲ့ စားသောက်ဆိုင်မန်နေဂျာသည် သူ ဒီသီးသန့်အခန်းထဲကနေ အပြင်ကို ရောက်ရင်
သူ့ပေါင်တွေတော့ စုတ်ပြဲကုန်တော့မှာပဲလို့ ခံစားနေရသည်။ ဖြစ်ချင်တော့ ရှာလကာရည်ကို ကြိုက်တဲ့ ( သဝန်တိုရတာကို ကြိုက်တဲ့ ) မိသားစု သုံးယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတိုးနေတာပါလား … ။ ချစ်စရာလေးတွေ။
အပြန်လမ်းမှာတော့ ချန်လီချီလေးက ဗိုက်ပြည့်နေတာကြောင့် အိပ်ချင်စိတ်မရှိဘဲ အလွန် တက်ကြွနေ၏။ အမေဖြစ်သူရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးရင်း သူမ ဒီနေ့ မူကြိုမှာ ဘာတွေ သင်ခဲ့ရလဲ ဆိုတာရယ် ၊ သူမရဲ့ ဒီနှစ် မွေးနေ့ပွဲကို ဘယ်လို ကျင်းပချင်လဲ ဆိုတာရယ်ကို ပြောပြနေခဲ့သည်။ ဖိတ်စာကတ်ပြားလေးတွေကို ဘယ်လို ဒီဇိုင်းဆွဲရမလဲ ဆိုတာကိုတောင် ကြိုတွေးထားပြီးပြီ ဖြစ်ကာ ဒီဇိုင်းဆွဲပြီးသည်နှင့် သူမရဲ့ အမေကို ပြဖို့ တွေးထားသည်။
ချန်ကျင်းလန်က သူမရဲ့ ပါးဖောင်းဖောင်းလေးကို ရွှတ်ခနဲ ငုံ့နမ်းရင်း “ မေမေ့သမီးလေးက အရမ်း တော်တာပဲ။ ” ဟု ပြောလိုက်တော့ ချန်လီချီလေးက သူမကို ပြန်နမ်းရင်း “ သမီးရဲ့ မေမေကလည်း အရမ်း တော်တာကိုးလို့။ ” ဟု ပြန်ပြောသည်။
သားအမိ နှစ်ယောက်သား မျက်နှာလေးတွေ ကပ်လျက် အတူတူ ရယ်မောမိကြသည်။
ရှောက်ချန်းကျယ်က စတီရာရင်ဘီးကို လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလျက် နောက်ကြည့်မှန်ကို ခဏ ခဏ လှမ်းကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းထက်မှာ အပြုံး တစ်ပွင့် ဖြစ်တည်လာပြီး တည်ငြိမ်တဲ့ မျက်လုံးတွေထဲမှာ နူးညံ့မှုတွေ အဆုံးမရှိအောင် ပြည့်လျှံသွားသည်။
တခြား မိသားစုတွေအတွက်တော့ ဒါက သာမန်အဆန်ဆုံး မြင်ကွင်း တစ်ခု ဖြစ်သော်လည်း သာမန်အဆန်ဆုံး မြင်ကွင်းတွေကပဲ နွေးထွေးစရာအကောင်းဆုံး မြင်ကွင်းတွေပါ။
ကားက ခြံထဲကို မောင်းဝင်လာတော့ ချန်လီချီက မေမေ့ပေါင်ပေါ်မှာ အိပ်နေရာက ထပြီး မေးလိုက်၏။ “ သမီးတို့ အိမ်ပြန်ရောက်ပြီ။ ဒီည ဖေဖေက သမီးတို့အိမ်မှာ အိပ်မှာလားဟင်။ ”
ရှောက်ချန်းကျယ် လှည့်ကြည့်လိုက်ပေမဲ့ ချန်ကျင်းလန်က သူမလေးရဲ့ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြင်ပေးရင်း “ ဖေဖေက အလုပ်ပြန်သွားရဦးမှာမို့လို့ ဒီမှာ အိပ်လို့ မရဘူး။ ” ဟု ပြောပြီးသွားပြီ ဖြစ်သည်။
သူ မျှော်လင့်ထားသလို ဖြစ်မလာပေမဲ့ စိတ်တော့ ပျက်မသွားပါ။ သူ့ဘက်က စိတ်ရှည်လက်ရှည်နှင့် ဖြည်းဖြည်းချင်း တစ်ဆင့်ချင်း ရှေ့တိုးသွားဖို့ လိုသလို လက်ရှိ အခြေအနေကိုလည်း သူ တော်တော်လေး ကျေနပ်ပါသည်။
ချန်လီချီက ကားမောင်းသူထိုင်ခုံကျောမှီကို တွယ်တက်ကာ ဖေဖေ့ကို ငုံ့ကြည့်လိုက်သည်။ “ ဖေဖေက အရမ်း အလုပ်ကြိုးစားတာပဲ။ ညဘက်မှာတောင် အလုပ်,လုပ်နေတုန်းပဲနော်။ ”
ရှောက်ချန်းကျယ်က နောက်ခန်းထဲက သူမလေးကို သူ့ရှေ့ကို ပွေ့ချီခေါ်ယူလိုက်သည်။ “ ဒါပေမဲ့ စိတ်ချပါကွယ်။ ဖေဖေ မပင်ပန်းပါဘူး။ ဖေဖေက အလုပ်,လုပ်ရတာ ကြိုက်တယ်လေ။ ”
ချန်လီချီက အဖေဖြစ်သူရဲ့ ပခုံးကို မှီရင်း ပွေ့ဖက်လိုက်သည်။ “ ဖေဖေ နောက်ပိုင်းကျ ဒီမှာ လာအိပ်ချင်ရင် နံရံကျော်တက်စရာလည်း မလိုဘူး ၊ တူးမြောင်း တူးပြီး လာစရာလည်း မလိုတော့ဘူး သိလား။ မနက်တိုင်း ခရုနတ်သမီးလေးလို ဝတ်ပြီး လာလို့ ရတယ်။ သမီးရဲ့ အရုပ်မလေးရဲ့ ဆံပင်တုကို ဖေဖေ့ကို ငှားပေးမယ်။ ”
သူ့ရဲ့ လက်ရှိ စိတ်ခံစားချက်ကို ဘယ်လို ဖော်ပြရမလဲ ဆိုတာ ရှောက်ချန်းကျယ် မသိတော့ပါ။ တော်တော်လေး ရှုပ်ထွေးလွန်းလို့ ရိုးရိုးရှင်းရှင်း စကားလုံး တစ်လုံး ၊ နှစ်လုံးလောက်နှင့် သူ့ခံစားချက်ကို ဖော်ပြလို့ မရ။
ချန်ကျင်းလန်က ကားထဲမှာ အော်ရယ်မိမှာကို စိုးရိမ်သောကြောင့် ကားထဲက အရင် ထွက်လိုက်သည်။ မနက်တုန်းက သူနအမေက သူမကို ဓာတ်ပုံ တစ်ပုံ ပို့ပေးလာသည်။ ဘာဖြစ်ခဲ့တာလဲ ဆိုတာကိုတော့ သူ့ကို သူမကိုယ်တိုင်ပဲ မေးကြည့်ဖို့ ပြောခဲ့လေသည်။ လတ်စသတ်တော့ သူ့ကို အဲ့လို ပုံစံ ဝတ်ပေးထားတာက လီချီလေး ဖြစ်နေပါရောလား … ။ အင်း .. တကယ်တော့ လီချီလေးက သူ့ကို ကယ်တင်ပေးလိုက်တာလို့ ပြောရမှာ … ။
အိပ်ရာမဝင်မီ အချိန်ကွက်တိမှာ ချန်ကျင်းလန်ရဲ့ ဖုန်းထဲကို [ ကောင်းသော ညချမ်းလေးပါ မြောင်မြောင်။ ] ဆိုတဲ့ မက်ဆေ့ခ်ျလေး တစ်စောင် ရောက်လာသည်။ ချန်ကျင်းလန်က ဖုန်းကို ခါတိုင်းလို ချက်ချင်း ပြန်မချဘဲ ထိုမက်ဆေ့ခ်ျလေးကို အကြာကြီး ကြည့်နေမိပြီးမှ [ ကောင်းသော ညပါ ခရုတ်နတ်သမီးလေး။ ] ဟု စာပြန်ပို့လိုက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ ပြန်စာကို မြင်တော့ ခရုနတ်သမီးလေးလို ဝတ်ရတာလည်း သိပ်တော့ မဆိုးပါဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူ အဲ့လို ဝတ်လိုက်လို့ သူ့သမီးလေး ပျော်သွားရုံသာမက သူ့ယောက္ခမကိုလည်း စိတ်ကျေနပ်စေသည် ၊ အဲ့ဒါတွေထက် အရေးအကြီးဆုံးကတော့ သူမရဲ့ နှလုံးသားကိုလည်း ချုပ်ကိုင်နိုင်သွားသည်။ ဒါတွေ အကုန်လုံးကို တစ်ချက်တည်းနှင့် ရနိုင်ဖို့ရာ ခရုနတ်သမီးလေးလို ဝတ်တာက အထိရောက်ဆုံး နည်းလမ်းပဲ ဖြစ်သည်။
ထိုညမှာ ချန်ကျင်းလန်ရော ၊ ချန်လီချီပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြပြီး ပျော်စရာအိပ်မက်လေးတွေကိုလည်း ကိုယ်စီ မက်ခဲ့ကြသည်။
သို့သော်လည်း ရှောက်မိသားစုထဲမှာတော့ ထိုညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ လူရယ်လို့ သိပ်မရှိပေ။ ဝူကျင်းယောင်က ရှောက်ချန်းကျယ်ကို လက်ဦးမှုရယူပြီး တိုက်ခိုက်ဖို့ လိုအပ်တဲ့ အရာအားလုံးကို အကွက်ကျကျ ပြင်ဆင်ပြီးပါပြီ။ လူတွေ အင်တာနက်အသုံးအများဆုံး အချိန် ဖြစ်တဲ့ ဆယ်နာရီမှာ အင်တာနက်ပေါ်ကို ကောလဟာလတွေ ဖြန့်ဖို့ စီစဉ်ထားသလို ကောလဟာလတွေရဲ့ ခေါင်းစဉ်တွေ ၊ အကြောင်းအရာတွေကိုလည်း ရေးပြီးသွားပြီပင်။ ခေါင်းစဉ်တွေက သိပ်ကို စိတ်ဝင်စားစရာကောင်းသည်။
ပထမဆုံး ကောလဟာလရဲ့ ခေါင်းစဉ်က “ ရှောက်ချန်းကျယ်က ရှောက်မိသားစုရဲ့ စွန့်ပစ်ခံလိုက်ရတဲ့ ဆက်ခံသူဖြစ်လာရခြင်းနောက်ကွယ်က အံ့ဩဖွယ်ရာ အမှန်တရားကတော့ သူက ရှောက်မိသားစုရဲ့ မျိုးဆက် မဟုတ်လို့ပါ။ ” ဟူ၍။
ဒုတိယ ကောလဟာလ ခေါင်းစဉ်က “ ရှောက်မိသားစုနှင့် ချန်မိသားစုကြားက ပဋိပက္ခတွေရဲ့ မြစ်ဖျားတည်ရာ။ ” ဟူ၍ ဖြစ်ပြီး တတိယ ခေါင်းစဉ်ကတော့ “ ရှောက်ချန်းကျယ်ရဲ့ ချန်မိသားစုရဲ့ ဒုတိယသခင်မလေးကြားက မယုံကြည်နိုင်စရာ ပတ်သက်မှု။ ” ဟူ၍ ဖြစ်သည်။
သဘာဝကျစွာပင် ဝူကျင်းယောင်ဟာ ရှောက်ချန်းကျယ်က ရှောက်ယွင်ကျန်းရဲ့ မြေး ဆိုတာကို သိသည်။ အဲ့ဒါနှင့် ပတ်သက်လို့ ဘာမှ အမှားအယွင်း မရှိပါ။ မဟုတ်ရင် ရှောက်ယွင်ကျန်းက ရှောက်ကော်ပိုရေးရှင်းကို သူ့လက်ထဲ ထည့်ပေးဖို့ နေနေသာသာ သူ့ကို ရှောက်မိသားစုကိုတောင် ပြန်လာခိုင်းမှာ မဟုတ်။ ဒါပေမဲ့ ယနေ့ခေတ်မှာ ဘယ်သူကမှ အမှန်တရားကို ဂရုမစိုက်တော့ပါ။
လူတွေရဲ့ စိတ်အာရုံကို ကိုင်လှုပ်နိုင်လောက်အောင် လုပ်ကြံလှည့်စားပြီး ရေးသားထားတဲ့ ဘယ်သတင်းကိုမဆို လူတွေက လွယ်လွယ် ယုံတတ်ကြသည်။ ထိုကောလဟာလ သုံးခုက လူတွေကြားထဲမှာ သေချာပေါက် အုတ်အော်သောင်းတင်း ဖြစ်စေလိမ့်မည်။
အဲ့ဒီအချိန်ကျ ရှောက်ချန်းကျယ်က သက်သေတွေ ထုတ်ပြလာလျှင်တောင် ရက်စက်တဲ့ ကောလဟာလတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရသည်။
လူတွေက သူမရဲ့ ကြိုတင်လက်ဦးမှုရယူထားတဲ့ ကောလဟာလတွေကိုပဲ ယုံကြည်မှာ ဖြစ်ကာ ရှောက်ချန်းကျယ် ၊ ချန်မိသားစုက ဟိုကောင်မလေးနှင့် သူတို့သမီးဟာ ကောလဟာလတွေ ၊ အတင်းအဖျင်းတွေအောက်မှာပဲ တစ်သက်လုံး နေထိုင်သွားရလိမ့်မည်။
သို့သော် ဆယ်နာရီသာ ထိုးသွားသော်လည်း ကောလဟာလတွေကို ဖြန့်ဖို့ ပိုက်ဆံပေးထားတဲ့ လူတွေက ပျောက်ခြင်းမလှပျောက်နေခဲ့သည်။ စီစဉ်ထားတဲ့ Post တွေ တစ်ခုမှ တက်မလာသောကြောင့် ဝူကျင်းယောင်က ကျန်းဟွေ့ချင်ကို ဖုန်းဆက်လိုက်တော့ ကျန်းဟွေ့ချင်က သူလည်း ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရကြောင်း ပြောသည်။
သူ့ဖုန်းနံပါပတ်နှင့် WeChat အကုန်လုံးကို သူတို့ဘက်က ဘလော့ခ်သွားကြသည်။ ကြည့်ရတာ တစ်ယောက်ယောက်က ဒီကိစ္စကို ကြားဝင်နှောင့်ယှက်ပြီး ရပ်တန့်လိုက်တဲ့ ပုံပါပဲ။
ဝူကျင်းယောင်က စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘဲ ဖုန်းကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားခဲ့သည်။ ဖုန်းကို ကြမ်းပြင်ပေါ် ပစ်ပေါက်ရိုက်ခွဲပစ်စိတ်ကို မနည်း ထိန်းနေရ၏။ သူမ ဒီကိစ္စကို သိုသိုသိပ်သိပ် စီစဉ်ခဲ့တာမို့ အပြင်လူတွေ သိနေဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ဒါပေမဲ့လည်း တစ်စုံတစ်ယောက်ကတော့ သူမထက် အရင် လှုပ်ရှားသွားခဲ့ပြီလေ … ။
ထိုအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာပြီး တံခါးအပြင်ဘက်က အိမ်အကူရဲ့ အသံကို ကြားလိုက်ရသည်။ “ သခင်မကြီး … သခင်ကြီးက သခင်မကြီးကို စာကြည့်ခန်းထဲ လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။ ”
ဝူကျင်းယောင်က ကိုယ့်ကိုယ်ကိုယ် စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်းရှူလိုက်ပြီးမှ အိမ်အကူကို “ နားလည်ပြီ။ ” ဟု ပြန်ပြောလိုက်သည်။
မှန်ရှေ့မှာ မျက်နှာအမူအရာကို ကြည်ကြည်သာသာ ဖြစ်အောင် ပြုပြင်ပြီးမှ အလှပဆုံး အပြုံးလေးကို ဖန်တီးယူကာ စာကြည့်ခန်းထဲကို ဝင်ခဲ့လိုက်သည်။ သို့သော် စာကြည့်ခန်းထဲမှာ တခြား တစ်ယောက်ပါ ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။ ထိုမျိုးမစစ်ကောင်လေးက ဆိုဖာပေါ်မှာ သက်သောင့်သက်သာ လွတ်လွတ်လပ်လပ် ထိုင်ရင်း သူမကို ကြည့်နေခဲ့သည်။ ဒါဆို ဟိုကိစ္စကို ဝင်နှောင့်ယှက်တဲ့ လူက သူပေါ့ … ။ သူက အခု သူမရဲ့ ကျရှုံးခန်းကို အရသာခံပြီး ကြည့်ဖို့ ရောက်လာတာလား … ။ ဝူကျင်းယောင်က သူ့ကို တုံ့ပြန်ဖို့ နည်းလမ်း တစ်ခုကို အမြန် စဉ်းစားကြည့်လိုက်သည်။ သူမ မဟုတ်ဘူးလို့ ဒီတိုင်းလေး ငြင်းလိုက်လို့ ရတာပဲ … ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေကို ကျန်းဟွေ့ချင်ရဲ့ လူတွေပဲ အစအဆုံး လုပ်သွားတာမို့ သူမနှင့် ဘာမှ မပတ်သက်ပါ။
ဝူကျင်းယောင်က စိတ်ဆုံးဖြတ်ထားပေမဲ့ စာကြည့်ခန်းထဲကို ခြေ နှစ်လှမ်းပဲ ဝင်ရရုံရှိသေး ၊ ရှောက်ယွင်ကျန်း ရုတ်တရက်ကြီး သူမကို ဓာတ်ပုံတွေ ၊ စာရွက်စာတမ်းတွေနှင့် ပစ်ပေါက်ခဲ့သည်။ သူ့မျက်နှာမှာ မီးဝင်းဝင်းတောက်နေပြီး ဒေါသအရောင်လက်နေဆဲ့ မျက်လုံးတွေဟာ ထွက်ကျလာတော့မလားတောင် ထင်ရလေသည်။ “ ဒီကိစ္စကို ငါ့ကို ရှင်းပြစမ်း။ ဒါ ဘာသဘောလဲ။ ”
ဝူကျင်းယောင် ဓာတ်ပုံတွေကို ကြည့်လိုက်တော့သူမနှင့် ကျန်းဟွေ့ချင်တို့ လူမြင်ကွင်း ကော်ဖီဆိုင်ထဲမှာ ရိုးရိုးသားသား ကော်ဖီသောက်နေတဲ့ ဓာတ်ပုံတွေမို့ ဒီဓာတ်ပုံတွေက ဘာကိုမှ အတည်ပြုပေးလို့ မရဘူးလို့ တွေးကာ စိတ်အေးသွားသည်။ ဒါပေဲ့ စာရွက်စာတမ်းတွေကို မြင်ချိန်မှာတော့ သူမ လုံးဝ ပြိုလဲသွား၏။ စာရွက်စာတမ်းတွေကို ဆုပ်ကိုင်ထားတဲ့ သူမရဲ့ လက်တွေက တဆတ်ဆတ် တုန်ရီလာခဲ့သည်။ ပထမတုန်းကတော့ ငြင်းဆန်ဖို့ လုပ်နေပေမဲ့ ရှောက်ယွင်ကျန်းရဲ့ အေးစက်လွန်းတဲ့ အကြည့်ကြောင့် ခန္ဓာကိုယ်လေးပင် တုန်ရီသွားမိသည်။ အဲ့ဒီနောက် ကြောက်စိတ်ကြောင့်ရော ၊ သရုပ်ဆောင်တာရော ပေါင်းပြီး မျက်ရည်တွေ စီးကျလာသည်။
ရှောက်ယွင်ကျန်း ဘာကို မြင်ချင်တာလဲ ဆိုတာကို သူမ သိသည်။ သူမအသံက မတရားခံရသလိုမျိုး သနားစဖွယ် ဆို့နင့်နေခဲ့သည်။ “ ဒါတွေ အကုန်လုံးက ကျွန်မ ရှင်နဲ့ မတွေ့ခင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပါ။ အရင်တုန်းက ကျွန်မကို ရှင်နဲ့ မတွေ့ဖို့ ဘယ်သူက ပြောခဲ့လို့လဲ။ ကျွန်မ ငယ်တုန်းက မှားခဲ့တဲ့ အမှားတွေကို ရှင်က အခု လာအပြစ်ရှာနေတာလားဟင်။ ရှင် ကျွန်မကို ဘာလုပ်စေချင်တာလဲ ၊ ကျွန်မရဲ့ စိတ်ထဲမှာ အရာအားလုံးကို အသစ်တစ်ဖန် ပြန်ခံစားစေချင်တာလား။ ရှင်က ကျွန်မကို ဒီလို နည်းလမ်းမျိုးနဲ့ သေအောင် လုပ်ချငခနေတာလား။ သူနဲ့ လမ်းခွဲပြီးကတည်းက ကျွန်မ သူ့ကို တစ်ခါမှ ထပ်မဆက်သွယ်ခဲ့ဘူး။ ကျွန်မလည်း ကျန်းခန်က … ကျွန်မရဲ့ သား ဆိုတာကို မကြာသေးခင်ကမှ သိခဲ့တာပါ။ ကျွန်မရဲ့ သားကို ကျွန်မကိုယ်တိုင်တောင် မသိဘဲ အတွင်းရေးမှူးခန့်ထားမိတဲ့ထိ ကံတရားက တိုက်ဆိုင်လိမ့်မယ်လို့ ကျွန်မ ဘယ်သိခဲ့မလဲ။ အခု ကျန်းဟွေ့ချင်က အဲ့ကိစ္စကို အသုံးချပြီး ကျွန်မကို ငွေညှစ်နေတယ်။ ဒီပြဿနာကို ဆွေးနွေးချင်လို့ ကျွန်မ သူနဲ့ သွားတွေ့ခဲ့တာပါ။ ရှင့်ဘေးမှာ နှစ်တွေ အများကြီး အတူတူ ရှိလာခဲ့တာတောင် ကျွန်မက ဘယ်လို လူမျိုးလဲ ဆိုတာကို ရှင် ဘာလို့ မသိရတာလဲ။ ရှင် ကျွန်မအပေါ် နည်းနည်းလေးမှ ယုံကြည်မှု မရှိဘူးလားဟင် ရှောက်ယွင်ကျန်း။ ”
ရှောင်ယွင်ကျန်းရဲ့ မျက်လုံးတွေက အကြိမ် အနည်းငယ် လင်းချည် ၊ မှောင်ချည် ဖြစ်သွားသလို အသက် ခပ်ပြင်းပြင်းလည်း ရှူထုတ်လိုက်ပေမဲ့ အဆုံးသတ်မှာတော့ ဝူကျင်းယောင်ကို နာကျင်စေမယ့် စကားတွေကို ထပ်မပြောတော့ပါ။
ရှောက်ချန်းကျယ်က သူ့အဘိုးရဲ့ နောက်မိန်းမရဲ့ သရုပ်ဆောင်မှုကို လက်ခုပ်တောင် တီးချင်သွားသည်။ သူမသာ သရုပ်ဆောင်လောကထဲကို ဝင်ခဲ့ရင် ဆုတွေ အကုန်လုံးကို သူမတစ်ယောက်တည်း ပတ်သိမ်းလောက်သည်။ ဝူကျင်းယောင်နှင့် ကျန်းချန်ရဲ့ လူမသိသူမသိ ဆက်ဆံရေးကို သူ အမှတ်မထင် စုံစမ်းမိခဲ့တာ ဖြစ်ပါသည်။ လီချီလေး သူ့ကို ရှာတွေ့သွားတဲ့ အချိန်ကတည်းက စပြီး ရှောက်ချန်းကျယ်က ဝူကျင်းယောင်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လူလွှတ်ထားခဲ့သည်။ သူ့ဝန်ထမ်းတွေက သူမ ဘယ်သွားလဲ ၊ ဘာလုပ်လဲ ဆိုတာတွေကို သူ့ကို နေ့စဉ်နေ့တိုင်း သတင်းပြန်ပို့လေ့ ရှိသည်။
သူမနှင့် ကျန်းချန်ရဲ့ ဇနီးတို့ မကြာခဏ တွေ့တာကို သူ သတိထားမိသည်။ ကျန်းချန် ဆိုတဲ့ လူက သူမအတွက် အမြဲတမ်း အလုပ်,လုပ်ပေးနေတဲ့ လူမို့ ကျန်းချန်ရဲ့ ဇနီးက သူမကို ကပ်ဖားရပ်ဖားလုပ်တာ မဆန်းပေမဲ့ ဓာတ်ပုံတွေထဲမှာ သူတို့နှစ်ယောက် တွေ့တိုင်း ကျန်းချန်ရဲ့ အငယ်ဆုံး သားလေးပါ အတူတူ ပါလာတတ်သည်။
ရှော့ပင်းထွက်တာတွေ ၊ တန်ဖိုးကြီး လက်ပတ်နာရီတွေ ၊ ဇိမ်ခံကားတွေကိုတောင် ဝူကျင်းယောင်ကပဲ ပိုက်ဆံရှင်းပေးခဲ့သည်။ သူမထက် နိမ့်ကျတဲ့ လူတွေကို အမြဲတမ်း အထင်တသေး ဆက်ဆံတတ်တဲ့ ဝူကျင်းယောင်က သူတစ်ပါးအပေါ် စေတနာရှိတတ်တဲ့ လူမျိုး မဟုတ်ပါ။ ကျန်းချန်ရဲ့ မိန်းမနဲ့ သားက ဝူကျင်းယောင်ဆီက သူများနဲ့ မတူတဲ့ မျက်နှာသာပေးမှုတွေကို ဘာလို့ ရနေတာလဲ။
တစ်ခုခုတော့ မူမမှန်ဘူးဟု ရှောက်ချန်းကျယ် ခံစားရတာကြောင့် ဘာရယ်မဟုတ် စုံစမ်းကြည့်လိုက်တော့ အဖြစ်မှန်ကို ချက်ချင်းပဲ သိလိုက်ရလေသည်။
အတော်လေး အသက်ရနေပြီ ဖြစ်တဲ့ သူ့အဘိုးဟာ ဘာကိုမှ သတိမထားမိတော့ဘဲ သူနှင့် အတူအိပ်တဲ့ အမျိုးသမီးဆီမှာ အလှည့်စားခံနေရတယ်လို့ပဲ ရှောက်ချန်းကျယ် ပြောနိုင်တော့သည်။ ဝူကျင်းယောင်က ကျန်းချန်ကို သူ့အဘိုးဘေးမှာ လူယုံအဖြစ် နှစ်ပေါင်းများစွာကြာအောင် ထားခဲ့တာမို့ ကျန်းချန်က သူ့အဘိုးရဲ့ အယုံကြည်ရဆုံး ညာလက်ရုံး တစ်ယောက် ဖြစ်လာခဲ့သည်။
ကျန်းချန်က သူ့အဘိုးရဲ့ ပြောရေးဆိုခွင့်ရှိသူလို့တောင် ပြောလို့ ရသည်။ ကျန်းချန်ရဲ့ ရည်ရွယ်ချက်ကတော့ အပျော်အပါးက လွဲပြီး ကျန်တာ မသိတဲ့ ရှောက်ကျန်းထင်ကို ရှောက်ကော်ပိုရေးရှင်းရဲ့ ဆက်ခံသူဖြစ်အောင် ကူညီပေးပြီး သူကတော့ နောက်ကွယ်ကနေ အရာရာတိုင်းကို ကြိုးကိုင်ချယ်လှယ်ဖို့ ဖြစ်သည်။
ရှောက်ချန်းကျယ်က ဝူကျင်းယောင်ရဲ့ သရုပ်ဆောင်မှုတွေကို ဆက်မကြည့်ချင်တော့၍ သူ့ဖုန်းကို ထုတ်ပြီး သူ့ကို ကျန်းချန် ပို့ပေးထားတဲ့ အသံမှတ်တမ်းကို ဖွင့်ပြလိုက်သည်။ အဲ့ဒါက ရှောက်ချန်းကျယ်ကို ဆွဲချပြီးရင် ရှောက်ကော်ပိုရေးရှင်းကို ဘယ်လို လက်ဝါးကြီးအုပ်ကြမလဲ ဆိုတဲ့ အစီအစဉ်တွေကို ဝူကျင်းယောင်နှင့် ကျန်းချန်တို့ ဆွေးနွေးထားတဲ့ အသံမှတ်တမ်း ဖြစ်သည်။
သူမက ကျန်းချန်ကိုတောင် အဘိုးကြီးအား ( ရှောက်ယွင်ကျန်းအား ) ခြေရာလက်ရာမကျန်ဘဲ သေအောင် လုပ်လို့ ရမယ့် နည်းလမ်းကို စဉ်းစားခိုင်းနေခဲ့သေးရဲ့။ ပြောရရင် သူ့အဘိုးမှာ သွေးတိုး ၊ ဆီးချိုလို ရောဂါတွေ အများကြီး ရှိသည်။ အသံမှတ်တမ်းထဲမှာ ဝူကျင်းယောင်ရဲ့ အသံကို ပြတ်ပြတ်သားသား ပီပီသသ ကြားနေရပြီး သူမ ငြင်းချင်ရင်တောင် ငြင်းလို့ မရပါ။
ရှောက်ချန်းကျယ်က ဝူကျင်းယောင်ကို ကြည့်ပြီး “ ခင်ဗျား ထပ်နားထောင်ချင်ရင် ကျွန်တော့်မှာ တခြား အသံမှတ်တမ်းတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ အဲ့အသံမှတ်တမ်းတွေကို အဘိုး နားမထောင်နိုင်မှာ စိုးလို့ လောလောဆယ်တော့ ကျွန်တော် ဖွင့်မပြတော့ဘူး။ ” ဟု ပြောလိုက်သည်။
ဝူကျင်းယောင်က ထိုင်ခုံပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွား၏။ သူမကို တုန်လှုပ်သွားစေတာက အသံမှတ်တမ်းထဲက စကားတွေ မဟုတ်ဘဲ ရှောက်ချန်းကျယ်ကို ထိုအသံမှတ်တမ်း ပေးခဲ့တဲ့ လူက သူမရဲ့ သား ကျန်းချန် ဖြစ်နေတာကြောင့်ပင်။
အရင်တုန်းက သူမနှင့် ကျန်းဟွေ့ချင်ဟာ အကျဉ်းရုံး ပွဲလေး တစ်ပွဲသာ ကျင်းပခဲ့ပြီး တရားဝင် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့တာမျိုး မရှိပါ။ သူမနှင့် ရှောက်ယွင်ကျန်း လက်တွဲပြီးတဲ့နောက်ပိုင်း ကျန်းဟွေ့ချင်နှင့် အဆက်အသွယ်ဖြတ်ပစ်ခဲ့တာ ကောလိပ်ကနေ ကျန်းချန် ဘွဲ့ရသွားပြီး သူ့ကို သူမရဲ့ သားမှန်း သိသွားတဲ့ အချိန်ထိပဲ ဖြစ်သည်။
သူမ ရှောက်ကျန်းထင်ကို ဆက်ဆံတဲ့ ပုံစံနှင့် ယှဉ်လိုက်ပါက ကျန်းချန်အပေါ် အပြစ်မကင်းသလို ခံစားရပြီး ကျန်းချန်က ရှောက်ကျန်းထင်ထက်လည်း အများကြီး ပိုတော်သဖြင့် ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူ့ကိုပဲ အဘက်ဘက်က ပံ့ပို့ပေးထားခဲ့သည်။ ဒါပေမဲ့ ကိုယ့်သားဆီမှာ လူယုံသတ်ရလိမ့်မည် ဟူ၍ သူမ လုံးဝ မျှော်လင့်မထားခဲ့ပါ။
***