← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အပိုင်း ( ၇၆ )

ဝူကျင်းယောင်က ရှောက်ချန်းကျယ်ကို ဗလာနတ္ထိအကြည့်ဖြင့် ကြည့်ပြီး “ ဘာလို့လဲ … ” ဟု နှုတ်ခမ်းလှုပ်ရုံ ခပ်တိုးတိုး မေးလိုက်သည်။

ရှောက်ချန်းကျယ်က လှောင်ရယ်လိုက်သည်။ “ ဒီနှစ်တွေမှာ ကုမ္ပဏီကနေ သူ ခွာချလာခဲ့တဲ့ ပိုက်ဆံတွေနဲ့ဆို သူ့ရဲ့ သားသမီးမြေးမြစ်တွေအထိ မကြောင့်မကြ စားလို့ ရတဲ့ အတိုင်းအတာထိ လုံလောက်သွားလို့ပေါ့ဗျာ။ သူ လုပ်သွားတာ ပါးနပ်တယ် ဆိုပေမဲ့လည်း သူ့အကူအညီ မပါရင်တောင် သက်သေရှာဖို့ မခက်ပါဘူး။ တာဝန်ချိုးဖောက်မှု ၊ အကျင့်ပျက်ခြစားမှု ဥပဒေနဲ့ ဆိုရင် သူ အနည်းဆုံး ထောင် ( ၁၀ ) နှစ်လောက်တော့ ကျမှာပေါ့။ သူ့အမေကို ချနင်းမလား ၊ သူကိုယ်တိုင် ထောင်ထဲ ဝင်မလား ဆိုတဲ့ ရွေးချယ်မှု နှစ်ခု ယှဉ်လာရင် သူ ဘာကို ရွေးချယ်မလဲ ဆိုတာ သိပ်တွေးစရာ မလိုပါဘူး။ သူ ဘာကို ရွေးရမလဲ ဆိုတာကို စဉ်းစားတာ နှစ်ရက်တောင် မကြာလိုက်ဘူး။ သူ့အတွက် ခင်ဗျားက ငွေထုတ်စက် တစ်လုံးထက် မပိုတဲ့ပုံပဲ။ ”

ဝူကျင်းယောင်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာသည်။ ဒီမျက်ရည်တွေကို တကယ့် ရင်ထဲက လာတဲ့ မျက်ရည်အစစ်တွေ ဖြစ်လောက်မည်။

ချက်ချင်းပဲ အသက် ဆယ်နှစ်လောက် အိုစာသွားပုံရတဲ့ ရှောက်ယွင်ကျန်းကတော့ ဘာစကားမှ မပြောတော့ဘဲ ထိုင်ခုံကို မှီကာ မျက်လုံးမှိတ်ထားခဲ့သည်။ ဒါက သူမရဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရတာလို့ ပြောလို့ ရသည်။ သူမရဲ့ သရုပ်မှန်ကို သူ မယုံကြည်ချင်ပေမဲ့လည်း ယုံကြည်ဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။

အပြင်လူတွေက ရှောက်မိသားစုနှင့် ချန်မိသားစုကြားက ပဋိပက္ခတွေက စီးပွားရေးကိစ္စကြောင့်လို့ ထင်နေပေမဲ့ တကယ်တော့ အဲ့လို မဟုတ်ပါ။ ယင်းမန်ချင်း အက်ဆီးဒင့်ဖြစ်တုန်းက ကားထဲမှာ သူမအပြင် ချန်ကျင်းလန်နှင့်ချန်ကျင်းချွမ်ရဲ့ အချစ်ဆုံး ဦးလေးငယ် ချန်ပေါရီလည်း အတူ ရှိနေခဲ့သည်။ ယင်းမန်ချင်းက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပေမဲ့ ချန်ပေါရီကတော့ အက်ဆီးဒင့်ဖြစ်ပြီးတဲ့ နောက်တစ်နေ့ ဆေးရုံမှာ ဆုံးသွားခဲ့တာပင်။ ထိုအချိန်တုန်းက မိသားစု နှစ်စုဟာ ယင်းမန်ချင်းနှင့် ချန်ပေါရီက ကား တစ်စီးထဲမှာ အက်ဆီးဒင့် အတူတူ ဖြစ်ခဲ့ကြတာကို အပြင်လူတွေ မသိအောင် သတင်းဖုံးထားခဲ့သည်။

အဲ့ဒီတုန်းက ယင်းမန်ချင်းက ဝူကျင်းယောင်နှင့် ရှောက်ယွင်ကျန်း ဖောက်ပြန်နေတာကို သိသွားပြီး ချက်ချင်း ကွာရှင်းခွင့်တောင်းခဲ့တဲ့ အချိန် ဖြစ်သည်။ ရှောက်ယွင်ကျန်းကတော့ သူမနှင့် ကွာရှင်းချင်စိတ် လုံးဝ မရှိပါ။ သူ့မှာ ဝူကျင်းယောင်ကိုလည်း အတည်တကျ လက်ထပ်ယူဖို့ စိတ်ကူး မရှိ။ ယင်းမန်ချင်းရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ စိတ်ကို သည်းမခံနိုင်၍ ဝူကျင်းယောင်ရဲ့ အနုအရွ ဂရုစိုက်မှုလေးတွေကို ရံဖန်ရံခါ ခံစားမိရုံလေးသာ။

ထိုအချိန်မှာ ရှောက်ကော်ပိုရေးရှင်းကလည်း တကယ့်ကို အရေးကြီးတဲ့ တိုးတက်ဖွံ့ဖြိုးဆဲ အခြေအနေမှာ ရောက်နေတာ ဖြစ်သည်။ ရှောက်ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းကောင်း အများစုကို ယင်းမန်ချင်းကပဲ ပျိုးထောင်ပေးခဲ့တာမို့ ယင်းမန်ချင်းက ကုမ္ပဏီအပေါ် သူ့ထက် ပိုပြီး လွှမ်းမိုးမှုရှိသည်။ တကယ်လို့ သူတို့နှစ်ယောက် ကွာရှင်းလိုက်ပါက သူမက ကုမ္ပဏီရှယ်ယာ တစ်စိတ်တစ်ပိုင်းအပြင် ဝန်ထမ်းတွေ အများကြီးကိုပါ သူမနှင့် တစ်ပါတည်း ခေါ်သွားလောက်သည်။ အဲ့ဒီအခါ ကုမ္ပဏီလည်း အများကြီး ထိခိုက်နစ်နာသွားမှာမို့ ယင်းမန်ချင်းကို သူ့ဘက်က လုံးဝ ကွာရှင်းပေးမှာ မဟုတ်ပါ။

ဒါပေမဲ့ ယင်းမန်ချင်းကတော့ ကွာရှင်းဖို့ကိုပဲ စိတ်အားထက်သန်နေခဲ့ပြီး သူမ ငှားရမ်းထားတဲ့ ရှေ့နေကလည်း ချန်ပေါရီ ဖြစ်နေသည်။ ရှောက်ယွင်ကျန်း ၊ ယင်းမန်ချင်းနှင့် ချန်ပေါရီက အတန်းဖော်တွေ ဖြစ်ခဲ့ဖူးသည်။ ယင်းမန်ချင်းနှင့် ချန်ပေါရီက အတန်းထဲမှာ ပထမနှင့် ဒုတိယကို အမြဲတမ်း ပြိုင်လုနေတဲ့ လူတွေ။ နှစ်ယောက်လုံးက ယှဥ်ပြိုင်လိုစိတ်များပြီး စိတ်ဓာတ်မာကျောတာမို့ တစ်ယောက်နှင့် တစ်ယောက် သိပ်မတည့်ပါ။

ဆင်းလည်း ဆင်းရဲသလို စာမေးပွဲရမှတ်တွေကလည်း ဟိုးအောက်ဆုံးမှာပဲ ရှိတဲ့ ရှောက်ယွင်ကျန်းအတွက်တော့ ယင်းမန်ချင်းနှင့် ပတ်သက်စရာ အခွင့်အရေး များများစားစား မရှိခဲ့ပေ။ သို့သော်လည်း ‘ လူငယ်များကို ကျေးလက်ဒေသသို့ စေလွှတ်ခြင်း ’ မူဝါဒ ပေါ်ပေါက်လာချိန်မှာ သူနှင့် ယင်းမန်ချင်းတို့ ကျေးလက်ဒေသ တစ်နေရာကို အတူတူ ရောက်သွားခဲ့ကြသည်။ အဲ့ဒီမှာ သူက ယင်းမန်ချင်းကို လိုက်ခဲ့ပြီး ( ၂ ) နှစ်တိတိ ကြာပြီးတဲ့နောက် သူမဆီက အဖြေပြန်ခဲ့ရ၏။ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့သည်။ သူတို့ရဲ့ လက်ထပ်ပွဲနေ့ မတိုင်ခင် ညမှာ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လျက် ‌ဒရောသောပါး ရောက်လာတဲ့ ချန်ပေါရီရဲ့ ပုံစံက အခုထိ သူ့အာရုံထဲမှာ စွဲနေသည်။ ထိုအချိန်မှာပဲ ရှောက်ယွင်ကျန်းသည် ချန်ပေါရီကလည်း ယင်းမန်ချင်းကို သဘောကျနေတာ ဖြစ်ပြီး သူက လက်ဦးသွားတာ ဖြစ်ကြောင်း နားလည်သွားလေသည်။

( *T/N ‘ လူငယ်များကို ကျေးလက်ဒေသသို့ စေလွှတ်ခြင်း ’ မူဝါဒက တရုတ်နိုင်ငံမှာ ၁၉၅၀ နဲ့ ၁၉၇၈ ကြားမှာ ကျင့်သုံးခဲ့တဲ့ မူဝါဒ တစ်မျိုးပါ။ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြို့ပြဒေသက ပညာတတ်လူငယ်တွေကို ကျေးလက်ဒေသကို စေလွှတ်ပြီး လုပ်အားပေးခိုင်းတဲ့ မူဝါဒ တစ်မျိုးပါ။ )

ယင်းမန်ချင်းရဲ့ နှလုံးသားထဲမှာ ချန်ပေါရီက ဘယ်လောက်တောင် အရေးပါလဲ ဆိုတာ သူ သိသည်။ ဘယ်တော့မှ ထုတ်မပြောပေမဲ့ သူမ သူ့ကို အထင်ကြီးတာကို သူ သိသည်။ ချန်ပေါရီကို အထင်ကြီး လေးစားတဲ့ သူမရဲ့ မျက်လုံးတွေကို ကြည့်ရုံဖြင့် စိတ်ကိုပါ ထွင်းဖောက် မြင်နိုင်သည်။ သူ ချန်ပေါရီကို မနာလိုပေမဲ့လည်း ယင်းမန်ချင်းနှင့် သူက လင်မယားတွေ ဖြစ်နေပြီမို့ ချန်ပေါရီကို မနာလိုနေစရာ မလိုတော့ဘူးလို့ ခံစားရသည်။ ထို့ကြောင့် ရှောက်ယွင်ကျန်းသည် ယင်းမန်ချင်းက သူတို့ရဲ့ ကွာရှင်းခွင့်အတွက် ချန်ပေါရီကို ငှားရမ်းထားကြောင်း သိချိန်မှာ ဒေါသပေါက်ကွဲသွားခဲ့ရသည်။

ယင်းမန်ချင်းကတော့ အချက် နှစ်ချက်ကိုပဲ တောင်းဆိုသည်။ ပထမ တစ်ချက်က သူမရဲ့ သားကို အုပ်ထိန်းခွင့် ဖြစ်ပြီး ဒုတိယ တစ်ချက်က ကုမ္ပဏီရဲ့ ရှယ်ယာ တစ်ဝက် ဖြစ်သည်။ သူမရဲ့ စိတ်နေစိတ်ထားအရ သူမဟာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဆိုတာနှင့် ဘာတွေပဲဖြစ်ဖြစ် ထိုဆုံးဖြတ်ချက်အတိုင်း ဆက်သွားမည့် လူမျိုးမို့ ရှောက်ယွင်ကျန်း စိုးရိမ်ခဲ့ရသည်။ ယင်းမန်ချင်းနှင့် ချန်ပေါရီက ရုံးခန်းထဲမှာ ညဘက် နောက်ကျတဲ့အထိ အလုပ်,လုပ်တတ်သောကြောင့် သူ့အတွက် အကွက်တွေ့သွားသည်။ ချန်ပေါရီက ရှေ့နေ တစ်ယောက် ဖြစ်တဲ့အပြင် တက္ကသိုလ်က ပရော်ဖက်ဆာ တစ်ယောက်လည်း ဖြစ်သည်။

ယောက်ျားနှင့် မိန်းမ မနက်အစောကြီး အိမ်ထဲကနေ အတူတူ ထွက်လာခြင်းကပင် တစ်မျိုးတစ်မည် တွေးထင်ချင်စရာကောင်းနေပါပြီ။ လူတွေက ပါးစပ်နှင့် ပြောတဲ့ ဖြေရှင်းစကားတွေထက် ဓာတ်ပုံထဲမှာ မြင်ရတာကိုပဲ ပိုယုံတတ်ကြသည်။ ဒါ့ကြောင့် ရှောက်ယွင်ကျန်းက ယင်းမန်ချင်းနှင့် ချန်ပေါရီကို နောက်ယောင်ခံလိုက်ဖို့ လူလွှတ်ထားခဲ့သည်။ အက်ဆီးဒင့်ဖြစ်တဲ့ နေ့တုန်းက ယင်းမန်ချင်းက သူမနောက်ကို လူ တစ်ယောက် နောက်ယောင်ခံလိုက်နေတာကို သတိထားမိသွားပြီး ကားကို အရှိန်တင်ခဲ့သည်။ သူမရဲ့ ကားနောက်ကို လိုက်လာတဲ့ ကားကို မျက်ခြည်ပြတ်ကျန်ခဲ့စေချင်၍ အရှိန်တင်လိုက်တာ ဆိုပေမဲ့ လမ်းတစ်ဖက်က ဝင်လာတဲ့ ကုန်တင်ကားကြီးနှင့် တည့်တည့်တိုးပြီး ယဉ်တိုက်မှု ဖြစ်ပွားခဲ့ရလေသည်။ အက်ဆီးဒင့်က ယင်းမန်ချင်းနှင့် ချန်ပေါရီရဲ့ အသက် နှစ်ချောင်းကို နှုတ်ယူသွားခဲ့သည်။

ရှောက်ယွင်ကျန်းသည် ယင်းမန်ချင်းနှင့် ချန်ပေါရီရဲ့ သေဆုံးမှုအတွက် နည်းနည်းလေးတော့ အပြစ်ရှိသလို ခံစားရပါသည်။ သူက ဓာတ်ပုံတွေကို သုံးပြီး ယင်းမန်ချင်းနှင့် ညှိနှိုင်းချင်ရုံလောက်ပဲ ဖြစ်ကာ သူတို့ နှစ်ယောက်ကို အသက်ဆုံးရှုံးစေဖို့ထိ ရည်ရွယ်ခဲ့တာ မဟုတ်ပါ။

အက်ဆီးဒင့်ဖြစ်တဲ့ အချိန်တုန်းက သူက ချန်ပေါရီရဲ့ ရုံးခန်းရှိသည့် အဆောက်အအုံအောက်ထပ်မှာ တစ်ညလုံး စောင့်နေခဲ့တာပင်။ သူ့စိတ်ထဲကို မကောင်းတဲ့ ၊ ရက်စက်တဲ့ အတွေးပေါင်းစုံ ဝင်လာပြီး အပေါ်ထပ်ကို ပြေးတက်သွားဖို့‌တောင် တွေးမိပေမဲ့ အဆုံးသတ်မှာ ကိုယ့်စိတ်ကိုယ်ပဲ ထိန်းပြီး ငြိမ်နေခဲ့ရသည်။ ယင်းမန်ချင်းနှင့် ကိစ္စတွေကို တအားကြီး အရုပ်ဆိုးအောင် မလုပ်ချင်။ သူမနှင့် ညှိနှိုင်းဖို့အတွက် နိုင်ကွက်တချို့ပဲ လိုချင်သည်။ တက္ကသိုလ်ပရော်ဖက်ဆာ တစ်ယောက်က အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်နှင့် ငြိစွန်းနေတယ် ဆိုတဲ့ သတင်းမှာ ခိုင်လုံတဲ့ အထောက်အထားတွေ မရှိရင်တောင် လူတွေကို ယုန်ထင်ကြောင်ထင် ထင်စေနိုင်မယ့် ဓာတ်ပုံ နည်းနည်းပါးပါးလောက်နှင့် သူ့ကို အလုပ်ကနေ နှုတ်ထွက်ရအောင် လုပ်နိုင်သည်။ ယင်းမန်ချင်းက သေချာပေါက် သူမကြောင့်နှင့် ချန်ပေါရီကို အလုပ်ထွက်စေချင်မှာ မဟုတ်ပေ။

သူမ သူ့ကို မကွာရှင်းလျှင် သူကလည်း ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးလို့ ရသည်။ သူမနှင့် ချန်ပေါရီကြားမှာ ဘာကိစ္စမှ မဖြစ်ခဲ့တာကို သူ သိပေမဲ့လည်း သူမကို နားလည်ပါသည်။ သူမက မလွတ်လပ်တဲ့ အိမ်ထောင်သည်ဘဝမှာ တခြား ယောက်ျား တစ်ယောက်အပေါ် ခံစားချက်တွေ ရှိရင်တောင် လက်တွေ့ ကျူးလွန်မယ့် မိန်းကလေးမျိုး မဟုတ်။ ဒါပေမဲ့လည်း နောက်ပိုင်းရောက်တော့ သူမအပေါ် ထားတဲ့ သူ့ယုံကြည်မှုတို့ ယိုင်နဲ့စပြုလာရသည်။ သူတို့ နှစ်ယောက်က ရိုးသားတယ် ဆိုရင်လည်း သူ့ကို ဘာလို့ အသည်းအသန် ရှောင်နေရတာလဲ။ ရှောက်ယွင်ကျန်းသည် ရှောက်ကျန်းခယ်က သူ့သားအရင်းရော ဟုတ်ပါ့မလား ဆိုတာကိုတောင် သံသယဝင်လာကာ DNA သွားစစ်ကြည့်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် DNA ရလဒ်တွေအရ ရှောက်ကျန်းခယ်က သူ့သား ဖြစ်နေလို့ တော်သေးသည်။ ဒါပေမဲ့လည်း အဲ့ဒါကလည်း ယင်းမန်ချင်းနှင့် ချန်ပေါရီတို့ ဖောက်ပြန်နေတယ် ဆိုတဲ့ သူ့သံသယကို ချေဖျက်မပေးနိုင်သေးပေ။

ရှောက်ယွင်ကျန်းက သူ့ဇနီး သေရတာ ချန်ပေါရီကြောင့်လို့ ခံစားရပေမဲ့ ချန်မိသားစုကတော့ ချန်ပေါရီရဲ့ သေဆုံးမှုအတွက် ရှောက်ယွင်ကျန်းကို အပြစ်တင်ခဲ့သည်။ ယင်းမန်ချင်းကို ဘေးကနေ အဆက်မပြတ် တိုက်တွန်းနေတဲ့ ချန်ပေါရီကြောင့်သာ မဟုတ်ရင် သူမက ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်သလို သူမသာ ကွာရှင်းဖို့ ဆုံးမဖြတ်ခဲ့ရင် အခုလို ဖြစ်ရပ်တွေလည်း ဖြစ်လာစရာအကြောင်း မရှိပါ။

ဖြစ်ခဲ့သမျှ ကိစ္စတွေမှာ မှားယွင်းခဲ့တဲ့ လူက သူကိုယ်တိုင်ပဲ ဆိုတာကို ရှောက်ယွင်ကျန်း အခုမှ နားလည်သွားသည်။ ယင်းမန်ချင်းရဲ့ ခံစားချက်တွေကို ပျက်စီးစေခဲ့တဲ့အပြင် မင်္ဂလာဦးညတုန်းက ယင်းမန်ချင်းကို သူ ပေးခဲ့တဲ့ ‘ ဘဝတစ်သက်တာလုံး ဇနီးမောင်နှံအဖြစ် လက်တွဲသွားကြမယ် ’ ဆိုတဲ့ ကတိကိုလည်း ဖျက်ခဲ့မိသည်။ ယင်းမန်ချင်းလို မာနကြီးတဲ့ မိန်းကလေး တစ်ယောက်က သူနှင့် ဝူကျင်းယောင်ရဲ့ အရှုပ်တွေကို သိသွားတဲ့နောက် သူနှင့် ရှေ့ဆက်ပေါင်းသင်းစရာ မရှိတော့ပါ။ သူမကို သတ်ခဲ့တဲ့ လူက သူကိုယ်တိုင်ပဲ ဖြစ်ပြီး ဘယ်သူ့ကိုမှ သွားအပြစ်တင်လို့ မရ။

ကံတရားရဲ့ အကျိုးဆက်တွေလို့ပဲ ပြောရမလား။ ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ရှောက်ချန်းကျယ်ရဲ့ လုပ်ရည်ကိုင်ရည်ကို မြင်တိုင်း သွေးသား ဆိုတာ တော်တော်လေးလည်း ဆန်းကြယ်ပါလားလို့ တစ်ခါတလေ ခံစားရသည်။ အဘွားဖြစ်သူရဲ့ မျက်နှာကို ရှောက်ချန်းကျယ် တစ်ခါမှ မမြင်ဖူးလိုက်ပေမဲ့ သူ့ရဲ့ လုပ်ငန်း‌ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပုံက သူ့အဘွားနှင့် အတော်လေး တူသည်။ ထို့အကြောင်းပြချက်ကြောင့်ပဲ ရှောက်ချန်းကျယ်ကို အလွန် တွေ့ချင်ပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ကို တွေ့ရမှာ ကြောက်သည်။ ယင်းမန်ချင်းက သူ့ကို လက်စားချေဖို့ ရှောက်ချန်းကျယ်ကို လွှတ်လိုက်တာ ဆိုရင်တော့ အခုတော့ သူ လက်ခံလိုက်ပါပြီ။ အရာအားလုံးကို နေရာမှန်အတိုင်းပဲ ပြန်ရှိပါစေတော့ … ။ ဒီနှစ်တွေ တစ်လျှောက်လုံး ညတိုင်းညတိုင်း အိပ်မက်‌ဆိုးတွေ မက်ပြီး လန့်နိုးလာခဲ့ရတာမို့ သူလည်း ပင်ပန်းလှပါပြီ။

နောက်တစ်နေ့မနက်မှာ ရှောက်ကော်‌ပိုရေးရှင်းက အရေးကြီးတဲ့ ကြေညာချက်တွေကို ဆက်တိုက် ထုတ်ပြန်ခဲ့၏။

ပထမ ကြေညာချက်က သခင်ကြီးရှောက်ရဲ့ အတွင်းရေးမှူး ကျန်းချန်ကို အလုပ်ထုတ်လိုက်ပြီ ဖြစ်ကြောင်းနှင့် သူ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေ ၊ ရာထူးတွေ အကုန်လုံးကို ကုမ္ပဏီဘက်က ပြန်လည် သိမ်းယူသွားပြီ ဆိုတဲ့ ကြေညာချက် ဖြစ်သည်။

ဒုတိယ ကြေညာချက်က ဝူကျင်းယောင်နှင့် ရှောက်ကျန်းထင်ရဲ့ နာမည်အောက်က ရှယ်ယာတွေ အကုန်လုံးကို ရှောက်ချန်းကျယ်ရဲ့ နာမည်အောက်သို့ လွှဲပြောင်းလိုက်ကြောင်းနှင့် သူတို့ နှစ်ယောက်က ဒါရိုက်တာဘုတ်အဖွဲ့ထဲက နှုတ်ထွက်သွားမည် ဆိုတဲ့ ကြေညာချက် ဖြစ်သည်။

တတိယ ကြေညာချက်ကတော့ ဒီနေ့က စပြီး ရှောက်ယွင်ကျန်းက ဒါရိုက်တာဘုတ်အဖွဲ့က နှုတ်ထွက်သွားမည် ဖြစ်ကာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု အရေးကိစ္စတွေကို မဆောင်ရွက်ပေးတော့ဘူး ဆိုတဲ့ ကြေညာချက်ပဲ ဖြစ်သည်။ လူကြီးမင်းရှောက်ချန်းကျယ်က ရှောက်ကော်ပိုရေးရှင်းကို တစ်ဖန် ဦးဆောင်ပြီး ကုမ္ပဏီဥက္ကဌအဖြစ် ဆောင်ရွက်သွားပါလိမ့်မည်။

ဒီနေ့က စလို့ ရှောက်ကော်ပို‌ရေးရှင်းမှာ “ ဥက္ကဌလေးရှောက် ” နှင့် “ ဥက္ကဌကြီးရှောက် ” ဟူ၍ ဆက်ရှိနေတော့မည် မဟုတ်ဘဲ ဥက္ကဌရှောက် တစ်ယောက်တည်းသာ ရှိတော့မည်ပင်။

ချန်ကျင်းလန်ကတော့ ရှောက်ကော်ပိုရေးရှင်းရဲ့ သတင်းတွေကို အဲ့ဒီနေ့ နေ့ခင်းမှာ သူမရဲ့ အစ်ကို ချန်ကျင်းချွမ် လာပြောပြတော့မှ သိခဲ့သည်။ သူက အသံမက်ဆေ့ခ်ျ တစ်စောင်ပါ တွဲပို့လိုက်သေး၏။ သူ့အသံက နည်းနည်းလေး မကျေနပ်သလို နည်းနည်းလေး ပျော်နေတဲ့ ပုံလည်း ပေါက်သည်။ သေချာတာကတော့ သူက သူ နည်းနည်းလေး ပျော်နေပါတယ် ဆိုတာကိုတောင် ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပါ။ “‌ ရှောက်ချန်းကျယ်က ဆိုးတော့ မဆိုးပါဘူး။ နှစ်လ ၊ သုံးလအတွင်းမှာ ဒီအတိုင်းအတာထိ လုပ်နိုင်ခဲ့တာ ဆိုတော့ … ။ အနည်းဆုံးတော့ သူက သုံးစားမရတဲ့ အလကားကောင်တော့ မဟုတ်ဘူးပေါ့လေ။ ”

ချန်ကျင်းလန်သည် ချန်ကျင်းချွမ်ကို ပို့ဖို့ ရေးထားတဲ့ မက်ဆေ့ခ်ျကို အကြိမ်ကြိမ်အခါခါ ပြန်ဖတ်လိုက် ၊ ပြန်ဖျက်လိုက် လုပ်နေမိသည့်တိုင်အောင် ဘယိလို စာပြန်ရမှန်း မသိသေးပါ။ ထို့နောက် ချန်ကျင်းချွမ်က နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လာသည်။ “ သူ အခုလေးတင် ငါ့ကို ဖုန်းဆက်ပြီး နန့်ချန်မှာ ရှိတဲ့ ဟိုမြေကွက်ကို ငါတို့မိသားစုနဲ့အတူတူ တိုးချဲ့ချင်တယ်လို့ ပြောသွားတယ်။ ချန်မိသားစုနဲ့ ရှောက်မိသားစုကြားက အစိုင်အခဲကို ချေဖျက်တဲ့ ၊ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်တဲ့ ပရောဂျက်အတွက် ဆိုရင် သူ လှုပ်ရှားတာ တော်တော်လေး မြန်တာပဲ။ သူ ဒီနေ့မနက်ကမှ အာဏာရဖို့ မနည်း ကြိုးစားခဲ့ရတာ မဟုတ်လား ၊ နေ့ခင်းရောက်တော့ ငါတို့မိသားစုနဲ့ အလုပ်တွဲလုပ်ချင်လို့ပါ ဆိုပြီး ဖုန်းဆက်နေပြီ။ ငါ အခုထိ သူ ပြောတာကို သဘောမတူရသေးပေမဲ့ ‘ ပထမဆုံး ပရောဂျက် ’ လို့ သူ ပြောနေပုံထောက်ရင် ဒုတိယ ပရောဂျက်နဲ့ တတိယ ပရောဂျက်လည်း ရှိသေးတယ် ထင်တယ်။ သူ ငါတို့ရဲ့ ချန်မိသားစုထဲကို ဝင်ဖို့ ကြံနေတာ မဟုတ်လား။ ”

ချန်ကျင်းလန်က သူမရဲ့ အစ်ကို ပြောလို့ မပြီးသေးမှန်း သိတာကြောင့် လောလောဆယ် ဘာစာမှ ပြန်မပို့သေးဖို့ပဲ ဆုံးဖြတ်လိုက်သည်။ သူ ပြောလို့ ပြီးမှပဲ သူမ စာပြန်မည်။ ထင်ထားတဲ့အတိုင်းပင် တစ်စက္ကန့်တောင် မကြာလိုက်ဘဲ နောက်ထပ် အသံမက်ဆေ့ခ်ျ တစ်စောင် ထပ်ရောက်လာ၏။ “ ဒါပေမဲ့ သူ့အကြံက ဆိုးတော့ မဆိုးပါဘူး။ ငါတို့ အပန်းဖြေဥယျာဉ် တစ်ခု တည်ဆောက်လို့ ရတယ်လို့ သူ ပြောတယ်။ ငါလည်း နန့်ချန်က အဲ့မြေကွက်ကို ဘယ်လို အသုံးချရင် ကောင်းမလဲလို့ စဉ်းစားနေတာ။ အပန်းဖြေဥယျာဉ်က မဆိုးပါဘူး။ ငါတို့ အဲ့မြေကွက်မှာ အပန်းဖြေဥယျာဉ် ဆောက်ပြီး လီချီလေးကို လက်ဆောင်ပေးလို့ ရတယ်။ ဒါပေမဲ့ ငါတို့ အတူတူ လက်တွဲပြီး အလုပ်,လုပ်မယ် ဆိုရင်တောင် ဘယ်လို ပူးပေါင်းမှာလဲ ဆိုတာကိုတော့ သေချာ စဉ်းစားရဦးမယ်။ သူ ငါ့ကို ဆရာကြီးလာလုပ်တာတော့ မခံနိုင်ဘူး။ ”

ချန်ကျင်းလန်က [ သူ အစ်ကို့ကို သေချာပေါက် ဆရာကြီးလာလုပ်လို့ မရပါဘူး။ မိန်းမလှလေး တစ်ယောက်ကပဲ အစ်ကို့ကို ဆရာကြီးလုပ်လို့ ရမှာ။ ] ဟု စာပြန်ပို့လိုက်တော့ ချန်ကျင်းချွမ်က တဟဲဟဲ ရယ်ကာ [ ငါ့ညီမက ငါ့အကြောင်း သေချာ သိသားပဲ။ ] ဟု ပြန်ပို့ခဲ့သည်။

ချန်ကျင်းလန်သည် ရှောက်ချန်းကျယ်ကို အဆင်ပြေရဲ့လား ၊ အခြေအနေ ဘယ်လိုလဲ စသည်ဖြင့် အကျိုးအကြောင်း လှမ်းမေးရင်‌ ကောင်းမလားဟု တွေးနေမိသည်။ သူ့ရဲ့ WeChat အကောင့်လေးကို နှိပ်လိုက်ရုံပဲရှိသေး ၊ သူက အချိန်ကိုက်ပဲ မက်ဆေ့ခ်ျပို့လာခဲ့လေသည်။

[ ဒီည ညစာ အတူတူ စားကြမလား။ ]

ချန်ကျင်းလန် ရယ်လည်း ရယ်ချင် ၊ စိတ်လည်း ဆိုးချင်သွားသည်။ [ ကျွန်မတို့မှာ စားတာက လွဲပြီး တခြား လုပ်စရာ မရှိတော့ဘူးလား။ ရှင်နဲ့ ကျွန်မ တွေ့လိုက်တိုင်း စားဖို့ တွေ့တာချည်းပဲ။ ]

[ အဲ့လို မဟုတ်ပါဘူး။ ကိုယ် ဒီည ဘာအလုပ်မှ မရှိဘူး။ မင်းက ကိုယ့်ကောင်မလေး ဆိုတော့ ကိုယ့်ကို အထူးအခွင့်အရေးတွေ တောင်းဆိုလို့ ရတယ်နော်။ မင်း ကိုယ့်ကို ဘာအခွင့်အရေးမှ မတောင်းဆိုမှာကို ကိုယ် စိုးရိမ်နေတာပါ။ ]

ချန်ကျင်းလန်က သူ့ကို [ အရူးကောင် ] ဆိုတဲ့ စကား တစ်ခွန်းပဲ ပြန်ပို့လိုက်၏။

ရှောက်ချန်းကျယ်က မူလခေါင်းစဉ်ကိုပဲ စကားလမ်းကြောင်း ပြန်ပြောင်းလိုက်သည်။ [ ဒီည ထင်းရှူးတောအုပ်တိုက်ခန်းအိမ်ရာကို လာခဲ့ရင်ရော ဘယ်လိုလဲ။ ကိုယ် ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ဟင်းချက်နည်းတွေကို သင်ထားတယ်။ မင်းနဲ့ လီချီလေးကို ကိုယ့်လက်ရာကို မြည်းကြည့်စေချင်တယ်။ ]

ချန်ကျင်းလန်က သူ့ကို [ ရှင့်ကုမ္ပဏီ ကိစ္စတွေ အကုန်လုံးကိုရော ဖြေရှင်းပြီးပြီလား။ ] ဟု မေးလိုက်တော့ ရှောက်ချန်းကျယ်က [ ဖြေရှင်းပြီးပါပြီ။ မင်းနဲ့ လီချီလေးကို ကိုယ့်လက်ရာကို မြည်းခိုင်းဖို့ ကိုယ် စိတ်လှုပ်ရှားနေတာ။ မင်းမိဘတွေနဲ့ မကြာခင် တွေ့ပြီးတော့ သူတို့ကိုလည်း ထမင်း တစ်နပ်လောက် ချက်ကျွေးချင်တယ်။ ] ဟု စာပြန်ပို့သည်။

‌ချန်ကျင်းလန်က [ အရူးကောင် ] ဆိုတဲ့ စကား တစ်ခွန်းပဲ ထပ်ပို့ပြီး ဖုန်းကို ပိတ်ထားလိုက်တော့သည်။

***

All Chapters