အခန်း ၇၇
Vol. 8 Ch. 77
အပိုင်း ( ၇၇ )
ရှောက်ချန်းကျယ်က လီချီလေးကို မူကြိုကျောင်းကနေ သွားမကြိုမီ ချန်ကျင်းလန်ကို အရင် သွားကြိုခဲ့သည်။ လီချီလေးက ဖေဖေ့ကို မှီရင်း ဖေဖေ့ကို တစ်လှည့် ၊ မေမေ့ကို တစ်လှည့် ကြည့်လိုက်သည်။ “ ဖေဖေနဲ့ မေမေ အခုတလော ခဏ ခဏ ချိန်းတွေ့လာကြသလိုပဲနော်။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမလေးကို စူးစမ်းသလို ကြည့်လိုက်သည်။ “ လီချီလေးက ဖေဖေနဲ့ မေမေ ချိန်းတွေ့တာကို သဘောကျတယ် မဟုတ်ဘူးလား။ ”
ချန်ကျင်းလန်ကလည်း သမီးဖြစ်သူကို ကြည့်နေခဲ့သည်။ သူမလေးကို ကြည့်ရတာ ဒီနေ့ အရမ်း စိတ်ကြည်လင်တဲ့ပုံမပေါ်သောကြောင့် သူမလေးရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။ “ လီချီလေး ဒီနေ့ ကိစ္စ တစ်ခုခုကြောင့် ဝမ်းနည်းနေတာလား။ ”
ချန်လီချီလေးက ခေါင်းခါပြသည်။ “ သမီး ဝမ်းမနည်းပါဘူး။ သမီးလည်း ဖေဖေနဲ့ မေမေ့ကို များများ ချိန်းတွေ့စေချင်ပါတယ်။ ဒါပေမဲ့ မေမေတို့ ချိန်းတွေ့တိုင်း သမီးက အမြဲတမ်း ပါနေရင် နှောင့်ယှက်သလို ဖြစ်နေမှာပေါ့။ သမီးကြောင့် မေမေတို့ မလွတ်လပ်မှာကို စိုးရိမ်တယ်။ ”
ချန်လီချီလေးသည် သူမရဲ့ အတန်းဖော်တွေဆီက “ စုံတွဲတွေကြားမှာ အမြဲ တကောက်ကောက်လိုက်ပြီး နှောင့်ယှက်တဲ့ လူ ” ဆိုတဲ့ အသုံးအနှုန်းအသစ် တစ်ခုကို သင်ယူခဲ့ရသည်။ ထိုအသုံးအနှုန်းရဲ့ အဓိပ္ပာယ်ကို သေချာ စဉ်းစားကြည့်လိုက်တော့ သူမက အဲ့ဒီလို လူမျိုး ဖြစ်နေတာများလားဟု အတွေးဝင်လာမိသည်။ ဖေဖေနှင့် မေမေ့ကို ချိန်းတွေ့စေချင်သည် ၊ မေမေ့ကို စိတ်ချမ်းသာစေချင်သည်။ ဒါပေမဲ့ သူမက မေမေနှင့် မခွဲချင်သောကြောင့် မေမေတို့ ချိန်းတွေ့တိုင်း အမြဲ တကောက်ကောက်လိုက်နေမိပါသည်။ အဲ့ဒါက သူမကို အတွဲတွေကြား လိုက်နှောင့်ယှက်တဲ့ လူ ဖြစ်စေတာပဲ မဟုတ်ဘူးလား။ သူမရဲ့ မိဘတွေ ချိန်းတွေ့တာကို နှောင့်ယှက်တဲ့ လူမျိုး မဖြစ်ချင်ပါ။
ရှောက်ချန်းကျယ်က သူမလေးကို ညင်သာစွာ ပြောလိုက်သည်။ “ လီချီလေးက ဘယ်တော့မှ အနှောင့်အယှက် မဟုတ်ပါဘူးကွယ်။ သမီးက ဖေဖေနဲ့ မေမေအတွက် မြားနတ်မောင်လေးပဲလေ။ သေချာ တွေးကြည့်ပါ ၊ သမီးသာ ဖေဖေ့ကို လာမရှာရင် ဖေဖေလည်း မေမေ့ကို ဘယ်တော့မှ ရှာတွေ့ခဲ့မှာ မဟုတ်ဘူး။ ပြီးတော့ မေမေ့ကို စိတ်ချမ်းသာအောင် ဘယ်လို ထားရမလဲ ဆိုတာကိုလည်း သမီးပဲ ဖေဖေ့ကို သင်ပေးခဲ့တာ မဟုတ်ဘူးလား။ သမီးသာ ဖေဖေ့ကို သင်မပေးခဲ့ရင် မေမေက ဖေဖေ့ကို အခုချိန်ထိ လျစ်လျူရှုထားဦးမှာပဲ။ မနေ့မနက်တုန်းက ကိစ္စကိုရော မှတ်မိသေးလား။ သမီးသာ ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ ဖေဖေ့ကို ခရုနတ်သမီးလေးလို ဝတ်မပေးခဲ့ရင် ဘွားဘွားက ဖေဖေ့ကို ရှာတွေ့သွားမှာ။ လီချီလေးသာ မရှိရင် ဖေဖေတော့ ဒုက္ခရောက်ပြီပဲ။ အဲ့ဒါကြောင့် ဖေဖေနဲ့ မေမေ ချိန်းတွေ့ရင်လည်း သမီးပါ ရှိနေမှ အဆင်ပြေမှာ။ မဟုတ်ရင် ဖေဖေက မေမေ စိတ်ကောက်နေရင် ဘယ်လို ချော့ရမလဲ ဆိုတာ သိမှာ မဟုတ်ဘူး။ ”
ချန်လီချီလေးသည် အဖေဖြစ်သူရဲ့ စကားတွေကို နားထောင်ရင်း သူမရဲ့ မျက်နှာလေးက တဖြည်းဖြည်း ရွှင်လန်းလာခဲ့သည်။ “ ဒါဆို တကယ်တော့ သမီးက ဖေဖေတို့အတွက် အရမ်း အထောက်အကူပြုနေတာပေါ့နော်။ ဖေဖေနဲ့ မေမေအတွက် အနှောင့်အယှက် မဟုတ်ဘဲနဲ့ မြားနတ်မောင်လေး ဖြစ်နေတာပေါ့နော်။ ”
ချန်ကျင်းလန်က သူမလေးရဲ့ ဆံပင်လေးတွေကို ဆွဲဖွလိုက်သည်။ “ လီချီလေးက ဒီလောက်တောင် လိမ္မာပြီး ဉာဏ်လည်းကောင်း ၊ ချစ်စရာလည်းကောင်းတာကို ဘယ်လိုလုပ် အနှောင့်အယှက် ဖြစ်မှာလဲကွယ်။ ”
“ ဒါဆို ဖေဖေနဲ့ မေမေ တစ်ရက်ကို တစ်ကြိမ်ပဲ ချိန်းမတွေ့နဲ့တော့။ တစ်ရက်ကို သုံးကြိမ် ချိန်းတွေ့ပါလားဟင်။ မေမေတို့ ချိန်းတွေ့တဲ့အခါတိုင်း သမီးက အတော်ဆုံး မြားနတ်မောင် ဖြစ်အောင် အစွမ်းကုန် ကြိုးစားပြီး မေမေ့ကို စိတ်ချမ်းသာအောင် လုပ်ပေးမယ်။ ”
ချန်ကျင်းလန်က သူမလေးရဲ့ နဖူးလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ “ မေမေတို့ တစ်ရက်ကို သုံးကြိမ်တောင် ချိန်းတွေ့နေရင် သမီးက ကျောင်းမသွားတော့ဘူးလား။ ”
အယ် .. ဟုတ်သားပဲ။ ချန်လီချီလေးက လျှာတစ်လစ်ထုတ်လိုက်သည်။ “ ဒါဆိုလည်း ကျောင်းဖွင့်တဲ့ ရက်တွေမှာ တစ်ရက်ကို တစ်ကြိမ်ပဲ ချိန်းတွေ့ပြီး ကျောင်းပိတ်ရက်တွေမှ တစ်ရက်ကို သုံးကြိမ် ချိန်းတွေ့ပေါ့။ ”
“ ဖေဖေတော့ လီချီလေးရဲ့ အစီအစဉ်က လုံးဝ ပြီးပြည့်စုံတယ်လို့ ထင်တယ်။ ” ရှောက်ချန်းကျယ်က သူ့ရဲ့ မင်းသမီးလေးကို ပွေ့ချီလိုက်တော့ သူ့မင်းသမီးလေးက တခစ်ခစ် ရယ်သည်။ “ သမီးလည်း အဲ့လိုပဲ ထင်တယ်။ မေမေရော ဘယ်လို ထင်လဲဟင်။ ”
ချန်ကျင်းလန်က ကလေးကြီးနှင့် ကလေးလေးတို့သားအဖ နှစ်ယောက်ကို ဆူပူသလို ဟန်ဆောင်လိုက်သည်။
ထင်းရှူးတောအုပ်တိုက်ခန်းအိမ်ရာကို သူတို့ ရောက်သွားတော့ လီချီလေးက ဧည့်ခန်းထဲမှာ သူမရဲ့ မွေးနေ့ပွဲဖိတ်စာတွေကို ရေးဆွဲရင်း အလုပ်ရှုပ်နေခဲ့ပြီး ရှောက်ချန်းကျယ်နှင့် ချန်ကျင်းလန်ကတော့ မီးဖိုချောင်ထဲမှာ သူမအတွက် အရသာရှိတဲ့ အစားအသောက်တွေကို ချက်ပြုတ်နေခဲ့ကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် ထွက်ပေါ်လာတဲ့ တံခါးဘဲလ်မြည်သံကြောင့် လီချီလေးက စုတ်တံကို ပြန်ချပြီး တံခါးကို အပြေး သွားဖွင့်လိုက်ပေး၏။
တံခါးအပြင်ဘက်မှာ လှပပြီး ကြင်နာပုံရတဲ့ အဘွား တစ်ယောက် ရပ်နေသည်။ ချန်လီချီက တောက်ပစွာ ပြုံးပြပြီး “ ဘွားဘွား တစ်ခုခုများ လိုအပ်တာ ရှိလို့လားဟင်။ ” ဟု မေးလိုက်ပါသည်။
ချစ်စဖွယ် ကလေးမလေးကို မြင်ချိန်မှာ လွီစစ်ဝေရဲ့ နှလုံးသားက ချက်ချင်းပဲ အရည်ပျော်ကျသွားသည်။ ဘယ်လိုလုပ် ကမ္ဘာပေါ်မှာ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးမလေး ရှိနေနိုင်ရတာလဲ။ သူမက သူတို့နားကို လျှောက်လာတဲ့ ရှောက်ချန်းကျယ်ကို တိတ်တဆိတ် လက်ဟန်ခြေဟန်ပြလိုက်သည်။ “ ဘွားဘွား အထပ်မှားပြီး ရောက်လာတာပါ ကလေးရယ်။ ဘွားဘွား သွားရမယ့် အထပ်က နောက်တစ်ထပ်မှာ ရှိတာကွယ့်။ နှောင့်ယှက်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ် ကလေးရယ်။ ”
လွီစစ်ဝေ မွေးရပ်မြေကနေ ဒီကို ရောက်လာရတဲ့ ပထမ အကြောင်းပြချက်က ဒီနေ့ ရှောက်မိသားစုမှာ ဖြစ်သွားတဲ့ ကိစ္စတွေကြောင့် ဖြစ်ပြီး ဒုတိယ အကြောင်းပြချက်ကတော့ သူ့သားရဲ့ ဇနီးဖြစ်သူကို ပြန်လိုက်နေတဲ့ လုပ်ငန်းစဉ်ရဲ့ တိုးတက်မှုကို စစ်ဆေးချင်တာကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းပြချက်ကတော့ ပိုပြီး အဓိကကျတာပေါ့လေ … ။ အခုတလော သူမ ဒီချစ်စရာကလေးမလေးနှင့် တွေ့ချင်လွန်း၍ ညတိုင်း အိပ်မက်တွေတောင် မက်နေသည်။
သူမသားရဲ့ အေးတိအေးစက် ပုံစံနှင့် ဆိုလျှင် ကလေးအမေရဲ့ လက်ကို အခုထိ ဆုပ်ကိုင်နိုင်ခွင့် ရဦးမှာ မဟုတ်ဘူးလို့သာ ထင်ခဲ့တာပါ။ ဒီတစ်ခေါက်တော့ သူမသားက ထိုမိန်းကလေးကို လက်သွက်ခြေသွက်နှင့် အိမ်အထိ ရောက်အောင် ခေါ်ပြီးနေပြီလို့ ဘယ်သူက ထင်ခဲ့မှာလဲ။ သူမ ဒီနေ့ အချိန်မှားပြီး ရောက်လာခဲ့တာ ဖြစ်သည်။ အခြေအနေကို ကြိုသိခဲ့ရင် ဒီကို မလာခင် အရင် ဖုန်းဆက်ခဲ့မှာပင်။ သူမရဲ့ သားက အရင်တုန်းကလို အဖော်မဲ့ အထီးကျန် လူပျိုသိုးကြီး မဟုတ်တော့တာမို့ သူမ ဒီတိုက်ခန်းကို လာချင်တိုင်း လာလို့ မရတော့ပါ။ ဒီနေ့က စပြီး သူမ လာလည်တိုင်း မလာခင် ဖုန်းကြိုဆက်ရပါတော့မည်။ ဒါမှသာ သူမသားရဲ့ အချိန်ကောင်းလေးတွေကို မနှောင့်ယှက်ရာကျမည်လေ။ ပြီးတော့ မြန်မြန် လာလည်ပြီး မြန်မြန် ပြန်ရမည်။
ချန်လီချီလေးက အဖေဖြစ်သူကို တစ်လှည့် ၊ လွီစစ်ဝေကို တစ်လှည့် ကြည့်နေခဲ့ပြီး သူမအနားကိုတောင် တိုးကပ်လာသည်။ “ ဘွားဘွားက ဖေဖေ့ရဲ့ အမေလားဟင်။ ”
လွီစစ်ဝေ အလွန် အံ့ဩသွားကာ သူမလေးရဲ့ မျက်လုံးလေးတွေကို ငုံ့ကြည့်လိုက်၏။ “ ကလေး ဘယ်လိုလုပ် သိတာလဲ။ ” သူမကို ဒီကလေးမလေး အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်ဘူးလား … ။ သူမကို သူ့အဖေရဲ့ အမေမှန်း ဘယ်လိုလုပ် သိသွားတာပါလိမ့် … ။
“ ဖေဖေက ဘွားဘွားကို သမီးနဲ့ မေမေ့ကို ကြည့်သလို နူးညံ့တဲ့ အကြည့်နဲ့ ကြည့်နေလို့ပါ။ အဲ့ဒါကြောင့် ဘွားဘွားက ဖေဖေနဲ့ အရမ်း ရင်းနှီးတဲ့ ဆွေမျိုးတို့ ဘာတို့ ဖြစ်လိမ့်မယ်လို့ သမီး ထင်လိုက်တာ။ ပြီးတော့ ဘွားဘွားကို ကြည့်ရတာ သမီးအဘွားနဲ့ အသက်သိပ်မကွာလောက်ဘူး ဆိုတော့ ဖေဖေ့ရဲ့ အမေပဲ ဖြစ်မယ် ထင်တယ်။ ”
လွီစစ်ဝေ တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီချစ်စရာကလေးမလေးက အံ့ဩစရာကောင်းလောက်အောင်ကို ဉာဏ်ကောင်းတာပါလား …… ။
ချန်လီချီက သူမအဖေရဲ့ အမေကို အလွန် စိတ်ဝင်သွားသဖြင့် လွီစစ်ဝေအား ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်၏။ “ မင်္ဂလာပါ ဘွားဘွား။ သမီးနာမည်က ချန်လီချီပါ။ ဘွားဘွား သမီးကို လီချီလေးလို့ ခေါ်လို့ ရပါတယ်။ ”
လွီစစ်ဝေရဲ့ မျက်နှာက ပွင့်လန်းလာတဲ့ ပန်းလေး တစ်ပွင့်လို တောက်ပသွားကာ “ မင်္ဂလာပါ လီချီလေး။ ဘွားဘွားနာမည်က လွီစစ်ဝေပါ။ ဘွားဘွားက ရှောက်ချန်းကျယ်ရဲ့ အမေပါ။ ” ဟု နူးညံ့ညင်သာစွာ ပြန်ပြောလိုက်သည်။
ဒီဘွားဘွားရဲ့ အပြုံးကို ချန်လီချီ အမှန်တကယ်ပင် သဘောကျသည်။ “ ဘွားဘွားက ပြုံးလိုက်ရင် အရမ်း လှတယ်။ ” လို့ ပြောလိုက်တော့ လွီစစ်ဝေရဲ့ နှလုံးသားက Marshmallow လေး တစ်ခုလို အရည်ပျော်ကျပြီးသား ဖြစ်သွားလေသည်။ “ ဘွားဘွားရဲ့ လီချီလေး ပြုံးလိုက်ရင် ပိုပြီးတော့တောင် လှပါသေးတယ်ကွယ် ၊ ချစ်စရာကောင်းပါတယ် ဆိုတဲ့ ဘိုမရုပ်လေးထက်တောင် ပိုလှသေးတယ်။ ”
ချန်လီချီရဲ့ ပြုံးရီနေတဲ့ မျက်လုံးလေးတွေက လခြမ်းကွေးလေးတွေအဖြစ် ကွေးညွှတ်သွားလေသည်။ ဘွားဘွားက ဖေဖေ့ရဲ့ အမေ ဆိုပေမဲ့ ဖေဖေနှင့် လုံးဝ မတူပါ။ ဘွားဘွားက အများကြီး ပိုပြီး သွက်သွက်လက်လက်ရှိသည်။
ဧည့်ခန်းထဲက စကားသံတွေကို ကြားလိုက်ရတဲ့ ချန်ကျင်းလန်က မီးဖိုချောင်ထဲက ထွက်လာသည်။ ရှောက်ချန်းကျယ်က သူမရဲ့ အမူအရာကို ဂရုတစိုက် ကြည့်လိုက်ပေမဲ့ ပုံမှန်မဟုတ်တဲ့ အရိပ်အယောင်တွေကို မတွေ့ရပါ။ သူက သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး သူ့အမေကို ပြောလိုက်သည်။ “ အမေ .. ဒါက ကျင်းလန်ပါ။ လီချီလေးရဲ့ အမေ ဆိုလည်း ဟုတ်တယ် … ။ ” ထို့နောက် စကား ခဏ ရပ်ကာ ချန်ကျင်းလန်ကို တစ်ချက် ကြည့်ပြီးမှ “ ကျွန်တော့်ချစ်သူဆိုလည်း ဟုတ်တယ်။ ” ဟု ဆက်ပြောလိုက်လေသည်။
“ တွေ့ရတာ ဝမ်းသာပါတယ် ဒေါ်လေး။ ကျွန်မက ချန်ကျင်းလန်ပါ။ ” ချန်ကျင်းလန်က ရှောက်ချန်းကျယ် ဆုပ်ကိုင်ထားတဲ့ သူမရဲ့ လက်ကို အသာအယာလေး ရုန်းထွက်လိုက်ပြီး လွီစစ်ဝေကို ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။
လွီစစ်ဝေသည် စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားရ၏။ သူမရဲ့ သားမှာ လူရွေးချယ်တတ်တဲ့ အမြင်ကောင်းကောင်း ရှိတာမို့ သူ သဘောကျတဲ့ မိန်းကလေးဟာလည်း အကောင်းဆုံး ဖြစ်မှာ အသေအချာပင်။ “ တွေ့ရတာ ဝမ်းသာပါတယ် ကျင်းလန်။ လီချီလေးက အရမ်း လှနေကတည်းက သူက သူ့အမေနဲ့ တူတာ ဖြစ်လိမ့်မယ် ဆိုတာ ဒေါ်လေး သိပါတယ်။ ”
ချန်လီချီလေးက လူတွေက သူမကို သူမအမေနှင့် တူတယ်လို့ ပြောတာကို သဘောကျသည်။ အမေဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တဲ့ ချစ်စဖွယ် အသံလေးထဲမှာ ဂုဏ်ယူဝံ့ကြွားမှုတွေ ပြည့်နှက်နေပါသည်။ “ နေမေက လှရုံတင် လှတာ မဟုတ်ဘူး ဘွားဘွားရဲ့။ မေမေက အရမ်းလည်း တော်တယ် ၊ ဟိုတယ် အကြီးကြီး တစ်ခုကိုလည်း သူတစ်ယောက်တည်း အုပ်ချုပိနေတာ။ ”
လွီစစ်ဝေရဲ့ အကြည့်က ပိုလို့တောင် နူးညံ့သွားသည်။ “ သမီးအမေက အဲ့လောက်တောင် တော်တာ ဆိုတော့ ဘွားဘွားတို့ရဲ့ ချစ်စရာ လီချီလေးကလည်း မေမေ့လို အရမ်း တော်မှာပဲ။ ”
ချန်လီချီက လွီစစ်ဝေကို လေးလေးနက်နက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ “ သမီးက အခုမှ ခြောက်နှစ်ပဲ ရှိသေးလို့ မေမေ့လောက်တော့ မတော်သေးပေမဲ့ သမီး အရွယ်ရောက်လာရင်တော့ မေမေ့ခြေရာကို နင်းနိုင်မှာပါ ဘွားဘွား။ ”
လွီစစ်ဝေသည် စကားတတ်လွန်းလှသည့် ချစ်စဖွယ် ကလေးမလေးကို ကြည့်ကာ သူမလေးကို ကမ္ဘာပေါ်မှာ ရှိတဲ့ အချိုမြိန်ဆုံး စကားများနှင့် ချီးကျူးချင်သွားသည်။ “ ဘွားဘွား ဒီအသက်အရွယ်ထိ လီချီလေးလောက် တော်ပြီး ချစ်စရာကောင်းတဲ့ ခြောက်နှစ်အရွယ် ကလေးတွေကို မမြင်ဖူးခဲ့ပါဘူးကွယ်။ ”
ချန်လီချီက လွီစစ်ဝေရဲ့ ချီးကျူးစကားတွေကြောင့် ရှက်သွားပြီး “ အခုလို ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် ဘွားဘွား။ ” ဟု နူးညံ့စွာ ပြောကာ အမေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။
ချန်ကျင်းလန်က လွီစစ်ဝေကို ပြံးပြလျက် သမီးဖြစ်သူရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးနေမိသည်။ ဒီအမျိုးသမီးကြီးက သူမ တွေးထင်ထားတဲ့ ပုံစံမျိုး မဟုတ်ပါ။ ရှောက်ချန်းကျယ်ရဲ့ အေးတိအေးစက် စိတ်နေစိတ်ထားကြောင့် သူ့ကို တင်းကျပ်တဲ့ မိသားစုပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တာ ဖြစ်ရမည်ဟု ထင်ထားခဲ့ပေမဲ့ ဒီလို နွေးထွေးတဲ့ မိခင် တစ်ယောက် ရှိတဲ့ အိမ်ဟာ အမှန်တကယ်ပဲ ပျော်စရာကောင်းခဲ့ပါလိမ့်မည်။ သူ့စိတ်နေစိတ်ထားက မိသားစုပတ်ဝန်းကျင်နှင့် မသက်ဆိုင်တဲ့ မွေးရာပါ ဖြစ်ဖို့ များသည်။
လွီစစ်ဝေက သူမ စိတ်လှုပ်ရှားလွန်းပြီး မေ့သွားတော့မလို ဖြစ်နေတဲ့ ကိစ္စ တစ်ခုကို သတိရသွားကာ လက်ခုပ်တီးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွေ လက်ဗလာနှင့် ပြန်မသွားရစေရန်အတွက် သူမ လက်ဆောင် တစ်ခုကို ကြိုတင်ပြင်ဆင်လာခဲ့သည်။
“ ဘွားဘွားကို ခဏ စောင့်နော် လီချီလေး။ ဘွားဘွားမှာ သမီးကို ပေးစရာ ရှိတယ်။ ” အစတုန်းက လွီစစ်ဝေက ထိုပစ္စည်းကို ရှောက်ချန်းကျယ်အား သွားယူခိုင်းဖို့ တွေးနေခဲ့ပေမဲ့ ချန်ကျင်းလန်ကို ကြည့်နေတဲ့ ရှောက်ချန်းကျယ်ရဲ့ အကြည့်ကို ကြည့်ရသလောက် ပစ္စည်းကို သူမဘာသာပဲ သွားယူတာ ကောင်းလိမ့်မည်။ သူ့မှာ သူမကို ပြောချင်တဲ့ စကားတွေ ရှိနေပုံရသည်။
လွီစစ်ဝေက အခန်းထဲကို ဝင်ခဲ့ချိန်မှာ ချန်ကျင်းလန်ကတော့ အိမ်သာတက်နေတဲ့ ချန်လီချီလေးကို အပြင်မှာ စောင့်နေခဲ့လေသည်။
ရှောက်ချန်းကျယ်သည် မီးဖိုချောင်ထဲကို ပြန်သွားကာ ဟင်းအိုးတွေကို စစ်ဆေးပြီးနောက် ချန်ကျင်းလန်ဆီ လျှောက်သွားပြီး သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်၏။ “ ကိုယ့်အမေ ဒီနေ့ လာမယ် ဆိုတာကို ကိုယ်လည်း မသိခဲ့ဘူး။ သူ ကုမ္ပဏီက သတင်းတွေကို မြင်သွားလို့ ကိုယ့်ကို စိတ်ပူပြီး ရောက်လာတာ ထင်တယ်။ ” သူမကို သူ့အမေက စိတ်ကြိုက် ထိန်းချုပ်နိုင်အောင် သူ့အိမ်မှာ အရင်ဆုံး မိတ်ဆက်ပေးလိုက်တာလို့ သူမ ထင်သွားမှာကို သူ စိုးရိမ်သည်။
ချန်ကျင်းလန်က သူ့ကို ကြည့်ပြီး “ ဒေါ်လေးက ကျွန်မနဲ့ လီချီကို အရင်တုန်းက တွေ့ဖူးတာလား။ ” ဟု မေးလိုက်မိသည်။ သူမတို့နှစ်ယောက်ကို ထိုအမျိုးသမီးကြီး အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာ မဟုတ်မှန်း သူမ သိပါသည်။
“ မင်း ကိုယ့်ကို ကြိုဖို့ လေဆိပ်ကို လာတဲ့ အခေါက်တုန်းက ကိုယ့်အမေကလည်း ကိုယ့်ကို လာတွေ့တဲ့ အချိန် ၊ အဲ့မှာ မင်းနဲ့ လီချီလေးကို တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ တွေ့သွားတယ်။ ကိုယ့်မှာ သူ့ကို အမှန်အတိုင်း ပြောပြရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး။ ” ရှောက်ချန်းကျယ်က ဧည့်ခန်းထောင့်ရှိ ဗီရိုပေါ်က ဖုန်သုတ်တဲ့ ကြက်မွှေးတွေကို မေးငေါ့ပြလိုက်သည်။ “ အဲ့ညမှာပဲ ကိုယ့်အမေက ကိုယ့်ကို အဲ့ကြက်မွှေးတွေနဲ့ ကောင်းကောင်း ရိုက်ခဲ့တာလေ။ ကိုယ် ကလေးဘဝတုန်းကတောင် ကြက်မွှေးနဲ့ တစ်ခါမှ အရိုက်မခံခဲ့ဖူးတော့ ဒီအရွယ်ကြီးရောက်မှ အရိုက်ခံရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ”
ချန်ကျင်းလန်သည် ထိုမြင်ကွင်းကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားကာ သူ့ကို ခပ်ဖွဖွလေး ဆူပူလိုက်သည်။ “ အစကတည်းက ရှင်က အဲ့လို အရိုက်ခံရသင့်တာ။ ”
သူက သူမရဲ့ လက်လေးကို ဖျစ်ညှစ်လိုက်သည်။ “ တစ်ခါတုန်းက ကိုယ် လီချီလေးနဲ့ ဗီဒီယိုကောလ်နဲ့ ပြောနေတုန်း ကိုယ့်အမေက လီချီလေးရဲ့ အသံကို အမှတ်တမဲ့ ကြားသွားတယ် ၊ ဒါပေမဲ့ ဗီဒီယိုကောလ်ထဲကို ဝင်မလာခဲ့ဘူး။ မင်းဆီက ခွင့်ပြုချက် မရဘဲနဲ့ သူ လီချီလေးရှေ့မှာ ပေါ်မလာဘူးတဲ့။ ”
ချန်လီချီက “ အိုး … ” ဟူသော စကားလုံး တစ်လုံးနှင့်သာ တုံ့ပြန်လိုက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးလေးတွေကို ငုံ့ကြည့်ပြီး “ မင်း ကိုယ့်ကို စိတ်မဆိုးဘူးမို့လား။ ” ဟု မေးလိုက်သည်။
“ ကျွန်မက အဲ့လောက်တောင် အလွယ်တကူ စိတ်ဆိုးတတ်တဲ့ လူမျိုးမို့လို့လား။ ဒေါ်လေးက အရမ်း သဘောကောင်းတယ် ၊ ရှင့်ထက် အများကြီး ပိုပြီး သဘောကောင်းတယ်။ ”
ရှောက်ချန်းကျယ်က ခပ်ဖွဖွ ရယ်ရင်း သူ့အသံကို တိုးဖျော့စေလိုက်သည်။ “ မင်း ကိုယ့်ကို သဘောကောင်းစေချင်ရင် ကိုယ်လည်း သဘောကောင်းပေးလို့ ရပါတယ်။ မင်းတစ်ယောက်တည်းအပေါ်ကိုပေါ့။ ”
ချန်ကျင်းလန်က သူ့ရှူးဖိနပ်ကို တက်နင်းဖို့ ခြေထောက်ကို မြှောက်လိုက်ချိန်မှာပဲ ချန်လီချီလေးက သန့်စင်ခန်းထဲက ထွက်လာသည်။ “ သမီး ပြီးပြီ မေမေ။ လက်လည်း ဆေးပြီးသွားပြီ။ ဒီက လက်ဆေးကန်က သေးသေးလေးရယ် ၊ သမီးအတွက်တောင်မှ အိမ်မှာလိုပဲ ငုံ့ပြီး လက်ဆေးရတယ်။ သမီးကို ကြည့်ပါဦး မေမေ ၊ လက်ဆေးထားတာ သန့်ရှင်းရဲ့လားဟင်။ ”
“ သမီး လက်ဆေးထားတာ အရမ်း သန့်ရှင်းတယ် ၊ မေမေတို့ရဲ့ လီချီလေးက သိပ်ကို တော်တယ်။ ” ချန်ကျင်းလန်က သမီးဖြစ်သူကို ပြောရင်း သူ့ရှုးဖိနပ်ပေါ်ကို အားနှင့် ဖိနင်းချပစ်လိုက်သည်။
ချန်လီချီက အားခနဲ မသဲမကွဲ ညည်းညူသံကို ကြားလိုက်သော်လည်း အသံပိုင်ရှင်က ဘယ်သူလဲ ဆိုတာကို မဝေခွဲနိုင်သေးခင်မှာပဲ လွီစစ်ဝေက အခန်းထဲကနေ ဘူးအကြီးကြီးကို သယ်လျက် ထွက်လာခဲ့သည်။ ရှောက်ချန်းကျယ် မျက်ခုံးပင့်လိုက်၏။ ဒါက သူတို့ကို ကြိုဆိုဖို့ သူမ ပြင်ဆင်လာတဲ့ လက်ဆောင် ဆိုတာ သူ သိပေမဲ့ ဘယ်အချိန်တုန်းက ပြင်ဆင်လိုက်တာလဲ ဆိုတာကိုတော့ မသိပါ။
သားဖြစ်သူရဲ့ ချစ်သူနှင့် မြေးမလေးကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာ လွီစစ်ဝေ တစ်ယောက် လက်ဆောင်တွေ လုံလုံလောက်လောက် မပြင်ဆင်ထားမိမှာကို စိုးရိမ်နေမိသည်။ ဒါက လက်ဆောင် တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပြီး အိမ်မှာ နောက်ထပ် လက်ဆောင်တွေ ရှိပါသေးသည်။ ဒီကို အစီအစဉ်မရှိ ရောက်လာတုန်း သူတို့ကို တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားတာမို့ အခုတော့ လက်ဆောင် များများစားစား မပါခဲ့ပေ။
လွီစစ်ဝေက အန်ပေါင်း ခပ်ထူထူ တစ်ထပ်ကို ယူပြီး လီချီလေးကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။ “ ဒီအန်ပေါင်းတွေက သမီးအတွက်ပဲ ကလေး။ ”
ချန်လီချီကတော့ ထိုအန်ပေါင်းတွေကို ချက်ချင်း မယူပါ။ “ ဘွားဘွားက သမီးကို ဘာလို့ ဒီလောက် အန်ပေါင်းတွေ အများကြီး ပေးတာလဲဟင်။ ”
“ သမီး မွေးတဲ့အချိန်ကနေ ဒီအချိန်ထိ ခြောက်နှစ် ဆိုတဲ့ ကာလအတွက် ဘွားဘွား ပေးတဲ့ နှစ်သစ်ကူးလက်ဆောင် အန်ပေါင်းတွေပါ။ တစ်နှစ်စီ အတွက် အန်ပေါင်း တစ်ခုပေါ့။ ”
ချန်လီချီက အမေဖြစ်သူကို လှမ်းကြည့်လိုက်တော့ ချန်ကျင်းလန်က သူမလေးကို “ ဘွားဘွား ပေးနေတာကို သွားယူလိုက်နော် သမီး။ ဘွားဘွားကို ကျေးဇူးတင်စကား ပြောဖို့လည်း မမေ့နဲ့။ ” ဟု ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဘွားဘွား။ ” ချန်လီချီက အန်ပေါင်းတွေကို လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်သည်။ “ ဒါပေမဲ့ ဘွားဘွားအတွက် သမီး ဘာလက်ဆောင်မှ ပြင်မထားမိဘူးရယ်။ ”
ချန်ကျင်းလန်က သူမလေးကို “ နောက်တစ်ခေါက် သမီးနဲ့ ဘွားဘွားနဲ့ တွေ့တဲ့အခါကျ သမီး ဘွားဘွားကို လက်ဆောင်ပေးလို့ ရပါတယ်။ ” ဟု ပြောလိုက်တော့ ချန်လီချီက ခေါင်းလေး ဆတ်ခနဲ ညိတ်ပြပြီး လွီစစ်ဝေကို “ နောက်တစ်ခေါက် သမီးတို့ ထပ်တွေ့ရင် သမီးလည်း ဘွားဘွားကို လက်ဆောင်တွေ အများကြီး ပေးပါ့မယ်။ ” ဟု ပြောလိုက်လေသည်။
***