အခန်း ၇၈
Vol. 8 Ch. 78
အပိုင်း ( ၇၈ )
လွီစစ်ဝေက ဝမ်းသာအားရ ပြုံးပြီး နောက်တစ်ခေါက် ထပ်တွေ့ဖို့ သဘောတူလိုက်သည်။ သူမက လက်ဝတ်ရတနာတွေ ထည့်ထားတဲ့ ကတ္တီပါဘူးလေး ခြောက်ဘူး ၊ ကလေးမိတ်ကပ်ပစ္စည်းတွေနှင့် ဂါဝန်လှလှလေး ခြောက်ထည်ကိုပါ ခြောက်နှစ်စာ မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့သည်။ ထမင်းစားပွဲပေါ်နှင့် ဆိုဖာပေါ်မှာ လက်ဆောင်ပစ္စည်းတွေ ပြည့်လျှံသွားသည်။
ဂါဝန်လှလှလေးတွေကို သဘောအကျကြီးကျသွားတဲ့ ချန်လီချီက ဂါဝန်လေးတွေကို စမ်းဝတ်ကြည့်ဖို့ မစောင့်နိုင်တော့ပေ။ ရှောက်ချန်းကျယ်က သူမနှင့်အတူ အဝတ်အစားတွေ ထားတဲ့ အခန်းထဲကို လိုက်ဝင်ပေးသွားခဲ့ရသည်။
လွီစစ်ဝေက အန်ပေါင်း အထပ်လိုက်နှင့် ကတ္တီပါဘူးလေး တစ်ဘူးကို ထုတ်ယူလိုက်၏။ ကတ္တီပါဘူးလေးကို ဖွင့်လိုက်တော့ ကျောက်စိမ်းလက်ကောက်လေး တစ်ကွင်းက လှပစွာ ထွက်ပေါ်လာသည်။ “ လွန်ခဲ့တဲ့ ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက်တုန်းက ချန်းကျယ်နဲ့ လေလံပွဲ တစ်ပွဲကို သွားရင်း ဒီကျောက်စိမ်းလက်ကောက်ကို ဒေါ်လေး လေလံအောင်ခဲ့တာ ကျင်းလန်။ ဒီကျောက်စိမ်းလက်ကောင်ကို လေလံဆွဲကတည်းက တစ်နေ့မှာ ချန်းကျယ်က မိန်းကလေး တစ်ယောက်ကို အိမ်ခေါ်လာရင် အဲ့ဒီ မိန်းကလေးကို ကြိုဆိုတဲ့အနေနဲ့ လက်ဆောင်ပေးမယ် ဆိုတဲ့ စိတ်ကူးနဲ့ လေလံဆွဲခဲ့တာ။ ဒီလက်ဆောင်ကို ဘယ်သူ့ကိုမှ မပေးရတော့ဘူးလို့တောင် ဒေါ်လေး ထင်နေတာ။ ဒေါ်လေးရဲ့ ဆန္ဒက ဒီနေ့မှာ ပြည့်မြောက်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒေါ်လေးတို့ ဆုံတာ အခုမှ ပထမဆုံးအကြိမ် ဆိုပေမဲ့ သမီးနဲ့ ဒေါ်လေးကြားမှာ နွေးထွေးတဲ့ ပတ်သက်မှု တစ်မျိုး ရှိတယ်လို့ ခံစားရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကျောက်စိမ်းလက်ကောက်မှာလည်း သမီးရဲ့ နာမည်က အက္ခရာ တစ်လုံးကို ထွင်းထုထားတယ် ၊ ရေစက်ပဲ ဖြစ်မယ် ထင်တယ်။ ဒီလက်ကောက်က သမီးအတွက် ဒီဇိုင်းဆွဲထားတာပဲ ကျင်းလန်။ ”
ဖေးကျူးဟွေ့က ကျောက်စိမ်းတွေကို သဘောကျတာမို့ ချန်ကျင်းလန်သည်လည်း ကျောက်စိမ်းတွေအကြောင်း သိသင့်သလောက်တော့ သိသည်။ ဒီလို ကျောက်စိမ်းလက်ကောက်မျိုးက သေချာပေါက် ဈေးသေးမှာ မဟုတ်ပါ။ အနည်းဆုံးတော့ အိမ် တစ်လုံး ဝယ်လို့ ရတဲ့ တန်ဖိုးရှိလိမ့်မည်။
ချန်ကျင်းလန် “ သမီး ဒါကို လက်မခံပါရစေနဲ့ ဒေါ်လေး။ ” ဟု ချက်ချင်းပဲ ငြင်းဆန်လိုက်တော့ လွီစစ်ဝေက သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ ဒါက ဒေါ်လေး သမီးကို ပေးသင့်တဲ့ လက်ဆောင်ပါ။ အဲ့ဒါကြောင့် ဘာမှ အားမနာပါနဲ့။ ချန်းကျယ်က သမီးတို့နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ဒေါ်လေးကို တစ်ခါမှ ပြောမပြဖူးပေမဲ့ သူ တော်တော်လေး မှားယွင်းတဲ့ ကိစ္စကို ကျူးလွန်ခဲ့တယ် ဆိုတာတော့ ဒေါ်လေး သိတယ်။ အဲ့ဒါကြောင့်ပဲ သမီး သူနဲ့ လမ်းခွဲဖို့ ရွေးချယ်ခဲ့တာ မဟုတ်လား။ ဒီနှစ်တွေ တစ်လျှောက်လုံး သူ ထုတ်မပြောပေမဲ့ သူ့နှလုံးသားထဲမှာ သမီး အမြဲတမ်း ရှိခဲ့တယ် ဆိုတာကို ဒေါ်လေး ပြောနိုင်ပါတယ်။ သူက သမီးကို တစ်ခါလေးတောင် မေ့မသွားခဲ့ဘူး။ သမီးကလည်း သူ့ကို အခွင့်အရေးထပ်ပေးဖို့ ဆန္ဒရှိတဲ့အတွက် ဒေါ်လေး အရမ်း ကျေးဇူးတင်မိတယ်။ တကယ်တော့ သမီးတို့ကြားမှာ ဖြစ်ခဲ့သမျှ ပြဿနာတွေရဲ့ အရင်းအမြစ်က ဒေါ်လေးလို့တောင် ပြောလို့ ရပါတယ်။ သူက ဒေါ်လေးရဲ့ ပထမဆုံး ကလေး ဆိုတော့ အတွေ့အကြုံမရှိတဲ့ ဒေါ်လေးက သူ့ကို ကောင်းကောင်း မပျိုးထောင်နိုင်ခဲ့ဘူး။ သူ့စိတ်က ဒေါ်လေးနဲ့လည်း တစ်ကွက်မှ မတူဘူး။ စကား ဘယ်လို ပြောရမလဲ ဆိုတာ မသိဘူး ၊ မျက်နှာက ရေခဲသေတ္တာထဲမှာ တစ်နေကုန် အေးခဲထားတဲ့ ဖက်ထုပ်လိုမျိုး အေးစက်နေတယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာတော့ သမီးကို တကယ် ချစ်တာပါ … အပေါ်ယံမှာ ဘယ်လောက်ပဲ တည်ငြိမ်သလို ဟန်ဆောင်နေပါစေပေါ့လေ။ ဘယ်လောက် အရေးကြီးတဲ့ အရေးပေါ် အခြေအနေကိုပဲ ရောက်,ရောက် သူ့စိတ်ထဲမှာ ရှိတဲ့ ခံစားချက်တွေကို ထုတ်မပြောတာကတော့ ဒေါသထွက်ချင်စရာကောင်းတာ အမှန်ပါပဲ။ တကယ်လို့ သူသာ ဒေါ်လေးလို စိတ်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်ရင် သမီးတို့နှစ်ယောက်လည်း အခုလို အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရမှာ မဟုတ်ဘူး။ ဒါကို ဒေါ်လေးက သမီးကို တောင်းပန်တဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားပေးပါ ၊ သမီး ဒီလက်ဆောင်ကို လက်ခံပေးတာက ဒေါ်လေးကို ခွင့်လွှတ်ပေးတာနဲ့ အတူတူပါပဲ။ ”
ငြင်းဖို့ ပါးစပ်ပြင်နေတဲ့ ချန်ကျင်းလန်က နောက်ဆုံးစကားကို ကြားချိန်တွင် မျက်နှာပေါ်မှာ အပြုံး တစ်ပွင့် ဖြစ်တည်သွားခဲ့သည်။ သားဖြစ်သူရဲ့ အကြောင်းကို ညာတာမှုကင်းမဲ့စွာ အမှန်အတိုင်း ထိုးနှက်သွားတဲ့ စကားတွေပါပဲ။
ချန်ကျင်းလန်ရဲ့ အပြုံးကို မြင်တော့ လွီစစ်ဝေလည်း ပြုံးလိုက်သည်။ လွီစစ်ဝေက ဘာမှ ထပ်မပြောတော့ဘဲ ချန်ကျင်းလန်ရဲ့ လက်ကို ဆွဲပြီး လက်ကောက်လေးကို ဝတ်ပေးလိုက်၏။ ကျောက်စိမ်းလက်ကောက်လေးနှင့် သူမရဲ့ လက်ကောက်ဝတ် ဖြူဖြူသွယ်သွယ်လေးက လိုက်ဖက်ညီစွာ လှပနေသည်။ လွီစစ်ဝေက သူမရဲ့ လက်ဖမိုးကို ပုတ်လိုက်ရင်း “ ဒီလက်ဆောင်ကို သမီး သိမ်းထားရမယ်နော် ကျင်းလန်။ သူ့ကိုတော့ သမီး စိတ်ထဲက တွေးထားတဲ့ ပုံစံအတိုင်းပဲ ဆက်ပြီး ဆက်ဆံဦး သိလား။ ယောက်ျားတွေကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးလို့ မရဘူး။ သူ တကယ်ပဲ သူ့အမှားတွေကို နောင်တရတာ ဟုတ်ရဲ့လား ဆိုတာ သမီး သေချာအောင် လုပ်ရမယ်။ ” ဟု ပြောလိုက်သည်။
“ ဟုတ် .. သမီး နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဒေါ်လေး။ ”
ချန်ကျင်းလန်က ကျောက်စိမ်းလက်ကောက်လေးကို လက်ခံလိုက်တာမို့ လွီစစ်ဝေရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုဖြင့် အတောက်ပဆုံး ဖြစ်နေခဲ့လေသည်။ ညစာစားချိန် ရောက်တော့ သူမက မြေးမလေးရဲ့ ဘေးမှာ ထိုင်ကာ သပ်သပ်ရပ်ရပ်လေး စားနေတဲ့ မြေးမလေးကို တစိမ့်စိမ့် ထိုင်ကြည့်နေမိသည်။ သူမလေးက နောက်ထပ် ထမင်းပန်းကန်လုံး တစ်လုံးတောင် ထပ်ယူလိုက်သေး၏။ ချန်လီချီလေးက သိပ်ကို ချစ်စရာကောင်းသည် ၊ လိမ္မာယဉ်ကျေးသည် ၊ ထမင်းစားပွဲမှာ သပ်သပ်ရပ်ရပ်လည်း စားတတ်သေးသည်။ ကလေးအမေနှင့် အဘိုးအဘွားတွေက သူမလေးကို တကယ့်ကို ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့တာ ဖြစ်လိမ့်မည်။ သူမရဲ့ သားဟာ သူတို့မိသားစုထဲကို ဝင်နိုင်ဖို့ အများကြီး ကြိုးစားရပါလိမ့်မည်။
ညစာစားပြီးသွားတော့ ရှောက်ချန်းကျယ်က ပန်းကန်ဆေးဖို့နှင့် စားပွဲကို သန့်ရှင်းရေးလုပ်ဖို့ တာဝန်ယူထားသည်။ ချန်လီချီလေးက မေမေနှင့် ဘွားဘွားကို ဆွဲခေါ်ပြီး သူမ ဆွဲထားတဲ့ မွေးနေ့ဖိတ်စာလေးတွေကို ပြနေခဲ့သည်။
ချန်လီချီက ပြောနေရင်း တစ်စုံတစ်ခုကို သတိရသွား၏။ “ ဖေဖေ အသက်ခြောက်နှစ်အရွယ်တုန်းက ဘယ်လို ပုံစံလဲဟင် ဘွားဘွား။ မေမေ အသက်ခြောက်နှစ်အရွယ်တုန်းက ပုံစံကို သမီး မြင်ဖူးပေမဲ့ ဖေဖေ့ကိုတော့ မမြင်ဖူးဘူးရယ်။ ”
“ ခဏ စောင့်ဦး။ ဘွားဘွား သမီးအတွက် ဓာတ်ပုံအယ်လ်ဘမ် သွားယူပေးမယ်။ အသက်ခြောက်နှစ်အရွယ်တင်ပဲ မဟုတ်ဘူး ၊ သမီးအဖေရဲ့ ကလေးတုန်းက ဓာတ်ပုံတွေ အကုန်လုံး ရှိတယ်။ ” လွီစစ်ဝေက စာကြည့်ခန်းထဲကို အမြန် ပြေးဝင်သွားလိုက်သည်။ ဓာတ်ပုံအယ်လ်ဘမ်ကို ဒီမှာ အမြော်အမြင်ရှိရှိ သိမ်းထားခဲ့မိလို့ တော်ပါသေးရဲ့။
လွီစစ်ဝေရဲ့ စကားကို ကြားသွားတဲ့ ရှောက်ချန်းကျယ်က မီးဖိုချောင်ထဲက ထွက်လာပြီး ချန်ကျင်းလန်ကို လှမ်းခေါ်လိုက်သည်။ “ ကိုယ့်ကို ဒီအေပရွန်လေး လာချည်ပေးပါဦး မြောင်မြောင်။ ကိုယ့်လက်တွေက ရေစိုနေတော့ ကိုယ့်ဘာသာ ချည်လို့ မရဘူး ဖြစ်နေတယ်။ ”
သူ့အသက်သုံးနှစ် မပြည့်ခင်တုန်းက ဓာတ်ပုံတွေက ဘယ်သူမှ မကြည့်သင့်တဲ့ အတိတ်မည်းကြီးပင်။
ချန်ကျင်းလန်က သူ သူမကို အာရုံလွှဲဖို့ လုပ်နေမှန်း သိပေမဲ့ ပါးစပ်က ထုတ်မပြောလိုက်ပါ။ ဓာတ်ပုံအယ်လ်ဘမ်က ထွက်ပြေးသွားမှာမှ မဟုတ်တာ ၊ အခု မကြည့်ရလည်း နောက်တစ်ချိန်ကျ ကြည့်ရမှာပဲ … ။ သူ စိတ်ပူပြနေလေ ၊ သူမက ထိုဓာတ်ပုံအယ်လ်ဘမ်ကို ပိုကြည့်ချင်လာလေ ဖြစ်သည်။
ဓာတ်ပုံအယ်လ်ဘမ်ကို ယူပြီး စာကြည့်ခန်းထဲက ထွက်လာတဲ့ လွီစစ်ဝေက ချန်ကျင်းလန်ကို ရှာမတွေ့သည်နှင့် သူမရဲ့ သားက ခေါ်ထုတ်သွားပြီမှန်း ရိပ်စားမိသွားသည်။ သူမက သားဖြစ်သူရဲ့ ခြောက်နှစ်အရွယ်တုန်းက ဓာတ်ပုံတွေကို အရင်ဆုံး ထုတ်ပြီး မြေးမလေးကို ပြနေလိုက်သည်။ ချန်ကျင်းလန် ပြန်ရောက်လာတော့မှ ကျန်တဲ့ ဓာတ်ပုံတွေကို အတူတူ ကြည့်လို့ ရပါသည်။ အတိတ်မည်းတွေ ဆိုတာ အတူတူ ကြည့်မှ ပိုပျော်စရာကောင်းတာမျိုး ဖြစ်လေ၏။
ချန်လီချီက ဓာတ်ပုံတွေထဲမှာ အသားလေး ဖြူဥ ၊ နှုတ်ခမ်းလေး နီရဲပြီး မျက်လုံးလေးတွေ ဝိုင်းစက်နေတဲ့ ဖေဖေ့ကို ကြည့်ကာ ဘွားဘွားဘက်ကို လှည့်ပြီး “ ဖေဖေ ခြောက်နှစ်သားတုန်းက အရမ်း ချစ်စရာကောင်းတာပဲ ဘွားဘွား။ ” ဟု လှည့်ပြောလိုက်၏။
လွီစစ်ဝေက သူမရဲ့ နှာခေါင်းလေးကို ဖျစ်ညှစ်ရင်း “ သူ ဘယ်လောက်ပဲ ချစ်စရာကောင်း,ကောင်း လီချီလေးကိုတော့ မမီပါဘူးကွယ်။ ” ဟု ပြန်ပြောလိုက်သည်။
ချန်လီချီက သိချင်စိတ်ပြင်းပြစွာ ထပ်မေးလိုက်ပါသည်။ “ ဖေဖေက ဒီလောက်တောင် ကြည့်ကောင်းတာ သူ ကျောင်းတက်တုန်းက သူ့ကို သဘောကျတဲ့ မိန်းကလေးတွေ အများကြီး ရှိခဲ့မှာပေါ့နော် ဘွားဘွား။ ”
ချိုမြနေတဲ့ ချစ်စရာ အသံလေးက မီးဖိုချောင်ထဲကို ပျံ့လွင့်လာခဲ့သည်။ ပန်းကန်ဆေးနေတဲ့ ရှောက်ချန်းကျယ်ရဲ့ လက်တွေ ခဏ ရပ်တန့်သွားသလို သူ့ကို အေပရွန်ကြိုးချည်ပေးနေတဲ့ ချန်ကျင်းလန်ရဲ့ လက်တွေလည်း ခဏ ရပ်သွားပြီး ဘာမှ မဖြစ်သလို တည်တည်ငြိမ်ငြိမ်ပဲ ကြိုးဆက်ချည်ပေးနေ၏။
လွီစစ်ဝေက ခိုင်မာစွာ ခေါင်းခါပြရင်း ချန်လီချီလေးသာမက မီးဖိုချောင်ထဲက လူတွေပါ ကြားအောင် အသံကို အနည်းငယ် မြှင့်၍ ပြောလိုက်သည်။ “ ဘယ်ကသာကွယ်။ သူက တစ်နေကုန် မျက်မှောင်ကြီးကြုတ်နေလို့ ကောင်မလေးတွေ အကုန်လုံး သူ့ကို ကြောက်ပြီး ထွက်ပြေးကုန်ကြတာ။ သူ့ကို ကြိုက်တဲ့ ကောင်မလေး တစ်ယောက်မှ မရှိခဲ့ဘူး။ ”
“ တစ်ယောက်တောင် မရှိဘူးလားဟင်။ ”
“ အင်း။ တစ်ယောက်တောင် မရှိဘူး။ ”
ချန်လီချီက ဂုဏ်ယူဝမ်းမြောက်စွာ ရင်ကော့လိုက်သည်။ “ သမီးရဲ့ အမေကတော့ ကျောင်းသူဘဝတုန်းက ကောင်လေးတွေ ဝိုင်းဝိုင်းလည်ခဲ့တာ။ မေမေ့ကို လက်ဆောင်ပေးတဲ့ ကောင်လေးတွေ အများကြီး ရှိတယ်လို့ ဘွားဘွား ( ဖေးကျူးဟွေ့ ) က ပြောတယ်။ တစ်ခါတုန်းက ဘွားဘွားက မိဘဆရာတွေ့ဆုံပွဲကို သွားတော့ ခပ်ဆိုးဆိုး ကျောင်းသားလေး တစ်ယောက်က ဘွားဘွားကို ယောက္ခမကြီးလို့ ခေါ်ခဲ့တယ်တဲ့ ၊ တော်တော်လေး ရယ်စရာကောင်းတယ်မို့လား။ ”
အဲ့ဒီလို ပြောပြီးသွားတော့ လီချီလေးက တခစ်ခစ် ရယ်နေခဲ့သည်။
လွီစစ်ဝေလည်း ဟက်ဟက်ပက်ပက် ရယ်မောရင်း သူမရဲ့ ပေါင်ပေါ်မှာ ထိုင်နေတဲ့ မြေးမလေးကို ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။ နှစ်ခြိုက်စွာ ရယ်မောရလွန်းလို့ မျက်ရည်တောင် ထွက်တော့မည်။ ကမ္ဘာပေါ်မှာ ဒီလောက်တောင် ချစ်စရာကောင်းတဲ့ အဖိုးတန် ရတနာလေး ဘယ်လိုလုပ် ရှိနေရတာလဲ။
မီးဖိုချောင်ထဲမှာတော့ လေထုက ခဏတာ ရပ်တန့်အေးခဲသွားသည်။
ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို လှည့်ကြည့်လိုက်တော့ ချန်ကျင်းလန်က သူ့အေပရွန်ကို တင်းကျပ်နေအောင် ကြိုးချည်ပေးပြီး ဘာကိုမှ မမြင်ခဲ့သလိုမျိုး မီးဖိုချောင်ထဲက အေးအေးဆေးဆေး ထွက်သွားသည်။
သူမရဲ့ နောက်ကျောမှာ ကပ်ပါလာတဲ့ အကြည့်က မီးလို ပူပြင်းတောက်လောင်နေသော်လည်း သူမကတော့ မသိချင်ယောင်ဆောင်နေလိုက်ပါသည်။
ဓာတ်ပုံအယ်လ်ဘမ်တွေ ဆိုတာ အမှတ်တရအဖြစ် သိမ်းဆည်းထားသင့်တဲ့ ပစ္စည်းတွေလို့ ပြောရမည်။
ရှောက်ချန်းကျယ်က ကလေးဘဝကတည်းက အရယ်အပြုံးနည်းတဲ့ လူမျိုး ဖြစ်သည်။ မွေးကင်းစအရွယ်လေးမှာတောင် သူ့မျက်နှာဖောင်းဖောင်းလေးက လူကြီး တစ်ယောက်လိုမျိုး တည်ငြိမ်နေခဲ့သည်။ အဲ့လို တည်တည်တင်းတင်း ပုံစံလေးက နည်းနည်းတော့ ချစ်စရာကောင်းတာ အမှန်ပင်။
“ ဖေဖေက ကလေးတုန်းက အရမ်း ချစ်စရာကောင်းခဲ့တာပဲ။ ” ချန်လီချီက ဓာတ်ပုံထဲက မျက်နှာဖောင်းဖောင်းလေးကို လက်ဖြင့် တို့ထိရင်း ပြောလိုက်သည်။ “ သူ ပြုံးလိုက်ရင် ပိုပြီးတော့တောင် ချစ်စရာကောင်းဦးမှာ။ ”
သူမလေးက ဓာတ်ပုံအယ်လ်ဘမ်ကို ဆက်ပြီး လှန်လှောကြည့်ရှုနေခဲ့သည်။ အဲ့ဒီနောက် မီးအလင်းရောင်တွေအောက်မှာ လေထုက ရုတ်တရက်ပဲ အေးခဲသွားကာ ချန်လီချီက ဓာတ်ပုံ တစ်ပုံကို ညွှန်ပြရင်း အဘွားဖြစ်သူကို မယုံနိုင်သလို မေးလိုက်မိသည်။ “ ဒါက ဖေဖေလားဟင် ဘွားဘွား။ ”
လွီစစ်ဝေက ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး ခေါင်းညိတ်ပြလိုက်၏။ သူမရဲ့ အပြုံးကို အရမ်းကြီး မသိသာစေချင်၍ သစ်သီးပန်းကန်ထဲက စပျစ်သီး တစ်လုံးကို ယူပြီး ပါးစပ်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း ဝါးနေလိုက်ရသည်။
သူ့ဆံပင်တွေ အကုန်လုံးကို နောက်ကို အပြောင်သိမ်းကာ သပ်တင်ထားပြီး ကျစ်ဆံမြီးလေး နှစ်ချောင်း ကျစ်၍ ဖဲပြားနီလေး နှစ်ခုနှင့် ချည်နှောင်ထား၏။ သပ်ရပ်နေတဲ့ ဆံမြိတ်လေးက သူ့နဖူးကျယ်ကျယ်ကို ဖုံးအုပ်ထားသည်။ သူ့မျက်ခုံး နှစ်ခုအလယ်က အနီစက်လေးက သူ့အသားဖြူဖြူပေါ်မှာ တောက်ပစွာ ၊ ပနံရစွာ ထင်းထွက်နေခဲ့သည်။ တရုတ်အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ချီဖောင်အင်္ကျီလေးရဲ့ အောက်အနားစက ပေါင်တစ်လျှောက်မှာ ခွဲထွက်နေပြီး ခြေထောက် ဖောင်းဖောင်းပြည့်ပြည့်လေး နှစ်ချောင်းကို လှစ်ဟထားခဲ့သည်။ အဲ့ဒီလို ချစ်စရာ ဝတ်စုံလေးကို ဝတ်ထားတဲ့ သူ့မျက်နှာလေးကတော့ ထုံးစံအတိုင်း ခပ်တည်တည်ပဲ ဖြစ်ပြီး ကင်မရာကို စိတ်မရှည်သလို စိုက်ကြည့်နေပုံမှာ တကယ့်ကို ရယ်စရာ ပုံစံလေး ဖြစ်လေသည်။
ပထမတော့ ချန်လီချီက ပါးစပ်ကို လက်နှင့် အုပ်ကာ ခပ်တိုးတိုး ရယ်နေပေမဲ့ နောက်တော့ မအောင့်နိုင်တော့ပုံဖြင့် တခိခိ ရယ်နေတော့လေသည်။ သူမရဲ့ ရယ်သံကျယ်ကျယ်က ဧည့်ခန်းထဲမှာ ဖုံးလွှမ်းသွားသလို မီးဖိုချောင်ဘက်ကိုလည်း လှမ်းပြီး “ ဖေဖေ .. ဖေဖေက တရုတ်မလေးတွေ ဝတ်တဲ့ ချီဖောင်အင်္ကျီလေးနဲ့ အရမ်း လှတာပဲ။ ” ဟု ပြောလိုက်မိသည်။
ရှောက်ချန်းကျယ်က မီးဖိုချောင်ထဲကနေ ခေါင်းပြူပြီး သမီးဖြစ်သူရဲ့ ပြုံးရီနေတဲ့ နှုတ်ခမ်းလေးတွေကို လှမ်းကြည့်လိုက်သည်။ သူ့ဓာတ်ပုံတွေက လီချီလေးကို ပျော်ရွှင်စေတယ် ဆိုတာကို သိလိုက်ရတော့ စိတ်ထဲမှာ နွေးထွေးသွား၏။ “ နောက်က ဓာတ်ပုံတွေကို လီချီလေး လှန်ကြည့်ရင် အဲ့ဓာတ်ပုံထက် ပိုလှတဲ့ ဖေဖေ့ကို တွေ့ရလိမ့်မယ်။ ”
ရှောက်ချန်းကျယ် သုံးနှစ်မပြည့်ခင်အထိ လွီစစ်ဝေက သူ့ကို မိန်းကလေး တစ်ယောက်လို ဝတ်ပေးရတာကို သဘောကျသည်။ ကလေးဘဝကတည်းက သူက အရယ်အပြုံးနည်းတဲ့ ကလေး တစ်ယောက် ဖြစ်သည်။ နေ့တိုင်း ဗိုက်ပြည့်အောင် စားပြီးသည်နှင့် သူက အိပ်ရာထဲမှာ အိပ်ရင် အိပ် ၊ မဟုတ်ရင် လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး မျက်စိရှေ့က အရာအားလုံးကို ဗလာမျက်လုံးများဖြင့် ကြည့်နေတတ်သည်။ သူ့ကို ကြည့်ရတာ သူ့ရဲ့ သုံးနှစ်သားအရွယ် ဘဝအကြောင်း တစိမ့်စိမ့် ပြန်တွေးနေသလိုပါပဲ။ ဒီကလေးလေးရဲ့ နေ့ရက်တွေက နည်းနည်းလေး ပျင်းစရာကောင်းနေတာမို့ လွီစစ်ဝေက သူ့အတွက် ပျော်စရာလေးတွေကို ဖန်တီးပေးချင်ခဲ့သည်။
ကံမကောင်းစွာဖြင့် သူမ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ၊ သူ့ရဲ့ ရေခဲရိုက်ထားသလို မျက်နှာတည်ကြီးကိုတော့ မပြောင်းလဲနိုင်ခဲ့ပါ။ မျက်နှာချောချောလေးကိုတောင် နှမြောစရာကောင်းသည်။
ချန်လီချီလေးဟာ ဖေဖေ့တိုက်ခန်းကနေ အိမ်ပြန်လာပြီး အိပ်ရာဝင်ချိန်ထိ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးလေး တစ်ပွင့် ရှိနေခဲ့သည်။ အိပ်ပျော်နေတဲ့ လီချီလေးဟာ အိပ်မက်ထဲမှာ သူမအဖေရဲ့ ချစ်စရာ ဓာတ်ပုံလေးတွေကို အိပ်မက်,မက်နေသလို တခစ်ခစ် ရယ်နေသေး၏။
ရှောက်ချန်းကျယ်က သမီးဖြစ်သူကို အိပ်ရာဘေးမှာ အကြာကြီး ထိုင်ကြည့်နေပြီးမှ အခန်းထဲ ထွက်လာခဲ့လိုက်သည်။ ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ပြီး စာဖတ်နေတဲ့ ချန်ကျင်းလန်က သူ ထွက်လာတာကို မြင်တော့ စာအုပ်ကို စားပွဲပေါ် တင်လိုက်ကာ သူ့လက်ညိုးကို လက်သန်းလေးနှင့် လာချိတ်၍ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
“ ကိုယ် မနက်ဖြန် အလုပ်ကိစ္စနဲ့ ခရီးသွားစရာ ရှိတယ်။ လဝက်လောက် ကြာမယ် ထင်တယ်။ ပြည်တွင်းနဲ့ နိုင်ငံခြားက အဓိက လက်အောက်ခံကုမ္ပဏီတွေ အကုန်လုံးကို သွားရမှာ ဆိုတော့ အချိန် တစ်ခုတော့ ကြာလိမ့်မယ်။ လီချီလေးရဲ့ မွေးနေ့ မတိုင်ခင် နှစ်ရက် ၊ သုံးရက်လောက်အမီ ကိုယ် ပြန်လာခဲ့ပါ့မယ်။ ”
ချန်ကျင်းလန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ‘ နန်းတွင်းသူနန်းတွင်းသား တစ်ယောက်က သက်ဦးဆံပိုင်ဘုရင်နှင့်အတူ လိုက်ပြီး ပြောင်းလဲရတယ် ’ ဆိုတဲ့ စကားပုံလိုပါပဲ။ သူက သူ့အဘိုးရဲ့ နေရာကို အပြည့်အဝ ဆက်ခံလိုက်ပြီမို့ ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတွေ အကုန်လုံးကို သေချာပေါက် စစ်ဆေးရပါမည်။ အချိန် တစ်ခုလောက်ထိ သူ အနားယူချိန် မရှိလောက်အောင်ပင် အလုပ်ရှုပ်နေလိမ့်မည်။
ရှောက်ချန်းကျယ်က သူမရဲ့ တုံ့ပြန်ပုံကို သိပ်မကျေနပ်ပါ။ သူ့အတွက်တော့ သူမနှင့် တစ်ရက် ဝေးရတာက ဆောင်းဦးရာသီ သုံးခု ဝေးရသလို ခံစားရပြီး လဝက် ဆိုတဲ့ အချိန်ကတော့ ဘဝသက်တမ်း တစ်ဝက် ဝေးရသလိုပဲ ဖြစ်သည်။ သူ အခုထိ လေယာဉ်ပေါ်ကို မတက်ရသေးပေမဲ့ သူမနှင့် ဝေးကွာရတဲ့ အချိန်တွေကို ရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူးလို့ အခုကတည်းက ခံစားနေရပါသည်။ သူမကတော့ သူ အလုပ်ကိစ္စနှင့် ခရီးထွက်ရမှာကို သိပ်ဂရုစိုက်ပုံမရပေ။
ရှောက်ချန်းကျယ်က သူမရဲ့ လက်ဖဝါး နုနုထွေးထွေးလေးကို ဖျစ်ညှစ်လိုက်သည်။ “ ကိုယ့်ကို လွမ်းနေမှာပါလို့တောင် မပြောတော့ဘူးလား။ ”
ချန်ကျင်းလန်က ဆိုဖာကို ပြန်မှီထိုင်လိုက်သည်။ “ ကျွန်မမှာလည်း သဘက်ခါကျ ဟိုတယ်မှာ အရေးကြီးတဲ့ ပွဲ တစ်ခု ရှိတယ်။ လာမယ့် သုံး ၊ လေးရက်လောက်မှာ ကျွန်မ အရမ်း အလုပ်ရှုပ်နေမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ဒီပွဲ ပြီးသွားရင် ပူခြစ်နေတဲ့ ဒီရာသီဥတုကနေ အပူရှောင်ဖို့ လီချီလေးကို ခေါ်ပြီး အေးတဲ့ တစ်နေရာရာမှာ ရက်ပိုင်းလောက် သွားနေဖို့ စီစဉ်ထားတယ်။ ကျွန်မမှာ ရှင့်အကြောင်း တွေးဖို့ အချိန်သိပ်မရှိလောက်ဘူး။ ”
သူ့ခရီးကို အချိန်ရွေ့လိုက်ရင် ကောင်းမလားလို့ တွေးနေတဲ့ ရှောက်ချန်းကျယ်ရဲ့ အတွေးတွေကို ချန်ကျင်းလန်က သိသည်။ “ ရှင် ခရီးမထွက်ဘူး ဆိုရင်တောင် ကျွန်မတို့နဲ့ လိုက်လို့ မရဘူး။ ကျွန်မအမေလည်း အတူတူ လိုက်မှာလေ။ ”
ရှောက်ချန်းကျယ်က သူမကို ဆိုဖာပေါ်ကနေ သူ့ပေါင်ပေါ်ကို ဆွဲခေါ်လိုက်သည်။ “ ကိုယ် မင်းအမေကို ယောက္ခမကြီးလို့ ခေါ်ရင် သူ ကိုယ့်ကို ရိုက်လောက်တယ်လို့ မင်း ထင်လား။ ”
***