← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အပိုင်း ( ၇၉ )

ချန်ကျင်းလန်က သူ့လည်ပင်းကို လက် နှစ်ဖက်ဖြင့် ရစ်ပတ်ပွေ့ဖက်ထားရင်း သူ့ကို ရယ်ချင်သလို ကြည့်လိုက်သည်။ “ ရှင် ဟိုဓာတ်ပုံထဲကလို တရုတ်မလေးတွေ ဝတ်တဲ့ ကိုယ်ကျပ်သင်တိုင်းအင်္ကျီလေး ဝတ်ပြီး ယောက္ခမကြီးလို့ ခေါ်လိုက်ရင်တော့ ကျွန်မအမေက ရှင့်ကို လက်ဖျားနဲ့တောင် ထိနိုင်မှာ မဟုတ်ဘူး။ ”

အဲ့ဒါက သူ့ယောက္ခမကြီးကို ပျော်ရွှင်စေတယ် ဆိုရင် သူ အဲ့လို ဝတ်ဖို့ ဝန်မလေးပါ။ ဒါပေမဲ့ လောလောဆယ်မှာ ထိုကိစ္စက အရေးမကြီးသေး။ ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်လေးကို ကိုက်ပြီး “ မင်းကို ကျောင်းတုန်းက ရည်းစားစာပေးတဲ့ ကောင်လေးတွေ အများကြီး ရှိခဲ့တယ်ဆို … ”

ချန်ကျင်းလန်က ထိုမေးခွန်းကို လေးလေးနက်နက် စဉ်းစားပြီး လေးလေးနက်နက် ပြန်ဖြေလိုက်သည်။ “ အရမ်း အများကြီးတော့ မဟုတ်ပါဘူး ၊ တစ်ရက်မှ တစ်စောင်လောက်ပဲ ထင်တယ်။ ”

စကား တစ်ခွန်းတည်းနှင့် ပျားအုံကို ရန်စနိုင်သလား ရှောက်ချန်းကျယ် မသိပေမဲ့ သူမရဲ့ စကားကတော့ ရှာလကာရည်အိုးကြီးကို မှောက်ကျသွားစေခဲ့ပါသည်။

ချန်ကျင်းလန်က ပင့်သက်ရှိုက်၍ အသက်ရှူရင်း တရွေ့ရွေ့ နီးကပ်လာတဲ့ သူ့နှုတ်ခမ်းတွေကို ရှောင်ရှားကာ နားရွက်ဆွဲပြီး မေးလိုက်သည်။ “ ရှင် ကျွန်မကို ဘာလို့ ရည်းစားစာ တစ်စောင်မှ မပေးခဲ့တာလဲ ဆိုတာကို ရှင် ပြန်သုံးသပ်ကြည့်သင့်တယ် မဟုတ်ဘူးလား။ ”

ရှောက်ချန်းကျယ်သည် တစ်စက္ကန့်လောက် ဆွံ့အနေမိပြီးမှ သူမရဲ့ မေးခွန်းက သူ့အရှိုက်ကို ထိသွားသလို ခံစားလိုက်ရသည်။

ချန်ကျင်းလန်က ဒီတိုင်း ဘာရယ်မဟုတ် မေးလိုက်တာ ဖြစ်သော်လည်း အတည်ပေါက်ကြီး ငြိမ်ကျသွားတဲ့ သူ့ပုံစံကြောင့် သူမရဲ့ စကားတွေကို အမြန် ပြန်ရုတ်သိမ်းလိုက်ရသည်။ “ ကျွန်မက ဒီတိုင်း စလိုက်တာနော်။ မရေးနဲ့ ၊ ဘယ်တော့မှ မရေးနဲ့။ ”

ရည်းစားစာ ဆိုတာ အရမ်း ချွဲနွဲ့လွန်းသည်။ ချွဲချွဲနွဲ့နွဲ့ အရာတွေကို သူမ မခံစားနိုင်ပါ။ အရာအားလုံးက လက်ရှိ အခြေအနေလေးအတိုင်းပဲ ကောင်းသည်။ အရင်တုန်းကလို ခန့်မှန်းရခက် ၊ နားလည်ရခက်တဲ့ ခံစားချက်တွေ မရှိတော့ဘဲ သူ့ခံစားချက်တွေကို သူမ တိကျကွဲပြားစွာ ခံစားလို့ ရသည်။ အဲ့လောက်ဆို လုံလောက်ပါပြီ။

စကားလုံးတွေက ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်ပေမဲ့ အခြေခံအားဖြင့် စာရွက်ပေါ်ကို ရောက်သွားသည်နှင့် ယုံတမ်းပုံပြင် တစ်ပုဒ်လို ခံစားရစေသည်။ စကားလုံးတွေနှင့် ယှဉ်လိုက်ပါက မျက်စိနှင့် မြင်နိုင်တဲ့ လက်တွေ့လုပ်ရပ်တွေကိုပဲ ပိုသဘောကျသည်။

ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းတွေကို ဖွဖွလေး တို့ထိလိုက်သည်။ “ ဘာသာစကားနဲ့ ပတ်သက်တဲ့ ကိုယ့်အဆင့်တွေက အောက်ဆုံးမှာ ရောက်နေပေမဲ့ ရည်းစားစာ တစ်စောင်တော့ ကိုယ် ရေးတတ်ပါသေးတယ်။ ”

“ ကျွန်မ ရှင့်ကို မရေးနဲ့လို့ ပြောနေတယ်လေ။ ”

တင်းမာနေသင့်တဲ့ အမိန့်‌ပေးသံက သူ့နှုတ်ခမ်းတွေအောက်မှာ နူးညံ့တဲ့ အသံတိုးတိုးလေးအဖြစ် ပြောင်းလဲသွားသည်။ သူ့လျှာက သူမရဲ့ လျှာကို ရစ်ပတ်နေခဲ့ပြီး “ ကိုယ့်ကို တောင်းပန်။ ” ဟု တိုးလျသော အသံဖြင့် ပြောလိုက်လေသည်။

သူမ တောင်းပန်မှာ မဟုတ်တာကိုတော့ သူ သိပါသည်။ ချန်ကျင်းလန်က သူ့လည်ပင်းက တဒုတ်ဒုတ် ခုန်နေတဲ့ သွေးကြောတွေကို လက်သည်းနှင့် ကုတ်လိုက်ပြီး “ ရှင်က အရမ်း ရေးချင်နေရင်တော့လည်း အနည်းဆုံး စာလုံးရေတစ်ထောင်အထက် ရေးမှ ကျွန်မ လက်ခံမယ်။ ”ဟု ပြောလိုက်သည်။

ရေးတာ ၊ မရေးတာက သူ့အပိုင်း။ သူ ရေးတာကို ဖတ်တာ ၊ မဖတ်တာကလည်း သူမအပိုင်း။ သူ အရမ်း ရေးချင်နေရင်လည်း ရေးပါစေ။

“ ကောင်းပြီ။ ”

ရှောက်ချန်းကျယ်က ခပ်သွက်သွက်ပဲ သဘောတူလိုက်သည်။ သူက သူမရဲ့ ခေါင်းကို နောက်ကနေ ထိန်းကိုင်ပြီး သူမနှုတ်ခမ်းကြားက လေတွေကို လောဘတကြီး ခိုးယူနေခဲ့သည်။ ချန်ကျင်းလန်မှာ သူ့ကို တွန်းလှန်ဖို့ အင်အား မရှိတော့သလောက်ပင်။ သူ သူမဆီကို ပြန်ပို့လွှတ်ပေးတဲ့ လေ အနည်းငယ်ကို စုပ်ယူကာ သူခေါ်ဆောင်ရာနောက်ကို ရင်ခုန်လှိုက်မောဖွယ်ကောင်းစွာ လိုက်နေရသည်။

အခန်းထဲမှာ အနမ်းဖလှယ်နေတဲ့ အသံတွေမှအပ တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။

“ ရှင် ပြန်သင့်နေပြီ။ ” ချန်ကျင်းလန်က သူမရဲ့ ခါးအထက်ကို တက်ာတဲ့ သူ့လက်ကို ဖိချ၍ မောဟိုက်စွာ အသက်ရှူရင်း သတိပေးလိုက်သည်။

ရှောက်ချန်းကျယ်က သူမကို လွှတ်ပေးရမယ့်အစား လက်ကို ဆုပ်ကိုင်ကာ ဆိုဖာပေါ် လှဲချလိုက်၏။ သူ့လက်က ထပ်မလှုပ်ရှားတော့ပေမဲ့ သူ့နှုတ်ခမ်းတွေကတော့ ပိုလို့ ရဲတင်းလာခဲ့သည်။

သူမ သူ့ကို ဒီည ဒီမှာ နေခိုင်းမှာ မဟုတ်မှန်း သိပေမဲ့ သူက သူမနှင့် လဝက်တောင် ဝေးရတော့မှာလေ … ။ သူမ ခွင့်ပြုပေးတဲ့ အတိုင်းအတာထိ သူ ရသလောက် သူမအနားမှာ ရှိသွားချင်မိသည်။

ရှောက်ချန်းကျယ် အိမ်ပြန်ရောက်တော့ နောက်ကျနေပါပြီ။ လွီစစ်ဝေက အိပ်ရာဝင်သွားတာ ကြာပြီ ဖြစ်သည်။ သူ့အခန်းတံခါးပေါ်မှာ သူ့အမေရဲ့ လက်ရေးနှင့် ရေးထားတဲ့ စာရွက်လေး တစ်ရွက်ကို ကပ်ထားသည်။ [ အိုး ၊ နင်က အိမ်ကိုတော့ ရောက်အောင် ပြန်လာနိုင်သေးတယ်ပေါ့။ လွယ်မှာ မဟုတ်ဘူးပဲ။ ]

ခပ်သော့သော့လေး ရေးထားတဲ့ ရိုးရိုးရှင်းရှင်း စာကြောင်းလေးမှာပင် ထေ့ငေါ့ထားတာက သိသိသာသာ။ ရှောက်ချန်းကျယ်က ထိုစာရွက်လေးကို ဖြုတ်ယူပြီး သပ်သပ်ရပ်ရပ် ခေါက်လိုက်သည်။ သူ့ရဲ့ အချစ်ရေးနှင့် ပတ်သက်လို့ သူ့အမေဆီမှာ အစနောက်ခံရတာကို အိုးတိုးအမ်းတမ်း ဖြစ်မိပေမဲ့လည်း သူ့မျက်လုံးထဲက ကျေနပ်နေတဲ့ ခံစားချက်ကိုတော့ ဖုံးကွယ်ထားလို့ မရပေ။

နောက်နေ့က စပြီး သူတို့ နှစ်ယောက်လုံး အလုပ်ရှုပ်ကြတော့သည်။ ရှောက်ချန်းကျယ်ကလည်း တစ်နေ့ တစ်နေ့ အစည်းအဝေးတွေမှာ ၊ ဧည့်ခံပွဲတွေမှာ ၊ လေယာဉ်ပေါ်တွေမှာပဲ တစ်လှည့်စီ အချိန်ကုန်နေတတ်ပြီး ‌ချန်ကျင်းလန်ကလည်း အားလပ်ရပ်ယူဖို့ စီစဉ်ထားမို့ အလုပ်တွေကို အခုကတည်းက ကြိုပြီး လက်စသတ်နေရသည်။ သူမရဲ့ အချိန်ဇယားကလည်း နေ့တိုင်း အပြည့်။ တစ်ခါတလေ သူတို့ နှစ်ယောက် အားတဲ့အခါတော့ မက်ဆေ့ခ်ျလေး တစ်ကြောင်း ၊ နှစ်ကြောင်း ပို့ရင်း ဘာတွေ လုပ်နေတယ် ဆိုတာကို အပြန်အလှန် အသိပေးလေ့ရှိသည်။ ပင်လယ်တွေခြား ၊ အချိန်လည်ပတ်မှု စနစ်တွေ ကွာခြားနေပေမဲ့ နှလုံးသားချင်း နီးကပ်နေတဲ့အတွက်ကြောင့် သူ သူမဘေးမှာ ရှိနေသလို ခံစားနွေးထွေးရသည်။

ထိုညမှာ ချန်ကျင်းလန် တစ်ယောက် ဟိုတယ်မှာ ကျင်းပတဲ့ ဧည့်ခံပွဲက ထွက်လာပြီး သူမကို လာကြိုမယ့် ဒရိုင်ဘာကို စောင့်နေစဉ်မှာပဲ သူမကို ချန်ကျင်းလန်လို့ ခေါ်လိုက်တဲ့ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်ရပါသည်။

သူမရဲ့ နာမည်ကို တစ်ယောက်ယောက် ခေါ်တာကို ကြားလိုက်သောကြောင့် ချန်ကျင်းလန်က ဖုန်းကို ငုံ့ကြည့်နေရာမှ မော့ကြည့်လိုက်သည်။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အပြုံးဖျော့ဖျော့လေးအဖြစ် ကွေးညွှတ်နေဆဲ။ သူမကို ခေါ်လိုက်တဲ့ လူက အတော်လေး အသက်ကြီးနေပုံပေါ်တဲ့ ‌ဆံပင် အနက်ရောင်ရှိသည့် အမျိုးသမီးကြီး တစ်ယောက် ဖြစ်သည်။ Botox ထိုးတာတွေ ၊ ဘာတွေ အလွန်အကျွံ့ လုပ်ထားပုံရတဲ့ မျက်နှာက စူးရဲခက်ထန်နေ၏။

“ အန်တီက ဘယ်သူလဲ မသိဘူး။ ” ချန်ကျင်းလန်က ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်သည်။ သူတို့ အရင်တုန်းက တစ်ခါမှ မဆုံဖူးတာ သေချာပါသည်။

“ တို့က ဝူကျင်းယောင်။ ” ဟု ထိုအမျိုးသမီးကြီးက ပြန်ပြောသည်။

ချန်ကျင်းလန်သည် မှတ်ဉာဏ်တွေထဲကို လှန်လှောပြီး ထိုနာမည်ကို ကြားဖူးရဲ့လား ဆိုတာ စဉ်းစားကြည့်မိသည်။ နည်းနည်းလေး ရင်းနှီးနေသလို ခံစားရပေမဲ့ ဘယ်နေရာမှာ ကြားဖူးတာလဲ ဆိုတာ စဉ်းစားမရပေ။ ရှောက်မိသားစုထဲက တခြား လူတွေကို သိပ်အာရုံမစိုက်မိတာမို့ ထိုနာမည်ကို အမှတ်တမဲ့ ကြားခဲ့မိတယ် ဆိုရင်တောင် အချိန်ခဏအတွင်း မေ့သွားမှာပင်။ ဝူကျင်းယောင် ဆိုတဲ့ ဒီအမျိုးသမီးကြီးကို သူမ တကယ် မသိပါ။

ဝူကျင်းယောင်ရဲ့ မျက်လုံးထဲမှာ အထင်တသေး အမူအရာတွေက အထင်းသား ပေါ်လွင်နေသည်။ “ တို့က ရှောက်ယွင်ကျန်းရဲ့ မိန်းမ .. ရှောက်ချန်းကျယ်ရဲ့ အဘွားပဲ။ ”

ချန်ကျင်းလန်သည် ထိုအမျိုးသမီးကြီးဆီက ရန်လိုတဲ့ အငွေ့အသက်ကို အာရုံခံလိုက်မိသောကြောင့် ယဉ်ကျေးစွာ ပြုံးထားတဲ့ အပြုံး‌လေး ပျောက်ကွယ်သွားပြီး “ ကျွန်မ သိသလောက်တော့ ရှောက်ချန်းကျယ်ရဲ့ အဘွားက မဒမ်ရင်ပါ။ မဒမ်ရင် ဆုံးသွားတာ နှစ်တွေ အများကြီး ကြာပြီ။ ” ဟု အေးစက်စက် ပြန်ပြောလိုက်သည်။

ဒါ့ကြောင့် ရှောက်ချန်းကျယ်ရဲ့ နာမည်ကို ဆွဲထည့်ပြီး ရှောက်ချန်းကျယ်ရဲ့ လူကြီးမိဘ တစ်ယောက်လို ဟန်ဆောင်နေစရာ မလိုပါ။ ချန်ကျင်းလန်အတွက်တော့ သူမက သူစိမ်း တစ်ယောက် ဆိုတာထက် မပိုပါဘူး … ။

ဝူကျင်းယောင် တစ်ယောက် ပြောစရာစကားမရှိ ဆွံ့အသွား၏။ သူမ ဘာမှ ထပ်မပြောနိုင်သေးခင်မှာပဲ ချန်ကျင်းလန်က သူမကို ပိတ်ပြောလိုက်သည်။ “ ကျွန်မ အခု အလုပ်ရှုပ်နေလို့ ရှင်နဲ့ အလ္လာပသလ္လာပ စကားတွေ ပြောမပေးနိုင်ဘူးရယ်။ ဆောရီးပါ။ ”

သူမက နှုတ်ဆက်သည့်အနေဖြင့် ခေါင်း တစ်ချက် ဆတ်ပြခဲ့ပြီးနောက် ဝူကျင်းယောင်ကို ကျော်ကာ ကိုယ့်လမ်းအတိုင်း ဆက်လျှောက်သွားလိုက်သည်။ ဒီအမျိုးသမီးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သူမ လုံးဝ နားထောင်ချင်စိတ် မရှိ။

ဝူကျင်းယောင်က ချန်ကျင်းလန်ရဲ့ ထွက်ခွာသွားတဲ့ ခြေလှမ်းတွေကို ကြည့်ရင်း မခံမရပ်နိုင်စွာ ပြောလိုက်သည်။ “ ရှောက်ချန်းကျယ်က နင်တို့ချန်မိသားစုကို လက်စားချေဖို့ နင့်ကို အသုံးချနေတာလို့ နင် မထင်ဘူးလား။ အိမ်ထောင်ရှိတဲ့ သူ့အဘွား ယင်းမန်ချင်းနဲ့ နင့်ဦးလေးက မရှုပ်မရှင်းတွေ ပတ်သက်ခဲ့တာ။ သူတို့က ခိုးရာလိုက်ပြေးဖို့ စီစဉ်နေခဲ့ပေမဲ့ ကံမကောင်းချင်တော့ အက်ဆီးဒင့်ဖြစ်ပြီး နင့်အဘွားက သေသွားတယ်လေ။ ”

ချန်ကျင်းလန် လှည့်ကြည့်တော့ ဝူကျင်းယောင်က အေးစက်စက် ရယ်မောလိုက်သည်။ “ ငါ့ကို မယုံဘူးလား။ စောင့်ကြည့်နေလိုက်။ တစ်နေ့ကျ သူက နင်တို့ချန်မိသားစုကို ဖျက်ဆီးပစ်လိမ့်မယ်။ သူက ရက်လည်း ရက်စက်တယ် ၊ ဉာဏ်နီဉာဏ်နက်လည်း များတယ်။ သူ နင့်ကို တကယ် ချစ်တယ်လို့ ထင်နေရင် အမှားကြီး မှားသွားလိမ့်မယ်။ သူက နင့်ဘဝကို ဖျက်ဆီးမှာ။ ”

ချန်ကျင်းလန်က ဝူကျင်းယောင်ကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ “ မစ္စဝူ ဒီအချိန်ကြီး ဟိုတယ်ကို ရောက်လာတယ် ဆိုတော့ … မကြာခင် ကွာရှင်းခံရတော့မှာမို့လား ၊ ဒါမှမဟုတ် ရှောက်မိသားစုက ရှင့်ကို မောင်းထုတ်တော့မှာမို့လို့လား။ ”

“ နင် …… ” ဝူကျင်းယောင်က သူမကို လက်ညိုးထိုးလိုက်သည်။

ချန်ကျင်းလန်က အကြမ်းဖျင်းလောက်ပဲ ခန့်မှန်းလိုက်တာ ဆိုပေမဲ့ ဝူကျင်းယောင်ရဲ့ အမူအရာကို ကြည့်ရသလောက် သူမရဲ့ ခန့်မှန်းချက်က ချက်ကောင်းကို ထိသွားပုံရသည်။ ချန်ကျင်းလန် သရော်တော်တော် ပြုံးလိုက်၏။ “ ဒါဆို မစ္စဝူ ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်ပါ။ ကျွန်မတို့ရဲ့ ကိစ္စတွေကို ရှင် ဘာမှ ဝင်စိတ်ပူပေးနေစရာ မလိုပါဘူး။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြဿနာတွေအတွက် ဆိုရင်တော့ ရှင်ကပဲ သူများရဲ့ အိမ်ထောင်ရေးကို ဝင်နှောင့်ယှက်ပြီး အိမ်ထောင်ရှိ‌ယောက်ျား တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တာလို့ ကျွန်မ ယုံတယ်။ ရှင်ကိုယ်တိုင်လည်း အတူတူနဲ့ အနူနူပဲကို သူများကို ဝေဖန်သင့်တဲ့ အနေအထားမှာတောင် ရှိမနေဘူး။ ရှင့်ပါးစပ်မဟခင် အဲ့လို စကားတွေကို ရှင့်မှာ ပြောပိုင်ခွင့်ရော ရှိရဲ့လား ဆိုတာ ပြန်စဉ်းစားကြည့်လိုက်ဦး။ ”

ဝူကျင်းယောင် ဘယ်လောက်ထိ ဒေါသထွက်သွားလဲ ဆိုရင် မိတ်ကပ်ထူထူအောက်မှာ ဖြူဖွေးနေတဲ့ သူမရဲ့ မျက်နှာကြီးတောင် ရဲတက်လာခဲ့လေသည်။ သို့သော်လည်း သူမမှာ ချန်ကျင်းလန်ကို ခွန်းတုံ့ပြန်စရာ စကားတွေ ရှိမနေပါ။

ချန်ကျင်းလန် ပြောသလို ရှောက်ယွင်ကျန်းက သူမကို ကွာရှင်းချင်နေတာ အမှန်ပဲ ဖြစ်သည်။ ဝူကျင်းယောင်က သူမဟာ အခြေအနေမဲ့ မဟုတ်ကြောင်း ပြသဖို့ ချန်အိမ်တော်က ထွက်လာခဲ့ပေမဲ့ သူမရဲ့ ရည်ရွယ်ချက်အစစ်ကတော့ ရှောက်ယွင်ကျန်း သူမအပေါ် သနားစိတ်ဝင်လာလေမလား ဆိုတဲ့ အတွေး ဖြစ်သည်။ ဒါပေမဲ့ ရှောက်ယွင်ကျန်းက သူမနှင့် ကွာရှင်းဖို့ ယတိပြတ် စိတ်ဆုံးဖြတ်ထားခဲ့ပြီး သူမ အသက်ရှင်ရှင် ၊ သေသေ ဂရုမစိုက်တော့ပေ။

မိဘတွေကြားမှာ ဖြစ်နေတာတွေကို မသိတဲ့ ရှောက်ကျန်းခယ်ကတော့ သူ့အဖေနှင့် အမေဟာ ဒီအသက်အရွယ်ရောက်မှ ဘာလို့ ကွာရှင်းချင်ရတာလဲ ဆိုတာကို နားမလည်ပါ။ သူက ရှောက်ယွင်ကျန်းနှင့် ဝူကျင်းယောင်ကို ပြန်သင့်မြတ်စေဖို့ ဟိုလူ့ဘက်သွားလိုက် ၊ ဒီလူ့ဘက်သွားလိုက် လုပ်ရင်း အလုပ်ရှုပ်နေခဲ့၏။ သေချာတာပေါ့ … ၊ ရှောက်ချန်းခယ် သူတို့နှစ်ယောက်ကို မကွာရှင်းစေချင်ပါ။ ရှောက်ကော်ပိုရေးရှင်းမှာ သူ့ရှယ်ယာတွေ မရှိတော့တဲ့ကြားထဲ သူ့အမေကပါ သူ့အဖေနှင့် ကွာရှင်းလိုက်ရင် သူ စားပေါက်ပိတ်သွားမှာပေါ့။ သူ့အပျော်မယားလေးတွေကို ထောက်ပံ့ဖို့ ပိုက်ဆံကိုရော ဘယ်က သွားရှာရမှာလဲ … ။

ဒါပေမဲ့လည်း ကွာရှင်းခွင့်ကို လက်ခံလား ၊ လက်မခံဘူးလား ဆိုတာကို ဝူကျင်းယောင်မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ပါ။ အခုချိန်မှာ သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အတော်ဆုံး ရှေ့နေကို ငှားပြီး သင့်တင့်တဲ့ ပိုင်ဆိုင်မှု‌ ဝေစုကို ရဖို့ တရားရင်ဆိုင်တာပဲ ဖြစ်သည်။ ဒါပေမဲ့ အဲ့ဒါကလည်း လွယ်မှာ မဟုတ်ပါ။ ရှောက်ချန်းကျယ်မှာ သူမကို တရားခွင်မှာ ရှုံးနိမ့်စေမယ့် အသံမှတ်တမ်းတွေ ရှိတာကို သူမ သိသည်။ ဒီနေ့ ချန်ကျင်းလန်ဆီ သွားခဲ့တာကလည်း ရှောက်ချန်းကျယ်ကို ပြဿနာရှာဖို့ ဆိုပေမဲ့ အဆုံးသတ်မှာတော့ ကိုယ့်အရှက်ကိုယ်ပဲ ပြန်ခွဲမိသွားခဲ့သည်။

ချန်ကျင်းလန် ကားထဲကို ရောက်သည်နှင့် နိုင်ငံခြားကနေ လှမ်းဆက်တဲ့ ရှောက်ချန်းကျယ်ရဲ့ ဖုန်းကောလ်ကို လက်ခံရရှိလိုက်လေသည်။ ချန်ကျင်းလန်က သူ့ဖုန်းကောလ်ကို လက်ခံလိုက်ပြီး စိတ်မပါလက်မပါ ပြောလိုက်သည်။ “ ရှင် ကျွန်မနောက်ကို လိုက်ဖို့ လူတွေ လွှတ်ထားတာလား ၊ ဒါမှမဟုတ် ဝူကျင်းယောင်နောက်ကို လိုက်ဖို့ လူတွေ လွှတ်ထားတာလား။ ”

နောက်နာရီဝက်ကျော်လောက်ထိ အစည်းအဝေးပြီးဦးမှာ မဟုတ်ဘူးလို့ ခုနတုန်းကပဲ သူမကို မက်ဆေ့ခ်ျပို့ထားတာပါ။ အခုလို ရုတ်တရက်ကြီး ဖုန်းဆက်လာတာက သူ့ဘက်မှာ သတင်း တချို့ကို ရလိုက်လို့ပဲ ဖြစ်လိမ့်မည်။

ရှောက်ချန်းကျယ် ခဏ စကားရပ်သွားရသည်။ သူ ဘာမှတောင် မပြောရသေးဘဲ သူမက သူ ဖုန်းဆက်လိုက်ရခြင်းရဲ့ အကြောင်းပြချက်ကို လျင်လျင်မြန်မြန် ရိပ်စားမိသွားလိမ့်မည်ဟု ရှောက်ချန်းကျယ် မျှော်လင့်မထားပါ။ “ ဝူကျင်းယောင်နောက်ကို နောက်ယောင်ခံလိုက်ခိုင်းထားတာပါ။ သူ တခြား လှည့်ကွက်တွေ ထပ်သုံးမှာ စိုးလို့။ ”

“ ဪ … ”

ချန်ကျင်းလန်က ဖုန်းကို နားရွက်နှင့် ပခုံးကြားမှာ ညှပ်၍ ကိုင်လိုက်ပြီးနောက် ဆံပင်တွေကို ပုံစံတကျ စုစည်းထားတဲ့ ဆံထိုးလေးကို ဖြုတ်လိုက်တော့ ပိတုန်းရောင် ဆံပင်အခွေအလိပ်တွေက ပခုံးပေါ်ကို လျှောကျလာခဲ့သည်။ ဆံပင်တွေကြားထဲ လက်ထိုးကာ တစ်ချက် နှစ်ချက် ဘီးဖြီးပြီးသွားသောအခါ ထိုင်ခုံမှာ ပြန်မှီ‌ထိုင်နေလိုက်၏။ ဧည့်ခံပွဲမှာ သောက်လာခဲ့တဲ့ ဝိုင်တွေက သူမကို မပင်ပန်းစေသော်လည်း အလုပ်ဒဏ်ပိနေတဲ့ နေ့ရက်တွေက သူမရဲ့ အာရုံကြောတွေကို ပင်ပန်းလေးလံစေပါသည်။

“ သူ မင်းကို ဘာတွေ ပြောသွားတာလဲ။ ” ဝူကျင်းယောင် ပြောသွားတဲ့ စကားတွေက တစ်ခွန်းမှ စကားအကောင်း မဟုတ်မှာကို ရှောက်ချန်းကျယ် သိသည်။

ချန်ကျင်းလန်က ‘ သူက ချန်မိသားစုကို လက်စားချေဖို့ သူမကို အသုံးချနေတာ ’ ဆိုတဲ့ အကြောင်း အပါအဝင် ဝူကျင်းယောင် ပြောသွားသမျှ စကားတွေ အကုန်လုံးကို အတိုချုံ့ ပြောပြလိုက်သည်။

“ မင်း သူ ပြောတာကို ယုံလား။ ” ‌သူမရဲ့ မျက်နှာအမူအရာကို မမြင်ရတာမို့ သူ့စိတ်ထင်သက်သက်ပဲလားတော့ မသိပေမဲ့ သူမရဲ့ အသံက နည်းနည်းလေး စိမ်းသက်နေသလို ခံစားရသည်။

ချန်ကျင်းလန်က ဖြတ်သွားတဲ့ ကားတွေ ၊ လမ်းသွားလမ်းလာတွေကို ကြည့်နေမိသော်လည်း သူမရဲ့ စိတ်အာရုံကတော့ ဖုန်းပေါ်မှာပဲ ရှိနေပါသည်။ “ ရှင် အဲ့ကိစ္စကို ရှင်းပြမလို့ ကျွန်မကို ချက်ချင်း ဖုန်းဆက်လိုက်တာမို့လား။ ရှင် ရှင်းပြမှာကို ကျွန်မ စောင့်နေတယ်။ ”

ရှောက်ချန်းကျယ်က တစ်စုံတစ်ရာကို အာရုံမိသွားသလို မဝံ့ဝရဲ ပြောလိုက်သည်။ “ ကိုယ် ရှင်းပြရင်ရော မင်း ကိုယ့်ကို ယုံမှာလား။ ”

“ အင်း။ ”

“ တကယ်လား။ ”

“ တကယ်လား ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။ ကျွန်မက သူ ပြောတဲ့ စကားထက် ရှင့်စကားကိုပဲ ပိုယုံမှာပေါ့။ ”

သူတို့နှစ်ယောက်ရဲ့ အသက်ရှူသံတွေမှအပ ဖုန်းထဲမှာ တိတ်ဆိတ်သွားသည်။ တိတ်ဆိတ်သွားတာကလည်း တော်တော်လေး သက်သောင့်သက်သာရှိသားပဲလို့ ချန်ကျင်းလန် ခံစားလိုက်ရသည်။

ရှောက်ချန်းကျယ်က “ မြောင်မြောင်။ ” လို့ ခပ်တိုးတိုး ခေါ်လိုက်တော့ သူမက “ အင်း။ ” ဟု စိတ်မပါလက်မပါ ပြန်ထူးသည်။

သူ သက်ပြင်းရှိုက်လိုက်၏။ “ ကိုယ် မင်းကို နမ်းချင်တယ်။ ဘယ်လို လုပ်ရပါ့မလဲဟင်။ ”

ချန်ကျင်းလန်က “ ခေါင်းသွားလျှော်ပစ်လိုက်။ ” ဟု စက္ကန့်မခြားဘဲ စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။

ရှောက်ချန်းကျယ်က သူမရဲ့ စကားကြောင့် ခပ်တိုးတိုး ရယ်မောလိုက်သည်။ ဒီလို မိုင်ပေါင်းများစွာ ဝေးကွာနေတဲ့ အချိန်မှာ သူတို့ တတ်နိုင်တာက “ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ” ဆက်ဆံ‌ရေးကို ထိန်းသိမ်းထားဖို့ပဲ ရှိပုံရသည်။

သူ့ရယ်သံကြောင့် ချန်ကျင်းလန်က ဒေါသထွက်စပြုလာခဲ့သည်။ သူမက “ ရှင် ဘာကို ရယ်နေတာလဲ။ ရှင် ရှင်းပြမှာကို ကျွန်မ စောင့်နေတုန်းပဲနော်။ ” ဟု ပြောလိုက်တော့မှ ရှောက်ချန်းကျယ်ဘက်က ရယ်သံတိတ်သွား၏။ သူက သူ့အဘိုးအဘွားတွေရဲ့ အတိတ်ကို သူမအား အစအဆုံး ဖြည်းဖြည်းချင်း ပြောပြခဲ့သည်။

သူ ပြောတာကို နားထောင်ပြီးသွားတော့ ချန်ကျင်းလန် အချိန် အတော်ကြာ နှုတ်ဆိတ်သွားမိသည်။ သူမမှာ အရွယ်မတိုင်ခင် သေဆုံးသွားတဲ့ ဦးလေးငယ် တစ်ယောက် ရှိခဲ့တယ် ဆိုတာကို သူမ သိသည်။ သူမအဖေက ထိုဦးလေးငယ်အကြောင်းကို ပြောတိုင်း သူ့အသံထဲမှာ လေးစားမှုတွေ ၊ ဝမ်းနည်းမှုတွေ ပြည့်နေပေမဲ့ ထိုဦးလေးငယ် ဘယ်လို သေဆုံးသွားတာလဲ ဆိုတာကိုတော့ ပြောမပြဘဲ စကားလမ်းကြောင်းလွှဲသွားလေ့ရှိသည်။

***

All Chapters