အခန်း ၈၀
Vol. 8 Ch. 80
အပိုင်း ( ၈၀ )
“ မြောင်မြောင် … ” ရှောက်ချန်းကျယ်က အသံတိတ်နေတဲ့ သူမကို ခေါ်လိုက်တော့ ချန်ကျင်းလန်က ကားပြတင်းပေါက်ကို မှီထားရင်း “ အင်း ” လို့ ခပ်တိုးတိုး ပြန်အသံပြုသည်။
“ မင်း ဘာလို့ ဘာမှ မပြောတာလဲ။ ”
“ ကျွန်မ … နည်းနည်လေး ဝမ်းနည်းသွားသလို ခံစားရလို့ … ”
သူမရဲ့ ဦးလေးက သူမအဖေ လေးစားအားကျရတဲ့ အစ်ကို တစ်ယောက် ဖြစ်သည်။ သူက ရှောက်မိသားစုနှင့် ဘယ်လို ပတ်သက်မှုမျိုးမှ မရှိချင်လောက်ပေမဲ့ သူမကတော့ သူမရဲ့ တစ်ကိုယ်ကောင်းဆန်မှု တစ်ခုတည်းနှင့် သူ့ကို ရှောက်မိသားစုနှင့် အမျိုးတော်စပ်စေခဲ့မိသည်။
ရှောက်ချန်းကျယ်က သူမရဲ့ ထုတ်မပြောတဲ့ ခံစားချက်တွေကို နားလည်ပုံဖြင့် စိတ်ရင်းနှင့် ပြောလိုက်သည်။ “ ကိုယ် တောင်းပန်ပါတယ်။ ”
ချန်မိသားစုပေါ်မှာ သူ တင်နေတဲ့ အကြွေးကို တောင်းပန်စကား တစ်ခုတည်းနှင့် ပြန်ဆပ်လို့ မရပေမဲ့ လက်ရှိအချိန်မှာ သူ လုပ်နိုင်တာက တောင်းပန်စကား ပြောတာပါပဲ။
“ ဘာလို့ ရှင်က တောင်းပန်နေတာလဲ။ အဲ့ကိစ္စက ရှင်နဲ့မှ မဆိုင်တာ။ အဲ့အချိန်တုန်းက ရှင် မွေးတောင် မွေးသေးတာ မဟုတ်ဘူး။ ”
သူ့အဘိုးက သူ့အဘိုး ၊ သူက သူပဲ။ သူမ အဲ့ဒါကိုတော့ ဝေဖန်ပိုင်းခြားနိုင်ပါသေးသည်။
ချန်ကျင်းလန်က သဘောထားသေးသိမ်ချင်ယောင်ဆောင်လိုက်သည်။ “ ဒါပေမဲ့ ရှင် အခု အများကြီး ပိုကြိုးစားရတော့မယ်နော်။ ကြည့်ရတာ ကျွန်မအဖေက ရှင့်ကို ကျွန်မ ထင်ထားတာထက်တောင် လွယ်လွယ်နဲ့ ခွင့်ပြုပေးမယ့်ပုံ မပေါ်ဘူး။ ”
“ မင်းဘက်က ကိုယ့်ကို လက်ခံနေသရွေ့ ဘယ်လို အခက်အခဲတွေပဲလာလာ ၊ ကိုယ် မကြောက်ပါဘူး။ ကိုယ့်ကို ကတိပေးပါလား မြောင်မြောင် ၊ ဒီကိစ္စကြောင့် ကိုယ့်ကို စွန့်ပစ်မသွားဘူး ဆိုတာကိုရော .. ဒီကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါဘူး ဆိုတာကိုရော။ ဒါတွေက မင်းအမှား မဟုတ်ဘူးလေ။ ”
“ ဟုတ်ပါပြီ ၊ ကျွန်မ သိပါပြီ။ ရှင် အစည်းအဝေးကို ပြန်သွားလိုက်ဦး။ အရမ်း ကြာနေပြီ။ လူတွေကို စောင့်ရအောင် မလုပ်နဲ့။ ကျွန်မလည်း အခု အိမ်ပြန်နေပြီ။ ”
“ ကောင်းပြီ။ တခြား ဘာမှ လျှောက်မတွေးနဲ့နော်။ အိမ်ပြန်ရောက်တာနဲ့ အိပ်ရေးဝဝ အိပ်လိုက်။ ”
“ အင်းပါ။ ”
ချန်ကျင်းလန် ဖုန်းချလိုက်ပြီး ကားထဲမှာ ခဏလောက် ဆက်ထိုင်နေပြီးမှ ထွက်ခဲ့လိုက်သည်။ စက်ဝိုင်းပုံသဏ္ဍာန် ပုံဖော်တည်ဆောက်ထားသည့် ဂိတ်ပေါက်ကို ဖြတ်ကျော်ပြီး သူမမိဘတွေရဲ့ အိမ်ဘက်ကို ကူးခဲ့လိုက်သည်။ ချန်လီချီလေးက အိပ်ပျော်နေပါပြီ။ ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ မျက်နှာပေါ်မှာ မသပ်မရပ် ကပ်ငြိနေသော ဆံပင်တွေကို နားရွက်နောက်သို့ သပ်တင်ပေးကာ နဖူးလေးကို ငုံ့နမ်းလိုက်ပြီးနောက် ခြေသံဖွနင်း၍ အခန်းထဲက ထွက်ခဲ့လိုက်လေသည်။
ဖေးကျူးဟွေ့က ပျားရည်နှင့် ရေနွေးနွေးလေးကို ရောဖျော်ထားတဲ့ ဖန်ခွက်လေးကို သူမဆီ ကမ်းပေးလိုက်သည်။ “ အများကြီး သောက်လာတာလား။ သမီးမျက်နှာက ဘာလို့ အဲ့လောက် ရဲနေတာလဲ။ ”
ချန်ကျင်းလန်က ဖန်ခွက်ကို လက် တစ်ဖက်ဖြင့် ကိုင်ထားရင်း ကျန်လက် တစ်ဖက်ဖြင့် သူမရဲ့ မျက်နှာကို ကိုင်ကြည့်လိုက်သည်။ “ အများကြီး မသောက်ခဲ့ပါဘူး အမေရဲ့။ နှစ်ခွက်ပဲ သောက်ခဲ့တာပါ။ ဒီတိုင်းပဲ မျက်နှာနီနေတာ ဖြစ်မယ် ထင်တယ်။ ” သူမက အမူးပြေဖျော်ရည်လေးကို တစ်ငုံ သောက်လိုက်ပြီး စာကြည့်ခန်းဘက်ကို လှမ်းကြည့်လိုက်သည်။ “ အဖေရော ပြန်ရောက်ပြီလား။ ”
“ ပြန်ရောက်ပြီ။ စာကြည့်ခန်းထဲမှာ စာဖတ်နေတယ်။ ”
ချန်ကျင်းလန်က ဘာဆက်ပြောရမှန်း မသိဘဲ တုံ့ဆိုင်းသွား၏။
ချန်ရှန်းဟယ်က သူမကို စာကြည့်ခန်းထဲကနေ လှမ်းခေါ်သည်။ “ သမီးမှာ ဖေဖေ့ကို ပြောစရာ တစ်ခုခု ရှိရင် ဝင်ခဲ့ပြီး လာပြောလေ။ ”
“ သွား .. ဝင်သွားလိုက်။ ” ဖေးကျူးဟွေ့က စာကြည့်ခန်းဘက်ကို ခေါင်းဆတ်ပြလိုက်သည်။ “ သူက သမီး သူ့ကို စကားပြောဖို့ ရှာနေရင် သဘောကျတယ်။ သမီးအစ်ကိုကြီးက သူနဲ့ စကားပြောချင်လို့ ရှာနေရင်တော့ မျက်မှောင်ကြီးတွေကြုတ်သွားတော့တာပဲ။ ”
ချန်ကျင်းလန်က ဖေးကျူးဟွေ့ကို ခဏလောက် ပွေ့ဖက်ပြီးမှ စာကြည့်ခန်းထဲကို လှည့်ဝင်ခဲ့လိုက်သည်။ သူမ ဝင်လာာတာကို မြင်တော့ ချန်ရှန်းဟယ်က မျက်မှန်ချွတ်ပြီး သူ့စားပွဲဘေးက ဆိုဖာကို ညွှန်ပြသည်။ “ ထိုင် သမီး။ ဖေဖေ့ကို ဘာတွေများ ပြောစရာ ရှိလို့လဲ။ ”
ချန်ကျင်းလန်က ဆိုဖာပေါ်မှာ ဝင်ထိုငပြီး မှန်ကပ်ထားတဲ့ စားပွဲမျက်နှာပြင်ကို လက်မလေးနှင့် ပွတ်နေမိသည်။ ထို့နောက် ချန်ရှန်းဟယ်ကို ကြည့်ပြီး “ သမီးတို့မိသားစုနဲ့ ရှောက်မိသားစုကြားက အခြေအနေကို သမီး အခုလေးတင်ပဲ သိခဲ့ရတယ် အဖေ။ ” ဟု ပြောလိုက်သည်။
ချန်ရှန်းဟယ်သည် နေရာမှ ထလာခဲ့ပြီး ချန်ကျင်းလန်ရဲ့ ရှေ့က ထိုင်ခုံကို ဆွဲထုတ်ကာ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်၏။ “ သမီးကို ရှောက်ချန်းကျယ် ပြောပြတာလား။ ”
“ သမီး ဒီနေ့ ဝူကျင်းယောင်နဲ့ အမှတ်မထင် တွေ့ခဲ့တယ်။ သူက အဓိပ္ပာယ်မရှိတဲ့ တချို့ စကားတွေ ပြောသွားလို့ သမီး ရှောက်ချန်းကျယ်ကို အကျိုးအကြောင်း မေးကြည့်လိုက်တာပါ။ ”
“ သမီး ဝူကျင်းယောင် ပြောတဲ့ စကားတွေကို ဘာမှ ခေါင်းထဲ ထည့်မနေနဲ့နော်။ သူ့မှာ ရှောက်ချန်းကျယ်ရဲ့ အဘွား ဆိုတဲ့ နာမည်ကို ထုတ်သုံးပြီး သမီးရှေ့မှာ ရိုသေလေးစားခံသင့်တဲ့ လူ တစ်ယောက်ကို နေနိုင်တဲ့ အခွင့်အရေးလည်း မရှိတော့ဘူး။ ရှောက်ယွင်က သူနဲ့ ကွာရှင်းဖို့ လုပ်နေပြီလို့ အဖေ ကြားထားတယ်။ ”
ချန်ကျင်းလန် ခပ်ယဲ့ယဲ့ ခေါင်းညိတ်ပြလိုက်သည်။ သူမ ခဏလောက် စဉ်းစားနေပြီးမှ ဆက်ပြောလိုက်ပါသည်။ “ သမီး တောင်းပန်ပါတယ် အဖေ။ သမီး အရမ်း တစ်ကိုယ်ကောင်းဆန်မိသွားတယ်။ ”
ချန်ရှန်းဟယ်က သူမကို ဖြတ်ပြောလိုက်သည်။ “ သမီးစိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး တစ်ခုလို ခံစားရမှာ စိုးလို့ တချို့ ကိစ္စတွေကို ဖေဖေ မပြောခဲ့တာ ရှိတယ် ကျင်းလန်။ နှလုံးသားရေးရာတွေကို ဘယ်သူကမှ ကြိုမခန့်မှန်းနိုင်ဘူး။ အဖေတို့မိသားစု နှစ်စုရဲ့ မျိုးဆက်ဟောင်းတွေကြားက ပဋိပက္ခတွေက သမီးနဲ့လည်း မဆိုင်သလို ရှောက်ချန်းကျယ်နဲ့လည်း မဆိုင်ပါဘူး။ သမီး သူ့ကို သဘောကျတာ သေချာတယ် ၊ သူကလည်း သမီးကို အချစ်စစ်နဲ့ ချစ်တယ် ဆိုရင် အဖေ သူ့ကို လက်ခံပေးနိုင်တယ်။ ” ချန်ရှန်းဟယ် စကား ခဏ ရပ်လိုက်သည်။ “ အဖေ သူ့ကို အခုထိ အကဲဖြတ်လို့ မပြီးသေးတဲ့အတွက် သူ အဖေ့စာမေးပွဲကို အောင်လား ၊ ကျလား ဆိုတာကို ပြောဖို့တော့ စောလွန်းပါသေးတယ်။ အဖေ သူ့ကို အကဲဖြတ်တဲ့ ကာလက အနည်းဆုံး ( ၁ ) နှစ် ၊ ( ၂ ) နှစ် ၊ ဒါမှမဟုတ် ( ၇ ) နှစ် ၊ ( ၈ ) နှစ်အထိတောင် ကြာသွားနိုင်တယ် ဆိုတာကိုတော့ သမီး သူ့ကို ရှင်းရှင်းလင်းလင်း ပြောထားမှ ဖြစ်မယ်။ ”
ချန်ကျင်းလန်က ခပ်ဖွဖွ ပြုံးရင်း “ သမီး သူ့ကို အဲ့လို ပြောလိုက်ပါ့မယ်။ ” ဟု ပြောလိုက်သည်။
နောက်ဆုံးမှာ သမီးဖြစ်သူရဲ့ အပြုံးကို မြင်တော့မှ ချန်ရှန်းဟယ်ရဲ့ စိတ်ထဲမှာ နည်းနည်းလေး စိတ်သက်သာရာရသွား၏။ “ ဒါပေမဲ့ ဒီတစ်ခေါက် ပြဿနာတွေကို ရှောက်မိသားစု ကိုင်တွယ်ဖြေရှင်းသွားတဲ့ ပုံစံက တော်တော်လေး သဘောကျစရာကောင်းတယ်။ မြန်မြန်ဆန်ဆန် ပိုင်ပိုင်နျုင်နိုင်နဲ့ ဖြေရှင်းရမယ့် ပြဿနာ အများစုကို ဖြေရှင်းသွားတာ။ ရှောက်မိသားစုရဲ့ အိမ်တွင်းရေး ပြဿနာတွေကိုရော ၊ လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာတွေကိုရော သူ တစ်ယောက်တည်း ဖြေရှင်းဖို့ဆို အချိန် တစ်ခုတော့ လိုလိမ့်မယ်လို့ အဖေ ထင်ထားတာ။ ဒါပေမဲ့ သူက မြန်မြန်ဆန်ဆန် ပါးပါးနပ်နပ်ပဲ ဖြေရှင်းသွားတယ်။ ဟိုးအရင်တုန်းက သူ့အဘွားနဲ့ ပုံစံနဲ့ သိပ်ကို တူတာပေါ့။ ရှောက်ချန်းကျယ်က ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာရော ၊ ရုပ်ပိုင်းဆိုင်ရာမှာရော သူ့အဘွားနဲ့ တော်တော်လေး တူတယ်။ ” ချန်ရှန်းဟယ်က စာအုပ်စင်ဘက် လျှောက်သွားပြီး စာအုပ် တစ်အုပ်ကြားက ဓာတ်ပုံကို ထုတ်ယူကာ ချန်ကျင်းလန်ကို ပေးလိုက်သည်။ “ ဒီဓာတ်ပုံက သမီးရဲ့ ဦးလေး အမြဲတမ်း တန်ဖိုးထားခဲ့တဲ့ ဓာတ်ပုံပဲ။ ”
ကျောင်းသားတွေ ဖြစ်ပုံရတဲ့ ကောင်လေးနှင့် ကောင်မလေးရဲ့ ဓာတ်ပုံမှာ ကောင်လေးက အရပ်ရှည်ရှည် ၊ ခပ်ချောချောလေး ဖြစ်ပြီး ကောင်မလေးကတော့ အရပ်ပုပု ၊ နူးညံ့သိမ်မွေ့သော မျက်နှာလေးဖြင့် ဆံပင်ပုံစံလှလှလေးကို ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံထဲမှာ သူတို့နှစ်ယောက်က လုံးဝ မရင်းနှီးတဲ့ သူစိမ်းတွေ အကြောင်းတစ်ခုခုကြောင့် ဓာတ်ပုံရိုက်နေရသလိုမျိုး တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာ အနေအထားဖြင့် ကင်မရာကို ကြည့်နေခဲ့ကြပါသည်။
“ သမီးဦးလေးက သူ့ကို သဘောကျခဲ့ပေမဲ့ သူ့ခံစားချက်တွေကို ဝန်ခံဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ တချို့ ကိစ္စတွေက ကံကြမ္မာရဲ့ စေညွှန်ရာလို့ပဲ ပြောရမလား ၊ ခြေလှမ်း တစ်ခု လွဲချော်သွားတာနဲ့ နောက်ထပ် ခြေလှမ်းတွေပါ လွဲချော်သွားမှာပဲ။ အဲ့အချိန်မှာ နောင်တရပါတယ် ဆိုရင်တောင် ဘယ်အရာကိုမှ ပြန်ပြင်ဆင်လို့ မရတော့ဘူး။ သမီးဦးလေး မကွယ်လွန်ခင်တုန်းက ယင်းမန်ချင်းကို ကူညီပေးရလို့ သူ ပျော်တယ် ဆိုပြီး အဖေ့ကို လာပြောဖူးတယ်။ ယင်းမန်ချင်းရဲ့ မြေးနဲ့ သမီး ချစ်မိနေတဲ့အကြောင်းကို သိရင် သူလည်း သမီးကို စိတ်ချလိမ့်မယ်လို့ အဖေ ထင်တယ်။ ”
ချန်ရှန်းဟယ်က သမီးဖြစ်သူရဲ့ ပခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ “ အဲ့ဒါကြောင့် သမီးရဲ့ စိတ်ထဲမှာ တအားကြီး အဖိစီးမခံပါနဲ့။ အချစ်ရေးလို ကိစ္စမျိုးတွေမှာ သမီးနဲ့ တစ်ဖက်လူနဲ့ကိုပဲ အာရုံစိုက်ထားရမယ်။ သူက သမီးကို ပျော်ရွှင်အောင် လုပ်မပေးနိုင်ရင်တော့ သူ့ကို ကန်ထုတ်ပြီး နောက်တစ်ယောက် ရှာပစ်လိုက်။ ”
ချန်ကျင်းလန်က သူမမှာ ကမ္ဘာပေါ်က အကောင်းဆုံး အဖေနှင့် အမေကို ပိုင်ဆိုင်ထားသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။ သူမ လမ်းပျောက်နေရင် လမ်းပြပေးတယ် ၊ သသမ စိတ်ဓာတ်ကျနေရင် အားပေးတယ် ၊ မီးပြတိုက် တစ်ခုလိုပဲ သူမရဲ့ ဘေးမှာ မားမားမတ်မတ် ရပ်တည်ပြီး သူမကို ကာကွယ်ပေးတယ် … ။
ချန်ကျင်းလန်သည် ထိုညမှာ သူမရဲ့ အိမ်ကို မပြန်ဘဲ သမီးဖြစ်သူနှင့် တစ်အိပ်ရာတည်းမှာ အတူတူ အိပ်ခဲ့သည်။ သမီးလေးက သူမရဲ့ ရင်ခွင်ထဲမှာ ၊ သူမရဲ့ အဖေနှင့် အမေက တစ်ဖက်အခန်းမှာ။ ဒါက ကမ္ဘာပေါ်မှာ စိတ်အလုံခြုံဆုံး ခံစားချက် ဖြစ်မည် ထင်သည်။
နောက်တစ်နေ့မနက် ချန်ကျင်းလန် အိပ်ရာနိုးချိန်မှာတော့ သူ ညတုန်းက နောက်ကျမှ ပို့ထားတဲ့ မက်ဆေ့ခ်ျကို မြင်လိုက်ရသည်။ လေယာဉ်ပေါ် ရောက်နေပြီ ဖြစ်ကြောင်းနှင့် လေယာဉ်ဆိုက်တဲ့အခါ သူမကို ဖုန်းဆက်လိုက်ပါမည်တဲ့။ သူ ဒီနေ့ စင်္ကာပူကို လေယာဉ်နှင့် သွားမယ် ဆိုတာ သူမ သိသည်။ သူ သွားတာ ငါးရက်တိတိ ရှိပါပြီ။ အရင်တုန်းကတော့ တစ်ပတ် ဆိုတဲ့ အချိန်က အကုန်မြန်သလို ခံစားခဲ့ရပေမဲ့ အခုတော့ သူ ခရီးသွားနေတဲ့ ငါးရက်မှာ အချိန်ကုန်တာ နှေးသလို ခံစားရသည်။
ချန်လီချီလေးလည်း အိပ်ရာနိုးလာပြီး အိပ်မှုန်စုံမွှား မျက်လုံးတွေကို ဖွင့်လိုက်တော့ သူမဘေးမှာ အိပ်နေတဲ့ အမေဖြစ်သူကို တွေ့လိုက်ရသည်။ သူမလေးက “ မေမေ … ” ဟု ချွဲချွဲနွဲ့နွဲ့ ခေါ်လိုက်ပြီး မေမေ့ရဲ့ ခန္ဓာကိုယ်ပေါ်ကို တက်ကာ ပွေ့ဖက်လိုက်သည်။ သူမရဲ့ မျက်လုံးလေးတွေကတော့ အိပ်ချင်မူးတူး ဖြစ်နေဆဲ။ “ သမီး ဖေဖေနဲ့ မေမေ့ကို ညတုန်းက အိပ်မက်,မက်တယ် သိလား။ ”
“ သမီးအိပ်မက်ထဲမှာ မေမေတို့က ဘာလုပ်နေတာတဲ့လဲ။ ”
“ ဘာမှ ထွေထွေထူးထူး လုပ်နေတာတော့ မဟုတ်ပါဘူး။ ဒီတိုင်းပဲ ဖေဖေက မီးဖိုချောင်ထဲမှာ ဟင်းချက်နေတယ် ၊ မေမေက အလုပ်,လုပ်နေတယ် ၊ သမီးကတော့ ဧည့်ခန်းထဲမှာ ဂိမ်းတွေ ဆော့နေတယ်။ ဒါပေမဲ့ အိပ်မက်ထဲမှာ သမီး အရမ်း ပျော်နေခဲ့တာ။ ”
ချန်ကျင်းလန်က သူမလေးရဲ့ မျက်နှာလေးကို ရွှတ်ခနဲ နမ်းလိုက်သည်။ “ ဒါဆို ရိုးရှင်းတဲ့ အရာတွေက မေမေတို့ရဲ့ လီချီလေးကို ပျော်အောင် လုပ်ပေးနိုင်တယ်ပေါ့ … ”
ချန်လီချီလေးက တရစပ် ခေါင်းညိတ်ပြသည်။ “ ပျော်ရွှင်မှု ဆိုတာ သိပ်ကို ရိုးရှင်းတဲ့ အရာ တစ်ခုပဲလေ မေမေ။ ”
သူမလေး တရစပ် ခေါင်းညိတ်ပြလိုက်တာကြောင့် သူမရဲ့ မသပ်မရပ် ရှုပ်ပွနေတဲ့ ဆံပင်တွေကပါ သူမရဲ့ လှုပ်ရှားမှုအတိုင်း လှုပ်ယမ်းနေခဲ့ကြသည်။ ချန်လီချီသည် သူမမျက်စိရှေ့ကို လျှောကျနေတဲ့ ဆံပင်တွေကို ကြည့်ကာ သူမ အခုအချိန်မှာ ဖြစ်နေမယ့် ပုံစံကို တွေးမိသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ အခု သမီးပုံစံက အရမ်း ရယ်စရာကောင်းနေတယ်မို့လား မေမေ။ ခြင်္သေ့ပေါက်လေးနဲ့ တူနေမယ် ထင်တယ်။ ”
ချန်ကျင်းလန်က သူမရဲ့ ဆံပင်လေးတွေကို ပိုပြီး မသပ်မရပ်ဖြစ်သွားအောင် ဆွဲဖွရင်း “ သမီးက အခုမှ တကယ့် ခြင်္သေ့ပေါက်လေး တစ်ကောင်နဲ့ တူသွားတာ။ ” ဟု ပြောလိုက်သည်။
ချန်လီချီက မေမေ့အလစ်မှာ တိတ်တိတ်လေး မတ်တပ်ရပ်လိုက်ပြီး မေမေ့ရဲ့ ဆံပင်တွေကိုလည်း မသပ်မရပ်ဖြစ်သွားအောင် လက်သေးသေးလေးတွေဖြင့် ဆွဲဖွပြီး တခစ်ခစ် ရယ်မောနေခဲ့သည်။ “ မေမေလည်း သမီးနဲ့ အခု တစ်ထေရာတည်း တူသွားပြီ။ ”
ချန်ကျင်းလန်က သူမလေးကို လဲကျမသွားစေရန်အတွက် ခါးလေးကို ထိန်းကိုင်ထားရင်း နဖူးချင်း ဖိကပ်ထိတိုက်လိုက်လေသည်။ “ ဒါဆို မေမေတို့မိသားစုမှာ အခု ခြင်္သေ့ နှစ်ကောင် ရှိသွားပြီပေါ့ ၊ ခြင်္သေ့ပေါက်လေး တစ်ကောင်နဲ့ ခြင်္သေ့မေမေကြီး တစ်ကောင်။ ”
အိပ်ရာပေါ်မှာ သားအမိ နှစ်ယောက် လူးလှိမ့်ရယ်မောနေစဉ်မှာပဲ ဖေးကျူးဟွေ့က တံခါးခေါက်ပြီး အခန်းထဲ ဝင်လာခဲ့သည်။ “ အိပ်ရာထဲမှာ ဆော့နေတာကို ရပ်ပြီး မြန်မြန် အိပ်ရာထကြတော့။ ဒီနေ့ လုပ်စရာတွေ အများကြီး ရှိတယ်။ ကျင်းလန်က ကုမ္ပဏီကို စောစော သွားပြီး စောစော ပြန်လာခဲ့။ လီချီလေးက ခဏနေရင် ဘွားဘွားနဲ့ ဈေးဝယ်ထွက်ရမယ်။ ရေမိုးချိုး မျက်နှာသစ် ၊ မနက်စာ စား။ မြန်မြန် အိပ်ရာထပြီး အဆင်သင့်ဖြစ်အောင် ပြင်ကြတော့။ ”
သားအမိ နှစ်ယောက်က ဆော့နေတာကို ချက်ချင်းပဲ ရပ်လိုက်ကာ ဖေးကျူးဟွေ့ရဲ့ စကားကို နာခံစွာ အမြန် အိပ်ရာထပြီး ရေချိုးခန်းထဲမှာ ကိုယ်လက်သန့်စင်ဖို့ အလှည့်ကျ စောင့်နေခဲ့ကြလေသည်။ ကျွန်း တစ်ကျွန်းပေါ်မှာ ဆယ်ရက်တာ အပန်းဖြေခရီးထွက်မယ့် သူတို့ရဲ့ လေယာဉ်က ဒီနေ့ည ဖြစ်သည်။ လီချီလေးရဲ့ မွေးနေ့ မတိုင်ခင် တစ်ရက်မှာ သူတို့ ပြန်လာမည်။
ချန်ကျင်းလန်ကို ကုမ္ပဏီကို ရောက်တော့ ဌာနအသီးသီးနှင့် တစ်မနက်လုံး အစည်းအဝေးတွေ လုပ်နေခဲ့သည်။ ပြီးတော့ ဝန်ထမ်းတွေတင် မဟုတ်ဘဲ သူမကိုယ်တိုင်ပါ အစည်းအဝေးကို ခေါင်းမူးနောက်စွာ လက်စသတ်လိုက်ပြီးနောက် ရုံးခန်းထဲကို ပြန်လာခဲ့လိုက်သည်။ ရုံးခန်းထဲကို ရောက်သည်နှင့် သူမ ပထမဆုံး လုပ်တဲ့ အရာက ဒေါက်ဖိနပ်တွေကို ချွတ်ပြီး ကြမ်းပြင်ကို ဖိနပ်မပါ ခြေဗလာဖြင့် လျှောက်နင်းတာ ဖြစ်သည်။ အဲ့ဒါက တော်တော်လေးကို သက်သောင့်သက်သာရှိသည်။ သူမ ဒီမှာ နေ့လယ်စာ စားဖို့လည်း စီစဉ်မထားပါ။
လက်စသတ်စရာရှိတဲ့ အလုပ်တွေကို လက်စသတ်ပြီး အလုပ်ဆင်းဖို့ လုပ်နေစဉ်မှာ တံခါးခေါက်သံ ထွက်ပေါ်လာသောကြောင့် “ ဝင်ခဲ့ပါ။ ” ဟု ခပ်ကျယ်ကျယ် လှမ်းပြောလိုက်၏။ သူမရဲ့ ဒေါက်ဖိနပ်တွေက ကြမ်းပြင်ပေါ်မှာပဲ ရှိသေးပေမဲ့ သွားယူမနေတော့။ ထန်ယိချန်းက သူမရဲ့ ရံဖန်ရံခါ ထူးထူးဆန်းဆန်း အမူအကျင့်များနှင့် ကျင့်သားရနေပြီးသားပင်။
တံခါးပွင့်သွားပြီး ထန်ယိချန်းနောက်က လူကို မြင်ချိန်မှာတော့ သူမ ဆွံ့အသွားရလေသည်။ သူ ဘယ်လိုလုပ် ဒီအချိန်ကြီး ဒီကို ရောက်လာတာလဲ။ ထန်ယိချန်းက ရှောက်ချန်းကျယ်ကို ရုံးခန်းထဲ လိုက်ပို့ပေးသည်နှင့် ဘော့စ် အငိုက်မိနေတာကို မိမိရရ အသုံးချပြီး ချက်ချင်း လှည့်ထွက်လာခဲ့လိုက်သည်။ အချစ်နွံနစ်နေတဲ့ ဘော့စ်ပုံစံကို သူ့လို ရည်းစားမရှိတဲ့ သနားဖွယ်ရာ တစ်ကိုယ်တည်းသမားလေးကို နာကျင်စေသည်။
ရှောက်ချန်းကျယ်က သူမရဲ့ အံ့ဩဆွံ့အနေတဲ့ အကြည့်ကို ကြည့်ကာ ဒီကို ပြန်လာတဲ့ တစ်လမ်းလုံး တအုံ့နွေးနွေး ဖြစ်တည်လာခဲ့တဲ့ စိတ်ထဲက မကျေနပ်ချက်တွေ အကုန်လုံး အငွေ့ပျံသွားသည်။ သူက ပြုံးရီနေတဲ့ မျက်လုံးများဖြင့် သူမဆီ လျှောက်သွားလိုက်၏။ “ ဒါက အံ့ဩတာပဲ ဖြစ်ပြီး လန့်သွားတာတော့ မဟုတ်ဘူးလို့ ကိုယ် မျှော်လင့်ပါတယ်။ ”
သူက သူ့ခရီးစဉ်လမ်းကြောင်းကို ယာယီ ပြောင်းလဲခဲ့တာပင်။ အစတုန်းက သူ့လေယာဉ်က စင်္ကာပူကို သွားမလို့ ဆိုပေမဲ့ မနေ့ညတုန်းက ဖုန်းကောလ်က သူ့ကို နည်းနည်းလေး စိုးရိမ်စိတ်ဝင်စေသောကြောင့် သူမကို တစ်ချက် လာကြည့်တာ ဖြစ်သည်။ သူ့ဘက်က သူမကို လွမ်းပေမဲ့ သူမကရော သူ့ကို လွမ်းနေရဲ့လား ဆိုတာလည်း မသေချာပါ။
ထိုင်ခုံမှာ ထိုင်နေတဲ့ ချန်ကျင်းလန်က လက် နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းထုတ်ကာ နူးညံ့စွာ ပြောလိုက်သည်။ “ ကျွန်မကို ဖက်ပါဦး။ ”
ရှောက်ချန်းကျယ်က တစ်စက္ကန့်လေးတောင် တုံ့ဆိုင်းမနေဘဲ သူမကို တင်းကျပ်နေအောင် ပွေ့ဖက်လိုက်သည်။ တစ်ညလုံး အိပ်ရေးပျက်ထားတဲ့ သူ့အသံက အက်ကွဲကြမ်းရှနေသည်။ “ ကြည့်ရတာ မင်းလည်း ကိုယ့်ကို လွမ်းနေတယ် ထင်တယ်။ ”
မေးခွန်း မဟုတ်တဲ့ အတည်ပြုချက် တစ်ခုပါပဲ။
ချန်ကျင်းလန်က သူ့ပခုံးကို မှီရင်း သူ့ကို ပြန်ဖက်လိုက်၏။ သူ့စကားကို မငြင်းဆန်ဘဲ “ ရှင် ဘာလို့ ပြန်လာတာလဲ။ ” ဆိုတဲ့ မေးခွန်းကိုသာ မေးလိုက်ပါသည်။
သူမရဲ့ သူ့ကို မှီတွယ်နေတဲ့ ပုံစံလေးနှင့် လွမ်းဆွတ်နေတဲ့ အသံလေးက ရှောက်ချန်းကျယ်အား သူ လမ်းကြောင်းပြောင်းပြီး လှည့်ပြန်လာခဲ့တာက အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲလို့ ခံစားသွားရစေသည်။ သူ ချန်ကျင်းလန်ကို ပိုလို့တောင် တင်းကျပ်စွာ ဖက်ပြီး “ ကိုယ် မင်းကို နမ်းချင်လို့ ပြန်လာခဲ့တာ။ ” ဟု ပြောလိုက်သည်။
ချန်ကျင်းလန်က သူ့နားရွက်နားကို ကပ်ပြီး တိုးတိုးလေး မေးသည်။ “ ဒါဆို ရှင် အခု ကျွန်မကို နမ်းချင်လား။ ”
ရှောက်ချန်းကျယ်ရဲ့ အသက်ရှူသံတွေက ရုတ်တရက်ပဲ အရှိန်မြန်လာခဲ့သည်။ သူက သူမရဲ့ ခါးသွယ်သွယ်လေးကို တင်းကျပ်စွာ ပွေ့ဖက်၍ စားပွဲပေါ်ကို မြှောက်ချီပြီး တင်ပေးကာ လူနှစ်ယောက် နမ်းဖို့ အသင့်တော်ဆုံး အနေအထားကို ပြောင်းလဲလိုက်သည်။ သူမရဲ့ မေးစေ့လေးကို ဖြည်းဖြည်းချင်း ဆွဲမော့လိုက်ပြီးနောက် သူမရဲ့ နှုတ်ခမ်းလေးတွေက သူ့နှုတ်ခမ်းဆီသို့ တရွေ့ရွေ့ နီးကပ်လာခဲ့သည်။
ပထမဆုံး အနမ်းက ငှက်တောင်မွှေးလေးလို နူးညံ့ပေါ့ပါးနေပြီး တကယ် မနမ်းဘဲ နှုတ်ခမ်းချင်း ဖွဖွလေး ထိရုံ ထိ၍ စနောက်နေတဲ့ အနမ်းမျိုး ဖြစ်သည်။ ချန်ကျင်းလန်ရဲ့ အာရုံကြောတွေက နူးညံ့ပေါ့ပါးတဲ့ အထိအတွေ့အောက်မှာ ငြိပါသွားပြီး နောက်ထပ် အနမ်းတွေကို တောင့်တလိုချင်လာခဲ့သည်။ ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက နက်ရှိုင်းသွားသလို မိုးဖွဲလေးတွေကလည်း ထစ်ချုန်းမိုးအဖြစ် ပြောင်းလဲကာ အရာအားလုံးကို လွှမ်းမိုး၍ လောဘတကြီး ဝါးမျိုသွားသည်။
***