အခန်း ၈၁
Vol. 9 Ch. 81
အပိုင်း ( ၈၁ )
ချန်ကျင်းလန်သည် သူ့အနမ်းတွေအောက်မှာ မိန်းမောလျက်ပင် တစ်စုံတစ်ခုကို သတိရသွားသဖြင့် စားပွဲပေါ်ကို လက်ဖြင့် စမ်းသပ်ရှာဖွေကြည့်ပေမဲ့ သူမ ဘယ်လောက်ပဲ ရှာ,ရှာ ၊ ရှာမတွေ့ပေ။ ရှောက်ချန်းကျယ်က သူမ အာရုံပျံ့လွင့်သွားတာကို ခံစားမိလိုက်တော့ သူမရဲ့ နှုတ်ခမ်းတွေကို ခပ်ဖွဖွ ကိုက်ပြီး အပြစ်ပေးလိုက်သည်။ သူ့လက်က သူမရဲ့ နူးညံ့တဲ့ အကွေ့အဝိုက်တွေပေါ်ကို ရုတ်တရက် ရောက်သွားချိန်မှာတော့ ချန်ကျင်းလန် စိတ်မထိန်းနိုင်တော့ဘဲ ခပ်တိုးတိုး ညည်းလိုက်မိသည်။ သူမက လေထဲမှာ တစ်ဝက်တစ်ပျက် တွဲလောင်းကျနေတဲ့ ခြေထောက်ဖြင့် သူ့ခြေထောက်ကို ကန်ပစ်လိုက်သည်။ ဒါ ရုံးလေ ၊ အိမ် မဟုတ်ဘူး။
ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေကတော့ သူမရဲ့ နှုတ်ခမ်းတွေကို အလွှတ်မပေးသေး။ “ မင်း ဘာတွေ လိုက်ရှာနေတာလဲ။ ”
“ ရီမု … ပြတင်းပေါက် … ” ထိုစကားလုံးလေး နှစ်လုံးကိုပင် ချန်ကျင်းလန် ခဲယဉ်းတိုးလျစွာ ပြောလိုက်ရသည်။ ဒီလောက် အဆောက်အအုံအမြင့်မှာ အပြင်ကနေ ဘာကိုမှ မမြင်နိုင်ပေမဲ့လည်း စိတ်ချရအောင် လုပ်လိုက်တာက စိတ်မလုံမခြုံဖြစ်နေတာထက် ပိုကောင်းသည်။
သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားသော ရှောက်ချန်းကျယ်က သူမနောက်က ရီမုကို ယူပြီး ခလုတ်နှိပ်လိုက်တော့ တောက်ပနေတဲ့ မှန်အကြည်ရောင် ပြတင်းပေါက်က ချက်ချင်း အရောင်ပြောင်းသွားပြီး အပြင်ဘက်က မြင်ကွင်းတွေ ၊ နေရောင်တွေကို ကာသွားသည်။
သူရဲ့ ခန္ဓာကိုယ်မှာ ရှိသမျှ အင်အားတွေ အကုန်လုံးကို သူ စုပ်ယူသွားသောကြောင့် ချန်ကျင်းလန်သည် သူ့ရင်ခွင်ထဲကို မှီနေရုံက လွဲလို့ တခြား မတတ်နိုင်တော့ပါ။ သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတဲ့ သူ့လက်တွေက သူမကို သူ့ခန္ဓာကိုယ်ထဲ မြုပ်ဝင်သွားစေချင်နေတာလားလို့တောင် ထင်ရ၏။ သူမက သူ့ပခုံးတွေကို တွန်းထုတ်လိုက်ပေမဲ့ အင်အား အနည်းငယ်ကိုတောင် စိုက်ထုတ်လို့ မရ။ ရှောက်ချန်းကျယ်ရဲ့ အနမ်းတွေက သူမရဲ့ နှုတ်ခမ်းထောင့်ကနေ နားရွက်ဖျားဆီ ဖြည်းဖြည်းချင်း ရွေ့သွားပြီး သူမကို တိုးလျအက်ကွဲစွာ ပြောသည်။ “ စိတ်မပူပါနဲ့ ၊ ကိုယ် ဘာမှ မလုပ်ပါဘူး။ ကိုယ်က တစ်နာရီအတွင်း ပြန်ရမှာလေ။ ကိုယ်တို့ ရှေ့ဆက်ရင် ကိုယ် မရပ်နိုင်မှာစိုးတယ်။ ”
ချန်ကျင်းလန် သူ့ကို ထပ်ကန်ပစ်လိုက်ချင်သော်လည်း သူမရဲ့ ခြေထောက်တွေကို သူက မလှုပ်နိုင်အောင် ချုပ်ထားတာမို့ သူမ လှုပ်ချင်ရင်တောင် လှုပ်လို့ မရပါ။ ထို့ကြောင့် သူ့အသက်ရှူသံအတိုင်းပဲ ဆက်လက် စီးမြောနစ်မြုပ်နေခဲ့ရသည်။
မုန်တိုင်းစဲသွားချိန်မှာတော့ သူက သူမရဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး သူမက သူ့ပေါင်ပေါ်မှာ ထိုင်နေခဲ့လေသည်။ သူ ဘာမှ မလုပ်ခဲ့ဘူး ဆိုပေမဲ့ သူမရဲ့ ဆံပင်တွေဟာ မသပ်မရပ် ရှုပ်ပွနေသလို စကတ်လည်း တွန့်ကြေကာ ကြယ်သီးတွေလည်း ပြုတ်နေခဲ့ပါပြီ။ ဒီမှာ အဝတ်အစားအပိုတွေသာ ဆောင်မထားရင် ချန်ကျင်းလန် ရုံးခန်းတံခါးကို ဖွင့်ပြီး သူ့ကို ကန်ထုတ်ပစ်မိလောက်သည်။
ရှောက်ချန်းကျယ်က ခုနတုန်းက လူက သူ မဟုတ်သလိုမျိုး သူမရဲ့ ရှပ်အင်္ကျီကြယ်သီးလေးတွေကို တစ်လုံးချင်း ဂရုတစိုက် ကူတပ်ပေးနေခဲ့သည်။ အခုတော့ သူ့အပြုအမူတွေက ပြီးပြည့်စုံစွာပင် လူကြီးလူကောင်း တစ်ယောက်လို ရှိနေ၏ … ။
“ ဆောရီးပါ ၊ ကိုယ် အရမ်း ဇွတ်တရွတ်ဆန်သွားတယ်။ ” သူ့ရဲ့ တောင်းပန်စကားတွေထဲမှာ ဘယ်တော့မှ အပြစ်ရှာလို့ ရမှာ မဟုတ်ပါ။ ချန်ကျင်းလန်က သူ့လက်ကို ရိုက်ပြီး ဖယ်ထုတ်ရင်း “ အဲ့ကြယ်သီးတွေကို တပ်မနေနဲ့တော့။ ” ဟု ပြောကာ သူမရဲ့ အင်္ကျီအခြေအနေကို သူ မြင်အောင် ပြလိုက်သည်။ “ ဒီအင်္ကျီကို ဝတ်လို့ ရသေးတယ်လို့ ရှင် ထင်နေတာလား။ ”
ဒီတစ်ခေါက်တော့ ရှောက်ချန်းကျယ်ရဲ့ အမူအရာက ထူးထူးခြားခြား ရှားရှားပါးပါး ရှက်သွားတဲ့ အမူအရာ ဖြစ်သွားသည်။ “ မင်းမှာ အင်္ကျီအပို ရှိလား။ ဒါမှမဟုတ် ကိုယ် တစ်ယောက်ယောက်ကို အင်္ကျီတွေ လာပို့ခိုင်းလိုက်ရမလား။ ”
ချန်ကျင်းလန်က သူ့ကို မျက်စောင်းထိုးလိုက်ပေမဲ့ သူမ သူ့တစ်ယောက်တည်းကိုပဲ တာဝန်တွေ အကုန်လုံး ပုံချလို့ မရဘူး ဆိုတာကို သိပါသည်။ ပြောရရင် သူ့ကို အရင်ဆုံး ဆွဲဆောင်ခဲ့တာက သူမပဲလေ။ သူမ စားပွဲပေါ်က ဖုန်းကို လှမ်းယူပြီး ထန်ယိချန်းကို စားသောက်ဆိုင်ကနေ နေ့လယ်စာ နှစ်ယောက်စာ ဝယ်ခဲ့ဖို့ ဖုန်းဆက်ပြောလိုက်သည်။
သူမ ဖုန်းချပြီးသွားတော့ သူ့ကို “ ရှင် အထဲ ဝင်ပြီး ခဏလောက် နားချင်လား။ ခဏတဖြုတ်လောက် တစ်ရေးအိပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့။ ” ဟု လှည့်မေးလိုက်သည်။
သူမရဲ့ ရုံးခန်းထဲမှာ အနားယူသည့် အခန်းငယ် တစ်ခန်းလည်း ရှိပြီး အထဲမှာ အိပ်ရာ ၊ ခုတင်တွေက အစ ပြည့်ပြည့်စုံစုံ ရှိသည်။ သူက သူ့အစီအစဉ်တွေကို ယာယီ ပြောင်းလဲပြီး ဒီကို ပြန်လှည့်လာတာမို့ တစ်ညလုံး ကောင်းကောင်း အိပ်ခဲ့ရမှာ မဟုတ်လောက်ပါ။
“ ကိုယ် မအိပ်တော့ပါဘူး။ အချိန်က တကယ့်ကို နည်းနည်းလေးပဲ ကျန်တော့တာ။ အဲ့အချိန် နည်းနည်းလေးကို အိပ်တဲ့ နေရာမှာ သုံးလိုက်ရင် တအား နှမြောစရာကောင်းလိမ့်မယ်။ ”
ချန်ကျင်းလန်က သူ့ရဲ့ အနည်းငယ် ညိုကျနေတဲ့ မျက်ကွင်းတွေကို တစ်ချက် ကြည့်လိုက်ပြီးမှ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စိတ်ရင်းအမှန်အတိုင်း ပြောလိုက်သည်။ “ နောက်တစ်ခေါက်ကျ ဒီလိုမျိုး အလောတကြီး ပြန်မလာနဲ့။ ကျွန်မ ဖုန်းထဲမှာ ပြောခဲ့တာက ကျွန်မရဲ့ တကယ့် ခံစားချက် အစစ်ပဲ။ ရှင် ဒီလို ပြန်လာပြီး အတည်ပြုစရာ မလိုဘူး။ အခု ရှင် ပင်ပန်းနေတယ် မဟုတ်လား။ ”
ရှောက်ချန်းကျယ်ကလည်း သူမကို စိတ်ရင်းအမှန်အတိုင်း ပြန်ဖြေလိုက်သည်။ “ ကိုယ် နောက်တစ်ကြိမ် လွဲချော်သွားရင် မင်း ထပ်ပြီး ထွက်ပြေးသွားမှာ စိုးရိမ်လို့ပါ။ ”
ချန်ကျင်းလန်က သူ့ပေါင်ပေါ်ကနေ ထရင်း သူမရဲ့ ရှပ်အင်္ကျီကော်လံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်သည်။ “ ကျွန်မ ထွက်ပြေးသွားလည်း ရှင် ဘယ်လို လိုက်ဖမ်းရမလဲ ဆိုတာ သိတယ် မဟုတ်ဘူးလား။ ” လို့ ပြောလိုက်တဲ့ သူမအသံမှာ စနောက်ဟန်စွက်နေ၏။
အနက်ရောင် ကြမ်းပြင်ပေါ်ကို ချထားတဲ့ ခြေချောင်းဖြူဖြူလေးက အကြည့်မလွှဲချင်စရာကောင်းလွန်းပါသည်။
အရှိန်လျော့သွားတဲ့ ရှောက်ချန်းကျယ်ရဲ့ ဆန္ဒတွေက ထိန်းချုပ်မှုကင်းမဲ့စွာ ထပ်မံမြှင့်တက်လာကာ သူမကို လှမ်းဖမ်းလိုက်တော့ ချန်ကျင်းလန်က သူ့ရည်ရွယ်ချက်ကို ရိပ်နေမိပုံဖြင့် နားနေခန်းဘက်ကို လှည့်ပြေးသွားခဲ့ပြီ ဖြစ်သည်။ ပထမတော့ ခြေလှမ်းသွက်သွက်လေးတွေ လျှောက်နေရာမှ နောက်တော့ ပြေးတဲ့ အနေအထားကို ရောက်သွားပြီး တံခါးကို ဂျိုင်းခနဲ ဆောင့်ပိတ် လော့ခ်ချကာ အပြင်က ရက်စက်တဲ့ အမဲလိုက်ခွေးဆိုးကြီးရဲ့ ရန်ကို ကာကွယ်ထားလိုက်လေသည်။
ရှောက်ချန်းကျယ်က တံခါးကို မှီရင်း အခန်းလေးထဲက သူမကို ပြောလိုက်သည်။ “ မင်း ပြောတာ မှန်ပါတယ် ၊ ကိုယ် အရင်တုန်းက တော်တော်လေး တုံးအခဲ့တာ။ ” သူက အသံကို ရည်ရွယ်ချက်ရှိရှိ နှိမ့်ချပစ်လိုက်ပေမဲ့ သူ့အသံက တံခါးကို ဖောက်ထွင်းဝင်ရောက်နိုင်သလို အထဲက လူကလည်း ကြားနိုင်နေဆဲပင်။ “ ခွေးနှာခေါင်းက အရမ်း အနံ့ခံ့အားကောင်းတယ်လို့ လူတွေက ပြောကြတယ်။ ကိုယ့်တစ်သက်လုံး မင်းရဲ့ အနံ့ကို မေ့မှာ မဟုတ်ဘူး ၊ အဲ့ဒါကြောင့် မင်း ကမ္ဘာအဆုံးကိုပဲ ပြေးပြေး ကိုယ်ကတော့ မင်းကို မိအောင် လိုက်ဖမ်းနိုင်ဦးမှာပဲ။ ”
သူ ပြန်ရလိုက်တာက “ လဲသေလိုက်။ ” ဆိုတဲ့ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်စကားပဲ ဖြစ်သည်။
ချန်လီချီလေးကတော့ နေ့ခင်တုန်းက သူမအဖေ ပြန်ရောက်လာတယ် ဆိုတာကို လုံးဝ မသိရှာပါ။ ထိုညမှာ လေယာဉ်ပေါ် မတက်ခင် ဘွားဘွား သန့်စင်ခန်းသွားနေတုန်း ဖေဖေ့ကို ဗီဒီယိုကောလ်တောင် ခေါ်လိုက်သေး၏။ ရှောက်ချန်းကျယ်ကလည်း လေယာဉ်ပေါ်က ဆင်းလာရုံ ရှိသေးချိန်မှာပဲ သမီးဖြစ်သူရဲ့ ဗီဒီယိုကောလ်ကို တိုက်တိုက်ဆိုင်ဆိုင် ကိုင်လိုက်ရသည်။ ချန်လီချီလေးက ဖေဖေနှင့် စကားတွေ အကြာကြီး ပြောနေပြီးမှ ဖုန်းကို ဘေးကို ရွေ့ကာ မေမေ့ကို “ မေမေလည်း ဖေဖေနဲ့ စကားပြောဦးမလား။ ” ဟု မေးလိုက်သည်။
ချန်ကျင်းလန်ရဲ့ မျက်လုံးတွေကတော့ Tablet ပေါ်မှာပဲ ရှိနေခဲ့ပြီး တစ်ချက်လေးတောင် မော့မကြည့်ခဲ့ပါ။ “ ဘာမှ ပြောစရာ မရှိဘူး လီချီလေး။ သမီးပဲ ဖေဖေနဲ့ ပြောလိုက်နော်။ ”
ချန်လီချီက ဗီဒီယိုကောလ်ထဲက ဖေဖေ့ကို ကြည့်ပြီး သက်ပြင်းတိုးတိုးချလိုက်သည်။ “ ဖေဖေ … ကြည့်ရတာ ဖေဖေ ကြိုးစားတာ မလုံလောက်ဘူး ထင်တယ်။ ဖေဖေက မေမေ့နှလုံးသားထဲမှာ သိပ်နေရာမရသေးဘူးရယ်။ မေမေက ဖေဖေ့ကို လွမ်းတောင် မလွမ်းတဲ့ပုံပဲ။ အဲ့ဒါကြောင့် ဖေဖေ အများကြီး ပိုကြိုးစားဖို့ လိုသေးတယ်။ ”
ရှောက်ချန်းကျယ်ရဲ့ သမီးဖြစ်သူရဲ့ စကားကြောင့် ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ ဒါဆိုလည်း ဖေဖေ အများကြီး ပိုကြိုးစားပါ့မယ်။ မေမေကတော့ ဖေဖေ့ကို မလွမ်းပေမဲ့ ဖေဖေကတော့ မေမေ့ကို အရမ်း လွမ်းနေတာပါ။ လီချီလေးကိုရောပေါ့။ ”
ချန်လီချီရဲ့ လခြမ်းကွေး မျက်လုံးလေးတွေထဲမှာ ပျားရည်တွေ ဖြတ်သန်းစီးဆင်းသွားသည်။ “ သမီးလည်း ဖေဖေ့ကို လွမ်းပါတယ်။ ”
ချန်လီချီသည် ဖေဖေ့ကို အလွန် လွမ်းသောကြောင့် မေမေ့ရဲ့ ဓာတ်ပုံလှလှလေးတွေကို ဖေဖေ့ဆီ ပုံမှန် ပို့ပေးခဲ့သလို သူမရဲ့ ဓာတ်ပုံတွေကိုလည်း ပို့ဖို့ မမေ့လျော့ခဲ့ပါ။ သူမက အခုဆို မေမေနှင့် ဘွားဘွားရဲ့ ဓာတ်ပုံတွေကို ပင်တိုင် ရိုက်ပေးရတဲ့ ဓာတ်ပုံဆရာမလေးတောင် ဖြစ်နေပြီပင်။ ဖေဖေ့ဆီ ဓာတ်ပုံတွေ ပို့ပေးတိုင်း ဘိုးဘိုးကိုလည်း သတိရသောကြောင့် ဘွားဘွားရဲ့ ဓာတ်ပုံလှလှလေးတွေနှင့် သူမရဲ့ ဓာတ်ပုံလေးတွေကို ဘိုးဘိုးဆီ ပို့ပေးလေ့ရှိသည်။ ဘိုးဘိုးလည်း သူမနှင့် ဘွားဘွားကို အရမ်း အရမ်း လွမ်းနေမယ် ဆိုတာ မေးနေစရာတောင် မလိုပါ။
ဒီနေ့ သူမတို့ကို အနီးအနား ကျွန်းပေါ်က အိမ်နီးချင်းတွေက ပါတီတက်ဖို့ ဖိတ်ထားသည်။ ပါတီမှာ လူတွေ အများကြီး ရှိသလို မေမေနှင့် ဘွားဘွားကို လာစကားပြောတဲ့ ကြီးကြီးငယ်ငယ် ယောက်ျားတွေလည်း အများကြီး ရှိ၏။ မေမေနှင့် ဘွားဘွားက သိပ်ကို လှသည်လေ။ ချန်လီချီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း လည်ပင်းမှာ ချိတ်ထားတဲ့ ဖုန်းလေးကို ယူလိုက်သည်။
ငါးမိနစ်အကြာမှာပဲ ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်ရဲ့ ဖုန်းထဲကို ချန်လီချီ လှမ်းပို့လိုက်တဲ့ ဓာတ်ပုံတွေ ရောက်လာပါသည်။
အမျိုးသား နှစ်ယောက်သည် တစ်ချိန်တည်းမှာပဲ ပြိုင်တူ မျက်မှောင်ကြုတ်မိသွားကြလေသည်။
ချန်ကျင်းလန်သည် ရှောက်ချန်းကျယ်ဆီက ဗီဒီယိုကောလ်ကို လက်ခံရရှိလိုက်ပြီး အဲ့ဒါက နည်းနည်းလေးတော့ အံ့ဩစရာကောင်းသည်။ အကုန်လုံးကို ဆောရီးပါဟု တောင်းပန်စကား ပြောပြီးနောက် ချန်လီချီလေးကို သူမ အပြင်မှာ ဖုန်းသွားပြောဦးမည်မို့ အဘွားဘေးနားမှာပဲ နေပြီး ဘယ်မှ မသွားဖို့ မှာလိုက်သည်။ ချန်လီချီလေးက လိလိမ္မာမ္မာပဲ ခေါင်းညိတ်ပြလိုက်သည်။ သူမရဲ့ မျက်လုံးတောက်တောက်လေးတွေထဲမှာ မရိုးသားတဲ့ အရိပ်အယောင်တွေ ပြည့်နှက်သွားပြီး ဖုန်းဆက်တဲ့ လူက သူမအဖေဖြစ်ကြောင်း ချက်ချင်းပဲ နားလည်သွား၏။
ချန်ကျင်းလန်က မီးရောင်စုံတွေဖြင့် အသက်ဝင်နေတဲ့ အိမ်ထဲကနေ ထွက်လာခဲ့ပြီး တိတ်ဆိတ်တဲ့ ထောင့်တစ်နေရာက ခေါက်ကုလားထိုင်လေးမှာ ထိုင်ရင်း ဖုန်းကိုင်လိုက်သည်။ “ ရှင် ဘာလို့ အခုချိန်ထိ မအိပ်သေးတာလဲ။ ”
ရှောက်ချန်းကျယ် ရောက်နေတဲ့ နေရာမှာ ဒီအချိန်က မနက် နှစ်နာရီ ၊ သုံးနာရီလောက် ရှိမည်။
ရှောက်ချန်းကျယ်က ဖန်သားပြင်ပေါ်က အမျိုးသမီးကို ကြည့်ကာ သူမရဲ့ နားရွက်နားကို ကပ်ပြောနေသလိုမျိုး အလွန် တိုးလျသော အသံဖြင့် ပြောလိုက်သည်။ “ မင်းကို လွမ်းလို့ … ”
သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်ဝန်းတွေက သူမကို စိုက်ကြည့်နေပါသည်။ ချန်ပျက်းလန်က သူ့မျက်လုံးတွေကို အကြည့်လွှဲပြီး မျက်စိတစ်ဆုံး မြင်နေရတဲ့ ညပင်လယ်ကြီးကို ကြည့်လိုက်၏။ ရှောက်ချန်းကျယ်က သူမရဲ့ လည်ပင်းဖြူဖြူလေးကိုသာ ရိပ်ခနဲ မြင်လိုက်ရသည်။
“ အဲ့ဒါဆိုလည်း ရှင် ကျွန်မကို လွမ်းနေပေါ့။ ”
“ မင်း ဘာလုပ်နေတာလဲ။ ” ရှောက်ချန်းကျယ်ရဲ့ အသံက ပိုပြီး တိုးလျသွားသည်။
ချန်ကျင်းလန်သည် သူမရဲ့ ပါးပြင်ပေါ်မှာ ကပ်ငြိနေတဲ့ ဆံပင်တွေကို နားရွက်နောက်သို့ သပ်တင်လိုက်သည်။ “ အနီးအနားက ကျွန်း တစ်ကျွန်းပေါ်က အိမ်နီးချင်းတွေက ပါတီလုပ်တော့ ကျွန်မတို့ကိုပါ ဖိတ်ထားတာ။ ”
“ ပျော်စရာကောင်းလား။ ”
ချန်ကျင်းလန် ခေါင်းညိတ်ပြလိုက်သည်။ သူမရဲ့ အသွင်က တကယ့်ကို စိတ်လက်ပေါ့ပါးနေဟန်။ “ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ”
“ ကောင်းသားပဲ ၊ အဲ့ဒါဆိုလည်း ပျော်ခဲ့ပါ။ ” ရှောက်ချန်းကျယ်ရဲ့ စကားက စိတ်ရင်းတစ်ဝက် ၊ ဝတ်ကျေတန်းကျေ အပေါ်ယံ တစ်ဝက် ဖြစ်သည်။
“ အင်း။ ရှင်လည်း အိပ်ရာဝင်သင့်ပြီ။ မနက်ဖြန် စောစော ထရမှာ မဟုတ်လား။ ” ချန်ကျင်းလန်က ထိုသို့ ပြောပြီး ဖုန်းချဖို့ လုပ်နေစဉ်မှာပဲ ရှောက်ချန်းကျယ်က သူမကို “ မြောင်မြောင် ” ဟု ခေါ်ပြီး တားလိုက်သည်။
“ ဟမ် … ”
“ လည်ဆွဲ ဘယ်မှာလဲ။ ”
ချန်ကျင်းလန် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်၏။ သူမ ရေချိုးတုန်းက လည်ဆွဲနှင့် လက်စွပ်ကို ချွတ်ခဲ့မိပြီး အပြင်ထွက်လာတော့ ပြန်ဝတ်ဖို့ မေ့သွားတာပင်။
“ ကျွန်မ ဝတ်ဖို့ မေ့သွားတာ။ ”
ရှောက်ချန်းကျယ်က တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေချိန်မှာပဲ ချန်ကျင်းလန်ဘက်က ယောက်ျား တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရလေသည်။
“ ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ လန်။ လာလေ .. အတူတူ ကကြမယ်။ ”
ထိုလူ့မျက်နှာကို ရှောက်ချန်းကျယ် မမြင်ရတာတောင်မှ သူ့အသံကို နားထောင်ရုံနှင့် ထိုလူဟာ နိုင်ငံခြားသားလေသံဝဲပြီး တော်တော်လေးကို ငယ်တဲ့ လူငယ် တစ်ယောက် ဆိုတာ ပြောနိုင်သည်။
ချန်ကျင်းလန်က ထိုလူကို လက်ဝှေ့ရမ်းပြရင်း “ အရင် သွားနှင့်ပါ။ ကျွန်မ ခဏနေရင် လာခဲ့မယ်။ ” ဟု ပြန်ပြောလိုက်သည်။
ရှောက်ချန်းကျယ်က “ မင်းသူငယ်ချင်းလား။ သူ တရုတ်စကားပြောတာ တော်တော်လေး ကောင်းသားပဲ။ ” ဟု ဟန်မပျက် ပြောလိုက်ပေမဲ့ သူ့အကြောင်းကို သိနေတဲ့ ချန်ကျင်းလန်ကတော့ သူ့အသံထဲက ဖုံးကွယ်လို့ မရတဲ့ သဝန်တိုမှုကြီးကို သတိထားမိပါသည်။ “ ပါတီလုပ်တဲ့ အန်တီကြီးရဲ့ သားလေ။ ကောင်လေးက သွက်သွက်လက်လက်နဲ့ ချောတယ် ၊ အရမ်း ချစ်စရာကောင်းတယ်။ ”
ရှောက်ချန်းကျယ်က တစ်စက္ကန့်လောက် နှုတ်ဆိတ်သွားသည်။ “ မင်း ခွေးပေါက်လေးတွေကို သဘောမကျဘူးလို့ ကိုယ် ထင်ထားတာ။ ”
ချန်ကျင်းလန်သည် လက်ပေါ် မေးတင်ရင်း ပါးကို လက်ညိုးနှင့် ပျင်းရိပျင်းတွဲ ပုတ်နေခဲ့သည်။ “ တစ်ခါတလေ အကြိုက်လေး ဘာလေး ပြောင်းကြည့်တာလည်း မဆိုးဘူး ဆိုတာကို ကျွန်မ ရုတ်တရက် သဘောပေါက်သွားလို့လေ။ ”
ရှောက်ချန်းကျယ်က သူမ တမင်သက်သက် ပြောနေမှန်း သိတာတောင် သူ့သဝန်တိုစိတ်ကို ထိန်းချုပ်မရပေ။
ချန်ကျင်းလန်က ခေါက်ကုလားထိုင်ပေါ်က ထပြီး “ ကဲ ၊ ညနက်နေပြီ။ အိပ်တော့နော်။ ကျွန်မလည်း အခု သွားကလိုက်ဦးမယ်။ ” ဟု ပြောလိုက်သည်။
ဗီဒီယိုကောလ် ပြတ်တောက်သွားသလို ဖုန်းမျက်နှာပြင်ဟာလည်း မှောင်အတိကျသွားသည်။ ရှောက်ချန်းကျယ်ရဲ့ မျက်နှာကြီးကလည်း ဖုန်းမျက်နှာပြင်လိုပဲ မည်းမှောင်သွားကာ ခုနတုန်းကမှ ဘိုကင်တင်ထားတဲ့ လေယာဉ်လက်မှတ်ကို ဘိုကင်အသစ် ပြန်တင်လိုက်လေသည်။
မနေ့ညတုန်းက ပါတီပွဲက တော်တော်လေး ညနက်မှ ပြီးသွားပေမဲ့ ချန်ကျင်းလန်နှင့် သူမရဲ့ အမေကတော့ စောစောစီးစီး ပြန်လာခဲ့သည်။ ကလေးတွေက စောစော အိပ်ရာဝင်တတ်သည်လေ ၊ ပြီးတော့ လီချီလေးက မနေ့ညတုန်းက အရမ်း အိပ်ငိုက်နေခဲ့သည်။ ရှစ်နာရီ မထိုးသေးခင်ကတည်းက သူမလေးက မျက်လုံးလေးတွေကို ပွတ်ရင်း အိပ်ချင်သည်ဟု ပြောလာခဲ့သည်။ တစ်နေကုန် ကမ်းခြေမှာ လျှောက်ပြေးနေလို့ ပင်ပန်းသွားတာ ဖြစ်မည် ထင်ရဲ့။ ဒါပေမဲ့ သူတို့ ဗီလာကို ပြန်ရောက်သည်နှင့် အိပ်ငိုက်နေတဲ့ ကလေးမလေးက ချက်ချင်းလက်ငင်းပဲ အားအင်ပြည့်ဝ မျက်လုံးကျယ်သွားကာ အမေနှင့် အဘွားကို အိပ်ရာမဝင်ခင် ကာတွန်းကား တစ်ကား ကြည့်ကြရအောင်ဟု လာဆွယ်နေခဲ့သည်။
အပန်းဖြေခရီး ဆိုတ ပင်ပန်းမှုတွေကို ဖြေဖျောက် အနားယူဖို့အတွက်ပဲဖို့ သူတို့ သုံးယောက်ဟာ နေ့တိုင်း နေ့လယ် ( ၁၂ ) နာရီထိုးမှ အိပ်ရာထလေ့ရှိသည်။ ဒီနေ့တော့ ချန်ကျင်းလန် နည်းနည်းလေး စောပြီး အိပ်ရာနိုးလာခဲ့သည်။ အပြင်ဘက်မှာ ချက်ပြုတ်နေတဲ့ အစားအသောက်အနံ့တွေကို ရနေသလို ခံစားရပေမဲ့ သူမအမေကလည်း အိပ်ရာထဲမှာ အိပ်တုန်း ၊ အိမ်အကူလည်း နေ့လယ် ( ၁၂ ) နာရီကျော်မှ ပုံမှန် ရောက်လာနေကျပါ။ ဒါဆို ဟင်းချက်နေတာ ဘယ်သူလဲ … ။
ချန်ကျင်းလန်က ခြေညှပ်ဖိနပ်အပါးလေးတွေကို ချွတ်ပြီး ဖြည်းဖြည်းချင်း လျှောက်လာခဲ့လိုက်၏။ တံခါးကို တွန့်ဖွင့်ကြည့်လိုက်ချိန်မှာတော့ ကောင်တာနောက်မှာ ဟင်းချက်နေသူကို မြင်လိုက်ရကာ အလွန် အံ့အားသင့်သွားမိသည်။
ကြက်ဥကြော်နေတဲ့ ချန်ရှန်းဟယ်က တံခါးဖွင့်သံကြောင့် လှည့်ကြည့်လိုက်တော့ သမီးဖြစ်သူကို မြင်သွားသည်။ သူ နူးညံ့စွာ ပြုံးလိုက်၏။ “ သမီး အစောကြီး နိုးလာတာပဲ။ အဖေ့ကြောင့် နိုးသွားတာလား။ ”
ချန်ကျင်းလန် ခေါင်းခါပြလိုက်သည်။ “ အဖေ ဒီကို ဘယ်တုန်းက ရောက်တာလဲ။ ”
မနေ့တုန်းက လီချီလေးက အဘိုးဖြစ်သူနှင့် ဖုန်းပြောနေတုန်းကတောင်မှ သူက ပရောဂျက်ကိစ္စအတွက် လင်မြို့တော် ဒီနေ့ သွားရမယ်လို့ ပြောနေခဲ့တာပါ။ သူမ အိပ်ရာနိုးလာတဲ့ အချိန်မှာ အဖေက ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။
ချန်ရှန်းဟယ်က လျှပ်စစ်မီးဖိုကို ပိတ်ပြီး သမီးဖြစ်သူကို ပြောလိုက်သည်။ “ သမီးအစ်ကို,ကို အဖေ့ကိုယ်စား သွားခိုင်းလိုက်တာ။ ရှောက်ချန်းကျယ်က သမီးအစ်ကိုနဲ့ ရွယ်တူ ဆိုပေမဲ့ သူက အခုကတည်းက ရှောက်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ယောက်တည်း တာဝန်ယူနေရပြီ။ အဖေလည်း အခု အငြိမ်းစားယူရမယ့် အရွယ်ရောက်နေပြီ ဆိုတော့ လက်လွှဲပေးဖို့ အချိန်ကျပြီ။ ဒီနှစ်ကုန်ပိုင်းလောက်မှာ အဖေ့လုပ်ငန်းတွေကို သမီးအစ်ကိုဆီ လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်။ အဲ့ဒါမှ သမီးရဲ့ အမေနဲ့ အဖေလည်း ကမ္ဘာအနှံ့ ခရီးတွေ လျှောက်ထွက်လို့ ရမှာ။ ”
ချန်ကျင်းလန်က အဖေဖြစ်သူကို လက်မထောင်ပြလိုက်သည်။ “ ကောင်းလိုက်တဲ့ စိတ်ကူး။ အမေတော့ အရမ်း စပရိုက်ဖြစ်သွားမှာပဲ။”
***