အခန်း ၈၃
Vol. 9 Ch. 83
အပိုင်း ( ၈၃ )
ကျန်းကျန်းက ဆုံးဖြတ်ချက်ချပြီးနေပြီမို့ ချန်ကျင်းလန်လည်း ဘာမှ ဆက်ပြောမနေတော့ပါ။ “ နင် ဘယ်တော့ သွားမှာလဲ။ ”
“ သဘက်ခါ မနက်စောစော။ ”
“ အဲ့ဒါဆို ငါ မနက်ဖြန် ပြန်လာခဲ့မယ်။ မနက်ဖြန်ညအမီ ငါ အိမ်ပြန်လာခဲ့လို့ ရတယ်။ ”
ကျန်းကျန်းက သူမစကားကြောင့် အထိတ်ထိတ်အပြာပြာ ဖြစ်သွားသည်။ “ မဟုတ်တာ။ ငါ့အတွက်နဲ့ နင့်အစီအစဉ်တွေကို အပျက်မခံပါနဲ့။ ငါက တစ်သက်လုံး သွားပြီး ပြန်မလာတော့မှာလည်း မဟုတ်ဘူး။ ဟိုမှာ ကိစ္စတွေ အကုန်လုံး အခြေကျသွားတာနဲ့ ငါ တစ်လကို တစ်ခေါက်တော့ အနည်းဆုံး ပြန်လာဖြစ်မှာပါ။ အဲ့ဒီကျမှ ငါတို့တွေ ညစာ စားလို့ ရပါတယ်ဟာ။ ”
ကျန်းကျန်း နိုင်ငံခြားကို သွားတော့မယ် ဆိုတာကို သူမအစ်ကိုနှင့် အမေရော သိရဲ့လားလို့ ချန်ကျင်းလန် မေးချင်ပေမဲ့ သူမမှာ မေးပိုင်ခွင့် မရှိဘူးလို့ ခံစားရသည်။ ကျန်းကျန်းက ထွက်သွားဖို့ ရွေးချယ်လိုက်ကတည်းက အတိတ်ကနေ အနှောင်အဖွဲ့ကင်းကင်း ရုန်းထွက်ကာ အရာရာတိုင်းကို အသစ် ပြန်စတင်သင့်ပါသည်။ လူ တစ်ယောက်အတွက် အတိတ်ကို စွန့်ပစ်ပြီး တစ်ဖန် အသစ်စတင်ဖို့ ဆုံးဖြတ်လိုက်တာက ဆိုးဝါးတဲ့ ကိစ္စ တစ်ခုတော့လည်း မဟုတ်ပါ။ ဒီမှာ ကျန်ခဲ့တဲ့ နှစ်ယောက်လည်း တဖြည်းဖြည်း အသစ်စတင်နိုင်သွားမှာပါပဲ။
ကျန်းကျန်းနှင့် ဖုန်းပြောပြီးသွားသောအခါ ချန်ကျင်းလန်သည် ဖုန်းမျက်နှာပြင်ကို ဗလာနတ္ထိ မျက်လုံးများဖြင့် စိုက်ကြည့်နေမိလေသည်။
သူမနားကို နောက်ကနေ တရွေ့ရွေ့ ချဉ်းကပ်လာတဲ့ ရှောက်ချန်းကျယ်က “ ဘာဖြစ်လို့လဲ။ ” ဟု မေးလိုက်တော့ ချန်ကျင်းလန်က သက်ပြင်းယဲ့ယဲ့ချရင်း “ နှမြောစရာကောင်းတယ်လို့ ကျွန်မ ခံစားရလို့ပါ။ သူတို့ သုံးယောက်လုံးအတွက် နှမြောစရာကောင်းတယ်။ ” ဟု ပြန်ပြောလိုက်သည်။
ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ တတိယလူက ဘယ်သူလဲ ဆိုတာ ရှောက်ချန်းကျယ် သိသော်လည်း သူ့အိပ်ရာထဲမှာ တခြား ယောက်ျား တစ်ယောက်ရဲ့ နာမည်ကို မကြားချင်သောကြောင့် သူမရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး သူတို့နှင့် ဘာမှ မဆိုင်တဲ့ သူများတွေရဲ့ အချစ်ရေး ဝိရောဓိတွေအကြောင်း ဆွေးနွေးခန်းကို ဖြတ်တောက်ပစ်လိုက်သည်။
ချန်ကျင်းလန် ပြန်နိုးလာချိန်မှာတော့ ညဘက်တောင် ရောက်တော့မည် ဖြစ်သည်။
သူမက ဆတ်ခနဲ လန့်နိုးလာကာ အားအင်ချည့်နဲ့ ဒယိမ်းဒယိုင် ဖြစ်နေလျက်ပင် လီချီလေးဆီ ဖုန်းဆက်ခဲ့တာကို ပြန်သတိရသွား၏။ သူမ အိပ်ရာထဲမှ ထပြီး အိပ်ရာဘေး စားပွဲပေါ်က အဝတ်အစား အသစ် တစ်စုံကို လဲဝတ်လိုက်သည်။ သို့သော် အနည်းငယ်မျှသော လှုပ်ရှားမှုလေးကတောင် သူမရဲ့ ခန္ဓာကိုယ်က နေရာအနှံ့ကို ကိုက်ခဲသွားစေတာမို့ ‘ အ ’ ခနဲ တိုးတိုးလေး ညည်းမိသွားသည်။
အခန်းထဲက လှုပ်ရှားသံတွေကြောင့် အပြင်က အမျိုးသားက အခန်းထဲ ဝင်လာပြီး အိပ်ရာဘေးမှာ ထိုင်ကာ သူမကို အင်္ကျီကူဝတ်ပေးနေခဲ့သည်။ “ အရမ်း မလောပါနဲ့။ မင်း ကုန်းပေါ်က သူငယ်ချင်း တစ်ယောက်နဲ့ သွားတွေ့မှာမို့လို့ နောက်ကျမှ ပြန်လာမယ့်အကြောင်း လီချီလေးကို ဖုန်းဆက်ပြီး မင်းမိဘတွေကို အသိပေးခိုင်းပြီးသွားပြီပဲ။ ”
ချန်ကျင်းလန်သည် နေ့လယ်တုန်းက ဖြစ်သွားတဲ့ အဖြစ်အပျက်တွေအတွင်း အသိစိတ်နှင့်ကိုယ် ကပ်တစ်လှည့် ၊ မကပ်တစ်လှည့် ရှိနေချိန်မှာတောင် သမီးဖြစ်သူကို အဲ့ဒီလို အကြောင်းပြချက်မျိုး ပေးခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩမိသည်။ သူမရဲ့ အကြောင်းပြချက်မှာ အမှားထောက်စရာ ဟာကွက်တွေ ပြည့်နေပေမဲ့ အမေက သူမကို ဘယ်တော့မှ အလိမ်မဖော်ဘဲ ကူတောင် ကူညီပေးတတ်ပါသေးသည်။
“ မင်း ဗိုက်ဆာပြီလား။ ကိုယ် ညစာ ယူလာခဲ့မယ်။ ”
“ ကျွန်မ ဘာမှ မစားချင်ဘူး။ ပြန်ပဲ ပြန်ချင်တယ်။ ”
“ ကိုယ် လှေကို စက်နှိုးလိုက်ပါ့မယ်။ ဆိုဖာပေါ်မှာ တစ်ခုခု သွားစားလိုက်နော်။ နည်းနည်းလောက် ထပ်ကြာသွားလို့ ဘာမှ ထူးခြားမသွားပါဘူး။ ”
သူမ ဘယ်လောက်ပဲ အလျင်လိုပါစေ ၊ ငှက်တွေလို အတောင်ပံပေါက်လာပြီး ချက်ချင်း ထပျံသွားလို့ မရဘူး ဆိုတာကိုတော့ ချန်ကျင်းလန် သိပါသည်။ တကယ်လည်း သူမ ဗိုက်ဆာနေတာမို့ ရှောက်ချန်းကျယ်ရဲ့ စကားကို လက်ခံလိုက်သည်။ သူက သူမ သက်သောင့်သက်သာ စားနိုင်စေရန်အတွက် လှေကို ခပ်မြန်မြန် မောင်းလာခဲ့သည်။ ဒါဆို လှေက နေ့ခင်းတုန်းက ရပ်ထားတဲ့ တံတားနားကနေ လှေဆိပ်ကို ဘယ်တုန်းက ရောက်လာတာလဲ။ သူမရဲ့ သူ့အပေါ် ဆက်ဆံပုံက အနည်းငယ် နွေးထွေးလာခဲ့သည်။
“ ရှင် ပြန်ရင် ဖြည်းဖြည်းပဲ မောင်းသွားနော်။ ” သူမက သူ့ကို မှာခဲ့ပြီး ရွက်လှေပေါ်က ဆင်းဖို့ ပြင်လိုက်သည်။
ရှောက်ချန်းကျယ်က သူမကို လှမ်းဖက်ရင်း “ မင်းကို ကိုယ် လိုက်ပို့ပေးချင်တယ်။ ” လို့ ပြောတော့ ချန်ကျင်းလန်က “ ရတယ်။ နေပါစေ။ ” ဟု ပြန်ပြောလိုက်၏။
ချန်ကျင်းလန်သည် တံတားပေါ်ကို ခြေချရုံရှိသေး ၊ ခန္ဓာကိုယ် တစ်ခုလုံး အေးခဲသွားရလေသည်။ ခြေထောက်တွေကြားက နာကျင်မှုက တကယ့်ကို မခံမရပ်နိုင်စရာကောင်းလွန်းသည်။ သူမနောက်က လူကို မျက်စောင်းထိုးချက်စိတ်ကို ထိန်းချုပ်မရတော့ဘဲ လှည့်မျက်စောင်းထိုးလိုက်မိသည်။
ကိုယ့်အမှားကိုယ် သိတဲ့ ရှောက်ချန်းကျယ်က သူမကို ပွေ့ချီလိုက်သည်။ “ တောင်းပန်ပါတယ်။ ကိုယ် နည်းနည်းလေး စိတ်လွတ်သွားတယ်။ ”
ချန်ကျင်းလန်က သူ့ကိုလည်း နာကျင်မှု အနည်းငယ် ခံစားရစေရန် သူ့လည်ပင်းကို ဖိကိုက်လိုက်ပြီးတော့မှ စိတ်ထဲမှာ နည်းနည်းလေး နေသာထိုင်သာရှိသွားသည်။
သူက ဒီနေရာကို အရင်ကတည်းက ရောက်ဖူးတာမို့ ရင်းနှီးအသားကျစွာပင် သူမတောင် ပြောမလိုဘဲ ဘယ်အခန်းက သူမအခန်းလဲ ဆိုတာ သိနေခဲ့သည်။ သူမက သူ့ကို အရှေ့တံခါးကနေတော့ မဝင်ခိုင်းခဲ့ပါ။ သူမရဲ့ အဖေနှင့် အမေ နိုးသွားလိမ့်မည်မို့ ပြတင်းပေါက်ကနေပဲ ကျော်ဝင်ခိုင်းလိုက်သည်။
ရှောက်ချန်းကျယ်သည် သူမကို အိပ်ရာပေါ် ချပေးလိုက်ချိန်မှာပဲ ချန်ကျင်းလန်က တစ်ဝက်တစ်ပျက် ပွင့်နေတဲ့ ပြတင်းပေါက်ကို လက်ညိုးထိုးပြီး “ ပြန်တော့။ ” ဟု ပြောလိုက်၏။
သူမက သူ့ကို အိပ်ရာထဲကို နောက်တစ်ကြိမ် ခြေချခွင့် ထပ်ပေးတော့မှာ မဟုတ်ပေ။
ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းလေးတွေကို နမ်းလိုက်သည်။ “ အရမ်းကြီး ဒေါသထွက်မနေပါနဲ့။ မနက်ဖြန်မနက် မင်း အိပ်ရာနိုးရင် ကိုယ့်ကို ဘယ်လို အပြစ်ပေးမလဲ ဆိုတာ စဉ်းစားထားလိုက်နော်။ မင်း ပေးတဲ့ အပြစ်ဒဏ်တွေ အကုန်လုံးကို ကိုယ် လက်ခံပါ့မယ်။ ”
ချန်ကျင်းလန်သည် လက်ရှိအချိန်မှာတော့ သူ့စကားကို တစ်ခွန်းတောင် မကြားချင်တော့။ “ မြန်မြန် ပြန်တော့။ ရှင့်ကြောင့် ကျွန်မအဖေနဲ့ အမေ နိုးသွားအောင် မလုပ်နဲ့။ ”
ရှောက်ချန်းကျယ် သူမကို ထပ်ဒေါသထွက်အောင် မလုပ်ရဲတော့ပါ။ ချန်ကျင်းလန်ကို စောင်ခြုံပေးပြီးနောက် သူ ဝင်လာခဲ့တဲ့ ပုံစံအတိုင်း လှည့်ထွက်လာခဲ့လိုက်သည်။
သို့သော်လည်း သူ ပြတင်းပေါက်ဘောင်ကို နင်းပြီး အောက်ကို ဆင်းဖို့ လုပ်နေစဉ်မှာပဲ ကော်ရစ်ဒါမှာ ဆူညံသံ တချို့ကို ကြားလိုက်ရသောကြောင့် ကော်ရစ်ဒါကို လှမ်းကြည့်လိုက်မိသည်။
ဇနီးဖြစ်သူကို စိတ်ဆိုးပြေအောင် မချော့နိုင်သေးခင်မှာပဲ အိပ်ခန်းထဲကနေ မောင်းထုတ်ခံလိုက်ရတဲ့ ချန်ရှန်းဟယ်ကလည်း ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကို ခိုးဝင်ဖို့ လုပ်နေတာ ဖြစ်သည်။
မှောင်ရိပ်ကျနေတဲ့ ကော်ရစ်ဒါ အဆုံးတစ်ဖက်စီမှာ လူ တစ်ယောက်က ပြတင်းပေါက်ကနေ ခုန်ဆင်းနေပြီး နောက်ထပ် လူ တစ်ယောက်ကတော့ ပြတင်းပေါက်ကို တွယ်တက်နေခဲ့သည်။
သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံသွားချိန်မှာတော့ ဒါက ဘယ်လောက်တောင် ကိုးရိုးကားရားနိုင်လိုက်တဲ့ အခြေအနေလဲ ဆိုတာ သဘောပေါက်သွားကြပါသည်။
ချန်ကျင်းလန်က ပြတင်းပေါက်ဘောင်ပေါ်မှာ ရပ်နေဆဲဖြစ်တဲ့ သူ့ကို အိပ်ချင်မူးတူး မျက်လုံးများဖြင့် စိုက်ကြည့်ကာ ခပ်လေးလေး မေးလိုက်သည်။ “ ဘာလို့ အဲ့မှာ ရပ်နေတာလဲ။ ”
ရှောက်ချန်းကျယ်က သူမဘက်ကို လှည့်ပြီး “ ဘာမှ မဟုတ်ဘူး။ ပြန်အိပ်နော်။ ” ဟု နူးညံ့စွာ ပြန်ပြောသောကြောင့် ချန်ကျင်းလန်လည်း သူ့ကို ဆက်အာရုံစိုက်မနေတော့ဘဲ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်သည်။ သူမ ပင်ပန်းလွန်းလို့ ခေါင်းအုံးနှင့်ခေါင်း ထိလိုက်ရုံနှင့်တောင် အိပ်ချင်နေပါပြီ။
ရှောက်ချန်းကျယ်က လက်ရှိအခြေအနေကို တွက်ဆကြည့်လိုက်သည်။ တစ်ယောက်ကို တစ်ယောက် မမြင်ချင်ယောင်ဆောင်ပြီး ကိုယ့်လမ်းကိုယ် ဆက်သွားတာကပဲ သူတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည် ထင်သည်။
ဒါပေမဲ့ ဒါက သေချာပေါက် သူ ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက် မဟုတ်ပါ။
ပြတင်းပေါက်ဘောင်ပေါ်ကို ခြေတစ်ဖက် တင်ထားတဲ့ ချန်ရှန်းဟယ်က သူ့ခြေထောက်ကို တည်တည်ငြိမ်ငြိမ်ပဲ မြေကြီးပေါ် ပြန်ချလိုက်သည်။ ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ ညအမှောင်ထုတ်ကို ဖြတ်သန်းလာတဲ့ သူ့မျက်လုံးအကြည့်က ဓားသွား တစ်စင်းလိုပဲ ရှောက်ချန်းကျယ်ကို အစိတ်စိတ် အမြွှာမြွှာ စုတ်ဖြဲသွားသည်။ ချန်ရှန်းဟယ်က သူ စီးပွားရေးလောကမှာ ကျင်လည်လာခဲ့တဲ့ နှစ်ဆယ်ချီမှာ ဒီနေ့လို ရှက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံရတာ လက်ချိုးရေလို့ ရသည်ဟု စိတ်ထဲက တွေးနေမိသည်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဘယ်လောက်ပဲ ရှက်ရွံ့နေပါစေ ၊ ထိုခံစားချက်ကို မျက်နှာပေါ်မှာ ထုတ်မပြဘဲ တည်တည်ငြိမ်ငြိမ် အရှိန်အဝါဖြင့်သာ တစ်ဖက်လူကို လွှမ်းမိုးပစ်ရပါမည်။ အဲ့ဒါမှသာ ဒီကောင် သူ့ကို ခွန်းတုံ့မပြန်ရဲမှာ ဖြစ်သည်။
ရှောက်ချန်းကျယ်က ပြတင်းပေါက်ဘောင်ပေါ်ကနေ ဆင်းပြီး ပြတင်းပေါက်ကို အသံမမြည်အောင် ပြန်ပိတ်လိုက်၏။ ထို့နောက် ချန်ရှန်းဟယ်အနားကို လျှောက်သွားကာ အထိုးခံဖို့ ၊ အကြိမ်းမောင်းခံဖို့ အသင့်အနေအထားဖြင့် ရပ်နေလိုက်သည်။ ဒါပေမဲ့ လောလောဆယ် အဲ့ဒါက အရေးကြီးဆုံး မဟုတ်ဘဲ သူ့ယောက္ခမလောင်းကြီး ခုနတုန်းက ပြတင်းပေါက်ကို တွယ်တက်ဖို့ လုပ်နေတာကို မမြင်ယောင်ဆောင်ဖို့က အရေးကြီးဆုံး ဖြစ်သည်။
ရှောက်ချန်းကျယ်သည် သူ့ယောက္ခမလောင်းကြီး ညသန်းခေါင်မှာ အိပ်မပျော်၍ လရောင်ခံစားဖို့ လမ်းလျှောက်ထွက်လာတာ ဖြစ်ကာ အဲ့ဒါထက် ဘာမှ မပိုသလို ဟန်ဆောင်ရပါမည်။
ညသန်းခေါင်ကြီးမှာ နံရံကျော်တက်ပြီး ပြတင်းပေါက်တွေကို ခိုးဝင်ခဲ့တဲ့ အမျိုးသားနှစ်ယောက်သည် သူတို့မျက်စိရှေ့က အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို အသီးသီး ဆုံးဖြတ်ပြီးသွားကြသော်လည်း ဘယ်လို စကားစပြောမလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိ။
ချန်ရှန်းဟယ်က ‘ မင်းက ငါ့အိမ်ထဲကို ညဘက်ကြီး ခိုးဝင်လာပြီး ငါ့သမီးအခန်းထဲက ထွက်လာတာလေ။ မင်း ငါ့ကို အရင်ဆုံး ဖြေရှင်းချက်ပေးသင့်တယ် မဟုတ်ဘူးလား။ ’ ဟု တွေးနေတာဖြစ်ပြီး ရှောက်ချန်းကျယ်ကတော့ ‘ ငါ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ခံရမှာပဲမို့လို့ ယောက္ခမကြီး အရင် စကားစတာကို စောင့်ပြီးမှ မီးစင်ကြည့်ကတာ ပိုကောင်းမယ် ထင်တယ်။ ’ ဟု တွေးနေတာဖြစ်သည်။ ဘယ်နည်းနှင့်မဆို သူ့ယောက္ခမကြီးကို ဒီည အရှက်အကွဲခံလို့ မရ။
အပ်ကျသံပင် ကြားရလောက်တဲ့ တိတ်ဆိတ်မှုအလယ်မှာ သည်းမခံနိုင်စရာအကောင်းဆုံးကတော့ တိတ်ဆိတ်ငြိမ်သက်လွန်းနေတာ ဖြစ်သည်။ အထူးသဖြင့် ခွေးဟောင်သံကိုတောင် မကြားရတဲ့ ဒီလို ညသန်းခေါင်တိတ်ဆိတ်မှုမျိုး။
အရပ်သိပ်မကွာတဲ့ အမျိုးသားနှစ်ယောက်က စင်္ကြံအဆုံးတစ်ဖက်စီမှာ အိုးတိုးအမ်းတမ်းနိုင်တဲ့ တိတ်ဆိတ်မှုဖြင့် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေခဲ့သည်။ ပင်လယ်ထဲမှာ အိပ်ပျော်နေတဲ့ ငါးတွေတောင် သူတို့နှစ်ယောက်ရဲ့ အနေရခက်စရာကောင်းတဲ့ ကိုးရိုးကားရားခံစားချက်ကြီးကို ခံစားနိုင်သည်။
ရှောက်ချန်းကျယ်က သူ့ယောက္ခမကြီးဘက်က ဘာစကားမှ မစတာမို့ သူ့ဘက်ကပဲ အရင် စကားစဖို့ ပါးစပ်ပြင်လိုက်ချိန်မှာ နှစ်ယောက်လုံး ပြိုင်တူ ပြောမိသွားသည်။
“ ဦးလေး … ”
“ မင်း … ”
သူတို့နှစ်ယောက်လုံး ပြိုင်တူ စကားစမိပြီး ပြိုင်တူ စကားရပ်သွား၏။
အသိုက်ထဲမှာ အိပ်ပျော်နေတဲ့ ကျီးကန်းတွေတောင် သူတို့ကို ဆက်သည်းမခံနိုင်တော့ဘဲ တအာအာ အော်ကာ သူတို့ခေါင်းပေါ်မှာ သုံး ၊ လေးပတ်လောက် ပတ်ပျံနေပြီးမှ သစ်ပင်ပေါ် ပြန်တက်သွားကြလေသည်။ နတ်ဘုရားတွေတောင် ဒီအခြေအနေကို ကယ်တင်ပေးနိုင်မည် မထင်ပါ။
ထိုအချိန်မှာပဲ ချန်ရှန်းဟယ်ရဲ့ ဘေးက တစ်ဝက်တစ်ပျက်ဖွင့်ထားတဲ့ ပြတင်းပေါက်ထဲကနေ ခေါင်းလေး တစ်လုံး ပြူထွက်လာသည်။
“ ဘိုးဘိုး အထဲ ဝင်ချင်လားဟင်။ ” ချန်လီချီလေးက ပြတင်းပေါက်ကနေတစ်ဆင့် အပြင်က ချန်ရှန်းဟယ်ကို တိုးတိုးလေး ပြောလိုက်၏။
ချန်လီချီက အခုမှ ရေဆာလို့ အိပ်ရာနိုးလာခဲ့တာ ဖြစ်သည်။ အိပ်ရာဘေးစားပွဲပေါ်က ရေခွက်လေးကို ယူကာ တကျိုက်ကျိုက် မော့သောက်လိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်မှာ အဘိုးဖြစ်သူကို မြင်သွားသောကြောင့် အိပ်ရာပေါ်ကနေ ဆင်း ၊ ဖိနပ်အပါးလေးကို စီးကာ ဘွားဘွား နိုးမလာအောင်လို့ ခြေဖွနင်း၍ ထွက်လာခဲ့ရသည်။ တကယ်လို့ ဘိုးဘိုး အခန်းထဲကို ဝင်ချင်ရင် သူမ ကူညီပေးနိုင်ပါသည်။
ချန်ရှန်းဟယ်ရဲ့ တည်ငြိမ်အေးစက်နေတဲ့ မျက်နှာက မြေးမလေးကို မြင်တာနှင့် ချက်ချင်း နူးညံ့သွားသည်။ သူ ချန်လီချီလေးရဲ့ ခေါင်းကို လှမ်းပုတ်ရင်း “ ဘိုးဘိုးကြောင့် လီချီလေး နိုးသွားတာလား။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။
ချန်လီချီလေးက ခေါင်းခါပြလိုက်ရင်း မလှမ်းမကမ်းက ရှောက်ချန်းကျယ်ကို မြင်ချိန်မှာတော့ မျက်လုံးတွေ အရောင်တောက်သွားလေသည်။ “ ဖေဖေ ဒီမှာ ဘာလုပ်နေတာလဲဟင်။ ”
သူမလေးက ဘိုးဘိုးကို တစ်လှည့် ၊ ဖေဖေ့ကို တစ်လှည့် ကြည့်ရင်း သူတို့နှစ်ယောက်လုံး နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ခံစားလိုက်ရသည်။ သူတို့ ရန်ဖြစ်နေကြတာတော့ မဟုတ်ပေမဲ့ တစ်ခုခုက မူမမှန်သလိုပါပဲ။ ဖေဖေနဲ့ ဘိုးဘိုး ညသန်းခေါင်ကြီး ကော်ရစ်ဒါမှာ ဘာထွက်လုပ်နေကြတာပါလိမ့် … ။
သူမရဲ့ ခေါင်းထဲမှာ အမေးသင်္ကေတလေးတွေ အများကြီး စုပြုံသွားချိန်မှာပဲ ကောင်းကင်ပေါ်က လမင်းကြီးဆီ ဘာရယ်မဟုတ် အကြည့်ရောက်သွားမိသည်။ ဒီည လမင်းကြီးက တကယ့်ကို အကြီးကြီးပဲမို့ ဒါန်းစီးရင်း လမင်းကို ငေးမျှော်ကြည့်ဖို့ အကောင်းဆုံး အခြေအနေပင်။
ရုတ်တရက် အတွေးရသွားတဲ့ ချန်လီချီက ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်ကို “ သမီးတို့ ဒါန်းစီးရင်းနဲ့ လမင်းကြီးကို ကြည့်ကြမလား။ ” ဟု မေးလိုက်သည်။
ပြီးတော့ ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်တို့ ဘာမှ မပြောနိုင်သေးခင်မှာပဲ သူမလေးက စိတ်လှုပ်ရှား ပျော်ရွှင်နေတဲ့ အသံလေးဖြင့် လက်ကလေးနှစ်ဖက်ကို ဆန့်တန်းထုတ်ရင်း “ သမီးကို ချီပြီး ဘိုးဘိုးနဲ့ လမင်းကြီးကို အတူတူ ကြည့်ဖို့ ခေါ်သွားပေးနော်။ သမီး လမင်းကြီးကို ကြည့်ချင်နေပြီ။ ” ဟု ပြောပြီးနေပြီ ဖြစ်သည်။
သူတို့ လမင်းကို တစ်ခါမှ မကြည့်ဖူးသော်လည်း မြေးမလေးက ကြည့်ချင်တယ် ဆိုရင် ချန်ရှန်းဟယ် သေချာပေါက် သဘောတူပေးရပါမည်။ ချန်ရှန်းဟယ်သည် သူ့ရဲ့ ချစ်စရာမြေးမလေးကို အခန်းထဲကနေ ပွေ့ချီထုတ်ကာ ပြတင်းပေါက်ကို သေချာ ပြန်ပိတ်ထားလိုက်သည်။
အပြင်ကို ရောက်လာသည်နှင့်တစ်ပြိုင်နက် ချန်လီချီက ဘိုးဘိုးရဲ့ ရင်ခွင်ထဲမှာ ဆက်မနေချင်တော့ဘဲ ကိုယ့်ဘာသာ လမ်းလျှောက်ချင်လာသည်။ သူမလေးက ဘိုးဘိုးရဲ့ ရင်ခွင်ထဲကနေ လျှောဆင်းပြီး ဘိုးဘိုးရဲ့ လက်ကို သူမရဲ့ လက်ကလေးတစ်ဖက်နှင့် ဆွဲလိုက်ကာ ကျန်လက်တစ်ဖက်ကိုတော့ ဖေဖေ့ဘက်ကို ကမ်းပေးရင်း ဖေဖေ့ကိုလည်း သူမရဲ့ လက်ကို ဆုပ်ကိုင်ခိုင်းလိုက်သည်။
ရှောက်ချန်းကျယ်က ခြေလှမ်း သုံးလှမ်းစာလောက် လျှောက်သွားပြီး သမီးဖြစ်သူရဲ့ လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။ အရမ်း တင်းကျပ်နေအောင်တော့ သူ မဆုပ်ကိုင်ရဲ။
ချန်လီချီသည် ဖေဖေ့လက်ကို တစ်ဖက် ၊ ဘိုးဘိုးလက်ကို တစ်ဖက် ဆွဲကာ ခြံထဲကို လှည့်ပတ်ကြည့်လိုက်သည်။ လမင်းကြီးကို ကြည့်ဖို့ အကောင်းဆုံးနေရာက ဘယ်မှာများလဲ … ။ အာ ၊ နောက်ဆုံးတော့ တွေ့ပြီ။ ချန်လီချီက မလှမ်းမကမ်းက ဒါန်းလေးကို လက်ညိုးထိုး ညွှန်ပြလိုက်သည်။ “ ဘိုးဘိုးနဲ့ ဖေဖေ … အဲ့ဒီကို သွားရင် လမင်းကြီးကို မြင်ရမယ် ထင်တယ်။ သမီး ဒါန်းစီးရင်းနဲ့ လမင်းကြီးကို ကြည့်ချင်တယ်။ ”
ထိုစကားကို ပြောပြီးနောက် သူမက အရင်ဆုံး ခြေထောက်သေးသေးလေးများဖြင့် ပြေးသွားလျှင် ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်လည်း သူမနောက်ကို အမီလိုက်ပြီး ဒါန်းဆီသို့ သူမနှင့်အတူ လျှောက်လာလိုက်ရသည်။
ရှောက်ချန်းကျယ်က သူ့ကို အကျပ်အတည်းတွေကနေ အမြဲတမ်း ကယ်ထုတ်ပေးတဲ့ သမီးလေးဟာ ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ နတ်သမီးလေးပဲလို့ ခံစားရသည်။
ချန်ရှန်းဟယ်က သူ့ဘေးက ကောင်ကို စိတ်အနှောင့်အယှက်စရာကောင်းသည်ဟု မြင်နေဆဲ ဖြစ်သော်လည်း သူ့စိတ်အာရုံ အများစုကို ချစ်စဖွယ်မြေးမလေးက ဝင်နေရာယူသွားသောကြောင့် ထိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်ကို အာရုံစိုက်ဖို့ အချိန်မရှိတော့ပေ။
ချန်လီချီလေးက တစ်ဖက်မှာ သစ်သားခုံရှည်ကြီးရှိတဲ့ ဒါန်းလေးမှာ ထိုင်ရင်း ဘိုးဘိုးနှင့် ဖေဖေ့ကိုပါ လာထိုင်ဖို့ ခေါ်လိုက်ပေမဲ့ တစ်ယောက်မှ ရောက်မလာကြဘဲ မင်းသမီးလေးကို စောင့်ကြပ်နေတဲ့ ကိုယ်ရံတော်တွေလိုမျိုး သူမဘေးမှာသာ ရပ်နေခဲ့ကြသည်။
ချန်လီချီက ဒါန်းကို ခပ်ဖြည်းဖြည်းလေး လွှဲကာ လမင်းကြီးကို ခဏလောက် ငေးကြည့်နေပြီးမှ ဖေဖေ့ဘက်ကို လှည့်ပြီး “ ဖေဖေ ဘယ်တုန်းက ရောက်တာလဲ။ ” ဟု မေးလိုက်၏။
ရှောက်ချန်းကျယ်က သူ့ဘေးက မျက်နှာမည်းမှောင်နေတဲ့ ယောက္ခမကြီးကို တစ်ချက် ကြည့်ပြီးမှ သမီးဖြစ်သူကို ပြန်ဖြေလိုက်သည်။ “ ဖေဖေ ဒီမနက်တုန်းက ရောက်တာပါ။ ”
“ ဘိုးဘိုးလည်း မနက်တုန်းက ရောက်တာပဲ။ အဲ့ဒါဆို ဖေဖေနဲ့ ဘိုးဘိုးနဲ့ အတူတူ လာတာလား။ ”
“ မဟုတ်ဘူး။ ဖေဖေနဲ့ ဘိုးဘိုးက မတူညီတဲ့ နေရာတွေကနေ လာတာလေ။ ”
“ အိုး … ” ချန်လီချီလေးက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ “ နေ့ခင်းတုန်းက မေမေက သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာမို့လို့ အပြန်နောက်ကျမယ်လို့ ပြောသွားတာ။ အဲ့ဒါ ဖေဖေ့ဆီကို လာတာလားဟင်။ ဖေဖေက အခု မေမေနဲ့ ချိန်းတွေ့ပြီးသွားလို့ မေမေ့ကို အိမ်ပြန်ပို့ပေးတာလား။ ”
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ချောင်းဟန့်လိုက်ပေမဲ့ သမီးဖြစ်သူရဲ့ ပကတိ ရိုးစင်းကြည်လင်သော မျက်လုံးလေးများကို ရင်ဆိုင်လိုက်ရချိန်မှာ တခြား မဖြေတတ်တော့ပါ။
***