← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အပိုင်း ( ၈၄ )

ချန်လီချီက ဖေဖေ့ချောင်းဟန့်သံကို ကြားတော့မှ သူမ အမှားလုပ်မိသွားပြီ ဆိုတာကို နားလည်သွားကာ ပါးစပ်ကို လက်ကလေးနှစ်ဖက်နှင့် အုပ်လိုက်သည်။ ဖေဖေနဲ့ မေမေ ချိန်းတွေ့တယ် ဆိုတာက ဘိုးဘိုး သိလို့ မရတဲ့ ၊ သိလည်း မသိသင့်တဲ့ ကိစ္စ ဖြစ်သည်။

ချန်ရှန်းဟယ်ရဲ့ မျက်နှာက ဒါန်းကို တွဲလွဲဆွဲထားတဲ့ ကြိုးတွေလိုပဲ အိုကျသွားသည်။ သူ့စိတ်ထဲမှာ အစကတည်းက အဲ့ဒါကို သိပြီးသား ဆိုပေမဲ့လည်း ဒီလိုကြီး ကြားလိုက်ရတော့ ဒေါသထွက်ရပြန်သည်။

ချန်လီချီက စကားလမ်းကြောင်းပြောင်းဖို့ တွေးရင်း ဘိုးဘိုးဘက်ကို လှည့်လိုက်သည်။ “ ဘွားဘွားကို အခုထိ ချော့လို့ မရသေးဘူးလားဟင် ဘိုးဘိုး။ ”

ချန်ရှန်းဟယ် မျက်ခုံးလှုပ်သွားသည်။ သူ့မြေးမလေးဟာ သူ့ကို ရင်နာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အမှန်တကယ်ပင် သိသည်။ သူသာ သူ့မိန်းမကို ချော့လို့ ရနေရင် ပြတင်းပေါက်ကို တွယ်တက်နေမှာ မဟုတ်ပေ။

ချန်လီချီလေးကတော့ ဆက်မေးနေဆဲ။ “ ဘိုးဘိုးရဲ့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ချော့တဲ့ နည်းလမ်းကရော ဒီတစ်ခေါက် အလုပ်မဖြစ်ဘူးလား။ ပုံမှန်ဆို ဘိုးဘိုးက အဲ့နည်းလမ်း သုံးလိုက်ရင် ဘွားဘွားက ငါးမိနစ်အတွင်း စိတ်ဆိုးပြေသွားရောလေ။ ”

ချန်ရှန်းဟယ် မျက်ခုံးထပ်လှုပ်သွား၏။ သူ့မြေးမလေးရဲ့ စကားက ချက်ကောင်းကို ကွက်တိ ထိပါသည်။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ချော့တဲ့ နည်းလမ်းလည်း ဒီတစ်ခေါက် အလုပ်မဖြစ်ပါ။ ထိုနည်းလမ်းကို သူ မနေ့က နေ့လယ်တုန်းက ထုတ်သုံးပေမဲ့ သူ့ဇနီးက သူ့ကို မရှိတဲ့ လူတစ်ယောက်လိုပဲ ဆက်ဆံကာ သူ့ဘက်ကို တစ်ခါလေးတောင် လှည့်မကြည့်ခဲ့။

ချန်ရှန်းဟယ်သည် စိတ်ထဲမှာ ခံစားချက်မျိုးစုံ ရောထွေးနေကာ နောက်ဆုံးမှာတော့ ပင်လယ်ကြီးကိုသာ အတော်လေး စိတ်ညစ်နေတဲ့ အကြည့်ဖြင့် ကြည့်လိုက်မိတော့သည်။ မိန်းကလေးတွေရဲ့ နှလုံးသား ဆိုတာ ပင်လယ်ကြမ်းပြင်မှာ ပုံးကွယ်နေတဲ့ သန္တာကျောက်တန်းတွေနဲ့ အတူတူပါပဲလား။

ချန်လီချီလေးကလည်း သူမရဲ့ မျက်နှာကို လက်ကလေးတစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သက်ပြင်းတိုးတိုးလေးချကာ ပင်လယ်ကြီးကို ငေးကြည့်နေမိသည်။ ကြည့်ရတာ ဘိုးဘိုး ဒီတစ်ခေါက် တကယ့်အမှားကြီးလုပ်မိသွားပုံရသည်။ မနက်ဖြန်ညလည်း သူ ပြတင်းပေါက်ကို ထပ်တွယ်တက်ရင် တက်ရလောက်လိမ့်ဦးမည်။

ရှောက်ချန်းကျယ်က မြေးအဘိုးနှစ်ယောက် ပြောနေတဲ့ စကားတွေကို နားထောင်ရင်း တစ်စုံတစ်ခုကို နားလည်သွားကာ မျက်စိတစ်ဆုံးပင်လယ်ကြီးကို ငေး‌ကြည့်နေတဲ့ သူ့အနက်ရောင်မျက်လုံးတွေ ဖျတ်ခနဲ လက်သွားပါသည်။

သူတို့သုံးယောက်ဟာ ညလေညှင်းတွေ တသွေ့သွေ့ တိုက်ခတ်နေတဲ့ လရောင်အောက်မှာ ငြိမ်သက်စွာ ထိုင်ကာ ပင်လယ်ကြီးကို ငေးကြည့်နေမိကြသည်။

ချန်ကျင်းလန်က ပြတင်းပေါက်နားမှာ သူတို့ကို တိတ်ဆိတ်စွာ ရပ်ကြည့်နေပြီးမှ အိပ်ရာထဲ ပြန်ဝင်ပြီး အိပ်မက်ကမ္ဘာထဲကို ပြန်သွားလိုက်၏။

ထိုအချိန်မှာပဲ တည်ငြိမ်နေတဲ့ ပင်လယ်ရေပြင်က ရုတ်တရက် လှိုင်းတွေ ထလာသလို တိမ်ညိုတိမ်မည်းတွေ စုဝေးလာပြီး လမင်းကြီးကို ပိတ်ဖုံးလိုက်သည်။ မကြာခင် မိုးရွာတော့မည့်ပုံမို့ ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်က တစ်ယောက်ကို တစ်ယောက် ပြိုင်တူ ကြည့်ကာ ချန်လီချီလေးရှေ့ကနေ ရပ်ပြီး ပင်လယ်ဘက်က တိုက်လာတဲ့ လေပြင်းတွေကို ကာပေးလိုက်သည်။

ချန်ရှန်းဟယ်က ချန်လီချီကို ငုံ့ပြီး “ အိမ်ထဲ ဝင်ပြီး ပြန်အိပ်ကြရအောင်နော် လီချီလေး။ မိုးရွာတော့မယ်။ ” ဟု ပြောလိုက်တော့ ချန်လီချီ‌လေးကလည်း ခေါင်းညိတ်ပြလိုက်သည်။ သူမလည်း အိပ်ချင်နေပါပြီ။

သူမ ဒါန်းပေါ်က‌နေ ဆင်းလိုက်သည်နှင့် ဘိုးဘိုးက ပွေ့ချီလိုက်သည်။ ချန်လီချီက ဖေဖေ့ကို လှည့်ကြည့်ပြီး “ ဖေဖေရော ဘယ်မှာ အိပ်မှာလဲ။ ” ဟု မေးလိုက်၏။

ရှောက်ချန်းကျယ်က မိနစ်ပိုင်းအတွင်းမှာ လှိုင်းထလာတဲ့ ပင်လယ်ကြီးကို ကြည့်လိုက်သည်။ ကမ်းခြေမှာ မိုးသည်းရင်တောင် အရမ်း ကြာမှာ မဟုတ်လောက်။ မိုးတိတ်တဲ့အထိ ရွက်လှေပေါ်မှာ ခဏလောက် နေပြီး မိုးတိတ်တာနှင့် ပြန်လို့ ရသည်။

ချန်လီချီသည် သူမအဖေမှာ ဒီည အိပ်စရာနေရာ မရှိဘူး ဆိုတာကို နားလည်သွားသောကြောင့် ဘိုးဘိုးရဲ့ နားရွက်နားကို ကပ်ကာ တီးတိုးပြောလိုက်သည်။ “ ဖေဖေ ဒီည ဒီမှာ အိပ်လို့ ရလားဟင် ဘိုးဘိုး။ ရာသီဥတုကို ကြည့်ရတာ မုန်တိုင်းတိုက်တော့မယ် ထင်တယ်။ ဖေဖေ့မှာလည်း သွားစရာ နေရာ မရှိဘူး ဖြစ်နေတယ်။ ”

ရှောက်ချန်းကျယ်က သမီးဖြစ်သူရဲ့ စကားကို ကြားတော့ သူ ပြောဖို့ ဟန်ပြင်နေတဲ့ စကားကို ရပ်လိုက်သည်။ သူ့ယောက္ခကြီးသာ သူ့ကို ဒီမှာ ‌တစ်ည အိပ်ဖို့ ခွင့်ပြုပေးရင် တံစက်မြိတ်အောက်မှာ အိပ်ရမယ် ဆိုရင်တောင် သူ မငြင်းပါ။

ချန်ရှန်းဟယ်က ရှောက်ချန်းကျယ်ကို စိတ်ထဲကနေ လှောင်လိုက်ပေမဲ့ ‌သူ ချစ်ရတဲ့ မြေးမလေးကို စိတ်မပျက်စေချင်၍ “ သူ့ကို သမီးရဲ့ ဘေးခန်းမှာ အိပ်ခိုင်းလိုက်ပါ။ ” ဟူ၍သာ မပြောချင် ပြောချင်ဖြင့် ပြောလိုက်ရသည်။

ချန်လီချီသည် အဘိုးဖြစ်သူကို ဖက်ပြီး ချွဲလိုက်သည်။ “ ဘိုးဘိုးက စိတ်ထားအကောင်းဆုံးပဲ ဆိုတာ သမီး သိတယ်။ ကမ္ဘာပေါ်မှာ ဘိုးဘိုးကို သမီး အချစ်ဆုံးပဲ။ ”

ချန်ရှန်းဟယ်က သူ့မြေးမလေး ချွဲတဲ့ စကားတွေကို ဘယ်တော့မှ ခုခံနိုင်စွမ်းမရှိပါ။ သူ ဘယ်လိုမှ မတတ်နိုင်ဘဲ ပြုံးလိုက်ရပြီး သူမလေးရဲ့ ခေါင်းလေးကို အသည်းယားစွာ ပုတ်လိုက်သည်။ ဒီည မုန်တိုင်းတိုက်မယ် ဆိုတဲ့ မိုးလေဝသသတင်းကြောင့်သာ မဟုတ်ရင် သူ ရှောက်ချန်းကျယ်ထဲကို အိမ်ထဲ ပေးမဝင်ဘဲ ရွှက်လှေနှင့် ကိုယ့်ဘာသာ ပြန်ခိုင်းလိုက်မှာပါ။

ရှောက်ချန်းကျယ်က သမီးဖြစ်သူရဲ့ ခြေကျင်းဝတ်လေးကို ဖျစ်ညှစ်ရင်း “ ကျေးဇူးတင်ပါတယ် ဦးလေး။ ” ဟု ပြောလိုက်၏။

ချန်ရှန်းဟယ်ကတော့ သူ့ကို ဂရုမစိုက်ဘဲ မြေးမလေးကို ပွေ့ချီကာ ထွက်လာခဲ့လိုက်ပါသည်။

သူတို့ တံခါးနားကို ရောက်တော့ ချန်လီချီက ဖေဖေ့ကို တိုးတိုးလေး ပြောလိုက်သည်။ “ သမီး အခန်းထဲမှာ အိပ်တော့မယ်။ ဖေဖေက သမီးကို ချော့သိပ်‌ပြီးသွားရင် သမီးဘေးက အခန်းထဲမှာ သွားအိပ်လိုက်နော်။ ”

ထို့နောက် သူမလေးက အဘိုးဖြစ်သူရဲ့ နားရွက်နားကို ကပ်ကာ ပိုလို့တောင် တိုး‌လျသော အသံဖြင့် ပြောလိုက်သည်။ “ ဘိုးဘိုးကတော့ ဘွားဘွားရဲ့ အခန်းထဲမှာ သွားအိပ်လိုက်နော်။ ဘွားဘွားကို မနက်ဖြန်အထိ စိတ်ဆိုးမနေအောင်လို့ ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါ။ ”

ချန်ရှန်းဟယ်က မြေးမလေးရဲ့ ဆံပင်လေးကို ပွတ်သပ်လိုက်သည်။ သူမက အရာရာတိုင်းကို သိနေတဲ့ လူလည်မလေး ဖြစ်သည်။ သူက ရှောက်ချန်းကျယ်ကို သူ့အိမ်ထဲမှာ မဟုတ်မဟတ် လုပ်ရပ်တွေ မလုပ်ဖို့ သတိပေးသော အကြည့်ဖြင့် သတိပေးလိုက်သည်။ သဘောကတော့ ‘ လီချီလေးရဲ့ ဘေးခန်းမှာ အေးအေးဆေးဆေး သွားအိပ် ၊ မိုးတိတ်တာနဲ့ ပြန်တော့ ’ ဟူ၍။

ချန်လီချီက ဖေဖေ့ကို သူမရဲ့ အခန်းထဲသို့ တိတ်တိတ်လေး ခေါ်လာခဲ့ကာ ပုံပြောပြပြီး ချော့သိပ်ခိုင်းလိုက်သည်။ ဘွားဘွားရဲ့ အခန်းထဲကို ဘိုးဘိုး ဘယ်လို ဝင်မလဲ ဆိုတာကိုတော့ ပြတင်းပေါက်မှန်ပေါ်ကို ရွာသွန်ထိခတ်နေတဲ့ မိုးစက်တွေသာ သိပါလိမ့်မည်။

ပင်လယ်ကမ်းခြေမှာ နေထွက်ချိန်က အလွန် စောသည်။ မနေ့ညတုန်းက မိုးရွာတာ တော်တော်လေး ကြာသည်။ ရှောက်ချန်းကျယ်က မိုးတိတ်တော့မှ ဘေးခန်းကို ပြန်သွားခဲ့တာ ဖြစ်ကာ တစ်နာရီပြည့်အောင်တောင် မအိပ်လိုက်ရဘဲ ပြန်နိုးလာခဲ့သည်။ အစောကြီး ရှိသေးတာမို့ အပြေးလေ့ကျင့်ပြီးမှ ရွက်လှေဆီ ပြန်သွား ၊ ရေမိုးချိုး ၊ အဝတ်အစားလဲပြီး ဒီကို ပြန်လာကာ မနက်စာပြင်ဖို့ ဆုံးဖြတ်လိုက်သည်။

ယောက္ခမကြီး မနိုးခင်တော့ သူ ပြန်ရပါမည်။ သူ့ဘက်က ရိုသေလေးစားမှုကို ဖော်ပြဖို့ လိုသလို အခြေအနေကို ကောင်းကောင်း နားလည်ဖို့လည်း လိုသည်လေ။

ရှောက်ချန်းကျယ်က ကျွန်းတစ်ပတ်ပြေးပြီးသွားတော့ ရွက်လှေရပ်ထားတဲ့ တံတားလေးဆီ ပြန်လာခဲ့ချိန်မှာ တံတားပေါ်မှာ စီစရီ ကျဲဖြန့်ထားတဲ့ ခရုခွံလေးတွေကို မြင်လိုက်ရသည်။

‌ဒီခရုခွံလေးတွေက မနေ့တုန်းက သူမ ပုံဖော်သွားခဲ့တဲ့ ခရုခွံလေးတွေ မဟုတ်လား … ။

တစ်ညလုံး မိုးတွေ သည်းကြီးမည်းကြီး ရွာသွားသော်လည်း ခရုခွံလေးတွေကတော့ အခုထိ ဒီမှာပဲ ရှိနေပါသေးသည်။ ရှောက်ချန်းကျယ်က ခရုခွံလေးတွေကို တစ်ခုချင်း လိုက်ကောက်ပြီး သဲသောင်ပြင်ပေါ်ကို ပြန်သွားကာ ပိုလှတဲ့ ခရုခွံလေးတွေကို လိုက်ရှာလိုက်သည်။

ရှောက်ချန်းကျယ် ရွက်လှေထဲက ပြန်ထွက်လာချိန်မှာတော့ တစ်နာရီကြာသွားပြီ ဖြစ်ပြီး မူလတုန်းက သူ စီစဉ်ထားတဲ့ အချိန်ထက် ပိုကြာသွားခဲ့သည်။ သူ အိမ်ထဲကို တိတ်တဆိတ် ဝင်လာခဲ့ပြီး ချန်ကျင်းလန်ရဲ့ အခန်းတံခါးကို ဖွင့်ဖို့ လုပ်နေစဉ်မှာပဲ ချန်ရှန်းဟယ်ကလည်း ဧည့်ခန်းတစ်ဖက်ခြမ်းကနေ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာသည်။

သူတို့နှစ်ယောက် မျက်လုံးချင်း ‌ဆုံသွားကြသည်။ ရှောက်ချန်းကျယ်တစ်ယောက် သူ ဒီနေ့ ဒီတံခါးကို ဖွင့်လို့ ရမှာ မဟုတ်မှန်း သိလိုက်ကာ ခရုခွံလက်ကောက်လေးကို တံခါးလက်ကိုင်မှာ ချိတ်ဆွဲလိုက်ပြီး ချန်ရှန်းဟယ်ကို သူ ပြန်ပါတော့မည် ဟူသော သဘောဖြင်ြ ခေါင်းညိတ်နှုတ်ဆက်လိုက်၏။

ဒီတစ်ခေါက်တော့ ချန်ရှန်းဟယ်က‌ သူ့ကို အလုပ်ရှုပ်ခံပြီး လှောင်ပြောင်သရော်မနေတော့ဘဲ ‘ မြန်မြန် ထွက်သွား ’ ဟူ၍သာ လက်ဟန်ခြေဟန်ဖြင့် ပြောခဲ့သည်။ သူ့မိန်းမကို စိတ်ဆိုးပြေအောင် ချော့ရတာနဲ့တင် ခေါင်းကိုက်နေတာမို့ ဒီကောင့်ကို အရေးတယူလုပ်နေဖို့ အချိန်မရှိပါ။

တကယ်တော့ ချန်ရှန်းဟယ်သည် အခုလေးတင် အခန်းထဲကနေ သူ့မိန်းမ ကန်ထုတ်တာ ခံလာရတာ ဖြစ်ပြီး ဒီနှစ်ပိုင်းတွေရဲ့ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရသည်ဟု ခံစားနေရသည်။ ဒီအခြေအနေက သူ့ကို ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိလောက်အောင် အခက်တွေ့စေပါသည်။

ချန်လီချီက အစားအသောက်တွေ ချက်ပြုတ်နေတဲ့ အနံ့တွေကြောင့် အိပ်ရာနိုးလာခဲ့သည်။ ဘိုးဘိုး မနက်စာပြင်နေတာ ဖြစ်လိမ့်မည်။ သူမရဲ့ ဘေးခန်းထဲက အိပ်ရာလေးကတော့ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားတာမို့ ဖေဖေ ပြန်သွားပြီ ထင်ပါရဲ့။ ဘွားဘွားနှင့် မေမေ့ရဲ့ အခန်းတံခါးတွေကတော့ ပိတ်ထားဆဲ ဖြစ်၍ သူတို့ အိပ်ရာမနိုးလောက်သေး။ ချန်လီချီက အိပ်နေတဲ့ လူတွေကို မနှောင့်ယှက်ချင်၍ မီးဖိုချောင်ထဲက ကောင်တာလေးမှာ ထိုင်ကာ ဘိုးဘိုး ဟင်းချက်တာကို ကြည့်နေလိုက်သည်။ ခဏနေတော့ ဒါန်းစီးဖို့အတွက် ခြံထဲကို ပြေးဆင်းလာလိုက်သည်။ မနက်ပိုင်း ဒါန်းစီးရတာ ပျော်စရာအကောင်းဆုံးပဲ ဖြစ်သည်။

ချန်လီချီက ဒါန်းလေးကို ဖြည်းဖြည်းချင်း လွှဲနေတုန်း သူမရဲ့ နာမည်ကို ခေါ်တဲ့ အသံကို ရုတ်တရက် ကြား၍ လှည့်ကြည့်လိုက်တော့ ဘေးအိမ်ထဲကနေ ချစ်စရာကောင်းတဲ့ Golden Retriever ခွေးလေးနှင့်အတူ ထွက်လာတဲ့ ဦးလေးချောချောလေး တစ်ယောက်ကို မြင်လိုက်ရလေသည်။ ချန်လီချီသည် ဒါန်းပေါ်ကနေ ခုန်ဆင်းပြီး ခွေးလေးကို အပြေးအလွှား သွားနှုတ်ဆက်လိုက်သည်။

ချန်ရှန်းဟယ်ကလည်း အပြင်က အသံတွေကြောင့် အိမ်ထဲက ထွက်လာလျှင် ချန်လီချီလေးက သူမရဲ့ အဘိုးကို မိတ်‌ဆက်ပေးလိုက်၏။ “ ဘိုးဘိုး .. ဒါက သမီးတို့ရဲ့ အိမ်နီးချင်း ဦး‌ဦးဝီလီယမ်တဲ့။ သူ့ခွေးလေးနာမည်ကတော့ Freedom တဲ့။ ”

ဝီလီယမ်က တရုတ်စာကို လေ့လာသင်ယူနေဆဲ ဖြစ်ပြီး သူ့ရဲ့ တရုတ်စကားပြောစွမ်းရည်က တော်တော်လေး ကောင်းသည်။ သူက ချန်ရှန်းဟယ်ကို နှုတ်ဆက်ပြီး သူ ဒီနေရာကို လာရောက်လည်ပတ်ရတဲ့ အကြောင်းအရင်းကို ရှင်းပြသည်။ ထို့နောက် အိမ်လုပ်အချိုပွဲ တချို့ ယူလာပြီး ပေးရင်း ဒီညနေမှာ ကျင်းပမယ့် သူတို့ရဲ့ ပါတီပွဲကို လာခဲ့ဖို့ ဖိတ်ခေါ်သည်။

ချန်လီချီက တစ်နေ့တုန်းက ပြုလုပ်တဲ့ ပါတီပွဲတုန်းက မြင်ကွင်းကို ပြန်သတိရသွားကာ ဦးဦးဝီလီယမ်ကို ချီးကျူးလိုက်သည်။ “ ဦးလေးက သမီးအဘွားလိုပဲ အရမ်း အကတော်တယ်။ ”

ဝီလီယမ် ပြုံးလိုက်တော့ ပုလဲလုံးလေးတွေလို ဖြူညီနေတဲ့ သွားလေးတွေ လှစ်ခနဲ ပေါ်လာသည်။ “ ဦးလေးက သမီးအဘွားလောက်တော့ အကမတော်ပါဘူးကွာ။ သူက လှလည်း လှတယ် ၊ အကလည်း အရမ်း တော်တယ်။ ”

ချန်ရှန်းဟယ်က ဝီလီယမ်ရဲ့ ပါးစပ်ကနေ သူ့မိန်းမကို လှတယ်လို့ ပြောတဲ့ စကားကို ကြားချိန်မှာ မျက်လုံးတွေ စူးခနဲ ဖြစ်သွားသည်။

ချန်လီချီကတော့ အဘိုးဖြစ်သူရဲ့ မကြည်မလင်မျက်နှာကို သတိမပြုမိဘဲ သူမရဲ့ လက်မောင်းတွေ ၊ ခြေထောက်တွေကို လာပွတ်သပ်နေတဲ့ ခွေးလေးကိုသာ အာရုံရောက်နေခဲ့သည်။ ချန်လီချီလေးက တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရသွားသည်။ “ သမီးမှာ Freedom ကို လက်ဆောင်ပေးစရာရှိတယ် ဦးဦးဝီလီယမ်။ ”

ဝီလီယမ် သဘောကျသွားသည်။ “ လီချီလေးက အရမ်း သဘောကောင်းတယ်။ ”

ချန်လီချီက လက်ဆောင်ယူဖို့ အိမ်ထဲကို ဝင်ခဲ့လိုက်သည်။ ခွေးကလေးလည်း သူမနောက်ကို လိုက်လာသဖြင့် ဝီလီယမ်က ချန်လီချီအား ခွေးကို ဆွဲထားတဲ့ ကြိုးလေးကို ပေးရင်း “ သမီး သူ့ကို ခေါ်သွားလိုက်။ ” ဟု ပြောလိုက်သည်။

ချန်လီချီက ကြိုးကို စိတ်လှုပ်ရှားစွာ ယူပြီး ခွေးလေးကို အိမ်ထဲ ခေါ်လာခဲ့လိုက်ပါသည်။ သူမနှင့် ဘွားဘွားတို့ ခွေးလေးကို ပေးဖို့အတွက် ဆိုပြီး မနေ့တုန်းက ပန်းသရဖူလေး တစ်ခု လုပ်ထားခဲ့ပြီး ထိုပန်းသရဖူ‌လေးကို မေမေ့အခန်းထဲမှာ မေ့ကျန်ခဲ့သည်။

မေမေ့အခန်းတံခါးက ပွင့်နေပြီး ရေချိုးခန်းထဲက ရေကျသံတွေလည်း ကြားရတာမို့ မေမေ ရေချိုးနေပြီ ထင်သည်။ ချန်လီချီက စားပွဲပေါ်က ပန်းသရဖူလေးကို ယူပြီး ခွေးလေးရဲ့ ခေါင်းပေါ်မှာ ဆောင်းပေးလိုက်သည်။ ခွေးလေးကို မေမေ့ဖုန်းနှင့် ဓာတ်ပုံရိုက်ဖို့ လုပ်နေပေမဲ့ ခွေးလေးက ချန်လီချီရဲ့ လက်ထဲက လွတ်ထွက်သွားကာ သရဖူဆောင်းထားလျက်ပင် အိမ်ပြင်ကို ပြေးထွက်သွားသည်။

ချန်လီချီက ခွေးလေးနောက်ကို ပြေးလိုက်သွားလိုက်တော့ ခွေးလေးက ဝီလီယမ်ဆီ ပြန်ရောက်နေပြီ ဖြစ်ကာ ဝီလီယမ်က ပန်းသရဖူလေးကို သဘောအကျကြီးကျနေသည်။ “ လှလိုက်တဲ့ သရဖူလေးပဲ။ ကျေးဇူးတင်ပါတယ်နော် လီချီလေး။ ”

ထိုအချိန်မှာ ချန်ရှန်းဟယ်ကတော့ မလှမ်းမကမ်းမှာ ဖုန်းပြောနေသည်။ ဝီလီယမ်သည် ချန်လီချီရဲ့ အဘိုးက သူ့ကို သိပ်သဘောမကျဘူး ဆိုတဲ့ စိတ်မသက်မသာဖြစ်စရာ ခံစားချက်ကို ခံစားရသောကြောင့် လီချီလေးကို နှုတ်ဆက်ပြီး ‌ဒီနေ့ည ပါတီကို မိသားစုလိုက် လာခဲ့ဖို့ ထပ်လောင်း ဖိတ်ကြားကာ ချန်ရှန်းဟယ်ကို လက်ဝှေ့ရမ်းနှုတ်ဆက်လိုက်၏။ ဖုန်းပြောနေတဲ့ ချန်ရှန်းက သူ့ကို ခေါင်းတစ်ချက် ပြန်ညိတ်ပြသည်။

ဝီလီယမ်သည် ခြေလှမ်း အနည်းငယ်ပဲ လျှောက်လာရုံရှိသေး ၊ ခွေးလေးရဲ့ ခေါင်းပေါ်က ပန်းသရဖူလေးကနေ တွဲလောင်းကျနေတဲ့ ခရုခွံလက်ကောက်လေးကို သတိထားမိသွားလေသည်။ ထိုခရုခွံလက်ကောက်လေးကို သေချာ ယူကြည့်ပြီးနောက် ပြန်လှည့်လာပြီး ချန်လီချီလေးကို ပေးလိုက်သည်။

“ ဒါက သမီးအဘွား ၊ ဒါမှမဟုတ် သမီးအမေအတွက်ပါ လီချီလေး။ အဖိုးတန်တဲ့ ပစ္စည်းမို့ မပျောက်စေနဲ့နော်။ သေချာ သိမ်းထား။ ”

သူ အမှန်တကယ် ပြောချင်တဲ့ သဘောက ဒီခရုခွံလက်ကောက်လေးကို အိမ်ထဲက ပိုင်ရှင်အမျိုးသမီးထံ ပြန်ပေးဖို့ ဖြစ်သည်။ ဒီလို တန်ဖိုးရှိတဲ့ ပစ္စည်းလေးက သူတို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ပစ္စည်း ဆိုတာ သေချာသည်။

ချန်လီချီက ထွက်ခွာသွားတဲ့ ဝီလီယမ်ရဲ့ ကျောပြင်ကို တစ်လှည့် ၊ သူမလက်ထဲက ခရုခွံလက်ကောက်လေးကို တစ်လှည့် ကြည့်ကာ နည်းနည်းလေး ကြောင်အမ်းအမ်း ဖြစ်နေသည်။ ဒီခရုခွံလက်ကောက်က လေးတော့ မလေးပါ။

ဖုန်းပြောပြီးသွားတဲ့ ချန်ရှန်းဟယ်က ချန်လီချီနားကို ပြန်ရောက်လာပြီး “ ဘာလုပ်နေတာလဲ လီချီလေး။ ” ဟု မေးသောကြောင့် ချန်လီချီက ခရုခွံလက်ကောက်လေးကို ပြရင်း “ ဦးဦးဝီလီယမ်က ဒါကို ဘွားဘွားနဲ့ မေမေ တစ်ယောက်ယောက်ကို ပေး,ပေးပါတဲ့။ ” ဟု ပြန်ပြောလိုက်သည်။

ချန်လီချီသည် ထိုစကားကို ပြောပြီးသွားတော့မှ ခရုခွံလက်ကောက်ထဲမှာ ထည့်သွင်းမြုပ်နှံထားတဲ့ စိန်လက်စွပ်လေးနှင့် ခရုခွံတွေပေါ်မှာ ရေးထားတဲ့ စာတွေကို မြင်သွားသည်။

ချန်ရှန်းဟယ်လည်း ထိုစာတွေကို မြင်သွားကာ လက်ကောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ဝီလီယမ့်နောက်ကို ပြေးလိုက်သွားခဲ့သည်။

ထိုအချိန်မှာပဲ ချန်လီချီရဲ့ ဖုန်းလေး အသံမြည်လာတာမို့ ကြည့်လိုက်တော့ ဖေဖေ ဆက်တာ ဖြစ်နေသည်။

ရှောက်ချန်းကျယ်က ချန်ကျင်းလန် အိပ်ရာနိုးပြီလား ဆိုတာ သိချင်လို့ ဖုန်းဆက်လိုက်တာပင်။ သူ့မက်ဆေ့ခ်ျတွေကို စာမပြန်၍ သူ ထားခဲ့တဲ့ ခရုခွံလက်ကောက်လေးကို သူမ တွေ့ပြီးပြီလား ဆိုတာ သူ သိချင်သည်။

“ ဒီနေ့ သမီးတို့အိမ်ကို ရုပ်ချောချော အိမ်နီးချင်းဦးလေးကြီးတစ်ယောက် ရောက်လာပြီး လက်ထပ်ခွင့်တောင်းသွားတယ် သိလား ဖေဖေ။ ”

ရှောက်ချန်းကျယ်ဘက်က ခဏ တိတ်သွားပြီးမှ “ ဘယ်လို ” ဆိုတဲ့ အသံထွက်လာသည်။

“ ဒီနေ့မနက် သမီးတို့အိမ်ကို ရုပ်ချောချော အိမ်နီးချင်းဦးလေးကြီး ရောက်လာပြီး ခရုခွံလက်ကောက်လေးတစ်ခု ပေးသွားတယ် ၊ အဲ့လက်ကောက်ထဲမှာ စိန်လက်စွပ် အကြီးကြီး တစ်ကွင်းကို မြုပ်ထားတာ။ ခရုခွံတွေပေါ်မှာလည်း ‘ မင်း ကိုယ့်ကို လက်ထပ်နိုင်မလား ’ လို့ ရေးထားတယ် ဖေဖေ။ ရုပ်‌ချောချော အိမ်နီးချင်းဦးလေးကြီး ပြောတာတော့ ဒီခရုခွံလက်ကောက်က မေမေနဲ့ ဘွားဘွားအတွက် လက်ဆောင်တဲ့။ ”

ရှောက်ချန်းကျယ် : ……

***

All Chapters