← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အပိုင်း ( ၈၅ )

ရှောက်ချန်းကျယ် အမြန် ပြေးလာချိန်မှာ ဝီလီယမ်က ဆွဲအထိုးမခံရစေရေးအတွက် သူ့ရဲ့ ဘာသာစကားအခက်အခဲကြောင့် အထင်လွဲသွားတဲ့ ကိစ္စကို ချန်ရှန်းဟယ်အား တရုတ်စကားမပီတပီဖြင့် ရှင်းပြနေခဲ့သည်။ အထင်လွဲနေတဲ့ ကိစ္စကို ဖြေရှင်းပြီးသွားသော်လည်း ချန်ရှန်းဟယ်ကတော့ ဝီလီယမ့်အပေါ် အမြင်မကြည်လင်ဆဲပဲ ဖြစ်ပြီး ရှောက်ချန်းကျယ် ရောက်လာတာကို မြင်တော့ ပိုလို့တောင် စိတ်ပျက်သွားခဲ့သည်။ သူက လက်ကောက်ကို ရှောက်ချန်းကျယ်ထံ ပစ်ပေးရင်း “ ထွက်သွား ” ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောကာ အမြန်ဆုံး ထွက်သွားဖို့ အချက်ပေးလိုက်သည်။

ဘာမဟုတ်တဲ့ လက်ကောက်လေး တစ်ခုနှင့် သူ့သမီးကို လာလှည့်စားလို့ မရပါ။ ဒီကောင် ဘာတွေ တွေးနေတာလဲ … ။ လမင်းကိုတောင် လက်ဗလာနဲ့ ခူးဆွတ်ဖို့ ကြိုးစားရင် ကြိုးစားမယ့် ကောင်။

ဝီလီယမ်က ရှောက်ချန်းကျယ်ကို ကရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ စကားပုံ တစ်ခု ရှိတယ်လေ … ဘာဆိုလဲ။ ဝီလီယမ်သည် ထိုစကားပုံကို ရုတ်တရက် မှတ်မိသွားကာ ရှောက်ချန်းကျယ်ကို “ ကျွန်တော်တို့နှစ်ယောက်လုံးက ဒီကမ္ဘာပေါ်မှာ ခိုကိုးရာမဲ့ သောင်တင်နေတဲ့ စိတ်ဝိညာဉ်တွေပါပဲ။ ” ဟု ပြောလိုက်သည်။ သူ့ရဲ့ ကရုဏာကို ဖော်ပြသည့်အနေဖြင့် ရှောက်ချန်းကျယ်ရဲ့ ပခုံးကို သူ လှမ်းပုတ်လိုက်သည်။

ရှောက်ချန်းကျယ်ကတော့ သူ့လက်ကို ရှောင်ဖယ်လိုက်၏။ ဒီကောင့်အသံကို သူ မှတ်မိသွားသည်။ ဟိုတစ်နေ့ညတုန်းက သူမကို “ လန် ” လို့ ခေါ်ခဲ့တာ ဒီကောင်ပဲ။ မနေ့ညတုန်းက ဓာတ်ပုံအပါအဝင် လီချီလေး ပို့တဲ့ ဓာတ်ပုံတိုင်းမှာလည်း ဒီကောင် ပါနေတတ်သည်။

ဝီလီယမ်ရဲ့ လက်ကို လေကိုသာ ပုတ်မိသွားသော်လည်း သူက ရှည်ရှည်ဝေးဝေး မတွေးဘဲ ရှောက်ချန်းကျယ်က အသားချင်းထိတာကို မကြိုက်တဲ့ လူမျိုးလို့ပဲ ယူဆလိုက်ပါသည်။

ရှောက်ချန်းကျယ်က သူနှင့် စကားနည်းနည်းပါးပါးလောက် ပြောလိုက်တော့ သူ ဘာလို့ မနက်အစောကြီး ဒီမှာ ရှိနေတာလဲ ဆိုတာ နားလည်သွားသည်။ ရှောက်ချန်းကျယ်ကို အိမ်နီးချင်းအသစ်မှန်း သိသွားတဲ့ ဝီလီယမ်က ညနေပိုင်းမှာ ကျင်းပမယ့် ပါတီပွဲကို လာဖို့ ဖိတ်ခေါ်လိုက်၏။ ရှောက်ချန်းကျယ်ကတော့ ငြင်းလည်း မငြင်း ၊ လက်လည်း လက်မခံဘဲ အချိန်ကို တစ်ချက် ကြည့်ပါဦးမည် ဟူ၍သာ ပြောလိုက်သည်။

ချန်ကျင်းလန်နှင့် ဖေးကျူးဟွေ့ အခန်းထဲက ထွက်လာသောအခါ ရှောက်ချန်းကျယ်က သူ ဖယ်ထုတ်ရမယ့် လူတွေအကုန်လုံးကို ရှင်းလင်းဖယ်ထုတ်ပြီးခဲ့ပြီ ဖြစ်သည်။ ဖေးကျူးဟွေ့က ချန်လီချီကို “ ဘွားဘွား မနက်တုန်းက ဝီလီယမ်ရဲ့ အသံကို ကြားလိုက်သလိုပဲ။ ” ဟု ပြောလိုက်ပေမဲ့ ချန်လီချီက ဝီလီယမ်တို့မိသားစုဟာ ဒီည ပါတီပွဲကျင်းပမည်မို့ သူတို့ကို ဖိတ်ထားတဲ့အကြောင်းကိုပဲ ပြောလိုက်သည်။ လက်ကောက် ၊ ‌စေ့စပ်လက်စွပ် ၊ လက်ထပ်ခွင့်တောင်းတဲ့ ကိစ္စတွေ အကုန်လုံးကို ထည့်မပြောခဲ့ပေ။

ချန်လီချီက ဘိုးဘိုးကို မျက်လုံးမှိတ်ပြလိုက်၏။ ဘွားဘွားမှာ ဘိုးဘိုး ရှိသည် ၊ မေမေ့မှာ ဖေဖေ ရှိသည် ၊ ဦးဦးဝီလီယမ်ကတော့ ရုပ်ချောတဲ့ ဦလေးတစ်ယောက် ဆိုသော်လည်း ရည်းစားမရှိပါ။

ချန်ရှန်းဟယ်က ကြက်ဥပြုတ်ကို အခွံနွှာပြီး မြေးမလေးရဲ့ ပန်းကန်ထဲကို ထည့်ပေးလိုက်တော့ သူမလေးက သူ့ကို ချစ်စရာ‌ကောင်းစွာ ပြုံးပြသည်။ “ ကျေးဇူးတင်ပါတယ် ဘိုးဘိုး။ ”

ချန်ရှန်းဟယ်သည် နောက်ထပ် ကြက်ဥပြုတ် တစ်လုံးကို သူ့မိန်းမအတွက် အခွံနွှာပေးလိုက်ပေမဲ့ ဖေးကျူးဟွေ့က တူကို ချပြီး ဗိုက်ပြည့်နေပြီလို့ ပြောခဲ့သည်။ သူမက သမီးနှင့် မြေးမလေးကို ဒီည ဘေးအိမ်က ပါတီပွဲကို ထပ်သွားချင်လားဟု မေးလိုက်သည်။

ချန်ကျင်းလန်က နွားနို့သောက်နေရင်း ခေါင်းညိတ်ပြလိုက်သည်။ သူမအမေက စိတ်ပြေလက်ပျောက် အနားယူချင်နေတဲ့အတွက် သေချာပေါက် သူမလည်း အဖော်ပြုပေးရပါမည်။

ချန်လီချီက ကြက်ဥပြုတ်ကို မျိုချလိုက်ပြီး စိတ်လှုပ်ရှားစွာ လက်ထောင်ပြ၍ သူမလည်း လိုက်ချင်ကြောင်း ပြောလိုက်သည်။ ချစ်စရာကောင်းတဲ့ Golden Retriever လေး Freedom နှင့် အတူ ထပ်ဆော့ချင်သေးသည်။

ချန်ရှန်းဟယ်က ဘာမှ မပြောတော့ဘဲ သူ့လက်ထဲက ကြက်ဥကိုသာ တစ်ကိုက်တည်းနှင့် လက်စသတ်လိုက်လေသည်။

မနေ့ညတုန်းကနှင့် ယှဉ်လိုက်ရင် ဒီနေ့ ပါတီပွဲက ပိုအသက်ဝင်သည်ဟု ပြောရမည်။ ချန်လီချီက အမေဖြစ်သူရဲ့ လက်ကို တစ်ဖက် ၊ အဘွားဖြစ်သူရဲ့ လက်ကို တစ်ဖက် ဆွဲထားရင်း ပါတီပွဲကို သုံးယောက် အတူတူ လျှောက်ဝင်လာခဲ့သည်။

သူတို့သုံးယောက် ရောက်လာသည်နှင့် ပါတီပွဲ တစ်ခုလုံးရဲ့ စိတ်အာရံက သူမတို့ဆီ ကျရောက်လာသည်။ ချန်လီချီလေးက မင်းသမီးဂါဝန် ဖောင်းဖောင်းကြွကြွလေးကို ချစ်စရာကောင်းစွာ ဝတ်ဆင်ထားပြီး ပခုံးကြိုးမပါတဲ့ အဖြူရောင်ပိုးသားဝတ်စုံလေးကို ဝတ်ဆင်ထားသော ချန်ကျင်းလန်ရဲ့ အသွင်က အေးစက်စက်နိုင်သော်လည်း ဆွဲဆောင်မှုအပြည့်ရှိသည်။ ဖေးကျူးဟွေ့ကတော့ နို့နှစ်ရောင် တရုတ်ရိုးရာကိုယ်ကျပ်သင်တိုင်းလေးကို ကြွကြွရွရွ ကျက်သရေရှိစွာ ဝတ်ဆင်ထားသည်။

သူတို့နောက်က လိုက်လာတဲ့ ချန်ရှန်းဟယ်က ခြေတစ်လှမ်း ရှေ့တိုးပြီး ဖေးကျူးဟွေ့ရဲ့ ဘေးမှာ ရပ်လိုက်သည်။ သူ့ဇနီးကတော့ သူ့လက်ကို တွဲချင်စိတ်မရှိသော်လည်း မျက်လုံးရှိတဲ့ ဘယ်သူမဆို သူတို့ရဲ့ ပတ်သက်မှုကို မြင်နိုင်သည်။

အဲ့ဒါတောင် မျက်လုံးကန်းနေတဲ့ လူတချို့က ဖေးကျူးဟွေ့က အတူ တွဲကဖို့ လာခေါ်သေးရဲ့။ ချန်ရှန်းဟယ်က မတ်တပ်ရပ်ပြီး တားလိုက်ပေမဲ့ ဖေးကျူးဟွေ့က သူ့ကို အကြည့်စူးစူးတစ်ချက်နှင့် သူ့ကို ပါးစပ်ပိတ်စေလိုက်ရာ ချန်ရှန်းဟယ်မှာ သူ့ဇနီး တခြားလူနှင့်အတူ ပါသွားတာကို ဒီတိုင်း ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ချန်လီချီက ဘိုးဘိုးရဲ့ လက်မောင်းကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “ စိတ်မပူပါနဲ့ ဘိုးဘိုး။ ဘွားဘွားက စိတ်ပျော်အောင်လို့ ကနေတာပါ။ ဘွားဘွား ပျော်နေရင် ဘိုးဘိုးကို ထပ်စိတ်ဆိုးတော့မှာ မဟုတ်ဘူး။ ”

ချန်ရှန်းဟယ်သည် မြေးမလေးကို အားလျော့နေတဲ့ အပြုံးဖြင့် ပြုံးပြလိုက်ပြီး သူမရဲ့ ဆံပင်လေးတွေကို ဆွဲဖွလိုက်သည်။ တကယ်ပဲ အဲ့လောက် ရိုးရှင်းတယ် ဆိုရင်တော့ တော်သေးတာပေါ့လေ … ။

ချန်လီချီက ပိုက်လေးကို ကိုက်ပြီး အသီးဖျော်ရည်ချိုချိုလေးကို စုပ်သောက်နေခဲ့သည်။ ပြန်မော့ကြည့်လိုက်ချိန်မှာတော့ ဝင်ပေါက်ဘေးမှာ ရပ်နေသူကို မြင်လိုက်ရလျှင် စိတ်လှုပ်ရှား ပျော်ရွှင်စွာ လက်ဝှေ့ရမ်းပြလိုက်၏။ “ ဖေဖေရေ … သမီးတို့ ဒီမှာ … ”

သမီးဖြစ်သူကို မြင်သည်နှင့် ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲက အေးစက်မှုတွေက နူးညံ့တဲ့ အပြုံးတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။ သူ ခြေလှမ်းကျဲတွေနှင့် လျှောက်သွားပြီး လီချီလေးရဲ့ လက်လေးကို ဆုပ်ကိုင်ကာ ချန်ရှန်းဟယ်ကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။ “ ဦးလေး။ ”

ဘေးမှာ ချန်လီချီ ရှိနေတာမို့ ချန်ရှန်းဟယ်က မသိလိုက်မသိဘာသာပဲ အေးလို့ တစ်ခွန်းတည်း ပြန်ပြောလိုက်သည်။

ချန်လီချီက သူမဘေးက ထိုင်ခုံလွတ်လေးကို ပုတ်ပြပြီး အဖေဖြစ်သူကို ထိုင်ခိုင်းလိုက်သည်။ “ မေမေက သန့်စင်ခန်း ခဏ သွားတယ် ဖေဖေ။ ခဏနေရင်တော့ မေမေ ပြန်ရောက်လာမှာပါ။ ”

ရှောက်ချန်းကျယ်က ချန်လီချီလေးရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူ ဒီနေ့ တစ်နေ့လုံး ချန်ကျင်းလန်ကို မက်ဆေ့ခ်ျတွေ ပို့နေပေမဲ့ သူမ ပြန်သမျှ စာတွေက ဝတ်ကျေတန်းကျေပဲ ဖြစ်ပြီး တစ်ခါမှ စကားလုံး သုံးလုံးအထက် မကျော်ပေ။ သူ ဖုန်းဆက်ရင်လည်း ချက်ချင်း ဖုန်းချသွားတတ်သည်။ မနေ့ညတုန်းက ကိစ္စကို သူမ စိတ်ဆိုးနေတုန်းပဲ ဆိုတာ သိသိသာသာပင်။ ရှောက်ချန်းကျယ်က မျက်ခုံးကို လက်ဖျားလေးနှင့် ပွတ်လိုက်မိသည်။ သူ မနေ့ညတုန်းက တော်တော်လေး တရားလွန်သွားတာမို့ သူမ ဒေါသထွက်တာလည်း ထူးတော့ မထူးဆန်းပါ။

သန့်စင်ခန်းကနေ ပြန်လာတဲ့ ချန်ကျင်းလန်က သူ့ကို မြင်တော့ ခြေလှမ်းတွေ ခဏ ရပ်တန့်သွားသည်။ ထိုအချိန်မှာပဲ ဝီလီယမ်က သူမကို အတူတွဲကဖို့ လာခေါ်ခဲ့တာ ဖြစ်သည်။ ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို တစ်ချက် လှည့်ကြည့်ပြီးမှ ဝီလီယမ်ကို နူးညံ့စွာ ပြုံးပြလိုက်သည်။ သူမရဲ့ အမူအရာက သူ့ရင်ကို ဗလောင်ဆူသွားစေသည်။ အဲ့ဒီနောက် ချန်ကျင်းလန်က ဝီလီယမ်ကို လက်ကမ်းပေးလိုက်ပါတော့သည်။

ရှောက်ချန်းကျယ်က စိတ်ပျက်လက်ပျက် ပြုံးလိုက်မိသည်။ ဒါက သူ့ကို သက်သက်မဲ့ ရန်စတာပါပဲ။ ထိုမြင်ကွင်းက ရှောက်ချန်းကျယ်အား အချစ်တစ်ဖက် ၊ အမုန်းတစ်ဖက် ခံစားရစေသည်။ အဲ့ဒီကို အခုချက်ချင်း ထသွားပြီး သူမကို ရင်ခွင်ထဲ ဆွဲထည့်ကာ နမ်းရှိက်ချင်မိတဲ့အထိ ချစ်မိစေသလို သူမကို အိပ်ရာပေါ် ဖိချပြီး သူ့လက်အောက်မှာ နောက်တစ်ကြိမ် အညံ့စေချင်တဲ့အထိလည်း မုန်းမိစေသည်။

ချန်ရှန်းဟယ်ကလည်း သူ့ဇနီးကို မမှိတ်မသုန် စိုက်ကြည့်နေ၏။

ချန်လီချီကတော့ ခြေထောက်လေးတွေကို တစ်ခါတရံ လှုပ်ယမ်းရင်း အသီးဖျော်ရည်ကို ထပ်စုပ်သောက်နေခဲ့သည်။ သူမရဲ့ မေမေနဲ့ ဘွားဘွားက ဘယ်လိုလုပ် ဒီလောက်တောင် လှနေရတာလဲ … ။

သူတို့သုံးယောက်သည် ဘေးချင်းယှဉ် ထိုင်ကာ မနေ့ညတုန်းက ပင်လယ်ပြင်ကြီးကို ငေးမျှော်ကြည့်နေတုန်းကလိုပဲ သူတို့ရဲ့ အရေးကိစ္စတွေကို ကိုယ်စီ တွေးနေခဲ့ကြသည်။ ကွာသွားတဲ့ တစ်ခုတည်းသော အရာကတော့ ဒီနေ့ သူတို့ရှေ့မှာ ရှိနေတာက ပါတီပွဲ ဖြစ်သည်။

အနက်ရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက်က ချန်လီချီနားကို ချဉ်းကပ်လာပြီး အလွန် လူကြီးလူကောင်းဆန်သော အမူအရာဖြင့် တွဲကလို့ ရမလားဟု လာမေးသည်။

ချန်လီချီက ဖေဖေနှင့် ဘိုးဘိုးကို အရင်ဆုံး လှည့်ကြည့်လိုက်၏။ သူတို့ရဲ့ အားပေးတဲ့ အပြုံးတွေကို မြင်တော့မှ ကောင်လေးကို ခေါင်းညိတ်ပြပြီး သူ့ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။

မိသားစုရဲ့ မိန်းကလေး သုံးယောက် သွားကနေသောအခါ စားပွဲမှာ ယောက်ျား နှစ်ယောက်ပဲ ကျန်ခဲ့ပြီး မနေ့ညတုန်းကလို အနေရခက်စရာကောင်းတဲ့ အခြေအနေကို ပြန်ရောက်သွားလေသည်။

မျက်နှာတည်ပြီး အေးစက်တဲ့ ခပ်ငယ်ငယ် အမျိုးသားနှင့် သက်လတ်ပိုင်းအရွယ် လူကြီးလူကောင်းဆန်တဲ့ အမျိုးသားတို့မှာ ကိုယ်ပိုင် ဆွဲဆောင်မှုတွေ ရှိသည်။ ပျိုမဒီလေးတွေက သူတို့နားကို စကားပြောဖို့ ၊ အတူတွဲကဖို့ တစ်ယောက်ပြီး ‌တစ်‌ယောက် ရောက်လာသော်လည်း သူတို့ ဘာမှ မပြောရသေးခင်ကတည်းက အငြင်းခံလိုက်ရ၏။

ချန်ရှန်းဟယ်က ‌ထိုင်ခုံမှာ ဒီတိုင်းလေး ထိုင်နေရုံနှင့် လူတွေရဲ့ အာရုံစိုက်မှုကို ရနေတဲ့ ရှောက်ချန်းကျယ်ကို မနှစ်မြို့နိုင်ဘဲ ခပ်တည်တည် ပြောလိုက်သည်။ “ မင်း ကချင်ရင် သွားကလေ။ ငါ့မိန်းမကို ကြည့်ရတာ သူလည်း ပျော်နေတဲ့ပုံပဲ။ ဘာပဲပြောပြော ပါတီပွဲတွေ ဆိုတာ ပျော်ဖို့ပါးဖို့အတွက်ပါပဲ။ ငါ ရှိနေလို့ ဆိုပြီး ဟန်ကြီးတစ်ခွဲသားနဲ့ ဟန်ဆောင်မနေနဲ့။ ”

“ ကျွန်တော် မကတတ်လို့ပါ ဦးလေး။ ကျွန်တော်က ဘယ်အကပဲက,က တောင့်တောင့်ကြီးနဲ့ လုံးဝ ကြည့်မကောင်းဘူး။ အဲ့ဒါက ကျွန်တော့်အဘွားနဲ့ တူတာ ဖြစ်မယ်။ အဖေက ကျွန်တော်က အဘွားနဲ့ သိပ်တူတယ်လို့ ပြောတယ်။ အကျင့်တွေ ၊ စိတ်နေစိတ်ထားတွေ ၊ ရုပ်ပိုင်းဆိုင်ရာတွေပေါ့။ ”

ချန်ရှန်းဟယ်က ခုနတုန်းကအထိ သူ့ကို လှောင်ရယ်နေခဲ့ပေမဲ့ ထိုစကားကို ကြားသည်နှင့် ချက်ချင်း နှုတ်ဆိတ်သွားပါသည်။

ရှောက်ချန်းကျယ်သည် ဘားက ဝိုင်ခွက် တစ်ခွက် သွားယူပြီး ချန်ရှန်းဟယ်ကို ပေးလိုက်သည်။ “ ဦးလေး ကျွန်တော့်အဘွားနဲ့ အရင်တုန်းက တွေ့ဖူးလား။ အဘွားက ဓာတ်ပုံရိုက်ရတာ မကြိုက်တဲ့ လူမျိုး ဆိုတော့ အိမ်မှာ ဓာတ်ပုံတွေ သိပ်မရှိဘူး။ အဘွားမျက်နှာကိုတောင် မနည်း လိုက်ရှာရတဲ့ အဖွဲ့လိုက်ဓာတ်ပုံတွေပဲ ရှိတယ်။ ”

ချန်ရှန်းဟယ်က ဝိုင်ခွက်ကို မယူဘဲ အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးမှ “ မင်းက သူနဲ့ အများကြီး တူပါတယ်။ ” ဟု ပြောလိုက်သည်။

ဒီခွေးကောင်လေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ဆိုတာ သူ သိသည်။ စကားဝိုင်းကို သူ အခွင့်သာမယ့်ဘက်ကို ရောက်အောင် ပါးပါးနပ်နပ် ဆွဲခေါ်နေတာ ဖြစ်သည်။

ဉာဏ်ကောင်းတဲ့ လူတွေကို ချန်ရှန်းဟယ် သဘောကျပေမဲ့ ဉာဏ်အကောင်းလွန်နေတဲ့ သားမက်ကိုတော့ သဘောမကျပါ။ သူ့သမီးကပဲ သားမက်ကို ကိုင်တွယ်ထိန်းချုပ်ရမှာ ဖြစ်ပြီး သူ့သမီးကို သားမက်ရဲ့ လက်ခုပ်ထဲက ရေ မဖြစ်စေချင်။ ဒီပြဿနာရဲ့ ဖြေရှင်းရခက်နေတဲ့ အချက်က ဉာဏ်ကောင်းတဲ့ လူတွေကို သဘောကျတဲ့ အကျင့်ကို သူ့ဆီက အမွေရထားတဲ့ သူ့သမီးကလည်း ဉာဏ်မကောင်းတဲ့ ယောက်ျားလေးတွေကို သဘောကျမှာ မဟုတ်ပါ။

သားမက်ရှာရတဲ့ ကိစ္စက ရှေးခေတ်ကတည်းက ဘယ်တော့မှ မလွယ်ကူခဲ့ပုံရသည်။

ပန်းသီးနီလေး တစ်လုံးလိုပင် ပါးလေးတွေ နီရဲနေတဲ့ ချန်လီချီက ကပြီးသွားတော့ ပြန်ရောက်လာသည်။ ရှောက်ချန်းကျယ်က သမီးဖြစ်သူအတွက် အုန်းရည်ခွက်လေး ယူပေးလိုက်တော့ သူမလေးက တစ်ထိုင်တည်းနှင့် မော့သောက်ပစ်လိုက်သည်။ သူက သူမလေးရဲ့ နှုတ်ခမ်းထောင့်တွေကို လက်ကိုင်ပုဝါနှင့် ပွတ်သုတ်ပေးရင်း “ သမီး ပျော်ခဲ့ရဲ့လား။ ” ဟု မေးလိုက်သည်။

ချန်လီချီသည် တောက်ပပျော်ရွှင်နေတဲ့ မျက်လုံးလေးများဖြင့် ခေါင်းညိတ်ပြလိုက်၏။

ချန်းရှန်းဟယ်က သူတို့နှစ်ယောက်ကို မသိမသာ အကဲခတ်နေခဲ့ပြီး သူ့ဘေးမှာ‌ ရှောက်ချန်းကျယ် ယူပေးထားတဲ့ ဝိုင်ခွက်လေးကို ယူကာ တစ်ငုံသောက်လိုက်ပြီးနောက် သူ့ရဲ့ ပျော်ရွှင်စွာ ကနေဆဲဖြစ်တဲ့ ဇနီးကို ထပ်ကြည့်လိုက်သည်။ သူ ဝိုင်တစ်ကျိုက် ထပ်မော့သောက်လိုက်သည်။

ရှောက်ချန်းကျယ်က ချန်လီချီလေးနားကို ကပ်ပြီး တစ်ခုခု ပြောလိုက်တော့ ချန်လီချီလေးက ပျော်ရွှင်စွာ ထကာ ‌အဖေဖြစ်သူရဲ့ လက်ကို ဆွဲရင်း ဘိုးဘိုးကို “ သွားကြရအောင် ဘိုးဘိုး။ ” ဟု လှည့်ပြောလိုက်လေသည်။

ချန်ရှန်းဟယ်ကလည်း သူ့မင်းသမီးလေးရဲ့ တောင်းဆိုမှုတွေကို ဘယ်တော့မှ မငြင်းဆန်တတ်တဲ့လူပီပီ “ ဟုတ်ပြီ လီချီလေး။ ” ဟု ခေါင်းညိတ် သဘောတူလိုက်သည်။ ဒါပေမဲ့ ဘေးနားမှာ ရပ်နေတဲ့ ရှောက်ချန်းကျယ်ကို မြင်တော့မှ သူ မျက်မှောင်ကြုတ်သွားရသည်။ သူနဲ့ သူ့ရဲ့ ချစ်စရာ မြေးမလေးပဲ နှစ်ယောက်တည်း ကမယ်လို့ ထင်ထားတာလေ ၊ လူပို တစ်ယောက် ထပ်ရှိနေမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ … ။

ချန်လီချီက ဖေဖေနှင့် ဘိုးဘိုးကို တစ်ယောက် တစ်ဖက်စီ လက်ဆွဲကာ ခန်းမကျယ်ကြီးထဲကို ခေါ်လာခဲ့လိုက်သည်။ ကကြမယ်လို့ ပြောထားပေမဲ့ တကယ်တော့ စက်ဝိုင်းလေးတွေ ပတ်နေကြတာသာ ဖြစ်ကာ ထို့ထက် တိတိကျကျ ပြောရရင် ရှောက်ချန်းကျယ်နှင့် ချန်ရှန်းဟယ်က ခပ်ခွာခွာ နေ,နေတာမို့ စက်ဝိုင်းတစ်ပတ်စာအပြည့် ပတ်တာတောင် မဟုတ်ပါ။

သူတို့ သုံးယောက် လှည့်ပတ်ကနေရင်း တဖြည်းဖြည်းနှင့် ဖေးကျူးဟွေ့နားကို ရောက်လာခဲ့သည်။ ချန်လီချီက သီချင်းသံရပ်သွားတဲ့ အခိုက်အတန့်မှာ “ ဘွားဘွား .. သမီးတို့နဲ့ လာကလေ။ ” ဟု လှမ်းခေါ်လိုက်သည်။

မြေးမလေးကို မြင်တော့ ဖေးကျူးဟွေ့ရဲ့ မျက်လုံးတွေ တောက်ပသွားသလို သူမဘေးက တခြားလူတွေကိုလည်း ရှိတယ်လို့ မထင်တော့ပါ။ သူမရဲ့ အကတွဲဖက်ဟောင်းရဲ့ နောက်တစ်ခေါက် ထပ်ကဖို့ ဖိတ်ကြားချက်ကိုလည်း ငြင်းဆန်လိုက်ပြီး ချန်လီချီလေးတို့ဘက်ကို ကူးလာခဲ့သည်။ သူမရဲ့ လက်တစ်ဖက်ကို မြေးမလေးက ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ ‌ချန်ရှန်းဟယ်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ဖေးကျူးဟွေ့က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း ရုန်းတော့ မရုန်း။

ချန်လီချီက သူမရဲ့ ဘွားဘွား ၊ ဘိုးဘိုး ၊ ဖေဖေတို့နှင့် အတူ တွဲကရ၍ ပျော်ရွှင်နေသည်။ သူမရဲ့ ရယ်သံလေးတွေက ပင်လယ်လေအဝှေ့မှာ လှုပ်ခတ်ပြီး တချွင်ချွင် မြည်နေတဲ့ ဆည်းလည်းသံလေးတွေလို ကြည်လင်ချိုမြိန်နေသည်။ ခန်းမကျယ်ကြီးထဲမှာ သူမရဲ့ ပျော်ရွှင်မှုတွေ ပျံ့နှံ့သွားပြီး လေထုက ပိုလို့တောင် သက်ဝင်လှုပ်ရှားလာသည်။ ခုနတုန်းက ဘေးမှာ မကဘဲ ဖယ်ထွက်နေခဲ့တဲ့ လူတွေတောင် သုံးယောက် အဖွဲ့ ၊ လေးယောက် အဖွဲ့လေးတွေဖြင့် လူစူကာ သီချင်းသံအတိုင်း ယိမ်းနွဲ့နေခဲ့သည်။

ကနေတဲ့ အဖွဲ့ တစ်ဖွဲ့က ချန်ကျင်းလန်နားကို တဖြည်းဖြည်း တိုးကပ်လာသည်။ ချန်လီချီက “ မေမေ ” လို့ လှမ်းခေါ်လိုက်တော့ ရှောက်ချန်းကျယ်က ထိုအဖွဲ့ထဲက ဝီလီယမ်ကို သတိထားမိသွားပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်ကာ ချန်ကျင်းလန်ကို အတူတူ တွဲကဖို့အတွက် လက်ကမ်းပေးလိုက်၏။

အခြေအနေကို နားလည်သွားတဲ့ ဝီလီယမ်သည် နောင်တတချို့ဖြင့် ချန်ကျင်းလန်ရဲ့ လက်ကို လွှတ်ပေးလိုက်သည်။

ချန်ကျင်းလန်က ရှောက်ချန်းကျယ်ကို ပြုံးပြလိုက်ပြီးနောက် သူ့လက်ကို တွဲကာ အတူတူ တွဲကနေရင်း နမော်နမဲ့နိုင်သလို ဟန်ဆောင်၍ သူ့ခြေထောက်ကို ခဏ ခဏ တက်နင်းပစ်လိုက်သည်။

သူတို့နှစ်ယောက်ကို သေချာ ကြည့်နေတဲ့ ချန်ရှန်းဟယ်က နှုတ်ခမ်းထောင့်စွန်းတွေ အလိုလို ကွေးညွှတ်သွားခဲ့သည်။ သူ့သမီးက ဒီည ဒေါက်ဖိနပ်တွေ ဝတ်မထားပေမဲ့ ခြေထောက်ကို အားနှင့် အကြိမ်ပေါင်းများစွာ တက်နင်းခံရတာ မသက်သာလောက်ပါ။ သူလည်း အခုလေးတင်ပဲ လက်တွေ့ ကြုံနေရတာမို့ သူ့ကို ဘယ်လို သိလဲ ဆိုတာကိုတော့ လာမမေးပါနဲ့။

***

All Chapters