← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အပိုင်း ( ၈၆ )

ရှောက်ချန်းကျယ်က ခြေထောက်ဆီက နာကျင်မှုကို တောင့်ခံရင်း ချန်လီချီလေးကို တစ်ချက် လှမ်းကြည့်လိုက်ချိန်မှာ အဖေဖြစ်သူရဲ့ အရိပ်အမြွှက်ကို နားလည်တဲ့ ချန်လီချီလေးကလည်း မေမေ့ကို “ သမီး အခုချက်ချင်း သန့်စင်ခန်းသွားမှ ဖြစ်တော့မယ် မေမေ။ ” ဟု လှည့်ပြောလိုက်သည်။

ရှောက်ချန်းကျယ်က သူမလေးကို ပွေ့ချီပြီး “ အဲ့ဒါဆို သွားကြမယ်။ မေမေနဲ့ သမီးနောက်ကို ဖေဖေလည်း လိုက်ခဲ့မယ်။ ” ဟု ပြောလိုက်သည်။

ချန်ကျင်းလျန်က သူတို့ ဉာဏ်များနေတာကို သိပေမဲ့လည်း ပျော်ရွှင်စွာပဲ သူတို့နှင့်အတူ လိုက်ဆော့ပေးချင်ပါသည်။ သူမက ဖေးကျူးဟွေ့ကို “ သမီး လီချီလေးကို သန့်စင်ခန်းလိုက်ပို့‌ပေးလိုက်ဦးမယ်နော် အမေ။ အမေနဲ့ အဖေနဲ့ ကရင် ကျန်ခဲ့ကြပါ။ ” ဟု ပြောပြီး ထွက်လာခဲ့လိုက်သည်။

ချန်ရှန်းဟယ်က လိမ္မာပါးနပ်စွာပင် သူ့လက်ကို ဖေးကျူးဟွေ့ရဲ့ ခါးပေါ် တင်လိုက်သည်။ သူတို့ရဲ့ လူငါးယောက်အကအဖွဲ့မှာ အခုတော့ သူတို့စုံတွဲ တစ်တွဲပဲ ကျန်ခဲ့သည်။ ချန်ရှန်းဟယ်က အထင်လွဲနေတဲ့ ကိစ္စကို သေချာ ရှင်းပြနိုင်တဲ့အထိ သူ့ဇနီးနှင့် တစ်ညလုံး ကရမယ် ဆိုလည်း ကိစ္စမရှိ။ နှစ်ရက်နှင့် တစ်ည စဉ်းစားပြီးတဲ့နောက်မှာတော့ ပြဿနာကို သူ အဖြေရှာလို့ ရသွားပြီပင်။ သူမရဲ့ သူငယ်ချင်း ဆိုတဲ့ အမျိုးသမီးကြောင့် သူ့ကို စိတ်ဆိုးသွားတာ ဖြစ်ပါလိမ့်မည်။

ချန်လီချီက ဖေဖေ့ရဲ့ ပခုံးကို မှီရင်း မေမေ့ကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သည်။ “ ဖေဖေနဲ့ သမီးကို အရမ်း ဉာဏ်ကောင်းတယ်လို့ မေမေ မထင်ဘူးလားဟင်။ ”

ချန်ကျင်းလန်သည် သူမရဲ့ နှာခေါင်းလေးကို ဆွဲလိမ်လိုက်သည်။ “ သမီးက တကယ့်ကို လူလည်မလေးပဲ။ သမီး တကယ် သန့်စင်ခန်းသွားဖို့ လိုတာရော ဟုတ်လို့လား။ ”

“ ဟင့်အင်း။ အဲ့အစား ကမ်းခြေကိုပဲ သွားပြီး ခရုခွံလှလှလေးတွေ ရှာကြမယ်။ ” ချန်လီချီက ထိုသို့ ပြောပြီး ဖေဖေ့ဘက်ကို လှည့်ကာ “ သမီးတို့ သွားလို့ ရတယ်မို့လား ဖေဖေ။ ” ဟု မေးလိုက်၏။

ချန်ကျင်းလန်ရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့ ရှောက်ချန်းကျယ်က သူမလေးကို ခေါင်းညိတ်ပြလိုက်သည်။

ချန်ကျင်းလန်က သူ့လက်ဖဝါးကို ကုတ်လိုက်ပေမဲ့ ရှောက်ချန်းကျယ်ကတော့ သူမရဲ့ လက်ကို ပိုလို့တောင် တင်းကျပ်အောင် ဆုပ်ကိုင်လိုက်သည်။

ညအချိန်မှာ တွေ့ရတဲ့ ပင်လယ်ကြီးက ပြာလွင်လွင် ၊ လှိုင်းတွေရ ဖြူလွှလွှေ။ ရှေ့ဆုံးက ပြေးသွားတဲ့ ချန်လီချီက သဲသောင်ပြင်ပေါ်မှာ ရပ်လိုက်ပြီး လရောင်နှင့် လမ်းမီးတိုင်အလင်းရောင်တွေအောက်မှာ ခရုခွံလှလှလေးတွေကို လိုက်ကောက်နေခဲ့သည်။ ရှောက်ချန်းကျယ်နှင့် ချန်ကျင်းလန်ကတော့ သူမလေးရဲ့ နောက်ကနေ အေးအေးဆေးဆေး လိုက်လာသည်။ ရှောက်ချန်းကျယ်က သူ့လက်ဖဝါးထဲက ချန်ကျင်းလန်ရဲ့ လက်လေးကို ဖျစ်ညှစ်လိုက်သည်။ “ နာနေသေးလား။ ”

ချန်ကျင်းလန်က သူ့ခြေထောက်ကို နောက်တစ်ခေါက် တက်နင်းလိုက်တော့ သူ့ဆီက ရယ်သံတိုးတိုးထွက်လာသည်။ ထိုအချိန်မှာပဲ ချန်လီချီလေးက သူတို့ဆီ ပြန်ပြေးလာပြီး ကောက်လာတဲ့ ခရုခွံလေးတွေကို ပေးကာ နောက်ထပ် ခရုခွံတွေ ကောက်ဖို့ ပြေးထွက်သွား၏။

ချန်ကျင်းလန်နှင့် ရှောက်ချန်းကျယ်က သမီးဖြစ်သူရဲ့ ကျောပြင်လေးကို ကြည့်ရင်း “ အရမ်းကြီး မပြေးနဲ့။ မချော်လဲအောင် ဂရုစိုက်ဦး။ ” လို့ ပြိုင်တူ အော်ပြောလိုက်ကြလေသည်။ ချန်လီချီကလည်း “ သမီး သိပါတယ် ဖေဖေနဲ့ မေမေရဲ့။ ” ဟု ပြန်အော်ပြောသည်။

လရောင်က သူတို့ရဲ့ အရိပ်တွေကို သဲသောင်ပြင်ပေါ်မှာ ထင်ဟပ်နေစေပြီး အရိပ်ရှည်ရှည်နှစ်ခုက အရိပ်လေးတစ်ခုကို ဝန်းရံထားခဲ့သည်။ သူတို့မျက်နှာကို ပင်လယ်ဘက်က တိုက်ခတ်လာတဲ့ လေပြည်တွေ ပွတ်တိုက်သွားသည် ၊ ကမ်းစပ်တွေကို လှိုင်းတွေ တစ်လုံးပြီး တစ်လုံး လာရိုက်ပြီးနောက် ပြန်ဆုတ်ခွာသွားသည်။ ပင်လယ်ကြီးဆီက ပဲ့တင်လာတဲ့ အသံတွေက အချိုမြိန်ဆုံး သားချော့တေးတစ်ပုဒ်လိုပဲ ဖြစ်ပြီး သူတို့ရဲ့ နှလုံးသားကြိုးမျှင်တွေကို တီးခတ်သွားခဲ့သည်။

ခဏနေတော့ ချန်လီချီလေးက လက်ထဲမှာ ခရုခွံတွေ တပွေ့တပိုက်ဖြင့် ပြန်ပြေးလာသည်။ ဖေဖေ့လက်ထဲမှာ သူမ ခုနတုန်းက ပေးခဲ့တဲ့ ခရုခွံတွေ တစ်ခုမှ ရှိမနေတာကို မြင်တော့ “ သမီး ပေးခဲ့တဲ့ ခရုခွံတွေရော ဘယ်မှာလဲ ဖေဖေ။ ” ဟု မေးလိုက်သည်။

ရှောက်ချန်းကျယ်က ချန်လီချီရဲ့ လက်ထဲက ခရုခွံတွေကို ယူရင်း နူးညံ့စွာ ပြောလိုက်၏။ “ ဖေဖေ မျက်လှည့်တစ်ခုပြရမလား လီချီလေး။ ”

“ ရေး ။ သမီး မျက်လှည့်ကြည့်ချင်တယ်။ ” ချန်လီချီက စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။ မျက်လှည့်ကြည့်ရတာကို သူမ ကြိုက်သည်လေ။

“ ဒါဆို သမီးရဲ့ မျက်လုံးတွေကို မှိတ်လိုက်။ ” ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို ကြည့်လိုက်သည်။ “ မင်းရောပဲ အချစ်။ ”

ချန်လီချီက သူ့စကားကို နာခံစွာ မျက်လုံးမှိတ်လိုက်ပေမဲ့ ချန်ကျင်းလန်ကတော့ ဒီတိုင်းပဲ ရပ်နေလိုက်သည်။ သူမက သူ အလွယ်တကူ အရူးလုပ်လို့ ရတဲ့ ခြောက်နှစ်သမီးလေး မဟုတ်ပါ။ သူ ဘယ်လို လှည့်ကွက်တွေ သုံးမလဲ ဆိုတာ ကြည့်ချင်သည်။

ရှောက်ချန်းကျယ်က ပြုံးလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲခေါ်ကာ နှုတ်ခမ်းထောင့်လေးကို ငုံ့နမ်းလိုက်တော့ ချန်ကျင်းလန်ရဲ့ မျက်စောင်းက သူ့ဆီ ဒိုင်းခနဲ ရောက်လာသည်။

“ ပြီးပြီလား ဖေဖေ။ ”

“ တစ်ကနေ နှစ်ဆယ်အထိ အသံကျယ်ကျယ်နဲ့ ရေတွက်ပြီးသွားရင် သမီး မျက်လုံးဖွင့်လို့ ရပြီ။ ”

“ ဟုတ် ဟုတ်။ ”

ချန်လီချီလေး စတင် ရေတွက်နေစဉ်မှာ ရှောက်ချန်းကျယ်ရဲ့ ချန်ကျင်းလန်ရဲ့ မျက်လုံးတွေကို လက်တစ်ဖက်နှင့် အုပ်လိုက်သည်။ ချန်ကျင်းလန်သည် ခုခံတဲ့အနေနှင့် သူ့ခါးကို တံတောင်နှင့် တွတ်လိုက်ချိန်မှာ သူမရဲ့ လက်ကောက်ဝတ်ပေါ်ကို ပစ္စည်း တစ်ခု ရောက်လာသည်။ ထိုပစ္စည်းရဲ့ အထိအတွေ့ကတော့ အေးစက်စက် မာကျောကျော။

ချန်လီချီက နှစ်ဆယ်အထိ ရေတွက်ပြီးသွားတော့ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ သူမရဲ့ လက်ကောက်ဝတ်ပေါ်က ပန်းရောင်ခရုခွံလက်ကောက်လေးကို မြင်ချိန်မှာတော့ ဖေဖေ့ရဲ့ အင်္ကျီလက်ကို စိတ်လှုပ်ရှား ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်မိလေသည်။ “ ဖေဖေက အရမ်း တော်တာပဲ။ ခရုခွံတွေကို လက်ကောက်ဖြစ်အောင် ဘယ်လို လုပ်လိုက်တာလဲဟင်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ ဆံပင်လေးတွေကို ဆွဲဖွလိုက်သည်။ “ ဘယ်လို လုပ်တာလဲ ဆိုတာက မျက်လှည့်ဆရာနဲ့ လျို့ဝှက်ချက်လေ။ ဖေဖေ သမီးကို ပြောပြလို့ မရဘူး လီချီလေးရဲ့။ ”

ချန်လီချီက ခရုခွံလက်ကောက်လေးကို တကြည့်ကြည့်နှင့် အလွန် သဘောကျနေသည်။ သူမရဲ့ အဖေက တကယ့်မျက်လှည့်ဆရာအစစ်ပဲ။

ထို့နောက် ချန်လီချီသည် သူမအမေမှာလည်း သူမ မနက်တုန်းက မြင်ခဲ့တဲ့ ခရုခွံလက်ကောက်နှင့် တူတဲ့ လက်ကောက်လေးကို ဝတ်ထားတယ် ဆိုတာကို သတိထားမိသွားသည်။ ဒါဆို အဲ့လက်ကောက်က ဝီလီယမ်ရဲ့ လက်ဆောင် မဟုတ်ဘဲ ဖေဖေက မေမေ့ကို ပေးတဲ့ လက်ဆောင်ပေါ့ … ။ ဖေဖေက မေမေ့ကို လက်ထပ်ခွင့်တောင်းမလို့လား … ။

သူမလေးက ဖေဖေ့ကို အဓိပ္ပာယ်ပါပါ မျက်လုံးမှိတ်ပြလိုက်တော့ ဖေဖေကလည်း မျက်လုံးပြန်မှိတ်ပြ၏။ သားအဖနှစ်ယောက်ဟာ အဲ့ဒီလို အသံတိတ် ဆက်သွယ်နေခဲ့ကြသည်။

ချန်ကျင်းလန်က သူမရဲ့ လက်ကောက်ဝတ်ပေါ်က ခရုခွံလက်ကောက်လေးကို ငုံ့ကြည့်လိုက်လျှင် ခရုခွံတွေကြားထဲမှာ မြုပ်ထားတဲ့ လက်စွပ်လေးနှင့် ထိုခရုခွံတွေပေါ်မှာ ရေးခြစ်ထားတဲ့ စကားလုံးလေးတွေကို မြင်လိုက်ရလေသည်။

ဗီလာထဲက ပျံ့လွင်လာတဲ့ မြူးကြွကြွ တေးသံက နူးညံ့တဲ့ ဂီတသံအဖြစ် ပြောင်းလဲသွားသည်။ ဟိုးအဝေး ကောင်းကင်‌မှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲဝေဖြာနေကာ ငွေရောင် လှိုင်းလုံး အလိပ်အလိပ်တွေက သူတို့ခြေဖျားတွေအထိ ရောက်လာပြီးမှ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။ သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာရာတိုင်း ပျောက်ကွယ်သွားသလို ခံစားရပြီး သဲသောင်ပြင်ပေါ်မှာ အရိပ် သုံးခုသာ ရောထွေးကျန်ရစ်ခဲ့သည်။

ချန်လီချီက သူမရဲ့ လက်ကောက်ဆီက ခရုခွံတွေကြားထဲမှာလည်း မြုပ်ထားတဲ့ လက်စွပ်လေးကို သတိထားမိသွားတော့ အံ့ဩသွားသည်။ ထိုလက်စွပ်ကို တန်ဆာဆင်ထားတဲ့ ပန်းနုရောင်စိန်လေးတွေက တဖိတ်ဖိတ် တောက်နေသည်။ “ သမီးရဲ့ ခရုခွံလက်ကောက်လေးထဲမှာလည်း လက်စွပ် တစ်ကွင်း ရှိနေတယ် ဖေဖေ။ ”

ရှောက်ချန်းကျယ်က “ အဲ့ဒါက သမီးအတွက်လေ လီချီလေး။ သမီးရဲ့ လက်စွပ်က ပန်းရောင် ၊ မေမေ့ရဲ့ လက်စွပ်က အပြာရောင်။ ” ဟု ရှင်းပြလိုက်သည်။

ချန်လီချီက သူမရဲ့ ပန်းနုရောင်လက်စွပ်လေးကို မေမေ့ရဲ့ အပြာနုရောင်လက်စွပ်လေးနှင့် ယှဉ်ကြည့်လိုက်၏။ လက်စွပ် နှစ်ကွင်းလုံးကို တန်ဆာဆင်ထားတဲ့ စိန်က ရေစက်ပုံသဏ္ဍာန်လေးပင်။ သူမက မေမေ့ကို မော့ကြည့်ပြီး “ အရမ်း လှတယ်မို့လား မေမေ။ ” ဟု ပြောလိုက်သည်။

“ အရမ်း လှတယ်။ ” ချန်ကျင်းလန်က နူးညံ့စွာ သဘောတူလိုက်သည်။ ဒီလက်စွပ်က တကယ် လှတာကိုတော့ သူမ မငြင်းနိုင်ပါ။

ချန်လီချီက ဖေဖေ့ကို လှည့်ကြည့်လိုက်၏။ “ ဒီလက်စွပ်လေးတွေကို ခရုခွံတွေထဲက ဖြုတ်ပြီး သမီးနဲ့ မေမေ့ကို ဝတ်ပေးပါလားဟင် ဖေဖေ။ ”

သမီးဖြစ်သူရဲ့ စကားက်ု ကြားချိန်မှာ ချန်ကျင်းလန်ရဲံ မျက်တောင်တွေ တဖျတ်ဖျတ် လှုပ်ခတ်သွားသကဲ့သို့ ရှောက်ချန်းကျယ်ရဲ့ နှလုံးသားကလည်း စည်းချက်တစ်ချက် လွတ်သွားပါသည်။

လက်စွပ်တွေကို ခရုခွံတွေကြားက အလွယ်တကူပဲ ဖြုတ်လိုက်ပြီး ရှောက်ချန်းကျယ်က သူ့သမီးကို အရင်ဆုံး လက်စွပ်ဝတ်ပေးလိုက်သည်။ လက်စွပ်ဆိုဒ်က ကွက်တိပဲဖြစ်ကာ ချောင်လည်း မချောင်သလို ကျပ်လည်း ကျပ်မနေပါ။ ချန်လီချီက သူမရဲ့ လက်ပေါ်မှာ ပနံရနေတဲ့ လက်စွပ်လေးကို ကြည့်ကာ ဖေဖေ့မှာ အမြင်ကောင်းကောင်းရှိတာပဲဟု တွေးမိသွားသည်။

သမီးဖြစ်သူရဲ့ ခရုခွံလက်ကောက်ထဲက လက်စွပ်ကို ဖြုတ်ယူရတာ လွယ်ပေမဲ့ ချန်ကျင်းလန်အလှည့်ကျတော့ ရှောက်ချန်းကျယ်ရဲ့ လက်က ခဏ ခဏ ချော်နေခဲ့သည်။ သူ့လက်ဖဝါးတွေမှာ စိတ်လှုပ်ရှားတဲ့ ချွေးတို့ဖြင့် စိုစွတ်နေခဲ့ပြီး နောက်ဆုံးတော့ လက်စွပ်ကို ဖြုတ်ယူနိုင်သွားသည်။ ထို့နောက် သူမရဲ့ လက်ကလေးကို ဖြည်းဖြည်းချင်း ဆွဲယူလိုက်၏။

ချန်ကျင်းလန်ရဲ့ အသက်ရှူသံ ရပ်တန့်သွားကာ နားထဲမှာ သူမရဲ့ နှလုံးခုန်သံနှင့် သူ့နှလုံးခုန်သံမှအပ တခြားအသံတွေ တိုးလျော့တိမ်ဝင်သွားသည်။

ချန်ကျင်းလန်က သူမရဲ့ လက်ဖျားပေါ်က လက်စွပ်အထိအတွေ့ကြောင့် လက်ကို အနည်းငယ် ပြန်ဆွဲယူလိုက်ပေမဲ့ ရှောက်ချန်းကျယ်ဆီကနေ မလွတ်မြောက်နိုင်ပါ။ သူ့ကို မျက်စောင်းထိုးဖို့ မော့ကြည့်လိုက်ပေမဲ့ သူ့မျက်ခုံးပေါ်က ချွေးစက်တွေရယ် ၊ သူ့အကြည့်တည်တည်ငြိမ်ငြိမ်ဆီရယ်ကိုသာ အကြည့်ရောက်သွားသည်။ ထိုအခိုက်အတန့်မှာ သူမရဲ့ နှလုံးသား နူးညံ့သွားသလို လက်စွပ်လေးလည်း သူမရဲ့ လက်ချောင်းမှာ ကွက်တိကျသွားသည်။

သွယ်လျလျ လက်ချောင်းလေးတွေ ၊ ချောမွေ့နူးညံ့နေတဲ့ လက်စွပ် ၊ အပြာရောင် ရေစက်ပုံသဏ္ဍာန်စိန်ပွင့် … အရာအားလုံးက ရိုးရှင်းစွာ လှပနေခဲ့သည်။

ရှောက်ချန်းကျယ်က သူမရဲ့ လက်ချောင်းတွေကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီးနောက် အရှေ့ကို ခြေတစ်လှမ်းတိုးကာ ဒူးထောက်ဖို့ လုပ်လိုက်၏။ တကယ်တော့ လက်စွပ်ဝတ်မပေးခင်ကတည်းက သူ အရင်ဆုံး ဒူးထောက်ခဲ့သင့်တာပါ။ ဒါပေမဲ့ အရမ်း စိတ်လှုပ်ရှားပြီး အစိုးရိမ်လွန်နေခဲ့တဲ့ ရှောက်ချန်းကျယ်က တကယ်လို့ သူသာ ထိုစကားတွေကို အရင် ပြောလိုက်ရင် သူမ ငြင်းလိုက်မှာကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမကို လက်စွပ် အရင် ဝတ်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်သည်။ သူ ပေးတဲ့ လက်စွပ်ကို သူမဘက်က လက်ခံရင် နောက်ပိုင်း ကိစ္စတွေ အလိုလို အဆင်ပြေသွားပါလိမ့်မည်။

သူ့ရည်ရွယ်ချက်ကို ရိပ်မိတဲ့ ချန်ကျင်းလန်ကလည်း ခြေတစ်လှမ်း တိုးလိုက်တာမို့ သူတို့နှစ်ယောက်ကြားမှာ အလွန် နီးကပ်သွားကာ ရှောက်ချန်းကျယ်က ဒူးထောက်လို့ မရတော့ပါ။ ချန်ကျင်းလန်က အခု ရင်ခုန်သံအရမ်းမြန်နေတာ မှန်ပေမဲ့လည်း စိတ်ထဲမှာ နည်းနည်းလေး ဝေခွဲမရ ဖြစ်နေသေးတာကြောင့် သူ လက်ထပ်ခွင့်တောင်းတာကို လက်မခံသင့်သေးဘူးလို့ ခံစားရသည်။ သူမ ထပ်စဉ်းစားဖို့ အချိန်လိုသည်။

ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူမရဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။ သူလည်း အစကတည်းက တစ်ထိုင်တည်းနှင့် အောင်မြင်ဖို့ မျှော်လင့်မထားခဲ့ပါ။ လက်ရှိအချိန်မှာ သူမ ဘာကို တွေးနေလဲ ဆိုတာ သိချင်ရုံလေးပါပဲ။

ချန်ကျင်းလန်က ပထမတော့ သူနှင့် အကြည့်ချင်း မဆုံအောင် ရှောင်နေပြီးမှ သူ့ကို ခပ်တည်တည်ပဲ ပြန်ကြည့်လိုက်သည်။ ဘာလဲ ၊ သူ လက်ထပ်ခွင့်တောင်းတိုင်း သူမက လက်ခံရမှာလား။

ချန်လီချီက မေမေ့ရဲ့ လက်ပေါ်မှာ မေမေ လက်စွပ်ဝတ်ပေးလိုက်တာကို မြင်လိုက်သည်။ သူမ လက်ခုပ်တီးဖို့ အဆင်သင့် အနေအထားဖြင့် အသက်အောင့်ထားပေမဲ့ ဖေဖေနှင့် မေမေကြားက လေထုဟာ ရုတ်တရက်ပဲ အနည်းငယ် တင်းမာသွားပုံရသည်။ သူမလေးက မေမေ့နားကို သွားပြီး “ မေမေနဲ့ လက်စွပ်လေးနဲ့ လိုက်လားလို့ သမီး ကြည့်လို့ ရမလား။ ” ဟု မေးလိုက်သည်။

ရှောက်ချန်းကျယ်ရော ၊ ချန်ကျင်းလန်ရော နှစ်ယောက်လုံး ခြေတစ်လှမ်းစီ နောက်ဆုတ်လိုက်တော့ သူတို့ကြားမှာ ဝေးကွာသွားသလို တင်းမာနေတဲ့ လေထုလည်း ပျောက်ကွယ်သွားသည်။

ချန်လီချီသည် သူမရဲ့ လက်ချောင်းလေးတွေနှင့် မေမေ့ရဲ့ လက်ချောင်းလေးတွေကို ဘေးချင်းယှဉ်ကြည့်လိုက်သည်။ “ မေမေ့လက်လေးတွေက လက်စွပ်ဝတ်လိုက်တော့ ပိုပြီးတော့တောင် လှသွားတယ်နော်။ ”

ချန်ကျင်းလန်က သူမရဲ့ ပါးကို လက်ဖမိုးနှင့် ပွတ်သုတ်လိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပေ။

ချန်လီချီက မေမေ့ရဲ့ လက်ကို ဆုပ်ကိုင်ပြီး တကယ့်ကို အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ သူမရဲ့ ပုံစံက မေမေ့ကို ပြောနေသလို ပုံစံပေါက်နေပေမဲ့ တကယ်တော့ ဖေဖေ့ကို ပြောနေတာ ဖြစ်သည်။ “ လက်စွပ်လေးက လှပေမဲ့ မေမေ့ကို ဖေဖေ လက်ထပ်ခွင့်တောင်းရင်တော့ မေမေ လက်မခံသင့်ဘူး။ ”

ချန်ကျင်းလန်နှင့် ရှောက်ချန်းကျယ်က ချန်လီချီကို ပြိုင်တူ ကြည့်လိုက်ကြသည်။ ရှောက်ချန်းကျယ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့သမီးရဲ့ မျက်လုံးလေးတွေထဲကို ကြည့်ကာ စူးစမ်းသလို မေးလိုက်သည်။ “ လီချီလေးက မေမေ့ကို ဖေဖေနဲ့ ဘာလို့ လက်မထပ်စေချင်တာလဲ။ ”

ချန်လီချီက သူမအဖေကို လေးလေးနက်နက် ပြောလိုက်သည်။ “ ဖေဖေက ဘယ်လိုလုပ်ပြီး တစ်ကြိမ်တည်း လက်ထပ်ခွင့်တောင်းရတာလဲ။ ဖေဖေက သမီးအသက်ခြောက်နှစ်ကျတော့မှ ပေါ်လာတာလေ။ အဲ့ဒါကြောင့် ဖေဖေ မေမေ့ကို အနည်းဆုံး ခြောက်ကြိမ် လက်ထပ်ခွင့်တောင်းရမယ်။ ဟုတ်တယ်မို့လား မေမေ။ ”

ရှောက်ချန်းကျယ်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ ခြောက်ကြိမ် မပြောနဲ့ ၊ အကြိမ် ( ၆၀ ) ဆိုရင်တောင် ကိစ္စမရှိပါ။ အဆုံးသတ်မှာ သူမနှင့် သမီးလေးက သူ့ကို လက်ခံမှာပဲမို့ ရှောက်ချန်းကျယ်သည် သူ ဒီနေ့ စိတ်စောသွားတယ် ဆိုတာကို နားလည်သွားသည်။

ချန်ကျင်းလန်က သမီးဖြစ်သူနှင့် လက်သန်းချင်း ချိတ်လိုက်ပြီးနောက် တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြသည်။

ချန်လီချီက သူမအမေရဲ့ လက်စွပ်လေးကို တို့ထိကြည့်လိုက်သည်။ “ ဒါပေမဲ့ လက်စွပ်ကိုတော့ မေမေ လက်ခံလို့ ရပါတယ်။ သမီးရည်းစားတွေမှာ ပုံစံတူ လက်စွပ်တွေ ရှိတာ သဘာဝပါပဲ။ သမီးရဲ့ လက်စွပ်နဲ့ မေမေ့လက်စွပ်ကိုတော့ … ” သူမက ခဏလောက် စဉ်းစားလိုက်၏။ “ မင်းသမီးလက်စွပ်လို့ နာမည်ပေးကြမယ်။ မင်းသမီးလေးရဲ့ လက်စွပ်နဲ့ မင်းသမီးကြီးရဲ့ လက်စွပ်ပေါ့။ ဘယ်လိုလဲဟင် ဖေဖေ ၊ အဲ့နာမည်‌ ကောင်းတယ်မို့လား။ ”

ရှောက်ချန်းကျယ်က သူမလေးကို ပွေ့ချီကာ မတ်တပ်ရပ်လိုက်ရင်း သူ့ဘေးက အမျိုးသမီးလေးရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ ဒါပေါ့ ၊ လီချီလေး ပေးတဲ့ နာမည်က အကောင်းဆုံးပဲ။ ဖေဖေတို့ရဲ့ မင်းသမီးလေးက အရမ်း တော်တယ် ၊ ပြီး‌တော့ ဖေဖေတို့ရဲ့ မင်းသမီးကြီးကလည်း …… ”

ရှောက်ချန်းကျယ်ရဲ့ စကားမဆုံးခင်မှာပဲ သူ့ပါးစပ်ကို လက်နှင့် အအုပ်ခံလိုက်ခံရတာမို့ စကားဆုံးအောင် ပြောခွင့်မရလိုက်ပါ။ ချန်ကျင်းလန်ရဲ့ မျက်နှာပေါ်မှာ အနီရောင်ဖျော့ဖျော့လွှမ်းနေသည်။ မင်းသမီးလေးက မင်းသမီးလေးပဲ ဆိုပေမဲ့ မင်းသမီးကြီးလို့ သူ ခေါ်တာကိုတော့ မခံချင်။

ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေဟာ ရယ်မြူးရိပ်သန်းနေခဲ့သည်။ သူက သူမရဲ့ လက်ချောင်းလေးတွေနှင့် လက်စွပ်လေးကို ခပ်ဖွဖွ နမ်းလိုက်လျှင် ချန်ကျင်းလန်ရဲ့ လက်မှာ မီးအဟပ်ခံလိုက်ရသလို ခံစားချက်ဖြင့် ချက်ချင်းပဲ လက်ကို ပြန်ရုတ်သွားပါသည်။ ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ အပြုံးတွေ ဝေဆာသွားသည်။

ရုတ်တရက် ကြီးလာတဲ့ လှိုင်းလုံးတွေက ကမ်းစပ်ကို အလျင်အမြန် ချဉ်းကပ်လာသည်။ ချန်လီချီက အဖေဖြစ်သူရဲ့ ပခုံးကို ပုတ်ပြီး တခစ်ခစ် ရယ်မောကာ‌ အော်လိုက်သည်။ “ မြန်မြန်ပြေး ဖေဖေရေ။ ပင်လယ်ကြီးက သမီးတို့ကို စားဖို့ လာနေပြီ။ ”

“ ဖေဖေက ပင်လယ်ကြီးကို ဖေဖေတို့မိသားစုလေးကို လုံးဝ စားခွင့်မပြုဘူး။ ” ရှောက်ချန်းကျယ်က သမီးဖြစ်သူကို ရင်ခွင်ထဲမှာ ပွေ့ချီထားလျက် ၊ လက်တစ်ဖက်က ချန်ကျင်းလန်ရဲ့ လက်ကို ဆုပ်ကိုင်ထားလျက်ဖြင့် ပင်လယ်လေပြည်တွေရဲ့ ဆန့်ကျင်ဘက်ကို ခြေလှမ်းကျဲတွေနှင့် ပြေးလာခဲ့သည်။

ချန်ကျင်းလန်ကလည်း သူ့ခြေလှမ်းတွေနောက်ကို အမီလိုက်ပြီး ပြေးလာရသည်။ သူမရဲ့ လက်ကောက်ဝတ်ဆီက ခရုခွံလေးတွေက တချွင်ချွင် အသံမြည်ကာ သူမရဲ့ ဂါဝန်အနားစတွေက ခြေသလုံးတစ်ဝိုက်မှာ ဝဲဖြာနေခဲ့သည်။ သမီးလေးရဲ့ ပျော်ရွှင်မြူးတူးနေတဲ့ ရယ်သံလေးကိုရော ၊ သူ့အသက်ရှူသံကိုပါ ကြားနေရသည်။ ချန်ကျင်းလန်ရဲ့ နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း ကော့ညွှတ်လာခဲ့ပြီး သူမကလည်း ရှောက်ချန်းကျယ်ကို ကြည့် ၊ သူကလည်း သူမကို လှည့်ကြည့်ချိန်မှာ နှစ်ယောက်လုံး အကြည့်ချင်းဆုံသွားကြပါသည်။

ကောင်းကင်ပေါ်က ကြယ်တွေ ၊ လတွေက ပင်လယ်ထဲကို ပြုတ်ကျလာသလို ခံစားရပြီး ကျယ်ပြော‌တဲ့ ပင်လယ်ကြီးက သူမရှေ့မှာ မျက်စိတစ်ဆုံးပင်။ သူမ ပြုံးနေမိပါသည်။ ပြီးတော့ သူလည်း သူမရဲ့ ရယ်သံတွေကို ကြားသည်။

ဖေးကျူးဟွေ့နှင့် ချန်ရှန်းဟယ်က မလှမ်းမကမ်းကနေ ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြသည်။ ဖေးကျူးဟွေ့ရဲ့ မျက်လုံးတွေက နည်းနည်းလေး စိုစွတ်နေပြီး ချန်ရှန်းဟယ်က သက်ပြင်းသဲ့သဲ့ရှိုက်ကာ ဇနီးဖြစ်သူရဲ့ ခါးကို ပွေ့ဖက်လိုက်သည်။ တချို့ကိစ္စတွေက ကံစီမံရာအတိုင်းပဲ ထင်သည်။

***

All Chapters