အခန်း ၈၇
Vol. 9 Ch. 87
အပိုင်း ( ၈၇ )
ဖေးကျူးဟွေ့က ချန်ရှန်းဟယ်ကို “ သူက ကျွန်မတို့ရဲ့ မြေးမလေးကို ဘယ်လောက်တောင် ပျော်အောင် ထားလဲ ဆိုတာ ရှင် မြင်လား။ သူ့အပေါ် အရမ်း မတင်းမာပါနဲ့။ စိတ်ကို လျှော့သင့်တဲ့အခါ လျှော့ရတယ်။ ကျွန်မတို့မြေးမလေးရဲ့ ပျော်ရွှင်မှုထက် ဘယ်ဟာက ပိုအရေးကြီးလို့လဲ။ ” ဟု ပြောလိုက်သည်။
“ မဟုတ်သေးဘူး။ လူတစ်ယောက် စမ်းသပ်သင့်တဲ့ အချိန်မှာလည်း စမ်းသပ်ရမှာပဲ။ မင်း ခုနတုန်းက မမြင်လိုက်ဘူးလား။ သူ ထိုင်ခုံမှာ ဒီတိုင်း ထိုင်နေရုံနဲ့တင် ငါးမိနစ်အတွင်းမှာ မိန်းကလေးသုံးယောက်က သူ့ဆီ ချဉ်းကပ်လာတာ။ သူ့မှာ မိန်းကလေးတွေ ကျလောက်စရာ ရုပ်ရည် ရှိတယ်။ ကိုယ် ရှိနေလို့ သူ ဟန်ဆောင်ပြီး အနေအထိုင်ဆင်ခြင်နေတာလည်း ဖြစ်နိုင်တာပဲ ၊ ကိုယ် မရှိတဲ့အချိန် သူ ဘယ်လောက်တောင် ပွေရှုပ်နေမလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ”
ဖေးကျူးဟွေ့က သူ့ကို မျက်စောင့်ထိုးလိုက်သည်။ “ ရှင့်ရုပ်ရည်လည်း သူ့ထက်တော့ မလျော့ပါဘူးနော်။ ဒါဆို ရှင်လည်း လူရှုပ်လူပွေပဲလား။ လေယာဉ်ပေါ်ကို ရောက်ရုံပဲ ရှိသေးတယ် ၊ ရှင်က မိန်းမတစ်ယောက်နဲ့ စကားလက်ဆုံကျနေတဲ့အပြင် သူ့ဖုန်းနံပါတ်ကိုပါ တောင်းလာခဲ့သေးတယ်လေ။ ”
ချန်ရှန်းဟယ်က သူ့ဇနီးရဲ့ လက်ကို အမြန် ဆုပ်ကိုင်လိုက်သည်။ “ ဘယ်လိုလုပ် ဒီအကြောင်းကို ထပ်ရောက်သွားတာလဲကွာ။ ကိုယ် မင်းကို သေချာ ရှင်းပြပြီးပြီပဲ။ ကိုယ် ဘာမှ မသိခဲ့ဘူး။ သူ့ကို မင်းရဲ့ သူငယ်ချင်းလို့ပဲ ထင်ခဲ့တာ။ မင်းရဲ့ သူငယ်ချင်းကို တွေ့တော့ ယဉ်ကျေးမှုအရ စကားနည်းနည်းပါးပါး ပြောမိရုံပါပဲ။ ကိုယ် သူ့ကို စကား သုံးခွန်းအထက်တောင် ပိုမပြောခဲ့ဘူး။ ”
တကယ်တော့ ချန်ရှန်းဟယ်က ဒီကိစ္စမှာ မတရား စွပ်စွဲခံရတာ ဖြစ်သည်။ သူ့မိန်းမသာ သူ့ကို ပြောမပြခဲ့ရင် အမျိုးသမီးလျို့ရဲ့ ရည်ရွယ်ချက်တွေကို သူ သိခဲ့မှာ မဟုတ်ပေ။ ဖေးကျူးဟွေ့လည်း သူမရဲ့ စိတ်ရင်းအမှန်ကို အရင်တုန်းကတော့ မသိခဲ့ဘဲ သူငယ်ချင်းကောင်းတစ်ယောက်လို့သာ အမြဲတမ်း သဘောထားခဲ့သည်။ တစ်နေ့ကျတော့ ဖေးကျူးဟွေ့ရဲ့ အိမ်ကို သူမ လာလည်တုန်း ချန်ရှန်းဟယ်ရဲ့ အဝတ်အစားတွေကို ခိုးယူနမ်းရှိုက်နေတာကို ဖေးကျူးဟွေ့ အမှတ်မထင် တွေ့သွားသည်။ ဖေးကျူးဟွေ့သည် ချက်ချင်းပဲ ပွဲကြမ်းကာ သူမကို နှင်ထုတ်ပစ်လိုက်၏။ ဒီလို ကြားမကောင်းတဲ့ ကိစ္စမျိုးကို ချန်ရှန်းဟယ်ကိုလည်း ပြောမပြချင်တာကြောင့် စိတ်ထဲမှာပဲ သိမ်းဆည်းထားခဲ့သည်။ ဒီတစ်ခေါက် လေယာဉ်ပေါ်မှာ ထိုအမျိုးသမီးနှင့် ချန်ရှန်းဟယ် တွေ့တာကလည်း သူမ ဇာတ်လမ်းဆင်ထားတာတောင် ဖြစ်နိုင်သည်။
ဖေးကျူဟွေ့က သူ့လက်ဖမိုးကို ဆွဲဆိတ်လိုက်သည်။ “ ရှင် နောက်တစ်ခါ သူနဲ့ အမှတ်မထင် ဆုံလို့ စကားပြောရဲ ပြောကြည့် ၊ အိမ်ပြန်ရောက်ရင် တစ်သက်လုံး ကျွန်မအခန်းထဲကို တွေးတောင် မတွေးနဲ့။ ”
ချန်ရှန်းဟယ်က ကောင်းကင်ကို တိုင်တည်၍ ကျိန်ဆိုလိုက်သည်။ “ ကိုယ် သူနဲ့ ဘယ်တော့မှ ထပ်မတွေ့စေရဘူး။ ဘာလို့ဆို အခု သူက ကိုယ့်အတွက် အကောင်အထည်မရှိတဲ့ လူပဲ ဖြစ်သွားပြီ။ ကိုယ် သူနဲ့ တွေ့စရာအကြောင်းတောင် မရှိတာ ဘယ်လိုလုပ် သူနဲ့ စကားပြောနိုင်မှာလဲ။ ”
ဖေးကျူးဟွေ့က မျက်နှာကို အတင်း တည်ထားသော်လည်း ရယ်ချင်စိတ်ကို ထိန်းမထားနိုင်ပါ။ သူမ ချက်ချင်းပဲ မျက်နှာကို တည်ယူလိုက်သည်။ “ ရှင်က သူ့ကို လူရှုပ်လူပွေ့လို့ ပြောပေမဲ့ တကယ်တော့ ရှင်လည်း အတူတူနဲ့ အနူနူပဲ။ ရှင်က အစ်ကိုကြီး ၊ သူက ဒုတိယအစ်ကိုပဲ။ အဲ့ဒါကို ဘာလို့ သူ့ကို မှိုချိုးမျှစ်ချိုး ပြောနေရတာလဲ။ ”
ချန်ရှန်းဟယ်က သူ့မိန်းမ ရယ်နေတာကို မြင်တော့ သူလည်း အတူတူ လိုက်ပြီး စနောက်ချင်သွားသည်။ “ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတော့ မဖြစ်နိုင်ဘူး။ အဲ့ဒါက ဝါအရ စီစဉ်တာ မှားနေတယ်။ ”
“ ဘာမှားလို့လဲ။ ရှင်က သူ့ကို သားမက်အဖြစ်တောင် အသိအမှတ်ပြုတာ မဟုတ်ဘဲနဲ့။ ”
“ သူ့ကို သားမက်အဖြစ် လက်ခံတာ လက်မခံတာက သက်သက်တစ်ပိုင်းပဲ။ ဒါပေမဲ့ ဝါအရ စီစဉ်တာကတော့ မှားလို့ မရဘူး။ ”
ဖေးကျူးဟွေ့က သူ့ရဲ့ ခေါင်းမာမှုကို ဘာမှ ဆက်တိုက်တွန်းမနေချင်တော့ပါ။ “ လီချီလေးရဲ့ မွေးနေ့ညကျ သူ့ကို အိမ်ကို လာခိုင်းလိုက်။ ”
ချန်ရှန်းဟယ် ဘာမှ မပြောနိုင်သေးခင်မှာပဲ ဖေးကျူးဟွေ့က “ ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ။ ရှင် သူ့ကို မလာရဘူးလို့ ပြောရဲ ပြောကြည့် ၊ ကျွန်မ ဒီညလည်း ပြတင်းပေါက်တွေကို ပိတ်ထားလိုက်ရင် ရှင် တားသွားပြီး ထပ်ဝင်လာရလိမ့်မယ်။ ”
ချန်ရှန်းဟယ် သူ့နှာခေါင်းကို ပွတ်လိုက်သည်။ သူ့မိန်းမက ဆုံးဖြတ်ပြီးနေပြီ ဆိုမှတော့ သူ ဘာများ ထပ်ပြောနိုင်ဦးမှာလဲ။ သေချာတာပေါ့ ၊ သူ့မိန်းမ ပြောတဲ့အတိုင်းပဲ တစ်သွေမတိမ်း လိုက်နာရမှာပါ။
ချန်လီချီက သူမရဲ့ အဘိုးနှင့် အဘွားကို မြင်သွားတော့ ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။ အဲ့ဒီနောက် သူမလေးက မေမေ့ဘက်ကို ခေါင်းလေး စောင်းပြီ “ ကြည့်ရတာ ဘိုးဘိုးက ဘွားဘွားကို ချော့လို့ ရသွားပြီ ထင်တယ်။ ” ဟု ပြောလိုက်သည်။
သူတို့သုံးယောက်လုံး ကမ်းခြေနှင့် ဝေးဝေးကို ရောက်နေကြပြီး ပြေးနေရာမှ အရှိန်လျှော့ကာ လမ်းလျှောက်လိုက်သည်။ ချန်ကျင်းလန် ဒီလိုမျိုး မပြေးဖြစ်တာ အတော် ကြာခဲ့ပါပြီ။
ဟောဟဲဆိုက်တဲ့အထိ မောဟိုက်နေပေမဲ့ ခန္ဓာကိုယ်ထဲမှာ မျှော်လင့်မထားတဲ့ ရွှင်ပျလန်းဆန်းမှုနှင့် ပေါ့ပါးမှုကို ခံစားရသည်။ သူမတို့ရှိရာဘက်ကို လှမ်းကြည့်နေတဲ့ သူမရဲ့ အဖေနှင့် အမေကို မြင်တော့မှ သူတို့ ဘယ်အချိန်ကတည်းက ကြည့်နေကြတာပါလိမ့် ဟူ၍ အံ့ဩသွားသည်။ မိဘတွေဆီမှာ မိသွားတာကို သူမ မစိုးရိမ်ပါ။ နည်းနည်းလေး ရှက်မိရုံသာ။
ချန်ကျင်းလန်သည် သူ့လက်ထဲကနေ ရုန်းထွက်ရင်း “ လက်ကို လွှတ်ပေးတော့။ ” ဟု ပြောလိုက်ပေမဲ့ ရှောက်ချန်းကျယ်ကတော့ လွှတ်မပေးပါ။ သူမ သူ့မျက်နှာကို စေ့စေ့ ကြည့်ပြီး “ လွှတ်ပေး။ ” ဟု နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။
သူမရဲ့ မျက်လုံးထဲက ခြိမ်းခြောက်မှုကို အာရုံခံမိသွားတဲ့ ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို နာခံစွာ လွှတ်ပေးလိုက်ရပါတော့သည်။
အဲ့ဒါကို ဘေးက ကြည့်နေတဲ့ ချန်လီချီက သူမအဖေရဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ “ ဘိုးဘိုးက သူ့လုပ်ငန်းကိုသာ ဦးစီးအုပ်ချုပ်နေပေမဲ့ အိမ်မှာတော့ မိန်းမကြောက်ရတယ်လို့ ဦးလေးက ပြောဖူးတယ်။ ဖေဖေလည်း အနာဂတ်မှာ ဘိုးဘိုးလိုပဲ မိန်းမကြောက်ရမယ် ထင်တယ်။ ”
ချန်ကျင်းလန် : …။
ချန်ကျင်းလန်နှင့် တခြားလူတွေက ချန်လီချီရဲ့ မွေးနေ့မရောက်ခင် တစ်နေ့မှာ တရုတ်ပြည်ကို ပြန်လာခဲ့ကြသည်။ ချန်ကျင်းချွမ်က သူတို့ကို လေဆိပ်မှာ မနက်စောစော လာကြိုပေးသည်။ တူမလေးကို မြင်တော့ သူ့အပြုံးက နားရွက်ကို တက်ချိတ်တော့မလိုတောင် ဖြစ်သွားကာ ချန်ရှန်းဟယ် ချီထားတဲ့ သူ့တူမလေးကို လက်လွှဲယူပြီး မျက်နှာလေးကို သေချာ ကြည့်လိုက်သည်။ “ မဆိုးပါဘူး။ နည်းနည်းတော့ အသားညိုသွားပေမဲ့ ပိုချစ်စရာကောင်းလာတယ်။ ”
ချန်လီချီက ဦးလေးဖြစ်သူရဲ့ နားရွက်ကို ဆွဲဆိတ်ရင်း ပြောလိုက်သည်။ “ သမီးက ဦးလေးနဲ့ တူလို့ မွေးကတည်းက ချစ်စရာကောင်းတယ်လေ။ အဲ့တော့ အသားညိုညို ဖြူဖြူ ချစ်စရာကောင်းနေတာ မထူးဆန်းပါဘူး။ ”
ချန်ကျင်းချွမ် ရယ်မောလိုက်သည်။ “ မွေးကတည်းက ချစ်စရာကောင်းတယ် ဆိုတာက ဦးလေးနဲ့ သိပ်မအပ်စပ်ပေမဲ့ လီချီလေးကတော့ ဦးလေးနဲ့ တူတာ သေချာပါတယ်။ ”
သူတို့နောက်ကနေ လက်ဂေ့ဂ်ျကို တွန်း၍ ထွက်လာသူကို မြင်ချိန်မှာတော့ ချန်ကျင်းချွမ်ရဲ့ အပြုံးလေး အေးခဲရပ်တန့်သွားသည်။ သူက အဖေ့ကို ‘ ဒီကောင် ဒီမှာ ဘာလာလုပ်တာလဲ ’ ဟု မေးခွန်းထုတ်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
ချန်ရှန်းဟယ်ကလည်း ‘ ငါ့ကို လာမမေးနဲ့လေ။ ငါလည်း မင်းလိုပဲ ထပ်တူ သိချင်နေတာ။ စကားပုံ တစ်ခု ရှိတယ်မို့လား။ ယောက္ခမက သားမက်ကို ကြည့်လေ ကြည့်လေ ပိုသဘောကျလေပဲတဲ့။ သူက မင်းအမေရဲ့ နှလုံးသားကို ချုပ်ကိုင်ပြီးသွားပြီ။ မင်း အခုက စပြီး သူ့ကို ခဏ ခဏ တွေ့ရလိမ့်မယ်။ သူ့ကို ငါတို့ဝေယျာဝိစ္စတွေကို ပိုက်ဆံမယူဘဲ လာလုပ်ပေးနေတဲ့ အလုပ်သမားတစ်ယောက်လို့ပဲ သဘောထားလိုက်ပါ။ ငါလည်း အဲ့လိုပဲ သဘောထားတယ်။ ’ ဟူ၍ တွေးနေခဲ့သည်။
သားအဖ နှစ်ယောက်သား မျက်လုံးတွေကနေ အသံတိတ် ဆက်သွယ်နေခဲ့ကြပြီး လက်ဂေ့ဂ်ျအကြီးကြီးကို တွန်းလာတဲ့ ရှောက်ချန်းကျယ်က ချန်ကျင်းချွမ်ကို မြင်တော့ “ အစ်ကိုကြီး။ ” ဟု နှုတ်ဆက်လိုက်သည်။
ချန်ကျင်းချွမ်ရဲ့ အေးခဲနေတဲ့ မျက်နှာအမူအရာက ချက်ချင်းပဲ ရှုံ့မဲ့သွားလေသည်။ ဒီကောင် ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ … ။ ချန်ကျင်းချွမ်တစ်ယောက် ခဏတာ ဆွံ့အသွားရသည်။ ဒီခွေးကောင်က ဉာဏ်နီဉာဏ်နက်များရုံတင် မဟုတ်ဘူး ၊ အရှက်လည်း မရှိဘူးပဲ။ သူ့ယောက္ခမ ဆွေမျိုးတွေကို ပထမဆုံးအကြိမ် တွေ့တုန်းကတောင် သူ ဒီကောင့်လောက် မျက်နှာပြောင်မတိုက်ခဲ့။ ဒီကောင့်ရဲ့ ရဲတင်းမှုက မြို့နံရံတွေကိုတောင် ကျော်လွန်နေပါပြီ။
ဖေးကျူးဟွေ့က ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရင်း ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ တကယ်တော့ သူ ချန်ကျင်းချွမ်ကို အစ်ကိုကြီးလို့ ခေါ်တာလည်း မှားတော့ မမှားပါ။ တရားနည်းလမ်းကျကျ ပြောရရင် သူ ချန်ကျင်းချွမ်ကို အစ်ကိုကြီးလို့ ခေါ်သင့်တာပါပဲ။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို ထိုသို့ ပေါ့ပေါ့ပါးပါး ခေါ်နိုင်လိမ့်မည်ဟု ထင်မထားကြ။
ဟုတ်ပါတယ်လေ ၊ ဒီလို အချိန်မျိုးတွေမှာ ဘယ်သူမဆို အရှက်ရှိကြတော့တာမှ မဟုတ်တာ။ မိန်းကလေးတစ်ယောက်ကို ပိုးပန်းတဲ့ နေရာမှာတောင် မာနကြီး တစ်ခွဲသား ၊ ဟန်ကြီးပန်ကြီး တစ်ခွဲသား လုပ်နေတဲ့ လူမျိုးရဲ့ စိတ်ရင်းအမှန်ကိုလည်း သူမ ယုံကြည်မှာ မဟုတ်။
အနားမှာ လူတွေသာ မရှိရင် ချန်ကျင်းလန်က သူ့ကို ကန်ပြီးနေပြီ ဖြစ်သည်။ သူ ဘာလို့ သူမရဲ့ အစ်ကို,ကို အစ်ကိုကြီးလို့ ခေါ်လိုက်တာလဲ။ သူမရဲ့ အမေက သူ့ကို အတူလိုက်ခွင့်ပေးပြီး လက်ဂေ့ဂ်ျ နည်းနည်းပါးပါး သယ်ခိုင်းလိုက်တာက သူမနှင့် တရင်းတနှီးနေဖို့ ခွင့်ပြုပေးလိုက်တာ မဟုတ်ပါ။
ချန်လီချီလေးက တခစ်ခစ် ရယ်မောနေသည်။ “ ဖေဖေက ဦးလေးရဲ့ တပည့်လုပ်တော့မှာလား။ ”
ရှောက်ချန်းကျယ် ခေါင်းညိတ်ပြလိုက်သည်။ မလုပ်နိုင်စရာ ဘာအကြောင်း ရှိလို့လဲ … ။
ချန်ကျင်းချွမ်ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာက တူမလေးရဲ့ စကားကို ကြားတော့မှ နည်းနည်းလေး ပြန်ကြည်လင်သွားသည်။ ရှောက်ကော်ပိုရေးရှင်းရဲ့ စီးအီအိုကို သူ့တပည့်လုပ်ခိုင်းထားတယ် ဆိုတဲ့ သတင်းကို တခြားလူတွေ ပြန်ပြောပြလိုက်ရင် … ဆိုးတော့ မဆိုး။ ဂုဏ်ယူစရာကောင်းလိမ့်မည်။
ချန်ရှန်းဟယ်က သူ့မြေးမလေးနှင့်အတူ ဂိမ်းဆော့တာကို အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။ တစ်ချက်လေးတောင် အကြည့်မလွဲရဲ ၊ တစ်ချက်လေး စိတ်မလွတ်ရဲ။ မကျေနပ်ချက်အသစ်တွေ ၊ မကျေနပ်ချက်အဟောင်းတွေကို သူ့မိန်းမ မရှိတဲ့ အချိန်ကျမှ ဒီကောင်နှင့် စာရင်းရှင်းလို့ ရသည်။
ချန်ရှန်းဟယ်က ရှောက်ချန်းကျယ်ကို ပိုက်ဆံပေးစရာမလိုတဲ့ အလကားအလုပ်သမားအဖြစ် သဘောထားတာမို့ သူ့ကို အပြည့်အဝ အသုံးချခဲ့သည်။ လက်ဂေ့ဂ်ျတွေကို ဆွဲပေးဖို့ လူငှားစရာမလို။ ရှောက်ချန်းကျယ် သူ့ဘာသာ သယ်ပေးလိမ့်မည်။
ရာသီဥတုအပူချိန်က ( ၄၀ ) ဒီဂရီဆဲလ်စီးယပ်စ်နီးနီး။ ချန်ရှန်းဟယ်က ပူခြစ်နေတဲ့ နေလုံးကြီးကို မော့ကြည့်ရင်း အလွန် ကျေနပ်သွားသည်။ သူ့အလှည့်တုန်းက ယောက္ခမရဲ့ အိမ်ကို ပထမဆုံးအကြိမ် သွားတော့ အဘိုးကြီးက သူ့ကို နောက်ဖေးဥယျာဉ်ထဲ ကန်ထုတ်ပြီး အသီးအရွက်စိုက်ခင်းတွေထဲမှာ ပေါင်းနှုတ်ခိုင်းခဲ့သည်။ အဲ့ဒီတုန်းက နေရောင်က ဒီနေ့လို စူးတောက်မနေပေမဲ့လည်း ပေါင်းနှုတ်ရတာက လက်ဂေ့ဂ်ျအိတ်ကို တွန်းရတာထက် အများကြီး ပိုပင်ပန်းသည်။
ရှောက်ချန်းကျယ် သူတို့မိသားစုနှင့် လက်ထပ်ချင်ရင် အခက်အခဲတွေကို မကြောက်ရွံ့သင့်။ ဘာလို့ဆို ဒါက အစပဲ ရှိသေးကာ အရှေ့မှာ သူ့ကို စောင့်ကြိုနေတဲ့ အခက်အခဲတွေ အများကြီး ကျန်ပါသေးသည်။
ချန်ကျင်းလန်က အကြီးဆုံး လက်ဂေ့ဂ်ျအိတ်ကြီးကို တွန်းဆွဲလာတဲ့ ရှောက်ချန်းကျယ်ကို ကားနားမှာ ရပ်ပြီး ကြည့်နေခဲ့သည်။ သူက သူမကို လှည့်ကြည့်ပြီး “ ကားထဲမှာ ဝင်စောင့်နေလေ။ ကိုယ့်ကို အဖော်လုပ်မပေးပါနဲ့။ အပြင်မှာ နေအရမ်းပူတယ်။ ကိုယ် မြန်မြန် လုပ်လိုက်မယ်။ ” ဟု ပြောသည်။
“ ဘယ်သူက ရှင့်ကို အဖော်လုပ်ပေးနေလို့လဲ။ ” နေကာမျက်မှန်အောက်က ချန်ကျင်းလန်ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်။ လက်ပိုက်ထားတဲ့ သူမရဲ့ ပုံစံက အဖော်လုပ်ပေးတာထက် ကြီးကြပ်စောင့်ကြည့်နေတဲ့ ခေါင်းဆောင်တစ်ယောက်နှင့် ပိုတူသည်။ သို့သော်လည်း သူမက သူ့ကို လက်ကိုင်ပဝါလေးတွေ ပေးလိုက်ပါသည်။
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ ရယ်မြုးရိပ်တွေ ပြည့်နှက်သွားသည်။ “ ဘာလို့ ကိုယ့်ကို လက်ကိုင်ပဝါတွေ ပေးတာလဲ။ ”
ချွေးတွေက သူ့နားထင်ကနေ မေးရိုးအထိ တလိပ်လိပ် စီးကျနေသည်။ ပူခြစ်စူးတောက်နေတဲ့ နေရောင်က လူကို မောဟိုက်စေသည်။ ချန်ကျင်းလန်က “ ရှင် ယူမှာလား ၊ မယူဘူးလား။ ” ဟု ခပ်ပြတ်ပြတ်ပဲ မေးလိုက်သည်။
ရှောက်ချန်းကျယ်က လက်ဂေ့ဂ်ျကို ဆက်တွန်းနေရင်းမှ သူမကို ဖျတ်ခနဲ လှည့်ကြည့်သည်။ “ ကိုယ့် ချွေးတွေကို မင်း သုတ်ပေးပါလား။ ”
ချန်ကျင်းလန်က လက်ကိုင်ပဝါတွေကို သူမရဲ့ အိတ်ထဲ ပြန်ပစ်ထည့်လိုက်သည်။ တော်ပြီ ၊ သူ့ဘာသာ ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်တော့မည်။
ရှောက်ချန်းကျယ် ခပ်တိုးတိုး ရယ်လိုက်ချိန်မှာ ချွေးတို့ဖြင့် စိုပြောင်နေတဲ့ သူ့ရဲ့ လည်ဇလုပ်က သူ့ရဲ့ အသက်ရှူနှုန်းနှင့်အတူ လှုပ်ရှားသွားသည်။
နေကာမျက်မှန်အောက်က ချန်ကျင်းလန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွား၏။ သူမက အိတ်ထဲက နောက်ထပ် လက်ကိုင်ပဝါတွေကို စိတ်မရှည်စွာ ထုတ်ယူပြီးနောက် သူ့နားကို တိုးကာ သူ့မျက်နှာကို လက်ကိုင်ပဝါတွေနှင့် ခပ်ကြမ်းကြမ်းလေး ဖိပွတ်သုတ်ပေးရင်း ပါးစပ်ကလည်း “ ရှင်က တကယ့်အရူးပဲ။ ” ဟု မြည်တွန်တောက်တီးလိုက်လေသည်။
ရှောက်ချန်းကျယ်ဆီက ရယ်သံထွက်လာသလို သူ့ရင်ဘတ်ကလည်း အသက်ရှူသံနှင့်အတူ အနည်းငယ် လှုပ်ရှားသွားသည်။ ချန်ကျင်းလန်က အားထပ်ထည့်ပြီး ကြမ်းကြမ်းလေး ဖိသုတ်ပစ်လိုက်သောအခါ သူ့မျက်နှာပေါ်မှာ အနီရောင်အမှတ်တွေ ကျန်ခဲ့သည်။ သူ ဒီလောက်တောင် မရိုးသားတဲ့ လူလို ရယ်နေတာ .. သူ့ကို လမ်းသွားလမ်းသာတွေ လှည့်ကြည့်သွားတာကို မမြင်ဘူးလား … ။ သူမအဖေ ပြောနာ မှန်သည်။ ရှောက်ချန်းကျယ်က တကယ့်ပြဿနာအိုးပင်။
ချန်ကျင်းချွမ်က ဒရိုင်ဘာကို ဟွန်းတီးဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။ ဘာလို့ အဲ့ကောင် ဒီလောက် ကြာနေတာလဲ။ သူ့ညီမနဲ့ လူမြင်ကွင်းထဲမှာ အဲ့လို ချစ်ကြည်နူးနေပြီးတော့ သူ့မှာ တစ်နေကုန် အချိန်ရှိတယ်များ ထင်နေလား။
ဖေးကျူးဟွေ့က သူ့ကို ခပ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်သည်။ “ တော်လိုက်တော့။ နင် အဲ့လောက် အားနေရင် လက်ဂေ့ဂ်ျကို ဘာလို့ သွားကူသယ်မပေးတာလဲ။ ရာသီဥတုက ဒီလောက် ပူအိုက်နေတာကို နင်က သူ ချွေးထွက်တာကို အပြစ်ပြောနိုင်သေးတယ်လား။ ”
ချန်ကျင်းချွမ်ရဲ့ မျက်နှာက မှုန်ကုပ်သွားသည်။ သူ ဒီရေလှိုင်းတွေကို မတားဆီးနိုင်ဘူး ဆိုတာ နားလည်ပါသည်။ သူ့အမေရဲ့ ကာကွယ်ပေးမှုကို ရထားတဲ့ ရှောက်ချန်းကျယ်က သူတို့မိသားစုထဲမှာ ဧကရာဇ်ဓားကို ရထားသလိုပဲ ဖြစ်သည်။
ရှောက်ချန်းကျယ်သည် လက်ဂေ့ဂ်ျကို ကားပေါ် တင်ပြီးသွားချိန်မှာတော့ သူ့ကျောပြင်မှာ ချွေးတွေ စိုရွဲနေခဲ့ပြီ ဖြစ်သည်။ ဖေးကျူးဟွေ့က သူ့ကို ပြတင်းပေါက်ကတစ်ဆင့် ရေဘူးတစ်ဘူး လှမ်းပေးလိုက်တာကို သူ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ယူလိုက်သည်။ “ ကျေးဇူးပါ အဒေါ်။ ”
ချွေးတွေ စိုရွဲနေတဲ့ သူ့ရှပ်အကျီကို မြင်တော့ ဖေးကျူးဟွေ့ရဲ့ မျက်လုံးထဲမှာ ကျေနပ်မှုတွေ ပြည့်လျှံသွားသည်။ “ မင်း အချိန်အားရင် မနက်ဖြန်ညကျ ညစာစားဖို့ လာခဲ့ပါ။ ”
ရှောက်ချန်းကျယ် အတော်လေး အံ့ဩသွားပြီး ရပ်တန့်သွား၏။ ရာသီဥတုရဲ့ အပူဓာတ်တွေ သူ့ခေါင်းထဲမှာ စုသွားပြီး သူ့ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတာလား။ သူ့ဘေးက အမျိုးသမီးကို အတည်ပြုချက်တောင်းခံသလို ကြည့်လိုက်တော့ သူမက “ ရှင် ဘာလို့ ကျွန်မကို လာကြည့်နေတာလဲ။ ရှင် မလာနိုင်လို့လား။ ” ဟု ပြန်ပြောသည်။
ရှောက်ချန်းကျယ်ရဲ့ မျက်ဝန်းနက်တွေထဲမှာ အပြုံးတွေ ပျံ့နှံ့တောက်ပသွားလေသည်။ သူ ဖေးကျူးဟွေ့ကို တည်ငြိမ်စွာပဲ ပြန်ပြောလိုက်ပါသည်။ “ ကျွန်တော် အားပါတယ် ဒေါ်လေး။ ကျွန်တော့်ကို ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
ဖေးကျူးဟွေ့ရဲ့ မျက်နှာမှာလည်း သူ့ပျော်ရွှင်မှုတွေ ကူးစက်သွားကာ ပြုံးလိုက်သည်။ “ ဒီလိုဆို တော်သေးတာပေါ့။ ”
ချန်လီချီက ဖေဖေ့ကို မျက်လုံးမှိတ်ပြလိုက်သည်။ ဘိုးဘိုးရဲ့ စာမေးပွဲကို ဖေဖေ အောင်သွားတာလား။
ချန်ကျင်းလန်ကတော့ နေကာမျက်မှန်ကို ချိန်ညှိရင်း အကြည့်လွှဲထားခဲ့သည်။ “ မနက်ဖြန် ကျွန်မတို့ရဲ့ ဆွေမျိုးတွေလည်း လာမှာ ဆိုတော့ ရှင် စောစောရောက်အောင် လာခဲ့ပါ။ ”
ရှောက်ချန်းကျယ်သည် သူမရဲ့ မျက်နှာတည်တည်လေးကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်၏။ “ ကိုယ် စောစော လာခဲ့ပါ့မယ်။ ”
ချန်ကျင်းလန်က သူ့ကို ဖျတ်ခနဲ လှည့်ကြည့်ပြီးမှ ကားထဲ ဝင်သွားသည်။ ကားပြတင်းပေါက်မှန်က သူတို့ကြားမှာ ဖြည်းဖြည်းချင်း ခြားသွားပေမဲ့ နှစ်ယောက်သားရဲ့ မျက်လုံးတွေကတော့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ချန်ကျင်းလန်က ဒရိုင်ဘာကို “ သွားကြမယ်။ ” ဟု ပြောလိုက်သည်။
ရှောက်ချန်းကျယ်ရဲ့ အပြုံးက ကြည်လင်သန့်ရှင်းတဲ့ ရေကန်လေး တစ်ကန်လိုပဲ နက်ရှိုင်းသွားသည်။
ချန်လီချီက မေမေ့ရဲ့ ရင်ခွင်ထဲကနေ ပြတင်းပေါက်အပြင်ဘက်က ဖေဖေ့ကို တက်တက်ကြွကြွလေး လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။ “ မနက်ဖြန် တွေ့မယ်နော် ဖေဖေ။ ”
“ ဟုတ်ပြီ။ မနက်ဖြန် တွေ့ကြမယ် လီချီလေး။ ”
ရှောက်ချန်းကျယ်က တဖြည်းဖြည်း ထွက်ခွာသွားတဲ့ ကားနောက်မြီးလေး သူ့မြင်ကွင်းထဲက ပျောက်ကွယ်သွားတဲ့ထိ ရပ်ကြည့်နေခဲ့သည်။
***