အခန်း ၈၉
Vol. 9 Ch. 89
အပိုင်း ( ၈၉ )
ချန်ရှန်းဟယ်ရဲ့ မျက်နှာက ပိုလို့တောင် မကျေမနပ်ဖြစ်သွားလေသည်။ သူလည်း သူ့မိန်းမကို လက်ဆောင်တွေ အများကြီး ပေးဖူးပေမဲ့ ‘ ကျေးဇူးပါ။ ကျွန်မ တကယ် သဘောကျတယ်။ ’ ဆိုတဲ့ စကားကို ကြားရခဲသည်။
ချန်ကျင်းချွမ်က သူ့ရှေ့က စာချုပ်ကို ကြည့်ကာ အတော်လေး ဇဝေဇဝါဖြစ်သွားသည်။ သူ့အဖေကို ရှောက်ချန်းကျယ် ပေးတဲ့ လက်ဆောင်ကိုတော့ ဘူးပုံသဏ္ဍာန်ကို ကြည့်ရုံဖြင့် ရှေးခေတ်လက်ရေးလှလက်ရာ တစ်ခုမှန်း သိပေမဲ့ သူ့ကို ဘာအဓိပ္ပာယ်နှင့် စာချုပ်ပေးတာလဲ ဆိုတာ အံ့ဩမိသည်။ သိချင်စိတ်ကြောင့် ထိုစာချုပ်ကို ခပ်မြန်မြန် ဖွင့်ဖတ်ကြည့်လိုက်တော့ နန့်ချန်က မြေကွက်နှင့် ပတ်သက်တဲ့ စီပွားရေးကိစ္စတွေ ဖြစ်နေပြီး အတော်လေး အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းဖြင့် ရေးသားထားပါသည်။
ရှောက်ချန်းကျယ်က နောက်ထပ် စာချုပ် တစ်စောင်ကို ယူလိုက်ကာ ချန်ကျင်းလန်ကို တစ်ချက် ကြည့်ပြီးမှ ထိုစာချုပ်ကို ချန်ရှန်းဟယ်အား လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။ “ ဒါက ရှယ်ယာလွှဲပြောင်းမှုစာချုပ်ပါ ဦးလေး။ ”
ချန်ရှန်းဟယ်က စာချုပ်ကို မယူသောကြောင့် ရှောက်ချန်းကျယ်သည် စာချုပ်ကို လှမ်းပေးနေတဲ့ ခပ်ကိုင်းကိုင်း အနေအထားတိုင်းပဲ ဆက်ထိန်းထားခဲ့ရသည်။ ဖေးကျူးဟွေ့က ချန်ရှန်းဟယ်ရဲ့ ခြေထောက်ကို ဆောင့်နင်းပစ်လိုက်တော့မှ ချန်ရှန်းဟယ်က ဗလုံးဗထွေး အော်သံကို လည်ချောင်းထဲမှာ ထိန်းထားရင်း ထိုစာချုပ်ကို ဘာအမူအရာမှ မပြတဲ့ မျက်နှာတည်ဖြင့် ယူလိုက်သည်။
ရှယ်ယာလွှဲပြောင်းတဲ့ စာချုပ် တစ်စောင်က စာချုပ် ဘယ်လောက်များ လွှဲပေးနိုင်မှာမို့လို့လဲ။ ရှောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေ မဟုတ်တာတော့ သေချာသည်။ ထို့နောက် ချန်ရှန်းဟယ်သည် စာချုပ်အောက်ဆုံးကို ကြည့်ပြီး မျက်ခုံးပင့်သွားရသည်။ သူ ရှောက်ချန်းကျယ်ကို “ မင်း ဒါ တကယ်လား။ ” ဟု မေးလိုက်၏။
ရှောက်ချန်းကျယ် ခေါင်းညိတ်ပြလိုက်သည်။ “ ကျွန်တော် လက်မှတ်ထိုးပြီးပါပြီ ဦးလေး။ ကျင်းလန် လက်မှတ်ထိုးလိုက်တာနဲ့ အဲ့စာချုပ်က ချက်ချင်း တရားဝင်သွားပါပြီ။ ”
ချန်ရှန်းဟယ်က သူ့ကို စိုက်ကြည့်ရင်း အတွေးထဲမှာ နစ်မြုပ်သွားရသည်။ သူ ဖတ်တာသာ မမှားရင် ရှောက်ချန်းကျယ်က သူ့နာမည်အောက်က ရှောက်ကော်ပိုရေးရှင်းရှယ်ယာ တစ်ဝက်ကို သူ့သမီးချန်ကျင်းလန်ထံ လွှဲပေးချင်နေတာပါ။
“ မင်းတို့မိသားစုက လူကြီးတွေနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကရော သဘောတူလို့လား။ ”
“ ကျွန်တော် ရှောက်ကော်ပိုရေးရှင်းက ဒါရိုက်တာတွေကို အခု ဖုန်းဆက်ပြလို့ ရပါတယ်။ ”
“ ဒါ ဘာအဓိပ္ပာယ်လဲ ဆိုတာရော မင်း သိလား။ ”
စာချုပ်ရဲ့ သဘောတရားအရ ရှောက်ကော်ပိုရေးရှင်းတစ်ဝက်က ချန်မိသားစုရဲ့ အပိုင် ဖြစ်လာမည် ဖြစ်ပြီး ချန်ကျင်းလန်က ရှောက်ကော်ပိုရေးရှင်းမှာ သူနှင့် တန်းတူညီမျှ ပြောရေးဆိုခွင့်ရှိလာမှာ ဖြစ်သည်။
“ ကျွန်တော် သိပါတယ်။ ”
သူ့အတွက်တော့ ကုမ္ပဏီက ရှောက်မိသားစုအပိုင်ပဲဖြစ်ဖြစ် ၊ ချန်မိသားစုအပိုင်ပဲဖြစ်ဖြစ် အရေးမကြီးပါ။ သူ့ဘေးမှာ သူမနှင့် သူတို့သမီး လီချီလေး ရှိနေဖို့ကပဲ သူ့အတွက် ပိုအရေးကြီးသည်။
ချန်ရှန်းဟယ်က စာချုပ်ကို ချန်ကျင်းလန်ဆီ ပေးလိုက်သည်။ ချန်ကျင်းလန်က စာချုပ်ကို တစ်ဝက်လောက် ဖတ်ကြည့်ပြီးနောက် ဆက်မဖတ်တော့ဘဲ ပိတ်ပစ်ကာ ခေါင်းခါယမ်းလိုက်သည်။ “ ကျွန်မ လက်မခံဘူး။ ”
ရှောက်ချန်းကျယ်က သူမကို ကြည့်လိုက်ချိန်မှာ ချန်ကျင်းလန်က “ ရှင် ဒီလို လုပ်ဖို့ မလိုပါဘူး။ ” ဟု ပြန်ပြောလိုက်လေသည်။
ဒီလို အရာတွေကို အသုံးပြုပြီး ဘာကိုမှ သက်သေပြစရာ မလိုပါ။ သူမမှာလည်း ကိုယ်ပိုင်လုပ်ငန်းရှိတာကြောင့် ဘယ်နည်းနှင့်မဆို သူ့ကို မှီခိုစရာ မလိုပါ။ နောက်ဆုံးမှာ သူ့ကို အသိအမှတ်ပြု လက်ခံလိုက်တယ် ဆိုရင်တောင် အဲ့ဒါက ရှောက်ချန်းကျယ်အဖြစ်သာ လက်ခံလိုက်တာဖြစ်ပြီး မသက်ဆိုင်တဲ့ တခြားအချက်တွေကြောင့် မဟုတ်ပါ။ သူတို့ရဲ့ ဆက်ဆံရေးမှာ စီးပွားရေးသဘောတရားတွေ ၊ အမြတ်အရှုံးတွေ မငြိစွန်းစေချင်ပါ။ အဲ့ဒါက အခြေအနေတွေကို ရှုပ်ထွေးစေလိမ့်မည်။
ချန်ကျင်းချွမ်သည် စာချုပ်ကို ယူကာ အဆုံးထိ ဖတ်ပြီးတဲ့နောက် မျက်ခုံးတစ်ချက် ပင့်သွားသည်။ သူက “ ကျင်းလန် လက်မခံချင်ရင် လီချီလေးကိုပဲ လွှဲပေးလိုက်လေ။ ” ဟု အကြံပေးလိုက်သည်။
ယောက်ျားတွေက သူတို့အချင်းချင်း မယုံကြည်တတ်။ တချို့ အရာတွေကို ဆန္ဒမရှိရင်တောင် အတင်း လုယူလို့ ရပါသည်။ ရှောက်ချန်းကျယ်က လီချီလေးရဲ့ အဖေ ဆိုတဲ့ နေရာကို လိုချင်နေတဲ့အတွက် သင့်လျော်တဲ့ စိတ်ရင်းအမှန်ကိုတော့ ထုတ်ဖော်ပြသင့်သည်။
ရှောက်ချန်းကျယ်က ချန်ကျင်းလန်ကို ကြည့်လိုက်ပေမဲ့ သူမက နှုတ်ဆိတ်နေ၍ နူးညံ့စွာ ပြောလိုက်သည်။ “ အဲ့ဒါလည်း အလုပ်ဖြစ်သားပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ဒီပစ္စည်းတွေက လီချီလေးရဲ့ အပိုင် ဖြစ်မှာပဲ။ အနှေးနဲ့အမြန် ဆိုတဲ့ အချိန် တစ်ခုပဲ ကွာသွားမှာ။ ”
ချန်ရှန်းဟယ်က သူ ပြောတဲ့ စကားကို အတော်လေး ကျေနပ်သွားကာ ရှေ့က ရေနွေးကြမ်းခွက်ကို ယူပြီး တစ်ငုံ သောက်နေလိုက်သည်။
ချန်ကျင်းလန်က ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး နောက်ဆုံးတော့ ခေါင်းညိတ်ပြလိုက်ပါတော့သည်။
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးထဲမှာ နူးညံ့တဲ့ အလင်းတန်းလေး ဖြတ်သန်းသွားခဲ့သည်။ သူက သူမနှင့် လက်သန်းချင်း ချိတ်လိုက်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် ရှိနေခဲ့သည်။
ဘေးမှာ ထိုင်နေတဲ့ ဖေးကျူးဟွေ့က သူတို့ရဲ့ အပြုအမူလေးကို မြင်သွားပြီး မသိမသာ ပြုံးလိုက်သည်။ သူမလည်း ရေနွေးကြမ်းခွက်ကို ယူပြီး တစ်ငုံ သောက်လိုက်ပါသည်။
ထိုအချိန်မှာပဲ ခြံထဲက လီချီလေးရဲ့ “ ဘွားဘွား ၊ ဦးလေးငယ်နဲ့ ဒေါ်လေးငယ်ရေ .. ဒိုဒိုနဲ့ ဂျစ်တူလေးလည်း ရောက်နေတာပဲ။ ” ဆိုတဲ့ ရွှင်ပျပျ အသံလေး ပျံ့လွင့်လာသည်။
ချန်လီချီရဲ့ ဦးလေးငယ် ချန်လီချွမ်က ယိယွမ်ရှန်းဝေဆေးရုံက ဆရာဝန် တစ်ယောက်ဖြစ်ပြီး ဒေါ်လေးငယ်ရှုယန်ကတော့ ပြပွဲကုမ္ပဏီ တစ်ခုက စီအီးအိုတစ်ယောက်ဖြစ်သည်။ သူတို့က အသက် ခြောက်လမပြည့်သေးတဲ့ ချစ်စရာ အမွှာလေးကို မွေးထားပြီး နို့ပေါင်မုန့်လေးတွေလို နူးညံ့တဲ့ ထိုကလေး နှစ်ယောက်လုံးက မျက်စိရှေ့က လူတိုင်းကို လိုက်ကြည့်ပြီး ပြုံးပြတတ်သည်။
ခဏနေတော့ ရှန်းစီဝမ်က ရှန်းချူချီနှင့်အတူ ရောက်လာပြီး သူမတို့ရဲ့ ကားနောက်ကနေ လီဖေးဖုန့်ရဲ့ ကားက ကပ်လိုက်လာသည်။ လီဖေးဖုန့်သည် အခု အတော်လေး နားမလည်နိုင်အောင် ဖြစ်နေသည်။ ချန်ကျင်းချွမ်က သူ့ကို မနေ့ကတည်းက ဖုန်းဆက်ပြီး ရှောက်ချန်းကျယ်ကို ဒီနေ့ သဘောကောင်းမပေးဖို့ ပြောထားသည်။ ဒါပေမဲ့ ရှောက်ချန်းကျယ်က ရှန်းစီဝမ်အတွက်တော့ အစ်ကိုလိုပဲ ဖြစ်ပြီး အနာဂတ်မှာ သူ့ယောက်ဖ ဖြစ်လာမယ့် လူ ဆိုရင် မမှားပါ။ သူ့မှာ သူ့မိန်းမကိုတောင် အခုချိန်ထိ သူ့ဘက်ကို စိတ်ပြန်လည်အောင် မလုပ်နိုင်သေးရတဲ့ကြားထဲ သူ့ယောက်ဖလောင်းကိုပါ စော်ကားလိုက်ရင် သူ့မိန်းမနှင့် ပိုလို့တောင် ဝေးကွာသွားရပါလိမ့်မည်။
ထို့ကြောင့် လီဖေးဖုန့်သည် သူ့ယောက်ဖလောင်းဘက်ကပဲ နေရမလား ၊ သူ့သူငယ်ချင်းကြီး ချန်ကျင်းချွမ်ဘက်ကပဲ နေရမလား ဆိုတာ သုံးစက္ကန့်လောက် ဝေခွဲမရ ဖြစ်နေခဲ့သည်။ နောက်ဆုံးတော့ သူ့ယောက်ဖလောင်းဘက်ကပဲ ရပ်တည်ဖို့ သူ ဆုံးဖြတ်လိုက်တော့သည်။
ကျိုးအန်းနှင့် ဖန့်နျဉ်ကလည်း ဒီနေ့ ချန်ကျင်းချွမ်တစ်ယောက် သူ့ယောက်ဖကြီးကို အင်အားပြနိုင်မလား ဆိုတာကို ကြည့်ဖို့ ရောက်လာခဲ့ကြသည်။ ချန်လီချွမ်ကတော့ မနက်ဖြန် ခွဲစိတ်စရာတွေ ရှိတာမို့ ဒီည သောက်လို့ မရပေ။
ထို့ကြောင့် ချန်ကျင်းချွမ်တို့အဖွဲ့ကပဲ ရှောက်ချန်းကျယ်ကို အတင်းအကျပ် သောက်ခိုင်းဖို့ ရောက်လာခဲ့ကြသည်။ အတိအကျ ပြောရလျှင်တော့ ချန်ကျင်းချွမ်နှင့် ရှစ်ရမ်က ရှောက်ချန်းကျယ်ကိူ အရက်မူးအောင် လုပ်ဖို့ အသည်းအသန် ကြိုးစားနေခဲ့ကြသည်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရှစ်ရမ်နှင့် ချန်ကျင်းချွမ်က ရှောက်ချန်းကျယ်ကို အရက်မူးအောင် မလုပ်နိုင်ဘဲ သူတို့နှစ်ယောက်ကသာ တစ်ယောက်နှင့်တစ်ယောက် ဘယ်သူ ပိုသောက်နိုင်လဲ ဆိုတာ ယှဉ်ပြိုင်နေခဲ့လေသည်။
ရှောက်ချန်းကျယ်က နောက်ဆုံးမှာတော့ အသက်ဝဝရှူချိန် ရသွားကာ ရေနွေးပူ တစ်ခွက်ကို မော့သောက်ရင်း ရီဝေဝေခံစားချက်ကို ဖိနှိပ်လိုက်သည်။ အနားကို ရောက်လာတဲ့ ချန်ကျင်းလန်က သူ့ရဲ့ နီရဲနေတဲ့ နားရွက်ဖျားတွေနှင့် အတော်လေး ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာကို မြင်လျှင် သူ အရက်တွေ အများကြီး သောက်ထားပြီမှန်း နားလည်လိုက်သည်။
ချန်ကျင်းလန်က ချန်ကျင်းချွမ်ကို “ အဖေက ရှောက်ချန်းကျယ်ကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်။ သူ ဆက်သောက်လို့လည်း မရတော့ဘူး။ ” ဟု ပြောလိုက်သည်။
ချန်ကျင်းချွမ်နှင့် ရှစ်ရမ်က သူတို့ရဲ့ အရက်သောက်ပြိုင်ပွဲကြီးကို အကျိတ်အနယ် ယှဉ်ပြိုင်နေကြဆဲ ဖြစ်ပြီး ရှောက်ချန်းကျယ်ကို အာရုံစိုက်ဖို့ အချိန်ပို မရှိပေ။
ချန်ကျင်းချွမ်က သူမကို လက်ကာပြလိုက်ပြီး ရှောက်ချန်းကျယ်ကိုသာ ခေါ်သွားခိုင်းလိုက်သည်။ သူ ဒီအချိန် အဖေ့ဆီ သွားရင် လွယ်မှာ မဟုတ်။
ရီဝေဝေ ဖြစ်နေတဲ့ ရှောက်ချန်းကျယ်က ထိုင်ခုံမှ ထလိုက်ချိန်မှာ အနည်းငယိ ယိမ်းယိုင်သွားသည်။ ချန်ကျင်းလန်က သူ့လက်ကို ဆွဲပြီး မီးဖိုချောင်ထဲ ခေါ်လာကာ ပျားရည်နှင့် ရေနွေးကို ရောဖျော်ထားတဲ့ ဖန်ခွက်လေးကို ပေးလိုက်သည်။ “ ရှင် ရရော ရရဲ့လား။ ကျွန်အဖေက ရှင့်ကို ခေါ်ခိုင်းလိုက်တယ် ၊ ဒါပေမဲ့ ရှင် အဲ့ဒီကို သွားလည်း ထပ်သောက်နေရဦးမှာပဲ။ ”
“ ကိုယ် အဆင်ပြေပါတယ်။ ကိုယ်က အမြဲတမ်း အဆင်ပြေတယ်။ ” ရှောက်ချန်းကျယ်က ခွက်ကို ယူရင်း အသံကို နှိမ့်ချပစ်လိုက်ကာ သူမကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ချန်ကျင်းလန် သူ့ကို မျက်စောင်းပဲထိုးလိုက်သည်။
ရှောက်ချန်းကျယ်က ပျားရည်နှင့် ရေနွေး ရောဖျော်ထားတဲ့ ရေကို တစ်ကျိုက်တည်း မော့သောက်ကာ ခွက်ကို ပြန်ချပြီး သူမကို ပွေ့ဖက်လိုက်သည်။ “ စိတ်မပူပါနဲ့။ ဒါကို အစောပိုင်း လေ့ကျင့်ပေးနေတာလို့ပဲ သဘောထားပါ။ ကိုယ်တို့မင်္ဂလာဆောင်ဆိုရင် သေချာပေါက် စားပွဲသောက်ပွဲကြီးတွေ ပါမှာ။ ”
ချန်ကျင်းလန်က သူ့ခြေထောက်ကို ကန်လိုက်သည်။ ‘ ကိုယ်တို့မင်္ဂလာဆောင် ’ ဆိုတာ ဘာသဘောလဲ ၊ ဘယ်သူက သူနဲ့ လက်ထပ်မှာမို့လို့လဲ။ “ ရှင့်ဘာသာ အရက်ပဲ သွားသောက်နေလိုက်တော့။ ”
သူ အဲ့ဒီလို ဆက်စနောက်နေနိုင်သေးပုံထောက်ရင် လုံလုံလောက်လောက် အရက်မမူးသေးတာ သေချာသည်။
ရှောက်ချန်းကျယ် ရောက်လာသည်နှင့် ချန်မိသားစုရဲ့ ဆွေမျိုးတွေ ၊ အပေါင်းအသင်းတွေ အကုန်လုံးက အခြေအနေ အရပ်ရပ်ကို ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။ ဒါက လီချီလေးရဲ့ အဖေပဲ။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေဟာ မှန်ထဲမှာ ပြန်ကြည့်နေရသလို တစ်ထေရာတည်း တစ်ပုံစံတည်း … ။
တချို့ကတော့ အတင်းအဖျင်းတွေ ပြောနေကြဆဲ။ “ ကျင်းလန်က ရှောက်မိသားစုက လူ တစ်ယောက်နဲ့ ဘယ်လိုလုပ် ဒီအခြေအနေ ရောက်သွားတာလဲ။ ”
ဖေးကျူးဟွေ့က ယဉ်ကျေးသော အမူအရာဖြင့် ကြားဝင်ပြောလိုက်သည်။ “ ရှောက်မိသားစုမှာ ဘာမှ မှားနေတာ မရှိပါဘူး။ လူငယ်တွေကို ကျွန်မတို့လူကြီးတွေကြားက ရန်ငြိုးရန်စတွေထဲ ဆွဲထည့်လို့ မရဘူးလေ။ သူတို့နှစ်ယောက်လုံး အရင်တုန်းက အထင်လွဲခဲ့တာတွေ ရှိတယ် ၊ နှစ်တွေ အများကြီး ကြာတော့မှ ပြန်လည်ဆုံစည်းခွင့်ရတာကလည်း ကံကြမ္မာရဲ့ စီရင်မှုပဲ။ ကလေးတွေရဲ့ ပျော်ရွှင်မှုထက် ဘာကများ ပိုအရေးပါဦးမှာလဲ။ ”
“ ဒါပေမဲ့ ရှောက်မိသားစုမှာ အရှုပ်အထွေး ပြဿနာတွေ အခုထိ ရှိသေးတယ် မဟုတ်လား။ အရင်တုန်းကလောက်တော့ ပြဿနာတွေ မများတော့ဘူး ဆိုရင်တောင် သခင်ကြီးရှောက်က ရှိနေတုန်းပဲ။ ကျင်းလန် ရှောက်မျိုးရိုးနဲ့ လက်ထပ်လိုက်ရင် သူ့ရဲ့ အိမ်ထောင်သည်ဘဝက လွယ်ကူမှာ မဟုတ်ဘူး။ ”
ဖေးကျူးဟွေ့က ထိုစကားကို “ အခု ရှောက်မိသားစုကို ချန်းကျယ်က ဦးဆောင်နေပါပြီ ၊ သူက ကျင်းလန်ရဲ့ ဘေးအိမ်ကိုလည်း ဝယ်ထားတယ်။ သူတို့ လက်ထပ်ပြီးသွားရင်တောင် သူတို့မိသားစုသုံးယောက်ပဲ ဒီမှာ အေးအေးဆေးဆေး နေကြမှာပါ။ သခင်ကြီးရှောက်က ဘာမှ ဝင်စွက်ဖက်လို့ ရမှာ မဟုတ်ဘူး။ ” ဟု ပြန်ပြောလိုက်သည်။
ချန်ရှန်းဟယ်က ရှောက်ချန်းကျယ်ကို မိတ်ဆက်မပေးဘဲ သူ့ဘေးမှာသာ ထိုင်ခိုင်းထားသည်။ ဒါကတင် သူ့ကို အသိအမှတ်ပြုပေးတာလို့ ပြောလို့ ရသည်။ ချန်မိသားစုရဲ့ လူကြီးတွေက မကြာခင် သားမက်တစ်ယောက် ရတော့မှာကို တွေးကာ စိတ်လှုပ်ရှားနေခဲ့သည်။ အထူးသဖြင့် ထိုသားမက်က ရှောက်မျိုးရိုးလည်း ဖြစ်နေသေးသည်။
သူတို့ ဘာကို စောင့်နေကြသေးတာလဲ။ ဝိုင်တွေ ယူခဲ့ကြတော့။ ချန်မိသားစုရဲ့ သားမက်ဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး … ။ ရှောက်မျိုးရိုး တစ်ယောက်က ချန်မိသားစုရဲ့ သားမက်ဖြစ်လာဖို့ ဆိုရင်တော့ စကားထဲတောင် ထည့်ပြောမနေနဲ့။
ကလေးတွေရဲ့ စားပွဲမှာတော့ ချန်လီချီက ကိတ်မုန့်လေးကို တစ်ကိုက် ကိုက်ပြီး ချန်လီချီကို ပြောလိုက်သည်။ “ မေမေနဲ့ ဖေဖေရဲ့ မင်္ဂလာပွဲကျရင် ငါက ပန်းကြဲမှာ။ ”
ရှန်းချူချီရဲ့ မျက်လုံးလေးတွေက တောက်ပသွားပြီး ကိတ်မုန့်ကို ကော်ယူနေတဲ့ ခက်ရင်းလေးကို ရပ်တန့်လိုက်သည်။ “ ငါလည်း ပန်းကြဲချင်တယ် ချန်လီချီ။ ငါလည်း နင်နဲ့ ပန်းကြဲမယ်။ ”
ယွင်ချီက “ နင့်အဖေနဲ့ အမေက ဘယ်တော့ လက်ထပ်မှာလဲ လီချီလေး။ ” ဟု မေးလိုက်တော့ ချန်လီချီက ခေါင်းခါပြလိုက်သည်။ “ ငါလည်း မသိဘူး။ ဒါပေမဲ့ သိပ်မကြာလောက်ပါဘူး။ ”
ရှန်းချူချီ စိတ်ဝင်စားသွားသည်။ “ နင်က ဘယ်လိုလုပ် သိတာလဲ။ ”
“ ဘာလို့လဲ ဆိုတော့ ငါ့အဖေက ငါ့အဘိုးရဲ့ စာမေးပွဲကို အောင်သွားပြီလေ။ နတ်သမီးပုံပြင်တွေထဲမှာဆို မင်းသားလေးက စမ်းသပ်ချက်တွေကို အောင်မြင်သွားတာနဲ့ မင်းသမီးလေးနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားလို့ ရပြီ။ ”
“ အဲ့ဒါဆို နင့်အဖေက နင်တို့အိမ်ကို ပြောင်းလာတော့မှာလား။ ”
ချန်လီချီက ကိတ်မုန့်ကို တစ်ကိုက် ကိုက်ရင်း ခဏလောက် စဉ်းစားလိုက်သည်။ “ အေး။ ငါ့အမေနဲ့ ငါက ဒီမှာ နေတာ ဆိုတော့ ငါ့အဖေလည်း ငါတို့အိမ်ကိုပဲ ပြောင်းလာမှာပေါ့။ ”
ရှန်းချူချီက ချန်လီချီရဲ့ မျက်နှာပေါ်က ခရင်မ်တွေကို ကြည့်ကာ စားပွဲပေါ်က လက်ကိုင်ပဝါလေးတွေ သွားယူပြီး သူမလေးရဲ့ မျက်နှာကို စုတ်ဖို့ ပေးလိုက်သည်။ ချန်လီချီက သူ ပေးတဲ့ လက်ကိုင်ပဝါလေးကို ယူပြီး ချစ်စရာကောင်းစွာ ပြန်ပြုံးပြလိုက်သည်။ ရှန်းချူချီက နှာခေါင်းလေးကို ပွတ်လိုက်ကာ ကိတ်မုန့်လေးကို စပြီး ငုံ့စားနေလိုက်သည်။
ရှန်းစီဝမ်က နားရွက်ဖျားလေးတွေ ရဲနေတဲ့အထိ ရှက်နေတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းရှိုက်လိုက်သည်။ ကလေးတွေက တကယ့်ကို အရွယ်ရောက်တာ မြန်ကြတာပဲ။
ချန်လီချီရဲ့ မွေးနေ့ပွဲက ပျော်ရွှင်စွာ ပြီးဆုံးသွားသည်။ သူမလေးက ရေချိုးပြီးသွားတော့ အိပ်ရာထဲမှာ လဲလျောင်းကာ ဘွားဘွား ( ရှောက်ချန်းကျယ်ရဲ့ အမေ ) ကို ဖုန်းဆက်ပြီး မွေးနေ့လက်ဆောင်တွေနှင့် အန်ပေါင်းတွေအတွက် ကျေးဇူးတင်စကားပြောလိုက်သည်။
လွီစစ်ဝေက ဖုန်းထဲကနေ ရယ်လို့ မဆုံးတော့။ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ပိုလို့ သာယာနေပျော်စရာကောင်းလာသည်။ မနှစ်က ဒီလို အချိန်တုန်းကဆို သူမရဲ့ သားဖြစ်သူ လူပျိုကြီးဘဝနှင့် အရိုးထုတ်သွားရမှာကို စိုးရိမ်နေတုန်းပဲ ရှိသေးရဲ့။ ဒီနှစ်တော့ သူမကို ဘွားဘွားလို့ ခေါ်တဲ့ မြေးမလေးလည်း ရှိနေခဲ့ပြီ။ ဒီနေ့ ယောက္ခမတွေအိမ်မှာ သူမရဲ့ သား တလွဲတချော်တွေ မလုပ်ဖို့ သူမ မျှော်လင့်သည်။ အဲ့ဒါမှ သူမမှာ ချွေးမလေး ရှိလာမှာ ဖြစ်သည်။
ရှောက်ချန်းကျယ်က တလွဲတချော်တွေ ဘာမှ မလုပ်ဘဲ ချန်ကျင်းလန်ရဲ့ ဆွေမျိုးတွေ တိုက်သမျှကိုသာ နင်းကန် သောက်နေခဲ့သည်။ သူ့ကိုယ်သူ ဟန်မပျက်အောင်တော့ ထိန်းထားနိုင်ဆဲ ဖြစ်ကာ နောက်ထပ် ခွက်တွေကို ယဉ်ကျေးစွယ ငြင်းဆန်လိုက်ပေမဲ့ သူ့ဘေးမှာ ရှိနေတဲ့ ယောက္ခမကြီးကြောင့် ဘယ်လိုမှ မငြင်းနိုင်ဘဲ ခွက်ထဲကို လောင်းထည့်ပေးသမျှ အရည်တွေကို မျက်စိမှိတ် သောက်နေခဲ့ရလေသည်။
သူ မူးနစ်ရီဝေနေတုန်းမှာ တစ်စုံတစ်ယောက်က သူ့ကို အိပ်ရာထဲ ခေါ်သွားသည်။ ချာချာလည်နေတဲ့ သူ့ခေါင်းထဲမှာ အိပ်ချင်စိတ် တစ်ခုတည်းသာ ရှိသော်လည်း သူ့ရဲ့ အရက်မူးနေတဲ့ ဦးနှောက်က အတွေးတစ်မျှင်ကိုတော့ ဖက်တွယ်ထားဆဲ။ ရှောက်ချန်းကျယ်သည် သူ့ဖုန်းကို လက်နှင့် စမ်း၍ လိုက်ရှာကာ နံပါတ် တချို့ကို နှိပ်လိုက်ပြီးနောက် ထိုအတွေးမျှင်လေးကို လွှတ်ချနိုင်သွားသည်။ အဲ့ဒီနောက် ခေါင်းအုံးပေါ်က ရင်းနှီးနေတဲ့ ရနံ့လေးနှင့်အတူ သူ အိပ်ပျော်သွားခဲ့သည်။
သူ့ဘေးခန်းမှာတော့ ချန်လီချီလေးကလည်း သူ ပေးထားတဲ့ ဘာဘီရုပ်လေးကို ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။ ဘာဘီရုပ်က အပိုဆောင်း လက်ဆောင် ဖြစ်ပြီး အဓိကလက်ဆောင်ကတော့ ဘာဘီရုပ်လေးရဲ့ လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ဘူးလေး ရှိသည်။ ထိုဘူးလေးထဲမှာ ( ၁၀ ) ကာရက်ရှိတဲ့ ပန်းရောင်စိန်လေး တစ်ပွင့် ရှိပေမဲ့ ချန်လီချီကတော့ သိသိသာသာပင် ဘာဘီရုပ်ကို ပိုသဘောကျနေ၏။ သူမအတွက် စိန် ဆိုတာ ကျောက်တုံး တစ်တုံးပါပဲ။
ချန်ကျင်းလန်က ရေချိုးခန်းထဲက ထွက်လာသည်။ ရှောက်ချန်းကျယ်က ကုတင်ခေါင်းရင်းကို ရီဝေစွာ မှီနေခဲ့ပြီး သူမကို မြင်တော့ ပြုံးလိုက်ပြီး သူမရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ အိပ်ရာပေါ်ကို ၊ တစ်နည်းအားဖြင့် သူ့ရင်ခွင်ထဲကို ဆွဲခေါ်လိုက်သည်။ ပြီးတော့ သူမရဲ့ မျက်လုံးတွေထဲကို ကြည့်ပြီး သူ အချိန်အကြာကြီး မျိုသိပ်ထားခဲ့တဲ့ မေးခွန်းကို ထုတ်မေးလိုက်သည်။ “ မြောင်မြောင် … လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကမ်းခြေမှာ ကိုယ် မင်းကို လက်ထပ်ခွင့်တောင်းဖို့ လုပ်တုန်းက မင်း တစ်ခုခုကို တုံ့ဆိုင်းနေသလိုပဲ။ မင်း ဘာကို တုံ့ဆိုင်းနေတာလဲ ဆိုတာ ကိုယ့်ကို ပြောပြလို့ ရမလား။ ”
ချန်ကျင်းလန်က သူရဲ့ ရီဝေဝေ မျက်လုံးတွေကို ကြည့်ကာ သူ မူးနေတုန်းပဲ ဆိုတာ သိလိုက်သည်။ သူ အရက်မူးနေတဲ့ အချိန်မှာ မနေ့တုန်းက အဖြစ်အပျက်တွေ ၊ အကြောင်းအရာတွေ အကုန်လုံးကို အလွယ်တကူ မေ့သွားလေ့ရှိသည်။ သူမ ထိုအကြောင်းကို ပြန်အစမဖော်ချင်ပါ။ သူ အဲ့ဒီညတုန်း မူးနေခဲ့သလိုပဲ ဒီညလည်း ထပ်မူးနေပြန်ပြီမို့ ဒီည ပြောခဲ့တဲ့ စကားတွေ ၊ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အကုန်လုံးကို မနက်ဖြန်ကျ မှတ်မိမှာ မဟုတ်ပါ။
“ ရှင် အဲ့ဒီညတုန်းက ကျွန်မကို လက်ထပ်ခွင့်တောင်းပြီးနေပြီလေ။ ”
ရှောက်ချန်းကျယ်ရဲ့ မှုန်မှိုင်းရီဝေနေတဲ့ အကြည့်က အေးခံသွားကာ တစ်စုံတစ်ခု သူ့အာရုံကြောတွေကို ရုတ်တရက် လှုံ့ဆော်လိုက်သည်။ သူ့ဦးနှောက်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် အုံ့ဆိုင်းနေခဲ့တဲ့ မြူတွေ တဖြည်းဖြည်း စတင် ရှင်းလင်းလာသည်။
“ ဒါပေမဲ့ ရှင်က အဲ့စကားကို မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ ဆိုပြီး လက်ထပ်ခွင့်တောင်းတာကို ချက်ချင်း ပြန်ရုတ်သိမ်းသွားခဲ့တယ်လေ။ ”
သူမက တုံ့ဆိုင်းနေစဉ်မှာ သူကတော့ နောက်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။ သူ ပြောတဲ့ စကားက အရက်မူးနေတဲ့ လူတစ်ယောက် အဆက်အစပ်မရှိ ပြောတဲ့ စကားဖြစ်သော်လည်း သူမက လေးလေးနက်နက် မှတ်ယူခဲ့မိသည်။
***