အခန်း ၉၀
Vol. 9 Ch. 90
အပိုင်း ( ၉၀ )
ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်၏။ “ မြောင်မြောင် .. ကိုယ် အခု မှတ်မိသွားပြီ။ ကိုယ် အဲ့အချိန်တုန်းက အဲ့စကားကို ပြန်ရုတ်သိမ်းခဲ့တာက … ” ကိုယ့်ကိုယ်ကိုယ် အိပ်မက်,မက်နေတယ်လို့ ထင်ခဲ့လို့ပါ။ မင်းနှလုံးသားထဲမှာ တခြားတစ်ယောက် ရှိနှင့်နေပြီးသားလို့ ထင်ခဲ့လို့ ၊ မင်း ကိုယ့်ကို သေချာပေါက် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အရင် ပယ်ချလိုက်တာပါ။
ချန်ကျင်းလန်က သူ့ပခုံးကို မှီရင်း သူ့စကားတွေကို ဖြတ်တောက်လိုက်သည်။ “ ဘာမှ တခြားအကြောင်းတွေကြောင့် မဟုတ်ဘူး။ တကယ်တော့ ရှင်ကိုယ်တိုင်ကိုက တုံးအလို့ပဲ။ ”
ရှောက်ချန်းကျယ်က သူမရဲ့ စကားကို ထောက်ခံလိုက်သည်။ “ ဟုတ်တယ်။ ကိုယ် တကယ် တုံးအခဲ့မိတာ။ ”
မဟုတ်ရင် သူတို့ ဒီလောက် နှစ်တွေ အများကြီးကို အလဟဿ ကုန်ဆုံးခဲ့စရာ အကြောင်း မရှိပေ။
ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်နားကို တိုးကပ်လိုက်သည်။ “ မြောင်မြောင် … ကိုယ် မနက်ဖြန် အမူးပြေသွားရင် မင်းကို ထပ်မေးမယ်။ အဲ့ကျရင်ရော မင်း ကိုယ့်ကို လက်ခံပေးမှာလား။ ”
“ အဲ့ဒါကိုတော့ ကျွန်မတို့ ကြည့်ရမှာပေါ့။ ” ချန်ကျင်းလန်က မျက်လုံးမှိတ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ ဘာပဲဖြစ်ဖြစ် ရှင် ဒီည ပြောခဲ့တဲ့ စကားတွေကို မနက်ဖြန်ကျ မှတ်မိမှာမှ မဟုတ်တာ။ ရှင့်ကိုယ်က အရက်နံ့တွေ နံစော်နေတာပဲ ၊ ရေသွားချိုးလိုက်ဦး။ ကျွန်မ ပင်ပန်းလို့ အိပ်ချင်နေပြီ။ ”
ရှောက်ချန်းကျယ်က သူမကို စောင်ခြုံပေးပြီး ပခုံးလေးကို ဖွဖွ ပုတ်လိုက်သည်။ “ အိပ်တော့။ ”
နောက်တစ်နေ့မနက် ချန်ကျင်းလန် အိပ်ရာနိုးလာချိန်မှာတော့ သူမဘေးမှာ နေရာလွတ်နေပြီ ဖြစ်သည်။ ခေါင်းအုံးပေါ်မှာလည်း “ မြောင်မြော့င်အတွက် ” လို့ သူ့လက်ရေးနှင့် ရေးထားတဲ့ စာအိတ်လေး တစ်အိတ် ရှိနေသည်။
ချန်ကျင်းလန်က ခုတင်ခေါင်းရင်းကို မှီထိုင်ပြီး စာအိတ်လေးကို ဖွင့်ကြည့်လိုက်သည်။ စာတစ်စောင်လို့သာ ပြောပေမဲ့ သူ့စိတ်ထဲက အကြောင်းအရာတွေကို ရောက်တတ်ရာရာ ရေးထားသည်မှာ စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် ထူထူထဲထဲ ရှိလှသည်။ သူ ဒီစာတွေ အကုန်လုံးကို တစ်ညလုံး ထိုင်ရေးနေတာလား။
သူ့ရဲ့ ဘာသာစကားစာမေးပွဲအဆင့်တွေက ဆိုးဝါးတယ်လို့ သူ ပြောဖူးတာ တကယ်လည်း မှန်ပုံရသည်။ ထိုတစ်ည မတိုင်ခင် သူမတို့ နှစ်ယောက်ရဲ့ ဟိုးအစကတည်းက စကားပြောဖူးတာလေးတွေ ၊ အကြည့်ချင်းဆုံဖူးတာလေးတွေကို ရိုးရှင်းစွာ ၊ တည့်တိုးဆန်စွာ ပြန်ရေးထားတာ ဖြစ်သည်။ တချို့ ကိစ္စတွေကိုဆို သူမတောင် မေ့နေပြီ ဖြစ်ကာ သူ့စာကို ဖတ်တော့မှ ပြန်မှတ်မိတာတွေ ရှိသည်။
ပြီးတော့ ထိုတစ်ညတုန်းက အဖြစ်အပျက်တွေ အကုန်လုံးကိုလည်း သူ မှတ်မိနေပုံပေါ်သည်။ နှစ်တွေ အကြာကြီး မေ့လျော့နေတဲ့ ကိစ္စတစ်ခုကို သူ ဘယ်လိုလုပ် ပြန်မှတ်မိသွားရတာပါလိမ့် ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး သိပ္ပံပညာရဲ့ အခြေခံသဘောတရားတွေများ ရှိနေတာလား …။
ချန်ကျင်းလန်သည် သူ ရေးထားတာတွေကို ဖတ်ရင်း နားရွက်ဖျားတွေ တဖြည်းဖြည်း ပူနွေးလာသည်။ သူ ဒီလောက် အသေးစိတ် ရေးထားစရာ မလိုပါ။
တံခါးကို တွန်းဖွင့် ဝင်လာတဲ့ ရှောက်ချန်းကျယ်က သူမ စာဖတ်နေတာကို မြင်တော့ တံခါးနားမှာ ရပ်ကာ အနည်းငယ် အနေရခက်သွားပုံပေါ်သည်။ ဒါက သူ့တစ်သက်မှာ မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် စာပေးဖူးတာ ဖြစ်သည်။ သူ့ကိုယ်သူ နည်းနည်းလေးမှ အနုပညာမဆန်ဘဲ နေ့စဉ်သုံးစကားတွေနှင့်သာ ရေးထားတယ် ဆိုတာကိုတော့ သိပါသည်။
ချန်ကျင်းလန်က စာကို အဆုံးထိ ဆက်မဖတ်နိုင်တော့ဘဲ အမြန် ခေါက်ကာ ခေါင်းအုံးအောက်ကို ထိုးသွင်းထားလိုက်သည်။ သူမရဲ့ အမူအရာက စိတ်ရှုပ်နေတာ တစ်ဝက် ၊ ဒေါသထွက်နေတာ တစ်ဝက်။ “ ရှင် ဘယ်လိုလုပ် ဒီလောက် အသေးစိတ် မှတ်မိနေရတာလဲ။ ”
“ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ကိုယ့်စိတ်ထဲက အဲ့ဒီမှတ်ဉာဏ်တွေဆီ ကိုယ် ခဏ ခဏ သွားဖြစ်လို့ပေါ့။ ကိုယ် အဲ့မှတ်ဉာဏ်တွေကို ဘယ်လိုလုပ် မေ့ပစ်နိုင်မှာလဲ။ ”
သူက အိပ်ရာဘေးကို လျှောက်သွားလိုက်ပြီး သူမကို ကြည့်ကာ ဖြည်းဖြည်းချင်း ဒူးတစ်ဖက်ထောက်လိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ထဲက ဘူးလေးကို ထုတ်ယူလိုက်သည်။ “ ကိုယ်တို့ရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို ကိုယ် သေချာ မှတ်မိတယ် မြောင်မြောင်။ အရေးကြီးဆုံး တစ်ညကပဲ ကိုယ့်မှတ်ဉာဏ်ထဲက အမြဲတမ်း ပျောက်နေခဲ့တာ။ အဲ့ညက ကိုယ် မမေ့သင့်တဲ့ ည ၊ အမှားတွေ အများဆုံး ကျူးလွန်ခဲ့မိတဲ့ ညပဲ။ ဒီနေ့မှ ကိုယ် အရာအားလုံးကို မှတ်မိသွားပြီ။ လက်ထပ်ခွင့်တောင်းပြီးတော့ အဲ့စကားကို ပြန်ရုတ်သိမ်းတာက ကိုယ့်ဘဝမှာ လုပ်ဖူးသမျှ အရာတွေထဲ အဆိုးဝါးဆုံး ဖြစ်မယ် ထင်တယ်။ အဲ့အချိန်တုန်းက မင်းနှလုံးသားထဲမှာ ကိုယ် ရှိနေလိမ့်မယ်လို့ လုံးဝ ယုံကြည်ချက်မရှိခဲ့ဘူး။ ကိုယ် အရက်မူးနေတဲ့ အချိန်မှာ မင်းကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ မင်း ငြင်းမှာကို ကြောက်လို့ ကိုယ် အရင်ဆုံး ရုတ်သိမ်းခဲ့မိတာပါ။ ”
“ ဒါဆို ရှင်က အခုတော့ အငြင်းခံရမှာကို မကြောက်တော့ဘူးပေါ့။ ရှင် လက်ထပ်ခွင့်တောင်းရင် ကျွန်မ လက်ခံမယ်လို့ သေချာနေလို့ လက်ထပ်ခွင့်တောင်းတာလား။ ”
“ မဟုတ်တာ။ ကိုယ် အရင်တုန်းက တုံးအခဲ့ပေမဲ့ အခုတော့ ဉာဏ်ကောင်းသွားပြီလေ။ မင်း ကိုယ့်ကို ငြင်းရင် ကိုယ်က နောက်တစ်ခေါက် လက်ထပ်ခွင့်ထပ်တောင်းရုံပဲ။ ”
ချန်ကျင်းလန်က ခပ်မတ်မတ် ထိုင်လိုက်သည်။ “ ရှင် မနေ့ညတုန်းက ဖြစ်ခဲ့တာတွေကို ဘယ်လိုလုပ် မှတ်မိနေတာလဲ။ ”
“ ကိုယ် ဒီတစ်ခေါက်လည်း ထပ်မေ့သွားမှာ စိုးရိမ်လို့ မူးပြီး မှောက်မသွားခင် ဖုန်းရဲ့ အသံသွင်းတဲ့ ခလုတ်ကို ဖွင့်ထားခဲ့တာ။ ”
… သူ မူးနေတုန်း သူ့ကို ရောင်းစားလို့တောင် ရလောက်သည်။ ချန်ကျင်းလန်က ကတ္တီပါဘူးလေးထဲက လက်စွပ်ကို ကြည့်လိုက်သည်။ “ ရှင် လက်စွပ် ဘယ်နှကွင်းတောင် ပြင်ထားတာလဲ။ ”
ရှောက်ချန်းကျယ်က “ အများကြီး ပြင်ထားတယ်။ မင်း ကိုယ့်ကို လက်ထပ်ဖို့ သဘောတူတဲ့ အချိန်ထိ ကိုယ် မင်းကို ဆက်တိုက် လက်ထပ်ခွင့်တောင်းနေမှာ။ ” ဟု နူးညံ့စွာ ပြောပြီး သူမကို စိတ်ရင်းအမှန်ဖြင့် ကြည့်လိုက်သည်။ “ ကိုယ်နဲ့ လက်ထပ်ပေးပါ မြောင်မြောင်။ ကိုယ်တို့ဘဝရဲ့ ဒုတိယအရွယ်မှာ ဆုံးရှုံးခဲ့ရတဲ့ ( ၇ ) နှစ်ကို ပြန်ပြင်ဆင်နိုင်ဖို့ ကိုယ့်ကို အခွင့်အရေးပေးပါ။ ”
သူတို့ဘေးပတ်ဝန်းကျင်က အရာအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရကာ နံရံပေါ်က နာရီသာလျှင် စက္ကန့်လက်တံနှင့် မိနစ်လက်တံတို့ အသံတိုးတိုးဖြင့် သွက်လက်စွာ လည်ပတ်နေခဲ့၏။
နောက်ဆုံးမှာ ချန်ကျင်းလန်က “ ကျန်တဲ့ လက်စွပ်တွေ ထပ်မလိုတော့ဘူး။ ” ဟု ပြောလိုက်လျှင် ရှောက်ချန်းကျယ်သည် စက္ကန့်ပိုင်းလောက် အငိုက်မိ ဆွံ့အနေပြီးမှ သူမရဲ့ စကားနောက်ကွယ်က အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်သွားလေသည်။ သူ ချန်ကျင်းလန်ကို အိပ်မက်,မက်နေသလို မော့ကြည့်လိုက်မိသည်။ “ မင်း လက်ခံလိုက်တာ မြောင်မြောင်။ ”
ချန်ကျင်းလန်က သူမရဲ့ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ “ ရှင့်မှာ အချိန် သုံးစက္ကန့် ရှိတယ်။ လက်စွပ်ကို ကျွမ်မလက်မှာ အချိန်မီ မစွပ်နိုင်ရင် ကျွန်မလည်း ကျွန်မ ပြောတဲ့ စကားကို ပြန်ရုတ်သိမ်းလိုက်မယ်။ ”
ထို့နောက် သူမ စတင် ရေတွက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ရုတ်တရက် ဆုပ်ကိုင်ပြီး လက်စွပ်ကို သူမရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ စွပ်ပေးလိုက်ပါသည်။ လက်စွပ်နှင့် သူမရဲ့ လက်သူကြွယ် ထိသွားချိန်မှာ လက်စွပ်က မဝင်ဘဲ ချော်ထွက်သွားသောကြောင့် ရှောက်ချန်းကျယ် အသက်အောင့်လိုက်မိသည်။ ချန်ကျင်းလန်က တစ်ကို ရေတွက်ပြီးပြီ ဖြစ်သော်လည်း သူမရဲ့ လက်သူကြွယ်မှာ လက်စွပ် ကျကျနန ဖြစ်တဲ့ အချိန် ရပ်စောင့်နေပြီးမှ “ တစ် ” ဟု ဆက်ရေရွတ်လေသည်။
ရှောက်ချန်းကျယ်သည် သူမရဲ့ လက်ပေါ်က လက်စွပ်လေးကို နူးညံ့စွာ နမ်းလိုက်ပြီးနောက် မတ်တပ်ရပ်ပြီး သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ “ လက်စွပ်ကို ဝတ်ပြီးသွားပြီ ဆိုတော့ မင်း ပြောထားတဲ့ စကားကို အခု ပြန်ရုတ်သိမ်းလို့ မရတော့ဘူးနော်။ ”
ချန်ကျင်းလန်ကလည်း သူ့ခါးကို ဖြည်းဖြည်းချင်း ပြန်ဖက်လိုက်ချိန်မှာပဲ တံခါးနောက်မှာ ပုန်းနေတဲ့ ချန်လီချီက တံခါးကို တွန်းဖွင့်ရင်း “ ဖေဖေနဲ့ မေမေ လက်ထပ်တော့မယ်။ သမီးက မင်္ဂလာဆောင်မှာ အလှဆုံး ပန်းကြဲလေး ဖြစ်တော့မှာ။ ”
ရှောက်ချန်းကျယ်နှင့် ချန်ကျင်းလန် နှစ်ယောက်လုံး ချန်လီချီတစ်ယောက် တံခါးနားမှာ ဘယ်အချိန်ကတည်းက ခိုးနားထောင်နေလဲ ဆိုတာကို မသိတော့ဘဲ ကြောင်အသွားလေသည်။
ချန်လီချီက အိပ်ရာဘေးကို ပြေးလာပြီး အိပ်ရာပေါ်ကို တွယ်တက်လိုက်သည်။ “ သမီးလည်း မေမေ့ကို ဖက်ချင်တယ် ဖေဖေ။ ”
ရှောက်ချန်းကျယ်က ‘ သမီးကိုတော့ မနိုင်ဘူး ’ ဟူသော အကြည့်ဖြင့် ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်း၍ ရင်ဖွင့်ပေးလိုက်သည်။
ချန်လီချီက ဖေဖေ့ရင်ခွင်ထဲမှာ မေမေ့ကို ဖေဖေနှင့်အတူ ဖက်ရင်း နွေးထွေးနေခဲ့သည်။ သူမလေးက ငြိမ်ငြိမ် မနေဘဲ ခုန်ဆွ ခုန်ဆွလေး လုပ်နေတာမို့ သုံးယောက်လုံး ဟန်ချက်ပျက်ကာ အိပ်ရာပေါ်ကို လဲကျသွားခဲ့၏။ ချန်လီချီက ဘယ်ဘက်က မေမေ့ကို တစ်လှည့် ၊ ညာဘက်က ဖေဖေ့ကို တစ်လှည့် ကြည့်လိုက်သည်။
“ ဖေဖေနဲ့ မေမေ လက်ထပ်ပြီးသွားရင် သမီးတစ်ယောက်တည်း ဆက်မအိပ်ချင်တော့ဘူး။ သမီး မေမေတို့နဲ့ ဒီလိုပဲ နေ့တိုင်း အိပ်ချင်တော့တယ်။ အဲ့လို လုပ်လို့ ရလားဟင်။ ”
ရှောက်ချန်းကျယ် : …
ချန်ကျင်းလန်က ခေါင်းအုံးကို မျက်နှာအပ်ရင်း အသံထွက် ရယ်မောနေခဲ့သည်။ အမေဖြစ်သူရဲ့ ရယ်သံကို ကြားတော့ ချန်လီချီလည်း တခစ်ခစ် လိုက်ရယ်မိသည်။
ရှောက်ချန်းကျယ်က သူတို့နှစ်ယောက်ကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်၏။ ဒါဟာ သူ့ရဲ့ ကမ္ဘာကြီး တစ်ခုလုံးပဲ ဖြစ်သည်။
နေရာင်ခြည်က လိုက်ကာစတွေကို ဖြတ်သန်း၍ အခန်းထဲမှာ လင်းဖြာကျနေကာ ကြမ်းပြင်ပေါ်မှာ အရိပ်ပြောက်ကျားတွေကို ထင်ဟပ်နေစေသည်။ အခန်းထဲက ရယ်သံလေးတွေက ခြံထဲအထိ ပျံ့လွင့်သွားပြီး ပုစဉ်းရင်ကွဲသံလေးတွေကလည်း ပိုလို့ ညိုးညိုးညံညံ ရှိလာခဲ့သည်။
အချိန်က တဒင်္ဂသာ ဖြစ်ကာ နွေရာသီကတော့ ကာလရှည်ကြာသည်။ ထို့ထက် အရေးကြီးတာကတော့ အချစ်ကို လွတ်လပ်စွာ ထိတွေ့ခံစားနိုင်တဲ့ အသက်အရွယ်အပိုင်းအခြားမှာ သတ္တိရှိရှိ ချစ်လိုက်ဖို့ပဲ ဖြစ်သည်။
ထန်ယိချန်းသည် မနက်ပိုင်းမှာ လုပ်နေကျအတိုင်း ဉက္ကဌချန်ရဲ့ ရုံးခန်းထဲကို သွားပြီး အလုပ်ကိစ္စတွေကို အစီရင်ခံကာ သူ ယူလာတဲ့ ပါဆယ်ထုပ်လေးကို ပေးလိုက်သည်။
ချန်ကျင်းလန်က ပါဆယ်ထုပ်ကို တစ်ချက် ကြည့်လိုက်သည်။ ထိုပါဆယ်ထုပ်လေးကို ကျန်းမုန့် ပို့ပေးလိုက်တာ ဖြစ်ကာ မနေ့တုန်းက ကျန်းမုန့်က သူမကို ဖုန်းဆက်ပြီး ပစ္စည်းကောင်းကောင်းလေး တစ်ခု ပို့ပေးလိုက်ကြောင်း ပြောသည်။ သူမက ဘာပစ္စည်းလဲဟု မေးလိုက်ပေမဲ့ ကျန်းမုန့်ကတော့ ပစ္စည်းရောက်တော့မှ ကိုယ်တိုင် ကြည့်ဖို့သာ ပြောပါသည်။ ကျန်းမုန့်ရဲ့ ပဟေဋိဆန်တဲ့ လေသံကို နားထောင်ရုံနှင့် အဲ့ဒါက သူမ ပြောသလို ပစ္စည်းကောင်းလေး မဟုတ်မှာကို တန်းသိသည်။ ချန်ကျင်းလန်က ပါဆယ်ထုပ်ကို ဘေးသို့ ရွေ့လိုက်ပြီး ထန်ယိချန်းကို ‘ အစည်းအဝေးအတွက် ပြင်ဆင်တာရော အခြေအနေ ဘယ်လိုလဲ ’ ဟု မေးလိုက်သည်။
ဒီနေ့ လန်ကျိုးဟိုတယ်မှာ ရင်းနှီးမြုပ်နံမှုဖိုရမ် တစ်ခု ကျင်းပဖို့ ရှိပြီး ပွဲကို တက်ရောက်မယ့် လူတွေက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေချည်းမို့ ဘာအမှားအယွင်းမှ အဖြစ်ခံလို့ မရပေ။
“ ကျွန်တော် အခုလေးတင် အောက်ထပ်ကို သွားကြည့်ပြီးပါပြီ။ ပွဲထဲကို လူတွေ တဖွဲဖွဲ ရောက်နေကြပြီ။ အကုန် ချောချောမွေ့မွေ့ပဲ။ ”
ချန်ကျင်းလန် ခေါင်းညိတ်ပြလိုက်သည်။ ဒီလိုဆို တော်သေးတာပေါ့။
ထန်ယိချန်းက ရုံးခန်းတံခါးဆီ လျှောက်သွားပြီးမှ ပြန်လှည့်ပြီး ပြောလိုက်သည်။ “ ဘော့စ်ချန် … ကျွန်တော် ခုနတုန်းက ဒီကို လာရင်းနဲ့ ဥက္ကဌရှောက်ကို တွေ့ခဲ့တယ်။ သူ ဒီနေ့ ဒုတိယအကြိမ် ဟောပြောမှာတဲ့။ ”
ချန်ကျင်းလန်က သူမရဲ့ စာရွက်စာတမ်းတွေကို အပြုံးယဲ့ယဲ့ဖြင့်သာ ကြည့်နေခဲ့ပါသည်။
ထန်ယိချန်းက ခပ်တိုးတိုး ရယ်လိုက်ပြီးနောက် ရုံးခန်းထဲက သွက်လက်စွာ ထွက်သွားကာ သူ့ဘော့စ်အတွက် တံခါးကိုတောင် ပြန်ပိတ်ပေးခဲ့သည်။ လက်ထောက် တစ်ယောက်ရဲ့ တာဝန်က သူတို့ရဲ့ ဘော့စ် ဘာတွေ တွေးနေလဲ ဆိုတာ ခန့်မှန်းနိုင်ဖို့ ဖြစ်ပြီး သူ့ဘာသာ ခန့်မှန်းဖို့ လိုအပ်တာတွေကို ခန့်မှန်းနိုင်ဖို့ မဟုတ်ပါ။ ပြီးတော့ အခုအချိန်မှာ သူ့ဘော့စ်တစ်ယောက် အချစ်ရဲ့ ပျားရည်ဆမ်းကာလထဲမှာ ရောက်နေတယ် ဆိုတာကိုလည်း ထန်ယိချန်း သိသည်။ ဘော့စ်ချန်ရဲ့ မျက်နှာပေါ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်မပြပေမဲ့ ဖုန်းပြောရင်း တစ်ခါတရံ ပြုံးရီနေတဲ့ မျက်လုံးတွေ ၊ နှုတ်ခမ်းတွေက ထုတ်ဖော်ပေးနေသည်။
နန့်ချန်မြေကွက်မှာ ချန်မိသားစုနှင့် ရှောက်မိသားစု လက်တွဲပြီး ပရောဂျက်တစ်ခု အကောင်အထည်ဖော်မယ့် ကိစ္စနှင့် ပတ်သက်လို့ အခုတလော အပြင်မှာ အတင်းအဖျင်းတွေ အတောမသတ်နိုင်အောင် ရှိနေခဲ့သည်။ ဒီသတင်းသာ အမှန် ဆိုရင်တော့ ရာဇဝင်တွင်မယ့် ပြန်လည်သင့်မြတ်ရေး ဖြစ်လာမှာပဲလို့ တချို့က ပြောကြသည်။ တချို့ကလည်း မိသားစုနှစ်စု လက်တွဲ အလုပ်,လုပ်တာက အံ့ဩစရာ မဟုတ်ဘဲ နှစ်ဖက်မိသားစု ဆွေမျိုးတွေ ဖြစ်လာမှာကသာ အံ့ဩစရာလို့ ပြောသည်။ ချန်မိသားစုရဲ့ ဒုတိယသမီးနှင့် ရှောက်ကော်ပိုရေးရှင်းရဲ့ ဥက္ကဌတို့ လက်ထပ်ကြတော့မည် ဖြစ်ပြီး ချန်လီချီလေးရဲ့ အဖေကလည်း ဥက္ကဌရှောက်ပဲ ဖြစ်သည်။ တစ်ချိန်တုန်းက အထင်လွဲမှုတွေကြောင့် သူတို့နှစ်ယောက် ဝေးကွာခဲ့ရပေမဲ့ အခုတော့ အထင်လွဲမှုတွေ ပြေလည်သွားသလို ကွဲကြေနေတဲ့ မှန်ချပ်လေးဟာလည်း ပြန်ဆက်သွားခဲ့ပါပြီ။ ရလဒ်အနေဖြင့် မိသားစု နှစ်စုကြားက ကာလရှည်ကြာ ပဋိပက္ခတွေလည်း ပြေလည်သွားကာ နန့်ချန်မြေကွက်မှာ လက်တွဲပူးပေါင်းဖို့ ဖြစ်လာခဲ့သည်။ ဒါက ရိုမီယိုနှင့် ဂျူးလိယက်လို ပြီးပြည့်စုံတဲ့ ပျော်စရာဇာတ်သိမ်းလေး တစ်ခုပဲ ဖြစ်လေသည်။
အချစ်နှင့် ထိတွေ့တဲ့အခါ ဘယ်အရာမဆို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပဟေဋိတွေ ၊ ကြည်နူးစရာတွေ ဖုံးလွှမ်းသွားလေ့ရှိသည်။
မှန်ရင် မှန် ၊ မှားရင် မှားနိုင်တဲ့ ကောလဟာလတွေကို ဘယ်မိသားစုကမှ မဖြေရှင်းသော်လည်း အတည်ပြုဖို့ ခက်ခဲတဲ့ ထိုသတင်း ( ၃ ) မျိုးက နန့်ချန်မြေကွက် ပရောဂျက်အတွက် အာရုံစိုက်မှုများစွာ ယူဆောင်လာခဲ့ပြီး ကုမ္ပဏီ နှစ်ခုလုံးရဲ့ ရှယ်ယာဈေးနှုန်းတွေကလည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ထန်ယိချန်လည်း ကုမ္ပဏီ နှစ်ခုလုံးက ရှယ်ယာတွေကို ဝယ်ယူထားကာ ရှောက်ကော်ပိုရေးရှင်းမှာတော့ သူ့ရှယ်ယာတွေ ပိုများသည်။ သူ တွေးခေါ်ပုံကတော့ ရိုးရှင်းပါသည်။ အမြတ်အစွန်းတွေ အများကြီး မလိုချင်ပါ ၊ အိမ်ရာချေးငွေကို အကျေဆပ်ပြီးသည်နှင့် သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝကို အေးအေးဆေးဆေး သက်သောင့်သက်သာပဲ ဖြတ်သန်းသွားဖို့ တွေးထားသည်။ သူ့ဘော့စ်ရဲ့ အချစ်ဇာတ်လမ်းက ကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းပရောဂျက်ကို ဖြစ်ပေါ်စေခဲ့ပြီး အဲ့ဒါက အပြန်အလှန်အနေဖြင့် သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝကို သက်သောင့်သက်သာ ကုန်ဆုံးရမလား ၊ ပင်ပင်ပန်းပန်း ဖြတ်သန်းရမလား ဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်၍ ဘယ်လိုပဲဖြစ်ဖြစ် သူက ထိုအချစ်ရေးကို ထောက်ခံတဲ့ဘက်ကပင်။
ချန်ကျင်းလန်က စားပွဲကို လက်ဖျားလေးတွေနှင့် ခေါက်ရင်း အချိန်ကို တစ်ချက် ကြည့်လိုက်လျှင် အစည်းအဝေး စနေလောက်ပြီ ဖြစ်သည်။ သူ ဒီအစည်းအဝေးကို ချင်းမြောင်လုပ်ငန်းစုရဲ့ ဥက္ကဌအနေဖြင့် တက်ရောက်မယ် ဆိုတာ သူမ သိသည်။ သူ ဒီနေ့မနက်ကမှ သူမရဲ့ အိမ်က ပြန်သွားတာမို့ သူမတို့နှစ်ယောက် နောက်ဆုံး တွေ့ထားတာ လွန်ခဲ့တဲ့ နှစ်နာရီကျော်တုန်းကမှပါ။ သူမမှာလည်း လုပ်စရာ အလုပ်တွေ တပုံကြီး ရှိနေတာမို့ အောက်ထပ်ကို သွားစရာ မလိုပါ။ ချန်ကျင်းလန်သည် သူမကိုယ်သူမ ဆင်ခြေတွေ အများကြီး ပေးနေခဲ့သော်လည်း အဆုံးသတ်မှာတော့ ရုံးခန်းထဲက ထွက်လာခဲ့လိုက်၏။
သူမ အစည်းအဝေးခန်းမထဲကို ဝင်လာခဲ့ချိန်မှာ သူက စင်မြင့်ပေါ် တက်ပြီးခါစသာ။ ရှောက်ချန်းကျယ်က လူတွေ ပြည့်နေတဲ့ ခန်းမထဲကို တစ်ချက် ဝေ့ကြည့်ရင်း တံခါးနားမှာ ရပ်နေတဲ့ ပုံရိပ်လေးထံမှာ အကြည့်ရပ်သွားကာ မျက်လုံးထောင့်လေးတွေ တောက်ပသွားလျက် နက်ခ်တိုင်ကို အလိုလို ဖြေလျှော့လိုက်သည်။ ချန်ကျင်းလန်ရဲ့ မျက်နှာက ပူနွေးသွား၏။ သူ အဲ့ဒါကို တမင်သက်သက် လုပ်ပြတာ ဖြစ်သည်။ သူ့လည်ပင်းက နက်ခ်တိုင်ကို မနက်က သူမကိုယ်တိုင် တပ်ပေးခဲ့တာ ဖြစ်ပြီး ကိုက်ရာတွေကို ဖုံးကွယ်ဖို့ တင်းကျပ်နေအောင် ချည်နှောင်ပေးခဲ့သည်။
အစည်းအဝေးခန်းမရဲ့ တံခါးဝမှာ ရပ်နေတဲ့ ချန်ကျင်းလန်က စင်မြင့်ပေါ်က သူ့ကို “ အရှက်မရှိဘူး ” ဟု ပါးစပ်လှုပ်ရုံ ပြောလိုက်သည်။
အမြင်အာရုံစူးရှလွန်းတဲ့ ရှောက်ချန်းကျယ်က သူမ ပြောလိုက်တဲ့ စကားကို သေချာပေါက် ခန့်မှန်းနိုင်ပါသည်။ သူ သေချာ မမြင်နိုင်ရင်တောင်မှ သေချာ ခန့်မှန်းနိုင်သည်။ သူ့ရဲ့ မျက်ဝန်းနက်တွေထဲမှာ ရယ်မြူးရိပ်တွေ ပျံ့နှံ့သွားသလို မျက်နှာမှာပါ အရောင်ဟပ်ချိန်မှာ စင်မြင့်အောက်က လူတွေအကုန်လုံး ငေးခနဲ ဖြစ်သွားရသည်။
ဒီဥက္ကဌရှောက်က အနေတည်ပေမဲ့ ရင်ခုန်စရာကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတာပဲ။ လူငယ်တစ်ယောက် ဖြစ်သော်လည်း သူက ကိုယ့်ကိုယ်ကိုယ် အမြော်အမြင်ရှိရှိ အောင်မြင်တိုးတက်စေခဲ့သည်။ သူ ဒီလို ပြုံးတာကို လူနည်းစုသာ မြင်ဖူးသည်။ ရှောက်ကော်ပိုရေးရှင်းနှင့် မကြာခဏ အလုပ်တွဲလုပ်ဖူးပြီး သူ့ကို တူလေးလို့ ခေါ်လို့ ရတဲ့ လူကြီးတွေတောင် သူ့ဆီက ယဥ်ကျေးပြီး လေးစားမှုရှိတဲ့ ဆက်ဆံပုံကိုသာ ရလေ့ရှိသည်။ ရေခဲကျောက်ဆောင်ပေါင်း ( ၁၀၀၀ ) ကို အရည်ဖျော်ပစ်နိုင်တဲ့ ဒီအပြုံးမျိုးကို နှစ်ပေါင်း တစ်သန်းမှာ တစ်ကြိမ်ပဲ ပြုံးတာ ဖြစ်လိမ့်မည်။
***