← Chapters

အခန်း ၉၂

Vol. 9 Ch. 92

အခန်း ၉၂

Vol. 9 Ch. 92

အပိုင်း ( ၉၂ )

ရှောက်ချန်းကျယ်က လက်တံရှည်ကြီးတစ်ဖက်တည်းနှင့် ထိုပါဆယ်ထုပ်ကို အလွယ်တကူ လှမ်းယူလိုက်လေသည်။ “ တကယ်လို့ အမှိုက် မဟုတ်ရင် ဘယ်လို လုပ်မလဲ။ ”

“ ကျွန်မက အမှိုက်ပါလို့ ပြောပြီးနေပြီပဲ။ ” ချန်ကျင်းလန်က သူ့လက်ထဲက ပါဆယ်ထုပ်ကို လုယူဖို့ ကြိုးစားလိုက်ပေမဲ့ သူမ အားသုံးတာ များသွားပြီး ရှောက်ချန်းကျယ်ကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲမိသလို ဖြစ်သွားသည်။ ပါဆယ်ထုပ်ထဲက ဘူးလေးတွေ ပွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်မှာ အင်္ကျီတွေ ပြန့်ကျဲသွားသည်။

သူတို့နှစ်ယောက်လုံး အနည်းငယ် ကြောင်အသွား၏။ ချန်ကျင်းလန်က သူမ ခုနတုန်းက ပါဆယ်ထုပ်ကို ဖောက်တုန်းက အပေါ်ဆုံးမှာ တွေ့ခဲ့ရတဲ့ ပစ္စည်းတွေအကြောင်း ပြန်တွေးနေမိသည်။ ဒါပေမဲ့ ပါဆယ်ထုပ်ရဲ့ အောက်ခြေမှာ အများကြီး ပိုဆိုးတဲ့ ပစ္စည်းတွေ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဒါတွေကို အဝတ်အစားလို့တောင် သတ်မှတ်လို့ ရရဲ့လား ၊ အဝတ်စသာသာလေးတွေပဲ ရှိတာ … ။

ရှောက်ချန်းကျယ်က အစတုန်းကတော့ ဘာမှ လုပ်ဖို့ အစီအစဉ်မရှိပေမဲ့ သူ ရုံးခန်းထဲကို စရောက်လာကတည်းက သူမက ပါဆယ်ထုပ်ကိုပဲ အာရုံစိုက်နေတာမို့ ထိုပါဆယ်ထုပ်ထဲမှာ တစ်ခုခု ရှိနေလိမ့်မည်ဟု တွက်ဆနိုင်ခဲ့သည်။ သူမကို နည်းနည်းလေး စနောက်ဖို့သာ ရည်ရွယ်ထားပေမဲ့ ဒီလို အတော်လေး အံ့အားသင့်စရာကောင်းတာကို မြင်ရလိမ့်မည် ဟူ၍ မျှော်လင့်မထားခဲ့။

“ မင်း ဒါတွေကို ကိုယ် ဝတ်ဖို့ ဝယ်ထားတာလား။ ” ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်နားကို ကပ်၍ ပူနွေးတိုးလျသော အသံဖြင့် ပြောလိုက်သည်။

“ ကျွန်မ ဝယ်ထားတာ မဟုတ်ဘူး။ ” ချန်ကျင်းလန်က အရာရာတိုင်းကို ခေါင်းမော့ ရင်ဆိုင်ချင်စိတ် မရှိတော့၍ သူ့ရင်ခွင်ထဲမှာ မျက်နှာအပ်ထားခဲ့သည်။

ရှောက်ချန်းကျယ်က သူမရဲ့ ဆံပင်လေးတွေကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးရင်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အဝတ်အစားတွေကို ကျန်လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ ပါဆယ်ထုပ်ထဲက ထွက်ကျလာတဲ့ တချို့ အထုပ်တွေထဲမှာ အဝတ်အစားတွေ ပါသည်။ ဆိုင်ရှင်က အများကြီး ဝယ်သွားတဲ့ ကာစတန်မာကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် အရသာမျိုးစုံရှိတဲ့ လက်ဆောင်လေးတွေကိုပါ ထည့်ပေးထားသည်။

ရှောက်ချန်းကျယ်သည် သူ့စိတ်ထဲမှာ ချုပ်တည်းထားတဲ့ မီးတောက်တွေကို ချက်ချင်း လွှတ်ပေးလိုက်၏။ သူက ထိုပစ္စည်းတွေအကုန်လုံးကို လှမ်းယူလိုက်သလို သူမလည်း သူ့လက်အောက်မှာ မရုန်းနိုင်တော့ပါ။

ထန်ယိချန်းတစ်ယောက် အဲ့ဒီနေ့ နေ့လယ်မှာ နေ့လယ်စာစားပြီးလို့ အလုပ်ပြန်စဖို့ ဟန်ပြင်နေစဉ်မှာပဲ ဘော့စ်ချန် ပို့တဲ့ မက်ဆေ့ခ်ျတွေကို မြင်လိုက်ရသည်။ တစ်စောင်တည်းတောင် မဟုတ်ဘဲ အစီအတန်းလိုက် သုံးစောင်တောင် ဖြစ်ပြီး နောက်ပိုင်းမှာ လုံခြုံရေးတွေကို အသိပေးပြီး ရှောက်ချန်းကျယ်ကို အပေါ်ထပ်ကို တက်ခွင့်မပြုဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ခိုင်းထားတာပင်။

ထန်ယိချန်း သောက်လက်စ နို့လက်ဖက်ရည်တောင် ချက်ချင်းပဲ ခါးသွားသည်။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ … ။ ခုနတုန်းက နေ့လယ်စာစားနေတုန်းကတောင် ဘော့စ်ရဲည အချစ်ဇာတ်လမ်းကို တက်ကြွလက်ကြွ အသည်းအသန် အတင်းပြောနေတဲ့ သူ့လုပ်ဖော်ကိုငိဖက်တွေ ပြောသမျှကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်ခဲ့ရတာပါ။ ထိုစကားဝိုင်းကို နားထောင်ရင်း နားထောင်ရင်း သူ့အနာဂတ်အတွက် ပိုမျှော်လင့်မိသည်။

အခုမှ နေ့လယ်စာစားပြီးရုံပဲရှိသေးတာ … ဘယ်လိုလုပ် သူတို့နှစ်ယောက်က လမ်းခွဲတော့မယ့် ပုံစံပေါက်သွားတာလဲ။ သူ့ရဲ့ လက်ကျန်ဘဝကို သက်သောင့်သက်သာ အနားယူမယ့် အိပ်မက်လေးရော အခု အကုန်ရေစုန်မျှောသွားတော့မှာလား … ။

ချန်လီချီက လက်တစ်ဖက်မှာ လတ်လတ်ဆတ်ဆတ် နှင်းဆီပန်းအနီရောင်လေးကို ကိုင်ထားပြီး ကျန်လက်ဖစ်ဖက်နှင့် ချန်လီချီကို ဆွဲကာ အဖေဖြစ်သူဆီသို့ ပြေးလာခဲ့သည်။ ဒီရက်ပိုင်း မေမေက အလုပ်ကိစ္စနှင့် ခရီးသွားနေတာမို့ ဖေဖေကပဲ သူမကို နေ့တိုင်း ကျောင်းလာကြိုပေးနေခဲ့သည်။

“ ဖေဖေ ကြည့်ပါဦး။ ဒီနှင်းဆီပန်းလေးက အရမ်း လှတယ်မို့လား။ ” ချန်လီချီက အဖေဖြစ်သူရဲ့ ရင်ခွင်ထဲ ပြေးဝင်ကာ သူမရဲ့ လက်ထဲက နှင်းဆီပန်းလေးကို မြှောက်ပြလိုက်သည်။ “ ဒီပန်းလေးကို သမီးကို ရှန်းချူချီ ပေးတာလေ။ သူက တကယ့်နှင်းဆီပန်းအစစ်နဲ့ တစ်ပုံစံတည်း တူအောင် လုပ်ထားတာ။ သူ လုပ်ထားတာ အရမ်း တော်တာပဲနော် ၊ နှင်းဆီပန်းအစစ်ထက်တောင်မှ ပိုလှသေးတယ်။ ”

ဘေးမှာ ရပ်နေတဲ့ ရှန်းချူချီက ရှက်ကိုးရှက်ကန်းအပြုံးလေးဖြင့် ခေါင်းကုတ်နေခဲ့သည်။ တကယ်တော့ သူ အဲ့လောက် မတော်ပါ။ လက်တွေ့ လုပ်ပြထားတဲ့ ဗီဒီယိုထဲကအတိုင်း လိုက်လုပ်တာတောင် ကြည့်ပျော်ရှုပျော်ရှိတဲ့ နှင်းဆီပန်းလေးကို ရဖို့ ခုနှစ်ကြိမ် ကြိုးစားခဲ့ရသည်။ ချန်လီချီ ကြိုက်ပါ့မလား ဆိုတာကိုတော့ မသေချာသောကြောင့် ကျောင်းဆင်းချိန်အထိ‌ စောင့်ပြီးမှ သူမကို ပေးခဲ့တာပင်။ သူ ခေါက်ပေးတဲ့ နှင်းဆီပန်းကို သူမ အရမ်း သဘောကျလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ မနက်ဖြန် နေ့လယ်စာစားချိန်မှာ သူမကို ထပ်ပေးနိုင်အောင်လို့ ညကျရင် အိမ်မှာ အများကြီး ထပ်ခေါက်ရမည်။

ရှောက်ချန်းကျယ်က ချန်လီချီရဲ့ လက်ထဲက နှင်းဆီပန်းလေးကို တစ်ချက် ကြည့်လိုက်သည်။ တရားနည်းလမ်းကျကျ ပြောရရင်တော့ ကလေးတစ်ယောက်က ဒီအနေအထားရအောင် ခေါက်နိုင်တာ အတော်လေး အထင်ကြီးစရာကောင်းပါသည်။ တစ်ခုတည်းသော ပြဿနာက ဒီနှင်းဆီပန်းကို တခြားကလေးတွေကို ပေးဖို့ ခေါက်ထားတာ မဟုတ်ဘဲ သူ့သမီးကိုမှ အထူးတလည် ပေးဖို့ ခေါက်ထားတာ ဖြစ်နေတာပါ။ ဒါပေမဲ့ သမီးဖြစ်သူ အရမ်း ပျော်နေတာကို မြင်တော့ ရှောက်ချန်းကျယ်ခမျာ “ အင်း။ တကယ် လှတာပဲ။ ” လို့ စိတ်မပါလက်မပါ ထောက်ခံလိုက်ရလေသည်။

ချန်လီချီက တောက်ပစွာ ပြုံးလိုက်သည်။ “ ဖေဖေ … ရှန်းချူချီက မနက်ဖြန်ညကျ သမီးကို သူ့အိမ်မှာ ညစာလာစားဖို့ ဖိတ်ထားတယ်။ သမီး သွားရင် ဒီနှင်းဆီပန်းလေးကိုပါ ယူသွားရမယ်။ ”

ရှန်းချူချီကလည်း ရှောက်ချန်းကျယ်ကို တောက်ပစွာ ပြုံးပြနေခဲ့သည်။ “ မနက်ဖြန်က ချီရှီပွဲတော် ( တရုတ်ရိုးရာ ချစ်သူများနေ့ ) လေ ဦးလေး။ ကျွန်တော် လီချီလေးနဲ့ ညစာ အတူတူ စားချင်တယ် ၊ အမေရဲ့ အိမ်မှာ စပျစ်နွယ်ပင်တွေ ရှိတော့ ကျွန်တော်တို့ နွယ်ပင်တွေအောက်မှာ ထိုင်ပြီး နွားကျောင်းသားလေးနဲ့ ရက်ကန်းသမလေးတို့ စကားတွေ တိုးတိုးလေး ပြောနေကြလား ဆိုတာ ကြည့်ကြမှာ။

… ရှောက်ချန်းကျယ်သည် သူ့ဘေးမှာ ရပ်နေတဲ့ လီဖေးဖုန့်ရဲ့ လည်ပင်းကို လိမ်ချိုးချင်သွား၏။ လီဖေးဖုန့်ကတော့ ကောင်းကင်ကို မော့ကြည့်ရင်း မသိချင်ယောင်ဆောင်နေခဲ့သည်။ သူ့ယောက်ဖကို စိတ်ဆိုးအောင် လုပ်လို့ မရသလို သူ့သားလေးကိုလည်း စိတ်ညစ်စေလို့ မဖြစ်ပါ။ ထို့ကြောင့် ကောင်းကင်ကို မော့ကြည့်ပြီး မသိချင်ယောင်ဆောင်နေဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့။ ကြားနေလူတန်းစား ဖြစ်ရတာ မလွယ်ကူပေ။

ဒါပေမဲ့ သူ ဒီည ရှန်းစီဝေဆီ ဖုန်းဆက်ပြီး သူတို့သားရဲ့ ကြီးပြင်းတိုးတက်မှု ကိစ္စတွေအကြောင်း ဆွေးနွေးလို့ ရသလို ‘ ချီရှီပွဲတော်ညမှာ စပျစ်နွယ်တွေအောက် ထိုင်နေရင် နွားကျောင်းသားလေးနှင့် ရက်ကန်းသမလေးနှင့် စကားသံတိုးတိုးလေးတွေကို ကြားနိုင်တယ် ’ ဆိုတဲ့ ယုံတမ်းစကားအကြောင်းလည်း ဆွေးနွေးလို့ ရပါသည်။ သူတို့ ထိုအကြောင်းကို စကားရောက်တဲ့အခါ သူမ သေချာပေါက် ဖုန်းချသွားလိမ့်မည် ဆိုတာကို သိပေမဲ့ပေါ့လေ … ။ သို့သော်လည်း လူ ဆိုတာ အရှုံးတွေကို ဘယ်လောက်ပဲ ရင်ဆိုင်နေရပါစေ ၊ မဆုတ်မနစ် ကြိုးစားပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆက်ဖို့ လိုသည်။

ချန်လီချီက ဖေဖေ့လည်ပင်းကို ပွေ့ဖက်ပြီး “ အိမ်ပြန်ကြရအောင် ဖေဖေ။ သမီး ဘွာဘွားကို ဒီပန်းလေး ပြချင်နေပြီ။ ” ဟု ပြောလိုက်တော့ ရှောက်ချန်းကျယ်က အပြုံးတု တစ်ခုကို ဖန်တီးယူရင်း “ ဟုတ်ပြီ။ အိမ်ပြန်ကြမယ်။ ” ဟု ပြန်ပြောလိုက်သည်။

တရားဝင်အရတော့ ရှောက်ချန်းကျယ်က သူ့တိုက်ခန်းမှာပဲ နေ,နေဆဲ ဖြစ်ပါသည်။ ချန်ကျင်းလန်တို့အိမ်ရဲ့ ဘေးအိမ်ကိုတော့ ပြန်လည်ပြုပြင်နေတာ ပြီးခါနီးပါပြီ။ ချန်အိမ်တော်မှာ တစ်ခါတလေ သွားအိပ်တတ်ပေမဲ့ မကြာခဏ မဟုတ်ဘဲ တစ်ပတ်ကို တစ်ကြိမ်လောက်ပါပဲ။ အင်း … အဲ့ဒါကလည်း ချန်လီချီရဲ့ စီမံမှုအရ ဖြစ်သည်။ စနေနေ့တွေက လွဲလို့ ရှောက်ချန်းကျယ်က သူမကို ညတိုင်း အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ပြေကာ ချော့သိပ်ပြီးမှ အိမ်ပြန်လေ့ရှိသည်။

သူ ဘယ်အိမ်ကို ပြန်တာလဲလို့ မေးစရာတော့ ရှိသည်။ သူ့တိုက်ခန်းမှာ တစ်ပတ် တစ်ကြိမ်လောက်သာ မီးတွေ လင်းနေတတ်ပြီး နောက်ဖေးခြံဝန်းကို ပြုပြင်ထားတဲ့ အိမ်နှင့် ချိတ်ဆက်လိုက်ပြီးမို့ သူ နံရံကျော်တက်စရာ မလိုတော့သလို တူးမြောင်းလည်း တူးစရာ မလိုတော့ပါ။ ညတိုင်း လွတ်လွတ်လပ်လပ် ကူးလူးသွားလာလို့ ရသည်။

သူတို့ရဲ့ အချစ်ရေးက အခုအချိန်မှာ လူသိရှင်ကြား ဖြစ်သွားပြီ ဆိုပေမဲ့လည်း တစ်ခါတရံမှာ ခိုးတွေ့တာက သူ့ဟာနဲ့သူ ကောင်းတဲ့ အချက်လေးတွေ ရှိနေဆဲပင်။ ချန်အိမ်တော်မှာ သူ ပုံမှန်အတိုင်း လာအိပ်ရင် လီချီလေးက စိတ်လှုပ်ရှား ပျော်ရွှင်ပြီး ဖေဖေ့ကို တစ်ဖက် ၊ မေမေ့ကို တစ်ဖက် ပွေ့ဖက်ကာ အိပ်ခွင့်ရဖို့ ဂျီကျတတ်သည်။

ရှောက်ချန်းကျယ်က သူ့လက်ကို ပြန်ဆွဲယူဖို့ ကြိုးစားတိုင်း သူမလေးက နိုးလာလေ့ရှိသည်။ လီချီလေးက သူတို့ရဲ့ လက်တွေကို ဆုပ်ကိုင်ထားပြီး တစ်ညလုံး လွှတ်မှာ မဟုတ်တာမို့ ချန်ကျင်းလန်က သူ့ကို မဟုတ်မဟတ်တွေ မလုပ်ဖို့ ပြောသည်။ ရှောက်ချန်းကျယ်က သူ မဟုတ်တာ ဘာမှ မလုပ်ပါဘူးလို့ ပြောချင်သော်လည်း သူမ သူ့ကို ယုံမှာ မဟုတ်သလို သူကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံမှာ မဟုတ်ပါ။ သူ မဟုတ်တာ မဟုတ်တာ မလုပ်ဘူး ဆိုတာကို သက်သေပြသည်နှင့်အနေဖြင့် တစ်ညလုံး လိလိမ္မာမ္မာလေး ငြိမ်နေခဲ့ရသည်။ ဒါပေမဲ့ အဲ့ဒါက ထိုတစ်ညတည်းအတွက်သာ အကျုံးဝင်သည်။

ချန်ကျင်းလန် အလုပ်ကိစ္စနှင့် ခရီးသွားနေတာ အခုဆို တစ်ပတ်နီးပါး ရှိသွားပြီ ဖြစ်သည်။ သူမရဲ့ လေယာဉ်က ဒီည ဆိုက်လိမ့်မည်။ သူမ ခရီးသွားနေတဲ့ တစ်ပတ်မှာ ရှောက်ချန်းကျယ်က လီချီလေးကို ချန်အိမ်တော်ကို ပြန်ပို့ပေးပြီးတိုင်း ထိုအိမ်မှာပဲ ညစာစားလေ့ရှိသည်။ ချန်ရှန်းဟယ်က သူ့ကို ညစာစားခွင့်မပေးချင်သော်လည်း ဧည့်သည်တွေကို အိမ်မှာ ညစာစားခိုင်းမှာလား ၊ မစားခိုင်းဘူးလား ဆိုတာက ဖေးကျူးဟွေ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်သည်။ ချန်ရှန်ဟးဟယ် ဘယ်လောက်ပဲ မကျေနပ်ပါစေ ၊ သူ့မိန်းမကို ဗြောင်ကျကျ ဆန့်ကျင်လို့ မရပါ။

ချန်ရှန်းဟယ် အိမ်ပြန်ရောက်လာတော့ မီးဖိုချောင်ထဲက အသံတွေကို ကြားလိုက်ရလျှင် မျက်မှောင်ကြုတ်လိုက်မိသည်။ အဲ့ကောင် နေ့တိုင်း ဒီကို လာပြီး ဟင်းချက်နိုင်လောက်တဲ့ထိ အားယားနေတာလား … ။ ဒါပေမဲ့ သူ့မြေမးလေးကို မြင်လိုက်ရချိန်မှာတော့ သူ့မျက်ခုံးတွေ ချက်ချင်း ပြေလျော့သွားပါသည်။

ချန်လီချီကလည်း အဘိုးဖြစ်သူကို တွေ့တော့ အလွန် ပျော်ရွှင်သွားသည်။ သူမက လက်ထဲက နှင်းဆီပန်းလေးကို ဘိုးဘိုး မြင်အောင် မြှောက်ပြလိုက်၏။ “ ဒီမှာ ကြည့်ပါဦး ဘိုးဘိုး။ ဒါက သမီးအတွက် ရှန်းချူချီ ခေါက်ပေးထားတဲ့ နှင်းဆီပန်းလေးလေ။ လှတယ်မို့လား။ ”

ချန်ရှန်းဟယ်က ဒီတစ်ခေါက်တော့ မသိမသာ မျက်မှောင်ကြုတ်ကာ မြေးမလေးကို ပွေ့ချီလိုက်သည်။ “ ဘိုးဘိုးက ဒီတစ်ခုထက် ပိုလှတဲ့ နှင်းဆီပန်းကိုတောင် ခေါက်ပေးနိုင်သေးတယ်။ ”

ချန်လီချီက အဘိုးဖြစ်သူရဲ့ လည်ပင်းကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်သည်။ “ ဘိုးဘိုးက အရမ်း တော်တာပဲ။ ဒါဆို သမီးကို နှင်းဆီပန်း ဘယ်‌လို ခေါက်ရမလဲ ဆိုတာ သင်ပေးလို့ ရလားဟင်။ သမီး အစတုန်းက ရှန်းချူချီကိုပဲ ဗီဒီယိုကောလ်ခေါ်ပြီး သမီးကို သင်ပေးခိုင်းမလို့ လုပ်နေတာ။ သမီး မေမေ ၊ ဘွားဘွား ၊ အန်တီချွီနဲ့ ဖေဖေ့ရဲ့ အမေ ဘွားဘွားအတွက်လည်း နှင်းဆီပန်းခေါက်ပေးချင်တယ်။ မနက်ဖြန်က ချီရှီပွဲတော် ဆိုတော့ အဲ့နေ့မှာ သူတို့တွေကို နှင်းဆီပန်းလေးတွေ ပေးချင်တယ်။ ”

… ချန်ရှန်းဟယ်သည် သေချာပေါက်ပင် နှင်းဆီပန်းစက္ကူခေါက်နည်း မသိပါ။ သူ့မြေးမလေးကို စက္ကူနှင်းဆီ တစ်ပွင့်နှင့် အရူးလုပ်မခံစေချင်၍ ဒီတိုင်း မစဉ်းစား မဆင်ခြင်ဘဲ ပြောလိုက်ရုံသာ။ ဒါပေမဲ့ ကိုယ့်အတတ်နှင့်ကိုယ် စူးလိမ့်မည်ဟု မထင်ခဲ့။

ထိုအချိန်မှာပဲ ချန်ကျင်းချွမ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဝင်လာလျှင် ချန်ရှန်းဟယ်က ပြဿနာကို သူ့သားလက်ထဲ လွှဲပေးလိုက်တော့သည်။ “ သမီးရဲ့ ဦးလေးလည်း စက္ကူခေါက်တတ်တယ် လီချီလေး။ သမီး သူ့ကိုပဲ သင်ခိုင်းလိုက်ရင် ပိုကောင်းမယ် ထင်တယ်။ ”

ချန်ကျင်းချွမ်သည် အလုပ်ကနေ အိမ်ပြန်ရောက်ခါစ ၊ အမောတောင် မဖြေရသေးခင်မှာပဲ သူ့အဖေက ပြဿနာထုပ်ကို သူ့ခေါင်းပေါ် ပစ်တင်သွားတာ ခံလိုက်ရသည်။ စက္ကူခေါက်တတ်ဖို့ နေနေသာသာ စက္ကူတောင် ညီအောင် မဖြတ်တတ်တဲ့ သူ့ကို စက္ကူခေါက်နည်းသင်ပေးခိုင်းနေကြောင်း သိလိုက်ရချိန်မှာ စိတ်ထဲက‌နေ ပြောချင်တဲ့ စကားတွေ ပလုံစီသွားလေသည်။

ဦးလေးတို့က ချမ်းသာတယ်။ နင် လိုချင်တဲ့ ဘယ်လို နှင်းဆီပန်းမျိုးကိုမဆို ဦးလေး ချက်ချင်း ဝယ်ပေးနိုင်တယ် ၊ ရွှေနှင်းဆီပန်းလား သလင်းကျောက်နှင်းဆီပန်းလား … နင် လိုချင်တာကိုသာ ပြော။ ဒီဦးလေးက ချက်ချင်း သွားဝယ်ပေးမယ်။ ဒါပေမဲ့ နင်က ဘာလို့ စက္ကူနှင်းဆီပန်းကိုမှ လိုချင်ရတာလဲ။ ဦးလေးမှ စက္ကူ‌မခေါက်တတ်တာ … ။

ချန်ကျင်းချွမ်ကလည်း တူမလေးရှေ့မှု အရှက်မကွဲချင်စေယကြောင့် သူမရဲ့ ကျစ်ဆံမြီးလေးတွေကို ဆွဲဖွလိုက်သည်။ “ ဦးလေးမှာ ဘိုးဘိုးနဲ့ ဆွေးနွေးစရာတွေ ရှိတယ် လီချီလေးရဲ့။ သမီးရဲ့ အဖေ့ကိုပဲ သင်ခိုင်းလိုက်ရင် ပိုမကောင်းဘူးလား။ ”

ချန်လီချီ တစ်ချက် စဉ်းစားကြည့်လိုက်တော့ ဟုတ်သားပဲဟု တွေးမိသွားသည်။ သူမအဖေက အရသာရှိတဲ့ ဟင်းတွေကိုတောင် ချက်တတ်တာ စက္ကူခေါက်တာလောက်ကို ဘာမလုပ်တတ်စရာ ရှိလဲ။ “ အဲ့ဒါဆို ဦးလေး ဘိုးဘိုးနဲ့ စကားသွားပြောလိုက်ဦးနော်။ သမီး ဖေဖေ့ကို စက္ကူခေါက်နည်းသင်ခိုင်းဖို့ သွားရှာလိုက်ဦးမယ်။ ”

အမှန်တရားက ရှောက်ချန်းကျယ်ဟာ စီအီးအိုကောင်း တစ်ယောက် ၊ စားဖိုမှူးကောင်း တစ်ယောက်သာ ဖြစ်ရင် ဖြစ်နိုင်ပေမဲ့ သူ့တစ်ဘဝလုံးမှာ တစ်ခါမှ စက္ကူမခေါက်ဖူးပေ။

သူ့သမီးလေးရဲ့ မျက်လုံးတောက်တောက်လေးတွေကို မြင်တော့ သူမ ဆင်ခြေဆကာင်းကောင်းကို ရုတ်တရက် ရှာလို့ မရဘဲ ဖြစ်နေသည်။

ကံကောင်းချင်တော့ အောက်ထပ်ကို ဆင်းလာတဲ့ ဖေးကျူးဟွေ့က ရှောက်ချန်းကျယ်ကို “ မင်းဦးလေးက မင်းကို အပေါ်ထပ်တက်ခဲ့ပါဦးတဲ့။ သူ့မှာ မင်းနဲ့ အလုပ်ကိစ္စလေးတွေ ဆွေးနွေးစရာ ရှိတယ်လို့ ပြောတယ်။ ” ဟု ‌လာပြောသည်။

ယောက္ခမကြီးရဲ့ မျက်လုံးထဲမှာ တစ်စွန်းတစ ထင်ဟပ်နေတဲ့ ရယ်မြူးရိပ်တွေကို ကြည့်ကာ ယောက္ခမကြီးက သူ့ကို ကူညီနေတာ ဖြစ်ကြောင်း ရှောက်ချန်းကျယ် နားလည်သွားသည်။ ယောက္ခမကြီးကို အရင်ဆုံး ကျေးဇူးတင်စကား ပြောလိုက်ကာ လီချီလေးအား သူ ဘိုးဘိုးနှင့် အလုပ်ကိစ္စဆွေးနွေးပြီးတော့မှ စက္ကူခေါက်နည်း လာသင်ပေးမည်ဟု ပြောလိုက်သည်။

ချန်လီချီက သူမအဖေရဲ့ မျက်နှာကို ကြင်နာစွာ ပွတ်သပ်လိုက်၏။ ဒီနေ့ အကုန်လုံး အလုပ်တွေ အရမ်း ရှုပ်နေကြသည်။ အိမ်ပြန်ရောက်တာတောင် လုပ်စရာ အလုပ်တွေ မပြီးပြတ်သေးတဲ့ လူကြီးဘဝက အရမ်း ပင်ပန်းစရာကောင်းတာပဲ။ “ ဟုတ် ဖေဖေ။ အဲ့ဒါဆို ဘိုးဘိုးနဲ့ အရင် စကား‌သွားပြောလိုက်ဦးနော်။ သမီး ဖေဖေ့ကို စောင့်နေပါ့မယ်။ ”

သူ့သမီးရှေ့မှာ ရှောက်ချန်းကျယ် အနည်းငယ် မလုံမလဲ ခံစားရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ စာကြည့်ခန်းတံခါးကို ခေါက်ပြီး အခန်းထဲကို ဝင်လာခဲ့ချိန်မှာတော့ ခုနတုန်းက သူ့ယောက္ခမ ဘာလို့ အဲ့ဒီလို ပြုံးနေခဲ့လဲ ဆိုတာကို နောက်ဆုံးတော့ နားလည်သွားသည်။ သူ့ယောက္ခထီးနှင့် ယောက်ဖက စခရင်ပေါ်မှာ စက္ကူခေါက်နည်း ဗီဒီယိုကို ကြည့်နေခဲ့ကြသည်။

သူ ဝင်လာတာကို မြင်တော့ ချန်ရှန်းဟယ်နှင့် ချန်ကျင်းချွမ်က စက္ကူမခေါက်တတ်တဲ့ နောက်တစ်ယောက် ထပ်တိုးလာပြီ ဆိုတာ သိလိုက်သည်။ တစ်ခုခု ပြောချင်ပေမဲ့ ပါးစပ်ကို အမြန် ပြန်ထိန်းလိုက်ကြ၏။ ဟုတ်ပါတယ်လေ … ယောကျ်ားလေးတွေကြားမှာ ကိစ္စတွေကို ဘာလို့ ခက်ခဲအောင် လုပ်နေမှာလဲ။

အဆုံးသတ်မှာတော့ စာကြည့်ခန်းထဲမှာ သူတို့သုံးယောက် အတူတူ ထိုင်ပြီး စက္ကူခေါက်နည်းဗီဒီယိုကို လေးနက်စွာ အတည်ပေါက် ထိုင်ကြည့်နေခဲ့ရတော့သည်။

ချန်ရှန်းဟယ်နှင့် ချန်ကျင်းချွမ်က ရှန်းချူချီဟာ လီချီလေးကို မနက်ဖြန် သူ့အိမ်မှာ ညစာ လာစားဖို့ ဖိတ်ထားတယ် ဆိုတဲ့ ရှောက်ချန်းကျယ်ရဲ့ စကားကို ကြားချိန်မှာ စက္ကူခေါက်တာ ရပ်တန့်သွားခဲ့ကြသည်။ တခြားနေ့တွေမှာ ညစာသွားစားတာကတောင် လက်မခံနိုင်စရာဖြစ်နေပြီးသားမို့ မနက်ဖြန်ကတော့ လုံးဝ ခွင့်ပြုပေးလို့ မရပါ။ မနက်ဖြန်က တရုတ်ရိုးရာချစ်သူများနေ့ ဆိုတာကိုတောင် သူတို့ သိရဲ့လား .. ။ ကောင်လေးတစ်ယောက်ရဲ့ အိမ်မှာ စားတာ ၊ သောက်တာမျိုးကို လုံးဝ ခွင့်ပြုပေးလို့ မဖြစ်။

အမျိုးသားသုံးယောက်သည် အကြောင်းအရာတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် တစ်စိတ်တည်းတစ်တမ်းတည်း သဘောတူခဲ့ကြသည်။ လီချီလေးကို မနက်ဖြန် ရှန်းချူချီရဲ့ အိမ်ကို မသွားအောင် တားဆီးရမည် ၊ ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်ကို လီချီလေး သတိမထားမိအောင် လုပ်ရမှာ ဖြစ်ပြီး သူမလေးကို ဝမ်းနည်းအောင် လုပ်လို့လည်း မရပါ။ ဒါပေမဲ့ ထိုတာဝန်ကို ဘယ်သူ ယူမှာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ရှောက်ချန်းကျယ်က လွဲလို့ တခြားသူ မဖြစ်နိုင်ပါ။ အဖေတစ်ယောက် ဖြစ်တဲ့ သူက ဒီလို အရေးပေါ် အခြေအနေမျိုးမှာ လူကြမ်းမလုပ်လို့ တခြား ဘယ်သူက လုပ်မှာလဲ .. ။ တကယ်လို့ ချန်ရှန်းဟယ်နှင့် ချန်ကျင်းချွမ်သာ လီချီလေးရဲ့ မျက်လုံးထဲမှာ အကောင်းဆုံး ၊ အမြင်အကျယ်ဆုံး အဘိုးနှင့် ဦးလေးအဖြစ် ထာဝရ ရှိမနေချင်ရင် ဒီကိစ္စကို သူတို့လည်း ကူညီပေးမှာပါ။

ရှောက်ချန်းကျယ်ရဲ့ ပခုံးပေါ်က တာဝန်က ကြီးလှသည်။ သူ့ရဲ့ ယောက္ခထီးနှင့် ယောက်ဖက ဒီတာဝန်ရဲ့ အဆုံးသတ်မှာ အောင်မြင်မှုသာ ရှိလို့ ရပြီး ရှုံးနိမ့်လို့ မရဘူးဟု ပြောထားပါသည်။

***

All Chapters