← Chapters

အခန်း ၉၃

Vol. 9 Ch. 93

အခန်း ၉၃

Vol. 9 Ch. 93

အပိုင်း ( ၉၃ )

ညစာစားပြီးသွားတော့ ရှောက်ချန်းကျယ်က သူ့သမီးကို စက္ကူခေါက်နည်းသင်ပေးရင်း သူတို့ မနက်ဖြန်ညကျ ရှန်းချူချီရဲ့ အိမ်မှာ ညစာစားမယ့် အစီအစဉ်ကို ဖျက်သိမ်းသင့်ကြောင်း ပါးနပ်စွာ သွယ်ဝိုက်ပြောနေခဲ့သည်။ ထိုအစား မနက်ဖြန်ညမှာ သူမတို့သားအမိကို သူမ အကြိုက်ဆုံးစားသောက်ဆိုင်ကို ခေါ်သွားပြီး အထူးညစာ စားကြမလားဟု ရှောက်ချန်းကျယ်က အကြံပေးလိုက်သည်။ ရှန်းချူချီကို သဘက်ခါမှ အိမ်မှာ ညစာလာစားဖို့ ဖိတ်လိုက်လို့ ရသည်လေ။

“ မနက်ဖြန်က ချစ်သူများနေ့လေ ဖေဖေရဲ့။ ဖေဖေနဲ့ မေမေက အားလပ်ရက်မှာ အပြင်ထွက်ပြီး အပန်းဖြေသင့်တာပေါ့။ သမီးက ကြားထဲက လိုက်ရှုပ်လို့ ဘယ်ဖြစ်မလဲ။ မေမေနဲ့သာ ချိန်းတွေ့လိုက်ပါ ၊ သမီးကို မစိုးရိမ်ပါနဲ့။ အန်တီရှန်းနဲ့ ရှန်းချူချီက သမီးကို အဖော်လုပ်ပေးမှာပါ။ ”

ရှောက်ချန်းကျယ်ကတော့ မစိုးရိမ်ဘဲ မနေနိုင်၍ ထပ်ညှိကြည့်လိုက်သည်။ “ ဖေဖေတို့ မနက်ဖြန်ည ညစာအတွက် ရှန်းချူချီကို ဖေဖေတို့အိမ်ကိုပဲ ဖိတ်လိုက်ရင်ရော ဘယ်လိုလဲ။ ”

“ ဒါပေမဲ့ သမီးတို့အိမ်မှာ စပျစ်နွယ်ပင်မှ မရှိတာ။ သမီးတို့က နွားကျောင်းသားလေးနဲ့ ရက်ကန်းသမလေးရဲ့ ပုံပြင်ကို စပျစ်နွယ်ပင်အောက်မှာ နားထောင်မလို့ စီစဉ်ထားတာလေ။ ”

… ဒီပြဿနာမှာ စပျစ်နွယ်ပင်က အဓိကကျသည်။ သူတို့မှာ အခုလောလောဆယ်တော့ စပျစ်နွယ်ပင် မရှိသေးပေမဲ့ မနက်ဖြန်ကျရင်တော့ တစ်ပင် ရှိနိုင်ပါသည်။

“ ဖေဖေတို့မှာ စပျစ်နွယ်ပင် မရှိဘူး ဆိုတာ ဘာကို ပြောချင်တာလဲ။ ခြံထဲမှာ စပျစ်နွယ်ပင် တစ်ပင် စိုက်ဖို့ ဖေဖေ စိတ်ကူးနေတာ ကြာပြီ ၊ ဥယျာဉ်မှုူးကိုလည်း မနက်ဖြန်မနက်စောစောလာပြီး စပျစ်နွယ်ပင် အကြီးကြီး တစ်ပင် စိုက်ခိုင်းထားတယ်။ အန်တိရှန်းကလည်း မနက်ဖြန်ည ဦးလေးလီနဲ့ ချိန်းတွေ့လောက်မှာ ဆိုတော့ သမီးနဲ့ ရှန်းချူချီကို အဖော်လုပ်မပေးနိုင်လောက်ဘူး။ သမီး ရှန်းချူချီကို ဖိတ်ပြီး စပျစ်နွယ်ပင်ကြီးအောက်မှာ ညစာစားရင်းနဲ့ နွားကျောင်းသားနဲ့ရက်ကန်းသမလေးပုံပြင်ကို နားထောင်လို့ ရတယ် ၊ သမီးရဲ့ မေမေနဲ့ ဖေဖေလည်း စားသောက်ဆိုင်မှာ ချိန်းတွေ့လို့ ရတယ်။ မကောင်းဘူးလား။ ”

ချန်လီချီက ခေါင်းလေး စောင်းပြီး စဉ်းစားနေခဲ့သည်။ “ မနက်ဖြန် သမီးတို့ခြံထဲမှာ တကယ်ရော စပျစ်နွယ်ပင် ရှိမှာ ဟုတ်လို့လား ဖေဖေ။ ”

ရှောက်ချန်းကျယ်က သူမလေးကို “ တကယ်ပေါ့။ ” ဟု အာမခံလိုက်သည်။

ခြံထဲမှာ စပျစ်နွယ်ပင်စိုက်တာက ခဲယဉ်းတဲ့ ပြဿနာကြီး မဟုတ်ပါ။ ရှောက်ချန်းကျယ်သည် သမီးဖြစ်သူကို ချော့သိပ်ပြီးနောက် ဘယ်နေရာမှာ သစ်ပင်စိုက်ရင် ကောင်းမလဲ ဆိုတာကို စဉ်းစားပြီး ဉယျာဉ်မှုူးကို မနက်ဖြန်မနက်စောစော လာပြီး စပျစ်နွယ်ပင်အကြီး တစ်ပင် စိုက်ဖို့ ပြောလိုက်သည်။ ထို့နောက် သူ့သမီးလေး ခေါက်ထားတဲ့ စက္ကူနှင်းဆီလေးနှင့် သူကိုယ်တိုင် ခေါက်ထားတဲ့ စက္ကူနှင်းဆီလေးကို ယူပြီး လေဆိပ်ကို ထွက်လာခဲ့လိုက်သည်။

ညနက်နေပြီ ဆိုပေမဲ့ လေဆိပ်မှာ လူတွေ ပြည့်ကျပ်နေတုန်းပဲ ရှိသေးကာ ရှောက်ချန်းကျယ်အတွက်တော့ နေရာမှာ ဒီတိုင်း ရပ်နေခြင်းကပင် အာရုံစိုက်မှုတွေကို ဆွဲဆောင်ဖို့ လုံလောက်သည်။ သူ့လက်ထဲမှာ စက္ကူနှင်းဆီ နှစ်ပွင့် ကိုင်ထားတဲ့ အချိန်မှာ ဆိုရင်တော့ ပြောမနေပါနဲ့တော့။ တချို့ လူတွေက ထိုစက္ကူနှင်းဆီတွေထဲမှာ စိန်တွေကို ဝှက်ထားတာ ဖြစ်လိမ့်မည်ဟု မှတ်ချက်ချလိုက်ပြီး တခြားလူတွေကလည်း ထိုမှတ်ချက်ကို လျင်လျင်မြန်မြန် ထောက်ခံခဲ့ကြသည်။ ဒီလို ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်ဟာ စက္ကူနှင်းဆီတွေထဲမှာ စိန်တွေ သေချာပေါက် ထည့်ထားပါလိမ့်မည်။

မလှမ်းမကမ်းမှာ ရပ်နေတဲ့ သူဌေးလက်သစ်တစ်ယောက်ကလည်း လက်ထဲမှာ နှင်းဆီပန်း ( ၉၉ ) ပွင့်ကို ဆုပ်ကိုင်ထားပြီး သူ့ကောင်မလေးကို ကြိုဖို့ စောင့်နေခဲ့သည်။ သူက ရှောက်ချန်းကျယ်ကို သရော်တော်တော် ကြည့်ကာ စိတ်ထဲက ကျိတ်တွေးလိုက်သည်။ ရုပ်ချောရုံပဲ ရှိပြီး ပိုက်ဆံမရှိဘဲနဲ့ စက်ကူနှင်းဆီပန်းလေး နှစ်ပွင့်နဲ့ ဟန်ဆောင်နေတဲ့ အသုံးမကျတဲ့ကောင် … ။ အဲ့စက္ကူနှင်းဆီတွေထဲမှာ ဘယ်လိုလုပ် စိန်တွေ ထည့်ထားမှာလဲ။ အဓိပ္ပါယ်မရှိလိုက်တာ ၊ အဲ့ဒီ အပေါစား စက္ကူနှင်းဆီတွေကို မြင်ရင် သူ့ကောင်မလေး ဘယ်လောက် ပျော်သွားမလဲ ဆိုတာ ကြည့်ရသေးတာပေါ့ … ။

ရှောက်ချန်းကျယ်ကတော့ သူ့ပတ်တန်းကျင်က အတင်းအဖျင်းတွေကို သတိမထားမိဘဲ မက်ဆေ့ချ်တွေကိုသာ အာရုံစိူက်၍ စာပြန်နေခဲ့သည်။ သူမရဲ့ လေယာဉ်ဆိုက်ပြီမို့ ရှောက်ချန်းကျယ်က သူမကို ထွက်ပေါက်မျာ စောင့်နေကြောင်း မက်ဆေ့ချ်ပို့လိုက်သည်။

ထွက်ပေါက်ဘက်ကို လျှောက်လာတဲ့ ချန်ကျင်းလန်က သူ့ကို ချက်ချင်း မြင်သည်။ သူ့ရဲ့ ဆန့်ထုတ်ပေးတဲ့ လက်ကို ဆုပ်ကိုင်ရင်း “ ရှင် စောင့်နေတာ ဘယ်လောက် ကြာပြီလဲ။ ” ဟု မေးလိုက်သည်။ သူမရဲ့ လေယာဉ်ဆိုက်ချိန်က မိနစ် ( ၃၀ ) ကျော် နောက်ကျခဲ့တာ ဖြစ်သည်။

ရှောက်ချန်းကျယ်က “ အရမ်း ကြာနေပြီ။ မင်း ခရီးထွက်သွားတဲ့ နေ့ကတည်းကပဲ။ ” ဟု ပြန်ပြောကာ သူမကို နှင်းဆီပန်းတွေ ပေးရင်း သူမရဲ့ လက်ဂေ့ဂ်ျကိူ လက်လွှဲယူလိုက်သည်။

ချန်ကျင်းလန်က သူ့ကို မျက်လုံးထောင့်ကပ် ကြည့်လိုက်သည်။ သူ့ပါးစပ်က အမြဲတမ်းပဲ အပြောကောင်းပါသည်။ ထို့နောက် စက္ကူနှင်းဆီပန်းတွေ အကြည့်ရောက်သွားပြီး “ ဒီါတွေကို ရှင် ခေါက်ထားတာလား။ ” ဟု မေးလိုက်သည်။

“ တစ်ပွင့်ကို ကိုယ် ခေါက်ထားတာ ၊ တစ်ပွင့်ကိုတော့ ကိုယ်တို့ရဲ့ လီချီလေး ခေါက်ထားတာ။ ”

“ ဘယ်ဘက်က သိပ်မလှတဲ့ နှင်းဆီပန်းက ရှင် ခေါက်ထားတဲ့ဟာ ဖြစ်မယ် ထင်တယ်။ ”

သူမ ပြောတာ မှန်ပါသည်။ သမီးဖြစ်သူနှင့် ယှဉ်ရင် သိသိသာသာ နောက်ကောက်ကျနေတဲ့ သူ့အဖို့ ထိုစကားကို အမှန်တကယ်ပင် မငြင်းဆန်နိုင်။

သူတို့နှစ်ယောက် ဆက်လျှောက်လာခဲ့သလို သူတို့နောက် တိုးတိုး တိုးတိုး စကားသံတွေလည်း ကျယ်လောင်လာခဲ့သည်။ “ အဲ့စက္ကူနှင်းဆီတွေထဲမှာ စိန်တွေ ရှိနေတာ သေချာတယ်။ မဟုတ်ရင် အဲ့မိန်းမလှလေးက အဲ့လောက် ချိုမြိန်နေအောင် ပြုံးမှာ မဟုတ်ဘူး။ ”

သူဌေးလက်သစ်လေးက သူ့လက်ထဲက စက္ကူနှင်းဆီတွေကို ငုံ့ကြည့်ရင်း စက္ကူနှင်းဆီတွေက နှင်းဆီပန်းအစစ်တွေထက်တောင် ပိုသဘောကျစရာကောင်းလို့လားဟု တွေးမိသွားလျှင် သူ့ဖုန်းကို အမြန် ထုတ်ပြီး စက္ကူနှင်းဆီခေါက်နည်း ဗီဒီယိုကို ကြည့်လိုက်၏။ ဒါပေမဲ့ သူ မြန်မြန်ဆန်ဆန် လေ့လာနိုင်တယ် ဆိုရင်တောင် ဒီလို အချိန်တိုအတွင်း စက္ကူတွေကို ဘယ်နေရာက သွားရှာရမည်လဲ။

သူတို့နောက်မှာတော့ ထန်ယိချန်းက အပေါ်ယံ မျက်နှာတည် ၊ စိတ်ထဲက ပြုံးဖြဲဖြဲ မျက်နှာဖြင့် ခပ်သွက်သွက် လိုက်လာခဲ့သည်။ ချန်မိသားနှင့် ရှောက်မိသားစုကြားက စပ်တူပူးပေါင်းမှုကို တရားဝင် ကြေညာထားပြီးပြီ ဖြစ်သလို သူကလည်း မင်္ဂလာပွဲစီစဉ်တဲ့ ကိစ္စမှာ ရှောက်ချန်းကျယ်ရဲ့ လက်ထောက်နှင့် အလုပ်တွဲလုပ်ခဲ့သည်။ သူ့ဘော့ရဲ့ ပျော်ရွှင်မှုက သူ့‌ပျော်ရွှင်မှုနှင့် တိုက်ရိုက် အချိုးကျနေသည်။ သူ့ဘော့စ် ပိုပျော်ရွှင်နေလေ ၊ သူ့အနာဂတ်ကလည်း ပိုပြီး အေးဆေး အပူအပင်ကင်းလေပဲ။

စုံတွဲလေး အိမ်ကို ပြန်ရောက်တော့ ညသန်းခေါင်တောင် ရောက်ခါနီးနေပါပြီ။ ချန်လီချီနှင့် သူမအဘွားဆီကို သွားဖို့ နောက်ကျလွန်းနေပြီ ဖြစ်၍ ချန်ကျင်းလန်က သူမ အိမ်ကို ဘေးကင်းကင်း ပြန်ရောက်ကြောင်း မက်ဆေ့ခ်ျတစ်စောင်ပဲ ပို့လိုက်သည်။

ရှောက်ချန်းကျယ်က သူမကို “ ဗိုက်ဆာနေလား။ တစ်ခုခု စားချင်လား။ ” ဟု မေးလိုက်သည်။

ညနေခင်း လေယာဉ်ပေါ် တက်ကတည်းက ဘာမှ မစားခဲ့ရသလို တစ်ညလုံးလည်း ဒီတိုင်းပဲ နေခဲ့တာမို့ သူမ ဗိုက်ဆာနေမှာ သေချာသည်။

ဒါပေမဲ့ ချန်ကျင်းလန်က ခေါင်းခါပြသည်။ “ ကျွန်မ ဗိုက်ပြည့်နေပြီ။ နေ့လယ်စာတုန်းက အများကြီး စားထားလို့ ကျွန်မရဲ့ အစာအိမ်ထဲမှာ ပြည့်နေတုန်းပဲ။ ”

ရှောက်ချန်းကျယ်က သူမကို ရင်ခွင်ထဲ ဆွဲခေါ်ရင်း “ ကျေးဇူးတင်ပါတယ်။ ” ဟု ပြောလိုက်သည်။

“ ဘာကိုလဲ။ ”

“ ကိုယ့်အမေနဲ့ အတူတူ နေ့လယ်စာစားပြီး ရှော့ပင်းထွက်ပေးလို့လေ။ သားတစ်ယောက်ကို အပင်ပန်းခံပြီး နှစ်ပေါင်း ( ၂၀ ) ကျော် ပျိုးထောင်ခဲ့ရတာက ကိုယ်နဲ့ မင်းနဲ့ ဆုံတွေ့ပြီးတော့မှ ပင်ပန်းရကျိုးနပ်သွားတယ်လို့ ပြောတယ်။ သားအရင်းထက်တောင် သူ့ကို ဂရုစိုက်ပေးတတ်တဲ့ ၊ အမြော်အမြင်ရှိတဲ့ ချွေးမလေးတဲ့။ ” ချန်ကျင်းလန်သည် အလုပ်ကိစ္စနှင့် ခရီးသွားနေစဥ်မှာ တစ်ရက်သက်သက်ဖယ်ပြီး သူ့အမေဆီ သွားလည်ကာ အတူတူ နေ့လယ်စာစားရင်း ၊ ရှော့ပင်ထွက်ရင်း အချိန်ကုန်ဆုံးပေးခဲ့သည်။

ရှောက်ချန်းကျယ်က တစ်ယောက်တည်း နေ,နေတဲ့ သူ့အမေကို စိုးရိမ်၍ မွေးရပ်မြေမြို့လေးကနေ ထွက်လာပြီး သူနှင့် လာနေဖို့ သုံး ၊ လေးခါလောက် နားချဖူးပေမဲ့ သူ့အမေကတော့ ပန်းဆိုင်လေး တစ်ဆိုင် ဖွင့်ထားပြီး အလုပ်ရှုပ်သော်လည်း သူနှင့်ရွယ်တူသူငယ်ချင်းတွေ ဝန်းရံထားတဲ့ ရောင့်ရဲကျေနပ်စရာကောင်းသော ဘဝမှာ ပျော်ပျော်ကြီး နေထိုင်နေခဲ့သည်။ သားဖြစ်သူမှာ ကိုယ်ပိုင်ဘဝ ရှိသလို သူမမှာလည်း ကိုယ်ပိုင်ဘဝ ရှိပါသည်။

“ ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ ရှင့်အမေကို အဖော်ပြုပေးရတာ စိတ်ချမ်းသာလို့ပါ ၊ ရှင်နဲ့ ဘာမှ မဆိုင်ဘူး။ ” ချန်ကျင်းလန်က သူ့ပခုံးပေါ် မေးတင်ရင်း ပြောလိုက်သည်။ အပြင်မှာတုန်းကသာ သူမပုံစံက လန်းဆန်းတက်ကြွနေပေမဲ့ အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် လုံးဝ အားကုန်သွားပြီး သူ့ကို လျော့ရဲရဲ မှီနေခဲ့သည်။ “ ကျွန်မကို ရေချိုးခန်းထဲ ချီသွားပေးပါလား။ ကျွန်မ မလှုပ်နိုင်တော့ဘူး။ ”

ရှောက်ချန်းကျယ်က ချက်ချင်း အသက်ရှူမြန်သွားကာ သူမကို ပွေ့ချီရင်း နားရွက်နားကို ကပ်၍ “ အရမ်း ပင်ပန်းနေပြီလား။ ကိုယ့်ကို မင်းကို ရေချိုးပေးစေချင်လို့လား။ ” ဟု ဩလျစွာ မေးလိုက်သည်။

ချန်ကျင်းလန်သည် လျှောမကျစေရန်အတွက် မျက်လုံးမှိတ်ထားလျက်ပင် သူ့ခန္ဓာကိုယ်ပေါ်ကို တွယ်တက်လိုက်၏။ သူမရဲ့ လက်တွေက သူ့မျက်နှာကို ရှာတွေ့သွားကာ သူ့ရဲ့ မျက်တောင်ရှည်ရှည်လေးတွေ ၊ နှာတံဖြောင့်စင်းစင်းလေးနှင့် နှုတ်ခမ်းပါးလေးကို နူးညံ့စွာ စမ်းသပ်ထိတွေ့ပြီးနောက် နှုတ်ခမ်းထောင့်လေးတွေကို လက်ချောင်းလေးတွေဖြင့် ခပ်ဖွဖွ တို့ထိလိုက်သည်။ “ အင်း … ရှင် ကူညီပေးချင်ရင်ပေါ့ … ”

ရေနွေးနွေးလေး စီးဆင်းသွားရာအတိုင်း သူ့လက်တွေလည်း လိုက်စီးဆင်းသည်။ ချန်ကျင်းလန်က ထိန်းတွယ်စရာရဖို့ ကျောက်သားနံရံကို မှီထားပေမဲ့ သူမရဲ့ ခြေထောက်တွေကတော့ ဂျယ်လီလို ပျော့ခွေနေတာမို့ လျှောမကျစေရေးအတွက် သူ့ကိုပဲ မြဲနေအောင် ကုပ်တွယ်ထားရလေသည်။

ရှောက်ချန်းကျယ်က သူမရဲ့ နားရွက်လေးကို ကိုက်ရင်း ဩလျသော အသံဖြင့် မေးလိုက်သည်။ “ မင်း ကိုယ့်ကို လွမ်းနေတာလား။ ”

သူမရဲ့ လည်ချောင်းထဲမှာ လှိုက်တက်လာတဲ့ ငိုရှိုက်သံလေးတွေကို ဆက်မထိန်းချုပ်နိုင်တော့ပါ။ မျက်ရည်တွေက ရေတွေနှင့် ရောနှော၍ သူမရဲ့ ပါးပြင်ပေါ် စီးကျသွားသည်။ ချန်ကျင်းလန်သည် မောဟိုက်စွာ ပင့်သက်ရှိုက်ရင်း ၊ အရှိန်မြန်နေတဲ့ နှလုံးခုန်နှုန်းတွေကို ငြိမ်သက်အောင် အချည်းနှီး ကြိုးစားရင်း ရီဝေသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

“ မင်း … ကိုယ့်ကို လွမ်းလား။ ကိုယ်ကတော့ မင်းကို လွမ်းလွန်းလို့ အိပ်မက်တောင် မက်တယ်။ ” ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းတွေကို အငမ်းအရ စုပ်ယူလိုက်သည်။ “ မင်းရော … ။ မင်းရော ကိုယ့်ကို လွမ်းလား။ ”

ချန်ကျင်းလန်က ဗလုံးဗထွေး ပြောလိုက်သည်။ “ နည်းနည်း … ”

“ နည်းနည်းပဲလား။ ”

“ နည်းနည်းပဲ … ” အလွန် အနေရခက်နေသော်လည်း ထိုစကားကိုတော့ ပြောလို့ မရတာကြောင့် သူ့ဆံပင်တွေကိုသာ ဖျတ်ခနဲ လှမ်းဆွဲလိုက်သည်။ “ မလုံလောက်လို့လား။ ”

ရှောက်ချန်းကျယ်က သူမနှုတ်ခမ်းလေးတွေကို ဖိကပ်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။ “ လုံလောက်တာထက် ပိုတယ်။ ”

ညည်းသံတိုးတိုးလေးတွေရဲ့ အလွန်မှာ ချန်ကျင်းလန်တစ်ယောက် စကားတစ်ခွန်းမှ ထပ်မပြောနိုင်တော့ပေ။

နောက်တစ်နေ့ ချန်ကျင်းလန် အိပ်ရာနိုးတော့ နေမြင့်နေပြီပင်။ အိပ်ရာဘေးမှာ စက္ကူနှင်းဆီတွေ ခေါက်နေတဲ့ ချန်လီချီက သူမ နိုးလာတာကို‌ မြင်တော့ တွားသွားပြီး သူမရဲ့ ရင်ခွင်ထဲကို တိုးဝင်လာသည်။ “ မေမေ နိုးလာပြီပဲ။ ”

ချန်ကျင်းလန်က သူမရဲ့ ကိုက်ခဲနေတဲ့ ခါးကို အနည်းငယ် နေရာရွေ့ရင်း လီချီလေးကို ပွေ့ဖက်လိုက်သည်။ “ မေမေ့ရဲ့ လီချီလေးက မေမေ့ကို လွမ်းနေတာလား။ ”

ချန်လီချီက အမေဖြစ်သူရဲ့ လည်ပင်း‌ကို ပွတ်သီးပွတ်သပ်လုပ်နေလိုက်သည်။ “ အရမ်း လွမ်းနေခဲ့တာ။ တစ်ချိန်လုံးပဲ ၊ မေမေ့ကို အိပ်မက်တောင် မက်တယ်။ မေမေရော သမီးကို လွမ်းလားဟင်။ ”

ချန်ကျင်းလန်က သူမရဲ့ ပါးဖောင်းဖောင်းလေးတွေပေါ် အနမ်းမိုးတွေ ရွာချလိုက်သည်။ “ မေမေလည်း မေမေ့ရဲ့ ချစ်သမီးလေးကို နေ့တိုင်း လွမ်းနေတာပေါ့ကွယ်။ သမီးအကြောင်း နေ့တိုင်း တွေးမိနေတာ အိပ်မက်တောင် မက်တယ်။ ”

တံခါးဝမှာ မှီရပ်နေတဲ့ ရှောက်ချန်းကျယ်က အိပ်ရာပေါ်က သားအမိ နှစ်ယောက်ကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်ကာ ချစ်မြတ်နိုးစွာ ပြုံးလိုက်သည်။ သူမဆီမှာ အချစ်ခံနေရတဲ့ သူ့သမီးကိုတော့ သူ မနာလို မဖြစ်သင့်ပါ။

ချန်ရှန်းဟယ်သည် ထိုနေ့ခင်းမှာ ဖေးကျူးဟွေ့ကို ချိန်းတွေ့ဖို့ ခေါ်သွားတာမို့ ချန်လီချီက ခြံထဲမှာ စပျစ်နွယ်ပင် စိုက်နေတဲ့ ဥယျာဉ်မှူးကို ပလာယာလေးတွေ ဘာလေးတွေ ယူပေးရင်း ၊ တစ်ခါတရံ ရေခပ်ပေးရင်း ကျန်ခဲ့သည်။

ရှန်းချူချီကတော့ မနက်စောစောကတည်းက ရောက်နေခဲ့တာပါ။ သူက တံခါးဘဲလ်ကို မနှိပ်ဘဲ တံခါးဝမှာ ရပ်ပြီး ချန်လီချီရဲ့ နာမည်ကိုသာ ခေါ်နေခဲ့သည်။ ချန်လီချီက ရှန်းချူချီရဲ့ ခေါ်သံကို ကြားသည်နှင့် တံခါးကို အပြေးသွားဖွင့်ပေးလိုက်၏။ သူမတို့မိသားစု စိုက်ထားတဲ့ စပျစ်နွယ်ပင် အသစ်ကို ရှန်းချူချီအား မြင်စေချင်လှပါပြီ။

ရှောက်ချန်းကျယ်က ဆူညံဆူညံ အသံတွေကို ကြားတော့ အိမ်ထဲက ထွက်လာခဲ့လိုက်သည်။ လက်ချင်း ချိတ်ပြီး ပြေးလာတဲ့ ကလေးနှစ်ယောက်ကို အမြင်မှာတော့ သူ မျက်မှောင်ကြုတ်သွားရပါတော့သည်။ သူ ရှန်းချူချီကို သဘောမကျတာ မဟုတ်ဘဲ ရှန်းချူချီရဲ့နောက်က လီဖေးဖုန့်ကို သဘာမကျတာပါ။

လီဖေးဖုန့်က သူ့ယောက်ဖမျက်လုံးထဲက မကြည်မသာ အငွေ့အသက်တွေကို မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ သူက ရှောက်ချန်းကျယ်ကို ပြုံး၍ နှုတ်ဆက်လိုက်ပြီးနောက် ရှန်းချူချီကို ကိုးနာရီမှာ လာကြိုမည့်အကြောင်း ပြောလိုက်သည်။ ရှန်းစီဝမ်ရဲ့ စတူဒီယိုက ဖွင့်တာ မကြာသေးတာမို့ ရှန်းချူချီတစ်ယောက် ဒီမှာ နည်းနည်း ကြာကြာလေး နေနိုင်ဖို့ သူ မျှော်လင့်သည်။ ကိုယ်ပိုင် ဖက်ရှင်ဘရန်းတစ်ခုကို အခုမှ စတည်ထောင်တဲ့ သူမအတွက် လုပ်စရာတွေ စုပုံနေသည်။ ထို့ကြောင့် သူ ဒီည သူမနှင့် ချိန်းတွေ့လို့ မရဘဲ ဂရုစိုက်ကြောင်းဖော်ပြသည့်အနေဖြင့် သူမရဲ့ အိမ်ကို အစားအသောက်တွေ ၊ အအေးတွေကိုသာ သွားပို့ပေးဖို့သာ တွေးထားသည်။ သူ့သား မရှိပါက သူ ကန်ထုတ်ခံရရင်တောင် ဘယ်သူ့ကိုမှ ရှက်နေစရာ မလိုတော့ပါ။

လီဖေးဖုန့်က သားဖြစ်သူကို စိတ်ချလက်ချ ထားခဲ့ကာ ပြန်သွား၏။ ရှန်းချူချီနှင့် ချန်လီချီက ခြံထဲမှာ ပျော်ရွှင်စွာ ဆော့နေခဲ့ကြသည်။ ရှောက်ချန်းကျယ်တစ်ယောက်သာ မျက်မှောင်ကြုတ်ထားတာကို မဖြေလျော့နိုင်ဘဲ သုံးမိနစ်တစ်ခါ မီးဖိုချောင်ထဲက ထွက်၍ ပြတင်းပေါက်ဘေးမှာ ရပ်ကြည့်နေတတ်သည်။

အသက်ကြီးကြီး အဖေကြီးတစ်ယောက်လို စိုးရိမ်နေတဲ့ သူ့ကို ကြည့်ပြီး ချန်ကျင်းလန်က ရယ်ချင်သွားသည်။ “ ရှင့်ဘာသာ ဟင်းချက်စရာတွေ ရှိတာပဲ သွားချက်စမ်းပါ။ ကလေးနှစ်ယောက်က သူတို့ဘာသာ ပျော်ပျော်ရွှင်ရွှင် ဆော့နေကြတာ။ ”

ရှောက်ချန်းကျယ်ရဲ့ မျက်ခုံးတွေကတော့ ပိုလို့တောင် တွန့်ချိုးသွားခဲ့သည်။ “တိတိကျက ပြောရရင် ကလေးနှစ်ယောက် အဲ့ဒီလို ပျော်ပျော်ရွှင်ရွှင် ဆော့နေလို့ပဲ သူ စိတ်မကြည်မလင်ဖြစ်ရတာပါ။

ချန်ကျင်းလန်က သူ့ဘေးကို လျှောက်သွားပြီး ခြံထဲကို လှမ်းကြည့်လိုက်သည်။ “ အနာဂတ်မှာ ကျွန်မတို့ရဲ့ လီချီလေးက ချူချီနဲ့ပဲ အိမ်ထောင်ကျသွားပြီး ချူချီလေးက ကျွန်မတို့သားမက် ဖြစ်လာရင် ကောင်းမယ်နော်။ ကလေးဘဝကတည်းက အတူတူ ဆော့ကစားရင်း အရွယ်ရောက်လာတဲ့ ၊ တစ်ယောက်အကြောင်းတစ်ယောက် ခရေစေ့ကွင်းကျ သိနေတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလောက် သင့်တော်တဲ့ သားမက်လက်ရွေးစင် မရှိနိုင်ဘူး။ ”

ရှောက်ချန်းကျယ်က သူမကို လှည့်ကြည့်လိုက်သည်။ “ ငယ််ပေါင်းကြီးဖော်သူငယ်ချင်း ဆိုရင် အဆင်ပြေမယ်လို့ မင်း ထင်တာလား။ ”

ချန်ကျင်းလန် ခေါင်းညိတ်ပြလိုက်သည်။ “ ရှင်ရော အဲ့လို မထင်ဘူးလား။ ”

မထင်ဘူး ၊ လုံးဝ မထင်ဘူး။ သူမက သူ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမှ မဟုတ်တာ ၊ အဲ့တော့ အဆင်ပြေတယ် ဆိုတာ ဘာသဘောလဲ … ။ ရှောက်ချန်းကျယ်သည် သူမကို တစ်ဝက်တစ်ပျက် ‌ပွေ့ဖက်၍ ၊ တစ်တက်တစ်ပျက် ဆွဲခေါ်၍ဖြင့် မီးဖိုချောင်ထဲကို ခေါ်လာခဲ့လိုက်သည်။ သူမကို ထပ်တလဲလဲ နမ်းပြီး ‘ ငယ်သူငယ်ချင်းတွေက လုံးဝ အဆင်မပြေပါဘူး ၊ သူမလည်း ဘယ်ငယ်သူချင်းကိုမှ သဘောမကျခဲ့ပါဘူး ’ လို့ သူမပါးစပ်က ပြင်မပြောမချင်း လုံးဝ မလွှတ်။

သူ့ငယ်သူချင်းတွေကို သူ သဘောမကျသလိုပဲ သူမရဲ့ ငယ်သူငယ်ချင်းတွေကိုလည်း သူ သဘောမကျပါ။ အဲ့ဒီလိုပဲ သူ့သမီးရဲ့ ငယ်သူငယ်ချင်းတွေကိုလည်း သူ သဘောမကျ။

ညစာစားချိန်ရောက်တော့ ချန်ကျင်းလန်က ကလေးနှစ်ယောက်အတွက် စပျစ်နွယ်ပင်အောက်မှာ စားပွဲလေး ပြင်ဆင်ကာ စားပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းသည့် ထောက်တိုင်လေးဖြင့် ဖယောင်းတိုင်တွေ ထွန်းပေးပြီး ဖယောင်းတိုင်မီးရောင်လေးဖြင့် ရိုမန့်တစ်ဆန်ဆန် ညစာစားပွဲအငွေ့အသက်လေးရအောင် ဖန်တီပေးခဲ့သည်။

ရှောက်ချန်းကျယ်က ထိုစားပွဲလေးဘေးမှာ နောက်ထပ်စားပွဲတစ်ခု ထပ်ပြင်ချင်နေပေမဲ့ ချန်လီချီက ခွင့်မပြုခဲ့ပေ။ “ ဒီနေ့က ဖေဖေနဲ့ မေမေရဲ့ နှစ်ပတ်လည်နေ့လေ ဖေဖေရဲ့။ ဖေဖေ မေမေ့ကို သေချာ အဖော်ပြုပေးသင့်တယ်။ ဖေဖေတို့နှစ်ယောက် အိမ်ထဲမှာပဲ စားလိုက်ပါ။ ”

ရျောက်ချန်းကျယ် ဘယ်လိုလုပ် စိတ်ဖြောင့်လက်ဖြောင့် စားနိုင်မည်လဲ။ သူ အိမ်ထဲကနေ ခဏ ခဏ ချောင်းကြည့်နေခဲ့ရသည်။ ကလေးနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး စကားတွေ တိုးတိုးလေး ပြောနေတာကို မြင်ချိန်မှာတော့ ဒီတိုင်း ဆက်ကြည့်မနေနိုင်တော့ဘဲ ထိုင်ခုံတစ်ခုံကို သယ်သွားကာ ကလေးနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တော့သည်။ “ ဖေဖေ သမီးတို့နဲ့ပဲ စားမယ် လီချီလေး။ ”

ချန်လီချီက မေမေ့ကို တစ်လှည့် ၊ ဖေဖေ့ကို တစ်လှည့် ကြည့်ရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။ “ ဒါပေမဲ့ ဖေဖေနဲ့ မေမေ ချိန်းတွေ့နေတဲ့ အချိန်မှာ ဘိုးဘိုးကလည်း ဖေဖေတို့နဲ့ လာမထိုင်ခဲ့ဘူးလေ။ ”

ရှောက်ချန်းကျယ် : …

ချန်ကျင်းလန်သည် ရယ်ချင်စိတ်ကို မအောင့်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်ချလိုက်မိတော့လေသည်။ သူမရဲ့ သမီးလေး ပြောတဲ့ တော်တော်လေး အဓိပ္ပာယ်ရှိသားပဲလို့ ခံစားလိုက်ရသည်။

***

All Chapters