← Chapters

အခန်း ၉၄

Vol. 9 Ch. 94

အခန်း ၉၄

Vol. 9 Ch. 94

အပိုင်း ( ၉၄ )

မင်္ဂလာဆောင်ပြီးသွားတော့ မိသားစုသုံးယောက်သည် ဥရောပမြောက်ပိုင်းကို ခရီးထွက်ဖြစ်ခဲ့ကာ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို တစ်လနီးပါးကုန်ဆုံးပြီးမှ ဩဂတ်စ်လကုန်ပိုင်းမှာ အိမ်ပြန်လာခဲ့သည်။ ချန်လီချီက အိမ်ပြန်ရောက်သည်နှင့် သူမရဲ့ ဦးလေးအကြီး ၊ ဦးလေးငယ် ၊ အဖေရှစ်တို့ကို ဖုန်းဆက်ပြောပြီးနောက် သူမရဲ့ သူငယ်ချင်းလေးတွေကို တစ်ယောက်ပြီး တစ်ယောက် ဖုန်းဆက်လိုက်သည်။ လူတိုင်းအတွက် လက်ဆောင်တွေ ဝယ်လာခဲ့ပြီး ရှန်းချူချီအတွက်ကတော့ လက်ဆောင်တွေ အများဆုံး ဝယ်လာတာမို့ သူ့ကို နောက်ဆုံးမှ ဆက်လိုက်သည်။

ရှောက်ချန်းကျယ်ကလည်း သူ့အမေနှင့် ယောက္ခမကို ဖုန်းဆက်ပြီး သူတို့ အိမ်ကို ဘေးကင်းလုံခြုံစွာ ပြန်ရောက်ကြောင်း သတင်းပို့ရသည်။ လွီစစ်ဝေနှင့် သူမရဲ့ သူငယ်ချင်းအဖွဲ့က ကျွန်းတွေပေါ်မှာ အပန်းဖြေခရီးထွက်နေဆဲပဲ ရှိသေးပြီး အောက်တိုဘာလကုန်မှ အိမ်ပြန်ရောက်မှာပင်။ ဖေးကျူးဟွေ့နှင့် ကမ္ဘာပတ်ခရီးထွက်နေကြသည်။ ချန်ရှန်းဟယ်က ချန်မိသားစုရဲ့ ဦးဆောင်သူ ဆိုတဲ့ ရာထူးကနေ အနားယူကာ ကုမ္ပဏီအရေးကိစ္စတွေ အကုန်လုံးကို ချန်ကျင်းချွမ်လက်ထဲ လွှဲပြောင်းပေးခဲ့သည်။ သူတို့သမီးရဲ့ မင်္ဂလာပွဲပြီးသွားတော့ ကျွန်းပေါ်ကနေ တောင်ဘက်အရပ်ကို ဦးတည်၍ ခရီးထွက်သွားခဲ့သည်။ သူတို့မှာ ဘာမှ နောက်ဆံတင်းစရာလည်း မရှိတော့တာမို့ နေရာ တစ်နေရာစီမှာ ငါးရက်လောက် နေဖြစ်ကြပြီး ကမ္ဘာပေါ်က လှပတဲ့ နေရာတွေအကုန်လုံးကို ( ၃ ) နှစ်ကနေ ( ၇ ) နှစ်အထိ အချိန်ပေးပြီး လည်ပတ်ဖို့ စီစဉ်ထားသည်။

ချန်ကျင်းလန် ရေချိုးခန်းထဲက ထွက်လာတဲ့ အချိန်ထိ ရှောက်ချန်းကျယ်နှင့် ချန်လိချီက ဖုန်းပြောလို့ မပြီးသေးပေ။ သူမရဲ့ သမီး ဘာလို့ ဒီလောက် အကြာကြီး ဖုန်းပြောနေတာလဲ ဆိုတာကို သူမ နားလည်ပါသည်။ ပြောရရင် သူနဲ့ ချူချီလေးနဲ့ မတွေ့ရတာလည်းတော်တော် ကြာပြီ ဆိုတော့ ပြောစရာတွေ အတောမသတ်နိုင်အောင် ရှိနေမှာကိုး … ။ ဒါပေမဲ့ ရှောက်ချန်းကျယ်က ဘာတွေများ ဒီလောက် အကြာကြီး ပြောနေတာပါလိမ့် … ။ ချန်ကျင်းလန်သည် ဖုန်းတစ်ဖက်က ဘာတွေ ပြောနေတာလဲ ဆိုတာကို နားထောင်ချင်၍ သူ့နားကို လျှောက်သွားလိုက်၏။

အခုမှ ရေချိုး ၊ ခေါင်းလျှော်ထားခါစမို့ သူမရဲ့ အနည်းငယ် စိုစွတ်နေတဲ့ ဆံပင်တွေမှာ သံပုရာရနံ့လို စိတ်လန်းဆန်းစေတဲ့ ရနံ့လေး စွဲနေကာ ထိုဆံပင်တွေက သူ့လက်ဖမိုးပေါ်မှာ လျှောခနဲ ပွတ်တိုက်သွားသည်။ ရှောက်ချန်းကျယ်က သူမရဲ့ ခါးလေးကို ဖက်ရင်း သူမကို သူ့ပေါင်ပေါ် ဆွဲတင်လိုက်ပါသည်။ တစ်ချိန်တည်းမှာပဲ ဖုန်းတစ်ဖက်က လူကို သူ သေချာ နားထောင်နေကြောင်း ဖော်ပြသည့်အနေဖြင့် “ ကျွန်တော် သိပါတယ် အဖေ။ ” ဟု ပြန်ပြောလိုက်သည်။

ချန်ရှန်းဟယ်က သားမက်ကို သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင် တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာ လက်ချာရိုက်နေခဲ့တာ ဖြစ်သည်။ သူ့လက်ချောတွေကို စာကြောင်းတစ်ကြောင်းတည်းဖြစ်အောင် အကျဉ်းချုံ့ရလျှင်တော့ ‘ မင်္ဂလာပွဲပြီးသွားလို့ မင်းက ငါ့သမီးယောကျ်ား ဖြစ်သွားတာနဲ့ အရာရာတိုင်း အေးဆေးသွားပြီလို့ ထင်မနေနဲ့။ မင်း ငါ့သမီးကို စိတ်ဆင်းရဲအောင် လုပ်ရဲ လုပ်ကြည့် ၊ ငါ မင်းကို အလွှတ်မပေးဘူး ’ ဟူ၍ ဖြစ်သည်။

ချန်ကျင်းလန်က ရှောက်ချန်းကျယ်လက်ထဲက ဖုန်းကို ယူပြီး “ အဖေနဲ့ အမေရော ခရီးမှာ အစစ အရာရာ အဆင်ပြေရဲ့လား အဖေ။ ” ဟု မေးလိုက်သည်။

သမီးဖြစ်သူရဲ့ အသံကို ကြားသည်နှင့် ချန်ရှန်းဟယ်ရဲ့ လေသံက ချက်ချင်း ပြောင်းသွားသည်။ ဖေးကျူးဟွေ့က အခု ဖုန်းပြောနေတဲ့ လူက သူမသမီး ဆိုတာကို ကြားသွားပြီး ချန်ရှန်းဟယ်ရဲ့ လက်ထဲက ဖုန်းကို ချက်ချင်း လုယူလိုက်လေသည်။ သူ ပြောတဲ့ စကားတွေချည်း နားထောင်ရတာ သူမ နားငြီးလှပါပြီ။ သားမက်ရှေ့မှာ သူ့ရဲ့ ယောက္ခမပုံရိပ်ကို မဖျက်ဆီးချင်တဲ့ သနားစိတ်လေးကြောင့်သာ မဟုတ်ရင် ချက်ချင်း ဖုန်းချပစ်လိုက်တော့မှာပါ။

ဖေးကျူးဟွေ့က သမီးဖြစ်သူနှင့် စကားနည်းနည်းပါးပါး ပြောပြီးမှ ဖုန်းချလိုက်သည်။ သူတို့လင်မယားမှာ ကိုယ့်ဘဝကိုယ် ဦးဆောင်နိုင်တဲ့ အစွမ်းအစတွေ ရှိနေပါပြီ။ လူကြီးတွေက အရမ်း ဝင်စွက်ဖက်လွန်းရင် ကပြောင်းကပြန်တွေ ဖြစ်ကုန်ဖို့ များသည်။ အဲ့ဒါကို ချန်ရှန်းဟယ်လည်း နားလည်ပေမဲ့ ယောက္ခမတစ်ယောက်လို ပြုမူချင်တဲ့ သူ့စိတ်ကို အခုထိ အရှိန်သတ်လို့ မရသေးတာမို့ သူ့ရဲ့ ယောက္ခမအရှိန်အဝါကို သင့်တော်သလို ထုတ်သုံးဖို့ လိုအပ်နေပါသေးသည်။

ယောက္ခထီးရဲ့ သူ့အပေါ် သဘောထားကို ရှောက်ချန်းကျယ် အပြည့်အဝ နားလည်ပါသည်။ ပြောရရင် သူလည်း ရှန်းချူချီအပေါ် အရမ်းကြီး ချိုချိုသာသာ ဆက်ဆံချင်တာမှ မဟုတ်တာ .. ။ ရှောက်ချန်းကျယ်က ချန်ကျင်းရဲ့ နားရွက်နောက်ကနေ ပြေလျော့ကျနေတဲ့ ဆံနွယ်လေးကို လက်ဖြင့် ရစ်ပတ်လိုက်သည်။ “ လီချီလေး ဖုန်းပြောနေတုန်းပဲလား။ ”

ချန်ကျင်းလန် ပြုံးလိုက်သည်။ “ နေရာဒေသချင်း အချိန်မတူလို့ ဖုန်းဆက်လို့ အဆင်မပြေဘူး ဆိုပြီး သူတို့နှစ်ယောက်ကို သုံးရက်တိတိ ဖုန်းမပြောခိုင်းခဲ့တာ ဘယ်သူလဲ။ ကျွန်မတို့ အခု ပြန်ရောက်ပြီ ဆိုတော့ သူက သုံးရက်လုံး ဖုန်းမပြောခဲ့ရတာကို အတိုးချပြီး ပြောနေမှာပေါ့။ ” သူမက သူ့ရဲ့ မုတ်ဆိတ်မွှေးကြမ်းရှရှလေးတွေကို ပွတ်သပ်ကြည့်လိုက်သည်။ သူတို့ ဆယ်နာရီကျော် လေယာဉ်စီးခဲ့ရတဲ့အပြင် ဒီနေ့ခင်းမှ လေယာဉ်ဆိုက် ၊ သူက မုတ်ဆိတ်လည်း မရိတ်ရသေးတာမို့ မေးစေ့မှာ မုတ်ဆိတ်မွှေးစိမ်းစိမ်းလေးတွေ ထွက်နေသည်။ “ ကဲပါ ၊ ရေသွားချိုးတော့။ အဒေါ်ချွီ ညစာပြင်နေတာ ပြီးတော့မယ်။ ”

ရှောက်ချန်းကျယ်က သူမကို လွှတ်မပေးဘဲ ဆကိဖက်ထားရင်း နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဥရောပမြောက်ပိုင်းမှာ နေခဲ့တဲ့ တစ်လကျော်မှာ ခရီးသွားနေတာမို့သာ ဟိုတယ်မှာ တည်းရသော်လည်း ချန်ကျင်းလန်က သမီးဖြစ်သူကို တစ်ယောက်တည်း အိပ်ခိုင်းဖို့ စိတ်မချပေ။ ချန်လီချီကလည်း မရင်းနှီးတဲ့ ပတ်ဝန်းကျင်အစိမ်းမှာ တစ်ယောက်တည်း မအိပ်ရဲသောကြောင့် ဟန်းနီးမွန်းလို့သာ အမည်တပ်ထားပေမဲ့ ချိုမြိန်စရာလေးတွေ အများကြီး မရှိခဲ့။

ချန်ကျင်းလန်က သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်သည်။ “ အခုလောလောဆယ်တော့ မုတ်ဆိတ်မွှေးတွေကို မရိတ်နဲ့ဦး။ ညကျမှ ကျွန်မ ကူရိတ်ပေးမယ်။ ”

သူမရဲ့ ခါးကို ရစ်ပတ်ထားတဲ့ သူ့လက်တွေက ရုတ်တရက် တင်းကျပ်သွားသလို သူမကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကလည်း ပိုလို့ နင့်သည်းတောက်ပသွားသည်။ “ တကယ်လား။ ”

“ အင်း ၊ ဒါပေမဲ့ လီချီလေးကို ချော့သိမ်ဖို့ကိုတော့ ရှင် တာဝန်ယူရမယ်။ ”

သမီးဖြစ်သူကို ချော့သိပ်ရတာက ရှောက်ချန်းကျယ်အတွက် ခက်ခဲတဲ့ တာဝန် မဟုတ်ပါ။ အခုဆို ရှောက်ချန်းကျယ်က ပုံပြောခြင်းပညာကို ကျွမ်းကျင်နေခဲ့ပြီ ဖြစ်ပြီး သူ ပြောတဲ့ ပုံပြင်မဆုံးသေးခင်ကတည်းက ချန်လီချီလေးက အသက်ရှုူသံမှန်မှန်ထွက်ကာ အိပ်ပျော်သွားလေ့ရှိသည်။

ကိုးနာရီမှာ ချန်လီချီက အချိန်မှန် အိပ်ရာဝင်ခဲ့ပေမဲ့ လုံးဝ မအိပ်ချင်သေးပါ။ လေယာဉ်ပေါ်မှာ တစ်နေ့လုံး အိပ်လာခဲ့တာကြောင့် ပါသလို ဥရောပမြောက်ပိုင်းနှင့် တရုတ်ပြည်ရဲ့ အချိန်ကွာခြားမှုအရ ဒီအချိန်မှာ ပြန်အိပ်ဖို့ ချက်ချင်းကြီး ကျင့်သားမရသေးတာကြောင့်လည်း ပါသည်။ ရှောက်ချန်းကျယ် ပုံပြင်သုံးပုဒ် ပြောပြီးတဲ့အထိ ချန်လီချီက တောက်ပသော မျက်လုံးလေးများဖြင့် လေးပုဒ်မြောက် ပုံပြင်ကို နားထောင်ဖို့ စောင့်စားနေခဲ့သည်။

ရှောက်ချန်းကျယ်က သူမလေးရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း “ လီချီလေး မအိပ်ချင်သေးဘူးလား။ ” ဟု မေးလိုက်တော့ သူမလေးက ခေါင်းခါပြသည်။

“ ဟင့်အင်း။ ဖေဖေရော အိပ်ချင်နေပြီလား။ ”

“ နည်းနည်းပေါ့။ ”

“ အဲ့ဒါဆို ဖေဖေ သွားအိပ်တော့လေ။ သမီး ရှန်းချူချီကို ဖုန်းဆက်ပြီး သူ့ကိုပဲ ပုံပြောခိုင်းလိုက်တော့မယ်။ သူ့မှာ သမီးကို ပြောပြချင်တဲ့ ပုံပြင်တွေ အများကြီး ရှိတယ်လို့ ပြောတယ်။ ”

ရှောက်ချန်းကျယ်ရဲ့ အိပ်ချင်စိတ်တွေ အကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရုံသာမက သူ သေလောက်အောင် ပင်ပန်းနေရင်တောင် မျက်ခွံတွေကို ဇွတ်အတင်း ဆွဲလှန်ကာ သူ့သမီးကို အိပ်ပျော်အောင် ချော့သိပ်ပြီးမှ ကိုယ့်ဘာသာ သွားအိပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ချန်လီချီလေးကတော့ ရှောက်ချန်းကျယ် ခုနှစ်ပုဒ်မြောက်ပုံပြင်ကို ပြောပြီးချိန်အထိ အိပ်ရာပေါ်မှာ ဝမ်းလျားမှောက်ကာ လက်ပေါ် မေးတင်ရင်း တောက်ပသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေဆဲ။

ရှောက်ချန်းကျယ်က နတ်သမီးပုံပြင်စာအုပ်ကို ဘေးချပြီး သူမလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ “ ဖေဖေ ကလေးချော့တေးဆိုပြရင်ရော ဘယ်လိုလဲ လီချီလေး။ သမီး နားထောင်ချင်တာ ရှိလား။ ”

ချန်လီချီသည် ဖေဖေ့ရဲ့ လက်မောင်းကို ခေါင်းအုံးပမာ အုံးရင်း သူမ ဖေဖေ့ကို ဘယ်ကလေးချော့တေးဆိုပြခိုင်းရင် ကောင်းမလဲ ဆိုတာကို စဉ်းစားနေမိသည်။ ထိုအချိန်မှာပဲ အိပ်ရာဘေးစားပွဲပေါ်က ရှောက်ချန်းကျယ်ရဲ့ ဖုန်းက အသံမြည်လာသည်။ ဖုန်းဆက်တဲ့ လူကတော့ လီဖေးဖုန့်။ အဲ့ကောင် ဒီအချိန်ကြီးမှ ဘာကိစ္စ ဆက်တာပါလိမ့် … ။ ရှောက်ချန်းကျယ် ဖုန်းကိုင်လိုက်တော့ ဖုန်းလိုင်းထဲကတစ်ဆင့် ကြားလိုက်ရတဲံ အသံက ရှန်းချူချီရဲ့ အသံ ဖြစ်နေသည်။ “ ဦးလေး … ကျွန်တော် ရှောင်ချူချီပါ။ လီချီလေး အိပ်ပျော်သွားပြီလားဟင်။ ကျွန်တော် လီချီလေးကို ပြောချင်တဲ့ စကားတစ်ခုကို ရုတ်တရက် သတိရသွားလို့ပါ။ ”

ရှောက်ချန်းကျယ်က သူ အိပ်ပျော်သွားပြီလို့ ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ချန်လီချီက ရှန်းချူချီရဲ့ အသံကို ကြားသွားခဲ့ပြီ ဖြစ်သည်။ သူမလေးက ဖေဖေ့နားရွက်နားကို လှိမ့်သွားလိုက်ပြီး ဖုန်းတစ်ဖက်က လူကို မေးလိုက်သည်။ “ နင် ငါ့ကို ဘာပြောမလို့လဲ ရှန်းချူချီ။ ”

ရှောက်ချန်းကျယ်သည် ဖုန်းကို စပီကာဖွင့်ရုံသာ တတ်နိုင်ပါတော့သည်။

“ ငါ မနက်ဖြန် အဘွားအိမ်ကို သွားမလို့ရယ်။ နင် အမဲခြောက်ကြော် စားချင်သေးလား။ နင် စားချင်ရင် ငါ့အဘွားကို ဒီတစ်ခေါက် များများလေး လုပ်ခိုင်းထားလိုက်မယ်။ ”

“ ကောင်းတာပေါ့။ အဘွားရှန်း လုပ်ပေးတဲ့ အမဲခြောက်ကြော်က စားအကောင်းဆုံးပဲ။ ”

ရှန်းချူချီတစ်ယောက် အလွန် ပျော်ရွှင်သွားသည်။ “ ဒါဆို ငါ ငါ့အဘွားကို အများကြီး လုပ်ခိုင်းထားလိုက်တော့မယ် ၊ အဘွားအိမ်က ပြန်ရင် နင့်အတွက် အမဲခြောက်ကြော်တွေ အများကြီး ယူလာခဲ့မယ်။ ”

“ နင် အများကြီး လုပ်စရာ မလိုပါဘူး ၊ အများကြီး လုပ်ရင် အဘွား ပင်ပန်းလိမ့်မယ်။ ငါ့အတွက် သုံးချောင်းလောက်ပဲ ယူလာခဲ့ရင် ရပါပြီ။ ”

“ အဘွား မပင်ပန်းအောင်လို့ ငါ ကူပေးလိုက်ပါ့မယ်။ ”

‌ရှောက်ချန်းကျယ်သည် စကားအမျှင်မပြတ် တရစပ်ပြောနေကြတဲ့ သူတို့နှစ်ယောက်ကြားထဲကို စကားတစ်ခွန်းတောင် ဝင်ပြောဖို့ တိုးမပေါက်ပေ။ ထို့ကြောင့် သူ သုံး ၊ လေးခါလောက် အဟမ်းအဟမ်းဟု ချောင်းဟန့်လိုက်ကာ ရှန်းချူချီက ဦးလေးရဲ့ ချောင်းဟန့်သံကို ကြားတော့မှ ဖုန်းချဖို့ အချိန်တန်ပြီမှန်း နားလည်သွားလေသည်။ “ ငါ မနက်ဖြန် အဘွားအိမ်ကို ရောက်တော့မှ နင့်ကို ဖုန်းထပ်ဆက်တော့မယ်နော် လီချီလေး။ နင် အခု အိပ်တော့နော် ၊ အရမ်း နောက်ကျနေပြီ။ ”

“ ဒါပေမဲ့ ငါမှ မအိပ်ချင်သေးတာ။ ငါ လေယာဉ်ပေါ်မှာ အကြာကြီး အိပ်ထားတာဟ။ နင်ရော အိပ်ချင်နေပြီလား ရှန်းချူချီ။ ငါတို့ စကားနည်းနည်းလောက် ထပ်ပြောကြမယ်လေ။ ”

ရှောက်ချန်းကျယ်ရဲ့ ချောင်းဟန့်သံက ပိုလို့ အသံကျယ်လာပေမဲ့ ဒီတစ်ခေါက်တော့ ရှန်းချူချီက ဦးလေး အရိပ်အမြွက်ပေးတာကို သတိမထားမိတော့ဘဲ ချန်လီချီကို “ ဒါဆို ငါ နင့်ကို ပုံပြောပြမယ်။ ” ဟု ပြောလိုက်ပါသည်။

“ ရေး … ” ချန်လီချီက ဖေဖေ့ရင်ခွင်ထဲမှာ မှီနေလိုက်သည်။ “ နင့်ပုံပြင်ကို ငါနဲ့ ဖေဖေနဲ့ အတူတူ နားထောင်မယ် ရှန်းချူချီ။ ”

ရှန်းချူချီသည် သူ့ပုံပြင်ကို ဦးလေးလည်း နားထောင်မည် ဆိုတဲ့ စကားကို ကြားလျှင် ပြောဖို့ ပြင်နေတဲ့ စကားတွေ ပါးစပ်ဖျားက ပြောမထွက်တော့ဘဲ ဖြစ်သွား၏။ သူ့ကိုယ်သူ စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်းတစ်ချက် ရှုူပြီး အသက်ရှုူသံနှုန်းလည်း ပုံမှန်ဖြစ်သွားပြီဆိုတော့မှ ပုံပြင်ကို စပြောလိုက်သည်။

ရှောက်ချန်းကျယ်က ဖုန်းလိုင်းထဲက ကြားနေရတဲ့ ကလေးအသံလေးကို မျက်မှောင်ကြုတ်၍ နားထောင်နေခဲ့သည်။ ဒါက ပုံပြင်ပြောတာတဲ့လား … ။ ဒီအလွန်အကျွံ ချဲ့ကားထားတဲ့ လေသံက အော်ပရာသီချင်းဆိုတာနဲ့တောင် ပိုတူသေးတယ် … ။ သို့သော် ကလေးဆန်ဆန် အလွန်အကျွံ ချဲ့ကားထားတဲ့ ပုံပြင်ကပဲ သူ့ရင်ခွင်ထဲက သူ့သမီးကို တဖြည်းဖြည်း အိပ်မောကျသွားစေခဲ့တာ ဖြစ်သည်။

ဖုန်းတစ်ဖက်က တိတ်ဆိတ်မှုကို သတိထားမိတဲ့ ရှန်းချူချီကလည်း ဦးလေးကို “ လီချီလေး အိပ်ပျော်သွားပြီလားဟင် ဦးလေး။ ” ဟု တိုးတိုးလေး မေးသည်။

ရှောက်ချန်းကျယ်က အင်းလို့သာ စိတ်မပါလက်မပါ မသဲမကွဲ ပြန်ပြောလိုက်သည်။

“ ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်။ ကောင်းသော ညပါ ဦးလေး။ ” ရှန်းချူချီက အသံကို ပိုလို့တောင် တိုးချပြီး ပြောလိုက်သည်။

ရှန်းချူချီက သူ တစ်ညနေလုံး ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ မအောင်မြင်ခဲ့တဲ့ ကိစ္စကို ဤသို့ဖြင့် ကူညီပေးခဲ့သည်။ ရှောက်ချန်းကျယ်သည် ဒေါသပဲထွက်ရမလား ၊ ဝမ်းသာရမလား မသိတော့။ သူ့လက်ရှိစိတ်ခံစားချက်ကို ဖော်ပြဖို့တောင် ခက်ခဲနေသည်။ သူ့သမီးရဲ့ ခေါင်းအောက်က သူ့လက်ကို ဂရုတစိုက် ထုတ်ပြီးနောက် သူမရဲ့ ဘေးပတ်ပတ်လည်ကို စောင်လေးတွေဖြင့် နွေးထွေးအောင် လွှားခြုံပေးလိုက်သည်။ အရမ်းသာ ညမနက်သေးရင် သူ့ယောက္ခမကို အမှန်တကယ်ပင် ဖုန်းဆက်မိလောက်မှာပါ။ သူ့ယောက္ခမက သူ့လက်ရှိစိတ်ခံစားချက်ကို နားလည်နိုင်မယ့် တစ်ယောက်တည်းသော လူဟု ခံစားရသည်။

ချန်ကျင်းလန်ကတော့ နှစ်နှစ်ခြိုက်ခြိက် အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။ ခရီးဝေးကြီးကနေ ပြန်ရောက်ပြီးနောက် သူမရဲ့ ကိုယ်ပိုင်အိပ်ရာထဲမှာ ပြန်အိပ်ရတာ သက်သောင့်သက်သာအရှိဆုံးပင်။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ်မှာ သူမရဲ့ ခါးနားက အပူရှိန်တစ်မျိုးကို ခံစားလိုက်ရသည်။ သူမ နေရာရွေ့လိုက်တော့ သူမနောက်က လူကလည်း လိုက်နေရာရွေ့ကာ သူမရဲ့ ခါးကို ပွေ့ဖက်၍ သူနှင့် ဖိကပ်ထားခဲ့သည်။

“ နိုးပြီလား။ ” သူမရဲ့ နားဝမှာ ကပ်၍ ထွက်ပေါ်လာတဲ့ ဩလျလျအသံထဲမှာ အပူရှိန်တွေ ရောနေခဲ့သည်။ သူမရဲ့ လည်ပင်းကို ပွတ်တိုက်သွားတဲ့ မုတ်ဆိတ်မွှေးကြမ်းရှရှတွေက သူမ မနေ့ညတုန်းက ပေးခဲ့တဲ့ ကတိကို ပြန်သတိရသွားစေလေသည်။

ချန်ကျင်းလန်က သူမနောက်က လူကို လှည့်ကြည့်ပြီး တိုးဖွဖွ မေးလိုက်သည်။ “ ရှင် တစ်ညလုံး မအိပ်ရသေးတာတော့ မဟုတ်ပါဘူးနော်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်သည်။ “ မင်း အဲ့ဒါအတွက် အလျော်ပေးရမယ်။ ”

ချန်ကျင်းလန်က သူ့အနမ်းတွေအောက်မှာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါသည်။ “ ကျွန်မကို အပြစ်မတင်ပါနဲ့။ ကျွန်မက ရှင့်ကို တစ်ချိန်လုံး စောင့်ပေးနေခဲ့သားပဲ။ ရှင့်ဘာသာ အဖေတစ်ယောက် ဖြစ်ပြီးတော့ သမီးကို သုံးနာရီနီးပါး ချော့သိပ်တာတောင် မအောင်မြင်တာက ကျွန်မအမှား မဟုတ်ဘူးလေ။ ”

ရှောက်ချန်းကျယ်သည် ထိုစကားကို ကြားသည်နှင့် အောင့်သက်သက်လည်း ဖြစ် ၊ မတရားသလိုလည်း ခံစားလိုက်ရ၏။ အဖေဖြစ်တဲ့ သူ့ကို အသက်လက်တောက်လောက်လေးပဲ ရှိတဲ့ ခွေးကောင်လေးက အနိုင်နှင့် ပိုင်းသွားတာမို့ သူ ဘယ်သူ့ကို အပြစ်တင်ရမလဲတောင် မသိတော့ပါ။

သူမပေါ်ကို ငုံ့မိုးပြီး သူမရဲ့ စကားလုံးတွေ အကုန်လုံးကို သူ့ဗိုက်ထဲ မျိုချပစ်လိုက်သည်။

အပြင်ဘက်မှာတော့ ကောင်းကင်က စတင်လင်းပွင့်လာခဲ့သည်။ ပြာလဲ့လဲ့ကောင်းကင်မှာ ကြယ်တွေ အကုန်လုံး အလင်းရောင်မှိန်ဖျော့သွားကာ လသည် အရိပ်မှိန်မှိန်ကို နောက်မှာ ချန်ခဲ့၏။ နေမင်းက မိုးကုတ်စက်ဝိုင်းနောက်မှာပဲ ရှိသေးပေမဲ့ နွေရာသီအပူရှိန်တွေက နိုးထလာပြီ ဖြစ်ကာ ချန်ကျင်းလန်ကို လွှမ်းခြုံသွားခဲ့သည်။ နိမ့်ချည်မြင့်ချည် ခံစားချက်လှိုင်းတွေအောက်မှာ သူမရဲ့ ပါးပေါ်ကို ချွေးတွေ စီးကျသွားပြီး အဲ့ဒီကနေတစ်ဆင့် သူမရဲ့ နှုတ်ခမ်းပေါ်ကို ၊ သူ့ပါးစပ်ထဲကို စီးကျသွားသည်။ သူ့ရဲ့ မီးလို ပူပြင်းတဲ့ အကြည့်ကို သူမ မခံနိုင်သလို သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက အပူလှိုင်းတွေကိုလည်း ခံနိုင်ရည်မရှိတော့ပါ။ နောက်ဆုံးတော့ သူမ မောပန်းလျစွာ အိပ်ပျော်သွားခဲ့သည်။

ချန်ကျင်းလန် ပြန်လာနိုးချိန်မှာတော့ ရှောက်ချန်းကျယ်က သူမဘေးမှာ မရှိတော့ပါ။ ဖုန်းကို ယူပြီး ကြည့်လိုက်တော့ အချိန်က မနက်ကိုးနာရီကျော်ပြီ ဆိုတာ သိလိုက်သည်။ သူမသည် ခုတင်ခေါင်းရင်းကို မှီရင်း အလုပ်မက်ဆေ့ခ်ျ အနည်းငယ်ကို စာပြန်လိုက်သည်။ ထို့နောက် အိပ်ရာထဲမှာ ခဏလောက် ဆက်ခွေနေပြီးမှ ဖိနပ်အပါးလေးကို စီး၍ ခုတင်ပေါ်က ဆင်းလိုက်သည်။

အခန်းထဲမှာ တိတ်ဆိတ်နေသည်။ လေထဲမှာ အစားအသောက်ရနံ့ဖျော့ဖျော့ ပျံ့လွင့်နေပြီး အပြင်က ချန်လီချီရဲ့ ရယ်သံလေးတွေကို ကြားနေရသည်။ ချန်ကျင်းလန်သည် စားပွဲပေါ်က ကလစ်လေးကို ယူကာ ဆံပင်တွေကို စုစည်းလိုက်ပြီးနောက် ခြံထဲ ဆင်းခဲ့လိုက်သည်။

***

All Chapters