← Chapters

အခန်း ၉၅

Vol. 9 Ch. 95

အခန်း ၉၅

Vol. 9 Ch. 95

အပိုင်း ( ၉၅ )

စပျစ်နွယ်ပင်တွေအောက်မှာ စပျစ်သီးတွေ ခူးဆွတ်နေတဲ့ သားအဖနှစ်ယောက်က သူမကို မြင်တော့ ချန်လီချီလေးက သူမဆီ ‌ပျော်ရွှင်စွာ ပြေးလာကာ ခြင်းတောင်းလေးကို‌ မြှောက်ပြသည်။ “ မေမေ ဒီမှာကြည့်။ စပျစ်သီးတွေ အများကြီးပဲ။ မသိရင် ပုလဲလုံးတွေလိုပဲ လှလိုက်တာနော်။ ”

မနှစ်တုန်းက ပြောင်းရွေ့စိုက်ပျိုးထားတဲ့ စပျစ်နွယ်ပင်တွေမှာ အခုတော့ ချောမွေ့တောက်ပြောင်တဲ့ စပျစ်သီးအလုံးလှလှတွေ ပြတ်သိပ်နေခဲ့ပြီ ဖြစ်သည်။

ချန်ကျင်းလန်က သူမရဲ့ ခေါင်းလေးကို ပုတ်လိုက်သည်။ “ ဟုတ်ပါရဲ့။ တကယ့်ကို ပုလဲလုံးတွေအလားကို လှတယ်။ ”

ရှောက်ချန်းကျယ်နှင့် သူမ အကြည့်ချင်းဆုံချိန်မှာ နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာ အပြုံးတွေ ဖူးပွင့်ဝေဆာသွားခဲ့သည်။

“ မင်း ဗိုက်ဆာနေပြီလား။ ”

“ နည်းနည်းတော့ ဆာတယ်။ ”

“ ဒါဆို စားကြမယ်လေ။ ”

ချန်လီချီလေးက “ ရေး ၊ မနက်စာ စားရတော့မယ်။ ” ဟု ပျော်ရွှင်ကျယ်လောင်စွာ ထအော်သည်။

အရမ်းကြီး မစူးရှသေးတဲ့ မနက်ခင်းနေရောင်ခြည်က သူတို့သုံးယောက်ရဲ့ မျက်နှာပေါ်က အပြုံးတွေကို နူးညံ့မှုတို့ဖြင့် ပက်ဖြန်းပေးသည်။

ပျော်ရွှင်မှု ဆိုတာ ဘာလဲ … ။

သူ့အတွက်ကတော့ ကိုယ် ချစ်ရသူတွေနှင့် အတူတူ လက်ဆုံစားရတဲ့ ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ်ပဲ ဖြစ်ပါလိမ့်မည်။

တခြားစုံတွဲတွေရဲ့ ချစ်သူဘဝက ဘယ်လို ပုံစံလဲ ဆိုတာ ချန်ကျင်းလန် မသိပေမဲ့ သူမရဲ့ ချစ်သူဘဝကတော့ ကျန်းမုန့် ပြောသလိုပင် ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမားဘဝပမာ အေးအေးဆေးဆေး။ နေရာဒေသမတူညီတဲ့ အဝေးရောက်ချစ်သူတွေတောင် မနက်တိုင်း ဖုန်းဆက်ပြီး အိပ်ရာနှိုးတာမျိုး ၊ သုံးမိနစ် တစ်ခါ မက်ဆေ့ချ်ပို့ပြီး ဘာလုပ်နေလဲ မေးတာမျိုး ၊ ညဘက်မှာ ဖုန်းဘက်ထရီပူတဲ့အထိ အကြာကြီး ဖုန်းပြောတာမျိုးနဲ့ သူတို့ရဲ့ ရင်ခုန်သံတွေကို နည်းလမ်းမျိုးစုံသုံးပြီး ထိန်းထားတဲ့အချိန်မှာ နင်တို့နှစ်ယောက်ကတော့ မတူဘူးပဲလို့ ကျန်းမုန့်က ပြောသည်။ ‘ နင်တို့ရဲ့ အချစ်ကို ပလေတိုးနစ်အချစ်လို့တောင် သတ်မှတ်လို့ မရဘူး ၊ နင်တို့က တယ်လီပသီကိုပဲ လုံးဝ အားကိုးနေကြတာ။ ’ တဲ့။

ကျန်းမုန့်ရဲ့ မှတ်ချက်က သူမတို့ရဲ့ အခြေအနေနှင့် ကွက်တိကျသည်ဟု ချန်ကျင်းလန် ထင်မိသည်။

ဆောင်းရာသီကျောင်းပိတ်ရက်ပြီးသွားကတည်းက သူတို့နှစ်ယောက် အဆက်အသွယ်ကျဲသွား၏။ တစ်ရက်ကို တစ်ကြိမ်လောက် ဖုန်းပြောဖြစ်လျှင်တောင် တော်တော် များနေပြီဟု ပြောလို့ ရသည်။ ဖုန်းပြောရင်လည်း စကားဆယ်ခွန်းအထက် ပိုမပိုပြောဖြစ်ကြဘဲ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနှင့် စကားငါးခွန်းကိုတောင် မကျော်တော့ပေ။

ကျောင်းတွေ ပြန်ဖွင့်ခါစ အစပိုင်းတုန်းကတော့ သူ အရမ်း အလုပ်ရှုပ်နေမှန်း သိ၍ သူ မက်ဆေ့ချ်မပို့ရင်တောင် သူမဘက်က ညနေတိုင်း ဖုန်းဆက်လေ့ရှိသည်။ သူမက အရမ်း ထိရှလွယ်တဲ့ လူမျိုး မဟုတ်ပေမဲ့ သူ့အသံထဲက ဝတ်ကျေတန်းကျေလေသံကို သတိထားမိသွားသောကြောင့် သူ့ဘက်က သူမကို စတင် လျစ်လျူရှုလာသလို သူမဘက်ကလည်း ဖုန်းစဆက်ချင်စိတ် မရှိတော့။ သူ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ၊ ဖုန်းဆက်ဖို့တောင် အချိန်မရှိဘူး ဆိုရင်တောင် အဲ့ဒါက သူ ဖုန်းဆက်ဖို့ မအားတာ မဟုတ်ဘဲ ဖုန်းဆက်ချင်စိတ် မရှိတာသာ ဖြစ်သည်။

တကယ်တော့ ဘယ်သမီးရည်းစားဆက်ဆံရေးမှာမဆို အစပိုင်းမှာ ယိမ်းယိုင်လွယ်ပြီး အချိန်မရွေး အလွယ်တကူ ပျက်ဆီးသွားနိုင်တာ သဘာဝပါပဲ။ အလုပ်မအားဘူး ၊ အချိန်မရှိဘူး ဆိုတဲ့ ဆင်ခြေကို အမြဲတမ်း ပေးနေတာက ဆက်ဆံရေးကို တဖြည်းဖြည်း ပြတ်တောက်သွားစေလိမ့်မည်။

သူ နောက်တစ်ခေါက် ဖုန်းဆက်တဲ့အခါ လမ်းခွဲကြမလားလို့ ပြောဖို့ ချန်ကျင်းလန် တွေးထားသည်။ ဘာပဲဖြစ်ဖြစ် သူမတို့ရဲ့ ဆက်ဆံရေးက မရှိတာနဲ့မှ ဘာမှ မထူးတာ ၊ ဇာတ်မျောကြီးအတိုင်း ဆက်သွားနေလို့ ဘာထူးမှာလဲ … ။ အချစ်ဦးဆီကနေ ကောင်းတဲ့ ဘယ်အရာကိုမှ မမျှော်လင့်သင့်ဘူးလို့ ချန်ကျင်းချွမ် ပြောခဲ့တာ မှန်သည်။ ပြောရရင် သူမလည်း ရုပ်ရှင်ဆန်ဆန် ဝတ္ထုဆန်ဆန် ပျော်စရာဇာတ်သိမ်းမျိုးကို အစကတည်းက မမျှော်လင့်ခဲ့ပါ။ ဘဝအတွေ့အကြုံအဖြစ် ရိုးရိုးရှင်းရှင်း သဘောထားခဲ့ရုံသာ။

ထိုနေ့က အတန်းပြီးသွားတော့ သူ့နာမည်က သူမရဲ့ ဖုန်းမျက်နှာပြင်မှာ ဖျတ်ခနဲ လင်းလာသည်။ သူမတို့နှစ်ယောက် နောက်ဆုံး ဖုန်းပြောခဲ့တာ လွန်ခဲ့တဲ့ နှစ်ရက် ၊ သုံးရက်တုန်းက ဖြစ်ပြီး သူ့ဘက်က သူမကို ဖုန်းစဆက်တာ ရှားသည်။ ချန်ကျင်းလန်သည် သူမရဲ့ စာအုပ်တွေကို ကျောပိုးအိတ်ထဲ တစ်အုပ်ချင်း ထည့်ပြီးနောက် ဇစ်ပိတ်လိုက်၏။ ဖုန်းကောလ်က အခုထိ မရပ်သေးတာမို့ သူမ ဖုန်းကိုင်လိုက်သည်။ ‌ရျောက်ချန်းကျယ်က ဒီနေ့ ထူးထူးခြားခြား အတော် အားလပ်နေသည်။ ချန်ကျင်းလန်ကတော့ ဘာမှ စမပြောဘဲ ဖုန်းကို နားရွက်မှာ ကပ်ထားမိသည်။

စက္ကန့်အနည်းငယ် ကြာတော့မှ သူ့ဘက်က စကားသံထွက်လာသည်။ “ ကိုယ် အခု မင်းတို့ကျောင်းဂိတ်ပေါက်မှာ ရောက်နေပြီ။ မင်း ဒီည အားရင် ကိုယ်တို့ ညစာစားကြမလား။ ”

သူ့အသံက ချစ်သူကောင်မလေးကို လာတွေ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ အသံထက် စီးပွားဖက်တစ်ယောက်ကို ညစာစားရင်း အလုပ်ကိစ္စအကြောင်းပြောဖို့ ဖိတ်ခေါ်နေသလိုပဲ ဖြစ်သည်။ သူမ အရမ်း အလုပ်ရှုပ်နေလို့ လုံးဝ အချိန်မရှိဘူးဟု ပြောလိုက်ချင်ပေမဲ့ အဆုံးသတ်မှာတော့ သူမရဲ့ ခြေထောက်တွေဟာ သူမကို ကျော်ငးဂိတ်ပေါက်ဆီ ခေါ်သွားခဲ့သည်။

သူက ကားကို မှီရပ်ပြီး သူ့ကို စိုက်ကြည့်သွားတဲ့ လမ်းသွားလမ်းလာတွေကို ဂရုမစိုက်ဘဲ စီးကရက်တစ်လိပ်ကို သောက်နေခဲ့သည်။ သူ့လက်ချောင်းတွေကြားက စီးကရက်က မီးသေပြာကျလုနီးနီး။

ချန်ကျင်းလန်က သူ့ဆီ လျှောက်သွားတော့မှ သူ သတိဝင်လာပုံပေါ်သည်။

“ မင်း ရောက်ပြီပဲ။ ” ရှောက်ချန်းကျယ်က သူမကို မြင်တော့ သောက်လက်စ စီးကရက်ကို ဖိချေငြိမ်းသတ်လိုက်သည်။

“ အင်း။ ရှင် ဒီနေ့ ဘာလို့ ဒီကို ရောက်လာတာလဲ။ ”

“ အလုပ်ကိစ္စနဲ့ လာဖြစ်သွားတာ။ ”

“ ဪ … ” ချန်ကျင်းလန်က သူမရဲ့ အိတ်က ကြိုးနှင့် ဆော့နေတာကို ရပ်လိုက်သလို မျက်နှာလည်း လွှဲလိုက်ရင်း စကားဆက်ပြောချင်စိတ်ကုန်ဆုံးသွားသည်။

ကားထဲမှာ ဖွင့်ထားတဲ့ သီချင်းသံကတောင် တိတ်ဆိတ်မှုကို မချေဖျက်နိုင်ဘဲ အလွန် တိတ်ဆိတ်နေခဲ့ပါသည်။ ချန်ကျင်းလန်က ကိုယ့်ကိုယ့်ကိုယ့် အာရုံပြောင်းအောင် လုပ်ဖို့ ဖုန်းကို ဘာရယ်မဟုတ် လျှောက်ကြည့်နေမိသည်။ ဒါပေမဲ့ သူမရဲ့ အာရုံက ဖုန်းထဲမှာ ရှိနေတာ မဟုတ်ဘဲ ဒီတိုင်း အာရုံပြောင်းဖို့ ကြိုးစားနေရုံသာ။ ထိုအချိန်မှာပဲ ရှစ်ရမ်က သူမကို အညွှန်အညှောက်ထွက်နေတဲ့ အစိမ်းရောင်သစ်စေ့လေးတွေရဲ့ ဓာတ်ပုံကို ပို့ပေးလာသည်။

ချန်ကျင်းလန်က [ ဒါ ငါတို့ စိုက်ထားတဲ့ အသီးအရွက်တွေလား။ ] ဟု စာပြန်ပို့လိုက်သည်။

[ အေး။ အပင်တွေ အကုန်လုံး ကောင်းကောင်း ကြီးထွားလာကြတာ အံ့ဩစရာ‌ပဲနော်။ ]

ဆောင်းရာသီကျောင်းပိတ်ရက်တုန်းက ချန်ကျင်းလန်သည် ဖေးကျူးဟွေ့နှင့် နိုင်ငံခြားကို သွားခဲ့ပြီး အဲ့ဒီမှာ ရောက်နေတုန်း ရှစ်ရမ်ဆီကို သွားလည်ဖြစ်ခဲ့သည်။ နှစ်သစ်ကူးချိန်တုန်းက ပြန်မလာတဲ့ သူ့ကို ဖေးကျူးဟွေ့က စိတ်ပူနေပေမဲ့ သူကတော့ ဒီမှာ အဆင်ပြေပြေပဲ ဖြစ်သည်။ နိုင်ငံခြားက အစားအသောက်တွေကို သူ့အစာအိမ်က မစားနိုင်သော်လည်း ကျန်တဲ့ နေရာတွေမှာတော့ သူ အတော်လေး အသားကျနေပြီပင်။ ဖေးကျူးဟွေ့က ရှစ်ရမ်ရဲ့ ဘာအပင်မှ မရှိတဲ့ ခြံဝန်းကို မြင်တော့ တရုတ်ကုန်တိုက်တစ်ခုကို သွားပြီး အပင်စိုက်ဖို့ အသီးအရွက်မျိုးစေ့တွေ အများကြီး ဝယ်ယူခဲ့သည်။ အခုတော့ ထိုမျိုးစေ့လေးတွေက အမှန်တကယ်ပဲ အညှောက်ထွက်နေခဲ့ပြီ ဖြစ်သည်။

ချန်ကျင်းလန်ရဲ့ နှုတ်ခမ်းထောင့်တွေ ကော့တက်သွားသည်။ [ ငါ့အမေက တော်လိုက်တာ။ နင် ဒီဓာတ်ပုံကိုရော ငါ့အမေကို ပို့ပြီးပြီလား။ ]

[ ပို့ပြီးပြီ။ အန်တီဖေးက သူလည်း အခု အသီးအရွက်စိုက်ခင်း တစ်ခင်း စစိုက်တော့မယ်လို့ ပြောတယ်။ ]

ရှောက်ချန်းကျယ်က မီးနီပေါ်က နံပါတ်တွေအတိုင်း စတီယာရင်ကို လက်ချောင်းတွေနှင့် တတောက်တောက် ခေါက်နေခဲ့သည်။ သူမ ပြုံးနေတာကို မျက်လုံးထောင့်က မြင်၍ လှည့်ကြည့်လိုက်ချိန်မှာတော့ Chat နာမည်ကို မြင်လျှင် နှုတ်ခမ်းတွေ မသိမသာ စေ့ပိတ်သွားသလို သူ့အကြည့်လည်း အေးစက်သွားရသည်။

လမ်းသွယ်လေးရဲ့ အဆုံးမှာ ပုန်းကွယ်နေတဲ့ စားသောက်ဆိုင်က အတော် ချောင်ကျသည်။ အထဲထိ ကားမောင်းဝင်သွားဖို့ မလွယ်တာမို့ သူက ကားကို လမ်းဘေးမှာပဲ ရပ်ခဲ့လိုက်သည်။

သူ့လက်က သူမရဲ့ လက်ကို ဆုပ်ကိုင်ဖို့ လှမ်းလိုက်ချိန်မှာ ချန်ကျင်းလန်က သူမရဲ့ လက်ကို တမင်သက်သက် ရှောင်ဖယ်လိုက်သည်။ သူ့လက်ကို မမြင်ချင်ယောင် ၊ သတိမထားမိချင်ယောင်တောင် ဆောင်မနေခဲ့ ၊ သူ့ဆီမှာ လက်အကိုင်မခံချင်တာကို သိစေချင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီညစာတစ်နပ် ပြီးရင် သူမတို့ လမ်းခွဲကြမှာပဲကို ... ။

လမ်းသွယ်လေးက ကျဉ်းမြောင်းပေမဲ့ သူမတို့နှစ်ယောက်ကြားက အကွာအဝေးကတော့ စက်ဘီးတစ်စီး ဖြတ်သွားလို့ ရလောက်အောင်ပင် ဝေးကွာနေခဲ့သည်။ အကြောင်းမသိသူတွေ ဆိုရင် သူတို့ကို ဘာမှ မပတ်သက်တဲ့ သူစိမ်းတွေလို့သာ ထင်ကြလိမ့်မည်။ အခုအချိန်မှာ သူတို့ရဲ့ ဆက်ဆံရေးက တကယ်လည်း သူစိမ်းတွေနှင့် ထူးမခြားနားပင်။

ဒီစားသောက်ဆိုင်ကို အလွန် သဘောကျတဲ့ ချန်ကျင်းလန်က သုံး ၊ လေးရက် တစ်ခါ လာစားတတ်သည်။ မန်နေဂျာက သူတို့ကို သူမ ထိုင်နေကျ နေရာဆီ ခေါ်သွားဖို့ လုပ်နေပေမဲံ ချန်ကျင်းလန်က သူ့ကို လက်ကာပြပြီး သီးသန့်အခန်းကိုသာ ခေါ်သွားခိုင်းလိုက်သည်။ အနာဂတ်မှာ သူမ ဒီဆိုင်ကို မကြာခဏ လာထိုင်ဖြစ်ဦးမှာမို့ သူမအကြိုက်ဆုံးနေရာလေးမှာ ထိုင်တိုင်း လမ်းခွဲခဲ့တဲ့ ကိစ္စကြီးကို ပြန်သတိမရချင်။

အစားအသောက်တွေက လျင်လျင်မြန်မြန်ပဲ ရောက်လာသဖြင့် ချန်ကျင်းလန်က အစားကို အာရုံစိုက် စားနေလိုက်သည်။ တင်းမာနေတဲ့ လေထုကို အာရုံခံမိပုံရတဲ့ စားပွဲထိုးလေးက ရေနွေးကြမ်းတွေကို ဖြည့်ပေးပြီးသည်နှင့်တစ်ပြိုင်နက် အမြန် ထွက်သွားပြီး တံခါးကို ပြန်ပိတ်ပေးခဲ့သည်။

သီးသန့်အခန်းထဲမှာ တူနှင့် ပန်းကန်လုံး ထိခတ်သံတို့သာ ကျန်ရစ်ခဲ့ပြီး ရှောက်ချန်းကျယ်ရဲ့ နာကျင်မှုကလည်း ထိန်းချုပ်ရခက်လာခဲ့သည်။ သူ အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပေမဲ့ စားပွဲပေါ်မှာပဲ ပြန်ချလိုက်သည်။

“ မြောင်မြောင် … ”

မော့ကြည့်လာတဲ့ ချန်ကျင်းလန်က စက္ကူတစ်ရွက်လို ဖြူစုတ်နေတဲ့ သူ့မျက်နှာကို မြင်သွားပြီး တူတွေကို ချလိုက်သည်။ “ ရှင် နေမကောင်းဘူးလား။ ”

ရှောက်ချန်းကျယ်က သူ့ဗိုက်ကို လက်နှင့် ဖိနှိပ်ရင်း “ ကိုယ့်အစာအိမ် အောင့်‌နေတယ်။ အရမ်း နာနေတယ်။ ” ဟု ပြန်ပြောသည်။ သူမကို ကြည့်တဲ့ သူ့မျက်‌လုံးအကြည့်က လျော့ရဲရဲ။

ချန်ကျင်းလန်က ထိုင်ခုံက ထသွားပြီး သူ့ဘေးကို သွားလိုက်သည်။ စီးကရက်ဘူးကို အမြင်မှာတော့ သူမ ပိုဒေါသထွက်သွားလေသည်။ “ ရှင့်အစာအိမ်အောင့်နေတာတောင်မှ ရှင်က ဆေးလိပ်သောက်နေတုန်းပဲလား။ မြန်မြန် ထ ၊ ကျွန်မတို့ ဆေးရုံသွားမှ ဖြစ်မယ်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ “ ကိုယ့်ကို ကူပြီး ‌ဆွဲထူပေးပါလား။ ကိုယ့်ဘာသာ ထလို့ မရဘူး။ ”

သူ့လက်ဖဝါးက ရေခဲတမျှ အေးစက်နေပြီး ခဏကြာတဲ့နောက် နဖူးပေါ်မှာ ချွေးတို့ စိုစွတ်လာခဲ့သည်။ ချန်ကျင်းလန် စိုးရိမ်သွားကာ သူ့ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်၍ ထိန်းကိုင်ပေးလိုက်သည်။ “ ရှင် လမ်းလျှောက်လို့ရော ရရဲ့လား။ ကျွန်မ စားပွဲထိုးကို ခေါ်ပြီး အကူအညီတောင်းလိုက်ရမလား။ ”

ရှောက်ချန်းကျယ်က သူမကို လေးလံစွာ မှီကာ သူမရဲ့ ပခုံးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ “ ရတယ်။ ကိုယ် မတ်တပ်ရပ်နိုင်တာနဲ့ အဆင်ပြေသွားမှာပါ။ ”

ချန်ကျင်းလန်က ကားကို ခပ်သွက်သွက် မောင်းလာခဲ့ပြီး သူ့ကို စိုးရိမ်စွာ ခဏ ခဏ လှည့်ကြည့်နေမိသည်။ ရှောက်ချန်းကျယ်ကတော့ သူမကို “ ကိုယ် အဆင်ပြေပါတယ်။ ကားကိုပဲ အာရုံစိုက်မောင်းပါ။ ” ဟူ၍ လေသံဖျော့လေးဖြင့် နှစ်သိမ့်ပေးသည်။

“ တိတ်တိတ်နေ။ ဘာမှ မပြောနဲ့။ ” ချန်ကျင်းလန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။

ဆေးရုံရောက်တော့ ဆရာဝန်က သူ့ကို စစ်ဆေးကြည့်ပြီးသွားတော့ ဆူပူကြိမ်းမောင်းချင်သွားပုံပေါ်သည်။ “ မင်းတို့လူငယ်တွေက အသက်ငယ်တယ် ဆိုတာကို အခွင့်ကောင်းယူပြီး ကိုယ့်ခန္ဓာကိုယ်ကို နှိပ်စက်နေကြတယ်။ မင်း အသက်ကြီးလာရင် နောင်တတရားကို ဖြေဖျောက်နိုင်တဲ့ ဆေးကို ဘယ်က ဝယ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ”

ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ထားကာ ဆရာဝန်ရဲ့ ဆုံးမစကားကို နာခံစွာ နားထောင်နေခဲ့သည်။ ချန်ကျင်းလန်က ဆရာဝန်ရဲ့ စကားကြောင့် သူ့ကို နောက်ထပ်မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ သူ ဒီ့ထက် ပိုအဆူခံရအောင် သူမ ဖြည်းဖြည်းလေး မောင်းလာခဲ့သင့်တာ … ၊ အဲ့ဒါမှ သူ ဒါမျိုး နောက်တစ်ခေါက် ထပ်မလုပ်ရဲမှာ ။

ဆေးနှစ်ပုလင်းသွင်းပြီးသွားတဲ့ထိ အချိန်က အရမ်း နောက်မကျသေးပါ။ သူက သူမရဲ့ လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားခဲ့သည်။ သူနာပြုမလေးရောက်လာပြီး ဆေးသွင်းသည့် အပ်ကို ဖြုတ်ပေးနေတာကိုလည်း ချန်ကျင်းလန်က သူ့ကို စိတ်ပူစွာ တကြည့်ကြည့်လုပ်နေမိသည်။

ချန်ကျင်းလန်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ “ ပြန်ကြမယ်။ ”

ရှောက်ချန်းကျယ်က သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သူ့နားကို ဆုပ်ကိုင်ကာ သူမရဲ့ ခါးမှာ မျက်နှာအပ်ထားလိုက်သည်။ အကြာကြီး တိတ်ဆိတ်နေပြီးမှ သူ့ဆီက စကားသံထွက်လာပါသည်။ “ ဒီနေ့က ကိုယ့်အဖေမွေးနေ့လေ မြောင်မြောင်။ အဲ့ဒါကြောင့် ကိုယ် နည်းနည်းလေး ဝမ်းနည်းနေတာ။ ”

ဝမ်းနည်းမှုစွက်နေတဲ့ သူ့အသံက ခပ်လျော့လျော့။ ချန်ကျင်းလန်က သူ့မျက်နှာကို စိုက်ကြည့်နေပြီးမှ လေထဲမှာ တစ်ဝက်တစ်ပျက် ရပ်တန့်နေတဲ့ သူမရဲ့ လက်က နောက်ဆုံးတော့ သူ့ခေါင်းပေါ်ကို ရောက်သွားကာ ဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်သည်။

အပြန်လမ်းမှာ ကားမောင်းတဲ့ လူကလည်း သူမပဲ ဖြစ်သည်။ “ ရှင် ဘယ်ဟိုတယ်မှာ တည်းတာလဲ။ ”

“ ကိုယ့်ကို အရင်ဆုံး ချပေးခဲ့ပါ။ ကိုယ် အခု သက်သာသွားပါပြီ။ ဟိုတယ်ကို ကိုယ့်ဘာသာ ပြန်မောင်းသွားလို့ ရပါတယ်။ ”

သူ့ဘက်က အဲ့လို ပြောနေပြီမို့ ချန်ကျင်းလန်က ကျောင်းကိုပဲ တန်းတန်းမတ်မတ် ပြန်မောင်းလာခဲ့လိုက်တော့သည်။ လောလောဆယ် သူမ တစ်ယောက်တည်းရှိမနေချင်၍ ဒီည အဆောင်မှာပဲ အိပ်ဖို့ ဆုံးဖြတ်ထားသည်။ ‌ရှောက်ချန်းကျယ်က သူမကို အဆောင်ဂိတ်ပေါက်အထိ လိုက်ပို့ပေးချင်နေပေမဲ့ သူမကတော့ လိုက်မပို့ခိုင်းပါ။ “ ရှင့်ဘာသာ စောစော ပြန်ပြီး နားလိုက်။ ”

ရှောက်ချန်းကျယ်သည် တဖြည်းဖြည်း ဝေးကွာသွားတဲ့ သူမရဲ့ ကျောပြင်လေးကို ကြည့်ရင်း စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမောလေးကိုပဲ မှုတ်ထုတ်လိုက်ရမလား ဆိုတာ ဇဝေဇဝါ ဖြစ်နေမိသည်။ သူမ ပြောချင်နေတဲ့ စကားကို သူ သိပါသည်။ ဒီတစ်ချိန်လုံး သူမဘက်က ထိုစကားကို ပြောလာမှာကို သူ စောင့်မျှော်နေခဲံတာလို့ ပြောလို့ ရသည်။ ဖုန်းပြောတိုင်း သူမ ဆက်ပြောမယ့် စကားက လမ်းခွဲစကားများ ဖြစ်နေမလားဟု သိချင်စိတ်တအုံ့နွေးနွေး ဖြစ်ခဲ့ရဖူးသည်။ သို့သော် အခု ထိုအချိန်ကို အမှန်တကယ် ရောက်လာတော့မှ သူ နောင်တရမိလေသည်။ နောက်ပိုင်းမှာ ဘာတွေ ဘယ်လိုပဲ ဆက်ဖြစ်ပါစေ ၊ လက်ရှိအချိန်မှာတော့ သူမကို လက်မလွှတ်နိုင်သေးပါ။

ချန်ကျင်းလန်ရဲ့ ပဟေဋိဆန်တဲ့ ချစ်သူကောင်လေး ဒီနေ့ လာမယ် ဆိုတာကို သိတဲ့ ကျန်းမုန့်က သူမ ပြန်လာတာကို မြင်တော့ အံ့ဩသွားသည်။ “ နင် ဘာလို့ ပြန်လာတာလဲ။ ”

ချန်ကျင်းလန်က သူမကို “ နင် ဝှက်ထားတဲ့ ဘီယာ ရှိသေးလား။ ” လို့သာ မေးလိုက်သည်။

ကျန်းမုန့်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားက ခုတင်အောက်က ဘူးကို ဆွဲထုတ်ပြီး ချန်ကျင်းလန်ကို ဖွင့်ပြလိုက်သည်။ “ ဘီယာတင် မဟုတ်ဘူး ၊ မြေပဲလည်း ရှိတယ်။ ဘီယာက မြေပဲနဲ့ မြည်းရင် သိပ်ကောင်း။ ”

သူတို့နှစ်ယောက် လသာဆောင်မှာ ဘီယာဘူးကိုယ်စီဖြင့် ထိုင်ဖြစ်ကြသည်။ ကျန်းမုန့်က ချန်ကျင်းလန်လောက် မသောက်နိုင်တာမို့ ဘူးတစ်ဝက်လောက်နှင့် မျက်လုံးတွေက ရီဝေဝေဖြစ်လာသည်။ သူမက ချန်ကျင်းလန်ရဲ့ ပခုံးကို မှီရင်း သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းနေကာ ချန်ကျင်းလန်ကတော့ သူမရဲ့ လက်မောင်းကို ခပ်ဖွဖွ ပုတ်ကာ ဆက်သောက်နေခဲ့သည်။

ရှောက်ချန်းကျယ် ဖုန်းဆက်တော့ သူမ မူးနေပါပြီ။ ဖုန်းစခရင်ကို လေး ၊ ငါးကြိမ်လောက် နှိပ်ပြီးမှ ဖုန်းကိုင်လို့ ရသွားကာ သူတို့နှစ်ယောက် ရန်ဖြစ်နေတယ် ဆိုတာကိုလည်း သတိမရတော့ဘဲ သူ့ကို ဘာလို့ ဖုန်းဆက်တာလဲဟု ခပ်ချွဲချွဲလေး မေးလိုက်မိသည်။

ရှောက်ချန်းကျယ် ရုတ်တရက် အသက်ရှုူမြန်သွားသည်။ “ မင်း သောက်နေတာလား။ ”

“ အဲ့ဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ။ ”

သူမ မူးနေပြီ ဆိုတာကို ရှောက်ချန်းကျယ် သိလိုက်သည်။

“ မင်း ဘယ်မှာလဲ။ ”

ချန်ကျင်းလန်က ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်သည်။ “ အပြင်မှာ။ ”

“ မင်းဘေးမှာ ဘယ်သူတွေ ရှိလဲ။ ”

“ ပြတင်းပေါက်တွေ ၊ ကြယ်တွေ … ပြီးတော့ ကျန်းမုန့် ရှိတယ်။ ”

***

All Chapters