အခန်း ၉၆
Vol. 9 Ch. 96
အပိုင်း ( ၉၆ - ဇာတ်သိမ်း )
ရှောက်ချန်းကျယ်က အဆောင်အပေါ်ထပ်က မီးရောင်တွေကို လှမ်းကြည့်လိုက်သည်။ “ မင်း လသာဆောင်မှာလား။ ”
“ အင်း။ ရှင် ဘာပြောမလို့ ဖုန်းဆက်တာလဲ။ ကိစ္စအထွေအထူး မရှိရင် ဖုန်းချလိုက်တော့မယ်။ ကျွန်မ ဆက်သောက်ချင်သေးတယ်။ ”
“ ကိုယ် အောက်ထပ်မှာ ရောက်နေတာ။ ”
ချန်ကျင်းလန်ရဲ့ မူးနစ်ရီဝေနေတဲ့ စိတ်ထဲမှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။ “ ဘယ်အောက်ထပ်လဲ။ ”
“ မင်းတို့အဆောင်ရဲ့ အောက်ထပ်လေ။ ”
သူ့စကားလုံးတွေကို သေချာ ခွဲခြမ်းစိပ်ဖြာနိုင်ဖို့ အချိန်ခဏယူခဲ့ရသည်။ သူမ ထိုင်နေရာမှ ထသွားပြီး ပြတင်းပေါက်နားကို သွားကြည့်လိုက်တော့ လမ်းမီးတိုင်တွေရဲ့ မှုန်ဝါးဝါးအလင်းရောင်အောက်မှာ မပီမပြင်လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ အရက်မူးနေတဲ့ အချိန်မှာတောင် အဲ့ဒါက သူ ဆိုတာကိုတော့ သူမ မှတ်မိပါသည်။
“ မင်း အောက်ကို ဆင်းလာချင်လား။ ” ဩလျလျ သူ့အသံထဲမှာ ဆွဲငင်မှုတွေ အပြည့်။
“ အိုကေ။ ”
နှစ်ခါ စဉ်းစားနေဖို့ မလို။ ချန်ကျင်းလန်က သူမရဲ့ ဘီယာဘူးခွံကို အမှိုက်ပုံးထဲ လွှင့်ပစ်ပြီး အောက်ထပ်ကို ချက်ချင်း ဆင်းခဲ့လိုက်သည်။
ထိုင်ခုံပေါ်မှာ ကွေးကွေးလေး ထိုင်နေတဲ့ ကျန်းမုန့်က သူမကို “ ဘယ်သွားမလို့လဲ။ ” ဟု မေးသည်။
ချန်ကျင်းလန်သည် ကျန်းမုန့်ကို အိပ်ရာထဲ တွဲကူပို့ပေးလိုက်ပြီး အိပ်ရာကိုပါ သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်ပေးလိုက်၏။ “ နင် အိပ်တော့။ ငါ ယောကျ်ားတစ်ယောက်ကို သွားရှာလိုက်ဦးမယ်။ ”
ကျန်းမုန့်က သူမရဲ့ လက်ကို လှမ်းဆွဲသည်။ “ ယောကျ်ားတစ်ယောက်ကို ရှာပြီး ဘာလုပ်မလို့လဲ။ ”
သူ့မျက်နှာကို ဖြတ်ရိုက်ပစ်မလို့ပေါ့။ တခြားရှိဦးမလား။
ကံကောင်းစွာဖြင့် ထိုအချိန်မှာ ကျန်းမုန့်ရဲ့ အခန်းဖော်လည်း ပြန်ရောက်လာသောကြောင့် ချန်ကျင်းလန်က ထိုအခန်းဖော်ကို ကျန်းမုန့်အား ဂရုစိုက်ပေးဖို့ ပြောလိုက်သည်။ ပါးလေးတွေ အနည်းငယ် ရဲကာ စကားသံတိုးနေတာက လွဲလို့ သူမရဲ့ အမူအရာက ပုံမှန်ပါပဲ။ ထိုအခန်းဖော်က ချန်ကျင်းလန် အရက်မူးနေတယ် ဆိုတာကို လုံးဝ သတိမထားမိပေ။ သူမက တင်းနစ်ဘတ်တံကို ယူပြီး ထွက်လာခဲ့လိုက်သည်။ သူ့ခေါင်းမှာ ဘုသီးတွေ အများကြီး ထလာတဲ့အထိ သူ့ခေါင်းကို ဘတ်တံနှင့် ရိုက်ဖို့ တွေးထားသည်။ ဘာလို့ သူ့ကို အဲ့ဒီလို လုပ်ချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ ၊ ထိုအချိန်တုန်းက သူ့ကို အရမ်း ရိုက်ချင်ခဲ့တယ် ဆိုတာကိုပဲ မှတ်မိသည်။
ချန်ကျင်းလန်သည် တင်းနစ်ဘတ်တံကို ပခုံးပေါ်မှာ လွယ်ထားခဲ့ပြီး သူ့ဆီကို လူသတ်တော့မလို အရှိန်အဝါတွေ ဖြာထွက်နေလျက် လျှောက်လာခဲ့လိုက်သည်။
သူမကို အဲ့ဒီလို ပုံစံနှင့် မြင်လိုက်ရချိန်မှာ ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေ အလိုလို ကွေးညွှတ်သွားပြီးနောက် သူ့ကုတ်အင်္ကျီကို ချွတ်ကာ သူမရဲ့ ပခုံးပေါ် လွှားခြုံပေးလိုက်သည်။ ထို့နောက် သူမကို လမ်းသွားလမ်းလာတွေ မမြင်နိုင်တဲ့ အလင်းရောင်မှိန်မှိန် ထောင့်တစ်နေရာလေးကို ခေါ်လာခဲ့လိုက်သည်။
ချတ်ကျင်းလန်က သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ မရယ်ပါနဲ့။ ”
ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေက ပို့လို့တောင် ကော့တက်သွားသည်။ “ ဘာလို့ ကိုယ်က ရယ်လို့ မရတာလဲ။ ”
ဘာကြောင့်လဲ ဆိုတော့ သူ ပြုံးလိုက်တဲ့အခါ သူမက သူ့ကို မရိုက်ရက်တော့လို့ပဲ ဖြစ်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ ရှင် အခု ကျွန်မရဲ့ လက်ကို ကိုင်လို့ မရဘူး။ ”
“ ဘာလို့ ကိုယ်က ကိုင်လို့ မရတာလဲ။ ”
“ ဘာလို့လဲ ဆိုတော့ ရှင်က ကျွန်မရဲ့ ကောင်လေးအဖြစ် ဆက်ရှိနေတော့မှာ မဟုတ်လို့ပဲ။ ကျွန်မရဲ့ ကောင်လေး မဟုတ်တော့တဲ့ လူက ကျွန်မရဲ့ လက်ကို ကိုင်လို့ မရဘူး။ ”
ရှောက်ချန်းကျယ်ရဲ့ မျက်လုံးတွေက လက်ခနဲ တောက်သွားသည်။ “ ဒါပေမဲ့ အခုထိတော့ ကိုယ် မင်းရဲ့ ကောင်လေးဖြစ်နေသေးတယ်မို့လား။ ”
အရက်ရှိန်ကြောင့် ချန်ကျင်းလန်ရဲ့ ခန္ဓာကိုယ်က ယိမ်းနွဲ့နေသည်။ မှန်ပါသည်။ သူမ သူနှင့် အခုထိ လမ်းမခွဲရသေးပါ။ သူ ဒီနေ့ နေမကောင်းဖြစ်နေတာကြောင့် ဒီနေ့ မဟုတ်ဘဲ မနက်ဖြန်မှ လမ်းခွဲမှာပင်။
ရှောက်ချန်းကျယ်က သူမကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ “ ကိုယ်က အခုထိ မင်းရဲ့ ကောင်လေး ဖြစ်နေသေးတယ် ဆိုတော့ မင်းကို အခုထိ လက်ကိုင်လို့ ရသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ”
သူ့လက်ဖဝါးက နွေးနေသလို သူ့ခန္ဓာကိုယ်ကလည်း နွေးနေသည်။ ချန်ကျင်းလန်က သူ့ပခုံးကို မှီရင်း ရီဝေနေတဲ့ကြားက စဉ်းစားကြည့်မိသည်။ ကောင်းပြီလေ ၊ ဒီတစ်ရက်တော့ သူ့ကို လက်ကိုင်ခွင့်ပေးလိုက်မယ်။ ဒါပေမဲ့ မနက်ဖြန်ကစပြီး လက်ကိုင်ခွင့်မပေးတော့ဘူး … ။
အဆောင်ပိတ်ချိန်နီးလာသည်နှင့်အမျှ အဆောင်ဂိတ်ပေါက်မှာ လူတွေ တဖြည်းဖြည်း များလာသည်။ တစ်ယောက်တည်းသီးသန့် စာသွားကြည့်တဲ့ လူတွေ ၊ ချစ်သူနှင့် သွားချိန်းတွေ့တဲ့ လူတွေ အကုန်လုံး အလျင်စလို ပြန်လာနေခဲ့ကြသည်။
ရှောက်ချန်းကျယ်က သူမနားရွက်နားကို ကပ်ပြီး ပြောလိုက်သည်။ “ အဆောင်တံခါးပိတ်တော့မယ်။ မင်း အဆောင်ထဲ ပြန်ဝင်မှာလား ၊ ဒါမှမဟုတ် ကိုယ်နဲ့ ဟိုတယ်ကို လိုက်ခဲ့မှာလား။ ”
ချန်ကျင်းလန်က မူလတုန်းက သူမ ဘာလုပ်ဖို့ အောက်ထပ် ဆင်းလာခဲ့တာလဲ ဆိုတာကို ဗြုန်းခနဲ ပြန်သတိရသွားကာ တင်းနစ်ဘတ်တံကို သူ့ရင်ဘတ်နားသို့ မြှောက်၍ သူတို့ကြားမှာ အကွာအဝေးတစ်ခုကို ဝေးကွာစေလိုက်သည်။ သူ့ကို ရိုက်ဖို့ ဒီအောက်ကို ဆင်းခဲ့တာ ဖြစ်သည်။
“ ကိုယ် မင်းကို တောင်းပန်ဖို့ လာခဲ့တာပါ မြောင်မြောင်။ ကိုယ် တောင်းပန်ပါတယ်။ ” သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ကာ ပြောလိုက်သော စကားက နှလုံးသားထဲအထိ တိုးလျိုးပေါက် ဖောက်ဝင်သွားခဲ့သည်။
ချန်ကျင်းလန် တုံ့ဆိုင်းသွားသည်။ သူ တောင်းပန်လာလိမ့်မယ်လို့ ထင်မထားခဲ့ပေမဲ့ သူမရဲ့ စိတ်ထဲက အသံတစ်သံက သူ သူမအပေါ် တောင်းပန်ဖို့ အကြွေးတင်နေကြောင်း ပြောနေသည်။ သူ ဘာအတွက် တောင်းပန်တာလဲ ဆိုတာကိုပဲ သူမ မမှတ်မိတာပါ။
ရှောက်ချန်းကျယ်ရဲ့ အသံက အက်ကွဲနေသည်။ “ အခုနောက်ပိုင်း ကိုယ့်မှာ အလုပ်တွေ အများကြီး စုပုံလာတယ် ၊ ပြီးတော့ ကိုယ့်ညီမရဲ့ ကျန်းမာရေးအခြေအနေကလည်း ပြန်ဆိုးလာလို့ ဆေးရုံတင်ထားရတယ်။ အလုပ်နဲ့ ကိုယ့်ညီမကြားမှာ ပြေးလွှားနေရတာနဲ့ မင်းရဲ့ ခံစားချက်တွေကို ကိုယ် လျစ်လျူရှုမိသွားတယ်။ ”
ဒါက အမှန်တရားလည်း ဖြစ်သလို ဆင်ခြေလည်း ဖြစ်သည်။
ဆောင်းရာသီကျောင်းပိတ်ရက်မှာ သူ့အဘွားရဲ့ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို သိခဲ့ရသည်။ ရှစ်ရမ်ဘေးမှာ သူနှင့် အတူ ရှိနေစဉ်တုန်းကထက်တောင် ချိုမြိန်စွာ ပြုံးနေတဲ့ သူမနှင့် သူမရဲ့ အမေကိုလည်း သူ မြင်ခဲ့သည်။ လူ ဆိုတ အမြဲတမ်း အတ္တကြီးတတ်သည်။ ကိုယ့်မှာ မရှိတဲ့ အရာကိုမှ အမြဲတမ်း ပိုင်ဆိုင်ချင်ကာ ကိုယ် ပိုင်ဆိုင်ထားတဲ့ အရာထက် ပိုလိုချင်တတ်ကြသည်။ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေ များလာလေ ၊ ထိုပစ္စည်းတွေကို လုယူခံလိုက်ရမှာကို ပိုကြောက်လာလေပါပဲ။
ပြဿနာက ဒီလို ဆိုရင် သူမကို လက်လွှတ်ပေးလိုက်တော့မည်ဟု ရှောက်ချန်းကျယ် အတွေးဝင်လာခဲ့သည်။ သူမက ရှစ်ရမ်ကို သဘောကျသလို သူမရဲ့ မိသားစုကလည်း ရှစ်ရမ်ကို သဘောကျသည်။ ဘယ်ရှုထောင့်ကပဲကြည့်,ကြည့် သူတို့နှစ်ယောက် ရှေ့ဆက်နိုင်စရာလမ်းမရှိပေ။
ချန်ကျင်းလန် အနည်းငယ် အမူးပြေသွားကာ သူတို့ ရန်ဖြစ်နေကြတယ် ဆိုတာကိုရော ၊ သူနှင့် လမ်းခွဲဖို့ လုပ်နေတယ် ဆိုတာကိုရော ပြန်သတိရသွား၏။ ဒါပေမဲ့ သူ့ရဲ့ အနားသတ်နီရဲနေတဲ့ မျက်လုံးတွေကို မြင်ချိန်မှာ သူမရဲ့ တင်းမာနေတဲ့ အသံ ပျော့ပျောင်းသွားပြီး နူးညံ့စွာ မေးလိုက်သည်။ “ ရှင့်ညီမရော အခု အခြေအနေ ဘယ်လိုလဲ။ ”
“ အခုတော့ စိုးရိမ်စရာမလိုတော့တဲ့ အခြေအနေကို ရောက်သွားပါပြီ။ ”
“ ရှင် ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ။ ”
“ ကိုယ် တောင်းပန်ပါတယ်။ ”
တောင်းပန်ပါတယ် ဆိုတဲ့ စကားကိုပဲ သူ ပြောနိုင်သည်။
တင်းနစ်ဘတ်တံကို ကိုင်ထားတဲ့ ချန်ကျင်းလန်ရဲ့ လက်က ပြေလျော့သွားကာ သူ့ရင်ခွင်ထဲ တိုးဝင်ရင်း “ နောက်တစ်ခေါက် ဆိုတာ မရှိတော့ဘူးနော်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ ခါးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ “ ကိုယ် နားလည်ပါပြီ။ ”
ချန်ကျင်းလန်သည် သူ့ကို ထပ်ပြီး မော့ကြည့်လိုက်၏။ “ ရှင် ဒီနေ့ ဒီကို အလုပ်ကိစ္စနဲ့ ရောက်လာတာလား။ ”
ရှောက်ချန်းကျယ်က သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး ပြန်ဖြေသည်။ “ အလုပ်ကိစ္စနဲ့ ရောက်လာတာ ဆိုတော့ အစတုန်းက ဒီကို လာမယ့် တခြားတစ်ယောက် ရှိပြီးသားပါ။ ကိုယ်က မင်းကို လွမ်းလို့ သူ့ကိုယ်စား လာခဲ့လိုက်တာ။ ”
အနားမယူရခြင်းကြောင့် သိသိသာသာ ညိုကျပြီး ချိုင့်ခွက်ဝင်နေသော သူ့မျက်လုံးတွေကို ကြည့်ကာ ချန်ကျင်းလန်ရဲ့ နှလုံးသား နူးညံ့သွားသည်။ အပြန်အလှန် သွယ်ယှက်ထားတဲ့ လက်တွေကို လှုပ်ရမ်းပြီး “ သွားကြမယ်။ ” ဟု ပြောလိုက်တော့ ရှောက်ချန်းကျယ်က “ ဘယ်ကို သွားမှာလဲ။ ” ဟု ပြန်မေး၍ သူမရဲ့ အတည်ပြုချက်ကို တောင်းခံသည်။
ချန်ကျင်းလန် သူ့ကို ကြည့်လိုက်သည်။ “ ရှင် သွားတဲ့ ဘယ်နေရာကိုမဆို။ ”
လမ်းပေါ်က လူတွေ အကုန်လုံးက ဦးတည်ရာတစ်ခုတည်းဆီ သွားနေပေမဲ့ သူကတော့ သူမရဲ့ လက်ကို ဆုပ်ကိုင်လျက် အားလုံးနှင့် ဆန့်ကျင်တဲ့ ဦးတည်ရာဆီ သွားနေခဲ့သည်။ ပထမတော့ ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်နေရာမှ နောက်တော့ ခြေလှမ်းတွေမှာ တဖြည်းဖြည်းနှင့် အရှိန်ပါလာသည်။
သူတို့နှစ်ယောက်ကို လေအေးတွေ ဖြတ်သန်းတိုက်ခတ်သွားသည်။ ချန်ကျင်းလန်ရဲ့ ခေါင်းထဲမှာ ရီဝေပြီး အတွေးတွေ ရောစပ်ရှုပ်ထွေးနေခဲ့သည်။ သူမ ဒိလောက် မပျော့ညံ့သင့်ဘူးလို့လည်း တွေးမိသည်။ သူက မျက်လုံးတွေကို နည်းနည်းလေး ရဲပြလိုက်ရုံနှင့် သူမက ညွှတ်ကျသွားခဲ့သည်။ ဒီလောက် စိတ်မပျော့သင့်တာကို သိပေမဲ့လည်း ဒီပျော့ညံ့မှုကို သူမ တွန်းလှန်လို့ မရပါ။
ဟိုတယ်တံခါးက ချပ်ခနဲ ပွင့်လာကာ ပြန်ပိတ်သွားသည်။ သူတို့ရဲ့ ဟန်ချက်မညီတဲ့ ခြေလှမ်းတွေအောက်မှာ အနင်းခံလိုက်ရတဲ့ ကော်ဇောထူထူမှာတောင် ပွတ်တိုက်သံတွေ ထွက်လာခဲ့ရသည်။ သူမရဲ့ နှုတ်ခမ်းပေါ်ကို သူ့နှုတ်ခမ်းတွေ ကျရောက်မလာခင်မှာ သူမက သူ့ကို အရင်ဆုံး ကိုက်ပစ်လိုက်သည်။ ကိုက်တာမှ တကယ့်ကို မညှမတာ ကိုက်ပစ်လိုက်ခြင်း။ ကိုယ့်ရဲ့ စိတ်ပျော့ညံ့ခြင်းကို မုန်းတဲ့ အမုန်းတရားတွေကို သူ့အပေါ် ပုံအောသွန်ချပစ်လိုက်သည်။ အစကတည်းက သူမကို ဒီလို ဖြစ်အောင် သွေးဆောင်ခဲ့တဲ့ သူ့အမှားပဲ … ။
သွေးအရသာက လူတွေကို အမှန်တကယ်ပဲ စိတ်လွတ်သွားစေနိုင်တာလား မပြောတတ်။ သူ့နှုတ်ခမ်းကို ကိုက်နေရာကနေ သူမကိုယ်တိုင် အသက်လုရှူနေရတဲ့ အခြေအနေကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားသော်လည်း သူမမှာ အရှုံးကို ဝန်ခံချင်စိတ် မရှိပါ။ မီးတစ်ပွင့်တောင် ဖွင့်မထားတဲ့ ပိန်းပိတ်အောင် မှောင်နေသော အခန်းထဲမှာ သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်တွေ မြင့်တက်လာသလို သွေးခုန်နှုန်းတွေလည်း မြန်ဆန်လာပြီး သူမရဲ့ သွေးထဲက အယ်လ်ကိုဟောတွေက ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဝါးမျိုသွားသည်။ တစ်ယောက်နှုတ်ခမ်းကို တစ်ယောက် စုပ်ယူရင်း ရှောက်ချန်းကျယ်လည်း မူးရီလာခဲ့ကာ နှစ်ယောက်လုံး အိပ်ရာထဲကို လုံးထွေးကျသွားခဲ့ပြီး အခန်းထဲမှာ ပူလောင်မြန်ဆန်နေတဲ့ အသက်ရှူသံတွေသာ ကျန်ရစ်ခဲ့ပါတော့သည်။
နောက်ဆုံးအဆင့်ကို ရောက်လုဆဲဆဲမှာ ရှောက်ချန်းကျယ် အနည်းငယ် သတိကပ်သွားပြီး ကိုယ်ကိုယ်ကိုယ် အချိန်မီ ရပ်တန့်လိုက်သည်။
သူမကို သူနှင့်အတူ ဟိုတယ်ကို လိုက်လာစေချင်ပေမဲ့ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်စေဖို့ ရည်ရွယ်မထားခဲ့ပါ။ သူတို့ တွဲနေတဲ့ လအနည်းငယ်အတွင်းမှာ ကမောက်ကမအနိုင်ဆုံး အချိန်က သူမရဲ့ ရှပ်အင်္ကျီကို စုတ်ပြဲအောင် လုပ်မိသွားတဲ့ အချိန် ဆိုပေမဲ့ အဆုံးသတ်မှာ သူမကို စောင်တစ်ထည် ခြုံပေးပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင် ရေအေးအေးနှင့် ရေချိုးဖို့ ထွက်လာခဲ့သည်။
သူ ရှေ့မဆက်ချင်တာ မဟုတ်ဘဲ စောင့်ဆိုင်းနေတာပါ။ ဘာကို စောင့်ဆိုင်းနေတာလဲ ဆိုတာကိုတော့ သူ့ကိုယ်သူ မသိပေမဲ့ အနည်းဆုံးတော့ အယ်လ်ကိုဟောရဲ့ လွှမ်းမိုးမှုအောက်မှာ မဖြစ်ချင်ပါ။ ဒီနေ့ မဖြစ်သင့်။
သူ့ခန္ဓာကိုယ်က တင်းမာနေသလို အပူချိန်တွေလည်း တရိပ်ရိပ် တက်နေတာတောင် သူ လုပ်လက်စကို ရပ်တန့်လိုက်သည်။ ချန်ကျင်းလန်က ဖော်ပြလို့ မရတဲ့ ဟာလာဟင်းလင်းခံစားချက်ကြောင့် ဒေါသလည်း ထွက် ၊ အနေရလည်း ခက်သွားသည်။သူမက သူတို့ရဲ့ အနေအထားကို ပြောင်းလိုက်ပြီး သူ့အပေါ်ကို ဖိချကာ ရှပ်အင်္ကျီကော်လံကို ဆွဲ၍ “ ရှင် သတိမရှိဘူးလား ရှောက်ချန်းကျယ်။ ” ဟု မေးလိုက်သည်။
ရှောက်ချန်းကျယ်က သူမရဲ့ ဆံပင်တွေကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။ “ မင်း အရက်မူးနေပြီ။ အမူးပြေတဲ့ အချိန်ကျမှ ဘယ်သူက သတ္တိရှိတာလဲ ၊ မရှိဘူးလဲ ဆိုတာကို ကိုယ်လို့ ပြောလို့ ရမှာ။ ”
ပြန်နိုးလာတဲ့ အချိန်မှာ သူမ နောင်တရသွားမှာကို သူ စိုးရိမ်သည်။
ချန်ကျင်းလန်က လှောင်ပြုံး ပြုံးလိုက်၏။ “ ရှင်က ဒီတိုင်း သတ္တိမရှိတာပါ။ စိတ်မပူပါနဲ့။ ကျွန်မတို့နှစ်ယောက်လုံးက အရွယ်ရောက် … ”
သူမရဲ့ နောက်ဆက်တွဲစကားတွေက သူ့နှုတ်ခမ်းတွေအောက် ဆက်ပြောဖို့ အခွင့်မသာတော့ဘဲ ဗလုံးဗထွေးအသံတွေသာ ထွက်ပေါ်လာသည်။ သူမရဲ့ စကားလုံးတိုင်း ၊ ဝင်သက်ထွက်သက်တိုင်းက သူ့ကို သေစေနိုင်တဲ့ သွေးဆောင်မှုတွေပဲ ဆိုတာ သူမ သိရဲ့လား … ။
ငြိမ်သက်သွားခါစ လေထုက ပြန်လည်မြင့်တက်လာသည်။
အစပိုင်းမှာ နှစ်ယောက်လုံး သာယာမှုထက် နာကျင်မှုကိုသာ ရခဲ့ကြသည်။ နာကျင်နေတဲ့ ချန်ကျင်းလန်က သူ့ပခုံးကို ကိုက်ထားခဲ့ပြီး ရှောက်ချန်းကျယ်ကတော့ သူမရဲ့ နားရွက်ဖျားလေးကို စုပ်ယူရင်း သူမကို နှစ်သိမ့်ပေးနေသည်။ သူက ဖြည်းဖြည်းချင်း ရှေ့ဆက်လာခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ စိတ်ဝိညာဉ်တွေရဲ့ အနက်ရှိုင်းဆုံးနေရာကို ထိုးဖောက်ဝင်ရောက်နေသလိုမျိုး စိတ်ခံစားချက်ပြင်းပြစေတဲ့ စိုစွတ်မှုလေးထဲကို ခက်ခက်ခဲခဲ ဝင်ရောက်နေခဲ့သည်။ ထိုညက စလို့ မရေမတွက်နိုင်တဲ့ ညတွေအထိ ရှောက်ချန်းကျယ် ထိုအိပ်မက်ထဲမှာပဲ နစ်မြုပ်နေလေ့ရှိပြီး ဘယ်တော့မှ ပြန်နိုးထမလာချင်ခဲ့ပါ။
ချန်ကျင်းလန်က တုန်ခါနေတဲ့ သူမရဲ့ ဖုန်းကြောင့် နိုးလာပြီး ဖုန်းကို လက်နှင့် စမ်းသပ်ဆုပ်ကိုင်ကာ နားရွက်နား ကပ်လိုက်တော့ ကျန်းမုန့်ရဲ့ အသံက ဆီးကြိုနှုတ်ဆက်သည်။
“ နင် ဘယ်တွေ သွားနေတာလဲ ကျင်းလန်။ နင် ဘာလို့ တစ်ညလုံး အဆောင်ကို ပြန်မလာတာလဲ။ ”
ချန်ကျင်းလန်သည် ကျန်းမုန့်ရဲ့ စိတ်ပူနေတဲ့ အသံကို ကြားတော့မှ လေးလံနေသော မျက်ခွံတွေကို ဖွင့်လိုက်လျှင် မျက်နှာကျက်ကို အရင်ဆုံး မြင်ရသည်။ အဲ့ဒီနောက် အိပ်ရာရဲ့ တစ်ဖက်ခြမ်းကို လှည့်ကြည့်လိုက်တော့ လူလွတ်နေတဲ့ နေရာလေးကိုပဲ မြင်ရပါသည်။
သူမ ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ပေမဲ့ ဘာမှ ထူးမလာဘဲ သူမရဲ့ အသံက ဆိုးဆိုးဝါးဝါးပင် အက်ကွဲနေခဲ့သည်။ “ ငါ ငါ့တိုက်ခန်းကိုပဲ ပြန်ပြီး အိပ်လိုက်တာပါဟာ။ ”
ကျန်းမုန့်က ထိုအသံကို ကြားသည်နှင့် တစ်ခုခုတော့ မှားနေပြီမှန်း တန်းသိသည်။ “ နင် ဘယ်ကမှန်း မသိတဲ့ ကောင်ကို အိမ်ခေါ်သွားတာလို့တော့ ငါ့ကို မပြောနဲ့နော်။ ”
“ မဟုတ်ပါဘူးဟာ။ ” တကယ်လည်း ဘယ်ကမှန်းမသိတဲ့ လူကို အိမ်ခေါ်လာခဲ့တာ မဟုတ်ပေမဲ့ သူမရဲ့ အက်ကွဲနေတဲ့ အသံက ငြင်းဆိုမှုကို အလွန် အားလျော့သွားစေသည်။
“ ဘုရားရေ ၊ နင်တော့ သွားပြီပဲ ကျင်းလန်။ နင် သူနဲ့ ပတ်သက်ပြီး စိတ်ကိုသာ ပြင်ဆင်ထားပေတော့။ ”
မနေ့တုန်းကအထိ လမ်းခွဲပါတော့မယ်လို့ ပြောနေပေမဲ့ ဒီနေ့တော့ ပြန်ပေါင်းထုပ်သွားကြပြီတဲ့လား … ။ အဲ့လို ယိမ်းယိုင်လွယ်တာက သူမ သိတဲ့ ချန်ကျင်းလန်နှင့် လုံးဝ မတူပါ။ သူမရဲ့ သူငယ်ချင်းတော့ အချစ်မှာ နက်နက်ရှိုင်းရှိုင်း ကျရှုံးသွားပြီ ဖြစ်သည်။
ချန်ကျင်းလန်က စောင်ပုံထဲမှာ မျက်နှာကို မြုပ်ထားရင်း ကိုက်ခဲနေတဲ့ ခါးကို နှဲ့ကာ ခေါင်းမာစွာ ပြန်ခံပက်လိုက်၏။ “ နင်ကတော့ ပေါက်ကရတွေ လျှောက်တွေးနေပြီ။ ဒါက ဒီတိုင်း အပျော်တွဲတာပါပဲဟာ။ ငါ့စိတ်ကို ဘာအတွက်မှ ပြင်ဆင်ထားစရာ မလိုဘူး။ ဒီတိုင်းလေး သူနဲ့ အတူတူ အချိန်ကုန်ရင်း အပျော်ရှာမိရုံပဲ။ ”
တံခါးအပြင်ဘက်က ရှောက်ချန်းကျယ်က ခြေလှမ်းတွေ ရပ်သွားသလို မျက်လုံးတွေကလည်း မှုန်မှိုင်းသွားခဲ့လေသည်။ သူ့လက်ထဲမှာ လက်စွပ်ဘူးလေးကို တင်းနေအောင် ဆုပ်ကိုင်ထား၍ ဘူးအစွန်းတွေက သူ့လက်ဖဝါးထဲကို စူးစိုက်ဝင်နေတာတောင် ဘယ်လို နာကျင်မှုကိုမှ သူ မခံစားရ။
ဒါပေမဲ့လည်း ဇာတ်သိမ်းမှာတော့ ထိုလက်စွပ်ဘူးထဲက လက်စွပ်လေးက ချန်ကျင်းလန်ရဲ့ လက်သူကြွယ်ပေါ်ကို သူ့ဟာသူ နည်းလမ်းရှာပြီး ရောက်သွားခဲ့ပါသည်။
အချစ်ရေးအသစ်တွေက ယူဆောင်လာတဲ့ ဇဝေဇဝါဖြစ်စရာ ခံစားချက်မှာ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေ ၊ အမှတ်မထင် အခွင့်အရေးရတာတွေ အမြဲတမ်း ရှိတတ်သည်။ နှစ်တွေ အများကြီး ကြာပြီးတဲ့နောက်မှာ သူတို့သမီးလေးက သူတို့ရဲ့ အပြန်အလှန် သွယ်ယှက်ထားတဲ့ ရင်ခုန်သံတွေကို ပြန်လည် ဆုံစည်းခွင့်ပေးလိမ့်မည်ဟု ဘယ်သူကမှ မျှော်လင့်မထားခဲ့ကြပါ။ သူတို့မင်္ဂလာဆောင်နေ့မှာ သူမကို ဟိုးအရင်ကတည်းက ပေးခဲ့တဲ့ ကတိစကားကို တစ်ခွန်းချင်း ပြောဖြစ်ခဲ့သည်။
ကိုယ့်နှလုံးသားထဲမှာ ပထမဆုံး နေရာပေးမိတဲ့ လူက နောက်ဆုံးမှာ ကိုယ်နဲ့ လက်ချင်းချိတ်ဆွဲ လျှောက်လှမ်းသွားရမယ့် လူပါပဲ … ။
အဲ့ဒါက ကံတရားရဲ့ ကောင်းချီးမင်္ဂလာ ဖြစ်နိုင်သလို ရေစက်လည်း ဖြစ်နိုင်ပါသည်။
ပြီးပါပြီရှင်။
***