အခန်း ၈၆၆
Vol. 83 Ch. 866
အခန်း (၈၆၆) တစ်ဖက်လူကို အောင်မြင်စွာ တိုက်ခိုက် နိုင်ခြင်း
"ကျွင်းချန်ချင်း"
လင်းရင်၏ အတိုင်းအဆမရှိသော နာကျည်းမှုများ ပြည့်နှက်နေသည့် အသံမှာ ဖန်ဆင်းရှင် ကောင်းကင်တိုင် တစ်ခုလုံး၌ ဟိန်းထွက်သွားသည်။
ထို့နောက် နီကျင့်ကျင့် အရောင်ရှိသော ဓားမြှောင်တစ်လက်မှာ ကျွင်းချန်ချင်း၏ နှလုံးသားတည့်တည့်သို့ ပြင်းထန်စွာ ထိုးစိုက်ဝင်သွားခဲ့လေသည်။
ထိုသွေးရောင်ဓားမြှောင် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ အမြဲတမ်း တည်ငြိမ်အေးစက်နေတတ်သော ကျွင်းချန်ချင်း၏ မျက်ဝန်းများအတွင်း၌ နောက်ဆုံးတွင်တော့ သေးငယ်သော လှုပ်ခတ်မှုတစ်ခု ပေါ်ထွက်လာသည်။
သို့သော် ထိုလှုပ်ခတ်မှုမှာ ခဏချင်းပင် ပျောက်ကွယ်သွားပြီး ထာဝရ မပြောင်းလဲသော အေးစက်မှုက ပြန်လည် အစားထိုးဝင်ရောက်လာ၏။
ဓားမြှောင်က သူ၏နှလုံးသားထဲ ထိုးဝင်နေသည့်တိုင်အောင် သူ၏ မျက်နှာအမူအရာမှာ မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။
"သေစမ်း"
လင်းရင်၏ ပုံရိပ်မှာ ကျွင်းချန်ချင်း၏ ရှေ့မှောက်တွင် ပေါ်လာသည်။
၎င်းမှာ ကိုယ်ခန္ဓာ အစစ်အမှန် မဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်မှာ 'သဘာဝမျိုးစေ့' ကို ယူဆောင်ကာ ခရစ်စတယ် ခေါင်းတလားထဲသို့ ဝင်ရောက်သွားကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခု မြင်နေရသည်မှာ သွေးမျိုးဆက် စွမ်းအားများဖြင့် လုံးဝ စုစည်းထားသော ပုံရိပ်ယောင်သာ ဖြစ်၏။
သူမ တစ်ကိုယ်လုံးမှာ နီကျင့်ကျင့် အရောင်များ တောက်ပနေပြီး သွေးရောင်အလင်းများ ဖြာထွက်နေသော မျက်ဝန်းများဖြင့် ကျွင်းချန်ချင်းကို စိုက်ကြည့်နေသည်မှာ ငရဲတွင်းနက်ကြီးထဲမှ တက်လာသော ကလဲ့စားချေ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
ဓားမြှောင်က ကျွင်းချန်ချင်း၏ နှလုံးသားထဲသို့ ထိုးဝင်သွားသည့် ခဏချင်းမှာပင် ကျွင်းချန်ချင်းနှင့် မူလဇစ်မြစ်တူညီသော သွေးမျိုးဆက် စွမ်းအားများမှာလည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ စီးဝင်သွားခဲ့သည်။
ဤစွမ်းအားမှာ ကျွင်းချန်ချင်းနှင့် မူလဇစ်မြစ် တူညီသော်လည်း သဘာဝမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
စွမ်းအားများ စီးဝင်သွားပြီးနောက် ကျွင်းချန်ချင်း၏ အသက်စွမ်းအား ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ကာ အကြီးအကျယ် ဖျက်ဆီးပစ်လိုက်၏။
ကျွင်းချန်ချင်း၏ လွှမ်းမိုးထားသော အော်ရာ များမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဝက်နီးပါးခန့် လျော့ကျသွားခဲ့လေသည်။
လင်းရင် ပြောခဲ့သည်မှာ မမှားပေ။
ကျွင်းချန်ချင်း မည်သည့် ကြိုတင်ကာကွယ်မှုမျှ မရှိသည့် အကောင်းဆုံး အချိန်ကို သူမ ရှာတွေ့နိုင်ခဲ့ပါက သူ၏ စွမ်းအား တစ်ဝက်ကို လျော့ချရန် လုံလောက်ပေသည်။
တစ်ချိန်တည်းမှာပင် ထန်ထျန်းကို ချုပ်နှောင်ထားသော အပြစ်အနာအဆာမရှိသည့် ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားမှာလည်း အရင်းအမြစ် ပြတ်တောက်သွားသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကျွင်းချန်ချင်းသည်လည်း ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
အတိုင်းအဆမရှိ နာကျည်းနေသော လင်းရင်ကို ကြည့်ရင်း ကျွင်းချန်ချင်းက သူမ၏ မျက်ဝန်းများကို အေးဆေးစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဘာလို့ ဒီလို လုပ်နေရတာလဲ"
လင်းရင်က သွားကို တင်းတင်း ကြိတ်ထားပြီး ဓားမြှောင်ကို ဆုပ်ကိုင်ထားသော သူမ၏ လက်အစုံမှာ အနည်းငယ် တုန်ယင်နေ၏။
"ဘာလို့လဲ ဟုတ်လား"
သူမက ကျွင်းချန်ချင်း၏ မျက်နှာနားသို့ တိုးကပ်သွားပြီး ငရဲမှ လာသော အသံကဲ့သို့ ပြောလိုက်သည်။ "ဒီအချိန်လေး ရောက်လာဖို့ ကျွန်မ ဘယ်လောက်တောင် စောင့်ခဲ့ရသလဲဆိုတာ ရှင်သိလား"
"ရှင့်ကို ကိုယ်တိုင် သတ်ပစ်ဖို့ ကျွန်မ အိပ်မက်တောင် မက်ခဲ့ရတာ"
"စက္ကန့်တိုင်းမှာ ရှင့်ကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် လုပ်ပြီး အကြိမ်တစ်သောင်းလောက် သတ်ပစ်ချင်ခဲ့တာ"
လင်းရင်က အသံနိမ့်နိမ့်ဖြင့် အော်ဟစ် လိုက်သည်။
သို့သော် ကျွင်းချန်ချင်းမှာမူ ထူးထူးခြားခြား လှုပ်ခတ်မှု မရှိသေးပေ။
"သမီးက အဖေကို မသတ်အပ်ဘူး"
သူက အေးစက်စွာ ပြော၏ ။
"ဒါဆို အဖေ ဖြစ်သူကရော... ကိုယ်ကျိုးရှာတဲ့ တားမြစ် တာအိုလမ်းစဉ်အတွက်နဲ့ သူ့ရဲ့ မယားနဲ့ သမီးကို ကိုယ်တိုင် သတ်ပြီး နှစ်ပေါင်း တစ်ထောင်ကျော်ကြာအောင် နှိပ်စက်ခဲ့တာကရော"
ဒေါသတကြီး အော်ဟစ်လိုက်သည်နှင့်အမျှ သူမ၏ လက်ထဲမှ ဓားမြှောင်မှာ ကျွင်းချန်ချင်း၏ နှလုံးသားထဲသို့ နောက်ထပ် လက်မဝက်ခန့် ထပ်မံ နစ်ဝင်သွားခဲ့သည်။
ကျွင်းချန်ချင်းကို လုံးဝ ဖိနှိပ်နိုင်သော စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်သွား၏။
ကျွင်းချန်ချင်း၏ အော်ရာ များမှာ ထပ်မံ၍ လျော့နည်းသွားပြန်သည်။
လင်းရင်မှာ အမှန်တကယ်ပင် အဆုံးစွန်အထိ ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။
ကျွင်းချန်ချင်းကမူ ဖြည်းညှင်းစွာ ခေါင်းခါလိုက်၏။
"မင်း နားမလည်ပါဘူး"
"ငါက မင်းနဲ့ မင်းရဲ့ အမေကို တမင် သတ်ချင်ခဲ့တာ မဟုတ်ဘူး။ မင်းတို့က ငါ့ရဲ့ တာအိုလမ်းပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ရှိနေခဲ့ကြလို့ပဲ"
"အဲ့ဒါက ငါ့ဘဝ တစ်လျှောက်လုံး ရှာဖွေခဲ့တဲ့အရာ၊ ငါ့ဘဝရဲ့ တန်ဖိုးအားလုံးပဲ"
"မင်းအမေက ငါနဲ့ တာအိုလက်တွဲဖော်မဖြစ် ခင်ကတည်းက ဒီအချက်ကို သိပြီးသား"
ကျွင်းချန်ချင်းက စကားဆိုသည်။ သူ၏ အတွေးတွင် ဇနီးနှင့် သမီးကို သတ်ဖြတ်ခြင်းမှာ အလွန်ပင် ပုံမှန်ဖြစ်သော ကိစ္စတစ်ခုကဲ့သို့ ရှိနေ၏။
လင်းရင်၏ မျက်ဝန်းများထဲမှ သွေးမျက်ရည် နှစ်စက် စီးကျလာသည်။
"ဟုတ်တယ်... ရှင့်ရဲ့ တာအိုကို ကျွန်မ နားမလည်ဘူး"
"ဒါပေမဲ့ ကျွန်မရဲ့ တာအိုကိုတော့ ကျွန်မ ကောင်းကောင်း သိတယ်"
"အဲ့ဒီ ညကစပြီး ကျွန်မဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ရှင့်ကို အမြစ်ပြတ် သတ်ပစ်ဖို့ပဲ"
သူမ၏ အသံမှာ တဖြည်းဖြည်း တည်ငြိမ်သွားသော်လည်း ၎င်းမှာ လုံးဝ သေဆုံးသွားခြင်းမျိုးနှင့် ပိုတူနေသည်။
"ဒါပေမဲ့ မင်း ဒါကို မလုပ်နိုင်ဘူး လင်းရင်"
ကျွင်းချန်ချင်းက ဘေးနားရှိ ထန်ထျန်းကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ "မင်း ကူညီမယ့်သူ ရွေးတာ မှားသွားပြီ"
"ထန်ထျန်းက မင်းရဲ့ တာအိုကို ပြီးမြောက်အောင် ကူညီပေးနိုင်တဲ့ အသင့်တော်ဆုံး ရွေးချယ်မှု မဟုတ်ဘူး"
"မင်းတို့ တကယ်ပဲ အကောင်းဆုံး အချိန်ကို ရွေးပြီး ငါ့ရဲ့ အစွမ်းတွေကို တစ်ဝက်ကျော်လောက် လျော့ကျအောင် လုပ်နိုင်ခဲ့တာတော့ မှန်ပါတယ်"
"ဒါပေမဲ့ ကံမကောင်းတာက... ငါ့ကို သတ်နိုင်ဖို့ ဆိုတာကတော့ ဝေးပါသေးတယ်"
"တခြားသူရဲ့ စွမ်းအားတွေကို ဆုံးရှုံးသွားတဲ့ ထန်ထျန်းမှာ အသုံးမကျတဲ့ ခွန်အားတွေပဲ ကျန်တော့တယ်"
"ပြီးတော့ မင်း ငါ့ကို ပေးခဲ့တဲ့ ဒဏ်ရာကလည်း ခေတ္တခဏပဲ"
"အခု ငါ လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ မင်းကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်နိုင်တယ်"
ပြောပြီးသည်နှင့် သူက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ယင်ယန်ငါးဖြင့် ပြုလုပ်ထားသော သော့မှာ သူ၏ လက်ဖဝါးပေါ်၌ ပေါ်လာ၏။
သို့သော် ခေတ္တအကြာတွင် သူက အံ့ဩတကြီးဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် အသံတစ်ခု အေးအေးလူလူ ထွက်ပေါ်လာသည်။
"ဘာလဲ..."
"အလုပ်မလုပ်တော့ဘူးလား"
ထန်ထျန်းက ပြုံးလျက် ကျွင်းချန်ချင်း၏ ရှေ့သို့ လမ်းလျှောက်လာသည်။
ယခုအချိန်တွင် သူ့ထံ၌ ခုနကကဲ့သို့ စိတ်ဓာတ်ကျပြီး လုံးဝ လက်လျှော့ထားသော ပုံစံမျိုး မရှိတော့ချေ။
လင်းရင်၏ ဓားမြှောင်က ကျွင်းချန်ချင်း၏ နှလုံးသားထဲသို့ ထိုးဝင်သွားသည့် အချိန်မှာပင် သူက မူလပုံစံသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မတတ်နိုင်ပေ၊ သရုပ်ဆောင်ရသည်မှာ အမှန်တကယ်ပင် ပင်ပန်းလွန်းလှသဖြင့် သူနှင့် မကိုက်ညီပေ။
ပြုံးလျက် လျှောက်လာသော ထန်ထျန်းကို မြင်လိုက်ရသည့်အခါ ကျွင်းချန်ချင်း၏ မျက်နှာမှာ နောက်ဆုံးတွင်တော့ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒါ မဖြစ်နိုင်ဘူး"
သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထန်ထျန်းက ဟားဟား တစ်ချက် ရယ်လိုက်၏။
"မဖြစ်နိုင်တာ ဘာမှ မရှိဘူး"
ကျွင်းချန်ချင်း ပြောခဲ့သော စကားကိုပင် သူက ပြန်လည် အသုံးချလိုက်ခြင်း ဖြစ်သည်။
ကျွင်းချန်ချင်းက ခေတ္တမျှ စဉ်းစားပြီးနောက် "ကမ္ဘာ့အရှင်က ငါ့ကို ညာခဲ့တာလား"
"သူက သူကိုယ်တိုင် ချမှတ်ထားတဲ့ သဘောတူညီချက်ကို ကိုယ်တိုင် ဖျက်စီးလိုက်တာလား"
ထန်ထျန်းက ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... သူ မင်းကို မညာခဲ့ပါဘူး"
"သူက မင်းနဲ့ ထားခဲ့တဲ့ သဘောတူညီချက်ကို အမြဲတမ်း စောင့်ထိန်းခဲ့တာ"
"ဒါပေမဲ့..."
"တခြား ပိုပြီး အဆင့်မြင့်တဲ့ တည်ရှိမှု တစ်ခုက ဝင်ရောက် စွက်ဖက်လိုက်လို့ပဲ"
ကျွင်းချန်ချင်းက စကားကို ရပ်လိုက်ပြီး "မင်း ပြောတာက..."
"ဟို 'ငါးမွေးသူ' ဆိုတဲ့ သူလား"
ထန်ထျန်းက ပြုံးလိုက်သည်။ "သူက တကယ်ပဲ မင်းကို ဒီအကြောင်း ပြောပြခဲ့တာပဲ"
ကျွင်းချန်ချင်းက ငြင်းဆိုခြင်း မပြုပေ။ "သူ ငါ့ကို အဲ့ဒီ ငါးမွေးသူ အကြောင်း ပြောခဲ့ဖူးတယ်"
"ဒါပေမဲ့ ဒီလောက်အထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ တည်ရှိမှုမျိုး ရှိတယ်ဆိုတာကို ငါ မယုံဘူး"
"အရာအားလုံးကို သိတယ်၊ အရာအားလုံးကို လုပ်နိုင်တယ် ဆိုတာက လက်တွေ့နဲ့ အရမ်း ကွာခြားလွန်းတယ်"
"ထာဝရနယ်ပယ်ရဲ့ အထက်မှာ ပိုပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတာကို ငါ ယုံနိုင်တယ်"
"ဒါပေမဲ့ ဘယ်တော့မှ အနိုင်မယူနိုင်တဲ့သူ ရှိတယ်ဆိုတာကိုတော့ ငါ လုံးဝ မယုံဘူး"
"တည်ရှိနေသရွေ့တော့ သူ့ကို အနိုင်ယူနိုင်မယ့် နည်းလမ်းကို ငါ သေချာပေါက် ရှာတွေ့နိုင်မှာပဲ"
ကျွင်းချန်ချင်း၏ ယုံကြည်ချက်မှာ အတွင်းစိတ်မှ လာခြင်းဖြစ်ပြီး မည်သည့်အရာကမျှ တုန်လှုပ်အောင် မလုပ်နိုင်ပေ။
ထိုကဲ့သို့သော ယုံကြည်ချက်အပေါ် ထန်ထျန်းက မည်သည့် မှတ်ချက်မျှ မပေးပေ၊ သူ ကြိုက်သလို စဉ်းစားနိုင်သည်။
"ဖြစ်နိုင်တာပေါ့"
ထန်ထျန်းက ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အရှင်ရဲ့ ခန့်မှန်းချက်အရ ကောင်းကင်ဝါးမြိုနတ်ဆိုးရဲ့ ထိန်းချုပ်ခွင့်ဆိုတာ အဲ့ဒီ ငါးမွေးသူ ဖန်တီးထားတဲ့ နည်းလမ်းပဲ"
"ဖန်ဆင်းရှင် ကောင်းကင်တိုင်ကို မလာခင်မှာ ငါ 'စကြဝဠာ ကျင့်ကြံခြင်းကွင်းပြင် ' ကို တစ်ခေါက် သွားခဲ့တယ်"
"ကမ္ဘာ့အရှင်က အရာအားလုံးကို ငါ့ကို ပြောပြခဲ့ပြီးပြီ"
"မင်းနဲ့ သူ့ကြားက သဘောတူညီချက် အပါအဝင်ပေါ့"
ကျွင်းချန်ချင်းက ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"ငါ စကြဝဠာ ကျင့်ကြံခြင်းကွင်းပြင် ကို သွားခဲ့ဖူးတယ်"
"ဒါပေမဲ့ အဲ့ဒီမှာ ဘာမှ မရှိဘူး"
"မင်းက အဲ့ဒီမှာ ကမ္ဘာ့အရှင်ကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ"
ထန်ထျန်းက အသာအယာ ပြုံးလိုက်သည်။
"ဒါကတော့..."
"မင်း သိဖို့ မလိုတော့ဘူး"
"မင်း သိထားဖို့ လိုတာက... တကယ်တော့ မင်းက ငါ့အကြောင်းကို မင်း ထင်ထားသလောက် မသိသေးဘူး ဆိုတာပဲ"
စကားဆုံးသည်နှင့် ကျွင်းချန်ချင်းက မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်၏။
ထန်ထျန်း၏ စိတ်ထဲတွင်မူ အတိုင်းမသိ ပျော်ရွှင်နေခဲ့သည်။
သတင်းအချက်အလက် ကွာဟချက်ကို အသုံးချပြီး တခြားလူကို အကွက်ဆင်ရတာက...
ဒီလောက်တောင် စိတ်ချမ်းသာဖို့ ကောင်းတဲ့ ကိစ္စပါလား။
လူတိုင်းက ဘာလို့ ဒီလိုပဲ ကစားချင်နေကြသလဲဆိုတာ အခုမှ နားလည်တော့သည်။