အခန်း ၈၆၇
Vol. 83 Ch. 867
အခန်း (၈၆၇) ဝှက်ဖဲ ကျန်ရှိနေသေးခြင်း
နည်းလမ်းမျိုးစုံနှင့် သရုပ်ဆောင်စွမ်းရည်များကို အသုံးပြုပြီး ထန်ထျန်းက ကျွင်းချန်ချင်းကို အောင်မြင်စွာ အကွက်ဆင်နိုင်ခဲ့သည်။
အမှန်တကယ်တော့ သူ၏ သရုပ်ဆောင်မှုက မပီပြင်ဘဲ ကျွင်းချန်ချင်းက တစ်ခုခု ရိပ်မိသွားမည်ကို သူ အတော်လေး စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ သူ အပိုတွေ တွေးပူခဲ့ခြင်းသာ ဖြစ်၏။
ကျွင်းချန်ချင်းက အလုပ်တစ်ခုကို လုပ်လျှင် တခြားသူကို ကြည့်လေ့မရှိဘဲ သူ့ကိုယ်သူသာ အာရုံစိုက်တတ်သည်။
သူ ထိပ်ဆုံးသို့ ရောက်ရှိလာခြင်းမှာလည်း သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်မှုကြောင့်ပင် ဖြစ်သည်။
သို့သော် ထိုပြင်းထန်လှသော ယုံကြည်မှုကြောင့်ပင် သူက အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်ကာ ထန်ထျန်း၏ အကွက်ထဲသို့ သက်ဆင်းသွားခဲ့ခြင်း ဖြစ်၏။
၎င်းမှာ မတတ်နိုင်သော ကိစ္စလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငါးမွေးသူက ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့်ပင်။
ကျွင်းချန်ချင်းကမူ ငါးမွေးသူ ရှိသည်ကို မယုံကြည်သဖြင့် ထိုအချက်ကို ကြိုတင်တွက်ဆနိုင်စွမ်း မရှိခဲ့ချေ။
"မင်း ဘာလုပ်ချင်တာလဲ"
ကျွင်းချန်ချင်းက မေးလိုက်သည်။
ယခုအခါ သူက လုံးဝ အရေးနိမ့်နေသည့် အခြေအနေသို့ ရောက်ရှိနေသော်လည်း အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်၏။
မည်မျှကြီးမားသော အခက်အခဲနှင့် တွေ့ပါစေ သူ၏ စိတ်ခံစားချက်ကို ထိခိုက်နိုင်ပုံမရပေ။
ထန်ထျန်းကလည်း သူ၏ ထိုပုံစံကို နေသားကျနေပြီ ဖြစ်သည်။
"ဘာလုပ်ရမှာလဲ"
သူက ပြုံးလျက် ပြောလိုက်သည်။ "လင်းရင်လိုပဲပေါ့"
"မင်းကို သတ်မှာလေ"
ကျွင်းချန်ချင်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။
"အဓိပ္ပာယ် ရှိလို့လား"
"ဒီကမ္ဘာကြီးက ပြန်လည် ကုစားလို့ မရနိုင်တော့တဲ့ အခြေအနေကို ရောက်နေတာ ကြာပြီ"
" အခုလေးတင် မင်းကိုယ်တိုင်ပဲ နောက်ဆုံး လက်ကျန် အခွင့်အရေးကို ဖျက်ဆီးပစ်လိုက်တာလေ"
"နေ၊ လ၊ ကြယ်... ကမ္ဘာကြီး သုံးခုလုံးကို မင်းက ဝါးမြိုပစ်လိုက်ပြီ။ ကမ္ဘာကြီးထဲက သက်ရှိတွေ အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး"
" မင်း ငါ့ကို သတ်ရမယ့် အကြောင်းပြချက်က ဘာလဲ"
ထန်ထျန်းက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ငါ သတ်ချင်လို့လေ"
" ဒီအကြောင်းပြချက်က လုံလောက်လား"
သူက ပြုံးလျက် ပြော၏ ။
ကျွင်းချန်ချင်း ဆွံ့အသွား၏။
သတ်ချင်လို့ ဟုတ်လား။
ကောင်းပြီ... သူ ဘာမှ ပြန်မပြောနိုင်တော့ပေ။
"အနည်းဆုံးတော့ ဒီကမ္ဘာကြီးကို မင်းလက်ထဲမှာ ဒီအတိုင်း ပျက်စီးသွားမှာကို ငါ မလိုလားဘူး"
ထန်ထျန်းက ဆက်ပြောသည်။ "မင်း မရှိတော့ရင် ကမ္ဘာ့အရှင် ပေးခဲ့တဲ့ နည်းလမ်းအတိုင်း ကမ္ဘာသစ်ကို ငါ ဖန်တီးနိုင်သေးတယ်။ သက်ရှိတွေအတွက် နောက်ဆုံးသော ရှင်သန်ခြင်း မျိုးစေ့ကို ချန်ထားပေးလို့ ရသေးတာပေါ့"
"ဒါဟာ သက်ရှိအားလုံးအတွက် မျိုးတုံးမယ့် ဘေးအန္တရာယ်ကြီး ဖြစ်နေဦးမှာ ဆိုပေမဲ့ အနည်းဆုံးတော့ ငါက ဒီအချိန်ကို နည်းနည်း ထပ်ဆွဲထားပေးနိုင်တယ်"
"ကမ္ဘာသစ်ကို အချိန်တစ်ခုအထိ ထပ်ပြီး ကြီးထွားခွင့် ပေးလိုက်ရင် သက်ရှိတွေ ပိုပြီး အသက်ရှင်နိုင်မှာပဲ။ တစ်ယောက်တည်း ပိုရှင်ရင်တောင် အဲ့ဒါက အဓိပ္ပာယ်ရှိတဲ့ ကိစ္စပဲလေ"
"မင်းကတော့ ဒါမျိုး သေချာပေါက် လုပ်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"
ကျွင်းချန်ချင်း မငြင်းဆိုပေ။
သူက သက်ရှိအချို့ကို ပိုမို ကာကွယ်ပေးနိုင်ရန်အတွက် သူ၏ ထာဝရနယ်ပယ်သို့ ဝင်ရောက်မည့် အချိန်ကို ဆိုင်းငံ့ထားမည် မဟုတ်သည်မှာ သေချာသည်။
ပစ္စည်းအားလုံး ရရှိပြီးနောက် သူက ထာဝရလမ်းစဉ်ကို အမြန်ဆုံး တက် မည်သာ ဖြစ်၏။
နောက်ဆုံးတွင် သက်ရှိ မည်မျှ ရှင်ကျန်ခဲ့မည်၊ မည်သူ ရှင်ကျန်မည် ဆိုသည်မှာ... သူတို့၏ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
သူ၏ အယူအဆအရ ၎င်းမှာ ကံတရား သာ ဖြစ်၏။
"အဓိပ္ပာယ်မရှိတာ"
ကျွင်းချန်ချင်းက အေးစက်စွာ ပြောလိုက်သည်။ "ဒါက အခြေခံ အကျဆုံး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"
"ငါ့အထင်တော့ ကမ္ဘာ့အရှင်က မင်းကို ကပ်ဘေးရိပ်သိမ်းသူ အဖြစ် ရွေးချယ်ခဲ့တာဟာ ဒီပျက်စီးနေတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက်ပဲ ထင်တယ်"
"မင်းက မင်းရဲ့ တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘူး"
ထန်ထျန်းက ဟားဟား တစ်ချက် ရယ်လိုက်သည်။
"မင်းက တော်တော် ခန့်မှန်းတတ်တာပဲ"
"ဒါပေမဲ့ ကံမကောင်းတာက မင်း ခန့်မှန်းတာက တစ်ဝက်ပဲ မှန်တယ်"
"ကမ္ဘာ့အရှင်က ငါ့ကို တစ်ကမ္ဘာလုံးကို ကယ်တင်ဖို့ မျှော်လင့်ခဲ့တာတော့ အမှန်ပဲ"
"ဒါပေမဲ့ ဒါက ငါ့ရဲ့ တာဝန် မဟုတ်ဘူး"
"ငါ့မှာ ဘာတာဝန်မှ မရှိဘူး။ သူကလည်း ငါ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး"
"မင်း သေသင့်တယ်လို့ ငါ ယူဆလို့ မင်းကို သတ်ချင်တာ၊ အဲ့ဒါကြောင့် မင်း သေရမှာပဲ"
ကျွင်းချန်ချင်း ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
သူက ယခု ရင်ဆိုင်နေရသော အခြေအနေကို ပြောင်းလဲနိုင်ရန်အတွက် အရေးကြီးသော သတင်းအချက်အလက်အချို့ကို စူးစမ်းလိုသော်လည်း ရရှိလာသည့် အချက်အလက်များက သူ ထင်ထားသည်နှင့် လုံးဝ ကွဲပြားနေသည်။
ကမ္ဘာ့အရှင်က ထန်ထျန်းကို ကမ္ဘာကြီးကို ကယ်တင်စေလို၍ ရွေးချယ်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ထန်ထျန်းအပေါ် မည်သည့် တောင်းဆိုချက်မျှ မရှိဘဲ ထန်ထျန်း၏ ဆန္ဒအတိုင်းသာ လုပ်ဆောင်ခွင့် ပေးထားခြင်းမှာ အဓိပ္ပာယ် မရှိပေ။
သို့သော် ထန်ထျန်းက သူ့ကို လိမ်ညာနေစရာ အကြောင်းပြချက် မရှိသည်ကိုလည်း သူ သိသည်။
"အခုတော့ ငါးမွေးသူ ရှိတယ်ဆိုတာကို ငါ နည်းနည်း စယုံလာပြီ"
ကျွင်းချန်ချင်းက ပြောလိုက်သည်။ "တကယ်လို့ ဒီနေ့ ငါ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင်..."
"အဲ့ဒါ ဘယ်လို တည်ရှိမှုမျိုးလဲဆိုတာကို ငါ သေချာပေါက် စုံစမ်းရမယ်"
ထန်ထျန်းက ခေါင်းခါလိုက်သည်။ "မင်း အသက်ရှင်နိုင်ဦးမလား ဆိုတာကိုပဲ အရင် စဉ်းစားလိုက်ပါ"
ပြောပြီးသည်နှင့် သူက လက်ကို မြှောက်ကာ ကျွင်းချန်ချင်း၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
ကျွင်းချန်ချင်းက ချက်ချင်း တုံ့ပြန်ပြီး ထိုလက်သီးကို ကာကွယ်လိုက်၏။
အကယ်၍ ယခင်ကဆိုလျှင် သူက ထန်ထျန်း၏ သန့်စင်သော ခွန်အားဖြင့် ထိုးလိုက်သော လက်သီးကို အလွယ်တကူ တောင့်ခံနိုင်မည် ဖြစ်သည်။
သို့သော် လင်းရင်က သူ၏ မူလအခြေခံကို ဖျက်ဆီးထားသဖြင့် သူ၏ စွမ်းအားမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။
သူက ထန်ထျန်း၏ လက်သီးလမ်းကြောင်းကို တိကျစွာ ပိတ်ဆို့လိုက်သော်လည်း ထန်ထျန်း၏ ကြောက်မက်ဖွယ် ခွန်အားကိုမူ မတားဆီးနိုင်ခဲ့ချေ။
"ဘန်း" ခနဲ အသံနှင့်အတူ ထန်ထျန်း၏ လက်သီးက ကျွင်းချန်ချင်း၏ မျက်နှာတည့်တည့်သို့ ထိမှန်သွားသည်။
နောက်တစ်စက္ကန့်တွင် ကျွင်းချန်ချင်း၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားပြီး ဖန်ဆင်းရှင် ကောင်းကင်တိုင်၏ အပြင်ဘက်သို့ပင် ကျလုနီးပါး ဖြစ်သွားသည်။
သို့သော် ထိုသို့ မဖြစ်ခင်မှာပင် ထန်ထျန်းက လက်ကို လှမ်းဆွဲကာ တားဆီးလိုက်၏။
လင်းရင်မှာမူ ကျွင်းချန်ချင်း၏ ခန္ဓာကိုယ်နှင့်အတူ လွင့်ပါသွားခဲ့သော်လည်း သူမက ယခုအခါ ပုံရိပ်ယောင်သာ ဖြစ်ပြီး ကျွင်းချန်ချင်းနှင့် တူညီသော သွေးမျိုးဆက် စွမ်းအားဖြင့် ချိတ်ဆက်ထားသဖြင့် မည်သည့် ထိခိုက်မှုမျှ မရှိပေ။
သွေးရောင်ဓားမြှောင်မှာလည်း ကျွင်းချန်ချင်း၏ နှလုံးသားတွင် မြဲမြံစွာ စိုက်ဝင်နေဆဲ ဖြစ်သည်။
ကျွင်းချန်ချင်းကို ဆွဲထိန်းလိုက်ပြီးနောက် ထန်ထျန်းက သူ၏ရှေ့သို့ ထပ်မံ ရောက်ရှိလာသည်။
ကျွင်းချန်ချင်း၏ မျက်နှာပေါ်တွင် သွေးစအချို့ စီးကျလာ၏။
နောက်ဆုံးတွင်တော့ ကျွင်းချန်ချင်း သွေးထွက်ခဲ့ပြီ ဖြစ်သည်။
သို့သော် သူက အလွန်ပင် တည်ငြိမ်နေဆဲပင်။
ထန်ထျန်းကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ အေးစက်နေဆဲ ဖြစ်၏။
"ဒီလောက် တိုက်ခိုက်မှုမျိုးနဲ့တော့ မလုံလောက်သေးဘူး"
သူက ထောက်ပြလိုက်သေးသည်။
ထန်ထျန်းလည်း ထိုအချက်ကို သိသည်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် ကျွင်းချန်ချင်းကို သတ်ရန် မလုံလောက်သည်ကို သူ နားလည်သည်။
လက်သီးဖြင့် ထိုးလိုက်ခြင်းမှာ သူ၏ ဒေါသကို ဖြေဖျောက်ရန်သာ ဖြစ်၏။
ဤလူ ပြောဆိုနေသည့် ဟန်ပန်မှာ အမှန်တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။
သို့သော် သူသည်လည်း အချိန်အကြာကြီး ဆော့ကစားနေမည် မဟုတ်ပေ။
လင်းရင်က ကျွင်းချန်ချင်းကို ဖိနှိပ်ထားနိုင်မည့် အချိန်မှာ နာရီဝက် သာ ရှိသည်။
"ကောင်းပြီလေ"
"ဒါဆို ဒါကို ထပ်စမ်းကြည့်တာပေါ့"
"ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအား မရှိဘဲနဲ့ မင်း ဘယ်လိုနည်းလမ်းနဲ့ တားဆီးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ပြောပြီးသည်နှင့် ကျွင်းချန်ချင်း လုယူသွားခဲ့သော အော်ရာများမှာ ထန်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်မံ၍ ပေါက်ကွဲထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ခဏချင်းမှာပင် ပြာကျ ပျက်စီးသွား၏။
မီးတောက်နေသကဲ့သို့ ဖြစ်နေသော ထန်ထျန်းကို ကြည့်ပြီး ဤတစ်ကြိမ်တွင်မူ ကျွင်းချန်ချင်း၏ မျက်နှာတွင် တည်ကြည် လေးနက်သော အမူအရာ ပေါ်ပေါက်လာခဲ့သည်။
မည်သည့်စကားမျှ ထပ်မပြောဘဲ ထန်ထျန်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို စုစည်းကာ ရှေ့ရှိ ကျွင်းချန်ချင်းထံသို့ ထိုးနှက်လိုက်သည်။
ဤလက်သီးမှာ ယခင်ကထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှ၏။
ဖန်ဆင်းရှင် ကောင်းကင်တိုင် တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါနေပြီး ဤကဲ့သို့သော ထိတ်လန့်ဖွယ် စွမ်းအားကို မတောင့်ခံနိုင်တော့သကဲ့သို့ ရှိနေသည်။
ကျွင်းချန်ချင်း၏ မျက်နှာမှာလည်း အစွမ်းကုန် တည်ကြည်သွားသည်။
ဤကဲ့သို့သော သမိုင်းတစ်လျှောက် မကြုံစဖူး ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း သူက လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးလိုက်သည်။
သို့သော် သူ ထိုးလိုက်သည်မှာ ထန်ထျန်းကို မဟုတ်ဘဲ သူ၏ ခြေထောက်အောက်ရှိ ဖန်ဆင်းရှင် ကောင်းကင်တိုင်ကို ဖြစ်၏။
နောက်တစ်စက္ကန့်တွင် ဖန်ဆင်းရှင် ကောင်းကင်တိုင် တစ်ခုလုံးမှ ဖော်ပြ၍မရသော အော်ရာ တစ်ခုမှာ ဝုန်းခနဲ ထွက်ပေါ်လာပြီး ကျွင်းချန်ချင်း၏ ဆီသို့ စုစည်းသွားခဲ့သည်။
ထန်ထျန်း၏ တိုက်ခိုက်မှုမှာ ကျွင်းချန်ချင်း၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်မီမှာပင်...
ထိုအော်ရာများမှာ ကျွင်းချန်ချင်း၏ အပေါ်၌ အောင်မြင်စွာ စုစည်းသွားလေတော့သည်။
"ဘုန်း"
အလွန် ထိတ်လန့်ဖွယ် ကောင်းသော ပေါက်ကွဲသံကြီးမှာ ဟင်းလင်းပြင် တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။
ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများမှာ ကျွင်းချန်ချင်း ရှိရာကို ဗဟိုပြု၍ အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ပျံ့နှံ့သွား၏။
သေခြင်း အော်ရာ များ ပါဝင်နေသော အတိုင်းအဆမရှိသည့် စွမ်းအားများက ကျွင်းချန်ချင်းကို လုံးဝ လွှမ်းမိုးသွားခဲ့လေသည်။
သို့သော် ထန်ထျန်းကမူ မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီကောင်...
တကယ်ပဲ ဝှက်ဖဲတွေ ကျန်နေသေးတာလား။