အခန်း ၈၆၈
Vol. 83 Ch. 868
အခန်း (၈၆၈) ခက်ခဲသော ရွေးချယ်မှု
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများက ဖန်ဆင်းရှင် ကောင်းကင်တိုင်၏ ထိပ်ဖျား၌ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည်။
အကယ်၍ ဤတိုက်ခိုက်မှုသည် ကမ္ဘာကြီးအနီးတွင် ဖြစ်ပွားခဲ့ပါက မိုင်ပေါင်းသောင်းချီ ဝေးကွာနေလျှင်ပင် တစ်ကမ္ဘာလုံးကို ကုစား၍မရနိုင်သော ထိခိုက်မှုများ ဖြစ်ပေါ်စေလိမ့်မည်။
ကမ္ဘာသုံးခုလုံး၏ မူလ စွမ်းအားများကို စုပ်ယူထားသော ထန်ထျန်း၏ ခွန်အားမှာ မည်သူမျှ မခန့်မှန်းနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထာဝရနယ်ပယ်၏ အောက်တွင် ဤမျှ ကြောက်စရာကောင်းသော ခွန်အားမျိုး ရှိနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း တိုက်ခိုက်မှုက ကျွင်းချန်ချင်း၏ အပေါ်သို့ ကျရောက်သွားသည့်အခါ ထန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ကျွင်းချန်ချင်းမှာ သူ၏ရှေ့၌ မလှုပ်မယှက် ရပ်နေဆဲပင်။
ခြေထောက်အောက်ရှိ ဖန်ဆင်းရှင် ကောင်းကင်တိုင်မှ အလွန်လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခု ထွက်ပေါ်လာပြီး ကျွင်းချန်ချင်း၏ ခန္ဓာကိုယ်အပြင်ဘက်တွင် စုစည်းသွားခဲ့သည်။
ထိုအော်ရာမှာ ပုံသဏ္ဌာန်မရှိ၊ အရောင်အဆင်းမရှိသော်လည်း အလွန်တရာ ခိုင်ခံ့လှပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သော ထန်ထျန်း၏ တိုက်ခိုက်မှုကို တားဆီးပေးလိုက်ခြင်း ဖြစ်၏။
၎င်းမှာ ဖန်ဆင်းရှင် ကောင်းကင်တိုင် ကိုယ်တိုင်၏ စွမ်းအားပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကျွင်းချန်ချင်းလည်း သက်သာလှသည်တော့ မဟုတ်ပေ။ ဖန်ဆင်းရှင် ကောင်းကင်တိုင်၏ စွမ်းအားဖြင့် ထန်ထျန်း၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်နိုင်သော်လည်း သူ သိသိသာသာ ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာပြီး သူ၏ အစိမ်းနုရောင် ဝတ်စုံမှာ သွေးရောင် လွှမ်းသွားခဲ့လေသည်။
"မင်းမှာ တကယ်ပဲ ဝှက်ဖဲတွေ ကျန်နေသေးတာပဲ"
ထန်ထျန်းက စိတ်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်မိသည်။ ကမ္ဘာသုံးခု၏ မူလ စွမ်းအားများကို စုပ်ယူပြီးနောက် သူက အစွမ်းကုန် မတိုက်ခိုက်ဘဲ 'ကောင်းကင်ဝါးမြိုနတ်ဆိုး' ဆိုသည့် သူ၏ အကြီးမားဆုံး ဝှက်ဖဲကို မထုတ်ဖော်ဘဲ အစီအစဉ်အတိုင်း ဆက်လုပ်ခဲ့ခြင်းမှာ မှန်ကန်သွားသည်။
အကယ်၍ ထိုစဉ်ကသာ အကုန်ပုံအော တိုက်ခိုက်ခဲ့လျှင် ကျွင်းချန်ချင်းက ဤဝှက်ဖဲကို ထုတ်သုံးလိုက်ပြီး ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကိုပါ ပေါင်းစပ်လိုက်ပါက သူ အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ချေ။
"အဟွတ်... အဟွတ်..."
ကျွင်းချန်ချင်းက ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး သွေးအမြောက်အမြား ထပ်မံ အန်ထုတ်လိုက်ပြန်သည်။
"ငါ့ရဲ့ တာအိုလမ်းမှာ ဘယ်သူ့ကိုမှ ငါ မယုံခဲ့ဘူး"
"ဒါက ကမ္ဘာ့အရှင်က သူ့ကတိကို ဖျက်ခဲ့ရင် ကာကွယ်ဖို့ ပြင်ထားတာ"
"အခုလို အချိန်မှာ သုံးလိုက်ရတာကလည်း... ကွက်တိပဲလို့ ပြောရမှာပေါ့"
သူက ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီဖြစ်ရာ သူ၏ အော်ရာမှာလည်း သိသိသာသာ အားနည်းလာခဲ့သည်။
"ဒါဆိုရင် ဒါဟာ မင်းနဲ့ ကမ္ဘာ့အရှင်ကြားက အားပြိုင်မှုလို့လည်း ပြောလို့ရတာပေါ့"
"ဘယ်သူက ပိုသာမလဲဆိုတာ စမ်းကြည့်ကြတာပေါ့"
ပြောပြီးသည်နှင့် ထန်ထျန်းက အချိန်မဆွဲတော့ဘဲ ခွန်အားအားလုံးကို ထပ်မံ စုစည်းကာ ရှေ့ရှိ ကျွင်းချန်ချင်းကို ထိုးနှက်လိုက်ပြန်သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမုန်တိုင်းမှာ ဖန်ဆင်းရှင် ကောင်းကင်တိုင် တစ်ခုလုံးကို ထပ်မံ လွှမ်းမိုးသွားခဲ့သည်။
ထန်ထျန်းက လက်မနှေးတော့ဘဲ ကျွင်းချန်ချင်း၏ အပေါ်သို့ ခွန်အားအားလုံး ပုံအော လောင်းချလိုက်၏။
၎င်းမှာ ထာဝရနယ်ပယ်အောက်တွင် အစွမ်းထက်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။
အတိုင်းအဆမရှိသော စွမ်းအား များက ကျွင်းချန်ချင်းကို သေမင်း၏ မီးဖိုကြီးကဲ့သို့ ဝိုင်းပတ်ကာ သူ၏ အရာအားလုံးကို လောင်မြိုက်နေတော့သည်။
ဖန်ဆင်းရှင် ကောင်းကင်တိုင်မှာ အနည်းဆုံးတော့ ထာဝရနယ်ပယ်နှင့် အဆင့်တူညီသော တည်ရှိမှုတစ်ခု ဖြစ်သည်။
သို့သော် ကျွင်းချန်ချင်းက ၎င်းကို လုံးဝ သန့်စင် နိုင်ခြင်း မရှိသေးပေ။ သူ မလုပ်နိုင်လို့ပင်။ သူက ကောင်းကင်တိုင်၏ စွမ်းအား အစိတ်အပိုင်း အချို့ကိုသာ ငှားရမ်း အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ထန်ထျန်း၏ ရူးသွပ်သော တိုက်ခိုက်မှုများကို ကျွင်းချန်ချင်းက အံကြိတ်ကာ တောင့်ခံနေရသည်။
ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ဆန်းကြယ်သော အော်ရာများဖြင့် ဖွဲ့စည်းထားသည့် အကာအကွယ်မှာ လေပြင်းထဲမှ မီးအိမ်ကဲ့သို့ အချိန်မရွေး ပျက်စီးသွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။
ခေတ္တအကြာတွင် ထိုအကာအကွယ်မှာ အမှန်တကယ်ပင် ဆက်လက် တောင့်မခံနိုင်တော့ပေ။
သို့သော် ကျွင်းချန်ချင်းကမူ ယခင်ကကဲ့သို့ စိုးရိမ်ပူပန်ခြင်း မရှိတော့ချေ။
"ကြည့်ရတာ... ငါကပဲ ပိုသာသွားပုံရတယ်"
သူက ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အကာအကွယ်နှင့် တိုက်ခိုက်မှုကြားထဲသို့ ဝင်ရောက် ပေါင်းစပ်သွားသည်။
ထိုစွမ်းအားမှာ ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်၏။
၎င်းမှာ 'ကြေးနီ ဒယ်ဆောက် အိုး' ၏ စွမ်းအားပင် ဖြစ်သည်။
ထို့နောက် ကြေးနီ ဒယ်ဆောက် အိုး၏ ပုံရိပ်ယောင်မှာ ကျွင်းချန်ချင်း၏ ပတ်ပတ်လည်တွင် ပေါ်လာပြီး ဖန်ဆင်းရှင် ကောင်းကင်တိုင်၏ စွမ်းအားနှင့် ပေါင်းစပ်သွားခဲ့သည်။
မူလက ပျက်စီးလုနီးပါး ဖြစ်နေသော အကာအကွယ်မှာ ထပ်မံ တည်ငြိမ်သွားပြီး ထန်ထျန်း၏ ပြင်းထန်သော တိုက်ခိုက်မှုများကို တောင့်ခံထားပြန်သည်။
အချိန်ကြာလာသည်နှင့်အမျှ ကြေးနီ ဒယ်ဆောက် အိုးနှင့် ဖန်ဆင်းရှင် ကောင်းကင်တိုင် ပေါင်းစပ်ထားသော အကာအကွယ်မှာ ထန်ထျန်း၏ မကုန်ခမ်းနိုင်သော ခွန်အားများကြောင့် ပျက်စီးသွားမည် ဖြစ်သော်လည်း...
ထန်ထျန်းမှာ အချိန်အများကြီး မရှိပေ။
လင်းရင်က ကျွင်းချန်ချင်းကို အားနည်းအောင် လုပ်ထားသည့် နည်းလမ်းမှာ နာရီဝက်သာ ခံသည်။
ထိုအချိန် ကုန်ဆုံးသွားသည်နှင့် ကျွင်းချန်ချင်းက သူ၏ အထွတ်အထိပ် အဆင့် ခွန်အားကို ပြန်လည် ရရှိမည်ဖြစ်ပြီး ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကိုလည်း ပြန်လည် ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထိုအချိန် ရောက်သွားပါက ထန်ထျန်းအနေဖြင့် ဒီကောင်ကို သတ်ရန် မည်သည့် နည်းလမ်းမျှ ရှိတော့မည် မဟုတ်ချေ။
ကျွင်းချန်ချင်း ခွန်အားပြန်ပြည့်ရန် ၁၅ မိနစ် ခန့်သာ လိုတော့သည်။ ထန်ထျန်းက ထိုအချိန်အတွင်း ကြေးနီ ဒယ်ဆောက် အိုးနှင့် ဖန်ဆင်းရှင် ကောင်းကင်တိုင်၏ အကာအကွယ်ကို ဖြိုခွဲရမည် ဖြစ်သည်။
သို့သော် ဘယ်လိုလုပ်ရမလဲ။
"လက်လျှော့လိုက်စမ်းပါ"
ရှေ့ရှိ ထန်ထျန်းကို ကြည့်ရင်း ကျွင်းချန်ချင်းက ယခင်ကကဲ့သို့ တည်ငြိမ်မှု ပြန်ရသွားပြီ ဖြစ်သည်။
"ဒီကမ္ဘာကြီးက အစကတည်းက စွန့်ပစ်ခံထားရတာ"
"သေဆုံးဖို့ ကံပါလာပြီးသားကို ဘာလို့ အလကားသက်သက် ကယ်တင်ဖို့ ကြိုးစားနေရတာလဲ"
"ငါ မင်းကို ကတိပေးနိုင်တယ်။ ငါသာ ထာဝရနယ်ပယ်ကို အောင်မြင်စွာ တက်နိုင်မယ်ဆိုရင် ကမ္ဘာ့မူလ တွေကို အဲ့လောက် မြန်မြန် ဝါးမြိုမှာ မဟုတ်ဘူး။ ငါ တတ်နိုင်သမျှ ကမ္ဘာသစ်ကို အပြည့်အစုံ ဖန်တီးပေးပြီး သက်ရှိတွေ ပိုပြီး အသက်ရှင်နိုင်အောင် လုပ်ပေးမယ်"
"ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ။ ဒါဟာ ကမ္ဘာ့အရှင် အရင်က လုပ်ချင်ခဲ့တဲ့ ကိစ္စလည်း ဖြစ်တယ်"
ကျွင်းချန်ချင်းက ပြောလိုက်သည်။
ထန်ထျန်းက မျက်လုံးများကို မှေးလိုက်၏။
လက်ရှိ အခြေအနေအရ ကျွင်းချန်ချင်း ပြောသည်မှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်မှာ မှန်ပေသည်။
သို့သော် သူက ဤအခွင့်အရေးကို လွယ်လွယ်နှင့် လက်မလွှတ်ချင်ပေ။
ကမ္ဘာ့အရှင်က ငါးမွေးသူထံမှ တုံ့ပြန်ချက် ရရှိခဲ့ပြီး သူ့ကို ဤကမ္ဘာသို့ စေလွှတ်ခဲ့သည်ဆိုလျှင် ဇာတ်သိမ်းက ဤသို့ မဖြစ်သင့်ပေ။
မဖြစ်နိုင်လို့ ကျိတ်မှိတ် ရှင်သန်ရခြင်းမှာ မတတ်သာ၍ လုပ်ရခြင်းသာ ဖြစ်ပြီး ကမ္ဘာ့အရှင်၏ မူလဆန္ဒ မဟုတ်ပေ။
ထို့ကြောင့် အခွင့်အရေး အနည်းငယ် ရှိနေသေးသရွေ့ သူ လက်မလျှော့နိုင်ပေ။
အနိုင်ရပြီဟု ထင်နေသော ကျွင်းချန်ချင်းကို ပြန်မပြောဘဲ ထန်ထျန်းက သူ၏ အကြည့်ကို အတိုင်းအဆမရှိ ကျယ်ပြောလှသော ကမ္ဘာကြီးဆီသို့ ပို့လိုက်သည်။
ဖြစ်နိုင်တာက... စွမ်းအား နည်းနည်းလောက် ထပ်ရမယ်ဆိုရင် ကျွင်းချန်ချင်းရဲ့ လိပ်ခွံ လို မာကျောတဲ့ အကာအကွယ်ကို ဖြိုခွဲနိုင်ကောင်း ဖြိုခွဲနိုင်လိမ့်မည်။
ထန်ထျန်း၏ အကြည့်က တည်ကြည်သွားသည်။
အစွမ်းထက်လှသော မူလ စွမ်းအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြန်သည်။
သူ၏ ခွန်အားမှာ ထပ်မံ၍ တိုးမြင့်လာနေပြီ ဖြစ်၏။
ကျွင်းချန်ချင်းကလည်း ထိုအပြောင်းအလဲကို သိရှိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
သူက ခေတ္တမျှ ရပ်သွားပြီးနောက် အံ့ဩတုန်လှုပ်သွားသည်။
"မင်း ရူးသွားပြီလား"
"တစ်ကမ္ဘာလုံးကို ကြိုပြီး ဖျက်ဆီးပစ်ချင်နေတာလား"
မှန်ပေသည်။ ထန်ထျန်းက နောက်ဆုံး လက်ကျန်နေရာမှ မူလ စွမ်းအားများကို စတင် စုပ်ယူနေပြီ ဖြစ်သည်။
ကမ္ဘာကြီး
'ကောင်းကင်ဝါးမြိုနတ်ဆိုး' ၏ မမြင်ရသော လက်တံ များက ကမ္ဘာကြီး၏ ထောင့်ပေါင်းစုံမှ မူလ စွမ်းအားများကို စုပ်ယူကာ ထန်ထျန်း၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ပို့ဆောင်ပေးနေသည်။
သို့သော် ဤလုပ်ရပ်၏ နောက်ဆက်တွဲမှာ ကမ္ဘာကြီး၏ အခြေအနေမှာ အလျင်အမြန် ဆိုးရွားလာခြင်း ဖြစ်သည်။
မူလကပင် ပျက်စီးလုနီးပါး ဖြစ်နေသော ကမ္ဘာကြီးမှာ တိုက်ရိုက် ပြိုလဲလာတော့သည်။
သို့သော် ထန်ထျန်းက သက်ရှိများအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပြိုလဲမည့် ဧရိယာကို တတ်နိုင်သမျှ ထိန်းချုပ်ထားသည်။
"မင်း လုပ်နေတာက ငါနဲ့ ဘာခြားလို့လဲ"
"မဟုတ်ဘူး... မင်းက ငါ့ထက်တောင် ပိုပြီး ရက်စက်သေးတယ်"
"ကမ္ဘာကြီးက အခုချက်ချင်း ပြိုလဲသွားမယ်ဆိုရင် ဘယ်သက်ရှိမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး"
ကျွင်းချန်ချင်းက အော်ဟစ်လိုက်သည်။
ထန်ထျန်းက သက်ရှိအားလုံး၏ အသက်ကို ဂရုမစိုက်ဘဲ သူ့ကို ဤနေရာတွင် အပြတ်သတ်ရန်သာ ရွေးချယ်လိမ့်မည်ဟု သူ တကယ် မထင်ခဲ့ပေ။
ထန်ထျန်းက နေနတ်ဘုရားတို့လိုပဲ ကမ္ဘာကြီးနဲ့ သက်ရှိတွေကို ကယ်တင်ချင်တာ မဟုတ်ဘူးလား။
သို့သော် ကျွင်းချန်ချင်း၏ စကားကို ထန်ထျန်းက လုံးဝ ဂရုမစိုက်ပေ။
ကမ္ဘာကြီးထဲမှ မူလ စွမ်းအား အမြောက်အမြားမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။
သူ၏ ခွန်အားမှာလည်း ဆက်တိုက် တိုးမြင့်နေ၏။
ကြေးနီ ဒယ်ဆောက် အိုးနှင့် ဖန်ဆင်းရှင် ကောင်းကင်တိုင် ပေါင်းစပ်မှုကြောင့် တည်ငြိမ်နေသော အကာအကွယ်မှာ ထပ်မံ၍ သိသိသာသာ လှုပ်ခတ်လာပြန်သည်။
သို့သော်လည်း... နည်းနည်းလေး လိုနေသေးသည်။
ထန်ထျန်းက ကမ္ဘာပျက်စီးမည့် နေရာကို တတ်နိုင်သမျှ ထိန်းချုပ်ထားသော်လည်း စွမ်းအားကို ဆက်ပြီး စုပ်ယူမည်ဆိုပါက သက်ရှိ အမြောက်အမြား နေထိုင်ရာ နေရာများကို ထိခိုက်တော့မည်ဖြစ်ပြီး သူတို့အားလုံး ချက်ချင်း သေဆုံးသွားလိမ့်မည်။
ဒါပေမဲ့ မူလ စွမ်းအားကို ဆက်မစုပ်ယူရင် ကျွင်းချန်ချင်း ခွန်အားပြန်မရခင်မှာ ဒီ လိပ်ခွံ လို အကာအကွယ်ကို ဖြိုခွဲနိုင်မှာ မဟုတ်ပေ ။
ယခု သူ ဆုံးဖြတ်ချက် ချရတော့မည်။
ရပ်တန့်မလား။
ဒါမှမဟုတ် ဘယ်လို တန်ဖိုးပဲ ပေးရပါစေ ကျွင်းချန်ချင်းကို အပြတ် ရှင်းပစ်မလား။