အခန်း ၈၆၉
Vol. 83 Ch. 869
အခန်း (၈၆၉) လောင်းကြေး ရှုံးနိမ့်ခြင်း
လက်လျှော့မလား၊ ဆက်သွားမလား။
ထန်ထျန်းက လမ်းဆုံတစ်ခုတွင် ရပ်နေရသည်။
ဤရွေးချယ်မှုမှာ အလွန်ပင် ခက်ခဲလှ၏။
၎င်းမှာ ကျွင်းချန်ချင်းကို သတ်နိုင်မည့် သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ အကယ်၍ လက်လျှော့ရန် ရွေးချယ်လိုက်ပါက ကျွင်းချန်ချင်း ခွန်အားပြန်ပြည့်သွားပြီး ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်သွားလျှင် သူက 'ကောင်းကင်ဝါးမြိုနတ်ဆိုး' ကို ပိုင်ဆိုင်ထားပါစေဦးတော့ ကျွင်းချန်ချင်းကို မည်သို့မျှ လုပ်နိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်ကျမှ ထန်ထျန်းက ကောင်းကင်ဝါးမြိုနတ်ဆိုးကို ဆက်လက်သိမ်းပိုက်ထားပြီး ကျွင်းချန်ချင်းက ထာဝရနယ်ပယ်သို့ တက်လှမ်းမည့် အခွင့်အရေး ဆုံးရှုံးသွားခဲ့မည်ဆိုလျှင် ဘာတွေ ဆက်ဖြစ်လာနိုင်သနည်း။
နှစ်ဖက် ပြန်လည်သင့်မြတ်ပြီး ကမ္ဘာသစ်ကို အတူတူ တည်ဆောက်ကာ သက်ရှိအားလုံးကို ကယ်တင်ကြမည်လား။
၎င်းမှာ ဘယ်လိုမှ မဖြစ်နိုင်သော ကိစ္စပင်။
ကျွင်းချန်ချင်း၏ ဘဝတွင် တစ်ခုတည်းသော ရည်မှန်းချက်မှာ ထာဝရနယ်ပယ် ဖြစ်သည်။
ဤပန်းတိုင်ကို ရောက်နိုင်မည့် အချိန်တွင် အရာအားလုံးကို ညှိနှိုင်း၍ ရသော်လည်း မျှော်လင့်ချက် ပျောက်ဆုံးသွားသည်နှင့် သူက ကမ္ဘာဦးကတည်းက မရှိခဲ့ဖူးသည့် အကြောက်စရာဆုံး မိစ္ဆာကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်ကာ ကမ္ဘာကြီး၏ ဘေးအန္တရာယ်ကိုလည်း တားဆီးနိုင်တော့မည် မဟုတ်ပေ။
သို့သော် လက်မလျှော့လျှင်ကော။
ကမ္ဘာကြီးထဲမှ မူလစွမ်းအားများကို ဆက်လက်စုပ်ယူခြင်းက ကျွင်းချန်ချင်း၏ အကာအကွယ်ကို ဖြိုခွဲပြီး သူ့ကို အပြတ်ရှင်းနိုင်မည်မှာ မှန်သော်လည်း နောက်ဆက်တွဲအနေဖြင့် တစ်ကမ္ဘာလုံးကို ထန်ထျန်း ကိုယ်တိုင် လက်စသတ် ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မည်။
သူ ကာကွယ်ထားသော ကမ္ဘာငယ် အချို့မှလွဲ၍ ကျန်ရှိသော သက်ရှိအားလုံးမှာ ဤဖြစ်စဉ်အတွင်း ချက်ချင်း သေဆုံးသွားကြလိမ့်မည်။
၎င်းမှာလည်း ထန်ထျန်း မမြင်ချင်သော ဇာတ်သိမ်းပင် ဖြစ်သည်။
ကမ္ဘာ့အရှင်က သူ့ကိုယ်သူ ယဇ်ပူဇော်ပြီး ထန်ထျန်းကို ဤကမ္ဘာသို့ ပင့်ဆောင်ခဲ့ခြင်းမှာလည်း ဤရည်ရွယ်ချက်အတွက် မဟုတ်ပေ။
ထို့ကြောင့် မည်သို့ ရွေးချယ်ရမည်နည်း။
ထန်ထျန်းက တစ်ခဏအတွင်း အကြပ်အတည်းကြီးနှင့် ရင်ဆိုင်လိုက်ရသည်။
သူက 'ငါးမွေးသူ' က ကမ္ဘာ့အရှင်၏ တောင်းဆိုမှုကို အမှန်တကယ် ကြား ခဲ့ခြင်း ရှိ၊ မရှိကိုပင် စတင်စဉ်းစားမိလာသည်။
သူ့ကို ဤငါးကန်ကမ္ဘာထဲသို့ ထည့်လိုက်ခြင်းမှာ ကမ္ဘာကြီးကို ကယ်တင်မည့်သူ အဖြစ်လား၊ သို့မဟုတ် အမှိုက်သိမ်းသူ အဖြစ်လား။
ငါးမွေးသူ၏ ဆန္ဒက အမှန်တကယ် ဘာလဲ။
၎င်းမှာ အရေးကြီးဆုံး ပြဿနာပင်။
သို့သော် ဤပြဿနာကို ကမ္ဘာ့အရှင်က သူ၏ တစ်သက်တာလုံး ရှာဖွေခဲ့သော်လည်း အဖြေမရခဲ့ဘဲ နောက်ဆုံးတွင် ငါးမွေးသူက ဤကမ္ဘာကြီးကို ဆက်လက် တည်တံ့စေချင်လိမ့်မည်ဟု ယုံကြည်ကာ သူ့ကိုယ်သူ ယဇ်ပူဇော်ပြီး လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။
ဒါဆိုလျှင် ကမ္ဘာ့အရှင်က လောင်းကြေး နိုင်ခဲ့သလား။
လင်းရင်က ကျွင်းချန်ချင်းကို ထိန်းချုပ်ထားနိုင်သည့် အချိန်မှာ ကုန်ဆုံးတော့မည် ဖြစ်ရာ ထန်ထျန်းက တုန်လှုပ်နေသော ကျွင်းချန်ချင်းကို စိုက်ကြည့်ရင်း လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
ဒါဆိုရင် သူလည်း လောင်းကြေး တစ်ခု ထပ်ကြည့်မည်။
အကယ်၍ ငါးမွေးသူက ဤကမ္ဘာကြီး၏ တည်ရှိမှုကို အမှန်တကယ် ဂရုစိုက်ခဲ့လျှင် ကမ္ဘာ့အရှင် ပြောသကဲ့သို့ ငါးမွေးသူက အရာအားလုံးကို တတ်နိုင်သူ ဖြစ်ခဲ့လျှင် ငါးကန်ထဲက ငါးတွေ အကုန်သေတော့မည့် အခြေအနေကို မြင်ပါက ဝင်ရောက် စွက်ဖက်လာနိုင်ခြေ အလွန်များသည်။
သေချာ စဉ်းစားပြီးနောက် မူလစွမ်းအား အမြောက်အမြားမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံ စီးဝင်လာပြန်သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာကြီး၏ အချို့သော ဒေသများတွင် ကပ်ဘေး ဆိုးကြီးက ချက်ချင်း ဆိုက်ရောက်လာတော့သည်။
မြေပြင်များ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ကောင်းကင်ကြီး ပြိုကျလာပြီး သက်ရှိအမြောက်အမြားမှာ ခဏချင်းအတွင်း အသက်ပျောက်သွားကြရသည်။
သို့သော် ကျန်သည့် မည်သည့်အရာမျှ ထူးခြားမလာခဲ့ချေ။
ထန်ထျန်း၏ ခွန်အားမှာ ထပ်မံ တိုးမြင့်လာပြီး ကျွင်းချန်ချင်း၏ အပြင်ဘက်မှ အကာအကွယ်မှာ ပိုမို ပြင်းထန်စွာ လှုပ်ခတ်လာသည်။
"မလုံလောက်သေးဘူးလား"
ထန်ထျန်းက အံကြိတ်ကာ မူလစွမ်းအားများကို အလုံးအရင်းနှင့် ထပ်မံ စုပ်ယူလိုက်သည်။
သက်ရှိများ စုဝေးရာ ဒေသအတော်များများတွင် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးများ ဖြစ်ပွားလာပြီး မရေမတွက်နိုင်သော သက်ရှိများမှာ ဘာမှပင် မသိလိုက်ရဘဲ ထိုနေရာမှာတင် သေဆုံးသွားကြသည်။
ထိုသို့သော ကြေကွဲစရာ မြင်ကွင်းများကို မြင်လိုက်ရသည့်အခါ ထန်ထျန်းက ဤကမ္ဘာ၏ တည်ရှိမှုကို အထူးတလည် ဂရုမစိုက်သူ ဖြစ်သော်လည်း စိတ်ထဲတွင် အတော်လေး ခံရခက်သွားသည်။
သူသည်လည်း ပုံမှန် လူသားတစ်ယောက် ဖြစ်သည်မဟုတ်ပါလား။
ထိုသက်ရှိများကို သူကိုယ်တိုင် သတ်ဖြတ်နေသကဲ့သို့ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ရှေ့ရှိ ကျွင်းချန်ချင်းမှာလည်း လုံးဝ ထိတ်လန့်သွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာကြီးနှင့် သက်ရှိအားလုံးကို ကယ်တင်ချင်သော ထန်ထျန်းကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု သူ အမြဲ တွေးထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အားနည်းချက်တစ်ခု ဖြစ်သောကြောင့်ပင်။
သို့သော် သူ လုံးဝ မထင်မှတ်ထားသည်မှာ ထန်ထျန်းက သူ ထင်ထားသလောက် ဤကမ္ဘာကြီးကို ဂရုမစိုက်ခြင်းပင်။
ဤသို့ဆိုလျှင် ထန်ထျန်းအပေါ် သူ ရထားသည့် အကြီးမားဆုံး အသာစီးရမှုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထန်ထျန်းကသာ ဘာကိုမှ ဂရုမစိုက်ဘဲ တိုက်ခိုက်မည်ဆိုလျှင် သူ သေချာပေါက် သေရလိမ့်မည်။
"ထန်ထျန်း"
ထိုသို့ တွေးမိသည်နှင့် ကျွင်းချန်ချင်းက အော်ဟစ်လိုက်သည်။ "ငါ့ကို သတ်ဖို့ဆိုရင် မင်း ကမ္ဘာ့မူလ စွမ်းအားတွေ အကုန်လုံးကို စုပ်ယူရလိမ့်မယ်။ အဲ့ဒါဆိုရင် သက်ရှိတွေ အကုန်သေလိမ့်မယ်၊ ဒါက မင်းလိုချင်တဲ့ ရလဒ် မဟုတ်ဘူး"
"ဒါက မင်း ဖြစ်ချင်တဲ့ ရလဒ် မဟုတ်တာ သေချာတယ်"
"ငါတို့ အရောင်းအဝယ်တစ်ခု လုပ်ကြရအောင်"
"မင်း အခု ရပ်လိုက်မယ်ဆိုရင် ငါ ဒီကမ္ဘာကြီးကို ကိုယ်တိုင် ဖျက်ဆီးပြီး ပျက်စီးမှုကို မြန်အောင် လုပ်မှာ မဟုတ်ဘူးလို့ အာမခံတယ်"
"ကမ္ဘာကြီးက သဘာဝအတိုင်း မပျက်စီးခင်အထိ ငါ ကမ္ဘာသစ်ကို တတ်နိုင်သမျှ ပြည့်စုံအောင် ဖန်တီးပေးမယ်။ သက်ရှိတွေ အများဆုံး ရှင်သန်နိုင်အောင် ငါ လုပ်ပေးပါ့မယ်"
"အဲ့ဒါဆိုရင် အနည်းဆုံးတော့ သက်ရှိ ၁၀ ရာခိုင်နှုန်းလောက် ဆက်လက် ရှင်သန်နိုင်လိမ့်မယ်"
"ငါ့ရဲ့ တာအိုနှလုံးသား နဲ့ ငါ ကျိန်ဆိုရဲတယ်"
သူ့ပတ်ပတ်လည်မှ အကာအကွယ်မှာ ပျက်စီးလုနီးပါး ဖြစ်နေသည်ကို ခံစားမိသည်နှင့် သူက အလျင်အမြန် အော်ပြောကာ ကတိများ ပေးနေတော့သည်။
ထန်ထျန်းကမူ ရုတ်တရက် ပြုံးလိုက်၏။
"အော်... မင်းလည်း ကြောက်တတ်တာပဲလား"
ကျွင်းချန်ချင်း ကမ်းလှမ်းသော အရောင်းအဝယ်မှာ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှသည်။
သို့သော် ထန်ထျန်း၏ အာရုံမှာ ကျွင်းချန်ချင်းအပေါ်တွင် မရှိတော့သည်ကို သူ မသိပေ။
ထန်ထျန်း၏ ပစ်မှတ်မှာ ငါးမွေးသူ ဖြစ်သည်။
သူက ငါးမွေးသူ၏ ဆန္ဒကို သိနိုင်ရန် လောင်းကြေး ထပ် ရမည် ဖြစ်သည်။
၎င်းမှာ အရေးကြီးဆုံး အချက်ပင်။ ငါးမွေးသူ၏ ဆန္ဒကို သိနိုင်မှသာ ကမ္ဘာ့အရှင်နှင့် နေနတ်ဘုရားတို့ အရာအားလုံးကို ရင်းပြီး ရယူချင်ခဲ့သည့် နောက်ဆုံး ပန်းတိုင်က အမှန်တကယ် အကောင်အထည် ပေါ်လာနိုင်မည် ဖြစ်သည်။
မမြင်ရသော လက်တံများက ကမ္ဘာကြီးဆီသို့ ထပ်မံ ကျရောက်သွားပြန်သည်။
ကျွင်းချန်ချင်းသည်လည်း ဤအရာအားလုံးကို မြင်နေရသဖြင့် သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ စတင် လွှမ်းမိုးလာသည်။
ကောင်းကင်ဝါးမြိုနတ်ဆိုးကို အသုံးပြုလိုက်သည်နှင့် ကမ္ဘာ့မူလစွမ်းအား အားလုံးမှာ ထန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စုစည်းလာနေတော့သည်။
ဤစွမ်းအားများအားလုံးကို ထန်ထျန်း ရရှိသွားသည်နှင့် ကျွင်းချန်ချင်း သေရမည်မှာ သေချာသည်။
ကမ္ဘာကြီးလည်း ပျက်စီးသွားလိမ့်မည်။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
"ထန်ထျန်း..."
"တော်လိုက်ပါတော့..."
၎င်းမှာ လင်းရင်၏ အသံ ဖြစ်သည်။
ယခုအခါ သူမက ကျွင်းချန်ချင်းနှင့် ပေါင်းစပ်နေသဖြင့် ကမ္ဘာကြီး၏ အခြေအနေကို မြင်နေရသည်။
မရေမတွက်နိုင်သော သက်ရှိများ ကြေကွဲစွာ သေဆုံးနေရသည်ကို မြင်ရသဖြင့် သူမက ထန်ထျန်းကို တားဆီးရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
လင်းရင်၏ အသံကို ကြားသည့်အခါ ထန်ထျန်းက နောက်ဆုံးအဆင့်ကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။
လင်းရင် တားလိုက်၍ မဟုတ်ဘဲ သူ၏ ယာယီ လောင်းကြေး မှာ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသောကြောင့်ပင်။
ငါးမွေးသူက ကမ္ဘာကြီးနှင့် သက်ရှိများ၏ သေဆုံးမှုကို အမှန်တကယ်ပင် ဂရုမစိုက်ပေ။
ဤလောင်းကြေးမှာ ငါးမွေးသူကို ဆွဲထုတ်နိုင်ရန် မလုံလောက်ခဲ့ပေ။
ဤသို့ဆိုလျှင် ကမ္ဘာကြီးကို ဖျက်ဆီးပြီး ကျွင်းချန်ချင်းကို သတ်ခြင်းမှာလည်း ကြီးမားသော အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။
သို့သော် ဤအချက်ကို သူ အပြင်ထုတ်မပြောဘဲ သွေးမျက်ရည်များ စီးကျနေသော လင်းရင်ကို ကြည့်ကာ ပြောလိုက်သည်။ "ဒါက သူ့ကို သတ်ဖို့ နောက်ဆုံး အခွင့်အရေးပဲနော်"
"မင်းရဲ့ တစ်သက်တာလုံးက နာကျင်မှုတွေနဲ့ ကလဲ့စားချေချင်စိတ်ကို တကယ်ပဲ လက်လွှတ်နိုင်မှာလား"
လင်းရင်က ခေါင်းငုံ့ကာ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သွေးမျက်ရည်များ မဟုတ်ဘဲ ကြည်လင်သော မျက်ရည်စက်များ ဖြစ်၏။
"တောင်းပန်ပါတယ်..."
"ကလဲ့စားချေဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုးက သက်ရှိအားလုံး ဖြစ်နေမယ်ဆိုရင်..."
"ကျွန်မ မလုပ်နိုင်ဘူး..."
သူမက ရှိုက်ကြီးတငင် ငိုကြွေးရင်း လက်ထဲမှ ဓားမြှောင်ကို လွှတ်ချလိုက်သည်။
ကျွင်းချန်ချင်းအပေါ်တွင် ရှိနေသော သွေးမျိုးဆက် ဖိနှိပ်မှုမှာ ချက်ချင်း ရပ်တန့်သွားခဲ့သည်။
ဤအခွင့်အရေးကို သုံးကာ ကျွင်းချန်ချင်းက ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို ချက်ချင်း ပြန်လည် ခေါ်ယူလိုက်ပြီး ခိုင်ခံ့သော အကာအကွယ်သစ်တစ်ခုကို တည်ဆောက်ကာ ထန်ထျန်း၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
အမှန်တကယ်တော့ ဤအချိန်အတွင်း ထန်ထျန်းက ကျွင်းချန်ချင်း၏ အကာအကွယ်ကို ဖောက်ထွက်ပြီး သူ့ကို သတ်နိုင်ပါသေးသည်။
သို့သော် ထန်ထျန်းက ထိုသို့ မလုပ်ခဲ့ဘဲ ကျွင်းချန်ချင်း ခွန်အားပြန်ပြည့်လာပြီး ခိုင်ခံ့သော အကာအကွယ်ကို ပြန်လည် တည်ဆောက်သည်ကို အေးအေးဆေးဆေးသာ ကြည့်နေခဲ့သည်။
ကျွင်းချန်ချင်းသည်လည်း ဤအရာအားလုံးကို ခံစားမိသဖြင့် သူ၏ရှေ့ရှိ ထန်ထျန်းနှင့် လင်းရင်၏ ပုံရိပ်ယောင်ကို ကြည့်ရင်း မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာသည်။
"ငါ နားမလည်ဘူး"
သူက ပြောလိုက်သည်။
ထန်ထျန်းက ခေါင်းခါလိုက်၏။
"မင်း နားမလည်နိုင်တာ မဆန်းပါဘူး"
"ဘာလို့လဲဆိုတော့ လင်းရင်က လူသားတစ်ယောက် ဖြစ်နေလို့ပဲ"
"ငါလည်း..."
"လူသားတစ်ယောက်ပဲ ထင်ပါရဲ့"
ပြောပြီးသည်နှင့် သူက လက်ကို ဝှေ့ယမ်းကာ ကောင်းကင်ဝါးမြိုနတ်ဆိုး၏ မမြင်ရသော လက်တံများအားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်လေတော့သည်။