အခန်း ၈၇၀
Vol. 83 Ch. 870
အခန်း (၈၇၀) ရပ်တည်ချက်ကို အတည်ပြုခြင်း
ဖန်ဆင်းရှင် ကောင်းကင်တိုင်၏ ထိပ်ဖျား
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများက အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းက ကမ္ဘာကြီး၏ နောက်ဆုံးလက်ကျန် မူလစွမ်းအားများကို ဆက်လက်စုပ်ယူခြင်း မပြုတော့သလို ကျွင်းချန်ချင်းကိုလည်း ဆက်လက် မတိုက်ခိုက်တော့ပေ။
လင်းရင်က ဓားမြှောင်ကို လွှတ်ချလိုက်ပြီ ဖြစ်သဖြင့် ကျွင်းချန်ချင်းက သူ၏ ခွန်အားများနှင့် ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားအပေါ် ထိန်းချုပ်မှုကို ပြန်လည် ရရှိသွားခဲ့သည်။
သို့သော် သူက ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ငြိမ်သက်စွာ ရပ်နေရင်း မျက်နှာချင်းဆိုင်ရှိ ထန်ထျန်းနှင့် လင်းရင်၏ ပုံရိပ်ယောင်ကိုသာ စိုက်ကြည့်နေမိသည်။
လူသား
သူ သိပ်နားမလည်နိုင်ပေ။
လင်းရင်၏ သူ့အပေါ်ထားသည့် ကလဲ့စားချေလိုစိတ်မှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးနိုင်လောက်အောင် ကြီးမားသော်လည်း သက်ရှိများ သေဆုံးသွားမည့် အရေးကို မကြည့်ရက်သဖြင့် သူမ၏ တစ်ဘဝလုံးစာ နာကျင်မှုနှင့် မုန်းတီးမှုများကို လက်လွှတ်လိုက်သည်။
သူ့အမြင်တွင်မူ ၎င်းမှာ အလွန်ပင် မိုက်မဲသော လုပ်ရပ် ဖြစ်သည်။
သို့သော် ထန်ထျန်းကမူ ထိုအရာကို 'လူသား' ဟု ခေါ်ဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ ခွန်အားပြန်ရလာသည့် ခဏတာအတွင်း ထန်ထျန်းအနေဖြင့် သူ့ကို အပြီးသတ် သတ်ပစ်နိုင်သော်လည်း ထန်ထျန်းက ထိုသို့ မလုပ်ခဲ့ပေ။
ဒါဆိုလျှင် သူ ယခင်က ထန်ထျန်းအပေါ် တွက်ချက်ခဲ့သည့် အချက်များမှာ မမှားယွင်းခဲ့ဘူးဟု ဆိုရမည်လား။
ထန်ထျန်းသည် ကမ္ဘာ့အရှင်ကဲ့သို့သော လူမျိုးပဲလား။
ကျွင်းချန်ချင်းက တိတ်ဆိတ်သွားတော့သည်။
"တောင်းပန်ပါတယ်..."
လင်းရင်က မျက်ရည်များ ဝိုင်းလျက် ပြောလိုက်သည်။
သူမ၏ လက်လျှော့မှုကြောင့်သာ ထန်ထျန်းက ကျွင်းချန်ချင်းကို နောက်ဆုံးတွင် မသတ်နိုင်ခဲ့ခြင်းဟု သူမ ထင်နေမိသည်။
သူတို့၏ ကြိုးစားမှု အားလုံးမှာလည်း သူမကြောင့် အချည်းနှီး ဖြစ်သွားရပြီဟု ခံစားနေရသည်။
"ဒါက မင်းနဲ့ မဆိုင်ပါဘူး၊ တောင်းပန်စရာ မလိုဘူး"
ထန်ထျန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး "ဒါပေမဲ့ မင်းက ဒီလို အချိန်မျိုးမှာ ဒီလောက်ကြီးမားတဲ့ ကလဲ့စားချေလိုစိတ်ကို လက်လွှတ်နိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး"
" ဒါက လုပ်ဖို့ တကယ် ခက်ခဲတဲ့ ကိစ္စပဲ"
လင်းရင်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ခိုတွဲနေပြီး အရာအားလုံးအပေါ် ဝေခွဲမရ ဖြစ်နေတော့သည်။
"ကျွန်မက... "
"ကျွန်မက..."
"ကျွန်မလည်း မသိတော့ဘူး..."
သူမ၏ ရွေးချယ်မှုကို သူမကိုယ်တိုင် မရှင်းပြနိုင်သော်လည်း စိတ်အလိုအတိုင်း ထိုသို့ လုပ်ခဲ့ခြင်း ဖြစ်သည်။
တစ်ဘဝလုံး ဝမ်းနည်းမှုနှင့် အမှောင်ထုထဲတွင် ဖြတ်သန်းခဲ့ရသော ဤအမျိုးသမီးက နောက်ဆုံးအချိန်တွင် လူသားဆန်သည့် စိတ်ထားကို ပြသသွားခဲ့ခြင်း ဖြစ်၏။
ထန်ထျန်းက ထိုရွေးချယ်မှု၏ အမှားအမှန်ကို ဝေဖန်ခြင်း မပြုသော်လည်း ဤကဲ့သို့သော လုပ်ရပ်အပေါ် စိတ်ရင်းဖြင့် လေးစားမိသည်။
အကယ်၍ ဤအရာကသာ သက်ရှိအားလုံး၏ ပင်ကိုယ်သဘာဝ ဖြစ်နေမည်ဆိုလျှင် ဤကမ္ဘာကြီးက ဤမျှ ကြေကွဲစရာကောင်းသော ဇာတ်သိမ်းမျိုးနှင့် မထိုက်တန်ပေ။
ဤအချိန်တွင် ထန်ထျန်းက သူ၏ ရပ်တည်ချက်ကိုလည်း အပြီးသတ် အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဤကမ္ဘာကြီးက ကယ်တင်ရန် ထိုက်တန်ပေသည်။
"ဘာမှ မဖြစ်ပါဘူး"
ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။ "နာကျင်မှုဆိုတာ ထာဝရ မဟုတ်ဘူး"
" ငါ့ကို ယုံပါ"
"ငါ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် တကယ့် နည်းလမ်းကို သေချာပေါက် ရှာတွေ့မှာပါ"
ကမ္ဘာ့အရှင် ပြောခဲ့ဖူးသလိုပင် သူက ဤကမ္ဘာကြီးကို သေချာပေါက် ကယ်တင်နိုင်မည်ဖြစ်ကာ ရှာဖွေရန်သာ လိုအပ်သည်။
ထိုစဉ်က ထန်ထျန်းသည် သူ့ကိုယ်သူ မယုံကြည်ခဲ့ပေ။
သို့သော် ယခုအခါတွင်မူ သူ ယုံကြည်သွားပြီ ဖြစ်သည်။
၎င်းမှာ အမှန်တရား ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူက ထိုကိစ္စကို တကယ်တမ်း လုပ်ဆောင်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
သို့သော် လင်းရင်ကမူ ထန်ထျန်း၏ စကားထဲမှ ဆိုလိုရင်းကို နားမလည်ပေ။ သူမက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းထဲမှ ကလဲ့စားချေလိုစိတ်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခု သူမ၏ မျက်ဝန်းထဲတွင် ရိုးရှင်းသော ဝမ်းနည်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုများသာ ကျန်ရှိတော့သည်။
"ကျွန်မ... ကျွန်မ အမေကို လွမ်းတယ်..."
ပြောပြီးသည်နှင့် သူမ၏ ပုံရိပ်ယောင်မှာ ဖြည်းဖြည်းချင်း လွင့်ပြယ်လာတော့သည်။
သူမကို ထိန်းထားပေးသည့် သွေးမျိုးဆက် စွမ်းအားများမှာ အလျင်အမြန် ကုန်ဆုံးလာနေပြီး အနီရောင် ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်ကာ မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။
ကျွင်းချန်ချင်းအနေဖြင့် လင်းရင်ကို ဆက်လက် ထိန်းချုပ်ထားရန် ဤဖြစ်စဉ်ကို တားဆီးနိုင်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ ထိုသို့ မလုပ်ရန် ရွေးချယ်လိုက်သည်။
လင်းရင်၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝါးတားတား ဖြစ်လာပြီး နောက်ဆုံးတွင် အလင်းမှုန်များအဖြစ် ဟင်းလင်းပြင်ထဲတွင် လွင့်ပျံ့သွားခဲ့လေတော့သည်။
"မင်း စောစောကသာ သူမကို တားဖို့ ကြိုးစားရင် မင်းကို ငါ အပြတ်ရှင်းမှာ"
ထန်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
ကျွင်းချန်ချင်းက ပြန်မဖြေဘဲ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "အခု မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"ထာဝရလမ်းစဉ်ကိုတော့ ငါ လုံးဝ လက်လွှတ်မှာ မဟုတ်ဘူး"
ယခုအခါ ကျွင်းချန်ချင်းက သူ၏ ခွန်အားအားလုံး ပြန်ရထားပြီး ဖန်ဆင်းရှင် ကောင်းကင်တိုင်ကို အမှီပြုထားသဖြင့် ထန်ထျန်းက မူလစွမ်းအားများ အားလုံးကို စုပ်ယူထားပါစေဦးတော့ သူ့ကို မည်သို့မျှ လုပ်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ကျွင်းချန်ချင်းသည်လည်း ထန်ထျန်းကို မည်သို့မျှ မတတ်နိုင်ချေ။
ဒါပေမဲ့ 'ကောင်းကင်ဝါးမြိုနတ်ဆိုး' မရှိဘဲနှင့် မူလစွမ်းအားများက သူ့ကို ထာဝရနယ်ပယ်သို့ တက်လှမ်းရန် ထောက်ပံ့ပေးနိုင်မည် မဟုတ်ပေ။
နှစ်ယောက်သား ဤသို့ပင် အခြေအနေ တင်းမာလျက် ရှိနေကြသည်။
ထိုမေးခွန်းကို ကြားသည့်အခါ ထန်ထျန်းက လှည့်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "ငါသာ ကောင်းကင်ဝါးမြိုနတ်ဆိုးကို မင်းကို မပေးရင် မင်း ဘာလုပ်မလဲ"
ကျွင်းချန်ချင်းက ခေတ္တမျှ ထပ်မံ တိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ငါ ပြောခဲ့ပြီးပြီပဲ၊ ထာဝရနယ်ပယ်က ငါ့ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပဲ"
" ဘယ်လို တန်ဖိုးပဲ ပေးရပါစေ"
" ငါ လမ်းဆုံးအထိ သေချာပေါက် သွားရမယ်"
ထန်ထျန်းက ခေါင်းခါလိုက်၏။
ဤသို့သော အဖြေမျိုးကို သူ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။
ကျွင်းချန်ချင်းက ကောင်းကင်ဝါးမြိုနတ်ဆိုး၏ ထိန်းချုပ်မှုကို ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးစားလိမ့်မည်မှာ သေချာသည်။
အကယ်၍ သူတို့နှစ်ယောက်သာ ဆက်လက် တိုက်ခိုက်နေကြမည်ဆိုလျှင် အရာအားလုံး ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ဤကမ္ဘာကြီးက သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယခင်ကဆိုလျှင် ထန်ထျန်းသည် နှစ်ဖက်စလုံး အနာတရဖြစ်မည့် လမ်းကို ရွေးချယ်ကောင်း ရွေးချယ်လိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၌ အခြား အစီအစဉ် ရှိနေပြီ ဖြစ်သည်။
ကမ္ဘာ့အရှင် ပြောခဲ့သည်မှာ မှန်ပေသည်။ လက်ရှိ ကမ္ဘာကြီးကို လုံးဝ ကယ်တင်နိုင်ရန်မှာ တစ်ယောက်တည်းသာ လုပ်ဆောင်နိုင်သည်။
၎င်းမှာ ငါးမွေးသူ ပင် ဖြစ်သည်။
သို့သော် ငါးမွေးသူ၏ ဆန္ဒကို မည်သူမျှ ခန့်မှန်း၍မရပေ။
သူမက ကူညီမလား၊ ဘယ်လိုနည်းနဲ့ ကူညီမလဲဆိုသည်မှာ မသိနိုင်သော အချက်များ ဖြစ်သည်။
စောစောက ထန်ထျန်းသည် တစ်ကမ္ဘာလုံးကို ဖျက်ဆီးပြခြင်းဖြင့် ငါးမွေးသူကို ဆွဲထုတ်ရန် ကြိုးစားခဲ့သည်။
ငါးမွေးသူက ဤကမ္ဘာကြီး တစ်စစီ ပျက်စီးသွားသည်ကို မြင်လျှင် မကြည့်ရက်ဘဲ ထွက်လာလိမ့်မည်ဟု သူ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ လောင်းကြေး ရှုံးနိမ့်သွားခဲ့သည်။
ငါးမွေးသူက ကမ္ဘာကြီး၏ ပျက်စီးမှုကို အမှန်တကယ်ပင် ဂရုမစိုက်ပေ။
ဒါဆိုလျှင် သူက ငါးမွေးသူကို ဤကမ္ဘာသို့ မည်သို့ ဖိတ်ခေါ် ရမည်နည်း။
သို့မဟုတ် ငါးမွေးသူ၏ အရာအားလုံးကို တတ်နိုင်သော စွမ်းအားကို မည်သို့ ရယူပြီး သက်ရှိအားလုံးကို ကယ်တင်ရမည်နည်း။
သူ သေသေချာချာ စဉ်းစားရန် လိုအပ်သည်။
ဤကိစ္စနှင့် ယှဉ်လျှင် ကျွင်းချန်ချင်းက ထိုမျှ အရေးမကြီးတော့ပေ။
ငါးမွေးသူ၏ ဆန္ဒကိုသာ သိရှိပြီး သူမ၏ စွမ်းအားကို ရရှိနိုင်မည်ဆိုလျှင် ကျွင်းချန်ချင်း ထာဝရနယ်ပယ်သို့ တက်လှမ်းနိုင်သွားသည် ဆိုဦးတော့ အကြောင်းမဟုတ်ပေ။
ကမ္ဘာ့အရှင်မှာ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်သည်။
အကယ်၍ ထာဝရနယ်ပယ်က ငါးမွေးသူနှင့် တကယ်တမ်း ယှဉ်နိုင်မည်ဆိုလျှင် သူက ထိုနယ်ပယ်မှ လွယ်လွယ်ကူကူနှင့် ပြန်ထွက်လာလိမ့်မည် မဟုတ်ပေ။
သေချာ စဉ်းစားပြီးနောက် ထန်ထျန်းက ပြောလိုက်သည်။ "မင်း စောစောက တာအိုနှလုံးသားနဲ့ ကျိန်ဆိုထားတဲ့ ကတိကိုတော့ ပြန်မဖျက်ဘူး မဟုတ်လား"
" မင်းမှာ အဲ့ဒီ ကျိန်ဆိုမှုကို ရှောင်လွှဲနိုင်တဲ့ နည်းလမ်း ရှိတယ်ဆိုတာကိုတော့ ငါ သိပါတယ်"
ကျွင်းချန်ချင်း၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။
"မင်း ငါနဲ့ သဘောတူညီချက် လုပ်ချင်လို့လား"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
"ငါတို့ နှစ်ယောက် ဒီအတိုင်း အားပြိုင်နေလို့လည်း ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး"
"အကယ်၍ မင်းက ကမ္ဘာကြီး သဘာဝအတိုင်း မပျက်စီးခင်မှာ ကမ္ဘာသစ်ကို တတ်နိုင်သမျှ ကောင်းအောင် တည်ဆောက်ပေးပြီး သက်ရှိတွေ ပိုပြီး ရှင်သန်နိုင်အောင် လုပ်ပေးမယ်ဆိုရင်..."
"ဒါက မဆိုးတဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်မှာပါ"
"မင်းပြောသလိုပဲ ကမ္ဘာ့အရှင်ရဲ့ မူလ အစီအစဉ်ကလည်း ဒီအတိုင်းပဲ မဟုတ်လား"
ကျွင်းချန်ချင်းက ထန်ထျန်းကို ငြိမ်သက်စွာ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ "ငါ အဲ့ဒီအတိုင်း လုပ်ပါ့မယ်"
" ငါ့ကတိကို ဘယ်တော့မှ မဖျက်ဘူး"
ထန်ထျန်းက အင်းဟု တစ်ချက်ဆိုလိုက်သည်။
ကျွင်းချန်ချင်း၏ လုပ်ဟန်အရ သူက ကတိဖျက်မည့်သူ မဟုတ်သည်မှာ သေချာသလောက် ရှိသည်။
သို့သော် သူ ကတိဖျက်လျှင်ပင် အရေးမကြီးပေ။
ငါးမွေးသူ၏ စွမ်းအားကိုသာ ရှာတွေ့နိုင်မည်ဆိုလျှင် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်၍ ရနိုင်သည်။
"ဒါဆိုရင်လည်း ပြီးတာပဲ"
"ကောင်းကင်ဝါးမြိုနတ်ဆိုးကို မင်း ယူသွားလိုက်တော့"
"ဒါက ကမ္ဘာ့အရှင်က မင်းကို ပေးဖို့ ကတိပေး ထားတဲ့ အရာပဲလေ"
ပြောပြီးသည်နှင့် ထန်ထျန်းက ကောင်းကင်ဝါးမြိုနတ်ဆိုးအပေါ်တွင် ရှိနေသော သူ၏ ထိန်းချုပ်မှု အားလုံးကို လွှတ်ချလိုက်သည်။
ကျွင်းချန်ချင်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး တစ်ခုခု ပြောရန် ပြင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။
ယင်နှင့်ယန် ငါးနှစ်ကောင်ဖြင့် ဖွဲ့စည်းထားသော သော့မှာ သူ၏ လက်ဖဝါးပေါ်တွင် ထပ်မံ ပေါ်ပေါက်လာခဲ့လေတော့သည်။