အခန်း ၈၇၁
Vol. 83 Ch. 871
အခန်း (၈၇၁) ထန်ထျန်း ပျောက်ကွယ်သွားခြင်း
ယင်နှင့်ယန် ငါးနှစ်ကောင် ပွင့်သွားသည်နှင့်အတူ 'ကောင်းကင်ဝါးမြိုနတ်ဆိုး' အပေါ် ထိန်းချုပ်မှုမှာ ကျွင်းချန်ချင်း၏ လက်ထဲသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူက အချိန်ဆွဲမနေဘဲ ထန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ 'ကောင်းကင်ဝါးမြိုနတ်ဆိုး' ကို စတင် ထုတ်ယူလေတော့သည်။
ထိုနေရာတွင် ရပ်နေသော ထန်ထျန်းက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအားများမှာ အလွန်ပင် မြန်ဆန်လှသော နှုန်းထားဖြင့် ဆုံးရှုံးနေသည်ကို ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ကျင့်ကြံခြင်း အဆင့်မှာမူ အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသည်။
၎င်းမှာ မျှော်လင့်ထားပြီးသား ကိစ္စပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားများမှာ 'ကောင်းကင်ဝါးမြိုနတ်ဆိုး' ထံမှ လာခြင်းကြောင့် ဖြစ်၏။
သိပ်မကြာမီမှာပင် ထာဝရနယ်ပယ်နှင့် နီးစပ်နေသော စွမ်းအားများမှာ ပျောက်ကွယ်သွားပြီး သာမန် 'ကျိကျွင်း ' အဆင့်သို့ ပြန်ကျသွားသည်။
ခေတ္တမျှ ကြာပြီးနောက် 'ကျိကျွင်း' အဆင့်မှ 'တာအိုအရှင်' အဆင့်သို့ ထပ်မံ ကျဆင်းသွားပြန်သည်။
မကြာခင်မှာပင် 'တာအိုအရှင်' စွမ်းအားများပါ ပျောက်ကွယ်သွားပြီး 'ဝူကျိတာအိုအရှင်' အဆင့်သို့ ရောက်ရှိသွားသည်။
'ကောင်းကင်ဝါးမြိုနတ်ဆိုး' ကို ဆက်လက် ထုတ်ယူနေစဉ်အတွင်း ထန်ထျန်း၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း ဆက်တိုက်ဆိုသလို နိမ့်ဆင်းလာခဲ့သည်။
ဟွမ်ယွမ်တာအို၊ ထိုက်ယိတာအို၊ ချန်ရှန်းတာအို အဆင့်...
တာအိုနယ်ပယ်အောက်ရှိ အင်မော်တယ် ဧကရာဇ်၊ အင်မော်တယ် အရှင်၊ အင်မော်တယ် ဘုရင်...
သိပ်မကြာလိုက်ဘဲ သေမျိုး နယ်ပယ် သို့ တိုက်ရိုက် ကျဆင်းသွားတော့သည်။
သူက ခြောက်နှစ်အတွင်း အားနည်းဆုံးသော 'ချီသန့်စင်ခြင်း' အဆင့် ကျင့်ကြံသူတစ်ယောက်မှ လောကတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ယခုမူ နာရီဝက်ပင် မပြည့်သေးသော အချိန်တိုအတွင်း မူလအစသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
စတင် ထွက်ပေါ်လာစဉ်ကပင် 'ချီသန့်စင်ခြင်း' ဒုတိယအဆင့် ရှိခဲ့သော်လည်း ယခုမူ ပထမအဆင့်အောက်သို့ပင် ရောက်သွားသဖြင့် ကနဦးအစထက်ပင် နိမ့်ကျသွားသည်ဟု ဆိုရမည်။
မပြောင်းလဲသော သူ၏ ခန္ဓာကိုယ်ကို ထည့်မတွက်လျှင် သူက သာမန်သေမျိုး တစ်ယောက်နှင့် မခြားတော့ပေ။
နောက်ဆုံးလက်ကျန် စွမ်းအားလေးပါ ထွက်သွားပြီးနောက် ထန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ မမြင်ရသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ယင်ယန်သော့ထဲသို့ ဝင်ရောက်သွားသည်။
ထိုအလင်းတန်းများထဲတွင် မတူညီသော ပုံရိပ်ယောင်နှစ်ခု ရှိနေသည်။
တစ်ခုမှာ အဖြူရောင် နယ်ရုပ်တစ်ခု ဖြစ်ပြီး နောက်တစ်ခုမှာ ရွှေရောင်ဓားရှည်တစ်လက် ဖြစ်သည်။
၎င်းတို့ကို မြင်သည့်အခါ ထန်ထျန်းက မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။
"တကယ်ပဲ မင်းတို့ ဖြစ်နေတာကိုး"
ကမ္ဘာ့အရှင်နှင့် 'ကောင်းကင်ခွင်းဓား' တို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ထိုအချိန်မှာ သူ ပြန်လည်မွေးဖွားလာသည့် အချိန်နှင့် ထပ်တူကျနေကြောင်း ကမ္ဘာ့အရှင်က ပြောစဉ်ကတည်းကပင် ထန်ထျန်းက သံသယဝင်ခဲ့သည်။
ထိုအရာနှစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲမှ 'စနစ်' နှင့် ဆက်စပ်နေနိုင်သည်ဟု သူ တွေးခဲ့သည်။
စနစ် ၏ သဘာဝ မှာ 'ကောင်းကင်ဝါးမြိုနတ်ဆိုး' ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သော်လည်း 'ကောင်းကင်ဝါးမြိုနတ်ဆိုး' က မူလစွမ်းအားများကိုသာ ဝါးမြိုနိုင်သည်။ အခြားသော စနစ် လုပ်ဆောင်ချက်များအတွက်မူ အခြားအရာများ၏ အကူအညီ လိုအပ်သည်။
ထို့ကြောင့် စနစ် နှစ်ခု၏ သဘာဝ မှာ 'ကောင်းကင်ဝါးမြိုနတ်ဆိုး' ဖြစ်ပြီး ၎င်းတို့၏ ဖွဲ့စည်းပုံမှာမူ ကမ္ဘာ့အရှင်နှင့် 'ကောင်းကင်ဖွင့်ဓား' တို့ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
၎င်းမှာ ငါးမွေးသူ၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားလှသည်။
သူမ ဘာကြောင့် ဤသို့ လုပ်ခဲ့သည်ကို ထန်ထျန်း မသိပေ။
ငါးမွေးသူ၏ စွမ်းအားဖြင့်ဆိုလျှင် တူညီသော စနစ် မျိုးကို ဟင်းလင်းပြင် ထဲမှ ဖန်တီးနိုင်သော်လည်း ဤကဲ့သို့ ရှုပ်ထွေးအောင် လုပ်ထားခြင်းမှာ ယုတ္တိရှိစေချင်၍ ဖြစ်နိုင်ပါသည်။
ဒါက လိုတာထက် ပိုပြီး လုပ်ထားသလိုမျိုး ဖြစ်မနေဘူးလား။
....
အင်း... သူ ဘာလို့ အဲ့ဒီလို တွေးမိတာလဲ။
ထန်ထျန်းက ခေါင်းခါလိုက်သည်။
ပုံရိပ်ယောင်နှစ်ခု ပေါ်လာခြင်းက ငါးမွေးသူ ရှိနေကြောင်း သူ ပထမဆုံးအကြိမ် အမှန်တကယ် မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
သူမက ဘယ်လိုတည်ရှိမှုမျိုးလဲ ဆိုတာကိုတော့...
သူ သေချာပေါက် သိအောင် လုပ်မည်ဟု ထန်ထျန်း ယုံကြည်နေသည်။
'ကောင်းကင်ဝါးမြိုနတ်ဆိုး' အားလုံးကို ထန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ ထုတ်ယူပြီးနောက် ကျွင်းချန်ချင်းက သူ့ကို ကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
"ငါ အခုထိ နားမလည်နိုင်သေးဘူး"
"မင်းက လောကကြီးကို ကယ်တင်ဖို့ စိတ်အားထက်သန်နေတဲ့ လူမျိုး မဟုတ်ပါဘူး"
ထန်ထျန်းက ပြုံးလိုက်ပြီး "ဒါဆိုရင် မင်း မှားပြန်ပြီ"
"စောစောကတော့ ဟုတ်ချင်ဟုတ်မယ်"
"ဒါပေမဲ့ အခုတော့ အဲ့ဒီလိုလူ ဖြစ်နေပြီ"
"အနည်းဆုံးတော့ ငါ့ရဲ့ ရည်မှန်းချက်က ရှင်းသွားပြီ၊ အဲ့ဒါက ဒီကမ္ဘာကြီးကို အပြီးသတ် ကယ်တင်ဖို့ပဲ"
သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
သို့သော် ကျွင်းချန်ချင်းက ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါဆိုရင် ငါ ပိုလို့တောင် နားမလည်တော့ဘူး"
"ကောင်းကင်ဝါးမြိုနတ်ဆိုး မရှိဘဲနဲ့ မင်း ဒီရည်မှန်းချက်ကို အောင်မြင်ဖို့ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး"
ထန်ထျန်းက ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
"မင်း တစ်နေ့ သိလာပါလိမ့်မယ်"
ပြောပြီးသည်နှင့် သူက လှည့်ထွက်လာခဲ့ပြီး ဖန်ဆင်းရှင် ကောင်းကင်တိုင်၏ အစွန်းသို့ လျှောက်သွားလိုက်သည်။
ကျွင်းချန်ချင်းနှင့် ဆက်လက် စကားများနေခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။
ကျွင်းချန်ချင်းကလည်း ထန်ထျန်း ထွက်ခွာတော့မည်ကို သိသဖြင့် ပြောလိုက်သည်။ "ငါ မင်းကို ပြန်ပို့ပေးလို့ ရပါတယ်"
" ဘယ်နေရာဖြစ်ဖြစ်ပေါ့"
ထန်ထျန်းက လက်ကာပြလိုက်သည်။
"မလိုဘူး၊ ငါ့ဘာသာငါ သွားမယ်"
ကျွင်းချန်ချင်းက မျက်မှောင်ကြုတ်ကာ "ဒါက ဖန်ဆင်းရှင် ကောင်းကင်တိုင်ပဲ၊ အောက်မှာက ဟင်းလင်းပြင်ထက် ပိုပြီး ကြောက်စရာကောင်းတဲ့ အဆုံးမဲ့ ဖရိုဖရဲ ရှိတာ"
"မင်းရဲ့ ခန္ဓာကိုယ်က အားကောင်းနေသေးလို့ ဟင်းလင်းပြင် မုန်တိုင်းတွေကို ခံနိုင်ရည်ရှိဦးမယ် ဆိုပေမဲ့ ဒီကနေ ဆင်းသွားရင် မင်း ဒီကမ္ဘာကြီးဆီကို ဘယ်တော့မှ ပြန်ရောက်လာမှာ မဟုတ်ဘူး"
ထန်ထျန်းက လှည့်ကြည့်ပြီး နောက်တစ်ကြိမ် ပြုံးပြလိုက်သည်။
"ငါ့ကို ယုံပါ"
"ငါတို့ သေချာပေါက် ထပ်တွေ့ကြဦးမှာပါ"
"မင်းရဲ့ ကတိကို မှတ်ထားပါ"
ပြောပြီးသည်နှင့် သူက ဖန်ဆင်းရှင် ကောင်းကင်တိုင် ထိပ်ဖျားမှ အောက်သို့ ခုန်ချလိုက်လေတော့သည်။
မကြာခင်မှာပင် ထာဝရဟု ထင်ရသော အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
.....
ကမ္ဘာငယ်တစ်ခုထဲတွင်
လုံကျိုကျိုးနှင့် ရှို့ကျွင်းကျိကျွင်း တို့က ကမ္ဘာပြင်ပတွင် ရပ်နေရင်း အဝေးမှ ကမ္ဘာကြီးကို လှမ်းကြည့်ကာ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ကမ္ဘာကြီး၏ မျက်နှာပြင်ပေါ်တွင် အလွန်ကြီးမားသော အက်ကွဲကြောင်းများ ပေါ်ပေါက်နေပြီး အရွယ်အစား အမျိုးမျိုးရှိသော အပိုင်းအစပေါင်း ရာကျော် ကွဲထွက်နေသည်ကို မြင်နေရသည်။
မရေမတွက်နိုင်သော သက်ရှိများမှာ ဤရုတ်တရက် ဆိုက်ရောက်လာသော ကပ်ဘေးကြီးအတွင်း သေဆုံးကုန်ကြပြီ ဖြစ်သည်။
"ဒါက... ဘယ်လို စွမ်းအားမျိုးလဲ..."
ရှို့ကျွင်းကျိကျွင်း က တိုးတိုးလေး ရေရွတ်လိုက်သည်။
လုံကျိုကျိုးက မျက်မှောင်ကြုတ်လျက် မျက်ဝန်းထဲတွင် ခံစားချက်ပေါင်းစုံ ရှုပ်ထွေးနေသည်။
အတော်ကြာပြီးနောက် သူက မျက်စိမှိတ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"စတင်ကြစို့"
"ငါတို့ လုပ်နိုင်သမျှကို လုပ်ကြမယ်"
"ကျွင်းချန်ချင်းနဲ့ ထန်ထျန်းတို့အကြောင်းကိုတော့..."
"မစဉ်းစားနဲ့တော့၊ သူတို့က ငါတို့ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာ မရှိတော့ဘူး"
သူက တိုးတိုးလေး ပြောလိုက်သည်။
ရှို့ကျွင်းက ခေါင်းညိတ်လိုက်သည်။
"ကြည့်ရတာ နှစ်တစ်ထောင်လောက်ပဲ ကျန်တော့ပုံပဲ"
လုံကျိုကျိုးက အင်းဟု ဆိုလိုက်သည်။
"မျှော်လင့်ရတာကတော့ ငါတို့ ဒီကမ္ဘာကြီးအတွက် မျိုးစေ့တွေ ပိုပြီး ချန်ထားနိုင်ဖို့ပါပဲ"
.....
ဂျင်ဂို ကမ္ဘာ
ကုရှောင်းရွှယ်က ဂျင်ဂိုပင် ၏ ထိပ်ဖျားတွင် ရပ်နေသည်။
သူမက ဂျင်ဂိုပင်ကြီးနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ ဖြစ်ရာ ယပ်တောင်ပုံစံ သစ်ရွက်များက သူမ၏ ဘေးပတ်လည်တွင် ဝိုင်းရံလျက် သူမကို ခပ်ဖွဖွ ပွတ်သပ်ရင်း ရင်းနှီးမှုကို ပြသနေကြသည်။
သို့သော် ယခုအချိန်တွင် ကုရှောင်းရွှယ်၏ မျက်နှာတွင် မျက်ရည်များ ပြည့်နှက်နေသည်။
ထန်ထျန်း ထွက်သွားသည့် အချိန်မှစ၍ သူမက ဤနေရာတွင် ရပ်ကာ ထန်ထျန်း ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
သို့သော် နာရီဝက်ခန့်သာ ကြာသေးသော်လည်း သူမက ထန်ထျန်း၏ အငွေ့အသက်ကို ရုတ်တရက် မခံစားရတော့ပေ။
ထန်ထျန်း တည်ရှိခဲ့သော အမှတ်အသားများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ သေဆုံးခြင်းကို ကိုယ်စားပြုနေသည်။
"မဖြစ်နိုင်..."
"မဖြစ်နိုင်ဘူး..."
ကုရှောင်းရွှယ် ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
မျက်ရည်များက သူမ၏ အဝတ်အစားများကို စိုရွှဲစေခဲ့သည်။
ဂျင်ဂိုပင်ကြီးကလည်း သူမ၏ ဝမ်းနည်းမှုကို ဖြေဖျောက်ပေးရန် မူလစွမ်းအား အမြောက်အမြား ထုတ်လွှတ်ပေးနေသော်လည်း အချည်းနှီးပင်။
ထန်ထျန်းက ကုရှောင်းရွှယ်အတွက် တစ်ဦးတည်းသော အရာ ဖြစ်သည်။
သူမက အခြား ဘာကိုမှ မလိုချင်ဘဲ ထန်ထျန်း ရှိနေလျှင်ပင် ပြည့်စုံလှပြီ ဖြစ်သည်။
သို့သော် ယခုမူ ထန်ထျန်း ပျောက်ကွယ်သွားခဲ့ပြီ။
အတော်ကြာပြီးနောက် ကုရှောင်းရွှယ်က ခေါင်းငုံ့ကာ သူမနှင့်အတူ အမြဲပါလာသော 'ထျန်းချန်' ဓားကို ကြည့်လိုက်သည်။
"မဖြစ်နိုင်ဘူး..."
"ရှင့်မှာ ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာ ကျွန်မ မယုံဘူး..."
"ကျွန်မ ရှင့်ကို သေချာပေါက် တွေ့အောင် ရှာမှာပဲ..."
"ဘယ်လိုပဲဖြစ်ဖြစ်..."
"ကျွန်မ ရှင့်ကို သေချာပေါက် တွေ့အောင် ရှာမယ်..."