အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) - စွန့်ပစ်ချောက်ကမ်းပါး (၁)
ကျန်းရှောင်ဖန်းသည် သူတို့နှစ်ဦး အခက်ကြုံနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြေးသွားလိုက်၏။
လူရိုင်းကြီးက ထိုအရာကို သတိပြုမိသွားလေသည်။ သူက ခေါင်းကို လှည့်ကာ ကျန်းရှောင်ဖန်းထံသို့ အနီရောင်အလင်းတန်းတစ်တန်းကို ပစ်လွှတ်လိုက်သည်။
ကျန်းရှောင်ဖန်းအတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။ ချီဟောင်နှင့် ကျန်းရှုရှုတို့ ဘာဖြစ်သွားသည်ကို သူမြင်ခဲ့ရသော်လည်း အံကြိတ်ကာ သူ၏တုတ်ဖြင့် ကာကွယ်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
လေထုထဲတွင် အနီရောင်အလင်းတန်းသည် အစိမ်းရောင်အလင်းဖျော့ဖျော့ တောက်ပနေသော မီးတုတ်ကို ဝင်တိုက်မိသွားသည်။
ကျန်းရှောင်ဖန်းမှာ ပြင်းထန်သောအင်အားကြောင့် သူ၏ခန္ဓာကိုယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသော်လည်း ထိုမျှသာဖြစ်လေသည်။
သူက တုတ်ကို အလျင်အမြန် ကြည့်လိုက်ရာ အမည်းရောင်တုတ်မှာ ပုံမှန်အတိုင်းပင်ရှိနေပြီး အနီရောင်အမှတ်အသား တစ်စုံတစ်ရာမျှ မရှိပေ။
တုတ်က ပုံမှန်အတိုင်း ရုပ်ဆိုးနေဆဲဖြစ်သော်လည်း ယင်းကိုသတိပြုမိလိုက်သောကြောင့် ကျန်းရှောင်ဖန်း ဝမ်းသာသွားပေသည်။ သူက ရှေ့သို့ တစ်လှမ်း အမြန်တိုးလိုက်၏။ မိစ္ဆာဂိုဏ်းသားများမှာ အံ့သြသွားကြလေသည်။
လူရိုင်းကြီးက “ဟမ်” ဟု ရေရွတ်လိုက်ပြီးနောက် ဧရာမအနီရောင်မျက်လုံးကြီးထဲမှ နောက်ထပ် အနီရောင်အလင်းတန်းတစ်ခုကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။
တုတ်ဖြင့် ထပ်မံကာကွယ်လိုက်ရာ အစိမ်းရောင်နှင့် အနီရောင်အလင်းတို့သည် လေထုထဲတွင် ရိုက်ခတ်မိသွားကြသည်။ ခဏအကြာတွင် အနီရောင်အလင်းမှာ ပျောက်ကွယ်သွားလေသည်။
တုတ်မှာ တုန်ခါသွားသော်လည်း အကောင်းပကတိအတိုင်း ရှိနေဆဲပင်။ ထိုအခါမှ ကျန်းရှောင်ဖန်း သက်ပြင်းချနိုင်သွားသည်။
သူ၏တုတ်မှာ ရုပ်ဆိုးလှသော်လည်း အောက်ခြေလူတန်းစားများက အသက်ပြင်းသည်ဟူသော စကားကဲ့သို့ ဤမှော်လက်နက်မှာလည်း ထိုနည်းတူဖြစ်မည်ဟု သူ တွေးလိုက်မိလေသည်။
ဂိုဏ်းတူအစ်ကိုနှစ်ယောက်၏ ဓားများမှာ လှပပြီး မြင့်မြတ်သော်လည်း ဤရုပ်ဆိုးဆိုးတုတ်လောက် ခံနိုင်ရည်မရှိကြပေ။
သူ၏စိတ်ထဲတွင် ထိုသို့သော ရှုပ်ထွေးသည့်အတွေးများ ရှိနေသော်လည်း ခြေလှမ်းများကတော့ ရပ်တန့်မသွားဘဲ လူရိုင်းကြီးထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။
လူရိုင်းကြီး၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးကြီးကြောင့် ထိုသက်သောင့်သက်သာအမူအရာမှာ ရွံရှာဖွယ်ကောင်းနေ၏။
အားအနည်းဆုံးဟုထင်ရသော ကျန်းရှောင်ဖန်းကိုသာ အာရုံစိုက်လိုက်တော့သည်။
သူသည် ချီဟောင်နှင့် ကျန်းရှုရှုတို့ ရှေ့ဆက်မတိုးနိုင်ရန် တစ်ခါတစ်ရံမှသာ အနီရောင်အလင်းတန်းများ ပစ်လွှတ်ကာ တားဆီးပြီး ကျန်းရှောင်ဖန်းထံသို့မူ ဆက်တိုက်ဆိုသလို ပစ်လွှတ်နေလေသည်။
ကျန်းရှောင်ဖန်းမှာ ပင်ပန်းနေပြီဖြစ်သော်လည်း အနက်ရောင်တုတ်မှာမူ အနည်းငယ်မျှ ထိခိုက်ခြင်းမရှိချေ။
အနီရောင်အလင်းတန်း၏ ရုန့်ရင်းကြမ်းတမ်းသောစွမ်းအင်များက ဤလူငယ်လေးအပေါ် သက်ရောက်မှုမရှိသည့်ပုံပင်။ လူတိုင်း၏အကြည့်အောက်တွင် ကျန်းရှောင်ဖန်းက တစ်လှမ်းချင်း တဖြည်းဖြည်း နီးကပ်လာပေသည်။
လူရိုင်းကြီး၏ နဖူးတွင် ချွေးများပျံလာချေပြီ။ သူ နှစ်သုံးရာတိုင်တိုင် ကျင့်ကြံခဲ့သော မိစ္ဆာမျက်လုံးနီသည် တာအိုလမ်းစဉ်မှ အဖိုးတန်မှော်လက်နက်များကိုပင် အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့သော်လည်း သာမန်တုတ်တစ်ချောင်းကို အဘယ်ကြောင့် အရာမထင်ရသနည်းဟု သူ၏စိတ်ထဲတွင် စဉ်းစား၍မရနိုင်အောင် ဖြစ်နေလေသည်။
သို့သော် သူ မည်သို့ သိနိုင်မည်နည်း။ မိစ္ဆာမျက်လုံးနီ၏ စွမ်းအားမှာ အမှန်တကယ်ပင် အားကောင်းလှပြီး ၎င်း၏ ရိုင်းစိုင်းကြမ်းတမ်းသောစွမ်းအင်များဖြင့် ချီဟောင်နှင့် အခြားသူများ၏ဓားများကို ထိုးဖောက်နိုင်ပေသည်။
ထို့နောက် ဓားမှတစ်ဆင့် မိစ္ဆာချီများကို သူတို့၏ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်စေကာ အစကတည်းက သူ့ကို အနိုင်ရစေခဲ့ခြင်းဖြစ်သည်။
သို့သော် ကျန်းရှောင်ဖန်း၏ ရုပ်ဆိုးဆိုးတုတ်မှာ မိစ္ဆာဂိုဏ်း၏ အစွမ်းထက်ဆုံးလက်နက်ဖြစ်သည့် မိစ္ဆာပုတီးစေ့နှင့် ဝါးတောင်ထိပ်နောက်ဘက်ရှိ ရှေးဟောင်းတောင်ကြားမှ အမည်မသိ အနက်ရောင်တုတ်ချောင်းတို့ကို ကျန်းရှောင်ဖန်း၏သွေးဖြင့် ပေါင်းစပ်သွန်းလုပ်ထားခြင်းဖြစ်ပေသည်။
မကောင်းဆိုးဝါးဝိညာဉ်စွမ်းအားချင်း ယှဉ်မည်ဆိုလျှင် အမည်မသိ အမည်းရောင်တုတ်ချောင်းကို ထည့်မတွက်ဘဲ မိစ္ဆာပုတီးစေ့ တစ်ခုတည်းကပင် မိစ္ဆာမျက်လုံးနီထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေသည်။
အဆိုးယုတ်ဆုံးသော လက်နက်နှစ်ခုသည် အချင်းချင်းပေါင်းစပ်ကာ ဟန်ချက်ညီသွားပြီး မိစ္ဆာစွမ်းအင်များကို အတွင်း၌ ဖုံးကွယ်ထားလေသည်။
ကျန်းရှောင်ဖန်း၏ သွေးပါဝင်နေသဖြင့် ကျန်းရှောင်ဖန်းတစ်ယောက်တည်းသာလျှင် ယင်းကို ထိန်းချုပ်အသုံးပြုနိုင်ပေသည်။
ထို့ကြောင့်ပင် ချင်းယွင်ဂိုဏ်းမှ အကြီးအကဲများ မရိပ်မိအောင် ဖုံးကွယ်နိုင်ခဲ့ပြီး ကျန်းရှောင်ဖန်းအား ငရဲတံခါးဝမှ ပြန်လှည့်လာနိုင်စေခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မိစ္ဆာမျက်လုံးနီ၏ အနီရောင်အလင်းတန်းသည် ထိုတုတ်အတွက်တော့ အသုံးမဝင်သည်မှာ သေချာလှသည်။
သို့သော် ကျန်းရှောင်ဖန်းမှာ ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်သေးသည်။ သူ၏လက်ထဲတွင် တန်ဖိုးကြီးမားသော မှော်လက်နက်တစ်ခု ရှိနေကြောင်းကို သူကိုယ်တိုင်ပင် မသိခဲ့ပေ။
အကယ်၍ လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က မိစ္ဆာဂိုဏ်း၏ခေါင်းဆောင်ဟောင်း အကြီးအကဲဟေရှင်းသာ သွေးစုပ်ပုတီးကို ကိုင်ဆောင်ထားမည်ဆိုပါက အနည်းငယ်လွှဲယမ်းလိုက်ရုံဖြင့် ထိုလူကြီးမှာ သွေးများခမ်းခြောက်ကာ အသားများပိန်လှီသွားမည်ဖြစ်ပြီး သူ၏အလောင်းပေါ်တွင် မိစ္ဆာမျက်လုံးနီတစ်ခုသာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။
သို့သော် ဤနေရာရှိ မည်သူကမျှ ထိုသို့သော မယုံကြည်နိုင်ဖွယ်ရာကိစ္စကို တွေးတောနိုင်မည်မဟုတ်ပေ။ လူရိုင်းကြီးက ကျန်းရှောင်ဖန်းကို အာရုံစိုက်ထားသော်လည်း သူ့ထံသို့ ချဉ်းကပ်လာခြင်းကို မတားဆီးနိုင်သေးချေ။
သူ၏ဘေးတွင် အသံတိတ်ရပ်နေသော မကောင်းဆိုးဝါးအငွေ့အသက်နှင့် လူငယ်လေးက ရုတ်တရက် အေးစက်စက်ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ခေါင်းဆောင်နျန်… ခင်ဗျားရဲ့ မိစ္ဆာမျက်လုံးနီက အသုံးမကျတော့တဲ့ပုံပဲ။ ချင်းယွင်ဂိုဏ်းက တပည့်လေးတွေကိုတောင် မနိုင်ဘူးဆိုတော့ ခွေးရိုင်းတာအိုဆရာကို အပြစ်တင်ခဲ့တာ ရှက်စရာပဲ။ ခင်ဗျားရဲ့ ဂိုဏ်းချုပ်နေရာကို ကျုပ်ဆီ လွှဲပေးသင့်ပြီလို့ ထင်တယ်”
လူရိုင်းကြီးနှင့် မိန်းမပျိုလေး၏ မျက်နှာများ ပြောင်းလဲသွားလေသည်။ မိန်းမပျိုလေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“တာအိုရောင်းရင်းလင်းဖုန်း… ဒီမှာ ရန်သူကြီးတွေနဲ့ ရင်ဆိုင်နေရတာကို ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်ရတာလဲ”
လင်းဖုန်းက ချင်းယွင်ဂိုဏ်းသားများနှင့် လုရွှယ်ချီတို့ကို အကဲခတ်ကြည့်လိုက်ပြီးနောက် အေးစက်စက် ရယ်မောလိုက်လေသည်။
“အဲဒီကောင်လေးတွေက ရန်သူကြီးတွေဆိုရင် ကျုပ်တို့ သွေးသန့်စင်ဂိုဏ်းက ဂိုဏ်းကြီးတွေထဲမှာ ဘယ်လိုလုပ် နေရာရနိုင်တော့မလဲ။ အကြီးအကဲဟေရှင်းရဲ့ အရင်က အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်တော့မလဲ”
ခေါင်းဆောင်နျန်က ကျန်းရှောင်ဖန်းထံသို့ နောက်ထပ် အနီရောင်အလင်းတန်းတစ်ခု ပစ်လွှတ်ကာ ခဏတဖြုတ် တားဆီးလိုက်ပြီးနောက် လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အပိုပြောတတ်တာကလွဲရင် မင်း ဘာလုပ်တတ်သေးလို့လဲ။ မင်းကိုယ်တိုင် ဝင်စမ်းကြည့်ပါလား”
လင်းဖုန်း၏ ဖြူရော်နေသောမျက်နှာပေါ်တွင် ယုတ်မာသောအပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်လေသည်။
“ကောင်းပြီလေ။ ခင်ဗျားစကားကို ခင်ဗျား ပြန်ရုပ်သိမ်းသွားအောင် ကျုပ် လုပ်ပြမယ်”
ထို့နောက် သူက ရွှေရောင်ယပ်တောင်တစ်ချောင်းကို ထုတ်ယူကာ သူ့ကိုယ်သူ ယပ်ခပ်လိုက်ပေသည်။
ချင်းယွင်ဂိုဏ်းသားများမှာ သူတို့၏စကားဝိုင်းကို ကြားလိုက်ရသည်။ သူတို့အားလုံးက ထိုမကောင်းဆိုးဝါးအငွေ့အသက်နှင့် လူငယ်လေးကို သတိထားလိုက်ကြသည်။
သို့သော် အချိန်အတော်ကြာသည့်တိုင် သူလုပ်သမျှမှာ ယပ်တောင်ကို အေးအေးဆေးဆေး ခပ်ကာ မည်သည့်အရာမျှမလုပ်ဘဲ ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေခြင်းသာဖြစ်ပေသည်။ သူတို့အားလုံး မှင်သက်သွားကြလေသည်။
လင်းဖုန်းက ကြွားလုံးထုတ်နေခြင်းသာ ဖြစ်နိုင်မည်လော။
ခေါင်းဆောင်နျန်မှာ သူ့ကြောင့် ဒေါသထွက်လွန်း၍ သေမတတ်ဖြစ်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“လင်းဖုန်း… မင်းမှာ အရည်အချင်းမရှိရင် ဘေးဖယ်နေ။ ဒီချင်းယွင်ဂိုဏ်းက ကလေးတွေကို ငါကိုယ်တိုင် ရှင်းမယ်။”
“မင်းက ပေါက်လွတ်ပဲစားစကားတွေ ဝင်ပြောနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိရဲ့လားဆိုတာ ပြန်ကြည့်ပါလား”
လင်းဖုန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ကျုပ်က အစကတည်းက ခင်ဗျားတို့နဲ့ မပေါင်းချင်ဘူး။ မဟုတ်ရင် ဂုဏ်သိက္ခာမဲ့တဲ့ အောင်ပွဲဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ကျုပ်က အရည်အချင်းနည်းနည်းလေးမှ မပြရင် ကျုပ်ကို လိမ်နေတယ်လို့ ခင်ဗျား ထင်နေမှာပေါ့”
ထို့နောက် သူက ရွှေရောင်ယပ်တောင်ကို လေထုထဲသို့ ပစ်တင်လိုက်သည်။ ယပ်တောင်မှ ရွှေရောင်အလင်းများ ဖျော့တော့စွာ တောက်ပလာပြီးနောက် ပွင့်သွားလေသည်။
ရွှေရောင်ယပ်တောင်ပေါ်တွင် တောင်၊ မြစ်နှင့် သိမ်းငှက်ပုံများကို ရေးဆွဲထားလေသည်။
လေများတိုက်ခတ်လာပြီး တိမ်များလွင့်စင်ကာ မိုးခြိမ်းသံများထွက်ပေါ်လာပြီး လျှပ်စီးများ လက်လာလေသည်။
ရှေးဟောင်းဂူထဲတွင် ဤသို့သော ထူးဆန်းသည့်ဖြစ်ရပ်များ မဖြစ်ပေါ်သင့်ပေ။ သို့သော် ယခုမူ သူတို့၏မျက်စိရှေ့တွင် ဤအရာများ ပေါ်ပေါက်လာလေသည်။
ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ယပ်တောင်က အနည်းငယ် တုန်ခါသွားကာ ခဏအကြာတွင် ယပ်တောင်ပေါ်ရှိ တောင်ကြီးက ထွက်ပေါ်လာပေသည်။
ပေတစ်ထောင်ခန့် မြင့်မားသွားပြီး အခန်းတစ်ခုလုံးနီးပါး ပြည့်သွားလေသည်။ ထို့နောက် တောင်ကြီးက ချင်းယွင်ဂိုဏ်းသားလေးယောက်ပေါ်သို့ ပြုတ်ကျလာတော့သည်။
ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွားပြီး မျက်နှာဖြူရော်သွား၏။ သို့သော် ထိုမျှကြီးမားသောအရာကို ခုခံရန် သူ့တွင် စွမ်းအားမရှိချေ။
သူက နောက်သို့ ဆုတ်ပြေးလိုက်လေသည်။ တောင်ကြီးက သူ၏အပေါ်သို့ ကျရောက်တော့မည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ တောင်ကြီး၏အောက်တွင် ရှိနေဆဲပင်။
သူ တစ်ပိုင်းပြတ်ကြေမွတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ဆွဲထုတ်သွားလေသည်။
ကျန်းရှောင်ဖန်း လှည့်ကြည့်လိုက်သောအခါ သူ့ကိုကယ်တင်ခဲ့သူမှာ ချီဟောင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူ၏ရင်ထဲတွင် ခါးသီးသွားသော်လည်း တိုးညင်းစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုချီ”
ကျန်းရှောင်ဖန်း ဘာတွေးနေသည်ကို ချီဟောင်က မည်သို့သိနိုင်မည်နည်း။ သူက လေးနက်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
သူက အနည်းငယ် အနောက်ဘက်သို့ ရောက်နေသဖြင့် ပို၍မြန်မြန် ဆုတ်ခွာနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျန်းရှောင်ဖန်း သူ၏ဘေးတွင် ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ့ကို ဆွဲခေါ်လိုက်ခြင်းဖြစ်၏။
တောင်ကြီး ကျရောက်လာသည်နှင့် တစ်ပြိုင်နက် မြေကြီးနှင့် နံရံများ တုန်ခါသွားပြီး ဂူအမိုးမှ ကျောက်စရစ်ခဲများပင် မိုးရွာသည့်အလား ကျဆင်းလာလေသည်။ ၎င်း၏အင်အားမှာ အံ့မခန်းပင်။
ကျန်းရှုရှုလည်း ပြန်ရောက်လာ၏။ သူ၏မျက်နှာတွင် အံ့သြမှုများ အပြည့်ဖြစ်နေပြီး ပြောလိုက်သည်။
“တောင်တန်းယပ်တောင်ပဲ။ ဒါ ကျဲ့ရှီတောင်က ဖုန်းယွဲ့အဘိုးအိုရဲ့ မှော်လက်နက်လေ။ ဘယ်လိုလုပ် ဒီလူ့လက်ထဲ ရောက်နေရတာလဲ”
သူတို့အားလုံး အံ့သြသွားကြလေသည်။ ကျန်းရှောင်ဖန်းက ဗဟုသုတနည်းသော်လည်း ကျန်းရှုရှုမှာ ဗဟုသုတကြွယ်ဝသူဖြစ်သဖြင့် ဖုန်းယွဲ့အဘိုးအိုသည် အရှေ့ဘက် ကျဲ့ရှီတောင်မှ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိထားပေသည်။
သူသည် ကျင့်ကြံမှုအလွန်မြင့်မားပြီး နာမည်ကျော်ကြားလှ၏။ သူသည် ပုံမှန်အားဖြင့် ကောင်းမှုနှင့်ဆိုးမှုကြားတွင် ကြားနေတတ်သူဖြစ်သည်။ မကောင်းမှုတစ်ခုကိုမျှ မကျူးလွန်ခဲ့ဖူးချေ။
ထို့ကြောင့် လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများကပါ သူ့ကို ဒုက္ခမပေးကြပေ။
သို့သော် ဖုန်းယွဲ့အဘိုးအို၏ မှော်လက်နက်က ထိုမိစ္ဆာဂိုဏ်းသားများအကြားရှိ လူငယ်လေးလက်ထဲတွင် ရောက်နေမည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
သူတို့ ထိတ်လန့်နေဆဲအချိန်တွင်ပင် တောင်ကြီးက အပေါ်သို့ ပြန်တက်လာလေသည်။ ဤမျှကြီးမားသောအရာကို ထိန်းချုပ်ရန် မည်မျှကြီးမားသော မှော်စွမ်းအင်မျိုး လိုအပ်မည်ကို ခန့်မှန်း၍ပင် မရနိုင်ချေ။
သူတို့၏အနောက်ဘက်တွင် ကျောက်နံရံရှိနေ၏။ ထွက်ပြေးစရာလမ်း မရှိတော့ပေ။ ကျောက်ခဲများက မိုးရွာသကဲ့သို့ ကျဆင်းနေသည်။
လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်နေလေသည်။ ချင်းယွင်ဂိုဏ်းသားများမှာ စတင်စိုးရိမ်ပူပန်လာကြသည်။
ချီဟောင်က အံကြိတ်ကာ ရှေ့သို့ထွက်၍ လျူဟယ်ကြေးမုံကိုအသုံးပြုကာ သူတို့ကိုကာကွယ်ရန်နှင့် ဤဧရာမတောင်ကြီးကို ခုခံရန် ပြင်လိုက်သော်လည်း ထိုစဉ် အပြာရောင်ပုံရိပ်တစ်ခု လျှပ်တစ်ပြက်ပေါ်လာပြီး လုရွှယ်ချီသည် သူတို့သုံးယောက်ရှေ့တွင် ရုတ်တရက် ရောက်လာပေသည်။
ရုတ်တရက် အပြာရောင်အလင်းများ တောက်ပလာပြီး နဂါးဟိန်းသံနှင့်အတူ ထျန်းယာဓားကို ဆွဲထုတ်လိုက်လေသည်။ ကြီးမားလှသောစွမ်းအင်များ မြင့်တက်လာလေသည်။
မိုးခြိမ်းသံများက ပိုမိုမြန်ဆန်လာသည်။ တောင်ကြီးက ခုခံမရနိုင်သော အဟုန်ဖြင့် ပြုတ်ကျလာပြီး လူလေးယောက်ကို အသားကြိတ်စက်ထဲရောက်သွားသကဲ့သို့ ကြေမွသွားစေတော့မည်ဖြစ်၏။
လုရွှယ်ချီ၏မျက်နှာမှာ အေးစက်နေပြီး သူမ၏ဆံပင်များက လေမုန်တိုင်းထဲတွင် ကခုန်နေကာ ကောင်းကင်ဘုံ ကိုးထပ်မှ နတ်သမီးတစ်ပါးနှင့် တူနေပေသည်။
ထျန်းယာဓားမှာ အနည်းငယ် တုန်ခါသွားပြီး ပိုင်ရှင်ဖြစ်သူ၏ စိတ်ဆန္ဒကို တုံ့ပြန်လိုက်ကာ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ထိုးတက်သွားပြီး အပြာရောင်အလင်းများက ဂူတစ်ခုလုံးကို တောက်ပသွားစေကာ တောင်ကြီးကို ဝင်တိုက်လိုက်လေသည်။
“ချွမ်…”
သဲများ လွင့်စင်ကာ လေများ တိုက်ခတ်သွား၏။ လူတိုင်း၏မျက်စိရှေ့တွင် ကြီးမားသောလေစီးကြောင်းကြီးက အရပ်မျက်နှာအနှံ့သို့ ပြေးဝင်သွားလေသည်။
လေထုထဲရှိ လုရွှယ်ချီ၏မျက်နှာမှာ ဖြူရော်သွားပေသည်။ တစ်ကိုယ်လုံး နောက်သို့လွင့်စင်သွားပြီး နံရံကို ပြင်းထန်စွာ ဝင်တိုက်မိသွားတော့သည်။
သို့သော် ကြီးမားသော အပြာရောင်အလင်းတိုင်ကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသောကြောင့် တောင်ကြီးမှာ ရပ်တန့်သွား၏။
ထို့နောက် လေထုထဲတွင် အကြိမ်အနည်းငယ် တုန်ခါသွားပေသည်။ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာပြီးနောက် ၎င်းသည် သေးငယ်သွားကာ ဖုန်မုန်တိုင်းထဲတွင် ပျောက်ကွယ်သွားပြီး တောင်တန်းယပ်တောင်ပေါ်တွင် ပြန်လည်ပေါ်လာလေသည်။