အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) - နက်ရှိုင်းသော ချောက်ကမ်းပါးကြီး (၁)
ရှေးဟောင်းဒဏ္ဍာရီများအရ ဤလောကကြီးသည် မူလက အမှောင်အတိ ဖုံးလွှမ်းနေခဲ့၏။
နှစ်ပေါင်းလေးသောင်းရှစ်ထောင် ကြာပြီးနောက်တွင် ပန်ဂုက ကောင်းကင်နှင့် မြေကြီးကို ခွဲခြားလိုက်ကာ တောင်တန်းနှင့် မြစ်ချောင်းများအဖြစ် ဖန်တီးခဲ့လေသည်။
နောက်ထပ် နှစ်ပေါင်းလေးသောင်းရှစ်ထောင် ကြာသောအခါတွင်မှ နွီဝါးက လူသားများကို ဖန်တီးခဲ့ပေသည်။
ဒဏ္ဍာရီများထဲ၌ပင် လောကကြီး၏ ပထမဆုံးသော အလင်းတန်းသည် အနက်ရှိုင်းဆုံးသော အမှောင်ထုထဲမှ မွေးဖွားလာခဲ့သည်ဟု ဆိုကြသည်။
ကျန်းရှောင်ဖန်းသည် တစ်ကိုယ်လုံး ခဲမတတ် အေးစက်နေသည်ကို ခံစားလိုက်ရ၏။ ထိုအအေးဓာတ်မှာ ခန္ဓာကိုယ်၌သာမက နှလုံးသားထဲအထိပါ စိမ့်ဝင်နေကာ သေလုမျောပါး ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
သို့သော် သူသည် မကြောက်ရွံ့ခဲ့ပေ။ အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိဘဲ တစ်ခါဖူးမျှ မကြုံဖူးသည့် မောဟိုက်နွမ်းနယ်မှုကိုသာ ခံစားနေရသည်။
မျက်လုံးကို ဖွင့်ရန်ပင် အားအင်မရှိတော့ချေ။ ခန္ဓာကိုယ်က အစွမ်းကုန် ပင်ပန်းနွမ်းနယ်နေသော်လည်း သူ၏ အသိစိတ်များက တဖြည်းဖြည်း နိုးကြားလာခဲ့သည်။
တစ်စုံတစ်ရာက သူ့ကို ဝန်းရံထားသကဲ့သို့ ခံစားလိုက်ရ၏။ အလွန်နူးညံ့သိမ်မွေ့ကာ ဂရုတစိုက်ရှိသော်လည်း အလွန်ပင် အေးစက်လှပေသည်။
၎င်းက သူ၏ ခန္ဓာကိုယ်မှ အပူဓာတ်ကို တဖြည်းဖြည်း စုပ်ယူနေသလို ရှိသော်လည်း တစ်ဖက်တွင်လည်း ထူးဆန်းသော သက်သောင့်သက်သာရှိမှုကို ပေးစွမ်းနေသဖြင့် သူသည် ဤအတိုင်းသာ အိပ်စက်သွားချင်နေမိတော့သည်။
အကယ်၍ သူ၏ ညာဘက်လက်ထဲမှ ရင်းနှီးလှသော အအေးဓာတ်လေးက မိမိသခင်ကို ကာကွယ်ပေးသည့်အလား ထွက်ပေါ်မလာခဲ့ပါလျှင်၊ သို့မဟုတ် သူ၏ ဘယ်ဘက်လက်ထဲ၌ အေးစက်နူးညံ့သော လက်ကလေးတစ်စုံကို ဆုပ်ကိုင်ထားမိဆဲဖြစ်သည်ကို ရုတ်တရက် မသိလိုက်ပါလျှင် သူသည် အမှန်တကယ်ပင် အိပ်ပျော်သွားမိပေလိမ့်မည်။
ပင်ပန်းနွမ်းနယ်မှုများကြားမှပင် သူသည် မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်သည်။
၎င်းမှာ ထာဝရအမှောင်ထုထဲမှ အလင်းတန်းတစ်ခုပင် ဖြစ်နေသည်။
အတိုင်းအဆမဲ့သော အမှောင်ထုထဲတွင် သူ၏ မျက်စိရှေ့မှောက်၌သာ အလင်းတန်းတစ်ခု ရှိနေသည်။
၎င်းမှာ ထူးဆန်းသော အဖြူရောင်အလင်းတန်းဖြစ်ကာ အမှောင်ထုထဲတွင် လွင့်မျောနေပြီး ကျန်းရှောင်ဖန်းကို ချစ်ရသူအား ပွေ့ဖက်ထားသည့် နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးကဲ့သို့ ဝန်းရံထားလေသည်။
၎င်းမှာ ဝိုးတဝါးနိုင်လှသော အဖြူရောင်မီးခိုးငွေ့တစ်ခုနှင့်လည်း တူလှပေသည်။
၎င်းက ကျန်းရှောင်ဖန်း၏ ဘေးတွင် လှပပြီး ဝမ်းနည်းပူဆွေးနေဟန်ရှိသော မျက်နှာတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပြီးနောက် ထိုလူငယ်လေး၏ နှုတ်ခမ်းကို နမ်းရှိုက်ရန် ပြင်လိုက်တော့သည်။
သူမ၏ နှုတ်ခမ်းများဆီမှ သင်းပျံ့သောရနံ့နှင့် စိတ်လှုပ်ရှားဖွယ်ရာ အထိအတွေ့အချို့ ရနိုင်သော်လည်း ကျန်ရှိနေသည်မှာ အအေးဓာတ်သက်သက်သာ ဖြစ်၏။
လူတစ်ယောက်၏ နှလုံးသားကို ခဲသွားစေနိုင်လောက်သော အအေးဓာတ်မျိုးပင် ဖြစ်ချေသည်။
ဝိညာဉ်ဝါးမျိုတုတ်က ရုတ်တရက် မြင့်တက်လာကာ စိမ်းဖျော့ဖျော့ အလင်းတန်းများက ကျန်းရှောင်ဖန်း၏ ရှေ့တွင် ကာဆီးလိုက်သည်။
အဖြူရောင်အလင်းတန်းထဲမှ လှပသော မျက်နှာပိုင်ရှင်မှာ ဝိညာဉ်ဝါးမျိုတုတ်ကို ကြောက်ရွံ့ပုံရကာ နောက်သို့ လွင့်မျောသွားလေသည်။
ကျန်းရှောင်ဖန်းသည် အံ့အားသင့်စွာဖြင့် ထထိုင်လိုက်ပြီး အော်ဟစ်လိုက်၏။
"သရဲ……"
ရှေးခေတ်လူတို့၏ အယူအဆအရ လူသားတို့သည် မွေးဖွားခြင်း၊ အိုမင်းခြင်းနှင့် သေဆုံးခြင်းတို့ကို ကြုံတွေ့ရသော်လည်း ဝိညာဉ်မှာမူ ပျောက်ကွယ်သွားခြင်းမရှိပေ။
ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီးနောက် လူပြန်ဝင်စားကာ ဘဝသံသရာက ဆက်လက်လည်ပတ်နေမည် ဖြစ်သည်။
သို့သော် လောကကြီးတွင် မိစ္ဆာဝိညာဉ်များလည်း ရှိပေသည်။ လောဘ၊ ဒေါသ၊ မောဟ ဟူသော အဆိပ်သုံးပါးနှင့် ကြောက်ရွံ့ခြင်း၊ ရန်လိုခြင်း၊ ထိတ်လန့်ခြင်း ဟူသော ထိတ်လန့်မှုသုံးပါးတို့ကြောင့် အတိတ်ကို ပြန်လည်တမ်းတကာ လူပြန်ဝင်စားရန် ငြင်းဆန်နေကြသော ဝိညာဉ်များကို ဝိညာဉ်သရဲဟု ခေါ်ဆိုကြလေသည်။
ဝိညာဉ်သရဲများသည် ယင်ဓာတ်ရှိသူများဖြစ်သဖြင့် သဘာဝအတိုင်း စိုစွတ်သော နေရာများကို နှစ်သက်ကြသည်။
စွန့်ပစ်ချောက်ကမ်းပါးသည် မှောင်မိုက်ကာ စိုစွတ်လှသဖြင့် ထိုကဲ့သို့သော ဝိညာဉ်သတ္တဝါများ ရှိနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
သို့သော် ကျန်းရှောင်ဖန်းမှာမူ ထိုအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ငယ်စဉ်က မြက်ဘုရားကျောင်းရွာရှိ လူကြီးများက သရဲတစ္ဆေများအကြောင်း ပြောသည်ကို ကြားဖူးခဲ့သော်လည်း နောက်ပိုင်းတွင် တာ့ကျူးတောင်ထိပ်၌ စုန့်တာ့ရန်းထံမှ ထိုအရာများကို ဝိညာဉ်သရဲဟု ခေါ်ဆိုကြောင်း သိခဲ့ရသည်။
သူသည် ၎င်းတို့ကို အမြဲတစေ ကြောက်ရွံ့ခဲ့ဖူးရာ ယခုအခါတွင်မူ တစ်ကိုယ်လုံး စိမ့်တက်သွားရတော့သည်။
သူ၏ အော်ဟစ်လိုက်သံမှာ အမှောင်ထုထဲသို့ ပဲ့တင်ထပ်သွားသည်။
အမှောင်ထုထဲတွင် သူ၏ အသံမှာ အလွန်ပင် တိုးညင်းလှပေသည်။ ခဏအကြာတွင် အသံမှာ ပဲ့တင်ထပ်ကာ ပြန်လည်ရောက်ရှိလာသည်။
ထိုအော်သံကြောင့်ပင် တစ်စုံတစ်ခုမှာ အံ့အားသင့်သွားပုံရပြီး ပတ်ဝန်းကျင်မှ အမှောင်ထုမှာ တိတ်ဆိတ်စွာပင် လင်းထိန်လာလေသည်။
ကျန်းရှောင်ဖန်းသည် နှလုံးခုန်သံပင် ခေတ္တရပ်တန့်သွားသလို ခံစားလိုက်ရသည်။
သူသည် အသက်ရှူပင် မဝံ့တော့ဘဲ အမှောင်ထုထဲတွင် ထိုဝိညာဉ်သရဲကဲ့သို့ ထူးဆန်းသော အလင်းတန်းများ ပေါ်ထွက်လာသည်ကို စောင့်ကြည့်နေမိသည်။
နေရာအနှံ့မှ အလင်းများ ထွက်ပေါ်လာကာ သူ မျက်မှောင်ကြုတ်၍ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ခေါင်းပေါ်တွင်ပင် အလင်းများ ပေါ်နေသည်ကို မြင်လိုက်ရသည်။
ထူးဆန်းသော အဖြူရောင်အလင်းတန်းများမှာ တလက်လက် တောက်ပနေလေသည်။
မရေမတွက်နိုင်သော ဝိညာဉ်သရဲများသည် ကြာရှည်စွာ အိပ်စက်နေရာမှ နိုးထလာကြပြီ ဖြစ်သည်။
သူတို့သည် နှစ်ပေါင်းရာချီအတွင်း ပထမဆုံးအကြိမ်အဖြစ် လူသားတို့၏ အငွေ့အသက်ကို ခံစားမိသွားကြပြီး ဤနေရာသို့ စုရုံးလာကြခြင်းပင်။
အဖြူရောင်အလင်းတန်းများသည် နူးညံ့သော မီးခိုးငွေ့များကဲ့သို့ ပတ်ဝန်းကျင်၌ လွင့်မျောနေကြ၏။
၎င်းတို့သည် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်စသဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနေကြသည်။ ထိုအချိန်တွင် ကျန်းရှောင်ဖန်း၏ မျက်လုံးထဲ၌ ခံစားချက်တစ်ခုသာ ရှိတော့သည်၊ ၎င်းမှာ အအေးဓာတ်ပင်။
မရေမတွက်နိုင်သော ဝိညာဉ်သရဲများက သူ့ဆီသို့ တစ်ပြိုင်နက်တည်း တိုးဝင်လာသည်ကို တွေးကြည့်မိရုံနှင့်ပင် သူ တုန်လှုပ်သွားရသည်။
သို့သော် ကံကောင်းထောက်မစွာပင် ထိုဝိညာဉ်သရဲများသည် သူ၏ ရှေ့မှ ဝိညာဉ်ဝါးမျိုတုတ်ကို ကြောက်ရွံ့နေကြပုံရသည်။
၎င်းတို့သည် ဝိညာဉ်ဝါးမျိုတုတ်၏ စိမ်းဖျော့ဖျော့ အလင်းတန်းနားသို့ မချဉ်းကပ်ဝံ့ကြချေ။
သို့သော် ကျန်းရှောင်ဖန်း စိတ်မသက်သာနိုင်မီမှာပင် ဝိညာဉ်သရဲအချို့က တစ်စုံတစ်ခုကို သတိပြုမိသွားကြပြီး ကျန်းရှောင်ဖန်း၏ ဘယ်ဘက်သို့ ရွေ့လျားသွားကြသည်။
ကျန်းရှောင်ဖန်း လန့်ဖျပ်သွားကာ မျက်နှာမှာ ဖြူလျော့သွားတော့သည်။ သူ ဆုပ်ကိုင်ထားသော ဘယ်ဘက်လက်မှ နူးညံ့သည့် အထိအတွေ့မှာ တဖြည်းဖြည်း အေးစက်လာနေပြီ ဖြစ်သည်။
သူသည် လုရွှယ်ချီကို အနားသို့ အမြန်ဆွဲယူလိုက်သည်။ ပတ်ဝန်းကျင်မှ အလင်းရောင်ကြောင့် လုရွယ်ချီ၏ မျက်နှာမှာ လုံးဝပင် ဖြူဖျော့နေသည်ကို မြင်လိုက်ရသော်လည်း အသက်ရှူသံမှာမူ ပုံမှန်ရှိနေဆဲပင်။
သူမတွင် ပြင်ပဒဏ်ရာများ ရထားပုံမရချေ။ သူသည် စိတ်သက်သာရာရသွားကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
သူနှင့် လုရွယ်ချီတို့မှာ ရေစပ်တစ်ခု၌ ရောက်ရှိနေကြခြင်း ဖြစ်၏။ မှောင်လွန်းသဖြင့် ရေထု၏ အတိုင်းအဆကို မခန့်မှန်းနိုင်ပေ။
၎င်းမှာ ရေကန်ငယ်တစ်ခု၊ ရေကန်ကြီးတစ်ခု သို့မဟုတ် ဒဏ္ဍာရီလာ မြေအောက်ပင်လယ်ပင် ဖြစ်နိုင်ပေသည်။
ကျန်းရှောင်ဖန်းမှာ ဤအတွေးမျိုး အဘယ်ကြောင့် ဝင်လာသည်ကို မသိသော်လည်း ရေထဲတွင် ရေလှိုင်းများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်ကာ ငြိမ်သက်ခြင်းမရှိသည်ကို ခံစားနေရသည်။
သို့သော် ထိုရေမှာ အရိုးထဲထိအောင် အေးစက်လှပေသည်။
ကျန်းရှောင်ဖန်းသည် ခဲယဉ်းစွာပင် ထရပ်လိုက်ပြီး ထိုနေရာ၌ ဆက်မနေရန် ဆုံးဖြတ်လိုက်သည်။
ဝိညာဉ်သရဲများ၏ သတ်ဖြတ်ခြင်းကို မခံရလျှင်ပင် ဤရေထဲတွင် အအေးမိ၍ သေသွားနိုင်ပေသည်။ သူ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သော်လည်း ဦးခေါင်းမှာ မူးဝေသွားကာ ကိုယ်ဟန်ချက် ပျက်မတတ် ဖြစ်သွားသည်။
အပေါ်၌ ရှိစဉ်က သူ၏ ကျောကုန်းမှာ ယဲ့တောက်ရန်နှင့် လျူကောင်းတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ဒဏ်ရာမှာ မသေးလှပေ။
ထိုအချိန်၌ပင် ဝိညာဉ်ဝါးမျိုတုတ်၏ စိမ်းဖျော့ဖျော့ အလင်းတန်းမှာ မှိန်ဖျော့သွားလေသည်။
ထိုအခိုက်တွင်ပင် မရေမတွက်နိုင်သော ဝိညာဉ်သရဲများ၏ ထူးဆန်းသောအလင်းများမှာ ပိုမိုတောက်ပလာကာ သူတို့၏ မျက်နှာများပေါ်၌ အတောမသတ်နိုင်သော လောဘဇောများ ပေါ်ထွက်လာတော့သည်။
ကျန်းရှောင်ဖန်း ထိတ်လန့်သွားကာ ချက်ချင်းပင် စိတ်ကို စုစည်းလိုက်၏။ ဝိညာဉ်ဝါးမျိုတုတ်၏ အလင်းမှာ ပြန်လည်တောက်ပလာကာ ဝိညာဉ်သရဲများကို ဟန့်တားထားနိုင်ခဲ့သည်။
သူသည် လုရွယ်ချီကို ကုန်းပေါ်သို့ ခဲယဉ်းစွာပင် ဆွဲတင်လိုက်သည်။ အလွန်တိုတောင်းသော အကွာအဝေးမှာပင် သူ့အတွက် အလွန်ရှည်လျားနေသယောင် ရှိပေသည်။
နောက်ဆုံးတွင် သူတို့သည် မာကျောသော မြေပြင်ပေါ်သို့ ရောက်ရှိလာကြ၏။ ကျန်းရှောင်ဖန်းမှာ မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး မောဟိုက်စွာ အသက်ရှူနေမိသည်။
သူတို့ပတ်လည်တွင် မရေမတွက်နိုင်သော ဝိညာဉ်သရဲများသည် ဝိညာဉ်ဝါးမျိုတုတ်၏ စိမ်းဖျော့ဖျော့ အလင်းဝန်းအပြင်ဘက်မှ ဝန်းရံနေကြ၏။
ကျန်းရှောင်ဖန်းသည် လွင့်မျောနေသော အလင်းများကို စိုက်ကြည့်နေမိသည်။ သူ သတိမေ့မသွားမီ နောက်ဆုံးအမှတ်ရချက်ကို ပြန်လည်တွေးတောနေမိ၏။
လုရွယ်ချီက ရောက်လာပြီး သူ၏လက်ကို လှမ်းဆွဲလိုက်သည်ကို မှတ်မိနေသည်။ သူတို့နှစ်ယောက်လုံး အဆုံးမရှိသော အမှောင်ထုထဲသို့ ပြုတ်ကျသွားခဲ့ကြခြင်း ဖြစ်သည်။
သူ သတိမလွတ်မီမှာပင် ကျောက်ဆောင်ပေါ်မှ ရင်းနှီးလှသော ဗုဒ္ဓတရားတော် ရွတ်ဖတ်သံကို ကြားလိုက်ရသလိုလိုပင်။
ဖာရှန်းနှင့် အခြားသူများ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ကျန်းရှောင်ဖန်းက စိတ်ထဲမှ တွေးတောနေမိ၏။
အခြားလူလေးဦး၏ အကူအညီ၊ ထို့အပြင် ချီဟောင်နှင့် ကျန်းရှုရှုတို့၏ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် သူတို့အတွက် ပြဿနာရှိမည် မဟုတ်ပေ။
စီနီယာအစ်ကိုချီသာ ဘာမှမဖြစ်ခဲ့လျှင် စီနီယာအစ်မ လင်းအာလည်း ဝမ်းနည်းရမည် မဟုတ်တော့ပေ။
သို့သော်... သို့သော်... ကျန်းရှောင်ဖန်းက မိမိကိုယ်ကို ပြန်မေးမိ၏။ အကယ်၍ ငါသာ သေသွားခဲ့လျှင် စီနီယာအစ်မ လင်းအာက ဝမ်းနည်းပါ့မလား။
အနည်းငယ်တော့ ပူဆွေးပေလိမ့်မည်။ ဘာပဲပြောပြော သူတို့က နှစ်ပေါင်းများစွာ အတူတူ နေထိုင်လာခဲ့ကြသည် မဟုတ်ပါလား။
သူ သိထားသည်မှာ ထိုမာနကြီးပြီး လှပသော စီနီယာအစ်မမှာ အတွင်းစိတ်၌ နူးညံ့သိမ်မွေ့ပြီး အားငယ်တတ်သူ တစ်ဦးဖြစ်ပေသည်။
အကယ်၍ သူမ၏ ငယ်သူငယ်ချင်း ကွယ်လွန်သွားပြီဟု ကြားရလျှင် သူမ ငိုကြွေးပေလိမ့်မည်။ ဝမ်းနည်းနေပေလိမ့်မည်။
သူ၏ အလောင်းကို ရှာမတွေ့ခဲ့လျှင်တောင် တာ့ကျူးတောင်ထိပ်၌ အမှတ်တရ ဂူသင်္ချိုင်းတစ်ခုတော့ လုပ်ပေးပေလိမ့်မည်။
သို့သော် သူမသည် နောင်အနာဂတ်တွင် ထိုဂူဆီသို့ ဘယ်နှစ်ကြိမ်များ လာရောက်ပါ့မည်နည်း။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူသည်လည်း ဤဝိညာဉ်သရဲများကဲ့သို့ သူမကို တမ်းတကာ လူပြန်မဝင်စားဘဲ ဂူအနားမှာတင် စောင့်ကြိုနေမိမည်လား။
ထိုလူငယ်လေးသည် တိတ်ဆိတ်လှသော အမှောင်ထုထဲတွင် မသိမသာပင် သက်ပြင်းချလိုက်မိတော့သည်။
"အာ..."
သူမက တိုးညင်းစွာ အော်လိုက်ပြီးနောက် တဖြည်းဖြည်း နိုးထလာကာ မျက်လုံးများကို ဖွင့်လိုက်သည်။