အခန်း ၇၄
Vol. 8 Ch. 74
အခန်း (၇၄) - နက်ရှိုင်းသော ချောက်ကမ်းပါးကြီး (၂)
နှစ်ပေါင်းထောင်ချီကြာအောင် ရှေးခေတ်ကတည်းက ရှိခဲ့သော မေးခွန်းတစ်ခု ရှိပေသည်၊ ၎င်းမှာ အကယ်၍ သင်သည် နှစ်ရှည်လများ အိပ်စက်နေရာမှ နိုးထလာလျှင် ပထမဆုံး မြင်တွေ့ချင်သောသူမှာ မည်သူဖြစ်မည်နည်း ဟူ၍ပင်။
သို့သော် လုရွယ်ချီသည် ထိုမိုက်မဲသော မေးခွန်းကို ကြားဖူးခြင်း ရှိ၊ မရှိ မည်သူမျှ မသိနိုင်ပေ။
ထိုအချိန်၌ သူမ၏ မျက်လုံးထဲတွင် ထင်ဟပ်နေသည်မှာ အဖြူရောင်အလင်းတန်းများကြားမှ ကျန်းရှောင်ဖန်း၏ စိုးရိမ်တကြီး ကြည့်နေသော မျက်လုံးများပင် ဖြစ်ချေသည်။
အမှောင်ထုထဲမှ တစ်ခုတည်းသော နွေးထွေးမှုပင် ဖြစ်၏။
ကျန်းရှောင်ဖန်းက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"စီနီယာအစ်မလု နိုးလာပြီလား"
လုရွယ်ချီက ချက်ချင်းပြန်မဖြေဘဲ ခေတ္တမျှ ငိုင်နေပုံရသည်။ သို့သော် မကြာမီမှာပင် သူမသည် မူလအတိုင်း ပြန်ဖြစ်သွားကာ ဇဝေဇဝါဖြစ်နေမှုများမှာ ပုံမှန်အေးစက်သော အမူအရာအဖြစ် ပြောင်းလဲသွားလေသည်။
သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မျက်နှာအမူအရာမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။
"သရဲတွေ…."
ကျန်းရှောင်ဖန်းကဲ့သို့ပင် လုရွယ်ချီက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ကျန်းရှောင်ဖန်းက ခေါင်းညိတ်ပြကာ သူမကို နှစ်သိမ့်လိုက်သည်။
"မှန်တယ် အဲ့တာသရဲတွေ…ဒါပေမဲ့ ကြောက်စရာမလိုပါဘူး။ သူတို့က ကျွန်တော့်ရဲ့ မီးမွှေးတုတ်ကို ကြောက်နေတဲ့ပုံပဲ လောလောဆယ်တော့ ဘာမှမဖြစ်နိုင်ပါဘူး"
လုရွယ်ချီသည်လည်း မရေမတွက်နိုင်သော ဝိညာဉ်သရဲများက သူတို့ကို တိုက်ခိုက်ခြင်းမရှိဘဲ ဝန်းရံနေရုံသာ ရှိသည်ကို သတိပြုမိသွားသည်။
သူတို့သည် ထိုအကျည်းတန်သော အနက်ရောင်တုတ်ကို ကြောက်ရွံ့နေကြပုံရသဖြင့် သူမက မမေးဘဲ မနေနိုင်တော့ပေ။
"မင်းရဲ့ မှော်ရတနာက ဘာလို့ ဒီလောက် စွမ်းရတာလဲ၊ နာမည်က ဘာလဲ"
ကျန်းရှောင်ဖန်း မျက်နှာရဲသွားကာ ပြောလိုက်၏။
"ဒါ... ဒါကို ကျွန်တော်က... မီးမွှေးတုတ်လို့ ခေါ်ပါတယ်။ ပြီးတော့ ဘာလို့ ဒီလောက် စွမ်းနေလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး"
လုရွယ်ချီမှာ ကျန်းရှောင်ဖန်း၏အဖြေကြောင့် ကြောင်သွားရသည်။
"မီးမွှေးတုတ် ဟုတ်လား"
ကျန်းရှောင်ဖန်းသည် မိမိရှေ့မှ မိန်းကလေးကို ကြည့်လိုက်မိရာ ထူးဆန်းသော အဖြူရောင်အလင်းတန်းအောက်တွင် သူမမှာ ဖြူဖျော့နေသော်လည်း ပို၍ပင် လှပနေသယောင် ရှိပေသည်။ သူ ခေါင်းငုံ့လိုက်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်က တာ့ကျူးတောင်ထိပ်မှာ ထမင်းချက်ပေးရတဲ့သူဆိုတော့ ဒါကို မီးမွှေးတုတ်အဖြစ် သုံးတာပါ"
လုရွယ်ချီမှာ ဘာပြောရမှန်းမသိဘဲ ထိုအကျည်းတန်သော အနက်ရောင်တုတ်ကို စိုက်ကြည့်နေမိသည်။ ခဏအကြာတွင် သူမက တိုးညင်းစွာ ပြောလိုက်သည်။
"မီးမွှေးတုတ်တဲ့လား။ ငါကတော့ ငါ့ဆရာရဲ့ သင်ကြားမှုတွေ၊ ကျင့်ကြံခြင်းလမ်းမှာ ခက်ခဲမှုတွေ အများကြီး ကျော်ဖြတ်ခဲ့ရပြီး ထျန်းယာဓားလည်း ရှိနေပါလျက်နဲ့ ဘာလို့ မီးမွှေးတုတ်ကို ရှုံးရတာလဲ"
ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ ရုတ်တရက် ခုန်သွား၏။ လုရွယ်ချီ၏ မျက်နှာမှာ ပိုမိုဖြူဖျော့လာကာ သွေးစက်ပင် မရှိတော့သလို ဖြစ်နေသည်ကို သူ မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ပြောလိုက်မိသည်။
"စီနီယာအစ်မ ဒါပေမဲ့ အဲဒီတုန်းက အစ်မပဲ နိုင်ခဲ့တာလေ။ ကျွန်တော် ကြားတာတော့ ကျွန်တော်နဲ့ တိုက်တုန်းက အားအင်တွေ အများကြီး ကုန်သွားလို့သာ စီနီယာအစ်ကိုချီဟောင်ကို နောက်ဆုံးပွဲမှာ ရှုံးသွားရတာလို့..."
နောက်ပိုင်းတွင် သူ၏ အသံမှာ တိုးသွားကာ တိတ်ဆိတ်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် စီနီယာအစ်မလုက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသဖြင့် သူ ဆက်မပြောရဲတော့ခြင်းပင်။
ထူးဆန်းသော အဖြူရောင်အလင်းတန်းများက သူတို့နှစ်ဦးကို လင်းထိန်စေနေသည်။
လုရွယ်ချီက ခေါင်းပြန်ငုံ့လိုက်ကာ အသက်ပြင်းပြင်းရှူပြီးနောက် မေးလိုက်သည်။
"ငါတို့ ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ"
ကျန်းရှောင်ဖန်းမှာလည်း ဇဝေဇဝါဖြစ်နေမိသဖြင့် ပြောလိုက်သည်။
"ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ကျွန်တော် နိုးလာတော့ ရေစပ်မှာ လဲနေတာပဲ။ ကံကောင်းပြီး ရေထဲကျသွားပြီးတော့ ဒီရေက ကမ်းပေါ်တင်ပေးလိုက်တာ ထင်တယ်"
လုရွယ်ချီက သူ ညွှန်ပြသောဘက်သို့ ကြည့်လိုက်၏။ ဝိညာဉ်သရဲများ၏ အဖြူရောင်အလင်းများကြားတွင် အဝေးမှ ရေထုကို မြင်နေရပေသည်။
ဒီရေလှိုင်းသံ သဲ့သဲ့ကိုလည်း သူမ ကြားနေရ၏။ သူမ၏ အဝတ်အစားများမှာ ခြောက်သွေ့နေပြီ ဖြစ်သော်လည်း အချို့နေရာများတွင် စိုစွတ်နေဆဲဖြစ်ကာ အရိုးထဲထိ အေးစက်နေသည်။
အကယ်၍ ကျန်းရှောင်ဖန်းသာ သူမကို ကုန်းပေါ်သို့ ဆွဲမတင်ခဲ့လျှင် သူမ နိုးမလာမီမှာပင် အေးခဲ၍ သေဆုံးသွားနိုင်သည်မှာ ထင်ရှားလှပေသည်။
"ကျေးဇူးတင်ပါတယ်"
လုက ရုတ်တရက် တိုးညင်းစွာ ပြောလိုက်၏။
ကျန်းရှောင်ဖန်း အံ့အားသင့်သွားကာ လက်ကာပြရင်း ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ မဟုတ်တာ..."
ရုတ်တရက် သူတို့နှစ်ဦးလုံး ကြောင်သွားကြသည်။
သူတို့ကြားမှ လက်များမှာ ယခုအချိန်အထိ မြဲမြံစွာ ဆုပ်ကိုင်ထားမိဆဲ ဖြစ်နေသည်။
၎င်းမှာ နှစ်ပေါင်းများစွာကတည်းက ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်နေခဲ့သကဲ့သို့ မည်သည့်ခံစားချက်မျှ မရှိဘဲ သဘာဝကျနေကာ သူတို့နှစ်ဦးလုံးပင် မေ့လျော့နေခဲ့ကြခြင်းပင်။
လုရွယ်ချီက သူမ၏ လက်ကို ဖြည်းညင်းစွာ ပြန်ရုပ်လိုက်သည်။ ကျန်းရှောင်ဖန်းကလည်း အားနာစွာ ပြုံးပြလိုက်မိသည်။ သူ၏ လက်ကို မည်သည့်နေရာ၌ ထားရမှန်းပင် မသိတော့ပေ။
ခဏအကြာတွင် လုရွယ်ချီက မေးလိုက်သည်။
"မင်း မပြုတ်ကျခင်က နတ်ဆိုးဂိုဏ်းသားတွေရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာ ခံလိုက်ရတယ်မလား။ အခု ဘယ်လိုနေသေးလဲ"
ဤအေးစက်သော အမျိုးသမီးက သူ့ကို အပြစ်မတင်သည်ကို တွေ့ရသဖြင့် ကျန်းရှောင်ဖန်းက အမြန်ပြန်ပြောလိုက်သည်။
"သိပ်တော့ မဆိုးပါဘူး"
လုရွယ်ချီကက မေးလိုက်သည်။
"ဓားပျံစီးနိုင်သေးလား"
ကျန်းရှောင်ဖန်းက သူ၏ စွမ်းအားကို စုစည်းကြည့်ရာ ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုမှာ အပ်နှင့် ထိုးသကဲ့သို့ ရှိနေသဖြင့် ခါးသက်သက် ပြုံးရင်း ခေါင်းခါပြလိုက်သည်။
လုရွယ်ချီက သူ့ကို ကြည့်ကာ ပြောလိုက်၏။
"ငါလည်း မရဘူး။ ငါတို့ ထပြီး အပြင်ထွက်ဖို့ လမ်းရှာရအောင်။ မဟုတ်ရင် ဒီဝိညာဉ်သရဲတွေ ဝိုင်းထားတာနဲ့ပဲ ငါတို့ အားအင်ကုန်ပြီး သေသွားလိမ့်မယ်"
ကျန်းရှောင်ဖန်းက သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့"
လုရွယ်ချီက ထရပ်လိုက်ကာ အကဲခတ်ကြည့်ရာ ပြင်းထန်သော ဒဏ်ရာမရှိသော်လည်း အတွင်းအားများမှာ ဖရိုဖရဲဖြစ်နေပြီး အားနည်းနေသည်ကို တွေ့လိုက်သည်။
၎င်းမှာ မြေပြင်ယပ်တောင်၏ တန်ပြန်သက်ရောက်မှုကြောင့် ဖြစ်နိုင်ပေသည်။
သူမ အစိုးရိမ်ဆုံးဖြစ်သော ထျန်းယာဓားမှာမူ ကျောကုန်းမှ ဓားအိမ်ထဲ၌ ကောင်းမွန်စွာ ရှိနေဆဲ ဖြစ်သည်။
သူမ ကျန်းရှောင်ဖန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူသည် ခဲယဉ်းစွာပင် ထရပ်နေရကာ ဒဏ်ရာများ၏ သက်ရောက်မှုမှာ မသေးလှသည်ကို တွေ့လိုက်ရသည်။
ထို့ပြင် သူမကို ရေထဲမှ ဆွဲထုတ်လာရခြင်းမှာလည်း အားအင်များစွာ ကုန်ခမ်းစေခဲ့ပုံရသည်။
"မင်း ယွီချင်းအဆင့်ရဲ့ ဘယ်လောက်မှာ ရောက်နေပြီလဲ"
လုရွယ်ချီက ရုတ်တရက် မေးလိုက်သည်။
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားကာ ဘာမှပြန်မပြောမိပေ။ လုရွယ်ချီက သူ တမင်မဖြေခြင်းဟု ထင်မှတ်ကာ မျက်နှာလွှဲလိုက်ပြီး ပြောလိုက်သည်။
"မပြောချင်လည်း ရပါတယ်။ ဒါပေမဲ့ ငါ့ဆရာပြောတာတော့ မင်းရဲ့ ကျင့်ကြံမှုက အဆင့် (၄) ပဲ ရှိသေးပြီး ဒီထူးဆန်းတဲ့ ရတနာရဲ့ စွမ်းအားကြောင့်လို့ သိထားတာ။”
“ငါ အဲဒါကို မယုံခဲ့ဘူး။ ဒီနေ့တော့ ငါ့မျက်စိနဲ့တပ်အပ် မြင်လိုက်ရပြီ။ မင်းရဲ့ ကျင့်ကြံမှုကသာ အခြေခံခိုင်မာမှုမရှိရင် အဲဒီနတ်ဆိုးတွေ လက်ချက်နဲ့ သေနေတာ ကြာလှပြီ"
ကျန်းရှောင်ဖန်း ခေါင်းကုတ်လိုက်မိ၏။ သူကိုယ်တိုင်ပင် သူ၏ ကျင့်ကြံမှုအဆင့်ကို သေချာမသိသဖြင့် မည်သို့ ပြန်ပြောရမှန်း မသိချေ။
သို့သော် လုရွယ်ချီ မသိသည်မှာ ကျန်းရှောင်ဖန်းသည် ထိုက်ချိရွှမ်ချင်တာအိုကျင့်စဉ်အရဆိုလျှင် အဆင့် (၄) တွင်သာ ရှိသေးသော်လည်း သူ၏ ခန္ဓာကိုယ်ထဲ၌ ထျန်းယင်ကျောင်းတော်၏ အမြင့်ဆုံးကျင့်စဉ်ဖြစ်သည့် ဗြဟ္မာ့ဉာဏ်တော်ရှိနေခြင်းပင်။
၎င်းမှာ အမှန်တရား၏ သော့ချက်ပင်။
ဗြဟ္မာ့ဉာဏ်တော်ကျင့်စဉ်မှာ တာအိုကျင့်စဉ်ထက် မိမိကိုယ်ကိုယ် နားလည်မှုအပေါ် ပိုမိုအာရုံစိုက်ပေသည်။
ကျန်းရှောင်ဖန်းသည် ဗြဟ္မာ့ဉာဏ်တော်ကို ငါးနှစ်တိုင်တိုင် ကျင့်ကြံခဲ့သဖြင့် အခြေခံမှာ အလွန်ပင်ခိုင်မာလှသည်။
ထို့ကြောင့် တာအိုနှင့် ဗုဒ္ဓကျင့်စဉ်နှစ်ခုလုံးကို နေ့ညမပြတ် ကျင့်ကြံနေသဖြင့် သူ၏ စစ်မှန်သော စွမ်းအားမှာ တူညီသောအဆင့်ရှိ တပည့်များထက် သာလွန်နေခြင်း ဖြစ်ပေသည်။
ထို့ကြောင့်လည်း နတ်ဆိုးဂိုဏ်းသားများ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ခံလိုက်ရသော်လည်း ကျင့်စဉ်နှစ်ခု၏ အကာအကွယ်ကြောင့် ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။
သူတို့ ထရပ်လိုက်သောအခါ ကျန်းရှောင်ဖန်းက ဝိညာဉ်ဝါးမျိုတုတ်ကို လက်ထဲသို့ ပြန်ခေါ်လိုက်၏။ စိမ်းဖျော့ဖျော့ အလင်းတန်းများက သူတို့ကို ဝန်းရံသွားလေသည်။
လုရွယ်ချီက ခေတ္တစဉ်းစားပြီးနောက် ရေနှင့် ဆန့်ကျင်ဘက်အရပ်သို့ ညွှန်ပြလိုက်သည်။ ထိုသူနှစ်ဦးသည် အဆုံးမရှိသော အမှောင်ထုထဲသို့ လျှောက်လှမ်းသွားကြတော့သည်။
ဤခရီးမှာ အဆုံးမရှိသယောင် ရှိပေသည်။ အချိန်အတော်ကြာ လျှောက်လှမ်းပြီးသည့်တိုင် ကျယ်ပြောလှသော မြေပြင်ပေါ်၌သာ ရှိနေဆဲပင်။
စွန့်ပစ်ချောက်ကြီးထဲတွင် အတိုင်းအဆမရှိသော အကျယ်အဝန်းမှလွဲ၍ မည်သည့်သက်ရှိသတ္တဝါမျှ မရှိချေ။
တစ်ခုတည်းသော ရှိနေသောအရာမှာ သူတို့ပတ်လည်၌ တိတ်ဆိတ်စွာ လွင့်မျောနေပြီး သွေးသားရနံ့ကို ဆာလောင်နေကြသော ဝိညာဉ်သရဲများသာ ဖြစ်သည်။
ကျန်းရှောင်ဖန်းနှင့် လုရွယ်ချီတို့မှာ လျှောက်လှမ်းရင်း ပို၍စိုးရိမ်လာကြ၏။ တစ်ချိန်တည်းမှာပင် ယင်ဓာတ်များမှာ ပိုမိုလေးလံလာချေသည်။
ကျန်းရှောင်ဖန်းသည် သူ၏သွေးများ ဆူပွက်လာသလို ခံစားရကာ ဦးခေါင်းမှာ မူးဝေလာတော့သည်။
သူ၏ အခြေခံမှာ ခိုင်မာလှသော်လည်း ကျင့်ကြံမှုမှာ သိပ်မမြင့်သေးသည့်အပြင် ဒဏ်ရာများကြောင့် အတွင်းအားလမ်းကြောင်းများ ထိခိုက်နေခြင်း ဖြစ်ပေသည်။
ခဏအကြာတွင် လုရွယ်ချီက ကျန်းရှောင်ဖန်း တစ်ခုခုဖြစ်နေသည်ကို သတိပြုမိသွားကာ မေးလိုက်သည်။
"ဘယ်လိုနေလို့လဲ"
ကျန်းရှောင်ဖန်းက အတင်းအကြပ် ပြုံးလိုက်ကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ဆက်သွားကြရအောင်"
လုရွယ်ချီက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ ခဏလောက်…"
သူမက "အနားယူရအောင်" ဟု မပြောနိုင်မီမှာပင် ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ ယိုင်လဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ လက်ထဲမှ ဝိညာဉ်ဝါးမျိုတုတ်မှာလည်း အလင်းရောင် မှိန်ဖျော့သွားလေသည်။
လုရွယ်ချီမှာ အံ့အားသင့်သွားကာ သူ့ကို အမြန်လှမ်းတွဲလိုက်သော်လည်း သတိလစ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထိုအချိန်၌ ဂိုဏ်းအတွင်း အတည်ငြိမ်ဆုံးဖြစ်သော သူမပင်လျှင် ထိတ်လန့်သွားရတော့သည်။
ထို့နောက် သူမသည် ပို၍ ကြောက်စရာကောင်းသော မေးခွန်းတစ်ခုကို တွေးမိသွား၏။
ဝိညာဉ်ဝါးမျိုတုတ်က မကာကွယ်ပေးတော့လျှင် မရေမတွက်နိုင်သော ဝိညာဉ်သရဲများကို မည်သည့်အရာက တားဆီးပေးမည်နည်း။
ထိုမေးခွန်းကို တွေးမိသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် မရေမတွက်နိုင်သော ဝိညာဉ်သရဲများသည် အံ့အားသင့်သွားကြပြီးနောက် သူတို့၏ ရှေ့တွင် မည်သည့်အကာအကွယ်မျှမရှိသော သက်ရှိလူသား နှစ်ဦးကို တွေ့ရှိသွားကြတော့သည်။
အမှောင်ထုထဲတွင် မရေမတွက်နိုင်သော အသံများက ရူးသွပ်စွာ ရယ်မောနေကြသကဲ့သို့ ရှိပေသည်။
ဝိညာဉ်သရဲများသည် ဝေဟင်၌ ခေတ္တငြိမ်သက်သွားပြီးနောက် လောဘရမ္မက်ကြီးသော သားရဲများကဲ့သို့ပင် အမှောင်ထုထဲမှ အကူအညီမဲ့နေသော ထိုလူနှစ်ဦးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြတော့သည်။