အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) - ပြန်လည်ဆုံတွေ့ခြင်း (၂)
ကျန်းရှောင်ဖန်းမှာ သစ်ပင်မိစ္ဆာ၏ ဖမ်းဆီးခြင်းကို ခံထားရသည်။ သူ၏ လည်ပင်းမှာ အလွန်နာကျင်နေ၏။
သစ်ပင်မိစ္ဆာသည် ကျေနပ်အားရစွာဖြင့် ကြောက်မက်ဖွယ်ကောင်းသော အသံကို ပြုလိုက်ပြီး သစ်ကိုင်းသည် သူ့ကို သစ်ပင်ပင်စည်ဆီသို့ ဆွဲခေါ်သွားလေသည်။
ထိုအချိန်မှာပင် နောက်ထပ် သစ်ကိုင်းများ ရောက်လာပြီး သူ၏ တစ်ကိုယ်လုံးကို တုပ်နှောင်လိုက်သဖြင့် သူ၏လက်များသာ လှုပ်ရှားနိုင်တော့ပြီး မည်သို့မျှ မခုခံနိုင်တော့ပေ။
ကျန်းရှောင်ဖန်းမှာ အလွန်စိုးရိမ်သွား၏။ သူသည် လုရွှယ်ချီကို ကြည့်လိုက်သောအခါ သူမလည်း အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရသည်။
သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ပို၍ ထိတ်လန့်သွားတော့သည်။ သစ်ပင်ပင်စည်ပေါ်တွင် ကြီးမားသော ပါးစပ်ကြီးတစ်ခု တဖြည်းဖြည်း ပွင့်လာလေသည်။
စူးရှပြီး အပုပ်နံ့သော အနံ့ဆိုးများ ပါးစပ်အတွင်းမှ ထွက်ပေါ်လာသည်။ သစ်ကိုင်းသည် သူ့ကို သစ်ပင်မိစ္ဆာ၏ ပါးစပ်ထဲသို့ ခေါ်ဆောင်သွားနေခြင်း ဖြစ်သည်။
ကျန်းရှောင်ဖန်းမှာ တုန်လှုပ်နေမိ၏။ သူသည် တစ်နေ့တွင် သစ်ပင်တစ်ပင်အတွက် မြေဩဇာ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။ ဤကဲ့သို့ သေရခြင်းမှာ ရွံရှာဖွယ် ကောင်းလှပေသည်။
သို့သော်လည်း ယခုအခါ မြားသည် လေးကြိုးပေါ်တွင် ရောက်နေပြီဖြစ်ရာ သူသည် ပါးစပ်နှင့် ပို၍ ပို၍ နီးကပ်လာလေသည်။
အနံ့ဆိုးမှာလည်း ပို၍ ပြင်းထန်လာ၏။ ကျန်းရှောင်ဖန်း၏ နဖူးပေါ်တွင် ချွေးများမှာ မိုးရေကဲ့သို့ စီးကျနေသည်။
သူသည် ပါးစပ်သို့ ရောက်လုနီးပါး ဖြစ်နေချေပြီ။ သူသည် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ခွန်အားများကို အသုံးပြု၍ သူ၏ခြေထောက်ဖြင့် ပင်စည်ကို တွန်းကန်လိုက်၏။
သို့သော်လည်း ကံမကောင်းစွာဖြင့် သစ်ပင်မိစ္ဆာ၏ ခွန်အားမှာ ပုံမှန်ထက် ပို၍ ကြီးမားလှသည်။
သစ်ကိုင်းများသည် အကြိမ်အနည်းငယ် ဆွဲလိုက်ပြီးနောက် ကျန်းရှောင်ဖန်းမှာ အားကုန်သွားပြီး ပါးစပ်နားသို့ ရောက်သွားတော့သည်။
ပြင်းထန်သော အနံ့ဆိုးမှာ သူ၏မျက်နှာကို ရိုက်ခတ်လာ၏။ ဤသစ်ပင်မိစ္ဆာသည် အသက်ပေါင်း မည်မျှကို သတ်ဖြတ်ခဲ့သည် မသိနိုင်ပေ။
ကျန်းရှောင်ဖန်းသည် နောက်ဆုံးအချိန်တွင် ရုန်းကန်ရင်း သူ၏လက်ကို ဝေ့ယမ်းလိုက်ကာ သူ၏ တစ်ခုတည်းသော လက်နက်ဖြစ်သည့် ဝိညာဉ်ဝါးမျိုတုတ်ကို သစ်ပင်မိစ္ဆာ၏ ပါးစပ်ထဲသို့ ထိုးစိုက်လိုက်လေသည်။
ဝိညာဉ်ဝါးမျိုတုတ်၊ အထူးသဖြင့် အပေါ်ဘက်ရှိ ပုလဲလုံးမှာ ဝိညာဉ်ဆန်သော စိမ်းဖျော့ဖျော့အလင်းများ တောက်ပလာ၏။
မူလက အရောင်မရှိလှသော ဝိညာဉ်ဝါးမျိုတုတ်ကို ကျန်းရှောင်ဖန်းက အသုံးပြု၍ သစ်ပင်မိစ္ဆာကို ရိုက်ခတ်လိုက်သည်။
၎င်းသည် နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ သစ်ပင်မိစ္ဆာ၏ မာကျောသော ပင်စည်ကို ထိုးဖောက်သွားလေသည်။ သစ်ပင်မိစ္ဆာ၏ ခက်လက်များ အားလုံးမှာလည်း ရုတ်တရက် တောင့်တင်းသွားတော့သည်။
ကျန်းရှောင်ဖန်း ကိုယ်တိုင်လည်း အံ့အားသင့်သွား၏။ ထိုအချိန်မှာပင် သူ၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှုတစ်ခု မြင့်တက်လာသည်။
ရင်းနှီးနေသော အေးစက်သည့် ခံစားချက်တစ်ခုက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။
ထို့နောက် လန်းဆန်းစေသော ခွန်အားတစ်ခုသည် ဝိညာဉ်ဝါးမျိုတုတ်မှတစ်ဆင့် ကျန်းရှောင်ဖန်း၏ ကိုယ်ထဲသို့ စီးဝင်လာလေသည်။
၎င်းမှာ ကျန်းရှောင်ဖန်းသည် မိစ္ဆာဂူထဲတွင် ကျန်းလောင်စန်းနှင့် တိုက်ခိုက်ခဲ့စဉ်က အချိန်နှင့် တူလှပေသည်။
ကျန်းရှောင်ဖန်းသည် လေထဲတွင် ငေးကြောင်နေမိ၏။
သူသည် သူ၏ရှေ့တွင် ဖြစ်ပျက်နေသည်ကို ငေးကြည့်နေမိသည်။ ကြောက်မက်ဖွယ်ကောင်းသော သစ်ပင်မိစ္ဆာကြီးသည် အရုပ်ဆိုးလှသော ဝိညာဉ်ဝါးမျိုတုတ်ဖြင့် အထိုးခံရပြီးနောက် ကြီးမားသော ကိုယ်ထည်ကြီးမှာ လျင်မြန်စွာပင် ညှိုးနွမ်းသွားလေသည်။
ခက်လက်များနှင့် အရွက်များ အားလုံးမှာ ရေဓာတ် ကုန်ခမ်းသွားသကဲ့သို့ ခြောက်သွေ့ကာ လိပ်တက်သွားပြီး အရွက်များ ကြွေကျလာ၏။
၎င်း၏ နောက်ဆုံးယဟိန်းဟောက်သံနှင့်အတူ သစ်ပင်ကြီး တစ်ခုလုံး ပြိုလဲသွားတော့သည်။ ထို့နောက် ၎င်း၏ အသက်မှာ ချုပ်ငြိမ်းသွားလေတော့သည်။
ကျန်းရှောင်ဖန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ငေးကြည့်နေမိ၏။
သူသည် သူ၏ စွမ်းအားများကို အသုံးမပြုရသေးသော်လည်း ဝိညာဉ်ဝါးမျိုတုတ်မှ ရရှိလာသော ခွန်အား၏ အကျိုးကျေးဇူးကို သိရှိလိုက်သည်။ ၎င်းသည် သူ၏ ပျက်စီးနေသော ချီလမ်းကြောင်းများကို ပြန်လည် အားဖြည့်ပေးလိုက်လေသည်။
သူသည် သူ၏လက်ထဲရှိ ဝိညာဉ်ဝါးမျိုတုတ်ကို ကြည့်လိုက်ရာ စိမ်းဖျော့ဖျော့အလင်းများ လည်ပတ်နေပြီး စားသောက်ပြီးသွားသော လူတစ်ဦးကဲ့သို့ ကျေနပ်အားရသော အလင်းတန်းကို ထုတ်လွှတ်နေ၏။
အထူးသဖြင့် ဝိညာဉ်ဝါးမျိုတုတ်ပေါ်ရှိ သွေးကြောကဲ့သို့သော အရာများမှာ သွေးကို စုပ်ယူပြီးသွားသကဲ့သို့ နီရဲကာ တောက်ပနေလေသည်။
"ဒေါင်"
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဝါးမျိုတုတ်သည် ကျန်းရှောင်ဖန်း၏ လက်ထဲမှ လျောကျသွားပြီး မြေပြင်ပေါ်သို့ ကျသွား၏။ နှစ်ကြိမ်ခန့် ခုန်သွားပြီးနောက် ရပ်တန့်သွားသည်။
ကျန်းရှောင်ဖန်း၏ လက်ဖဝါးမှ ထွက်သွားပြီးနောက် မည်းနက်နေသော တုတ်ချောင်းမှာ အလင်းများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း အရုပ်ဆိုးလှသော တုတ်မည်းကြီးအဖြစ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ကျန်းရှောင်ဖန်းသည် ပြင်းထန်စွာ အသက်ရှူနေမိ၏။ သူ၏ စိတ်ထဲတွင် 'ဒါက ဘာလဲ၊ ဒါက ဘာလဲ' ဟူသော အသံတစ်ခုသာ ပဲ့တင်ထပ်နေလေသည်။
ထိုအချိန်တွင် လုရွှယ်ချီ၏ အော်ဟစ်သံ ထွက်ပေါ်လာမှသာ ကျန်းရှောင်ဖန်း သတိဝင်လာသည်။
သူ လှည့်ကြည့်လိုက်သောအခါ လုရွှယ်ချီသည် ရေတွက်၍မရသော ဝိညာဉ်များနှင့် ဝက်ခေါင်းသားရဲမိစ္ဆာကြီး၏ တိုက်ခိုက်ခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသည်။
သူမသည် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နောက်သို့ လဲကျသွားပြီး သူမ၏ အဝတ်အစားများမှာ သွေးများဖြင့် စိုရွှဲနေကာ ဤဒဏ်ရာမှာ ပြင်းထန်ပုံရသည်။
ကျန်းရှောင်ဖန်းသည် သူ၏ စိတ်ထဲရှိ အတွေးများကို ဖယ်ထုတ်လိုက်ပြီး ဝိညာဉ်ဝါးမျိုတုတ်ကို ကောက်ယူကာ လုရွှယ်ချီဆီသို့ ပြေးသွားလေသည်။
လေထဲတွင် ဝိညာဉ်ဝါးမျိုတုတ်သည် သူ၏လက်ထဲ၌ ပြုံးနေသကဲ့သို့ ရှိနေ၏။ စိမ်းဖျော့ဖျော့အလင်းများ ထပ်မံတောက်ပလာပြီး သူ၏မျက်နှာကို လင်းထိန်သွားစေသည်။
ကျန်းရှောင်ဖန်း ဖြတ်သွားသော လမ်းတစ်လျှောက်တွင် ဝိညာဉ်များစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရှောင်ဖန်းသည် လုရွှယ်ချီရှိရာသို့ ရောက်ရှိသွားလေသည်။ သို့သော် ဝက်ခေါင်းသားရဲမိစ္ဆာကြီးမှာမူ ဝိညာဉ်ဝါးမျိုတုတ်ကို မကြောက်ရွံ့ဘဲ ဟိန်းဟောက်ကာ တိုက်ခိုက်လိုက်သည်။
ထိုဖိအားအောက်တွင် ကျန်းရှောင်ဖန်းသည် လုရွှယ်ချီအတွက် စိုးရိမ်နေမိသည်။ သူသည် နောက်မဆုတ်ဘဲ ဟိန်းဟောက်လိုက်၏။
သူ မထွက်ခွာမီ စုန့်တာ့ရန် သင်ကြားပေးခဲ့သော အတတ်ပညာကို အသုံးပြုလိုက်သည်။
ဝိညာဉ်ဝါးမျိုတုတ်သည် သူ၏လက်ထဲမှ ထွက်သွားပြီး ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ဝက်ခေါင်းသားရဲမိစ္ဆာကြီးဆီသို့ ပြေးဝင်သွားလေသည်။
ဝက်ခေါင်းသားရဲမိစ္ဆာကြီးသည် ၎င်းမှာ သေးငယ်သော တုတ်မည်းလေးတစ်ခု ဖြစ်သည်ကို မြင်လိုက်ရ၏။
၎င်း၏ ကြီးမားသော လက်သည်းကို ဝေ့ယမ်းကာ ထိုအနှောင့်အယှက်ပေးနေသည့် အရာကို ဖယ်ရှားပစ်ပြီးနောက် မုန်းတီးစရာကောင်းသော်လည်း အရသာရှိလှသော လူနှစ်ဦးကို စားသောက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ၎င်း၏ လက်ဖဝါးကို ဝေ့ယမ်းလိုက်စဉ်မှာပင် တစ်ခုခုက ၎င်း၏ လက်ဖဝါးကို ထိုးဖောက်သွားသည်ကို ခံစားလိုက်ရပြီး တစ်စက္ကန့်အကြာတွင် ရင်ဘတ်ကိုလည်း ထိုးဖောက်သွားပြန်သည်။
ဝက်ခေါင်းသားရဲမိစ္ဆာကြီးမှာ ထိတ်လန့်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ၎င်း၏ လက်ဖဝါးပေါ်တွင် အပေါက်တစ်ခုကို တွေ့လိုက်ရပြီး ရင်ဘတ်တွင်လည်း အပေါက်တစ်ခု ရှိနေလေသည်။
၎င်း၏ တစ်ကိုယ်လုံးမှာ ဝိညာဉ်ဝါးမျိုတုတ်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
"အွတ်..."
ဝက်ခေါင်းသားရဲမိစ္ဆာကြီးသည် ရင်နာစရာကောင်းသော ဟိန်းဟောက်သံကို ပြုလိုက်ပြီး ကိုယ်ခန္ဓာမှာ ယိမ်းယိုင်သွားကာ ပြိုလဲနေသော တိုင်လုံးကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားတော့သည်။
မြေပြင်ပေါ်တွင် အနည်းငယ်မျှ ရုန်းကန်နေပြီးနောက် ၎င်း၏ပါးစပ်မှ သွေးနက်များ စီးကျလာကာ နောက်ဆုံးတွင် လှုပ်ရှားမှု ရပ်တန့်သွားလေသည်။
ကျန်းရှောင်ဖန်းသည် လုရွှယ်ချီကို လှမ်းဖမ်းလိုက်သောအခါ သူမ၏ တစ်ကိုယ်လုံးမှာ အေးစက်နေပြီး သတိမေ့မြောနေသည်ကို တွေ့လိုက်ရသည်။
ဝိညာဉ်ဝါးမျိုတုတ်မှာ နောက်ထပ် အသက်တစ်ခုကို သတ်ဖြတ်ပြီးနောက် စိမ်းဖျော့ဖျော့အလင်းများ တောက်ပကာ ကျန်းရှောင်ဖန်း၏ လက်ထဲသို့ ပြန်ရောက်လာလေသည်။
ကျန်းရှောင်ဖန်းသည် သူ၏ကိုယ်ထဲတွင် ခွန်အားများ ပြန်လည်ပြည့်ဝလာသကဲ့သို့ ခံစားရပြီး သူ၏ ဒဏ်ရာအများစုမှာလည်း သက်သာသွားပြီ ဖြစ်သည်။
သူသည် လုရွှယ်ချီ၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်သောအခါ ပို၍ မြန်ဆန်လာသည်ကို တွေ့ရ၏။ သူသည် ခေါင်းငုံ့ကြည့်လိုက်သောအခါ သူမ၏ ဘယ်ဘက် ပုခုံးပေါ်ရှိ အရေပြားမှာ မည်းနက်နေပြီး အဆိပ်မိနေသည်မှာ ထင်ရှားလှပေသည်။
ကျန်းရှောင်ဖန်းမှာ စိုးရိမ်သွား၏။ မိစ္ဆာနှစ်ကောင် သေဆုံးသွားသော်လည်း ရေတွက်၍မရနိုင်သော ဝိညာဉ်များ ရှိနေသေးသည်။
သို့သော် သူ လှည့်ကြည့်လိုက်သောအခါ ထိုဝိညာဉ်များမှာ ပျောက်ကွယ်သွားပြီး အမှောင်ထုထဲသို့ ပြန်သွားကြသည်ကို တွေ့လိုက်ရသည်။
ကျန်းရှောင်ဖန်းမှာ အံ့သြသွားသော်လည်း ၎င်းမှာ ကောင်းမွန်သောအချက် ဖြစ်သည်။ သူသည် ထိုအကြောင်းကို များများစားစား မစဉ်းစားတော့ဘဲ လုရွှယ်ချီကို အလျင်အမြန် ကုသပေးလိုက်လေသည်။
စင်စစ်အားဖြင့် ကျန်းရှောင်ဖန်းသည် သူ၏ ဝိညာဉ်ဝါးမျိုတုတ်ပေါ်ရှိ သွေးစုပ်ပုလဲကြောင့်ဖြစ်သည်ကို မသိရှိခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာက ဟေရှင်းအဘိုးအိုသည် သွေးစုပ်ပုလဲကို အသုံးပြု၍ လောကကြီးကို ထိတ်လန့်စေခဲ့ပြီး မိစ္ဆာဂူ၏ မြေအောက်ဝင်္ကပါထဲတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့သည်။
ဟေးရှင်းအဘိုးအိုသည် ရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ဤသွေးစုပ်ပုလဲကို ပြုလုပ်စဉ်က များပြားလှသော အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့၏။
ထိုဝိညာဉ်များစွာမှာ စွန့်ပစ်ချောက်နက်ကြီးထဲတွင် စုဝေးနေကြပြီး ပြန်လည်မွေးဖွားခြင်း မရှိနိုင်ကြပေ။
သူတို့အားလုံးမှာ သွေးစုပ်ပုလဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။
ယနေ့တွင် သွေးစုပ်ပုလဲသည် အမည်မသိ တုတ်ချောင်းတစ်ခုနှင့် ပေါင်းစပ်သွားပြီး ပုံသဏ္ဌာန် ပြောင်းလဲသွားကာ စွမ်းအင်များ ဖုံးကွယ်နေသော်လည်း ကျန်းရှောင်ဖန်းက မှော်ပညာကို အသုံးပြုလိုက်သောအခါ သွေးစုပ်ပုလဲ၏သတ်ဖြတ်ခြင်း အငွေ့အသက်များမှာ ပေါ်ထွက်လာလေသည်။
ဝိညာဉ်များသည် ထိုအငွေ့အသက်ကို ကြောက်ရွံ့ကြပြီး ဟေရှင်းအဖိုးအို ပြန်လည်ရှင်သန်လာသည်ဟု ထင်မှတ်ကာ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။
ကျန်းရှောင်ဖန်းသည် လုရွှယ်ချီကို မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်ချလိုက်၏။ ခဏမျှ ဝေခွဲမရဖြစ်နေပြီးနောက် သူမ၏ ဒဏ်ရာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ထာဝရအမှောင်ထုကြီးမှာ တိတ်ဆိတ်သွားပြီး သေခြင်းတရားကဲ့သို့ ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားပုံရသည်။
ကျန်းရှောင်ဖန်းမှာ အနည်းငယ် မူးဝေလာသော်လည်း လုရွှယ်ချီ၏ မျက်နှာပေါ်တွင် အနက်ရောင်အငွေ့အသက်များ မရှိတော့သည်ကို တွေ့ရသဖြင့် စိတ်အေးသွားလေသည်။
သူသည် တိတ်ဆိတ်စွာ ထိုင်နေရင်း သတိမေ့မြောနေသော မိန်းကလေးကို ကာကွယ်ပေးနေလိုက်သည်။
ဝိညာဉ်ဝါးမျိုတုတ်၏ စိမ်းဖျော့ဖျော့ ဝိညာဉ်အလင်းက သူတို့နှစ်ဦးကို လွှမ်းခြုံထားသည်။
အရပ်ရပ်မှာ တိတ်ဆိတ်နေ၏။
တိတ်ဆိတ်လှပေသည်။
ပိုးမွှားများ၏ အသံပင် မကြားရတော့ပေ။ စွန့်ပစ်ချောက်နက်ကြီးထဲတွင် ဝိညာဉ်များနှင့် သားရဲမိစ္ဆာများမှအပ အခြားသော သက်ရှိသတ္တဝါများ မရှိပေ။
သို့သော်လည်း ထိုအချိန်တွင် ကျန်းရှောင်ဖန်းသည် ရုတ်တရက် ခြေသံတစ်ခုကို ကြားလိုက်ရလေသည်။
အမှောင်ထုထဲမှ ခြေသံမှာ ညင်သာပြီး ပြေပြစ်လှသော်လည်း ကျန်းရှောင်ဖန်းအတွက်မူ နွေဦးမိုးကြိုးသံကဲ့သို့ပင်။
သူသည် မတ်တတ်ရပ်လိုက်ပြီး ခြေသံလာရာဘက်သို့ လှည့်ကာ ဝိညာဉ်ဝါးမျိုတုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
အမှောင်ထုထဲတွင် အလင်းရောင်တစ်ခု ရွေ့လျားလာ၏။ ထို့နောက် အလင်းရောင်ထဲတွင် မိန်းကလေးတစ်ဦး ပေါ်လာလေသည်။
သူမသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးသွယ်သွယ်နှင့် လှပသော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားကာ သူမ၏ အသားအရည်မှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေ၏။
အမှောင်ထု၏ ထူးခြားလှပသော အငွေ့အသက်များနှင့်အတူ သူမသည် စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော အလှတရားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ကျန်းရှောင်ဖန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အံ့အားသင့်လွန်းသဖြင့် မည်သည့်စကားမျှ မပြောနိုင်တော့ပေ။
ထိုမိန်းကလေးမှာ သူ ဟဲယန်မြို့ရှိ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့သော အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးပင် ဖြစ်တော့သည်။
မှတ်ချက် ၁။ သားရဲမိစ္ဆာ - မျက်လုံးနီ ဝက်နတ်ဆိုး။ ဝက်ခေါင်း ခွေးကိုယ်ထည်ရှိပြီး အရွယ်အစား ကြီးမားကာ အမွှေးအမျှင်များမှာ မာကျောသော အပ်များနှင့် တူသည်။ အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိပြီး ပုပ်သိုးသောအစာများကို နှစ်သက်ကာ မှောင်မိုက်စိုစွတ်သော နေရာများတွင် နေထိုင်တတ်သည်။
မှတ်ချက် ၂။ သစ်ပင်မိစ္ဆာ - နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော သစ်ပင်ကြီး။ ဒဏ္ဍာရီများအရ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စုပ်ယူထားပြီး ငရဲပြည်၏ စွမ်းအားများကို ရရှိထားသဖြင့် မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ကြီးမားသော သစ်ပင်ပုံသဏ္ဌာန် ရှိပြီး သက်ရှိများကို စားသုံးကာ လွတ်လပ်စွာ လမ်းလျှောက်နိုင်သည်ဟု ဆိုကြသည်။