← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) - မဟူရာမြွေ (၁)

ထိုမိန်းကလေးသည်လည်း ကျန်းရှောင်ဖန်းနှင့် သတိမေ့မြောနေသော လုရွှယ်ချီကို မြင်သွား၏။

ဤမျှနက်ရှိုင်းသောနေရာ၌ အသက်ရှင်နေသော လူသားများ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွားရလေသည်။

ထို့နောက်တွင်မူ သူမသည် ကျန်းရှောင်ဖန်းကို မှတ်မိသွားပုံရသည်။ သူမ၏ မျက်နှာပေါ်တွင် အံ့ဩရိပ်ကလေး တစ်ချက်ဖြတ်ပြေးသွားပြီးနောက် ပြုံးလိုက်မိ၏။

“ကမ္ဘာကြီးက တကယ်ကို ကျဉ်းမြောင်းလွန်းတာပဲ၊ တို့တွေ ပြန်ဆုံကြပြန်ပြီပေါ့”

သူမသည် မှောင်မိုက်နေသော အမှောင်ထုထဲတွင် ပွင့်လန်းနေသည့် လီလီပန်းတစ်ပွင့်ကဲ့သို့ သူတို့အနားသို့ ကျော့ကျော့မော့မော့ လျှောက်လှမ်းလာလေသည်။

ကျန်းရှောင်ဖန်းသည် ထရပ်လိုက်ပြီး လုရွှယ်ချီ၏ ရှေ့တွင် ကာကွယ်ရန် ရပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ နတ်ဆိုးဝိညာဉ်များနှင့် မိစ္ဆာများ နေထိုင်ရာ စွန့်ပစ်ချောက်ကမ်းပါးထဲသို့ လာရောက်နိုင်သောသူသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ချေ။

ထိုမိန်းကလေးငယ် အနားသို့ တိုးလာသောအခါ သူမ၏ ညာဘက်လက်ချောင်းများကြားတွင် အဖြူရောင်ပန်းတစ်ပွင့်ကို ကျန်းရှောင်ဖန်း မြင်လိုက်ရသည်။

ထိုပန်းလေးမှာ မှိန်ပျပျ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သူမ၏ ပတ်ဝန်းကျင်ရှိ မြေပြင်ကို လင်းထိန်စေသည်။ ၎င်းမှာ ရှားပါးမျိုးစိတ်တစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ကျန်းရှောင်ဖန်းမှာ ထိုပန်းကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူသည် ထိုထူးဆန်းသော မိန်းကလေးကို သတိထားနေမိသော်လည်း တိတ်ဆိတ်ခြောက်ကပ်ပြီး မှောင်မိုက်လှသည့် ချောက်နက်ကြီးထဲတွင် သူမကို တွေ့လိုက်ရသည်မှာ သူစိမ်းတရံစာထက် ပို၍ ရင်းနှီးသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

“နေကောင်းရဲ့လား...”

ကျန်းရှောင်ဖန်းသည် နှုတ်ဆက်စကားအချို့ ပြောချင်သော်လည်း နောက်ဆုံးတွင် ထိုစကားတစ်ခွန်းသာ ထွက်လာတော့သည်။

ထိုမိန်းကလေးငယ်သည် သူ့ကို ကြည့်၍ ပြုံးလိုက်ကာ ​မေးလိုက်သည်။

“ချင်းယွင်ဂိုဏ်းက ကျန်းရှောင်ဖန်း မဟုတ်လား။ ရှင့်လိုလူမျိုးက ဘာလို့ ဒီလို သရဲခြောက်တဲ့နေရာကို ရောက်လာတာလဲ။ ဒါက ရှင်တို့လိုလူတွေ လာသင့်တဲ့နေရာ မဟုတ်ဘူးလေ”

ကျန်းရှောင်ဖန်းမှာ လန့်သွားပြီးမေးလိုက်သည်။

“ငါက ချင်းယွင်ဂိုဏ်းကမှန်း မင်း ဘယ်လိုသိတာလဲ”

ထိုမိန်းကလေးငယ်သည် ပြုံးနေသော်လည်း သူ့ကို ပြန်မဖြေပေ။

ကျန်းရှောင်ဖန်းသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဤမိန်းကလေးမှာ သာမန်မဟုတ်ကြောင်း သူ ခံစားမိသည်။ သူ စဉ်းစားနေစဉ်မှာပင် ထိုမိန်းကလေးက ခပ်တိုးတိုး ရယ်မောလိုက်ကာ မေးလိုက်သည်။

“ကျန်းသခင်လေးကို မေးပါရစေဦး... ရှင် ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ‘သွေးသန့်စင်ဂူ’ ကိုများ တွေ့ခဲ့ပြီလား”

ကျန်းရှောင်ဖန်းမှာ ကြောင်သွားကာ ပြန်မေးလိုက်သည်။

“ဘာ... သွေးသန့်စင်ဂူ ဟုတ်လား”

ထိုမိန်းကလေးမှာ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားသော်လည်း အသံမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။

“ကျန်းသခင်လေး.. ရှင်က လူအ တစ်ယောက်လို ဟန်ဆောင်မနေပါနဲ့။ ရှင်တို့လို ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ခေါ်တဲ့လူတွေက သွေးသန့်စင်ဂူထဲက အရာကို မလိုချင်ရင် ဒီလို ညစ်ပတ်မှောင်မိုက်တဲ့ နေရာမျိုးကို ဘာလို့ လာကြမှာလဲ။”

ကျန်းရှောင်ဖန်းမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း သွေးသန့်စင်ဂူဟု ခေါ်သော နေရာတစ်ခု ရှိကြောင်းနှင့် ထိုနေရာတွင် အရေးကြီးသောအရာ တစ်ခုခု ရှိနေနိုင်ကြောင်း နားလည်လိုက်သည်။

သို့သော် သူ၏ ဆရာနှင့် ဂိုဏ်းချုပ်ကြီးတို့မှာ ဤအကြောင်းကို ပြောပြခဲ့ခြင်း မရှိပေ။ သူ စဉ်းစားနေသည်မှာ ဤအကြောင်း မဟုတ်ဘဲ ထိုမိန်းကလေး၏ စကားထဲမှ အဓိပ္ပာယ်ကို ဖြစ်သည်။ သူက လေသံနှိမ့်၍ ပြောလိုက်သည်။

“မင်းက ငါတို့ရဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်ကို အရေခြုံတွေလို့ ပြောတယ်ဆိုတော့... မင်းက ဘယ်သူလဲ။”

မိန်းကလေးသည် သူမ၏ အစိမ်းရောင်အင်္ကျီစကို ခါထုတ်လိုက်ပြီးနောက် လက်ထဲမှ ပန်းလေးဖြင့် လေထဲတွင် လခြမ်းပုံစံ ဝှေ့ယမ်းလိုက်သည်။

အဖြူရောင်အလင်းတန်းမှာ အမှောင်ထုထဲတွင် ခေတ္တမျှ လင်းလက်နေပြီးမှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။

“ကျွန်မလား၊ ရှင်တို့ အမုန်းဆုံးဆိုတဲ့ နတ်ဆိုးလမ်းစဉ်က မိစ္ဆာမတစ်ယောက်ပေါ့”

သူမက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလျက် ဆိုလိုက်၏။

ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ အေးခဲသွားပြီး ရုတ်တရက် စိတ်ပျက်မှုတစ်ခုကို ခံစားလိုက်ရသည်။

သို့သော် ထိုခံစားချက်မှာ ခဏတာမျှသာ ဖြစ်ပြီး သူ့ရင်ထဲ၌ မကျန်ရစ်ခဲ့ပေ။ သူသည် နှာခေါင်းရှုံ့လိုက်ကာ သတိကြီးစွာဖြင့် အသင့်ပြင်လိုက်သည်။

သူ ချင်းယွင်ဂိုဏ်းသို့ ရောက်ကတည်းက နတ်ဆိုးလမ်းစဉ်မှ မိစ္ဆာများသည် လူသားများကို မည်သို့ ဒုက္ခပေးကြောင်း၊ ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေမဲ့ကြောင်းကို အကြီးအကဲများက သွန်သင်ခဲ့ကြသည်။

ချင်းယွင်ဂိုဏ်း၏ စည်းကမ်းမှာ နတ်ဆိုးများနှင့် ပတ်သက်မှုမရှိစေရန် တားမြစ်ထားသည်။ သူတို့မှာ ဘယ်သောအခါမှ မတည့်နိုင်သော ရန်သူများသာ ဖြစ်သည်။

သို့သော် ထိုမိန်းကလေးမှာမူ သူတို့ကို မုန်းတီးနေပုံမရသလို တိုက်ခိုက်လိုသည့် ဆန္ဒလည်း ရှိပုံမရပေ။

သူမ၏ မျက်ဝန်းများသည် ကျန်းရှောင်ဖန်း၏ နောက်ဘက်သို့ ဝေ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ မေးလိုက်သည်။

“ဟို အစ်မကြီး နိုးလာပြီလား”

ကျန်းရှောင်ဖန်း လှည့်ကြည့်လိုက်ရာ လုရွှယ်ချီမှာ အနည်းငယ် လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။ သူမ၏ နှုတ်ခမ်းများ လှုပ်ခတ်နေပြီး မျက်လုံးများမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။

ကျန်းရှောင်ဖန်းမှာ ဝမ်းသာသွားပြီး ဂရုတစိုက်မေးလိုက်သည်။

“မင်း နိုးလာပြီလား”

သို့သော် လုရွှယ်ချီ၏ မျက်နှာပေါ်တွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေပြီး ခက်ခက်ခဲခဲ ပြောလိုက်သည်။

“သတိထား”

ကျန်းရှောင်ဖန်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူ့ပတ်ဝန်းကျင်တွင် ပန်းရနံ့များ ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။

အဖြူရောင်အလင်းတန်း တစ်ချက် လက်သွားပြီးနောက် သူ့မျက်စိရှေ့တွင် အဖြူရောင် ပန်းတစ်ပွင့် ပေါ်လာ၏။

မှောင်မိုက်နေသော ချောက်နက်ကြီး၏ အောက်ခြေတွင် မည်သည့်နေရာမှ ပန်းတစ်ပွင့် ရောက်လာနိုင်ပါသနည်း။

ကျန်းရှောင်ဖန်းမှာ အံ့ဩသွားပြီး နောက်သို့ ဆုတ်လိုက်သည်။ ပန်းလေးမှာ လေထဲတွင် ဝဲပျံနေပြီး သူ့ကို ပြုံးပြနှုတ်ဆက်နေသကဲ့သို့ပင်။ ထိုခဏ၌ပင် ပန်းပွင့်လေးမှာ တစ်စစီ ကွဲထွက်သွားတော့သည်။

သန့်စင်သော အဖြူရောင်ပွင့်ဖတ်လေးများသည် မိစ္ဆာဆန်သော အစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး သူ့ထံသို့ ပြေးဝင်လာလေသည်။

ဤမိန်းကလေးမှာ နတ်ဆိုးလမ်းစဉ်မှ ဖြစ်ကြောင်း မသိထားလျှင်ပင် ဤပန်းပွင့်ကို ကြည့်ခြင်းဖြင့် တစ်ခုခု မှားယွင်းနေသည်ကို သိနိုင်သည်။

ကျန်းရှောင်ဖန်းမှာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသဖြင့် အလန့်တကြား နောက်သို့ ဆုတ်လိုက်သည်။ သူသည် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူ၏ မီးဖိုချောင်သုံးတုတ်တိုကို မြှောက်ကာ ကာကွယ်လိုက်သည်။

ပွင့်ဖတ်အများစုမှာ တုတ်တိုမှ ထွက်ပေါ်လာသော အစိမ်းရောင်အလင်းနှင့် ထိတွေ့ကာ လွင့်စင်သွားသော်လည်း အချို့မှာမူ ဖြတ်ကျော်လာပြီး ကျန်းရှောင်ဖန်းကို ဒဏ်ရာရလုနီးပါး ဖြစ်သွားစေသည်။

ကျန်းရှောင်ဖန်းသည် သူ၏ စိတ်ထဲမှနေ၍ နတ်ဆိုးမိစ္ဆာများ၏ ကောက်ကျစ်မှုကို ကျိန်ဆဲလိုက်မိ၏။

သူ၏ ဆရာ၊ ဆရာကတော်နှင့် ဂိုဏ်းတူအစ်ကိုများ ပြောခဲ့သည့် စကားများသည် လုံးဝ မမှားပေ။ သို့သော် သူ နောက်လှည့်ကြည့်လိုက်သောအခါ မိန်းကလေးမှာ လုရွှယ်ချီထံသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။

ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွားသည်။ လုရွှယ်ချီမှာ ပြင်းထန်သော ဒဏ်ရာများ ရထားသဖြင့် ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။

သူကိုယ်တိုင်မှာလည်း သူမနှင့် အနည်းငယ် ဝေးကွာနေသည်။ သူသည် လျင်မြန်စွာ လက်ကို ဝှေ့ယမ်းလိုက်ပြီး တုတ်တိုကို စေခိုင်းကာ အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးထံသို့ ပစ်လွှတ်လိုက်၏။

လေခွင်းသံကို ကြားလိုက်ရသဖြင့် အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးသည် ပြုံးလိုက်ကာ သူမ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။

လျှပ်စီးလက်သကဲ့သို့ပင် ပွင့်ဖတ်များအားလုံးသည် နောက်သို့ ပြန်လည်ပျံသန်းလာပြီး ပန်းပွင့်တစ်ခုအဖြစ် ပြန်လည်စုစည်းသွားသည်။

ပန်းလေးမှာ မှိန်ပျပျ အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး ရှေ့သို့ တိုးလာသည်။ အဖြူရောင်အလင်းသည် တုတ်တို၏ အစိမ်းရောင်အလင်းနှင့် ထိတွေ့သွား၏။

၎င်းတို့သည် လေထဲတွင် တစ်ခုနှင့်တစ်ခု အားပြိုင်နေကြပြီး ခဏအကြာတွင် နှစ်ဖက်စလုံး အနိုင်မရဘဲ အသီးသီးသော ပိုင်ရှင်များထံသို့ ပြန်လည်ပျံသန်းသွားကြသည်။

အမှောင်ထုထဲတွင် ရုတ်တရက် အံ့ဩသွားသည့် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာလေသည်။။

ဤအခွင့်အရေးကို အသုံးချကာ ကျန်းရှောင်ဖန်းသည် တုတ်တိုကို ဖမ်းယူလိုက်ပြီး လုရွှယ်ချီ၏ အနားသို့ လျင်မြန်စွာ သွားလိုက်ကာ သူမရှေ့တွင် မားမားမတ်မတ် ရပ်လိုက်သည်။

ထိုနတ်ဆိုးမကို မည်သည့်လှည့်ကွက်မှ ထပ်မံအသုံးမပြုနိုင်စေရန် သူ ကာကွယ်လိုက်ခြင်းပင်။

သို့သော် ထိုကောက်ကျစ်သောမိစ္ဆာမမှာ ရုတ်တရက် ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မတိုးတော့ဘဲ ကျန်းရှောင်ဖန်းကို လုရွှယ်ချီအနားသို့ ပြန်သွားခွင့် ပေးလိုက်၏။ သူမသည် အံ့ဩသော မျက်ဝန်းများဖြင့် ကျန်းရှောင်ဖန်းကို ကြည့်နေသည်။

သူမသည် မူလက သူမလက်ထဲရှိ ရှန်ရှင်းဟွာမှာ ကျန်းရှောင်ဖန်းကို တားဆီးရန် လုံလောက်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ရှန်ရှင်းဟွာမှာ တုတ်တိုနှင့် လေထဲတွင် အားပြိုင်မိသောအခါ မူလက တုတ်တိုမှတစ်ဆင့် ကျန်းရှောင်ဖန်းကို ပန်းရနံ့ဖြင့် ထုံထိုင်းသွားစေရန် ရည်ရွယ်ခဲ့သော်လည်း ပန်းရနံ့မှာ တားဆီးခံလိုက်ရရုံသာမက သူမထံသို့ အနည်းငယ် ပြန်လည်ရိုက်ခတ်လာသဖြင့် သူမ အံ့ဩသွားရခြင်း ဖြစ်ပေသည်။

ကျန်းရှောင်ဖန်းသည် လုရွှယ်ချီ၏ ရှေ့တွင် ရပ်ကာ သူမကို ထူပေးလိုက်ပြီး ခပ်တိုးတိုး မေးလိုက်၏။

“အဆင်ပြေရဲ့လား…ဂိုဏ်းတူအမ”

လုရွှယ်ချီက ခေါင်းယမ်းပြလိုက်၏။ ကျန်းရှောင်ဖန်း စိတ်အေးသွားပြီးနောက် ခေါင်းကို လှည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

“အရှက်မရှိတဲ့ မိစ္ဆာမ၊ လူတွေကို နောက်ကွယ်ကနေ တိုက်ခိုက်ဖို့ပဲ သိတယ်ပေါ့”

ထိုမိန်းကလေး၏ မျက်နှာပေါ်မှ အံ့ဩရိပ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသများ အစားထိုးဝင်ရောက်လာ၏။ သူမက နှာခေါင်းရှုံ့လိုက်ကာ ​ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုရင်လည်း မိစ္ဆာတစ်ယောက်ရဲ့ စွမ်းအားကို ရှင့်ကို ပြရသေးတာပေါ့”

သူမ စကားပြောနေစဉ်မှာပင် တိုက်ခိုက်ရန် ပြင်လိုက်၏။ ကျန်းရှောင်ဖန်းသည်လည်း လျင်မြန်စွာ သတိထားလိုက်သည်။

သို့သော် လုရွှယ်ချီမှာ သူ့ကို အားပြုကာ မောပန်းစွာ မှီထားရသဖြင့် သူမမှာ ပြင်းထန်သော ဒဏ်ရာရထားကြောင်း ထင်ရှားနေပြီး အဆိပ်ကြောင့်လည်း ဖြစ်နိုင်ပေသည်။

သူ၏ရှေ့မှ နတ်ဆိုးမမှာ ခန့်မှန်းရခက်လှသဖြင့် တိုက်ပွဲဖြစ်ပွားပါက လုရွယ်ချီကို ကူညီရန် ခက်ခဲပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ဤလောကရှိ အဖြစ်အပျက်များသည် လူတို့ အလိုရှိသကဲ့သို့ အမြဲတမ်း ဖြစ်မလာတတ်ပေ။

ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေစဉ် အခြေအနေမှာ ပို၍ ဆိုးရွားလာသည်ကို သူ တွေ့လိုက်ရသည်။

အမှောင်ထုထဲတွင် အခြားသော အလင်းတန်းတစ်ခု ပေါ်လာပြန်သည်။ သို့သော် ဤအလင်းမှာ အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေး၏ အလင်းနှင့် မတူပေ။

၎င်းမှာ တောက်ပနေသော်လည်း အရောင်မှာ မှောင်မိုက်နေ၏။ အနက်ရောင်အလင်းတန်းဟုပင် ထင်မှတ်ရပေသည်။

ထိုအလင်းထဲတွင် နတ်ဆိုးတစ်ပိုင်း ပုံသဏ္ဌာန် တစ်ဦးသည် သူတို့ထံသို့ လျှောက်လာပြီး အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေး၏ ဘေးတွင် ရပ်လိုက်သည်။

သူမမှာ အရပ်ရှည်သော အမျိုးသမီး တစ်ဦးဖြစ်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ပါးလျသော မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။ သူမမှာ ထိုနေ့က ရှန်းဟိုင်ယွမ်တွင် ထိုမိန်းကလေးနှင့်အတူ ရှိနေခဲ့သောသူပင်

ထို့နောက်တွင်မူ ကျန်းရှောင်ဖန်း၏ အံ့ဩနေသော မျက်ဝန်းများရှေ့၌ အမှောင်ထုထဲတွင် အလင်းတန်း အများအပြား ထပ်မံ တောက်ပလာသည်။ အဝါရောင်ဝတ်စုံဝတ်ထားသော လူငါးဦး ပေါ်လာလေသည်။

သူတို့မှာလည်း ရှန်းဟိုင်ယွမ်တွင် ထိုမိန်းကလေး၏ နောက်လိုက်များအဖြစ် မြင်တွေ့ခဲ့ရသူများပင် ဖြစ်သည်။ ယခုမူ သူတို့ အားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီ။

ကျန်းရှောင်ဖန်းမှာ လည်ချောင်းများ ခြောက်သွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤမျှ များပြားလှသော လူများ၏ အကြည့်အောက်တွင် သူ၏ ခန္ဓာကိုယ်မှာ မသိလိုက်ဘဲ တုန်ရင်လာမိသည်။

ထိုခဏ၌ လုရွှယ်ချီ၏ တိုးညှင်းပြီး အားနည်းလှသော အသံကို သူ ကြားလိုက်ရ၏။

All Chapters