အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) - မဟူရာမြွေ (၂)
“မင်း အမြန်ပြေးတော့။ ဒီလူတွေရဲ့ ကျင့်စဉ်က မင်းနဲ့ ငါ့ထက် မနိမ့်ဘူး၊ သူတို့ကို မယှဉ်နိုင်ဘူး”
ကျန်းရှောင်ဖန်း လှည့်ကြည့်လိုက်သောအခါ ဖြူဖျော့နေသော်လည်း လှပလှသည့် မျက်နှာလေးမှာ စိုးရိမ်ထိတ်လန့်မှု တစ်စုံတစ်ရာ မရှိဘဲ လက်တွေ့ကျသော စကားများကိုသာ ပြောနေသည်ကို တွေ့လိုက်ရသည်။
ကျန်းရှောင်ဖန်းမှာ ကြောင်သွားပြီးနောက် ခေါင်းယမ်းလိုက်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ထူးဆန်းလှသော နတ်ဆိုးလမ်းစဉ် နောက်လိုက်များကို ရင်ဆိုင်လိုက်သည်။
“ပိယောင်…သတိထားဦး”
ယိုကျီကသည် သူတို့နှစ်ဦးကို ကြည့်လိုက်ပြီးနောက် ကျန်းရှောင်ဖန်း၏ လက်ထဲရှိ တုတ်တိုပေါ်တွင် အကြည့်ရပ်သွားကာ တိုးတိုးလေး ဆိုလိုက်သည်။
“ဒီတုတ်တိုက နည်းနည်း ထူးဆန်းနေတယ်”
ပိယောင်က မေးလိုက်သည်။
“အဒေါ်ယိုကျီ၊ ဘာကို သတိထားမိလို့လဲ။”
အဒေါ်ယိုကျီဟု ခေါ်သော မျက်နှာဖုံးစွပ် အမျိုးသမီးကြီးသည် မျက်နှာဖုံးကြောင့် မည်သည့်အမူအရာမှ မပြသော်လည်း သူမ၏ စကားထဲတွင် ဇဝေဇဝါ ဖြစ်နေမှုများ ပါဝင်နေသည်။
“ဒါက... အဲ့ဒီ မိစ္ဆာစွမ်းအင်နဲ့ အရမ်းတူနေသလိုပဲ။ ဒါပေမဲ့ တရားသောလမ်းစဉ်က လူတစ်ယောက်မှာ ဒီလိုအရာမျိုး ဘယ်လိုရှိနေတာလဲ”
“ သူတို့က ရတနာကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိကြဘူးလေ။ ပြီးတော့ အဲ့ဒီ တုတ်တိုကကော ဘာကြီးလဲ”
ပိယောင်က နှာခေါင်းရှုံ့လိုက်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူမ၏ နောက်ကွယ်ရှိ အဝါရောင်ဝတ် လူများလည်း ရှေ့သို့ တိုးလာကြသည်။
ကျန်းရှောင်ဖန်းမှာ အခြေအနေ မဟန်သည်ကို သိလိုက်၏။ သူ တိုက်ခိုက်ချင်သော်လည်း စွမ်းအားချင်း ကွာခြားလွန်းလှသဖြင့် လုရွှယ်ချီကို ဖေးကူလျက် နောက်သို့သာ ဆုတ်လိုက်ရတော့သည်။
“အဲ့ဒီအရာက ဘယ်လောက် စွမ်းသလဲဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်”
မျက်နှာဖုံးစွပ် အမျိုးသမီးကြီးမှာ ပြင်းထန်သော နတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေ၏။
သူမ၏ ခန္ဓာကိုယ်မှာ အမှောင်ထုထဲတွင် လွင့်မျောလျက် ပိယောင်၏ နောက်သို့ ဝိညာဉ်တစ်ခုကဲ့သို့ လိုက်ပါလာသည်။ သူမသည် သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။
“ဒီကောင်လေးရဲ့ တုတ်တိုက အရမ်းကိုပြင်းထန်တဲ့ မိစ္ဆာစွမ်းအားတွေ ရှိနေတယ်၊ မင်း ခံစားမိလား…”
ပိယောင်သည် စိုးရိမ်နေသော ကျန်းရှောင်ဖန်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
မျက်နှာဖုံးစွပ် အမျိုးသမီးကြီး ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီတုတ်တိုရဲ့ မိစ္ဆာစွမ်းအားက အကုန်အစင် ထွက်မလာသေးဘူး၊ တစ်ခုခုနဲ့ ချိတ်ပိတ်ခံထားရသလိုပဲ။”
“ငါ့အထင်တော့ ဒီတုတ်တိုက ငါတို့ဂိုဏ်းနဲ့ ပတ်သက်မှု ရှိနေနိုင်တယ်။ ဒီကောင်လေးရဲ့ အထောက်အထားက သံသယဖြစ်စရာပဲ။ မင်း တစ်ခုခုမလုပ်ခင် သေချာစဉ်းစားဦး”
ပိယောင်က မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။
“အဒေါ်ယိုကျီ… ဘာလုပ်စေချင်တာလဲ”
မျက်နှာဖုံးစွပ် အမျိုးသမီးကြီး၏ လေသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပြောလိုက်သည်။
“သူတို့ကို ဖမ်းပြီး မင်းအဖေဆီ ခေါ်သွားရအောင်။ ဂိုဏ်းချုပ်ကြီးက ဒီလောကကြီးရဲ့ အကြောင်းအရာအားလုံးကို သိတယ်၊ အဲ့ဒါက ဘာလဲဆိုတာ သူသိမှာပဲ”
ပိယောင် ခေတ္တစဉ်းစားပြီးနောက် ဆိုလိုက်သည်။
“အဲ့ဒါလည်း ကောင်းတာပဲ”
သူတို့ စကားပြောနေစဉ်မှာပင် ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာကြသည်။ သူတို့၏ ညွှန်ကြားချက်မရှိဘဲ ဘေးနားရှိ အဝါရောင်ဝတ် လူများမှာ တိုက်ခိုက်ခြင်း မရှိပေ။
သူတို့သည် စကားပြောရင်း အတန်ငယ် ဝေးကွာသော အကွာအဝေးအထိ လျှောက်လာခဲ့ကြသည်။
ကျန်းရှောင်ဖန်းသည် လုရွှယ်ချီကို မတွဲထားရင်း သူ၏ နှလုံးသားမှာ ပို၍ စိုးရိမ်လာမိ၏။ ထိုစဉ် သူ၏ နားထဲသို့ ရေသံများ ကြားလိုက်ရသည်။ သူတို့သည် မူလက စတင်ခဲ့သော ကမ်းခြေသို့ ပြန်ရောက်လာပုံရပေသည်။
ပိယောင်မှာ အံ့ဩသွားပြီးနောက် မျက်နှာဖုံးစွပ် အမျိုးသမီးကြီးဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အဒေါ်ယိုကျီ ဒါက ဂရုဏာမဲ့ပင်လယ်မလား။”
မျက်နှာဖုံးစွပ် အမျိုးသမီးကြီးမှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ရုတ်တရက် သက်ပြင်းချကာ ဖြေလိုက်သည်။
“စွဲလမ်းခြင်းဆိုတာ သံယောဇဉ်မဲ့တဲ့ နာကျင်မှုတွေအတွက်ပါပဲ။ ဟုတ်တယ်… ဒါက ပင်လယ်ငါးစင်းထဲမှာ အထူးဆန်းဆုံးဖြစ်တဲ့ ဂရုဏာမဲ့ပင်လယ်ပဲ။”
“အာ…”
ပိယောင်မှာ ငယ်ရွယ်သေးသဖြင့် မျက်နှာဖုံးစွပ် အမျိုးသမီးကြီး၏ စကားထဲမှ ဝမ်းနည်းရိပ်များကို သတိမထားမိပေ။ သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကျွန်မ ငယ်ငယ်တည်းက အဖေ ပြောတာ ကြားဖူးတယ်၊ ဂရုဏာမဲ့ပင်လယ်ရဲ့ အောက်ခြေမှာ ငရဲကိုးပါးပင်လယ် ရှိတယ်တဲ့”
“နောက်ပြီးသူက ပြောသေးတယ် သွေးသန့်စင်ဂူက ချောက်နက်ကြီးရဲ့ အောက်က ဂရုဏာမဲ့ပင်လယ် အနီးအနားမှာ ရှိတယ်ဆိုပဲ။ တို့တွေ ဒီသုံးရက်ပတ်လုံး ရှာနေတာ အခုမှပဲ တကယ်တွေ့တော့မယ် ထင်တယ်။”
သို့သော် မျက်နှာဖုံးစွပ် အမျိုးသမီးကြီးမှာ တိတ်ဆိတ်သွားပြီး ဘာမှပြန်မပြောတော့ပေ။
ပိယောင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ဂရုမစိုက်တော့ပေ။ သူမက ခေါင်းလှည့်ကာ ပြောလိုက်၏။
“ကဲ…ရှင်တို့ကို အရင်ဆုံး ဖမ်းလိုက်မယ်၊ ပြီးမှ သွေးသန့်စင်ဂူကို ရှာတာပေါ့”
သူမသည် လက်ကို ဝှေ့ယမ်းလိုက်၏။ အဝါရောင်ဝတ် လူငါးဦးမှာ ရှေ့သို့ တိုးလာပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ကျန်းရှောင်ဖန်း၏ နောက်ကွယ်တွင် မှောင်မိုက်ပြီး အဆုံးမရှိသော ဂရုဏာမဲ့ပင်လယ်ကြီး ရှိနေ၏။ သူ၏ ရှေ့တွင်မူ နတ်ဆိုးလမ်းစဉ် နောက်လိုက်များက ဝိုင်းရံထားသည်။
ရှေ့တိုးရန်လည်း မဖြစ်နိုင်၊ နောက်ဆုတ်ရန်လည်း လမ်းမရှိပေ။ သူတို့မှာ လမ်းပိတ်နေလေပြီ။
လုရွှယ်ချီသည် သူမ၏ နောက်ကွယ်ရှိ ဂရုဏာမဲ့ပင်လယ်မှ တိုက်ခတ်လာသော အေးစက်လှသည့် လေညင်းကို ခံစားလိုက်ရ၏။
သူမကိုယ်တိုင်မှာလည်း အားအင်ကုန်ခမ်းနေပြီး အနည်းငယ်မူးဝေကာ ပျို့အန်ချင်သလို ဖြစ်နေသည်။ ၎င်းမှာ အဆိပ်ကြောင့် ဖြစ်နိုင်ပေသည်။
အများကြီး စဉ်းစားနေရန် မလိုပေ၊ ကျန်းရှောင်ဖန်းသာ သူမကို ကာကွယ်ရန် ဤနေရာ၌ ဆက်နေပါက သူတို့နှစ်ဦးလုံး သေကြရမည်ကို သိသည်။
သူမသည် ခေါင်းလှည့်ကာ ကျန်းရှောင်ဖန်းကို ကြည့်လိုက်၏။ ထိုလူငယ်လေးမှာ စိုးရိမ်ထိတ်လန့်နေပြီး ကြွက်သားများ တင်းမာနေကာ သူမကို တွဲထားသည့် လက်မောင်းမှာလည်း စိုးရိမ်စိတ်ကြောင့် အားများလွန်းနေသည်။
သူ၏ မျက်ဝန်းထဲတွင်ပင် အသက်ရှင်လိုသည့် ဆန္ဒနှင့် သေခြင်းတရားကို ကြောက်ရွံ့မှုများ ရှိနေ၏။
သို့သော်လည်း၊ သူသည် နောက်ဆုတ်သွားမည့် အရိပ်အယောင် လုံးဝမရှိပေ။
“ဂျူနီယာကျန်း...”
သူမက ခပ်တိုးတိုး ခေါ်လိုက်၏။
ကျန်းရှောင်ဖန်း ကြားလိုက်ရသဖြင့် သူ၏ ပခုံးများမှာ လှုပ်ခတ်သွားပြီး ခေါင်းလှည့်ကြည့်တော့မည့်အလား ဖြစ်သွားသည်။ သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် သူ သူမကို လှည့်မကြည့်ပေ။
“စီနီယာအစ်မလု... စင်မြင့်ပေါ်မှာတုန်းကရော၊ မကြာသေးခင်ကရော မင်း ငါ့ကို ကယ်ခဲ့တာ။ ငါ... ငါ မထွက်သွားနိုင်ဘူး”
ကျန်းရှောင်ဖန်းမှာ ခန့်ညားထည်ဝါသော စကားအချို့ ပြောချင်သော်လည်း စကားပြောလိုက်သည့်အခါ ထိုအတွေးများ ပျောက်ကွယ်သွားပြီး “မထွက်သွားနိုင်ဘူး” ဆိုသည့် စကားနှင့်သာ အဆုံးသတ်လိုက်ရ၏။
လုရွှယ်ချီ ဘာမှ ပြန်မပြောပေ။
ကျန်းရှောင်ဖန်းမှာ ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွား၏။ ငါ့စကားတွေက သူမကို စိတ်အနှောင့်အယှက် ဖြစ်သွားစေတာလား။
အကြောင်းပြချက် တစ်ခုခုကြောင့် သူသည် လုရွှယ်ချီကို ပထမဆုံး မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ ဤအေးစက်လှသည့် အမျိုးသမီးကို ကြောက်ရွံ့နေမိသည်။
ဂရုဏာမဲ့ပင်လယ်မှ တိုက်ခတ်လာသော အေးစက်သောလေသည် တိတ်ဆိတ်နေသော အမျိုးသမီး၏ ဆံနွယ်များကို တိုက်ခတ်သွားပြီး ကျန်းရှောင်ဖန်း၏ မျက်နှာကို ခပ်ဖွဖွ လာရောက်ထိတွေ့လေသည်။
ဂရုဏာမဲ့ပင်လယ်၏ ရေပြင်မှာ ရုတ်တရက် ပြင်းထန်လာ၏။
အမှောင်ထုကြီးမှာ တစ်စုံတစ်ဦး၏ သက်ပြင်းချသံကဲ့သို့ ဖြစ်နေသည်။ လေတိုက်သံမှာလည်း ဂရုဏာမဲ့ပင်လယ်ကြီး၏ အရုပ်ဆိုးလှသော နှုတ်ခမ်းတွန့်သံ လောကကြီးကို လှောင်ပြောင်နေသယောင် ရှိနေသည်။
ပိယောင်မှာ ပြုံးလိုက်ကာ အဝါရောင်ဝတ် လူငါးဦးကို ဦးဆောင်လျက် သူတို့ကို ဝိုင်းရံလိုက်သည်။
ကျန်းရှောင်ဖန်းသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ သူ၏ ခြေထောက်မှာ အေးစက်လှသော ပင်လယ်ရေထဲသို့ ကျသွားသည်ကိုသာ ခံစားလိုက်ရသည်။
ထိုခဏ၌ ဂရုဏာမဲ့ပင်လယ်ကြီးမှာ တစ်ဖြည်းဖြည်း ပို၍ လှိုင်းထန်လာပြီး ရုတ်တရက် ကြီးမားသော လှိုင်းလုံးကြီး တစ်လုံး ရိုက်ခတ်လာသည်။
လှိုင်းသံမှာ နားကွဲမတတ် ကျယ်လောင်လှပြီး ပေသုံးဆယ်ခန့် မြင့်မားလှသည်။ ကုန်းပေါ်ရှိ လူအားလုံးမှာ ထိတ်လန့်သွားကြပြီး မနည်း ရပ်တည်နေကြရသည်။
နောက်ဘက်တွင် ရပ်နေသော မျက်နှာဖုံးစွပ် အမျိုးသမီးကြီးက လျင်မြန်စွာ အော်ပြောလိုက်၏။
“ပိယောင်…နောက်ဆုတ်တော့”
ပိယောင် အံ့ဩသွားသည်။ အဒေါ်ယိုကျီသည် အတွေ့အကြုံများပြီး ဗဟုသုတ ကြွယ်ဝသူဖြစ်ကြောင်း သူမ သိထားသည်။
သူမ၏ အဖေပင်လျှင် သူမကို လေးစားရသည်။ သူမသည် မတွန့်ဆုတ်ဘဲ လျင်မြန်စွာ နောက်သို့ ဆုတ်လိုက်၏။
သူမ လှုပ်ရှားလိုက်သည်နှင့် အဝါရောင်ဝတ် လူငါးဦးလည်း သူမနောက်မှ လိုက်ပါသွားကြသည်။
ပင်လယ်နှင့် အနီးဆုံးတွင် ရှိနေသော ကျန်းရှောင်ဖန်းနှင့် လုရွှယ်ချီတို့သာလျှင် ကြိုတင်ပြင်ဆင်မှုမရှိသဖြင့် ကြီးမားသော လှိုင်းလုံးကြီး၏ ရိုက်ခတ်မှုကို ခံလိုက်ရ၏။
သူတို့၏ ခန္ဓာကိုယ်များမှာ ရွဲရွဲစိုသွားပြီး အရိုးထဲအထိ စိမ့်ဝင်သွားသော အအေးဒဏ်မှာ ခံရခက်လှသည်။
ထို့နောက် လူတိုင်းသည် ပြောင်းလဲလာသော ဂရုဏာမဲ့ပင်လယ်ကို ကြည့်လိုက်ကြ၏။
မှောင်မိုက်နေသော ပင်လယ်ပြင်ထက်တွင် အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသော မီးအိမ်ကြီး နှစ်လုံးမှာ ဖြည်းဖြည်းချင်း ပို၍ တောက်ပလာသည်။
သို့သော် ထိုမီးအိမ်များမှာ ထူးဆန်းလှ၏။ ၎င်းတို့သည် သာမန်စက်ဝိုင်းပုံစံ မဟုတ်ဘဲ ဒေါင်လိုက် ပါးလျသော ပုံစံမျိုးဖြစ်သည်။
၎င်းတို့ကြားတွင် မှောင်မိုက်ပြီး ပါးလျသော အပေါက်နှစ်ခု ရှိနေကာ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေလေသည်။
“အဲ့ဒီအကောင်ပဲ...”
မျက်နှာဖုံးစွပ် အမျိုးသမီးကြီးက တုန်ရင်စွာ ဆိုလိုက်၏။
“အဲ့ဒီ တိရစ္ဆာန်ကြီးက အခုထိ မသေသေးဘူးပဲ။”
ပိယောင်က အံ့ဩတကြီး မေးလိုက်၏။
“တိရစ္ဆာန်လား။ အဒေါ်ယိုကျီ၊ ဒါက ဘာကြီးလဲ။”
မျက်နှာဖုံးစွပ် အမျိုးသမီးကြီးသည် လှိုင်းထန်နေသော ပင်လယ်ပြင်ပေါ်မှ သူတို့ထံသို့ တဖြည်းဖြည်း နီးကပ်လာသော အလင်းတန်းနှစ်ခုကို ကြည့်လိုက်ရာ သူမ၏ အသံတွင် ကြောက်ရွံ့မှုများ ပါဝင်နေသည်။
“ဒါက... မဟူရာမြွေနက်ကြီးပဲ။”
ပိယောင်မှာ ထိတ်လန့်သွားပြီး မယုံကြည်နိုင်သကဲ့သို့ မေးလိုက်၏။
“အဲ့ဒီ မိစ္ဆာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အနောက်ဘက် ရွှံ့နွံအိုင်ကြီးက မြင့်မြတ်တဲ့သားရဲ ရွှေငှက်ရဲ့ သတ်ခြင်းကို ခံလိုက်ရပြီ မဟုတ်ဘူးလား။”
မျက်နှာဖုံးစွပ် အမျိုးသမီးကြီးက လောကြီးစွာဖြင့် ပြောလိုက်၏။
“သတင်းကတော့ အဲ့ဒီလိုပဲ၊ ဒါပေမဲ့ ဒီနေ့ ဒီမှာ ပေါ်လာနေပြီ။ ငါလည်း မသိတော့ဘူး ပိယောင်။ အဲ့ဒီ မဟူရာမြွေနက်ကြီးက ရှေးဟောင်းမိစ္ဆာကြီးပဲ။”
“အရမ်းအန္တရာယ်များတယ်။ သူ့ရဲ့ သဘာဝရန်သူ ရွှေငှက်ကလွဲရင် ဘာကမှ သူ့ကို မသတ်နိုင်ဘူး။ တို့တွေ ပြေးမှဖြစ်မယ်။”
ပိယောင်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးမှ ရုတ်တရက် လှည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဟိုကောင်လေးက..”
မျက်နှာဖုံးစွပ် အမျိုးသမီးကြီးက ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။
“အခု အဲ့ဒါတွေကို ဂရုစိုက်မနေနဲ့တော့ မြန်မြန်သွားရအောင်။”
ပိယောင်မှာ တွန့်ဆုတ်နေဆဲပင်။ သို့သော် ပင်လယ်နှင့် ကပ်လျက် ရပ်နေဆဲဖြစ်သော ကျန်းရှောင်ဖန်းနှင့် လုရွှယ်ချီတို့မှာမူ မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက် အသက်ရှူရန်ပင် မေ့သွားကြရ၏။
သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လူနှစ်ယောက်စာခန့် မြင့်မားသော မီးအိမ်ကြီး နှစ်လုံးမှာ ကြီးမားလှသော မျက်လုံးတစ်စုံ ဖြစ်နေသည်။
ကျန်းရှောင်ဖန်းသည် သွေးစုပ်ဂူထဲသို့ ရောက်ရှိလာကတည်းက ကြီးမားပြီး ထူးဆန်းသော မျက်လုံးများကို ဆက်တိုက် မြင်တွေ့ခဲ့ရသည်။
နတ်ဆိုးမျက်လုံးမှသည် ဝက်ခေါင်းနတ်ဆိုး၏ မျက်လုံးများအထိ ဖြစ်သော်လည်း ဤမျက်လုံးတစ်စုံနှင့်မူ မနှိုင်းယှဉ်နိုင်ပေ။ ၎င်းမှာ စကြဝဠာကြီးရှေ့မှ မုန်ညင်းစေ့လေး တစ်စေ့ကဲ့သို့ပင်။
ပင်လယ်လေသည် ငန်ကျိကျိ မဟုတ်ဘဲ သွေးနံ့များဖြင့် ဖုံးလွှမ်းနေ၏။
ဧရာမ မြွေနက်ကြီးမှာ သူတို့ရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။ ၎င်း၏ အောက်ပိုင်းမှာ ပင်လယ်ရေထဲတွင် နစ်မြုပ်နေသည်။
ဤနေရာရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဤမြွေကြီး၏ ကိုယ်ထည်တစ်ဝက်ခန့်ပင် မရှိကြပေ။ ကိုယ်ထည်အပေါ်ပိုင်းနှင့် ဦးခေါင်းမှာ မြေပြင်မှ ပေသုံးဆယ်ကျော် မြင့်မားနေပြီ ဖြစ်သည်။
မြွေမျက်လုံးများသည် အစိမ်းရောင်အလင်းများ တောက်ပနေ၏။ ထိုခဏ၌ ၎င်းသည် ၎င်းအတွက် ပုရွက်ဆိတ်များကဲ့သို့ သေးငယ်လှသော လူသားများကို စိုက်ကြည့်နေလေသည်။
ဤလောကတွင် ဤမျှကြီးမားသော သတ္တဝါ ရှိနိုင်လိမ့်မည်ဟု ကျန်းရှောင်ဖန်း တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ချင်းယွင်ဂိုဏ်း၏ ဝိညာဉ်သားရဲရေချီလင်မှာ လောကတွင် အကြီးဆုံးဟု သူ ထင်မှတ်ခဲ့သည်။ သို့သော် ယခု မဟူရာမြွေနက်ကြီးနှင့် နှိုင်းယှဉ်လိုက်ပါက ရေချီလင်၏ အရွယ်အစားမှာ ခွေးပေါက်လေး တစ်ကောင်နှင့် မခြားတော့ပေ။
သူသာမက လုရွှယ်ချီနှင့် နတ်ဆိုးလမ်းစဉ်မှ ပိယောင်တို့ပါ ဤမျှ ကြီးမားလှသော သားရဲကြီးကို တစ်ခါမျှ မမြင်ဖူးကြပေ။ သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်လျက် စကားပင် မပြောနိုင်ကြတော့ပေ။
(မှတ်ချက် ၁) ရှေးဟောင်းစာပေများအရ မဟူရာမြွေနက်ကြီးသည် ကိုယ်ထည် အမည်းရောင်၊ ဝမ်းဗိုက် အဖြူရောင်နှင့် မျက်လုံး အစိမ်းရောင်ရှိသော ဧရာမမြွေကြီးဖြစ်သည်။ အနံ ပေလေးဆယ်နှင့် အလျား ပေတစ်ထောင်ခန့် ရှိသည်။ နတ်ဆေးလုံးများကို စားသုံးမိသဖြင့် နှစ်ပေါင်းသောင်းချီ အသက်ရှည်နေသူ ဖြစ်သည်။ အနောက်ဘက် ရွှံ့နွံအိုင်ကြီးတွင် နေထိုင်ပြီး ပင်လယ်ထဲတွင်လည်း နေထိုင်တတ်သည်ဟု ကောလာဟလများ ရှိသည်။ ၎င်း၏ သဘာဝရန်သူမှာရွှေငှက်ဖြစ်သည်။