အခန်း ၇၉
Vol. 8 Ch. 79
အခန်း (၇၉) - နောက်ဆုံးလမ်း (၁)
ဂရုဏာမဲ့ပင်လယ်၏ လှိုင်းတံပိုးတို့မှာ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း လူတိုင်း၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုတို့မှာမူ လျော့ပါးသွားခြင်း မရှိသေးပေ။
မဟူရာမြွေ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ရှေးဟောင်းခေတ်မှ မိစ္ဆာကြီးတစ်ကောင်ကဲ့သို့ သူတို့ရှေ့တွင် ရှိနေလေသည်။
ထိုဧရာမသတ္တဝါကြီးမှာ ခေါင်းကို အနည်းငယ်လှုပ်ယမ်းလိုက်၏။ ချောက်နက်ကြီး၏ အောက်ခြေတွင် အသက်ရှင်နေသော လူသားများ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားပုံ ရပေသည်။
၎င်းက သူတို့အား စိုက်ကြည့်နေသော်လည်း တစ်စုံတစ်ရာ လှုပ်ရှားခြင်း မရှိသေးချေ။
အမြဲတည်ငြိမ်တတ်သော လုရွှယ်ချီက ပထမဆုံး သတိပြန်ဝင်လာသူ ဖြစ်လေသည်။ သူမသည် ခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်းမှာ မဟူရာမြွေကို ကြောင်ကြည့်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။
သူမက ကျန်းရှောင်ဖန်း၏ အင်္ကျီလက်ကို ဆွဲလိုက်လေသည်။ ကျန်းရှောင်ဖန်းမှာ တုန်ခါသွားပြီးမှ ခေါင်းလှည့်ကြည့်လာ၏။ လုရွှယ်ချီက တိုးတိုးလေး ပြောလိုက်သည်။
"တို့တွေ အရင်နောက်ဆုတ်ကြရအောင်"
ကျန်းရှောင်ဖန်းက ချက်ချင်းပင် သဘောပေါက်သွားပြီး ခေါင်းငြိမ့်ပြကာ လုရွှယ်ချီကို တွဲ၍ နောက်သို့ ဆုတ်လိုက်၏။
ယိုကျီ၏ ဘေးတွင် ရှိနေသော ပိယောင်သည် သူတို့ လှုပ်ရှားသွားသည်ကို မြင်သောအခါ အော်ပြောလိုက်လေသည်။
"မလှုပ်နဲ့"
ကျန်းရှောင်ဖန်းနှင့် လုရွှယ်ချီတို့မှာ လန့်ဖြန့်သွားကြ၏။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟူရာမြွေ၏ မျက်လုံးထဲမှ စိမ်းဖန့်ဖန့်အလင်းတန်းများ တောက်ပလာပြီး ကောင်းကင်တုန်ဟည်းမတတ် ဟိန်းဟောက်လိုက်လေသည်။
လူတိုင်းနားကို ပိတ်ထားကြသော်လည်း နားထဲတွင် မြည်ဟည်းနေဆဲ ဖြစ်ပေသည်။
ကျန်းရှောင်ဖန်း ထိတ်လန့်နေတုန်းမှာပင် မဟူရာမြွေ၏ ကိုယ်လုံးက လှုပ်ရှားသွားပြီး ရေထဲတွင်ရှိနေသော အမြီးဖြင့် ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပေလေးဆယ်ခန့် မြင့်မားပြီး ပေရာချီ ကျယ်ဝန်းသော ရေတံတိုင်းကြီးမှာ သူတို့အပေါ်သို့ အရှိန်အဟုန်ဖြင့် ကျလာလေသည်။
ထိုရေလှိုင်းများကြားတွင် မြွေကြီး၏ အမြီးကြီးမှာလည်း သူတို့ထံသို့ ရိုက်ခတ်လာ၏။
ရေလှိုင်းကြီးများ မရောက်လာသေးခင်မှာပင် လေပြင်းများက သူတို့၏ မျက်နှာကို ရိုက်ခတ်လာသဖြင့် လဲကျမတတ် ဖြစ်သွားလေသည်။
အကယ်၍ ရေတံတိုင်းနှင့် အမြီးကြီးသာ တိုက်ရိုက်ထိမှန်သွားပါက သူတို့မှာ အပိုင်းပိုင်းပြတ်သွား ပေလိမ့်မည်။
ကျန်းရှောင်ဖန်းသည် အခြားအရာများကို စဉ်းစားမနေတော့ဘဲ ညာဘက်လက်ဖြင့် လုရွှယ်ချီကို ပွေ့ချီကာ ဝိညာဉ်ဝါးမျိုတုတ်ကို ဆင့်ခေါ်၍ နောက်သို့ အစွမ်းကုန် ပျံသန်းလိုက်လေသည်။
သို့သော် ရေတံတိုင်းကြီးမှာ လေကဲ့သို့ပိုမိုမြန်ဆန်နေပေသည်။
ကျန်းရှောင်ဖန်းမှာ ဆယ်ပေခန့်သို့ မရောက်သေးမီ ရေတံတိုင်းကြီးက မှီလာပြီး နံဘေးနားသို့ ရောက်ရှိလာ၏။
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး အခြားမည်သည့်အတွေးမှ မဝင်နိုင်တော့ချေ။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းရှောင်ဖန်းသည် မာန်သွင်းကာ အပေါ်သို့ ပျံတက်လိုက်သည်။
သို့သော် မြေပြင်မှ ဆယ်ပေခန့်သာ မြင့်သေးချိန်တွင် ရေလှိုင်းများက သူ့ကို ဝန်းရံသွားလေတော့သည်။
"ဝုန်း"
သူသည် ဧရာမလှိုင်းလုံးကြီးထဲသို့ မရှောင်သာဘဲ ပါသွားကာ တစ်ကိုယ်လုံး စိုရွှဲသွား၏။ ထို့နောက် လုရွှယ်ချီ၏ အော်သံကို ကြားလိုက်ရပြီး လက်ထဲမှ လွတ်ထွက်သွားလေသည်။
မတွန်းလှန်နိုင်သော အင်အားကြီးကြောင့် သူနှင့် လုရွှယ်ချီမှာ ကွဲကွာသွားရလေသည်။
ကျန်းရှောင်ဖန်းမှာ ထိတ်လန့်ကာ မျက်နှာပျက်သွား၏။ သူသည် လုရွှယ်ချီရှိရာသို့ ရောက်အောင် ကြိုးစားသော်လည်း အင်အားကြီးမားလှသော လှိုင်းလုံးများကြောင့် ခဏချင်းမှာပင် သူတို့နှစ်ဦးမှာ အတော်လေး ဝေးကွာသွားကြသည်။
ပြင်းထန်သော လှိုင်းလုံးကြီးများကြားတွင် သူ့ဘေး၌ ရှိနေသော လုရွှယ်ချီမှာ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေသည်။
ကျန်းရှောင်ဖန်းမှာ တုန်လှုပ်သွားပြီး ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးသွားကာ ခန္ဓာကိုယ်မှာလည်း လှိုင်းလုံးကြီးများ၏ တွန်းထုတ်မှုကြောင့် ရှေ့သို့ မျောပါသွားလေသည်။
ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ ပြင်းထန်သော ဖိအားကြောင့် ပြတ်ထွက်တော့မတတ် ခံစားနေရချိန်တွင် သူသည် ရေလှိုင်းများကြားမှ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အနက်ရောင်အရိပ်တစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရသည်။
မဟူရာမြွေ၏ ဧရာမအမြီးကြီးမှာ သူ့ထံသို့ ရိုက်ခတ်လာခြင်း ဖြစ်ပေသည်။
အမြီးကြီး ဖြတ်သွားသည့် နေရာတိုင်းတွင် ရေမှုန်ရေမွှားများနှင့် ကျောက်တုံးများမှာ လွင့်စင်ကုန်၏။
ထိုအရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် ကျန်းရှောင်ဖန်းသာ ဤဧရာမအမြီးကြီးနှင့် ထိမှန်ပါက အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ဤစိုးရိမ်ရသော အချိန်တွင် ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်ထဲမှ အင်အားများမှာ တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်သည်။
ရေထဲတွင် စိမ်းဖန့်ဖန့်အလင်းတန်းများ ပြန်လည်တောက်ပလာပြီး ကျန်းရှောင်ဖန်းကို ဝန်းရံလိုက်ကာ လှိုင်းလုံးကြီးများအထက် ဆယ်ပေခန့်အထိ အပေါ်သို့ ပျံတက်၍ ရှောင်တိမ်းလိုက်နိုင်လေသည်။
ကျန်းရှောင်ဖန်း ဝမ်းသာ၍မဆုံးခင် ခန္ဓာကိုယ်အောက်ပိုင်းသို့ ပြင်းထန်သော အင်အားတစ်ခုက ရိုက်ခတ်သွား၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားလေသည်။
၎င်းမှာ အမြီး၏ တိုက်ရိုက် ရိုက်ချက်မဟုတ်ဘဲ ဘေးထွက်အရှိန်အဟုန်မျှသာ ဖြစ်သော်လည်း သတိလစ်မတတ် ဖြစ်သွားရသည်။
အကယ်၍ သူသာ အသက်နှင့် သေခြင်းတရားကြားမှ အခိုက်အတန့် ဖြစ်သည်ကို မသိဘဲ သတိကို အတင်းမထိန်းထားပါက ဤနေရာမှာတင် သေဆုံးသွားပေလိမ့်မည်။
ထိုသို့ဖြစ်လင့်ကစား မဟူရာမြွေ၏ အမြီးအင်အားမှာ အလွန်ပြင်းထန်လှပေသည်။ ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ အရိုးများ ကြေမွမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။
တစ်ကိုယ်လုံးမှာ အပိုင်းပိုင်း ကွဲထွက်သွားတော့မတတ်ပင်။ ထို့ပြင် ဤဧရာမလှိုင်းလုံးကြီးများကြားတွင် မည်သည့်အင်အားမှ မကျန်တော့ဘဲ အဝေးသို့ လွင့်စင်သွားရလေသည်။
သူသည် အဆုံးမရှိသော အမှောင်ထုထဲသို့ မရှောင်သာဘဲ လွင့်ပါသွား၏။ ခန္ဓာကိုယ် တစ်ပတ်လည်သွားချိန်တွင် ဧရာမလှိုင်းလုံးကြီးနှင့် အမြီးကြီးက ပိယောင်နှင့် အခြားလူများကိုပါ ဝါးမျိုသွားသည်ကို မြင်လိုက်ရသည်။
အဝါရောင်ဝတ်စုံဝတ် လူများမှာ နေရာအနှံ့သို့ ထွက်ပြေးကြသော်လည်း မကြာမီမှာပင် လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။
အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးမှာ အပေါ်သို့ ပျံတက်လာ၏။ သူမ၏ လက်နှစ်ဖက်မှာ မန္တန်တစ်ခုကို ဖော်ဆောင်လိုက်ရာ အဖြူရောင်အလင်းတန်းများ တောက်ပလာပြီး ရှန်ရှင်းဟွာပန်း ထွက်ပေါ်လာလေသည်။
ခဏချင်းမှာပင် ၎င်းမှာ ပန်းခြောက်ပွင့်အဖြစ် ပြောင်းလဲသွားကာ အလယ်မှ ပန်းကို ဝန်းရံလိုက်၏။ ပွင့်ဖတ်တိုင်းမှ စင်ကြယ်သော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ အဖြူရောင်စက်ဝန်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ပိယောင်၏ မျက်နှာမှာ ဖြူလျော့နေသော်လည်း ထိတ်လန့်ခြင်း မရှိပေ။ အဖြူရောင်စက်ဝန်း ဖြစ်ပေါ်လာသည်နှင့် ၎င်းမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လာလေသည်။
တောက်ပသော အဖြူရောင်အလင်းတန်းများက ဧရာမ လှိုင်းလုံးကြီးကို ဟန့်တားထားလေသည်။
ခဏအတွင်းမှာပင် လှိုင်းလုံးများမှာ စုပုံလာပြီး အင်အားမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဤအခွင့်အရေးကို အသုံးချကာ ပိယောင်မှာ အပေါ်သို့ ပျံတက်လိုက်၏။ သို့သော် ထိုအချိန်တွင် လှိုင်းလုံးကြီးများ၏ အသံမှာ ပိုမိုလေးလံလာလေသည်။ ၎င်းမှာ ဧရာမ အမြီးကြီး ဝှေ့ယမ်းလာခြင်းပင် ဖြစ်ပေသည်။
အဖြူရောင်စက်ဝန်းမှာ ချက်ချင်းပင် ပျက်စီးသွားပြီး မြွေမြီး၏ အင်အားအနည်းငယ်ကိုပင် မတားဆီးနိုင်ခဲ့ချေ။
လှပသော မိန်းကလေးမှာ မြွေမြီးကြီး၏ ရိုက်ခတ်မှုကို ခံရတော့မည့် ဆဲဆဲတွင် ရေလှိုင်းများကြားမှ မျက်နှာဖုံးစွပ် အမျိုးသမီးမှာ ပြန်လည်ထွက်ပေါ်လာလေသည်။
အဝါရောင်အဝိုင်းပုံစံ အရာဝတ္ထုတစ်ခုမှာ လေထဲတွင် ဝင်းလက်သွားပြီး ပိယောင်ကို မြွေမြီးကြီးနှင့် မထိမိစေရန် အရှိန်အဟုန်ဖြင့် တွန်းထုတ်လိုက်လေသည်။
ပိယောင်မှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားသော်လည်း အရှိန်အဟုန်ကြောင့် အမှောင်ထုထဲသို့ ကျဆင်းသွားရလေသည်။
နောက်တစ်ခဏမှာပင် မျက်နှာဖုံးစွပ် အမျိုးသမီး၏ အရိပ်မှာလည်း ပြင်းထန်သော လှိုင်းလုံးကြီးများကြားတွင် ပျောက်ကွယ်သွားလေတော့သည်။
မဟူရာမြွေ၏အင်အားမှာ ခန့်မှန်း၍ မရနိုင်ပေ။ ကျန်းရှောင်ဖန်းမှာ တစ်ကိုယ်လုံး နောက်သို့ လွင့်ပါနေစဉ် လေတိုးသံများကိုသာ ကြားနေရ၏။
အကယ်၍ သူသာ မာကျောသော ကျောက်တံတိုင်းကဲ့သို့ တစ်စုံတစ်ခုနှင့် တိုက်မိပါက သူ၏ အရိုးများမှာ ကြေမွသွားနိုင်သည်။
သို့သော် သိနေရုံနှင့် ဘာမှမတတ်နိုင်ပေ။ ကျန်းရှောင်ဖန်းမှာ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူ၏ အသက်မှာ ကံကြမ္မာအပေါ်၌သာ မူတည်နေတော့သည်။
သို့သော် ချောက်နက်ကြီးမှာ အလွန်ကျယ်ပြောလှပေသည်။ အတော်ကြာအောင် လွင့်ပါသွားသော်လည်း သူသည် တစ်စုံတစ်ခုနှင့်မျှ မတိုက်မိသေးပေ။
ကျန်းရှောင်ဖန်းမှာ အရှိန်လျော့လာပြီး ဖြည်းဖြည်းချင်း ကျလာသည်ကိုသာ ခံစားလိုက်ရ၏။
မြေပြင်ပေါ်သို့ ကျခြင်းမှာ မကောင်းလှသော်လည်း တံတိုင်းနှင့် တိုက်မိခြင်းထက်မူ ပိုကောင်းပေသေးသည်။
ကျန်းရှောင်ဖန်း စိတ်သက်သာရာ ရသွားစဉ်မှာပင် သူ၏ ရှေ့မှ မှောင်မိုက်နေသော အရာမှာ မာကျောသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ဖိခြေလာသည်ဟု ခံစားလိုက်ရသည်။
သူ၏ ရှေ့တွင် မတ်စောက်သော ကမ်းပါးကြီးတစ်ခု ရှိနေသကဲ့သို့ပင်။ ကျန်းရှောင်ဖန်းသည် ခန္ဓာကိုယ်ကို ကျုံ့ထားပြီး ခေါင်းကို ကာကွယ်ကာ ၎င်းနှင့် တိုက်မိသွားလေတော့သည်။
"ဒုန်း"
ကျောက်မှုန့်များ လွင့်စင်သွားပြီး မျက်လုံးထဲတွင် ကြယ်လများမြင်သွားလေသည်။ ကျန်းရှောင်ဖန်း၏ တစ်ကိုယ်လုံး တုန်ခါသွားကာ ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရလေသည်။
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ သူ၏ ခန္ဓာကိုယ်ထဲတွင် ဗြဟ္မာ့ဉာဏ်တော်နှင့် ထိုက်ချိရွှမ်ချင်တာအိုတို့၏ အကာအကွယ်သာ မရှိပါက သေဆုံးသွားလောက်ပေပြီ။
အကာအကွယ် ရှိနေသော်လည်း ခံစားရသည်မှာ မသက်သာလှပေ။ သူ၏ တစ်ကိုယ်လုံးမှာ တံတိုင်းတွင် ကပ်သွားပြီးနောက် အောက်သို့ ပြုတ်ကျသွား၏။
ပြုတ်ကျနေစဉ်အတွင်း မာကျောသော တံတိုင်းနှင့် အကြိမ်ကြိမ် ရိုက်မိနေသေးသည်။ အရိုးများ ကြေမွသံနှင့်အတူ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
အရိုးမည်မျှ ကျိုးသွားသည်ကို မသိသော်လည်း သူ၏ ခန္ဓာကိုယ်တွင် ကောင်းသည့်နေရာ မကျန်တော့ဟု သူ ထင်နေမိလေသည်။
နောက်ထပ်တစ်ကြိမ် ထိမှန်ပြီးနောက် ကျန်းရှောင်ဖန်းမှာ မျှော်လင့်ချက် အားလုံးကို လက်လွှတ်တော့မည့်ဆဲဆဲတွင် သူ၏ ရင်ဘတ်ရှေ့မှ ဝိညာဉ်ဝါးမျိုတုတ်မှ ထွက်ပေါ်လာသော အားနည်းသည့် စိမ်းဖန့်ဖန့် အလင်းရောင်ကြောင့် သူ၏အောက်တွင် အနက်ရောင်အရိပ်တစ်ခုကို ဝိုးတဝါး မြင်လိုက်ရ၏။
၎င်းမှာ ကမ်းပါးယံတွင် ပေါက်နေသော သစ်ပင်အိုကြီးတစ်ပင်နှင့် တူလှပေသည်။
ဤအခိုက်အတန့်တွင် မည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့ဘဲ သဘာဝအလျောက် လက်လှမ်းကာ ထိုသစ်ပင်အိုကြီးကို ဖမ်းဆွဲလိုက်လေသည်။
သူ ပြုတ်ကျနေသည့် အရှိန်မှာ အလွန်မြန်သော်လည်း ဤမျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသစ်ပင်အိုကြီးကို ဖမ်းဆွဲနိုင်ခဲ့သည်။
သူ ဖမ်းဆွဲလိုက်သည့်အခါ တံတိုင်းကဲ့သို့ မအေးစက်ဘဲ အနည်းငယ် နွေးထွေးနေသည်ဟု ခံစားရ၏။ သို့သော် ပြုတ်ကျလာသည့် အရှိန်မှာ အလွန်ပြင်းထန်လှပြီး သစ်ပင်အိုကြီးမှာလည်း သူ၏ အရှိန်ကို ထိန်းထားနိုင်ခြင်းမရှိပေ။
ကျန်းရှောင်ဖန်းက သစ်ပင်ပင်စည်ကို ဖမ်းဆွဲထားနိုင်ခဲ့သော်လည်း သစ်ပင်မှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။
အကြိမ်အနည်းငယ် ယိမ်းထိုးသွားပြီးနောက် သစ်ပင်နှင့်အတူ ကျန်းရှောင်ဖန်းပါ ပြုတ်ကျသွားလေတော့သည်။
သူ ပြုတ်ကျသွားချိန်တွင် ကျန်းရှောင်ဖန်း၏ စိတ်နှလုံးမှာ ဆုံးမရှိသော ချောက်နက်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရ၏။
သူ၏ ခန္ဓာကိုယ်မှာ ပြုတ်ကျနေဆဲ ဖြစ်သော်လည်း ခေတ္တမျှ ရပ်တန့်သွားမှုကြောင့် အရှိန်မှာ လျော့နည်းသွားပေသည်။
ကျယ်လောင်သော အသံကြီးနှင့်အတူ သူသည် မြေပြင်ပေါ်သို့ ကျသွားပြီး သတိလစ်သွားလေတော့သည်။
အတော်ကြာပြီးနောက် ကျန်းရှောင်ဖန်းမှာ ဖြည်းဖြည်းချင်း နိုးလာ၏။ မျက်လုံးမဖွင့်နိုင်သေးမီမှာပင် တစ်ကိုယ်လုံး အပိုင်းပိုင်း ကွဲထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော် နာကျင်မှုကို ခံစားနိုင်သေးသဖြင့် သူသည် အသက်ရှင်နေသေးကြောင်း သိလိုက်ရ၏။ သူ၏ စိတ်ထဲတွင်တော့ သိပ်ပြီး ဆိုးရွားမနေပေ။
သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ မြင်လိုက်ရသောအရာကြောင့် ထိတ်လန့်သွားသည်။
ယခုအချိန်တွင် သူသည် စိုစွတ်သော ဂူတစ်ခုအတွင်းသို့ ရောက်ရှိနေလေသည်။
၎င်းမှာ လူနှစ်ရပ်စာခန့် မြင့်သော်လည်း ဆယ်ပေခန့်သာ ကျယ်ဝန်းသဖြင့် အလွန်ကျဉ်းမြောင်းလှ၏။
ဘေးပတ်ပတ်လည်တွင် မာကျောအေးစက်သော ကျောက်တုံးများသာ ရှိနေသည်။ ၎င်းမှာ ကမ်းပါးယံနှင့် ဆင်တူလှ၏။ အကယ်၍ ဤနေရာမှာ ကမ်းပါးယံ၏ အတွင်းဘက် မဟုတ်ပါက ကမ်းပါးယံနှင့် နီးကပ်သော နေရာတစ်ခု ဖြစ်ရပေမည်။
သို့သော် ဂူအတွင်းရှိ ကျောက်တုံးများမှာ တစ်စုံတစ်ရာ တောက်ပနေသကဲ့သို့ ရှိနေ၏။ မကြီးမားသော်လည်း အမြောက်အမြား ရှိနေပေသည်။
၎င်းတို့မှာ ဂူအတွင်းတွင် နူးညံ့သောအလင်းတန်းများကို ထုတ်လွှတ်ကာ လင်းထိန်စေလေသည်။
ကျန်းရှောင်ဖန်းသည် ဂူအတွင်းကို အသေအချာ ကြည့်လိုက်၏။ တစ်ဖက်မှာ ကျောက်တုံးများဖြင့် ပိတ်ဆို့နေသဖြင့် လမ်းမှာ လုံးဝပိတ်နေပေသည်။
အခြားတစ်ဖက်မှာမူ အဝေးသို့ ဆန့်ထွက်နေသော်လည်း ကွေ့တစ်ခု ရှိနေသဖြင့် မည်သည့်နေရာသို့ ရောက်မည်ကိုမူ မမြင်ရပေ။
သူသည် မြေပြင်ပေါ်တွင် မှိုင်နေပြီးနောက် ထရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူ၏ခန္ဓာကိုယ် လှုပ်ရှားလိုက်ပြီး ဘယ်ဘက်လက်ဖြင့် မြေပြင်ကို အားပြုလိုက်ချိန်တွင် တစ်ကိုယ်လုံး၌ ပြင်းထန်သော နာကျင်မှုများ ဝင်ရောက်လာလေသည်။
သူက အော်ဟစ်လိုက်မိ၏။
"အား..."
သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ဘယ်ဘက်လက်မှာ အထူးသဖြင့် ပို၍ နာကျင်နေလေသည်။
"ဟွန်း"
ဂူအတွင်းပိုင်းမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။ ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ကွေ့မှ မိန်းကလေးတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည်။
အစိမ်းရောင်ဝတ်စုံနှင့် လှပသော မျက်နှာမှာ ထိုနတ်ဆိုးဂိုဏ်းမှ မိန်းကလေး မဟုတ်ပါလား။
သူတို့မှာ မကြာသေးမီကပင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ပေသည်။
ယခုအခါ ကျန်းရှောင်ဖန်းသည် နတ်ဆိုးဂိုဏ်းမှ လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ဝိညာဉ်ဝါးမျိုတုတ်ကို မြှောက်ကာ သတိထားလိုက်၏။ ခန္ဓာကိုယ်မှ နာကျင်မှုများကိုပင် မေ့လျော့သွားရလေသည်။
ပိယောင်က သူ့ကို စိုက်ကြည့်လိုက်သော်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။
သူမမှာ စိတ်ဓာတ်ကျနေပုံ ရပြီး အားအင်ကုန်ခမ်းနေသကဲ့သို့ ရှိနေ၏။ သူမက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"တော်စမ်းပါ... ကိုယ့်ကိုကိုယ်လဲကြည့်ဦး... အရိုးတွေ အတော်များများ ကျိုးနေတာတောင် တိုက်ခိုက်ဖို့ အားရှိသေးတယ်ပေါ့"