← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) - နောက်ဆုံးလမ်း (၂)

ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်လိုက်၏။ သို့သော် ပိယောင်မှာ တိုက်ခိုက်လိုစိတ် မရှိသည်ကို မြင်သောအခါ အနေရခက်သော်လည်း ဝိညာဉ်ဝါးမျိုတုတ်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်လေသည်။

စိတ်လျှော့လိုက်သည်နှင့် နာကျင်မှုများမှာ ချက်ချင်း ပြန်လည်ရောက်ရှိလာ၏။ သူသည် တစ်ဖန် ထပ်၍ အော်ဟစ်လိုက်မိပြန်သည်။

ပိယောင်သည် ဤဖြောင့်မတ်လှသော လူငယ်၏ ထူးဆန်းသော ပုံစံကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။

ပတ်ဝန်းကျင်မှ တင်းမာမှုများမှာ လျော့ပါးသွားသော်လည်း ရယ်မောပြီးနောက် သူမက ဝမ်းနည်းစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

ကျန်းရှောင်ဖန်းမှာ နှာခေါင်းရှုံ့လိုက်၏။ မိန်းကလေးငယ်တစ်ဦး၏ လှောင်ပြောင်ခြင်းကို ခံရသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ဒေါသတကြီး ပြောလိုက်လေသည်။

"ဘာကို ရယ်နေတာလဲ"

ပိယောင်က သူ့ကို ကြည့်ပြီး ပြောလိုက်၏။

"ရှင့်ကို ရယ်နေတာလေ"

ကျန်းရှောင်ဖန်းသည် သူမ၏ စကားပြောပုံမှာ အလွန်တည့်တိုးဆန်ပြီး ပွင့်လင်းသည်ကို သတိထားမိလိုက်သည်။

သူ၏ စိတ်ထဲတွင် ဒေါသများ ထွက်လာပြီး ပြောလိုက်လေသည်။

"ဘာက ရယ်စရာကောင်းလို့လဲ... မင်းသာ အဲ့ဒါနဲ့ တိုက်မိကြည့်ပါလား"

ပိယောင်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ဤမသိနားမလည်သည့် ကောင်လေးကို သင်ခန်းစာ ပေးတော့မည့်ဆဲဆဲတွင် သူမကိုယ်သူမ ထိန်းလိုက်ကာ သက်ပြင်းချလိုက်လေသည်။

"တို့တွေ ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး... ငြင်းခုံနေလို့ရော ဘာထူးမှာလဲ"

ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွား၏။ သို့သော် မိန်းကလေး ပြောသည့်စကားကို ကြားပြီးနောက် အံ့အားသင့်ကာ မေးလိုက်လေသည်။

"မင်း... ဘာပြောလိုက်တာလဲ"

ပိယောင်က သူ့ကို ကြည့်ပြီး ပြောလိုက်၏။

"ဒါက ဂူတစ်ခုပဲလေ... မမြင်ဘူးလား"

ကျန်းရှောင်ဖန်းက ပြောလိုက်သည်။

"အင်း... အဲဒီတော့ ဘာဖြစ်လဲ"

ပိယောင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကျောက်ပုံကြီးကို လက်ညှိုးထိုးပြကာ ဆိုလေသည်။

"ဒါက တစ်ခုတည်းသော ထွက်ပေါက်ပဲ။ အခုတော့ အဲဒီကျောက်တုံးတွေအောက်မှာ ပိတ်သွားပြီ။ ရှင့်ဟာရှင် သွားပြီး ဖောက်ကြည့်လိုက်လေ"

ကျန်းရှောင်ဖန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူသည် ကျောက်ပုံကြီးကို ကြည့်လိုက်ရာ ပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။ သူသည် မိမိ၏ခွန်အားကို မိမိသိပေသည်။

အကယ်၍ ရန်သူနှင့် တိုက်ခိုက်ရမည်ဆိုပါက သူ၏ဝိညာဉ်ဝါးမျိုတုတ်နှင့် ကျင့်ကြံခြင်းက အသုံးဝင်နိုင်သော်လည်း ယွီကုန်းကဲ့သို့ တောင်ကို တူးဆွရန်မှာမူ သူ၏အစွမ်းအစ မဟုတ်ချေ။

ခဏမျှ ကြောင်အသွားပြီးနောက် အရေးကြီးသော မေးခွန်းတစ်ခုကို သူ ရုတ်တရက် သတိရသွားသည်။ သူက ခေါင်းကိုအမြန်လှည့်၍ မေးလိုက်၏။

"ငါမှတ်မိသလောက်တော့ ချောက်ကမ်းပါးနံရံကို ဆောင့်မိပြီး မြေပြင်ပေါ် လဲကျသွားတာ။ ဘယ်လိုလုပ်ပြီး ဒီဂူထဲ ရောက်နေတာလဲ"

ပိယောင်က အေးအေးလူလူပင် ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို တရွတ်တိုက် ဆွဲခေါ်လာတာလေ"

"ဘာ..."

ကျန်းရှောင်ဖန်း တစ်ကျော့ပြန် ဒေါသထွက်သွားပြန်သည်။

ပိယောင်က သူ့ကိုကြည့်ကာ ပြောလိုက်၏။

"ရှင်သတိမေ့သွားတဲ့ နေရာနဲ့ မနီးမဝေးမှာ ဆင်းသက်မိတော့ ရှင့်ကိုအဲ့နေရာမှာတွေ့တာ။ မဟူရာမြွေက ကျွန်မတို့နောက်ကို မရပ်မနားလိုက်နေတာလေ”

“ကျွန်မခေါင်းမော့ကြည့်လိုက်တော့ ရှင်သစ်ပင်အိုကြီးကို ဆွဲနုတ်လိုက်တဲ့ နေရာက ဂူတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အထဲကနေ အလင်းရောင်တွေ ထွက်နေတာ။”

“ဂူက သိပ်မကျယ်တော့ အထဲမှာ ပုန်းနေလိုက်တာပေါ့။ မထွက်ခင်မှာ ရှင့်ကို သနားတာနဲ့ အထဲကို ဆွဲသွင်းလာခဲ့တာ... ငတုံးလေးရဲ့"

ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ဝင်ပေါက်က ဘာလို့ ပိတ်သွားတာလဲ"

ပိယောင်က ပခုံးတွန့်ပြလိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ဆိုလိုက်၏။

"မဟူရာမြွေက အထဲဝင်လို့မရဘူးလေ။ ဒါနဲ့ ဒေါသထွက်ပြီး သူ့အမြီးနဲ့ နံရံကို ရိုက်ချလိုက်တာ တောင်တစ်ဝက်လောက် ပြိုကျသွားပြီး ဒီနေရာကို ဖုံးသွားတော့တာပဲ။ ကျွန်မတို့ကိုပါ မြေမြှုပ်ပစ်လိုက်တာပေါ့"

ကျန်းရှောင်ဖန်းက သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ သံသယဖြင့် မေးလိုက်သည်။

"တကယ်လား"

ပိယောင်၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားပြီး ကျောက်တုံးကြီးတစ်တုံးကို ကောက်ကာ သူ့ထံ ပစ်ပေါက်လိုက်သည်။

"ရှင့်ကို လိမ်ပြောစရာလား။ သေသေဆိုပြီး ပစ်ထားခဲ့ရမှာ"

ကျန်းရှောင်ဖန်း ရှောင်ချိန်မရလိုက်သဖြင့် လက်မောင်းဖြင့် ခေါင်းကို ကာလိုက်ရသည်။ မမျှော်လင့်ဘဲ ကျောက်တုံးက သူ၏ဘယ်ဘက်လက်မောင်းကို ထိမှန်သွားပြီး နာကျင်မှုက နှလုံးသားအထိ စိမ့်ဝင်သွားလေသည်။

သူ၏မျက်စိရှေ့တွင် အမှောင်အတိကျသွားပြီး နောက်တစ်ကြိမ် သတိမေ့တော့မလိုပင် ဖြစ်သွား၏။

ကျန်းရှောင်ဖန်း၏မျက်နှာ ချက်ချင်း ဖြူဖျော့သွားကာ ဘယ်ဘက်လက်မောင်းကို နာကျင်စွာ ဆုပ်ကိုင်ထားသည်ကို ပိယောင် မြင်လိုက်ရသည်။

သူမ၏ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသော်လည်း အေးစက်စွာပင် ဆိုလိုက်သည်။

"သေချင်ယောင် ဆောင်မနေနဲ့။ ရှင့်လိုလူမျိုးတွေကို အများကြီးတွေ့ဖူးတယ်"

ကျန်းရှောင်ဖန်းမှာမူ သူမ၏စကားကို ပြန်လည်ငြင်းခုံရန်အတွက် အင်အားမရှိတော့ပေ။

သူသည် နာကျင်လွန်း၍ သေလုမတတ် ဖြစ်နေရသည်။ နာကျင်မှုကြောင့် သူ၏လက်မောင်းတစ်ပြင်လုံး ထုံကျင်နေချေပြီ။

ပိယောင်က ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် သူဟန်ဆောင်နေခြင်းမဟုတ်မှန်း သိလိုက်သည်။

သူမသည် ကျန်းရှောင်ဖန်းအနီးသို့ လျှောက်သွားကာ သူ၏အကြည့်ကို ဂရုမစိုက်ဘဲ လက်မောင်းကို အကြိမ်အနည်းငယ် ညှစ်ကြည့်လိုက်လေသည်။

ကျန်းရှောင်ဖန်းမှာ နာကျင်လွန်း၍ ချွေးများပင် ထွက်လာပြီး ဒေါသတကြီး ပြောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ"

ပိယောင်က ဒေါသမထွက်သည့်အပြင် အနည်းငယ် တောင်းပန်သည့် အမူအရာဖြင့် ဆိုလာသည်။

"ရှင့်ရဲ့ လက်မောင်းရိုး ကျိုးသွားပြီ"

ကျန်းရှောင်ဖန်း နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ခေါင်းမာစွာဖြင့်ပင် ဆိုလိုက်၏။

"ဒါက မဟူရာမြွေကြောင့် ကျိုးတာ။ မင်းနဲ့ ဘာမှမဆိုင်ဘူး။ သွားစမ်းပါ"

ပိယောင်က သူ့ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ဘာမှမပြောတော့ဘဲ ဘေးသို့ ထွက်သွားသည်။ ထို့နောက် ပြပွဲတစ်ခုကို ကြည့်နေသကဲ့သို့ သူ့ကို အေးစက်စွာ ရပ်ကြည့်နေလေသည်။

နာကျင်မှုက အလွန်အမင်း ပြင်းထန်လှသော်လည်း ကျန်းရှောင်ဖန်းသည် မိစ္ဆာဂိုဏ်းဝင်တစ်ဦး၏ရှေ့တွင် မည်သို့မျှ အရှက်အကွဲမခံနိုင်ပေ။

သူသည် အံကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဒဏ်ရာအများစုမှာ ပွန်းပဲ့ဒဏ်ရာများသာ ဖြစ်ပြီး ဘယ်ဘက်လက်မောင်း ကျိုးသွားသည်မှာ အဆိုးအထဲမှ အကောင်းဟု ဆိုရပေမည်။

သို့သော် ကျိုးနေသော အရိုး၏နာကျင်မှုမှာ ခံရခက်လှသည်။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် နာကျင်မှုကြောင့် ချွေးများ ပြန်ထွက်လာပြန်၏။

ကျန်းရှောင်ဖန်း အံကို တင်းတင်းကြိတ်လိုက်သည်။ သူ တာ့ကျူးတောင်ထိပ်တွင် ရှိစဉ်က ဆေးကုသမှုပညာအချို့ သင်ယူခဲ့ဖူးသဖြင့် သူ၏လက်မောင်းကို ပြန်ပြင်ရန် ကြိုးစားလိုက်သည်။

သို့သော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထူးဆန်းသော ကျောက်တုံးများကိုသာ တွေ့ရပြီး လက်မောင်းကို ထိန်းထားရန် သစ်သားချောင်းကဲ့သို့ ဖြောင့်စင်းသော အရာတစ်ခုမျှ မရှိချေ။ သူ မတတ်သာဘဲ စိုးရိမ်ပူပန်လာမိသည်။

ဘေးမှ ပိယောင်က ရုတ်တရက် ပြောလိုက်၏။

"ရှင့်ရဲ့ တုတ်ကိုသုံးလေ"

ကျန်းရှောင်ဖန်း ကြောင်အသွားပြီးနောက်မှ ဝိညာဉ်ဝါးမျိုတုတ်သည် တစ်ပေခန့် ရှည်သဖြင့် သူအသုံးပြုရန် အနေတော်ဖြစ်ကြောင်း သတိရသွားသည်။

သူက ထိုမိန်းကလေးကို ကျေးဇူးတင်စကား ဆိုချင်သော်လည်း သူမ၏အထင်သေးသော မျက်နှာကို မြင်လိုက်ရသောအခါ စကားလုံးများက လည်ချောင်းဝတွင်ပင် ပြန်လည် နစ်မြုပ်သွားတော့သည်။ သူက ပြောလိုက်၏။

"ငါလည်း အဲဒါကို တွေးထားပြီးသားပါ။ မင်းပြောစရာ မလိုပါဘူး"

ပိယောင်က သူမ၏နှုတ်ခမ်းကို မဲ့လိုက်သည်။

"ဒါဆို ရှင်က ဘာကို လိုက်ရှာနေတာလဲ"

ကျန်းရှောင်ဖန်းက ဒေါသတကြီး ပြောလိုက်သည်။

"ငါက ထွက်ပေါက် ရှာလို့မရဘူးလား။ ထွက်ပေါက်သာ ရှာမတွေ့ရင် ဒီထဲမှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာလား"

ထို့နောက် သူတစ်ခုခုကို ရုတ်တရက် သတိရသွားကာ တုန်လှုပ်သွားသည်။ သူက ပိယောင်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ဟုတ်သားပဲ... မင်း ငါ့ရဲ့စီနီယာအစ်မကို တွေ့မိသေးလား"

သူ၏ရုတ်တရက် စိုးရိမ်တကြီး ဖြစ်သွားမှုကြောင့် ပိယောင် အံ့အားသင့်သွားပြီး ခေါင်းခါပြလိုက်သည်။

"အဲဒီအချိန်က အသက်နဲ့ လုနေရတဲ့ အချိန်လေ။ ဘယ်သူက သူများအရေးကို ဂရုစိုက်နိုင်မှာလဲ"

ကျန်းရှောင်ဖန်း တိတ်ဆိတ်သွားသော်လည်း သူ၏ရင်ထဲတွင်မူ များစွာ စိုးရိမ်နေမိသည်။

လုရွယ်ချီသည် အဆိပ်မိထားရာ ယခုကဲ့သို့ ဘေးဒုက္ခနှင့် ကြုံရချိန်တွင် သူမ၏အသက်အန္တရာယ်က စိုးရိမ်စရာပင်။ သူသည် သက်ပြင်းချကာ ခေါင်းငုံ့လိုက်လေသည်။

ကျန်းရှောင်ဖန်းက ခေါင်းငုံ့ကာ ရုပ်ဆိုးလှသော ဝိညာဉ်ဝါးမျိုတုတ်ကို သူ၏လက်မောင်းတွင် ချည်နှောင်နေသည်ကို ကြည့်ရင်း ပိယောင်၏မျက်နှာ အနည်းငယ် ပျော့ပျောင်းသွားသည်။ သူမက မေးလိုက်၏။

"မင်းနဲ့ မင်းရဲ့စီနီယာအစ်မက ဆက်ဆံရေး အရမ်းကောင်းတာလား"

ကျန်းရှောင်ဖန်း ကြောင်အသွားပြီး ခေါင်းခါလိုက်၏။

"မဟုတ်ပါဘူး... ဒါပေမဲ့ သူက ငါ့ရဲ့….ငါဘာလို့ မင်းကို ပြောပြရမှာလဲ"

နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ကျန်းရှောင်ဖန်း သူမကို လျစ်လျူရှုလိုက်သည်။

သူသည် အဝတ်အစားကို အပိုင်းအစတစ်ခု ဆွဲဖြတ်ကာ ပါးစပ်နှင့် ညာဘက်လက်ကို အသုံးပြု၍ ဘယ်ဘက်လက်မောင်းကို စည်းနှောင်လိုက်လေသည်။

ထို့နောက် ကျောက်ပုံကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်ပြီး ဂူအတွင်းပိုင်းသို့ လျှောက်သွားတော့သည်။

ကျန်းရှောင်ဖန်း ဂူထဲသို့ ပိုမိုနက်ရှိုင်းစွာ လျှောက်သွားသည်ကို မြင်သောအခါ ပိယောင်က မေးလိုက်၏။

"ရှင် ဘယ်သွားမလို့လဲ"

ကျန်းရှောင်ဖန်းက လျှောက်လှမ်းနေရင်းမှ ပြောလိုက်သည်။

"ငါက ဒီမှာ အရှင်လတ်လတ် အမြှုပ်ခံထားရတာလေ။ အထဲမှာ ဘာရှိလဲဆိုတာတော့ အနည်းဆုံး သိအောင် သွားကြည့်ရမှာပေါ့"

ပိယောင် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သို့သော် သက်ရှိသတ္တဝါ ကင်းမဲ့နေသော ဤဂူထဲတွင် သူမသည် သူ့နောက်သို့သာ လိုက်လာခဲ့လေသည်။

လူနှစ်ယောက် အတူတူ လျှောက်လှမ်းခြင်းက ကြောက်ရွံ့မှုကို လျော့ပါးစေပုံ ရပေသည်။

ကွေ့တစ်ခုသို့ ရောက်သောအခါ ရှည်လျားသော စင်္ကြံလမ်းတစ်ခု ကျန်းရှောင်ဖန်း၏ရှေ့တွင် ပေါ်လာသည်။ ၎င်းသည် သူရောက်နေသော နေရာနှင့် ဆင်တူသော်လည်း အနည်းငယ် ပိုကျယ်သည်။

ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်တုံးများကလည်း တောက်ပနေသဖြင့် ဤနေရာကို လင်းထိန်စေသည်။ သို့သော် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များမှာ အလွန်ထူထပ်လှသဖြင့် ခြေရာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လမ်းပေါ်တွင် ခြေရာများ ရှိနေပြီး ၎င်းတို့မှာ ပိယောင် ဤနေရာသို့ ပထမဆုံး ရောက်ရှိလာစဉ်က ချန်ထားခဲ့သော ခြေရာများ ဖြစ်ပုံရသည်။

ခဏအကြာတွင် သူတို့သည် စင်္ကြံလမ်း၏အဆုံးသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ကွေ့တစ်ခု ရှိနေပြီး တစ်ချိန်တည်းမှာပင် ရေစီးသံသဲ့သဲ့ကို ကြားလိုက်ရ၏။

သူ့နောက်မှ ပိယောင်က ရုတ်တရက် ခေါ်လိုက်သည်။

"ကျန်းရှောင်ဖန်း"

"ဘာလဲ"

ကျန်းရှောင်ဖန်းက ပြန်ထူးလိုက်သော်လည်း ချက်ချင်းပင် လှည့်ကြည့်ကာ မေးလိုက်၏။

"ငါ့နာမည်ကို မင်းဘယ်လိုသိတာလဲ"

ပိယောင်က တခိခိ ရယ်မောလိုက်သည်။

"ဟဲယန်မြို့မှာတုန်းက ရှင်ပဲ ပြောပြခဲ့တာလေ"

ကျန်းရှောင်ဖန်း သတိရသွားသည်။ သူသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို လွှဲလိုက်ပြီး ပြောလိုက်၏။

"ဘာလို့ ရေစီးသံ ကြားနေရတာလဲ"

ပိယောင်က စိတ်မရှည်သကဲ့သို့ ပြောလိုက်သည်။

"ဒါက ဥမင်လမ်းရဲ့ အဆုံးပဲ။ ရေတံခွန်တစ်ခုပဲ ရှိတာ။ အဲဒါလွဲရင် တခြား ထွက်ပေါက် မရှိဘူး။ ဟူး... ငါဒီလိုနေရာမျိုးမှာ သေရမယ်လို့ မယုံနိုင်အောင်ပဲ"

ကျန်းရှောင်ဖန်း သူမကို လျစ်လျူရှုကာ ဆက်လက် လျှောက်လှမ်းခဲ့သည်။ ခဏအကြာတွင် ရေစီးသံက တဖြည်းဖြည်း ကျယ်လောင်လာ၏။

မကြာမီ ဥမင်လမ်း၏အဆုံး၌ ဂူမျက်နှာကြက်မှ ကျဆင်းနေသော ရေတံခွန်တစ်ခုကို သူတွေ့လိုက်ရသည်။ ရေစက်ကလေးများမှာ ကြည်လင်တောက်ပနေပြီး လှပလှပေသည်။

ရေများက ရေကန်ငယ်လေးထဲသို့ ကျဆင်းနေသည်။ အကယ်၍ ဤနေရာသည် လမ်းပိတ်နေခြင်း မဟုတ်ပါက ရှုခင်းကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ယခုအချိန်တွင်မူ ထိုကဲ့သို့သော ရှုခင်းကို ခံစားလိုသည့် စိတ်ဆန္ဒမျိုး ရှိမနေပေ။

ကျန်းရှောင်ဖန်း ရေတံခွန်ရှေ့သို့ သွားကာ ခေတ္တမျှ သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သူ၏နှလုံးသားမှာ အေးခဲသွားတော့သည်။

ရေတံခွန်၏နောက်ကွယ်တွင် ကျောက်နံရံကြီးသာ ရှိပြီး ဘေးရှိ ကျောက်တုံးများနှင့် မခြားနားပေ။ ရေကန်ငယ်၏အောက်ခြေကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ရေများ စီးထွက်သွားမည့် ထွက်ပေါက်မရှိဘဲ မြေကြီးထဲသို့ စိမ့်ဝင်သွားပုံရသည်။ အထက်တွင်လည်း ရေများ ကျဆင်းနေသော ကျောက်တုံးများသာ ရှိသည်။ ထွက်ပေါက်က ဘယ်မှာ ရှိနိုင်ပါမည်နည်း။

ကျန်းရှောင်ဖန်း ခေါင်းလှည့်ကြည့်လိုက်ရာ ပိယောင်၏မျက်လုံးများနှင့် ဆုံသွားသည်။ သူတို့သည် ခေတ္တမျှ စိုက်ကြည့်နေမိကြပြီး တိတ်ဆိတ်နေကြလေသည်။

ဂူအတွင်း၌ သေခြင်းတရား၏ တိတ်ဆိတ်မှုက လွှမ်းမိုးသွားတော့သည်။

ကျန်းရှောင်ဖန်း၏စိတ်အစဉ်မှာ ရှုပ်ထွေးနေတော့သည်။ ယခုကဲ့သို့ အခြေအနေနှင့် ရင်ဆိုင်နေရသလို ပျောက်ဆုံးနေသော လုရွယ်ချီအတွက်လည်း စိုးရိမ်နေမိသည်။

ထို့အပြင် ဘယ်ဘက်လက်မောင်းမှ ဒဏ်ရာကလည်း ရှိနေသေးသည်။ ထိုနေရာမှ နာကျင်မှုမှာ ခံရခက်လွန်းလှသည်။

ပိယောင်က သူ့ကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပြီး တိုးညှင်းစွာ ပြောလိုက်၏။

"ထိုင်ပြီး ခဏလောက် အနားယူလိုက်ပါဦး။ ငါတို့ စိတ်ရှည်လက်ရှည်နဲ့ ဒီကနေ ထွက်ဖို့ နည်းလမ်း ရှာကြည့်ကြတာပေါ့"

ဤလမ်းပိတ်နေသော နေရာတွင် သူမအပေါ် ထားရှိသော ကျန်းရှောင်ဖန်း၏ရန်လိုမှုများမှာ လျော့ပါးသွားခဲ့သည်။

အကယ်၍ အပြင်လောကတွင်သာ ဆိုပါက သူသည် ဤမိစ္ဆာဂိုဏ်းဝင်နှင့် မည်သို့မျှ သင့်မြတ်မည် မဟုတ်ပေ။

သို့သော် ယခုမူ သူတို့နှစ်ဦးလုံး ဤနေရာတွင် မကြာမီ သေဆုံးကြရတော့မည် ဖြစ်ရာ ဂိုဏ်းဂဏ ကွဲပြားမှုများကို မည်သူက ဂရုစိုက်နေတော့မည်နည်း။

ကျန်းရှောင်ဖန်း တိတ်ဆိတ်စွာ ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကို ငေးမှိုင်ကာ ကြည့်နေမိသည်။ ထို့နောက် ရေတံခွန်အနီးရှိ ကျောက်နံရံကို စိုက်ကြည့်ရင်း အတွေးနက်နေလေသည်။

'တောင်ပေါ်ကနေ ပထမဆုံးအကြိမ် ဆင်းလာတာမှာ ဒီလောက်တောင် အတားအဆီးတွေနဲ့ ကြုံရပြီး အခုတော့ လမ်းပိတ်မိနေပြီ။ ဆရာသာ သိရင် အသုံးမကျတပည့်ကို ဆူတော့မှာပဲ။ အကယ်၍ စီနီယာအစ်မလင်းအာသာ သိရင် သူကော…'

ပိယောင်က သူ့ကိုကြည့်လိုက်ရာ ကျန်းရှောင်ဖန်း၏အမူအရာမှာ တစ်မျိုးဖြစ်နေသည်ကို တွေ့သဖြင့် မေးလိုက်၏။

"ရှင် ဘာတွေ တွေးနေတာလဲ"

ကျန်းရှောင်ဖန်း သတိဝင်လာပြီး မျက်နှာ ရဲတက်သွားသည်။ သို့သော် သူ၏အတွေးအမှန်ကို မည်သို့ ပြောပြလိုပါမည်နည်း။ မျက်လုံးများက ဟိုဟိုဒီဒီ ကြည့်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။

"စွန့်ပစ်ချောက်နက်ထဲမှာ ထူးဆန်းတာတွေ အများကြီးပဲ။ ကျောက်နံရံပေါ်က အနီရောင်နေရာတချို့ကို ကြည့်ဦး။ ရေတွေ စီးဆင်းသွားတဲ့အခါ သွေးတွေလိုပဲ…"

ပိယောင်က ရုတ်တရက် ခုန်ထလိုက်သည်။ သူမ၏မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားပြီး အလျင်အမြန် မေးလိုက်၏။

"ရှင် ဘာပြောလိုက်တာလဲ"

မှတ်ချက် ၁ - တရုတ်နိုင်ငံတွင် ယွီကုန်းအမည်ရှိ အဘိုးအိုတစ်ဦး၏ ဒဏ္ဍာရီ ရှိလေသည်။ တစ်နေ့တွင် သူသည် မိမိ၏သားသမီးများ မြို့သို့ သွားသည့်အခါတိုင်း တောင်ကို ကျော်ဖြတ်ရန် မလိုစေရန် တောင်နှစ်လုံးမှ မြေကြီးအားလုံးကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့၏။ သူ၏လုပ်ရပ်က ကောင်းကင်ဘုံအရှင် ကျောက်စိမ်းဧကရာဇ်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ကျောက်စိမ်းဧကရာဇ်သည် သူ၏လူနှစ်ဦးကို စေလွှတ်၍ တစ်ညတည်းနှင့် တောင်များကို ဖယ်ရှားပေးကာ ယွီကုန်းကို ကူညီခဲ့လေသည်။

All Chapters