← Chapters

ဒါက လူသားတွေအေပါ်မှာလည်း အလုပ်လုပ်ပါတယ်

Vol. 12 Ch. 150

ဒါက လူသားတွေအေပါ်မှာလည်း အလုပ်လုပ်ပါတယ်

Vol. 12 Ch. 150

" ဟုတ်ပါတယ်။ လူကြီးမင်းတို့ နားကြား မမှားပါဘူး။ ဒီ ဓမ္မအဆောင်ကို တိတ်စမ်းလို့ ခေါ်ပါတယ် "

ဝမ်ပေါင်လဲ့မှာ လေသံ ကျယ်ကျယ်ဖြင့် တက်ကြွစွာ ကြေညာလိုက်၏။

ဝမ်ပေါင်လဲ့ ဒုတိယအကြိမ်အဖြစ် မီးရှူးမီးပန်းများကို လွှတ်လိုက်ပြီးနောက် ကောင်းကင်ယံထဲရှိ လူတိုင်းနှင့် အဆင့်မြင့်ကျွန်းပေါ်ရှိ ကျောင်းသားများအားလုံး၏ အာရုံမှာ ဝမ်ပေါင်လဲ့ပေါ်သို့ အလိုအလျောက် ထပ်၍ ရောက်ရှိသွားရပြန်သည်။

" ဘာလဲဟ။ သူက သူ့ရဲ့ ဓမ္မအဆောင်တွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ကြော်ငြာဖို့များ ဆုံးဖြတ်ထားတာလား "

" ဘာ‌တွေ ဖြစ်နေတာလဲဟ။ ဒါ သိုင်းပညာအဆောင် ပြိုင်ပွဲလား ပစ္စည်းအသစ် ရောင်းချတဲ့ ပွဲလား "

" တိတ်စမ်းဆိုပါလား။ သူက ဘာတွေများ လုပ်ဦးမှာပါလိမ့် "

လူတိုင်း အမူအရာ အမျိုးမျိုးနှင့် ဖြစ်နေကြတော့သည်။ ယခုနှစ်၏ သိုင်းပညာအဆောင်ပြိုင်ပွဲမှာ ယမန်နှစ်များတုန်းက သိုင်းပညာအဆောင်ပြိုင်ပွဲများနှင့် လုံးဝမတူဘဲ ကွဲပြားနေသည် မဟုတ်ပါလော။

ကောင်းကင်ယံတွင် ရှိနေကြသည့် စစ်တပ်နှင့် ပြည်ထောင်စု အရာရှိကြီးများနှင့် ကောင်းကင်တာအိုကျောင်းမှ အထက်ပိုင်းလူကြီးများ၏ အမူအရာမှာလည်း အထူးတဆန်း ဖြစ်နေကြပြီဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား ကြည့်ရင်း ပြိုင်ပွဲတစ်ခု ကြည့်နေရသကဲ့သို့ မခံစားရတော့ဘဲ အရည်အချင်း မပြည့်မီသော အစီအစဉ် ကြေညာသူတယောက်က ကြော်ငြာကဏ္ဍအတွက် အပျော်တမ်း တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်ရှုနေရသကဲ့သို့ ခံစားနေကြရပြီဖြစ်သည်။

သို့သော် အကြောက်ရွံ့အထိတ်လန့်ဆုံး ဖြစ်နေကြသည့် လူနှစ်ယောက်မှာ လုကျစ်ဟောင်၏ ပြိုင်ဘက်များဖြစ်သော အမျိုးသားနှင့် အမျိုးသမီးတို့ပင် ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ စကားစပြောခဲ့သည့် အချိန်ကတည်းက တုန်လှုပ်ချောက်ချားသွားခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့မှာ သူ၏ လုပ်ရပ်များကို မြင်လိုက်ရပြီး သူ၏ ပြောစကားများကို ကြားလိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြတော့သည်။ သူအား ဝန်းရံထားသည့် အကာအကွယ် ဖန်သားပြင်ကြီးကြောင့်သာ မဟုတ်ပါက သူတို့မှာ သူ့အား ချက်ချင်းပင် ရပ်တန့်လိုက်မည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကြောင့် သူတို့မှာ စိတ်ထဲတွင် တထင့်ထင့် ဖြစ်နေကြ၏။

လူထွားကြီးမှာ အံ့ဩတုန်လှုပ်နေသောကြောင့် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လုကျစ်ဟောင်အား လှမ်းမေးလိုက်၏။

" သူ ဘာလုပ်နေတာလဲကွ "

လုကျစ်ဟောင်မှာမူ လက်မှိုင်ချကာ စိတ်ဆင်းရဲနေရပြီး သူ၏ နာမည်ကျော်ကြားနိုင်မည့် အခွင့်အရေးကို ဝမ်ပေါင်လဲ့မှာ ထပ်မံ ခိုးယူသွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် စကားတခွန်းမှ မပြောဘဲ သုန်မှုန်နေသော အမူအရာဖြင့် သူ၏လက်သီးကို ဝှေ့ယမ်းလိုက်၏။

" ဒီ သောက်ဖက်တီးက အကွက်‌တွေ ထုတ်သုံးပြီး ပြဿနာရှာနေတာ။ သူ့ကို ကြောက်စရာမလိုဘူး။ မည်းကြီး၊ မည်းလေး၊ ဖြူလေး။ သူ့ကို သွားကိုက်လိုက်စမ်း "

သားရဲမွေးမြူရေးအဆောင်မှ ဂိုဏ်းသူမှာ လုကျစ်ဟောင် ဆိတ်ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် အေးစက်စက် ရယ်မောကာ အမိန့်ပေးလိုက်၏။ ထို့နောက် သူမမှာ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး လျင်မြန်သွက်လက်စွာ လှုပ်ရှား၍ သူမ၏ သွေးဆာနေသော ဝံပုလွေများကိုထိန်းချုပ်ကာ လုကျစ်ဟောင်ဆီသို့ ပြေးသွားခိုင်းလိုက်ပြီး သူ၏ မျက်နှာကို ကိုက်ခိုင်းလိုက်၏။

သူတို့မှာ ထိုကဲ့သို့ ဆက်လက်တိုက်ခိုက်နေစဉ် ဝမ်ပေါင်လဲ့၏ ကြော်ငြာကဏ္ဍမှာလည်း ဆက်လက် ဖြစ်ပွားနေဆဲပင်။

" ဒီပစ္စည်းကို အထင်မသေးနဲ့နော်။ ဒါက ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင် တစ်ခုပဲ။ အမြုတေနေရာမှာ သက်တံ့​ရောင် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထည့်သုံးထားတာ။ ပြီးတော့ ဒီ ဓမ္မအဆောင်က အခိုင်ခံ့ဆုံးပဲ။ ဒီပေါ်မှာ ကျနော် ကမ္ဗည်းစာလုံးရေပေါင်း နှစ်သောင်းကျော်ကို ရေးထိုးထားတာ။ ဒီ ဓမ္မအဆောင်ကို တခြားပစ္စည်းတွေနဲ့ အတူတူ တပ်ဆင်လိုက်မယ်ဆိုရင် ပစ်မှတ်တွေကို မလွတ်တမ်း လိုက်ဖမ်းနိုင်မယ့် စွမ်းရည်တစ်ခု ရသွားမဲ့အပြင် မြူခိုးတွေကိုပါ ထုတ်လွှတ်ပေးနိုင်သေးတယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆက်ပြောရင်း သူ၏မျက်လုံးများမှာ ပို၍ဝင်းလက်လာ၏။ ထို့နောက် သူ၏ ညာလက်ကို‌ ဝှေ့ယမ်းလိုက်သောအခါ အဝါ‌ရောင် မျက်နှာဖုံးသုံးခုမှာ ချက်ချင်းပင် ပေါ်ပေါက်လာသည်။

ထို အဝါ‌ရောင် မျက်နှာဖုံး သုံးခုမှာ ဘဲနှုတ်သီးနှင့် တူပါသော်လည်း ၎င်းတို့၏ အရောင်များမှာ တစ်နေရာနှင့် တစ်နေရာ မတူသောကြောင့် အရုပ်ဆိုးနေ၏။ သို့သော် သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်မည်ဆိုပါက ၎င်းတို့၏ အတွင်းပိုင်းထဲမှနေ၍ အလင်းတန်းများ ဖြာထွက်နေပြီး အားပြင်းသော ဖိအားတစ်မျိုးကို ထုတ်လွှတ်နေကြောင်း မြင်လိုက်ရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ရှင်းပြနေရင်း ဝံပုလွေသုံးကောင်၏ မာန်ပါပါ ဟိန်းဟောက်သံကြောင့် နောက်သို့ ဆုတ်ခွာလာရသော လုကျစ်ဟောင်အား အကဲခတ်လိုက်၏။ ထိုအခါ သူသည် ချက်ချင်းပင် စိုးရိမ်သွားရ၏။

" အခု ကျနော် လက်တွေ့ပြပါမယ် "

ဝမ်ပေါင်လဲ့မှာ ထိုသို့ကြေညာလိုက်ပြီး ဘဲမျက်နှာဖုံး သုံးခုကို အားပါပါနှင့် ပစ်လွှတ်လိုက်၏။

ဂိုဏ်းသူလေးမှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ လှောင်ပြုံးပြုံးလိုက်၏။

" ငါက ဖက်တီးတွေကို အမုန်းဆုံးပဲ "

သူမသည် ဝမ်ပေါင်လဲ့၏ ဟိတ်ဟန်အပြည့်ရှိနေသော အမူအရာကို သည်းမခံနိုင်တော့သောကြောင့် ထိုကဲ့သို့ ကြိမ်းဝါးလိုက်၏။ ထို့နောက် လက်ကိုဝှေ့ယမ်းကာ ထိန်းချုပ်လိုက်သောအခါ ထို ဝံပုလွေသုံးကောင်မှာ ဝမ်ပေါင်လဲ့ဆီသို့ ဒုန်းစိုင်း ပြေးလာကြတော့သည်။

သို့သော် ထိုဝံပုလွေသုံးကောင်မှာ သူ့ထံ ပြေးလာကြချိန်တွင် မျက်နှာဖုံး သုံးခုမှာ ရွှေခေါင်းလောင်းဒိုင်းကာအား ထိုးဖောက်သွားပြီး တောက်ပစွာ ဖျတ်ခနဲ လက်သွား၏။ ထိုသို့ လင်းလက်နေချိန်တွင် ထို မျက်နှာဖုံးများထံမှ ယခင်ကထက်ပင် ပို၍ အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းသော ဖိအားတစ်မျိုး ပေါ်ထွက်လာ၏။ ထို့အပြင် ထို မျက်နှာဖုံးများမှာ လေထဲတွင် ဝဲပျံနေရင်း ၎င်းတို့၏ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းများမှာ အလိုလို ထိသွားကြပြီး ထူးဆန်းသော အသံများဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ကြသောကြောင့် လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်၏။

ဝံပုလွေ သုံးကောင်မှာလည်း ကယောင်ချောက်ချား ဖြစ်သွား၏။ သူတို့မှာ ပြေးလွှားနေရာမှ ခေတ္တမျှ ရပ်တန့်သွားချိန်တွင် မျက်နှာဖုံးသုံးခုမှာ ရုတ်တရက်ဆိုသလို အရှိန်မြန်လာ၏။ ထို့နောက် ၎င်းတို့မှာ ယခင်ကထက် ပို၍ လျင်မြန်သော အမြန်နှုန်းမျိုးဖြင့် ထိုဝံပုလွေသုံးကောင်အား ပစ်မှတ်အဖြစ် သတ်မှတ်ကာ ၎င်းတို့ဆီသို့ တန်းတန်းမတ်မတ် ဝဲပျံလာကြတော့သည်။ ထိုဝံပုလွေများမှာ မည်မျှပင် အော်ဟစ်ရုန်းကန်ပြီး ပုန်းကွယ်ရန် ကြိုးစားစေကာမူ အချည်းနှီးပင်။

မျက်နှာဖုံးနှစ်ခုမှာ ဝံပုလွေနှစ်ကောင်၏ ပါးစပ်ပေါက်များကို ဖုံးအုပ်သွားပြီ ဖြစ်သည်။

သို့သော် နောက်ဆုံးမျက်နှာဖုံးမှာ ရုတ်တရက် ထိုးတက်သွားသော အမြန်နှုန်းကြောင့် ချို့ယွင်းသွားသည့် ပုံပင်။ ၎င်းမှာ ပစ်မှတ်ကို သတ်မှတ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ၎င်းမှာ တတိယမြောက် ဝံပုလွေဆီသို့ ပျံဝဲမသွားတော့ဘဲ လေထဲတွင် ချာချာလည်နေတော့သည်။

ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းလှ၏။ ဂိုဏ်းသူလေးမှာ ဆွံ့အမှင်တက်နေရာမှာ သတိပြန်မလည်လာနိုင်ခင် ဝံပုလွေနှစ်ကောင်၏ ပါးစပ်များကို ဖုံးအုပ်ထားသော မျက်နှာဖုံးနှစ်ခုထံမှ အက်ကွဲသံများ ပေါ်ထွက်လာ၏။ ထို့နောက် လျှက်တစ်ပြက်အတွင်း ထိုမျက်နှာဖုံးများပေါ်၌ ညှပ်များပေါ်လာပြီး ထိုဝံပုလွေများ၏ ပါးစပ်ပေါက်များကို ထာဝရ ပိတ်ဆို့လိုက်တော့သည်။ ၎င်းတို့မှာ ၎င်းတို့၏ ပါးစပ်ပေါက်များကို အဆုံးထိ ဟ၍ မရတော့သလို ပြန်ပိတ်၍လည်း မရတော့သဖြင့် လည်ပင်းညှစ်ခံလိုက်ရသည့်အလား ၎င်းတို့၏ အော်ဟစ်မြည်တမ်းသံများမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

ထို ဝံပုလွေများမှာ ထိုဒဏ်ရာကြောင့် ပုံခနဲ လဲကျသွားကြ၏။ ၎င်းတို့မှာ ပြန်ထလာသောအခါ အသံပင် မထွက်နိုင်တော့ပေ။ ထို့ကြောင့် ၎င်းတို့မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ထို မျက်နှာဖုံးများပေါ်တွင် လက်သည်းရာများပေါ်လာသည်အထိ ကုတ်ခြစ်နေပါသော်လည်း ထိုမျက်နှာဖုံးများကို အချိန်တိုအတွင်း ဖယ်ရှားနိုင်စွမ်းမရှိပေ။ ထို့နောက် ဖောက်ခနဲမြည်ကာ ထိုမျက်နှာဖုံးနှစ်ခုထဲမှ မြူခိုးများ အလုံးအရင်းနှင့် ထွက်ပေါ်လာပြီး ထိုဝံပုလွေနှစ်ကောင်၏ ပါးစပ်ထဲ၌ ပြည့်နှက်သွား၏။ သို့သော် ထိုမြူခိုး၏ ဂုဏ်သတ္တိမှာ ထူးဆန်းနေ၏။ ထို ဝံပုလွေနှစ်ကောင်မှာ ဒယိမ်းဒယိုင်သာ ဖြစ်သွားပါသော်လည်း သတိရှိနေဆဲပင်။

ကျန် ဝံပုလွေတစ်ကောင်မှာ မျက်နှာဖုံး၏ ချုပ်နှောင်ခြင်းကို မခံလိုက်ရပါသော်လည်း ကြောက်ရွံ့ထိတ်လန့်နေသည်မှာ သိသာ၏။ ထို့ကြောင့် ၎င်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်လာပြီး ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားတော့သည်။

" မည်းကြီး။ မည်းလေး "

ဂိုဏ်းသူလေးမှာ အလန့်တကြား အော်ခေါ်လိုက်၏။ သူမသည် စိုးရိမ်တကြီး ဖြစ်နေသည့် အမူအရာဖြင့် ချက်ချင်းပင် ရှေ့သို့ပြေးလာပြီး ထိုဝံပုလွေနှစ်ကောင်အား ကူညီပေးလိုက်၏။

ထိုအချိန်တွင် ကောင်းကင်ယံရှိ ပရိတ်သတ်များမှာမူ ထိုအခြင်းအရာများကို စိတ်ဝင်စားခြင်း မရှိပေ။ ထိုမျက်နှာဖုံးများမှာ သူ့နည်းသူ့ဟန်ဖြင့် အစွမ်းထက်ပါသော်လည်း ဝမ်ပေါင်လဲ့ အရင်ဆုံး ထုတ်ပြခဲ့သည့် ရွှေရောင်ပုတီးစေ့များနှင့် မတူဘဲ သာမန်အဆင့်တွင်သာရှိသည်။ ထို့အပြင် ထိုမျက်နှာဖုံးများထဲမှ တစ်ခုမှာ ချို့ယွင်းသွားခဲ့သေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဤတိုက်ရိုက်ထုတ်လွှင့် ကြော်ငြာမှုကြီးမှာ မအောင်မြင်ဘဲ ကျရှုံးသွားရပြီဖြစ်ကြောင်း မှတ်ယူလိုက်၏။

သို့သော် အဆင့်မြင့်ကျွန်းပေါ်ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသူများထံမှ ‌လှောင်ပြောင်သံများစွာ ပေါ်ထွက်လာ၏။ ထို့နောက် သူတို့မှာ ထိုအဖြစ်အပျက်များနှင့် ပတ်သက်၍ သည်းကြီးမဲကြီး ငြင်းခုံဆွေးနွေးနေကြတော့သည်။

" ဘာမှလဲ မဟုတ်ပါဘူးကွာ။ ပြီးတော့ မျက်နှာဖုံးတစ်ခုက ချို့ယွင်းသွားသေးတယ် "

" ကြည့်ရတာ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင် အကြံကုန်နေပြီထင်တယ်။ မဖြစ်ထွန်းပါဘူးကွာ "

ဝမ်ပေါင်လဲ့မှာလည်း စိုးရိမ်သွားပြီး ချွေးများပြန်လာတော့သည်။ ယခုလိုဖြစ်သွားရသည့် အကြောင်းအရင်းမှာ သူ ထိုမျက်နှာဖုံးကို ထုတ်လုပ်ခဲ့သည့် အချိန်တုန်းက ဖြစ်နိုင်ခြေ အမျိုးမျိုးကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသောကြောင့် ဖြစ်လိမ့်မည်ဟု သူက သိထား၏။ ထို့အပြင် သူသည် ကမ္ဗည်းစာလုံးအချို့ ရေးထိုးရာတွင်လည်း အခက်တွေ့ခဲ့ရသေးသည်။ ထို့ကြောင့် သူသည် ထိတ်ထိတ်ပျာပျာဖြင့် သူ၏ညာလက်ကို မြှောက်လိုက်သောအခါ လေထဲတွင် ရစ်ဝဲနေသည့် မျက်နှာဖုံးလေးမှာ ၎င်း၏ သခင်ဆီသို့ ပြန်ရောက်လာ၏။ ထို့နောက် သူသည် ၎င်းအား လှမ်းဖမ်းကာ ဆိုလိုက်၏။

" အဟမ်း။ ဒါက အသေးစား အမှားလေး တစ်ခုပါပဲဗျ။ ကျနော်တီထွင်ထားတဲ့ ဒီ တိတ်စမ်းဆိုတဲ့ ဓမ္မအဆောင်ကို လိုသလို ပြုပြင်ပြောင်းလဲလို့ရတယ်။ အဲ့ထဲမှာ ကျနော်က သားရဲ ခုနစ်မျိုး ရှစ်မျိုးလောက် တစ်ခါထဲ မှတ်တမ်းတင်ပေးထားပြီးသား။ လူကြီးမင်းတို့ နှစ်သက်တဲ့ သားရဲအမျိုးအစားတွေကိုလည်း ထပ်ပြီးတော့ ထည့်လို့ရတယ်ဗျ။ ဒီမှာ ကြည့်လိုက်ပါ။ ကျနော် နည်းနည်းလေး ပြုပြင်ပြောင်းလဲပေးလိုက်ရုံနဲ့ အကုန်အဆင်ပြေသွားမှာ "

ယခုအကြိမ်တွင်မူ ထို မျက်နှာဖုံးမှာ ပျံထွက်သွားပြီးသည့်တိုင်အောင် ကြောက်ရွံ့တုန်လှုပ်နေသော ဝံပုလွေဆီသို့ ဦးတည်သွားခြင်း မရှိသည့်အပြင် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကို လက်ဖြင့်ရိုက်ကာ သက်ပြင်းအရှည်ကြီး ချလိုက်ရတော့သည်။ သူ၏ ကြော်ငြာမှာ ‌ကျရှုံးသွားရပြီဖြစ်ကြောင်း သူက သိသွား၏။

သူ စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အမူအရာကို မြင်လိုက်ရသောအခါ အဆင့်မြင့်ကျွန်းပေါ်မှ လှောင်ပြောင်သံများမှာ ပို၍ပင် ကျယ်လောင်လာပြီး ကောင်းကင်ယံရှိ မဟာစင်မြင့်ပေါ်တွင် ရပ်နေကြသော ပရိသတ်များကလည်း သူ့ဆီမှ အကြည့်လွဲလိုက်ကြ၏။ ထိုအချိန်တွင် ထိုချို့ယွင်းနေသော မျက်နှာဖုံးမှာ လေထဲတွင် တစ်ကြိမ်တိတိ ရစ်ဝဲသွားပြီးနောက် ပစ်မှတ်အသစ်တစ်ခုကို ရှာတွေ့လိုက်သည့်အလား ဂိုဏ်းသူလေးဆီသို့ ရုတ်တရက်ဆိုသလို ဦးတည်လာတော့သည်။

ထိုအခါ နားကွဲလုမတတ် ကျယ်လောင်သော ဆူညံသံကြီးတစ်ခု ထွက်ပေါ်လာ၏။ အကြည့်များ လွှဲသွားခဲ့ကြသော သူများမှာလည်း ပြန်၍ လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် သူတို့အားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် အံ့ဩတုန်လှုပ်သွားကြတော့သည်။

ဂိုဏ်းသူလေးမှာမူ အမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ သူမသည် သူမ၏ဝံပုလွေများပေါ်ရှိ မျက်နှာဖုံးများကို ကူ၍ ချွတ်ပေး နေပါသော်လည်း သူမဆီသို့ တည့်မတ်စွာ ဦးတည်လာနေသည် လက်ကျန်မျက်နှာဖုံးကို မြင်လိုက်ရသောအခါ မျက်လုံးများပြူးသွား၏။ ထို့နောက် သူမ ထိုမျက်နှာဖုံးကို တပ်ထားသည့် ပုံရိပ်များမှာ သူမ၏အတွေးထဲ၌ ချက်ချင်းပင်ပေါ်လာ၏။ ထို ပုံရိပ်များမှာ သူမအတွက် အလွန်အင်မတန်မှ ကြောက်မက်ဖွယ် ကောင်းနေသောကြောင့် ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မရလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူမမှာ စူးရှရှယ်လောင်စွာ အော်ဟစ်မြည်တမ်းကာ ချက်ချင်းပင် နောက်သို့ဆုတ်သွား၏။

သူမက မြန်ဆန်သော်လည်း ထိုဘဲမျက်နှာဖုံးလေးမှာ ပို၍ပင် မြန်ဆန်နေ၏။ ၎င်းမှာ ဝီခနဲမြည်အောင် လေထုကြီးကို ထိုးခွင်းသွားပြီး သူမ၏အနားသို့ ချက်ချင်းပင်ရောက်လာ၏။ ၎င်းမှာ ထို ချစ်စရာကောင်းပြီး သေးသွယ်သွယ် မိန်းကလေး၏ ပါးစပ်ပေါက်ကိုဖုံးအုပ်ရန် ပြင်လိုက်စဉ်မှာပင် ထိုမိန်းမငယ်လေးမှာ မျက်နှာဖြူဆုတ်သွားကာ တွေးတောမနေတော့ဘဲ အကာအကွယ် ဓမ္မအဆောင်မြောက်များစွာကို ထုတ်ယူလိုက်ပြီး ထိုမျက်နှာဖုံးအား ချက်ချင်းပင် တားဆီးလိုက်၏။

လူအများမှာ ဆူညံပွက်လော ရိုက်နေကြစဉ် ထို တမူထူးခြားသော မျက်နှာဖုံးလေးမှာ ဂိုဏ်းသူလေး၏ အကာအကွယ် ဓမ္မအဆောင်အချို့ကို ထိုးဖောက်သွားပြီးနောက် အက်ကွဲကာ ရပ်တန့်သွား၏။ သို့သော် သူမ စိတ်အေးလက်အေးနှင့် သက်ပြင်းမချနိုင်ခင် ၎င်းမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားတော့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း မြူခိုးလုံးကြီးတစ်လုံး ထွက်ပေါ်လာပြီး ထိုဂိုဏ်းသူလေးဆီသို့ ပျံ့လွင့်လာ၏။

ထို မြူခိုးလုံးမှာ အဆိုးဆုံးအရာ မဟုတ်သေးပေ။ ပို၍ဆိုးသည်မှာ ထိုမြူခိုးများထဲတွင် ရှိနေသည့် အက်ကွဲသွားသော မျက်နှာဖုံးလေးထဲမှ ပါးလွှာသော ကြိုးတစ်ချောင်း ပျံထွက်လာခြင်းပင်။ ထို့ကြောင့် ဂိုဏ်းသူလေး၏ အမူအရာမှာ ထပ်၍ပြောင်းလဲသွားရပြန်သည်။ သူမမှာ မြူခိုးများကို ရှင်းထုတ်နိုင်ပါသော်လည်း ကြိုးလေးထံမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ခဏအကြာတွင် ထိုကြိုးလေးမှာ သူမအား အကြိမ်အနည်းငယ်ခန့် ရစ်ပတ်သွားပြီးနောက် သူမ၏လက်နှစ်ဖက်ကို သူမ၏ နောက်တွင် ချည်ထားလိုက်တော့သည်။

" ဝမ်ပေါင်လဲ့ "

သူမက ငယ်သံပါအောင်ဟစ်လိုက်၏။ သူမသည် ဝမ်ပေါင်လဲ့ သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည့် အချိန်တုန်းက သူ၏နာမည်ကို သိခဲ့ရခြင်းဖြစ်သည်။ ယခုတွင် သူမမှာ အမျက်ချောင်းချောင်း ထွက်နေပါသော်လည်း ခန္ဓာကိုယ်အား လူးလွန့်ကာ မတ်တတ်ရပ်နေရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်တော့ပေ။

ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီးနောက် အသိစိတ်ပြန်ဝင်လာသဖြင့် ကောင်းကင်ပေါ်သို့ ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်ပြီး ချောင်းဟန့်လိုက်၏။

" တကယ်တမ်းက ကျနော့်ရဲ့ ကြော်ငြာက မပြီးသေးလို့ပါ။ ဒီ ဓမ္မအဆောင်က လိုသလို ပြောင်းလဲနိုင်ရုံတင်မကဘူး လူတွေပေါ်မှာလည်း အံ့ဩဖို့ကောင်းလောက်အောင်ကို အသုံးဝင်တယ်ဗျ... "

သို့သော် သူ့စကားဆုံးအောင် မပြောနိုင်ခင်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာ အပြင်းအထန် တုန်ရီသွားတော့သည်။

သူ့ဆီသို့ ရောက်ရှိလာသည့် အသံလွှင့် အကြောင်းကြားစာများမှာ မိုးထိုးသွားပြီ ဖြစ်သည်။

ပြင်ပကမ္ဘာထဲရှိ အဆင့်မြင့်ကျွန်းပေါ်တွင်လည်း ကျောင်းသားပေါင်း ထောင်သောင်းများစွာက ထိုပြိုင်ပွဲကို အာရုံစိုက်၍ ကြည့်ရှုနေကြသည်ဖြစ်ရာ သူတို့ထဲမှအများစုမှာ အလန့်တကြား အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ဝင်းလက်တောက်ပသွား၏။ ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများပင်လျှင် ထိုပစ္စည်းကို သဘောကျနှစ်ခြိုက်သွားကြ၏။

ဓမ္မလက်နက်အဆောင်ထဲတွင် ထိုကဲ့သို့ အလွယ်တကူပြုပြင်ပြောင်းလဲနိုင်သည့် ဓမ္မအဆောင် မြောက်မြားစွာရှိပါသော်လည်း ဝမ်ပေါင်လဲ့ တီထွင်ထားသော မျက်နှာဖုံးမှာ အပြစ်အနာအဆာ မကင်းသည့်တိုင်အောင် တမူထူးခြားသည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ထိုကဲ့သို့ အရည်အသွေးများမှာ မမှန်းဆနိုင်သော ရလဒ်များကို ပေးစွမ်းနိုင်၏။

" ဒီလိုလည်း ရတာပဲဟ။ တော်တော်ကို ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတာပါလား။ ဝမ်ပေါင်လဲ့ရေ။ ငါ မင်းကို ရွံသွားပြီဟေ့။ သုံးခုလောက်ရောင်းဦး "

" ဒီ ဓမ္မအဆောင်က တော်တော် အံ့သြဖို့ကောင်းတာပဲ။ အသုံးပြုနည်း သုံးမျိုးတောင် ရှိတယ်။ ပထမတစ်နည်းက မျက်နှာဖုံး၊ ပြီးတော့ မြူခိုး နောက်ဆုံးက ကြိုး။ ဒီ ဓမ္မအဆောင်ကို ခုခံနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ လူတွေကို တုပ်နှောင်တဲ့နေရာမှာ ကောင်းကောင်း အသုံးပြုလို့ရတဲ့ ကိရိယာတစ်ခုပဲ "

" မင်းတို့အားလုံးက ဦးနှောက် တစ်ခန်းလွတ်နေကြတာပဲ။ လူတွေကို ချည်နှောင်နိုင်တာ ဘာလုပ်ရမှာလဲကွ။ ဒီ ဓမ္မအဆောင်က ငါတို့ မှော်ဆေးရည်အဆောင်အတွက် အသင့်တော်ဆုံးပဲ။ သုံးထားတဲ့ မြူခိုးက အဆင့်မရှိပေမဲ့ အဲ့နေရာမှာ အစားထိုးပြီးသွားရင် ဒီရတနာလေးက တော်တော်ကို အံ့ဩဖို့ ကောင်းသွားမှာ။ အဲ့အငွေ့ကို ရှူမိလိုက်တဲ့လူတိုင်း မူးမေ့သွားမှာကွ "

" ငါ ဆယ်ခု လိုချင်တယ်ဟေ့ "

All Chapters