အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁) - ဝူမင်းဆက်မှ တန်ခိုးရှင်များ၊ စုစည်းကြလော့
“မင်းတို့ ဆက်လုပ်ကြပေတော့၊ ကံပါလျှင် နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့။”
ဝမ်တန်း မတုံ့ပြန်လိုက်ရခင်မှာပင် လီယွဲ့၏ ပုံရိပ်မှာ လေထဲတွင်
ပျောက်ကွယ်သွားလေပြီ။ ဖုန်းမန်မှာလည်း
အချုပ်အနှောင်မှ လွတ်မြောက်လာသည်။ သူ့မျက်လုံးတို့မှာ
သွေးရောင်လွှမ်းနေပြီး လူသားမျိုးနွယ်
တန်ခိုးရှင်များဆီသို့ အငြိုးအတေးဖြင့် စိုက်ကြည့်နေမိ၏။ ဝမ်တန်း၏ နှလုံးသားမှာ
တစ်ချက်ခုန်သွားသည်။
“သေစမ်း... အကြီးအကဲက ဒီကောင်ကို တစ်ချက်လွှတ်နဲ့ ရိုက်မသတ်ခဲ့ဘူးပဲ။”
“သေကြစမ်း”
ဖုန်းမန်၏ စွမ်းအင်တို့မှာ တုန်ခါသွားပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“ဟေ့ကောင်... ခဏနေဦး ဘယ်လို သူရဲကောင်းမျိုးက ခွန်အားဗလနဲ့ပဲ တိုက်ခိုက်တာလဲ။
တကယ်စွမ်းရင် ‘မြေရှင်ကို တိုက်ခိုက်ခြင်း’ ကစားနည်းနဲ့
အဖြေရှာကြည့်မလား” ဝမ်တန်းက အော်ဟစ်လိုက်သည်။
ဖုန်းမန်၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားပြီး မျက်လုံးတို့မှာ တစ်ချက်
အရောင်လက်သွားသည်။ အနီးတွင် ရပ်နေစဉ်က လီယွဲ့၏
စည်းမျဉ်းရှင်းပြချက်ကို သူကြားခဲ့ရပြီး အလောင်းအစားပွဲ နှစ်ပွဲကိုလည်း
ကြည့်ရှုခဲ့ပြီးဖြစ်ရာ လက်တို့မှာ ယားယံနေသည်မှာ ကြာပြီဖြစ်သည်။ ငယ်စဉ်ကတည်းက
နတ်ဆိုးမျိုးနွယ်စုတွင် မည်သည့်အရာကိုမဆို ထူးချွန်အောင်
လုပ်ပြခဲ့သူဖြစ်ရာ ဒီကစားနည်းလောက်တော့ သူ့အတွက်
အပျော်အပါးသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ယုံကြည်နေသည်။
“ကောင်းပြီလေ။ မင်းတို့ထဲက နှစ်ယောက်ထွက်ခဲ့၊ ငါတစ်ယောက်တည်းနဲ့ အကုန်
ရင်ဆိုင်မယ်။”
“လာခဲ့၊ လာခဲ့ ဒီနေ့ ငါမင်းကို သွေးတစ်စက်မှ မစွန်းဘဲ ဘယ်လိုအနိုင်ယူမလဲဆိုတာ
ပြပေးမယ်” ဝမ်တန်းကလည်း ရဲတင်းစွာပင် ပြန်လည် ကြုံးဝါးလိုက်သည်။
ဖုန်းမန်မှာ အေးစက်စွာ ပြုံးလိုက်သည်။ ‘ငါနိုင်မှာ သေချာနေတာပဲ။ တကယ်လို့များ
မင်းတို့က ကံကောင်းလို့ နိုင်သွားရင်တောင် ဒီနေ့တော့ အသက်ရှင်လျက်
ပြန်မသွားရဘူး။’
‘မင်းတို့ကတော့ သတ်ကွင်းထဲက သိုးအုပ်လေးတွေလိုပဲ၊ ငါ့အတွက် အပျော်သက်သက်ပဲ’
မကြာခင်မှာပင် ကစားပွဲမှာ အရှိန်အဟုန်ဖြင့် စတင်သွားတော့သည်။ ကစားသမားများနှင့်
ကြည့်ရှုသူများဖြင့် ပွဲမှာ အလွန်ပင် စည်ကားနေ၏။
ယူရှူ လျှို့ဝှက်နယ်မြေ၏ အခြားတစ်နေရာတွင်မူ တန်ခိုးရှင်အများအပြားမှာ
အုံလိုက်ကျင်းလိုက် စုဝေးနေကြသည်။ လူသား၊ နတ်ဆိုး၊
ကွီးမျိုးနွယ်နှင့် လူ့ကိုယ်တိရစ္ဆာန်ခေါင်းရှိသော
ယောင်မျိုးနွယ်စုများမှာ
လက်နက်ကိုယ်စီဖြင့် တစ်ဖက်နှင့်တစ်ဖက်
စောင့်ကြည့်နေကြသော်လည်း တိုက်ပွဲမစကြသေးပေ။ သူတို့၏
အာရုံစိုက်မှုမှာ အရာတစ်ခုတည်းပေါ်တွင်သာ ရှိနေသည်။
တောအုပ်အထက်ရှိ သစ်ပင်ကြီးကို ရစ်ပတ်ထားသော အလင်းတန်းများ ဖြာထွက်နေသည့်
နွယ်ပင်ပေါ်တွင် သွေးရောင်သန်းနေသော အသီးခုနစ်လုံးမှာ တရွရွ
လှုပ်ရှားနေသည်။ ခဏအကြာတွင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။
“ထူးခြားတဲ့ ရတနာအသီးခုနစ်လုံး ရင့်မှည့်သွားပြီ”
“သတ်”
“ရတနာကို လုယူကြ”
ဂိုဏ်းဂဏအသီးသီးတို့မှာ ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။
“အစ်ကိုချူ၊ ကျွန်တော်တို့... မလှုပ်ရှားကြတော့ဘူးလား”
ယန်ဘင်းချိုင့်ဝှမ်းမှ ဂေါ်ရှန်းဆိုသူ လူငယ်လေးက ဟောက်ယွဲ့ ဂိုဏ်း၏
သန့်ရှင်းသောသားတော် ချူဟဲအား မျက်နှာချိုသွေးကာ
မေးလိုက်သည်။ သူတို့နှင့်အတူ သွေးဝံပုလွေခံတပ်မှ တုံဘောင်နှင့် တုံရွှမ်ဆိုသည့်
ညီအစ်ကိုနှစ်ယောက်လည်း ပါဝင်သည်။ ဤသူတို့မှာ ဝူမင်းဆက်မှ တန်ခိုးရှင်များဖြစ်ကြပြီး
ဂိုဏ်း၏ ခေါင်းဆောင် ချူဟဲနောက်သို့ လိုက်ပါလာခြင်း ဖြစ်သည်။
“မင်းက တုံးအလိုက်တာ။ လူတွေအများကြီးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ၊ နတ်ဆိုးတွေနဲ့
ကွီးတွေကလည်း ရက်စက်လှတယ်။ အခုချက်ချင်း ဝင်တိုက်ရင် ခေါင်းဖြတ်ခံရဖို့
သွားပို့တာနဲ့ ဘာထူးလဲ။”
ဂေါ်ရှန်း ကြောင်အသွားသည်။ “သန့်ရှင်းသောသားတော်၊ ဒီအတိုင်း ရပ်ကြည့်နေရုံပဲလား။
အဲ့ဒါ ရတနာအသီးခုနစ်လုံးနော်”
“မစောပါနဲ့။ ခဏစောင့်၊ အကုန်လုံးက ငါ့လက်ထဲမှာပဲ။”
ချူဟဲမှာမူ သူ့လက်ထဲမှ မှော်သေတ္တာငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။ “ဒီလူတွေက
ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ။”
သူသည် ဝူမင်းဆက်တန်ခိုးရှင်များအဖွဲ့ဟူ၍ ဆက်သွယ်ရေးစနစ်တစ်ခု တည်ဆောက်ထားခဲ့သည်။
သတင်းအချက်အလက်ကို ပေးပို့ထားသော်လည်း အဖွဲ့ဝင်များမှာ လမ်းခုလတ်တွင်ပင်
ရှိနေသေးသည်။
တိုက်ပွဲမှာ ပြင်းထန်လာပြီး မှော်ရတနာများ၏ အရောင်အလင်းတန်းတို့မှာ ကောင်းကင်ကို
ဖုံးလွှမ်းသွားသည်။ ရတနာအသီးအနီးသို့ ကပ်လာသမျှ တန်ခိုးရှင်တိုင်းမှာ
ဝိုင်းဝန်း တိုက်ခိုက်ခံရပြီး သေဆုံးသွားကြသည်။
ချူဟဲမှာမူ မှော်ပစ္စည်းဖြင့် မှတ်တမ်းတင်နေသည်။ “ဒီလို အလန်းစားပစ္စည်းလေးက
ပုံတောင် ရိုက်လို့ရတယ်... ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်ဆိုတာ
ဒီလိုမျိုး ရှားပါးတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်ထားမှပေါ့။”
မကြာမီ ချူဟဲထံသို့ ဝူမင်းဆက်မှ တန်ခိုးရှင်အဖွဲ့များ ရောက်ရှိလာကြသည်။
“သန့်ရှင်းသောသားတော်၊ ကျွန်တော်တို့ ရောက်လာပါပြီ”
ချူဟဲမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ “ညီအစ်ကိုတို့၊ စည်းလုံးခြင်းရဲ့ အစွမ်းကို
သူတို့ကို ပြလိုက်ကြစို့”
“သတ်”
ဝူမင်းဆက်မှ တန်ခိုးရှင်ရာပေါင်းများစွာ ပေါ်ထွက်လာပြီး တိုက်ပွဲကို လျင်မြန်စွာပင်
ထိန်းချုပ်လိုက်သည်။ ဖုန်းမင်းဆက်မှ တန်ခိုးရှင်တို့မှာ ထိတ်လန့်သွားသည်။
“ဖြစ်နိုင်ပါ့မလား... တစ်ရက်အတွင်း သူတို့ဘယ်လိုလုပ် လူအင်အား ဒီလောက်
စုမိသွားတာလဲ။”
ရုတ်တရက် ကောင်းကင်မှ ရွှေရောင်ကြိုးတစ်ချောင်း ကျဆင်းလာပြီး ရန်သူအချို့ကို
သားကောင်သဖွယ် ရစ်ပတ်ဖမ်းဆီးလိုက်သည်။ ချူဟဲမှာ တည်ငြိမ်စွာပင်
ကြုံးဝါးလိုက်သည်။
“ဘယ်သူမှ ထွက်မပြေးကြနဲ့ ဝူမင်းဆက်က မဟုတ်ရင် အကုန်သတ်ပစ်”
ခဏအကြာတွင် တိုက်ပွဲမှာ သွေးချောင်းစီးသွားပြီး ဝူမင်းဆက်မှ တန်ခိုးရှင်တို့၏
အင်အားကြောင့် မည်သူမျှ ခုခံနိုင်စွမ်း မရှိတော့ပေ။ ဂေါ်ရှန်းနှင့်
တုံညီအစ်ကိုတို့မှာ အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။
“ပြီး... ပြီးသွားပြီလား။”
“သန့်ရှင်းသောသားတော် ပြောတဲ့အတိုင်းပဲ၊ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာပဲ။
တကယ့်ကို အံ့ဩဖို့ကောင်းလိုက်တာ။”
အခန်း (၁၀၂) - အကောင်းဆုံးသော နည်းလမ်း
တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် စစ်နိုင်သူတို့၏ ဝေစုများကို
စုဆောင်းကြပြီးနောက် အရေးကြီးဆုံးဖြစ်သည့်
ရတနာအသီးခုနစ်လုံးအား မည်သူပိုင်ဆိုင်မည်နည်းဟူသော ပြဿနာ ပေါ်ပေါက်လာသည်။
တန်ခိုးရှင် ရာပေါင်းများစွာမှာ စုဝေးနေကြ၏။
“သန့်ရှင်းသောသားတော်၊ ကျွန်တော်တို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ခုနက
ပြောခဲ့တဲ့ စကားတွေအတွက် ခွင့်လွှတ်ပေးပါ။ ကျွန်တော်
တိုတောင်းလွန်းလို့ပါ။”
မျက်နှာပျက်နေသော ဝူမင်းဆက် တန်ခိုးရှင်အဖွဲ့က ချူဟဲအား ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။
ချူဟဲမှာ လက်ကို ဝှေ့ယမ်းကာ သဘောထားကြီးစွာပင် တုံ့ပြန်သည်။ “ဝူမင်းဆက်ရဲ့
တန်ခိုးရှင်တွေပဲ၊ တစ်ယောက်ကို တစ်ယောက် ကူညီဖို့ဆိုတာ
တာဝန်ပဲပေါ့။”
“သန့်ရှင်းသောသားတော်က တကယ့်ကို ဖြောင့်မတ်သူပါ။”
“ဒီ ရတနာအသီးခုနစ်လုံးကို ကျွန်တော်တို့ မဝေစုတော့ပါဘူး။ သန့်ရှင်းသောသားတော်နဲ့
တခြားသူတွေကိုပဲ ပေးအပ်လိုက်ပါတယ်။”
ချူဟဲမှာ မေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဝေစုခွဲမလား
လူရာကျော်၊ အသီး ခုနစ်လုံး၊ ဂိုဏ်းပေါင်းစုံမှ လူတွေ။ ဘယ်လို ခွဲရမလဲ
ခွဲဖို့ဆိုတာ မလွယ်လှ။ အဆင်မပြေလျှင် အတွင်းရေး ပြဿနာများ
တက်လာနိုင်သည်။ လျှို့ဝှက်နယ်မြေထဲတွင် အချိန်မှာ အစပျိုးရုံသာ ရှိသေးရာ
မညီညွတ်မှုကို အခုချက်ချင်း ဖြစ်စေ၍ မရ။
ထိုသို့ စဉ်းစားနေစဉ်မှာပင် ပုံရိပ်တစ်ခုမှာ လေဟာနယ်မှတဆင့် ရုတ်တရက်
ပေါ်ပေါက်လာသည်။
“ဟေး... အားလုံးပဲ ရှိနေကြတာကိုး”
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
“အရှင်... အရှင်သခင်”
လီယွဲ့မှာ နှာခေါင်းကို အုပ်ထားလိုက်သည်။ ပတ်ဝန်းကျင်တွင် လွှမ်းခြုံနေသော
သွေးညှီနံ့များကြောင့် သူ မအီမသာ ဖြစ်နေသည်။ “တိုက်ပွဲကြီးတစ်ခု
ဖြစ်ခဲ့ပုံပဲနော်”
လူတိုင်းမှာ လီယွဲ့အား လေးစားစွာ ဦးညွှတ်ကြသည်။
“အရှင်သခင်ကို ဂါရဝပြုပါတယ်။”
“ဒီလောက် အခမ်းအနားတွေ လုပ်မနေပါနဲ့၊ အားလုံးပဲ။”
ဂေါ်ရှန်းနှင့် တုံညီအစ်ကိုတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အနေကြသည်။
ဤသူကား မည်သူနည်း။ လူတိုင်းက ဘာကြောင့် ဤမျှ လေးစားနေကြသနည်း။ ဂိုဏ်း၏
သန့်ရှင်းသောသားတော်ပင်လျှင် အလားတူပင်။ သူတို့၏ မျက်ဝန်းတို့တွင်
လေးစားမှုထက် ပိုသော အရာတစ်ခု၊ ဝါသနာပါလွန်းသည့် အရိပ်အယောင်တစ်ခုကိုပင်
မြင်နေရသည်။
“အရှင်သခင်၊ ဘယ်လိုလုပ်ပြီး ဒီထဲရောက်လာတာလဲ... ဒီလျှို့ဝှက်နယ်မြေက တားမြစ်ချက်တွေ
မရှိဘူးလား” ချန်ဂျင်က မေးလိုက်သည်။
လီယွဲ့ မဖြေခင်မှာပင် ချူဟဲက ရယ်မောကာ ကြားဖြတ်ပြောသည်။ “ဂိုဏ်းချုပ်ချန်၊ ဘာတွေ
ပြောနေတာလဲ။ အရှင်သခင်ဆိုတာ ဘယ်သူလဲဆိုတာ သိရဲ့လား။ တားမြစ်ချက်ဆိုတာတွေက
အရှင်သခင်အတွက် ဘာမှမဟုတ်ပါဘူး။”
“ဟုတ်ပါတယ်၊ အရှင်သခင်ရဲ့ ကောင်းကင်ဘုံကို ကျော်လွန်တဲ့ စွမ်းအားတွေအတွက်
မသွားနိုင်တဲ့ နေရာဆိုတာ မရှိပါဘူး။”
ဝူမင်းဆက်မှ တန်ခိုးရှင်များကလည်း ချီးမွမ်းစကားများ တရစပ် ပြောဆိုကြသည်။
ဂေါ်ရှန်းတို့မှာမူ ဘာမျှ ပြောစရာစကား မရှိတော့ပေ။ ဤသူကား
မည်သူနည်း။
“အရှင်သခင်၊ အဆက်အသွယ်စနစ်တွေကြောင့် ကျွန်တော်တို့ လူရာကျော် အချိန်တိုအတွင်း
စုမိပြီး တိုက်ပွဲကို အနိုင်ရခဲ့တာပါ။ တကယ့်ကို ကျေနပ်ဖို့ ကောင်းပါတယ်”
လီယွဲ့မှာမူ ပြုံးရယ်နေပြီး စကားမဆို။ ချူဟဲ၏ မျက်လုံးတို့မှာ အရောင်လက်သွားသည်။
“အရှင်သခင်၊ အခု အခက်အခဲလေးတစ်ခု ရှိနေပါတယ်။”
သူသည် နွယ်ပင်ပေါ်မှ ရတနာအသီးခုနစ်လုံးကို လက်ညှိုးထိုးပြသည်။ “ဒါတွေက
အလွန်ရှားပါးတဲ့ ရတနာအသီးတွေပါ။ ဒါပေမဲ့ လူတွေက ရာကျော်၊
အသီးက ခုနစ်လုံးပဲ ရှိတယ်။ ဘယ်လို ခွဲရမလဲဆိုတာ စဉ်းစားမရ ဖြစ်နေလို့ပါ။”
“လျှို့ဝှက်နယ်မြေထဲမှာ အတူတူ ပူးပေါင်းလုပ်ဆောင်တာက အရေးကြီးတယ်။ အားလုံးကို
အကျိုးရှိစေမယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။”
“အရှင်သခင်၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ။”
“နည်းလမ်းကတော့... ဒီအသီးတွေကို ငါ့ဆီ ပေးလိုက်ကြပါ။”
ဂေါ်ရှန်းတို့မှာ ရင်ခုန်သွားသည်။ “ဘာမှမလုပ်ဘဲ အလကား ရယူတော့မှာလား။”
သို့သော် ထူးဆန်းစွာပင် မည်သူမျှ ကန့်ကွက်လိုပုံ မရကြ။
“အရှင်သခင် ပြောတဲ့အတိုင်းပဲ လုပ်ကြစို့။ သဘောတူကြလား။”
“သဘောတူတယ်”
မည်သူမျှ မငြင်းဆန်ကြ။ အရှင်သခင်က တောင်းဆိုပါက မည်သူမျှ ငြင်းဆန်ရဲမည် မဟုတ်ပေ။
အရှင်သခင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခြင်းကပင် ကြီးမားသော အခွင့်အရေး
ဖြစ်သည်။
“ဒါက အကောင်းဆုံး စီစဉ်မှုပါပဲ။” ချူဟဲက ခေါင်းညိတ်သည်။
ဂေါ်ရှန်းမှာမူ မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။ “သူတို့တွေ ရူးနေကြတာပဲ။ အဲ့ဒါ
ရတနာအသီးခုနစ်လုံးနော်”
“အားလုံး နားလည်မှု လွဲနေကြတာပါ။ ဒါတွေက ငါ့အတွက် အသုံးမဝင်ပါဘူး။ တိတိကျကျ
ပြောရရင် ငါ့ကို ပေးတာ မဟုတ်ဘူး၊ ငါ့နဲ့ လဲလှယ်ကြမှာ။”
လီယွဲ့မှာ လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်တွင် အနက်ရောင် အိုးငယ်များ အစီအရီ
ပေါ်လာသည်။
“ဒီခံစားချက်က...”
“ရွှေဥတွေ ဖောက်တာနဲ့ တူတယ်”
“မင်းမျက်လုံးတွေ မှုန်နေတာလား ဒါတွေက ရွှေဥတွေ မဟုတ်ဘူး၊ အနက်ရောင်ဥတွေ”