← Chapters

အခန်း (၁၁၃၁-၁၁၃၂)

Vol. 95 Ch. 1131-1132

အခန်း (၁၁၃၁-၁၁၃၂)

Vol. 95 Ch. 1131-1132

အခန်း ၁၁၃၁ -

လမ်းညွှန်အင်မော်တယ် ပလက်ဖောင်း ဆင်းသက်လာခြင်း။   

နောက်ရက်များတွင် အားချိုင်မှ စုရီနှင့် တွေ့ဆုံခွင့်တောင်းခဲ့သော်ငြားလည်း တံခါးပိတ် ကျင့်ကြံနေသဖြင့် တွေ့ခွင့်မရခဲ့ချေ။ ထို့ကြောင့် ကျောက်စိမ်းသေတ္တာတစ်လုံးကို ပေးအပ်ခဲ့၏။

“ တာအိုစု ထွက်လာရင် ဒါကို ပေးလိုက်ပါ။ ”

ချင်းရှစ်က ခေါင်းညိတ်ကာ လက်ခံယူလိုက်သည်။

“ နောက်ပြီး သူ့ကို နှုတ်ဆက်ခဲ့တယ်လို့ ပြောပေးပါ။ ”

အားချိုင်မှ တိုးတိုးလေး ထပ်ပြော၏။ ချင်းရှစ်တစ်ယောက် လုံးဝကို ဇဝေဇဝါဖြစ်လာ ခဲ့သည်။ သို့တိုင် ခေါင်းညိတ်ပြီး သဘောတူ လိုက်သည်။

အားချိုင်က နှောင့်နှေး မနေတော့ဘဲ လှည့်ထွက်သွား၏။ လမ်းခရီးတွင် လှံကိုင် အမျိုးသမီးက သူမကိုစောင့်နေပြီး၊

“ မင်းက ... အဲဒီလူယုတ်မာကို ထာဝရအမှန်တရားရဲ့ လျှို့ဝှက်ချက်တွေပေးဖို့ ကြိုးစားခဲ့ပေမယ့် သူ့မျက်နှာကိုတောင် မမြင်လိုက်ရဘူး မဟုတ်လား ...

... အဲဒါက ... မင်းအတွက် တကယ့်ကို ဆိုးရွားတဲ့ခံစားချက်ဖြစ်မယ်လို့ သေချာပေါက် ပြောရဲတယ်။ ”

-ဟု မှတ်ချက်ပေးလာ၏။ သို့တိုင် အားချိုင်မှ ပြုံးရယ်ပြီး၊

“ ငါ့ရဲ့ခံစားချက်တွေကို ဖော်ပြပြီးပြီ သူနဲ့တွေ့ခွင့်မရတာလောက်ကို ဘာလို့များ စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ ...

... ဒါနဲ့ နင် ငါ့နောက်ကို ဘယ်လောက်ကြာကြာ ဆက်လိုက်နေဦးမှာလဲ ဘာလိုချင်တာလဲ။ ”

-ဟု တုန့်ပြန်မေးမြန်းလိုက်သည်။ အမျိုးသမီးက ခဏမျှတွန့်ဆုတ်သွားပြီးနောက်၊

“ ငါ မင်းကို အကူအညီတစ်ခု တောင်းချင်တယ်။ ”

-ဟု တုန့်ပြန်လာ၏။ အားချိုင်မှ အံ့အားသင့်သွားသည်။

“ ဘာအကူအညီလဲ။ ”

“ ငါ့ကို အင်မော်တယ်နယ်မြေဆီ ခေါ်သွားပေးပါ ... ငါကိုယ်တိုင်သွားမယ်ဆိုရင် စည်းမျဉ်းတွေက ငြင်းပယ်နိုင်တယ် ဒါပေမယ့် မင်းကတော့ မတူဘူး ... မင်းငါ့ကို ခိုးဝင်ဖို့ ကူညီပေးနိုင်တယ်။ ”

“ နင်က ဒီအတွက်နဲ့ တချိန်လုံး ငါ့နောက်ကိုလိုက်နေတာလား။ ”

“ ဟုတ်တယ် ... မင်းငါ့ကိုကူညီရင် အနာဂတ်မှာ ငါမင်းကိုပြန်ဆပ်မယ်။ ”

“ တကယ်ပြန်ဆပ်ချင်ရင် ငါတို့ အင်မော်တယ်နယ်မြေကို ရောက်တာနဲ့ မင်းငါနဲ့ တစ်နေရာရာကို လိုက်ခဲ့ပါ။ ”

“ ဘယ်ကိုလဲ ... ။ ”

“ ကပ်ဘေးလွတ်မြောက်ရာပင်လယ်။ ”

“ ဟမ့် ... အဲဒီနေရာက အင်မော်တယ် နယ်မြေရဲ့ တားမြစ်နယ်မြေတွေထဲက တစ်ခုပဲ မင်းဘာအတွက် သွားချင်နေရတာလဲ။ ”

“ နင်လိုက်မှာလား မလိုက်ဘူးလားပြောပါ။ ”

“ နောက်ဆုံးတော့ နားလည်ပြီ ... မင်းမှာလျှို့ဝှက်ချက်တွေ အတော်များတာပဲ ဘာပဲဖြစ်ဖြစ် ငါမင်းရဲ့အကူအညီလိုအပ်တယ် သဘောတူတယ်။ ”

“ ကောင်းပြီ ငါလည်းသဘောတူတယ်။ ”

ထိုနောက်တွင် အားချိုင်နှင့်အတူ လှံကိုင်အမျိုးသမီးသည် ပထမတိုက်ပွဲကွင်းမှ ထွက်ခွာသွားတော့၏။ စုရီအတွက်မူ ပြင်ပတွင် ဖြစ်ပျက်နေသည့် အရာများကို မသိခဲ့ချေ။

တစ်ယောက်တည်း တံခါးပိတ်နေပြီး သူ့အုတ်မြစ်ကိုသန့်စင်ကာ ငြိမ်သက်အောင် လုပ်ဆောင်နေခဲ့သည်။

အချိန်များ ကုန်လွန်နေ၏။ လများစွာမှာ တခဏအတွင်း ကုန်ဆုံးသွားသည်။ ဤအချိန် အတောအတွင်း ဧည့်လွင်ပြင်သည် တိုက်ပွဲများ မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

မည်သည့်ဂိုဏ်း၏ အစွမ်းထက် ပုဂ္ဂိုလ်မျိုးမဆို အခွင့်အလမ်းများကို ရှာဖွေခြင်း သို့မဟုတ် ကျင့်ကြံခြင်းပြုလုပ်နေကြသည်။

အရာအားလုံးသည် လမ်းညွှန်ပလက်ဖောင်း ပေါ်လာသောအခါ အခွင့်အရေးကိုဆုပ်ကိုင်ရန် ရည်ရွယ်ချက်အတွက်ဖြစ်၏။

များမကြာခင် စုရီသည် ကျင့်ကြံရာမှ ထွက်လာပြီး ဓားမိစ္ဆာချင်းရှီထံမှ ကိစ္စများစွာကို ပြန်လည်ကြားသိခဲ့ရသည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ပေါ်လာကာ ယွီချန်ကို နှိမ်နင်းခဲ့ကြောင်းနှင့် အားချိုင်၏ ကျောက်စိမ်းသေတ္တာအကြောင်း ပါဝင်သည်။

အားချိုင်၏ သတင်းစကားအရ သူမသည်ပထမတိုက်ပွဲကွင်းမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရ၏။

အားချိုင်သည် အချိန်နှင့်အာကာသ စွမ်းအားကိုပိုင်ဆိုင်ထားသေကြောင့် လမ်းညွှန် ပလက်ဖောင်းကို စောင့်နေစရာ မလိုချေ။

သူမ ဆန္ဒရှိသော် အချိန်မရွေး နေရာဒေသမရွေးသွားလာနိုင်၏။ အရှေ့ဘက် ရွှမ်ဒေသရှိ ပြန်လည်ဝင်စားခြင်းသစ်ပင်သို့ ဝင်ရောက်စဉ်ကနှင့် အတူတူပေပင်။

သွေးနီရောင် လွင်ပြင်တွင် လမ်းမခွဲခင်တုန်းက သူ့ကိုခေါ်သွားပေးမည်ဟု ပြောခဲ့ဖူး၏။ သို့သော် သူ ငြင်းဆိုခဲ့သည်။

လမ်းညွှန်အင်မော်တယ် ပလက်ဖောင်း ပေါ်လာချိန်တွင် ရှားပါးသောအခွင့်အရေးတစ်ခု ကျဆင်းနိုင်သေး၏။ သဘာအတိုင်း လက်လွတ်မခံချင်ချေ။

“ ငါ မမှားဘူးဆိုရင် အဲဒီအမျိုးသမီးက အားချိုင်နဲ့အတူ လိုက်သွားပုံပဲ။ ”

စုရီက မှတ်ချက်ပေးလိုက်သည်။ လှံကိုင်အမျိုးသမီး၏ ထူးခြားသောနောက်ခံနှင့် ကျင့်ကြံမှုသည် မြင့်မား၏။

ထို့ကြောင့် လမ်းညွှန် အင်မော်တယ် ပလက်ဖောင်းကို တက်လှမ်းနိုင်မည်မဟုတ်ချေ။ အင်မော်တယ်စည်းမျဉ်းများသည် သူမကို ဖမ်းမိကာ ငြင်းပယ်ပေလိမ့်မည်။

“ ဘုန်းကြီကျိကုန်း အခြေအနေဘယ်လိုလဲ။ ”

စုရီက သေတ္တာကို မဖွင့်ကြည့်တော့ဘဲ မေးမြန်းလိုက်သည်။

“ သူ့ဝိညာဉ်ကို လုံးဝပြုပြင်ပြီးပြီ ... အခု တာအိုခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်နေတယ် ဒါပေမယ့် အင်မော်တယ်မြေကို တက်လှမ်းဖို့ အခွင့်အရေး သူ စွန့်လွှတ်လိုက်ပြီ။ ”

ဤသည်မှာ သာမန်ပေပင်။ ဘုန်းကြီးကျိကုန်း၏ဒဏ်ရာများမှာ ပြင်းထန် လွန်းသောကြောင့် အင်မော်တယ်ဒုက္ခကို ခံနိုင်မည်မဟုတ်ချေ။

“ အရှုံးပေးလိုက်တာလည်း ... အဆင်ပြေပါတယ် အရှေ့ဘက်ရွှမ်နယ်မြေကို ပြန်ရောက်ရင် စစ်မှန်တဲ့လူသားဟုန်ယွမ်ကို ရှာခိုင်းလိုက်ပါ သူမနဲ့အတူ အင်မော်တယ် နယ်မြေကိုလိုက်လာဖို့ လွယ်လိမ့်မယ်။ ”

အရှေ့ဘက်ရွှမ်နယ်မြေ၏ ကောင်းကင် စည်းမျဉ်းတွင် အင်မော်တယ် အရှိန်အဝါများ ပြန်လည်ရှင်သန်လာနေပြီဖြစ်သည်။

လုံးဝ ပြန်လည်ကောင်းမွန်လာသောအခါ စစ်မှန်သောလူသားဟုန်ယွမ်ကဲ့သို့ ပုဂ္ဂိုလ်သည် အင်မော်တယ်မြေသို့ တိုက်ရိုက်ပြန်နိုင်၏။

ဥပမာအားဖြင့် ဤတစ်ကြိမ် ဒိုမိန်းတိုက်ပွဲကွင်း ပွင့်လာသောအခါတွင် မိုမိသားစုသည်လည်း ဝင်ရောက်လာခြင်း မရှိချေ။

အကြောင်းရင်းသည် အင်မော်တယ် တစ်ပါးဦးဆောင်နေသော အင်အားစုတစ်ခုသည် အင်မော်တယ်မြေသို့ ပြန်ရန်လွယ်ကူချေ၏။

တစ်စုံတစ်ယောက်သည် တာအိုကို နားလည်လာသောအခါ သူ့ကြက်နှင့် ခွေးပင် ကောင်းကင်ဘုံကို တက်ရောက်နိုင်မည်ဟူသော စကား၏ အနှစ်သာရပေပင်။

သို့သော် အင်အားစုတိုင်းသည် အင်မော်တယ်တစ်ပါးကို ပိုင်ဆိုင်နိုင်သည် မဟုတ်ချေ။

ထို့ကြောင့် ကျင့်ကြံသူအများစုသည် လမ်းညွှန်ပလက်ဖောင်းမှတဆင့် အင်မော်တယ် မြေသို့ တက်လှမ်းရပေမည်။

“ အဲဒါက ကောင်းတဲ့ ထွက်ပေါက်တစ်ခုပါပဲ။ ”

ချင်းရှစ်က ပြုံးလျက် မှတ်ချက်ပေးလိုက်သည်။

“ မင်းလည်း ပြင်ဆင်ထားသင့်တယ် လမ်းညွှန်ပလက်ဖောင်း ထွက်ပေါ်လာတဲ့အခါ ငါမင်းကိုခေါ်သွားပေးမယ် မင်းလုပ်ရမှာက အင်မော်တယ်ဒုက္ခကို ခံနိုင်ရည်ရှိဖို့ပဲ။ ”

စုရီက ညွှန်ကြားလိုက်သည်။ ချင်းရှစ်တစ်ယောက် စိတ်လှုပ်ရှားလာပြီး လျင်မြန်စွာခေါင်းညိတ်လိုက်၏။

ထို့နောက် စုရီသည် သူ့အခန်းအတွင်း ပြန်လှည့်ဝင်ခဲ့ကာ အားချိုင်၏ ကျောက်စိမ်း သေတ္တာကို ဖွင့်ကြည့်လိုက်လေသည်။

“ ဟမ့် ... ဖရိုဖရဲ တာအိုကျောက်တုံး။ ”

စုရီတစ်ယောက် အံ့အားသင့်သွားသည်။ အားချိုင်းသည် အံ့အားသင့်စရာလက်ဆောင် တစ်ခု ပေးမည်ဟု ကတိပေးခဲ့ဖူး၏။

သို့သော် ဤမျှ အလွန်တန်ဖိုးရှိသော အရာတစ်ခုဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့် ထားချေ။

“ ငါမင်းကို ကျေးဇူးတင်ပါတယ် … ။ ”

စုရီက တိုးတိုးလေး ပြောလိုက်သည်။ ဖရိုဖရဲတာအိုကျောက်တုံးအတွင်း၌ တံဆိပ်ခတ် ထားသည်မှာ ထာဝရတာအိုအနှစ်သာရ တစ်စိတ်တပိုင်းဖြစ်ချေ၏။

ရှားပါးပြီး အဖိုးမဖြတ်နိုင်ချေ။ ဝမ်ယဲ့ဘဝတွင် ထိုတာအိုအပေါ်နားလည်နိုင်ရန် အားချိုင်ကဲ့သို့ ထာဝရဝိညာဉ်သခင်များကို လိုက်လံရှာဖွေခဲ့ဖူးသည်။

အချိန်ကုန်လွန်သွား၏။ များမကြာမီတွင် နေရာအမျိုးမျိုးမှ ကျင့်ကြံသူများသည် ပထမ တိုက်ပွဲကွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဒိုမိန်းတိုက်ပွဲကွင်း၏ တစ်နှစ်တာ ကုန်လွန်သွားပြီဖြစ်၏။ ယနေ့ကောင်းကင်မှာ ထာဝရညကဲ့သို့ နက်မှောင်သောတိမ်လွှာတစ်ခု ဖုံးလွှမ်းလာပြီး ရှေးကျသော အသံတစ်သံ မြည်ဟည်းလာလေသည်။

ပထမ၊ ဒုတိယနှင့် တတိယ တိုက်ပွဲကွင်းများတွင် လေ့ကျင့်နေကြသော လူတိုင်းထိုအသံကို သတိပြုမိကုန်၏။

ဤသည်မှာ လမ်းညွှန်တာအို ခေါင်းလောင်းအသံပေပင်။ တစ်နှစ်တာကာလ ပြီးဆုံးသွားပြီဖြစ်ကြောင်း အသိပေးခြင်း အဓိပ္ပါယ်ဖြစ်၏။

“ အချိန်ကျပြီ ... ။ ”

ပထမတိုက်ပွဲကွင်းမှ တစ်စုံတစ်ဦးက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ အခြားသူများသည်လည်း ကောင်းကင်ပေါ် မော့ကြည့်လာတော့၏။

“ မြန်မြန်ပြင်ဆင်ထားကြ အင်မော်တယ်လမ်းညွှန်ပလက်ဖောင်း မကြာခင် ပေါ်လာလိမ့်မယ်။ ”

အချို့သောလူများက လက်ဖဝါးများ အချင်းချင်းပွတ်သပ်ကာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နေ၏။

ဤအချိန်တွင် ဒိုမိန်းလေးခုမှ ပုဂ္ဂိုလ်များသည် ဧည့်လွင်ပြင်သို့ လှိုင်းလုံးများ သဖွယ် စုဝေးလာကြသည်။

“ တောက်အိုစု စိတ်ချပါ ... အရှေ့ဘက်ရွှမ်နယ်မြေကို ပြန်ရောက်ရင် ငါ မိန်းကလေးဟုန်ယွင်ကို ဂါရဝပြုပါ့မယ်။ ”

ဘုန်းကြီးကျိကုန်းက ပြုံးကာ ကတိပေး ပြောကြားလိုက်သည်။ အင်မော်တယ်မြေသို့ တက်လှမ်းရန် အခွင့်အရေးထံ လုံးဝပင် စွန့်လွှတ်လိုက်ပြီးဖြစ်၏။

စုရီမှ ခေါင်းညိတ်သည်။ ထို့နောက် ပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြုတ်သော သားရဲနှစ်ကောင်ဖြစ်သည့် သွေးတောင်ပံ အရိုးငှက်နှင့် ချွမ်ချီကျားတို့ကိုပေးအပ် လိုက်သည်။

ဒိုမိန်းတိုက်ပွဲကွင်း ပြီးဆုံးချိန်၌ ဤသားရဲနှစ်ကောင်နှင့်အတူ အရှေ့ဘက်ရွှမ် နယ်မြေသို့ ဘုန်းကြီးကျိကုန်းမှာ ပြန်သွားတော့မည်ဖြစ်၏။

“ တာအိုစု သွားကြစို့။ ”

ဓားမိစ္ဆာချင်းရှစ်က စိတ်မရှည်စွာ ပြောကြားလာလေသည်။ စုရီမှ ခေါင်းညိတ်၏။ နှစ်ဦးသား ဧည့်လွင်ပြင်သို့ ရောက်ရှိသည်နှင့်   ကောင်းကင်မှ မိုးကြိုးပစ်သံများကဲ့သို့ အသံများမြည်ဟည်းလာသည်။  

“ ခရစ် ... ။ ”

ထို့နောက်တွင် ထာဝရညအလား ကောင်းကင်ကြီးမှာ ကွဲအက်သွားပြီးနောက် နတ်သက်တံတစ်စင်း ဆင်းသက်လာ၏။  

“ ရွှီး ... ။”

မြေပြင်ရှိ တိုက်ပွဲစင်မြင့်သည် မရေမတွက်နိုင်သော ထူးဆန်းပြီး ရှုပ်ထွေးသည့် အမိန့်စာများ ထင်ရှားလာသည်။

များမကြာခင် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားသော နတ်သက်တံသည် ဥပဒေ စည်းမျဉ်းများအဖြစ် တိုက်ပွဲကွင်းနှင့် ဆက်သွယ်တော့၏။

“ ဝမ် ... ။ ”

ကျင့်ကြံသူများစွာ၏ မျက်လုံးများသည် စိတ်အားထက်သန်မှုဖြင့် တောက်ပလာကာ အသက်ရှူသံများ မြန်ဆန်နေခဲ့သည်။

အဝေးတွင် ဆန်းပြားသော ပလက်ဖောင်းတစ်ခုကို မှုန်ဝါးဝါးမြင်နေရချေပြီ။ ဤသည်မှာ အင်မော်တယ်ပလက်ဖောင်းဖြစ်၏။ လူတိုင်း ထိုစင်မြင့်သို့ တက်ရောက်ကာ စောင့်ဆိုင်းရပေမည်။

တစ်စုံတစ်ဦးသည် နဂါးတံခါးကို ခုန်ကျော်ပြီးနောက် အင်မော်တယ်တစ်ပါး ဖြစ်မည်လော သို့မဟုတ် ဤနေရာ၌ပင် ရပ်တန့် ရမည်လော အဆုံးအဖြတ် ပေးပေမည်။

“ သွားရအောင် ... ။ ”

“ ဝှစ် ... ။ ”

ခဏအတွင်းမှာပင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လေထဲသို့ ပျံတက်သွားပြီး ထိုစင်မြင့်ထံ တက်ရောက်ရန် ကြိုးစားကုန်၏။

“ ဟားဟားဟား ... ငါအောင်မြင်ပြီ ။ ”

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

လူအချို့သည် အောင်မြင်စွာဖြင့် အမိန့်စာလမ်းကြောင်းအတိုင်း စင်မြင့်ပေါ်သို့ ပျံသန်းသွားနိုင်ကြ၏။

အချို့မှာမူ မအောင်မြင်ဘဲ အင်မော်တယ်ပလက်ဖောင်း၏ စွမ်းအားကြောင့် ပြန်လည်ပြုတ်ကျသွားသည်။

“ သေစမ်း ... ငါ့ရဲ့တိုက်ပွဲရမှတ်တွေက မလုံလောက်ဘူးလား။ ”

တစ်စုံတစ်ယောက်က ကျိန်ဆဲပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။ မည်သူမဆို ယနေ့အတွင် များစွာမျှော်လင့်ခဲ့သည်။ ယခုကဲ့သို့ ငြင်းပယ်ခံရသော် ဒေါသထွက် မည်မှာ သဘာဝပေပင်။

“ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ”

အင်းမော်တယ် စည်းမျဉ်းများဖြင့် ငြင်းပယ်ခံရသော လူအချို့မှာစိတ်ဓာတ်ကျပြီး ညည်းညူသံများ ညံလာတော့၏။

ထိုမြင်ကွင်းကြောင့် လူအများစုသည် သိသိသာသာငြိမ်သက်သွားသည်။ လက်တွေ့ ဘဝမှာ မကြာခဏဆိုသလို ရက်စက်လွန်း၏။

တစ်နှစ်အတွင်း လုံလောက်သော တိုက်ပွဲမှတ်တမ်းများကို စုဆောင်းထားခြင်း မရှိသော် ပလက်ဖောင်းပေါ်သို့ပင် ခြေချရန် အရည်အချင်း မပြည့်မီချေ။

“ သွားရအောင် ... ။ ”

များမကြာခင် ယွီချန်၊ ချင်စုရှင်းနှင့် ရန်ချန်ချင်းတို့ ဦးဆောင်သော ကျွမ်းကျင်သူများ ကောင်းကင်ပေါ်ပျံတက်ကာ ပျောက်ကွယ် သွားကြသည်။

သူတို့အဖွဲ့မှာမူ ငြင်းပယ်ခံရခြင်း မရှိချေ။ တစ်ဖက်တွင် စုရီသည် ချင်းရှစ်ထံလှည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ သွားကြရအောင်။ ”

သည့်နောက် သူ့တံဆိပ်ပြားထံမှ ရွှေရောင်အလင်းများ ဖြာထွက်လျက် ခြေဖျား အောက်တွင် ရွှေရောင်တိမ်တိုက်ကြီးအဖြစ် ထွက်ပေါ်လာတော့သည်။

“ ဒါက အလုပ်ဖြစ်လား။ ”

ဤမြင်ကွင်းသည် ကျန်ရှိနေသော လူတိုင်းကို မှင်သပ်သွားစေသည်။ လမ်းညွှန် ပလက်ဖောင်းပေါ် တစ်စုံတစ်ဦးမှ ဤကဲ့သို့ ဆင်းသက်သည်ကို သူတို့ မမြင်ဖူးချေ။

ချင်းရှစ်က သတိဝင်လာပြီး ထိုရွှေရောင်တိမ်တိုက်ကြီးအပေါ် ခုန်တက် လိုက်ပါသွားတော့သည်။

သူ့တိုက်ပွဲမှတ်တမ်းသည် လုံလောက်ခြင်း မရှိသော်မှ စုရီ၏ရွှေရောင်တိမ်တိုက်သည် သူ့ကို ကောင်းစွာ ခေါ်ဆောင်သွား၏။

“ တာအိုမိတ်ဆွေတို့ ဂရုစိုက်ကြပါ။ ”

ဘုန်းကြီးကျိကုန်းတစ်ယောက် ဒုံရွှမ်တောင်ထိပ်ပေါ်မှနေပြီး လက်ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်နှုတ်ဆက် လိုက်တော့သည်။

***

အခန်း ၁၁၃၂ -

အင်မော်တယ် တံခါး ... ။

လမ်းညွှန် အင်မော်တယ် ပလက်ဖောင်း တည်ရှိရာသည် ကောင်းကင်ကြီးအပြင်ဘက်၌ ဖြစ်လေသည်။

၎င်းသည် ကျယ်ပြောလှသော အကန့်အသတ်မဲ့ နယ်မြေကြီးတစ်ခုဖြစ်၏။ ကျောက်စိမ်းစင်မြင့်တစ်ခုသည် ထိုနယ်မြေ အတွင်း၌ ပေါလောမျောနေသည်။

ယင်းကို အင်မော်တယ် ပလက်ဖောင်း စင်မြင့်ဟုခေါ်သည်။ အင်မော်တယ်ချီများသည် ထိုစင်မြင့်ပေါ်၌ ပြည့်နှက်နေ၏။

များမကြာမီတွင် ကျင့်ကြံသူအုပ်စု တစ်စုသည် ထိုအင်မော်တယ်စင်မြင့်ပေါ်သို့ ဦးစွာတက်လှမ်းလာကြသည်။

ဤသည်မှာ အင်မော်တယ်နယ်မြေ၏ နယ်နိမိတ်ဖြစ်သည်။ ဒိုမိန်းတိုက်ပွဲမြေပြင်တွင် တစ်စုံတစ်ဦး၏ တိုက်ပွဲမှတ်တမ်းများအပေါ် အခြေခံ၍ စုပ်ယူနိုင်မည်ဖြစ်၏။

အင်မော်တယ်ချီသည် အင်မော်တယ် နယ်မြေ၏ မူလစွမ်းအားပေပင်။ ကျင့်ကြံသူ တစ်ဦးမှ ထိုစွမ်းအင်ကို ပိုမိုသန့်စင်နိုင်သည်နှင့် အမျှ အုတ်မြစ်ခိုင်မာလာပေမည်။

ထို့ကြောင့် ဦးစွာရောက်ရှိခဲ့သော လူအများသည် သည်းမခံနိုင်ဘဲ အင်မော်တယ်ချီ များဖြင့် မျောနေသောစင်မြင့်ပေါ်တွင် ကျင့်ကြံမှု လှည့်ပတ်ကာ စုပ်ယူခြင်းစတင်တော့၏။

အပြာရောင် စွမ်းအင်ချည်မျှင်များသည် မြင်သာသောနှုန်းဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်ကုန်သည်။

“ ဘာတွေ အလျင်လိုနေတာလဲ ... ဒီအင်မော်တယ်ချီပမာဏက ပါးလွှာလွန်းတယ် အင်မော်တယ်တံခါး ပွင့်လာတဲ့အခါကျမှသာ အများကြီး စီးဝင်လာလိမ့်မယ်။ ”

လူတချို့က စိတ်မဝင်စားဘဲ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းဖို့ရန် နေရာတစ်ခု ရွေးချယ်ခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများသည် တဖြည်းဖြည်းဖြင့် စုရုံး ရောက်ရှိလာကြတော့၏။

ယွီချန်၊ ဝမ်ရှုကျိ၊ ချင်စုရှင်း၊ ရန်ချန်ချင်းနှင့်တခြားသူများ ရောက်ရှိလာချိန်၌ စင်မြင့်သည် အသက်ဝင်လာကာ အုပ်စုလေးခု ကွဲထွက်သွားသည်။

စုရီနှင့် ချင်းရှစ်တို့ ရောက်ရှိလာသော အခါတွင် အရှေ့ဘက်ရွှမ်ဒေသ၏ အင်အားသည် သူတို့အပါအဝင် လူတစ်ဒါဇင်ခန့်သာရှိချေ၏။

ထိုသူများထဲတွင် စုရီ ရင်းနှီးသော မျက်နှာအနည်းငယ်သာ ပါရှိသည်။ လီကျုံးနှင့် လူအချို့ပေပင်။ ဆန့်ကျင်ဘက်အနေဖြင့် အခြားအဖွဲ့သုံးခုတွင် လူငါးဆယ်ကျော်နေပြီး မြောက်ပိုင်းအမှောင်ဒေသမှာ ရာကျော်ရှိ၏။

အရှေ့ဘက်ရွှမ်ဒေသသည် အခြား ဒိုမိန်းသုံးခုနှင့်ယှဉ်သော် များစွာနိမ့်ကျနေ သည်ကို မြင်သာသည်။

ရွှေရောင်တိမ်တိုက်ကြီး စီးနင်းလျက် စုရီရောက်ရှိလာသည်ကို မြင်သောအခါ လူတိုင်း အံ့အားသင့်ကုန်၏။

“ တာအိုစု၊ မင်းရဲ့သူငယ်ချင်း မလာဘူးလား။ ”

ယွီချန်မှ ရုတ်တရက် မေးမြန်းသည်။ စုရီတစ်ယောက် အံ့အားသင့်သွားပြီး ချက်ချင်း လှံကိုင်အမျိုးသမီးကို ရည်ညွှန်းကြောင်း သဘောပေါက်လိုက်၏။

“ သူမမှာ အင်မော်တယ်နယ်မြေကို သွားဖို့အတွက် ကိုယ်ပိုင်နည်းလမ်းရှိတယ်။ ”

စုရီမှ ပြန်ဖြေလိုက်သည်။ ယုချန်က ခေါင်းညိတ်ပြီး ‘ငါနားလည်ပြီ’ဟု တုန့်ပြန် လာတော့၏။

စုရီမှလည်း အသေးစိတ်ရှင်းပြဖို့ရန် မလိုအပ်ဟုခံစားမိသဖြင့် ထပ်မံပြောကြားခြင်း မပြုတော့ချေ။

ထို့နောက် သူသည် ချင်းရှစ်ကို ခေါ်ဆောင်ကာ လူအများနှင့် အလှမ်းဝေးသော ထောင့်တစ်နေရာသို့သွားပြီး ကုလားထိုင်ဖြင့် အနားယူနေလိုက်သည်။

ဤအပြုအမူသည် လူအုပ်ကြီးကို မျက်ခုံးပင့်စေ၏။ များမကြာခင် အင်မော်တယ် တံခါးပွင့်လာမည်ဖြစ်သည်။

လူတိုင်းသည် အင်မော်တယ်မြေသို့ တက်လှမ်းရန် ထိုအခွင့်အရေးကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စောင့်မျှော်နေရ၏။

ဤစုရီကဲ့သို့ ကိုယ်ပိုင်ခြံဝင်းထဲ ပြန်ရောက်နေသလို မည်သူပြုမူဝံ့သနည်း။ ချင်းရှစ်သာလျှင် ထူးထွေအံအားသင့်ခြင်း မရှိချေ။

စုရီသည် မည်သည့်အရပ်၌ရှိနေပါစေ အရာအားလုံးကို လုံးဝဂရုမစိုက်တတ်သည်မှာ သဘာဝပေပင်။

“ ငါ့ဘိုးဘေးက အင်မော်တယ်မြေကို ဝင်ခွင့်ရတာ ကံကောင်းမှုပဲလို့ ပြောခဲ့ပေမယ့် အရာအားလုံးက ကြိုးစားအားထုတ်မှုပါပဲ ...

... အဲဒီမှာ ကျင့်ကြံမှုရဲ့အစနေရာကို ပြန်လည်ရောက်ရှိသွားသလို မင်းရဲ့အပြုအမူကို နှိမ့်ချနေတာ အကောင်းဆုံးပါ။ ”

တစ်စုံတစ်ယောက်က လူတိုင်းကို အကြံပြုလေသည်။ သူ့စကားကို အခြားသူများမှ တိတ်ဆိတ်စွာ ထောက်ခံကြ၏။

သူတို့အားလုံး၏ လက်ရှိကျင့်ကြံမှုသည် အင်မော်တယ်မြေတွင် စမှတ်တစ်ခုသာဖြစ်၏။ အင်မော်တယ်မြေသည် ကုန်းမြေ(၄၉)ခုပါရှိပြီး အကန့်အသတ်မဲ့၏။

“ မင်းက အဲဒီမှာ အင်မော်တယ်တစ်ပါး ဖြစ်လာပြီးတဲ့နောက်မှာတောင် အဲဒီဒေသကြီး အရွယ်အစားကို တိုင်းတာနိုင်မှာ မဟုတ်ဘူး။ ”

“ ငါတို့ရောက်တာနဲ့ အရေးကြီးဆုံးက ကျင့်ကြံဖို့နေရာရှာရမယ် လမ်းညွှန်တွေကသာ ရွေးချယ်ရင်တော့ ... အကောင်းဆုံးပေါ့ ... သူတို့ရဲ့ ဂိုဏ်းအတွင်း ဝင်ခွင့်ရမယ်။ ”

“ ဟမ့် ... အဲဒီလိုဖြစ်လာရင်တော့ တကယ်ကံကောင်းတယ် ရှေးမှတ်တမ်းတွေအရ အင်မော်တယ်တွေက အများကြီးမောက်မာပြီး ရက်စက်တယ် ... ငါတို့လို သေမျိုးတွေကို နှိမ့်ချဆက်ဆံမှာ သဘာဝပါပဲ။ ”

လူအုပ်ကြီးက စုရီကိုမေ့လျော့ကုန်ပြီး အချင်းချင်း ဆွေးနွေးလာကြသည်။ အများစုမှာ အင်မော်တယ်နယ်မြေသို့ ရောက်ရှိသွားသော် ဟူသည့် အိပ်မက်များဖြစ်၏။

စုရီသာလျှင် ပျင်းရိနေခဲ့သည်။ ထိုသူများအတွက် အံ့ဖွယ်ရာအင်မော်တယ်မြေ ဟူသည် သူ့အတွက် ကျယ်ပြန့်လွန်းသော လေ့ကျင့်ရေးကွင်းမျှသာဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်မှု မရှိချေ။ သို့သော် တစ်ဖက်လူများ၏ ခံစားချက်ကို သူ နားလည် ပေးနိုင်၏။

သေမျိုးများသည် ကမ္ဘာကြီးအကြောင်း စိတ်ကူးယဉ်မှုများဖြင့်သာ မှတ်ချက်ပေးတတ် ချေပြီ။ လက်တွေ့တွင်မူ ထိုစိတ်ကူးယဉ်မှုနှင့် ကွာဟချက်ကြီးမားကြောင်း မသိဖြစ်လှ၏။

“ လူကြီးမင်းတို့၊ ဒီကိစ္စတွေကို ဆွေးနွေးဖို့ အချိန်မတန်သေးပါဘူး ငါ့အမြင်အရ လူတိုင်းက အင်မော်တယ်ဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့လိုပါသေးတယ်။ ”

ရန်ချန်ချင်းက လူတိုင်းကို သတိပေးလိုက်သည်။ ထိုစကားသည် ချက်ချင်း လေထုကိုလေးလံလာစေ၏။

အမှန်ပင် သူတို့အားလုံးအတွက် အတားအဆီးတစ်ခု ရှိနေပါသေးသည်။ ယင်းကို အင်မော်တယ်ဒုက္ခဟု ခေါ်ဆို၏။ 

“ ဝမ် ... ။ ”

ထိုစဉ်ဝေးလံသောအရပ်၌ စိတ်ကူးယဉ်ဆန်သော အလင်းတံခါးတစ်ခု ထွက်ပေါ်လာလေသည်။ ဤသည်မှာ အင်မော်တယ်တံခါး ဖြစ်ချေ၏။

လူတိုင်းက စကားစမြည်ပြောခြင်းကို ရပ်နားလိုက်ကြပြီး ထိုအင်မော်တယ်တံခါးထံ တောက်လောင်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ထိုအင်မော်တယ်တံခါးမှလာသော ရောင်ဝါသည် သူတို့ကိုသေးနုပ်သည်ဟူသော ခံစားချက်များပေးစွမ်းနေ၏။  

တစ်ဆက်တည်းမှာပင် အင်မော်တယ်ချီများသည် ထိုတံခါးထံမှမိုးအဖြစ် သိပ်သည်းစွာ ရွာချလာခဲ့သည်။

“ လူတိုင်း တိုက်ခိုက်စရာမလိုပါဘူး ... ဒီအင်မော်တယ်ချီကိုရယူဖို့အတွက် မင်းတို့ရဲ့ စုဆောင်းထားတဲ့ တိုက်ပွဲမှတ်တမ်းတံဆိပ်ကို ဖွင့်လိုက်ပါ ... အတင်းအကြပ် လုယူတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ”

ယွီချန်က သတိပေးလိုက်သည်။ မဟုတ်သော် ပဋိပက္ခနှင့် အငြင်းပွားမှုများ သေချာပေါက် ဖြစ်ပေါ်စေပေမည်။

“ ဝူး ... ။ ”

ယွီချန်၊ ချင်စုရှင်းနှင့် ရန်ချန်ချင်းတို့သည် တံဆိပ်ဖွင့်လိုက်သည်နှင့် အင်မော်တယ်ချီများ မြစ်ကြီးတစ်စင်းအလား ချက်ချင်း စီးဝင်လာတော့၏။

အခြားသော သူများအတွက်မူ အလွန်အမင်းကွဲပြားချေပြီ။ အချို့မှာများပြားပြီး အချို့သည် နည်းပါးကြ၏။

အမှန်ပင် သူတို့ စုဆောင်းရရှိသော တိုက်ပွဲအောင်မြင်မှုရမှတ်များ အပေါ်တွင်သာ အပြည့်အဝမူတည်နေချေပြီ။  

ထို့ကြောင့် လူတိုင်းသတိပြီး စုရီထံ လှည့်ကြည့်လိုက်ကြ၏။ စုရီက ကုလားထိုင်တွင် ပျင်းရိစွာလှဲလျောင်းလျက် ဝိုင်သောက်နေသည်။

အင်မော်တယ်ချီများသည် ရေကာတာပေါက်ကွဲသွားသကဲ့သို့ သူ့ထံပါး ပြေးဝင်နေသည်။ အဆုံးတွင် သူ့ပုံရိပ်ကြီး ပျောက်ကွယ်သွားသည်အထိ များပြားလာ၏။

ဤမြင်ကွင်းသည် လူအုပ်ကြီးကို စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့သည်။ ထိုမျှစွာသော အင်မော်တယ်ချီများရရှိနိုင်ရန် တိုက်ပွဲဝင်ရမှတ်များကို မည်မျှစုဆောင်း ခဲ့ရမည် မသိနိုင်ချေ။ 

စင်စစ်သော်ကား စုရီသည် တိုက်ပွဲဝင်ရမှတ်များကို ရည်ရွယ်ချက်ရှိရှိ စုဆောင်းခဲ့ဖူးခြင်း မရှိကြောင်း သူသာသိ၏။

သို့သော် အရာအားလုံးသည် မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့သည်။ ပထမတိုက်ပွဲကွင်း မိုးပြာနဂါး တောင်ကြားတွင် နတ်ဝိညာဉ်ရင်းမြစ်အတွက် ရန်သူများစွာကို သတ်ဖြတ်ခဲ့ရ၏။

ဒုတိယတိုက်ပွဲတွင် နယ်ပယ်သုံးခု၏ အခြေစိုက်စခန်းများဖြစ်သော မြို့ကြီးသုံးမြို့ကို ဖျက်ဆီးခဲ့သည်။

တတိယတိုက်ပွဲကွင်း၌မူ ပြိုင်ဘက် အနည်းငယ်မျှကိုသာ သတ်ဖြတ်ခဲ့သော်လည်း တားမြစ်မြေများတွင် နတ်ဆိုးသားရဲများကို အမဲလိုက်ခဲ့၏။

ထိုကြောင့် ယင်းသည် သဘာဝအတိုင်း တိုက်ပွဲရမှတ်ကို အများဆုံးသော ပမာဏဖြင့် အဆုံးသတ်နိုင်ခဲ့စေသည်။ 

“ မဆိုးပါဘူး ... အခုငါ့အတွက် အသုံးမဝင်ပေမယ့် တိမ်ပေါ်ပျံသန်းခြင်းအဆင့် ရောက်ရင် အသုံးဝင်လာလိမ့်မယ်။ ”  

စုရီက ခေါင်းညိတ်လျက် မှတ်ချက်ချပြီး အင်မော်တယ်ချီများကို နတ်ဝိညာဉ်သန္ဓေသား အတွင်း သိမ်းဆည်းလိုက်တော့၏။

အမှန်တွင် သူ့အုတ်မြစ်သည် ဤကာလအတွင်း တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ တိမ်ပေါ်ပျံသန်းခြင်းအဆင့်သို့ အချိန်မရွေး တက်ရောက်နိုင်၏။

သို့သော် အလျင်စလိုမလုပ်ခဲ့ဘဲ ဖိနှိမ်ထားခြင်းဖြစ်သည်။ အချိန်အတော်ကြာ အင်မော်တယ်ချီများ စီးဝင်နေပြီးနောက် ပြန်လည်ပျောက်ကွယ်သွား၏။

အများစုသည် တိမ်ပေါ်ပျံသန်းခြင်း အဆင့်တွင် ရှိနေသောကြောင့် အင်မော်တယ်ချီ သက်ရောက်မှုဖြင့် ချက်ချင်းပင် အံ့သြဖွယ်ရာ အသွင်ပြောင်းလဲမှုများကို ရရှိခဲ့သည်။

သိသာထင်ရှားမှုအဖြစ် သူတို့၏ ခန္ဓာကိုယ်များမှ အလင်းတန်းများ ဖြာထွက်ကာ အင်မော်တယ်တစ်ပါးအလား ထင်မှားစေ၏။

ယွီချန်သည် ထိုသူများအတွင်းတွင် အကျိုးသက်ရောက်မှု အရှိဆုံးပေပင်။ ယခင်က သူ့စွမ်းအင်များကို အင်မော်တယ်ချီများအဖြစ် ပြောင်းလဲထားနိုင်ခဲ့ပြီးဖြစ်၏။

ထို့ကြောင့် ယခုအချိန်တွင် လုံးဝ သန့်စင်နေချေပြီ။ ကောင်းကင်မှ နတ်ဘုရား တစ်ပါးအလား တောက်ပလွန်းနေ၏။

“ သေမျိုးအပေါင်းတို့၊ ငါ့အမိန့်ကို နားထောင်ပါ အခုကစပြီး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်အတွင်းမှာ အင်မော်တယ် တံခါးကို ဖြတ်ကျော်ဖို့ကြိုးစားပါ။ ”

ရုတ်တရက် ဝေးလံသော အရပ်ရှိ အ်ငမော်တယ်တံခါးနောက်မှနေပြီး အသံတစ်သံ ပဲ့တင်ထက်လာသည်။ ဤသည်မှာ လမ်းညွှန် တစ်ဦး ဖြစ်ချေ၏။

သူ့အသံဖြင့်ပင် လေဟာနယ်တစ်ခုလုံး တုန်ခါလျက် ပြိုကျမယောင် ခံစားလာစေသည်။ စုရီက မျက်မှောင်ကြုတ်လိုက်၏။ လမ်းပြသည် စည်းမျဉ်းများအကြောင်း သတိပေးခြင်းမရှိချေ။

တစ်ချိန်က ဗဟို အင်မော်တယ်ရုံးတော်မှ လမ်းပြတိုင်းသည် အင်မော်တယ်နယ်မြေကြီးရှိ စည်းမျဉ်းများကိုဖတ်ပြရပြီး အန္တရာယ်များ အပေါ်လည်း သတိပေးရ၏။

ယခုမူ တစ်ဖက်မှလမ်းပြသည် ထိုအရာအားလုံးကို လျစ်လျူရှုပြီး တိုက်ရိုက် ဝင်ရောက်ခိုင်းနေသည်။

ထိုအချင်းအရာကို ကြည့်ချင်းအားဖြင့် အင်မော်တယ်မြေသည် မည်မျှဖရိုဖရဲဖြစ်နေမှန်း နားလည်လိုက်တော့၏။

***

All Chapters