အခန်း (၁၁၃၃-၁၁၃၄)
Vol. 95 Ch. 1133-1134
အခန်း ၁၁၃၃ -
ဒိုမိန်းတိုက်ပွဲကွင်း ပိတ်သိမ်းခြင်း။
စုရီနှင့်မတူဘဲ အင်မော်တယ် ပလက်ဖောင်းပေါ်ရှိ ကျင့်ကြံသူအများစုသည် လိုက်နာရမည့်စည်းမျဉ်းများကို မသိရှိကြချေ။
“ သွားကြရအောင်။ ”
ထိုအသံကို ကြားသောအခါ ကျင့်ကြံသူများစွာသည် ချက်ချင်းကောင်းကင် ပေါ်သို့ ပျံတက်သွားကြတော့၏။။
“ ဒီနေ့တာအိုကို သက်သေပြပြီး အင်မော်တယ်တံခါးဆီ ဖြတ်ကျော်ရမယ်။ ”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှအလင်းများဖြာထွက်ကာ သက်တံ အလား စိတ်လှုပ်ရှားမှုစွာ အော်ဟစ်လိုက်၏။
“ နဂါးတံခါးကို ကျော်ဖြတ်နေတဲ့ ငါးတစ်ကောင်လိုပဲ တစ်စုံတစ်ယောက်ဟာ ဒီတံခါးကို ဖြတ်ကျော်ပြီးရင် နဂါးအဖြစ် ပြောင်းလဲသွားနိုင်တယ် ... ။ ”
ထို့နောက်တွင် တစ်ယောက်ပြီး တစ်ယောက် လိုက်ပါပျံသန်းသွား၏။ နတ်သက်တံ့များအလား အလင်းတန်းများ တောက်ပလာခဲ့သည်။
“ ဝှစ် ... ။ ”
လူတိုင်းသည် လမ်းတစ်လျှောက် အာကာသအတားအဆီးများကို ဖြတ်ကျော်နေ သကဲ့သို့ ခံစားလာကြရ၏။
အင်မော်တယ်တံခါးနှင့် နီးလေ၊ ပတ်ဝန်းကျင်ရှိ အာကာသနှင့်အချိန် ဥပဒေများ ပိုမိုရှုပ်ထွေးလာလေဖြစ်၏။
ထိုအာကာသနှင့် အချိန် ဥပဒေ စည်းမျဉ်းများသည် သူတို့၏ခန္ဓာကိုယ်များကို အဆက်မပြတ် ဆေးကြောပေးနေသကဲ့သို့ ပြောင်းလဲမှုများ ဆောင်ကျဉ်းပေးသည်။
ခန္ဓာကိုယ်၊ ဝိညာဉ်၊ သွေး၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါများနှင့် ဆံပင်များသည် လျင်မြန်စွာ ပြောင်းလဲသွား၏။
ဤသည်မှာ အသက်ဓာတ် ပြောင်းလဲမှု ပေပင်။ အောင်မြင်ပါက အင်မော်တယ်မြေသို့ ဝင်ရောက်နိုင်ပြီး သေမျိုးဘဝမှ လွတ်မြောက် သွားမည်ဖြစ်၏။
သို့သော် ထိုပြောင်းလဲမှုသည် အလွန် စွမ်းအင်ကုန်ခမ်းစေသည်။ ထို့အပြင် သန့်စင်မှု ဖြစ်စဉ်အတွင်း ဘေးအန္တရာယ်များလည်း ကပ်ပါနေ၏။
မခံနိုင်သော် ခန္ဓာကိုယ်နှင့် ဝိညာဉ် လုံးဝပြိုကွဲပျက်စီးသွားပေလိမ့်မည်။ ဤသည်မှာ အင်မော်တယ်ဒုက္ခ ဖြစ်ချေ၏။
တစ်ဖက်တွင် လူတိုင်း အင်မော်တယ် တံခါးထံပျံသန်းနေသော်လည်း စုရီတစ်ယောက် ကုလားထိုင်တွင် မလှုပ်မယှက် ထိုင်နေဆဲ ပေပင်။
ထိုမြင်ကွင်းကြောင့် ရန်ချန်ချင်းသည် မနေနိုင်တော့ဘဲ၊
“ တာအိုစု၊ ဘာကိုစောင့်နေတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ စုရီက သူ့ကို ပြန်ကြည့်ပြီး၊
“ ငါ တိမ်ပေါ်ပျံသန်းခြင်း အဆင့်ကို မရောက်သေးဘူး။ ”
-ဟု ပြန်ဖြေလိုက်သည်။ ချက်ချင်းပင် ကျန်ရှိနေသူများ၏ မျက်နှာအမူအရာများသည် ရှုပ်ထွေးသွားတော့၏။
တိမ်ပေါ်ပျံသန်းခြင်း အဆင့်သို့ပင် မရောက်သေးသူတစ်ဦးသည် သူတို့အားလုံးကို အနိုင်ယူနိုင်ခဲ့သည်။ မနာလိုစရာပေပင်။
“ အား ... ။ ”
ထိုစဉ် ရုတ်တရက် ကောင်းကင်ပေါ်မှ အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားလာသည်။ တစ်ဆက်တည်းမှာပင် တစ်စုံတစ်ဦးသည် လေထုအလယ် အပိုင်းအစများအဖြစ် ကွဲအက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
“ သူ့ရဲ့ဒုက္ခကို ကျရှုံးခဲ့တယ် … ။ ”
သူနှင့် မဝေးလှသော အရပ်မှ တစ်စုံတစ်ယောက်က ထိတ်လန့်တကြားဖြင့် မှတ်ချက်ပေးသည်။ များမကြာခင် အလားတူ မြင်ကွင်းများ ဆက်တိုက်ဖြစ်ပျက်လာခဲ့၏။
“ အား ... ။ ”
အင်မော်တယ် တံခါးဝကို ဖြတ်ကျော်လိုသူတိုင်းသည် ခန္ဓာနှင့်ဝိညာဉ်ထံ ဖျက်ဆီးခြင်းကံကြမ္မာ ရင်ဆိုင်ရပေလိမ့်မည်။
ဤနည်းဖြင့် အင်မော်တယ်တံခါးကို ဖြတ်သန်းပြီးနောက် သန့်စင်သော ဝိညာဉ်နှင့် ခန္ဓာ ပိုင်ဆိုင်ပေမည်။
များမကြာခင် လေထုအလယ် လူအနည်းငယ်သည်သာ အင်မော်တယ်တံခါးသို့ ဆက်လက်ပျံသန်းနိုင်ခဲ့၏။ အများစုမှာ လမ်းခရီး၌ လောင်ကျွမ်းပြာကျကုန်သည်။
ဤမျှရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများကြောင့် ကျန်ရှိနေသည့် ကျင့်ကြံသူ အများအပြားသည် တည်ငြိမ်မှုဆုံးရှုံးကုန်၏။
အချို့သည် ဤအခွင့်အရေးကို လက်လွှတ်လိုက်ရန်ပင် ဆုံးဖြတ်ကုန်သည်။ မည်သူမဆို သေခြင်းတရားဖြင့် ယှဉ်ဆိုင်ရသော် ကြောက်ရွံ့တတ်ကြပေ၏။
“ တာအိုစု ငါသွားနှင့်ပြီ ... ။ ”
ချင်းရှစ်က ပြတ်သားသောအသွင်ဖြင့် ထရပ်ကာ စုရီကိုနှုတ်ဆက်ပြီးနောက် လေထဲ ခုန်တက်သွားတော့သည်။
“ ဝှစ် ... ။ ”
စုရီက ခေါင်းညိတ်ပြပြီး သူ့ကျောပြင်ထံ ခဏမျှစောင့်ကြည့်လျက် စိုးရိမ်စရာမရှိကြောင်း သိရှိလိုက်ကာ စိတ်အေးသွားသည်။
တစ်ဖက်တွင် အရှေ့ဘက်ရွှမ်ဒေသမှ လူတိုင်းနီးပါးသည် လက်လျော့ကုန်ကြတော့၏။ စုရီမှ ထိုသူများထံ ဝေ့ကြည့်ကာ၊
“ လက်လျှော့လိုက်တာလည်း ကောင်းပါတယ် မဟာတာအိုကိုလိုက်ရှာဖို့ အလျင်စလို လုပ်စရာမလိုပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။ အရှေ့ဘက် ရွှမ်နယ်မြေမှလူတိုင်း ရှက်ရွံ့သောအမူအရာဖြင့် ခေါင်းငုံ့သွားကြ၏။ တုန့်ပြန်နိုင်ခြင်း မရှိချေ။
မိနစ်အနည်းငယ် ကုန်လွန်ပြီးနောက် စုရီတစ်ယောက် စိတ်ပျက်လက်ပျက်ထရပ်ကာ ကုလားထိုင်ကိုသိမ်းဆည်းလျက်၊
“ ငါလည်း လိုက်သွားသင့်ပြီ။ ”
-ဟု နှုတ်ဆက်လိုက်သည်။
လူတိုင်း ဇဝေဇဝါဖြစ်ကုန်၏။ စုရီသည် တိမ်ပေါ်ပျံသန်းခြင်းအဆင့်၌ မရှိသေးကြောင်း ဝန်ခံထားချေပြီ။
ထို့ကြောင့် တစ်ဖက်လူသည် အင်မော်တယ်ဒုက္ခကို ခံယူမည့်နည်းလမ်းပေါ် မတွေးဆနိုင်ချေ။ သူတို့၏ အတွေးများကို ဖတ်နိုင်သကဲ့သို့ စုရီက ရှင်းပြလာသည်။
“ အတိတ်က အင်မော်တယ်မြေရဲ့ လမ်းညွှန်တွေမှာ စည်းကမ်းချက်တစ်ခုရှိတယ်၊ တိမ်ပေါ်ပျံသန်းခြင်းအဆင့် မဟုတ်ရင်တောင်မှ မင်းတကယ် ထူးချွန်နေတယ်ဆိုရင် ...
... ချွင်းချက်ထားပေးရတယ် ဒါပေမယ့် အခုတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အရာအားလုံး ပြောင်းလဲသွားပုံရတယ် သူတို့ မလှုပ်ရှားချင်ကြဘူး။ ”
သူပြောနေစဉ် ဦးခေါင်းကို အနည်းငယ် ခါလိုက်သည်။ သူသည် ထိုလမ်းပြများအပေါ် အမှန်ပင် စိတ်ပျက်နေပြီဖြစ်၏။
“ ဒါဆို တာအိုစုက ဘယ်လိုသွားဖို့ စီစဉ်ထားလဲ။ ”
တစ်စုံတစ်ယောက်က သိချင်စိတ်ကို ထိန်းမရတော့ဘဲ မေးမြန်းလိုက်သည်။ စုရီမှ ပြုံးပြီး ပြန်ဖြေရန် ပြင်လိုက်စဉ် ကောင်းကင်မှ လမ်းပြ၏အသံ ထွက်ပေါ်လာတော့၏။
“ ကျန်ရှိနေသေးတဲ့ သေမျိုးကျင့်ကြံသူတွေ မင်းတို့ရဲ့တိုက်ပွဲဝင်မှတ်တမ်းကို အသက်သွင်းပါ ငါတို့သဘောကျရင် မင်းတို့ကို ချွင်းချက်အနေနဲ့ ရွေးချယ်သွားပေးမယ်။ ”
ထိုစကားကြောင့် လူတိုင်းက စိတ်လှုပ်ရှားလာပြီး ချက်ချင်း အသက်သွင်း လိုက်တော့၏။
များမကြာမီ လူတိုင်း၏ တိုက်ပွဲဝင် တံဆိပ်များတောက်ပလာပြီး မီးလျှံများအဖြစ်သို့ ကောင်းကင်ပေါ် ထိုးတက်သွားသည်။
စုရီ တစ်ယောက်တည်းသာ ငြိမ်နေခဲ့၏။ သူ့အတွက် ထိုသို့သော ရွေးချယ်မှု မလိုအပ်ချေ။ အဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် နေကာ အရွေးခံရခြင်းမရှိသဖြင့် လူတိုင်း စိတ်ပျက်သွားကြ၏။
ထိုအချိန်တွင် စုရီသည် နောက်ထပ်စောင့်ဆိုင်းရန် ရည်ရွယ်ချက် မရှိတော့ဘဲ နှုတ်ဆက်လိုက်သည်။
“ လူတိုင်း ... ကံကြမ္မာက ခွင့်ပြုရင် အင်မော်တယ်နယ်မြေမှာ ငါတို့သေချာပေါက် ပြန်ဆုံကြမယ် နှုတ်ဆက်ပါတယ်။ ”
စကားဆုံးသည်နှင့် သူ့ပုံရိပ်သည် ကောင်းကင်ပေါ်ပျံတက်သွားကာ အင်မော်တယ် တံခါးဆီသို့ ဦးတည်ရွေ့လျားသွားတော့၏။
“ တာအိုစု ... သူ အတင်းအကြပ် ဝင်သွားမှာလား။ ”
တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျင့်ကြံမှုမရှိသော် အချိန်နှင့်အာကာသ ဥပဒေ စည်းမျဉ်းများကြောင့် သေချာပေါက် ပျက်စီးရပေမည်။
ထို့ကြောင့် စုရီ၏လုပ်ရပ်သည် သူတို့ကို နှလုံးသားများ ပေါက်ကွဲလုမတတ် စိတ်လှုပ်ရှား လာစေ၏။
“ ဒီလူငယ်က အင်မော်တယ်ချီတောင် မသန့်စင်ရသေးဘူး ငါတို့အင်မော်တယ်တံခါးကို အတင်းအကျပ်ဝင်ဖို့ ရည်ရွယ်နေတယ်လား။ ”
“ ဒါက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပါပဲ။ ”
“ ဟမ့် ... ရှေ့မှာ အင်မော်တယ်တံခါးကြီး တစ်ခုလုံး ရှိနေမှတော့ ဘယ်သူက သွေးဆောင် မခံရမှာလဲ ပြီးတော့ ... သေမျိုးလောကနဲ့ အင်မော်တယ်မြေက နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တာ မဟုတ်လား ... ။”
“ မှန်တယ် ဒါက သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲ ... အရေးအကြီးဆုံးက သူ့လုပ်ရပ် ... ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ ... သူ မသိသေးတာလဲဖြစ်မယ်။ ”
“ ကံမကောင်းစွာနဲ့ပဲ သူက မီးလျှံဆီ ဆွဲခေါ်ခံနေရတဲ့ ပိုးဖလံလေးတစ်ကောင်ဖြစ်ဖို့ ကံကြမ္မာရှိတယ်။ ”
တစ်ပြိုင်နက်တည်းမှာပင် အင်မော်တယ်တံခါးအတွင်းမှ အံ့အားသင့်သော ဆွေးနွေးသံများ ထွက်ပေါ်လာ၏။
သို့မှသာလျှင် လူတိုင်းသည် တံခါးနောက်တွင် လမ်းပြတစ်ယောက်မက ရှိနေကြောင်း သဘောပေါက်သွားသည်။
သူတို့စကားများသည် လွန်အံ့မထင်ချေ။ အာကာသနှင့်အချိန် ဥပဒေစည်းမျဉ်းများထဲတွင် မကျော်လွှားနိုင်သော ချောက်ကမ်းပါးများလို စွမ်းအားများ အထပ်ထပ်ပိတ်ဆို့ထား၏။
တံခါးဝထံ နီးကပ်သွားသည်နှင့်အမျှ အချိန်အာကာသဥပဒေများသည် ပိုမိုရှုပ်ထွေးပြီး ပြင်းထန်မည်ဖြစ်သည်။
သို့သော် စုရီပုံရိပ်သည် လှိုင်းထန်နေသော ပင်လယ်ကို ဖြတ်ကျော်နေသည့် ငါးတစ်ကောင် ကဲ့သို့ပင် တရွေ့ရွေ့ချဉ်းကပ်သွားနေ၏။ ထိခိုက် ဒဏ်ရာရခြင်းပင် မရှိချေ။
“ ဒါ ... ။ ”
ဤသည်မှာ အံ့ဖွယ်ရာပေပင်။ တိမ်ပေါ်ပျံသန်းခြင်းအဆင့်သို့ပင် မရောက်ရှိသူ တစ်ဦးသည် အာကာသ-အချိန်ကွာဟချက်ကို ဖြတ်ကျော်ပြီး အင်မော်တယ်တံခါးဝသို့ မည်သို့ပြေးဝင်နိုင်မည်နည်း။
မတွေးဝံစရာပေပင်။ ထိုသို့ပြုလုပ်ဝံ့သော အခြားမည်သူမဆို သေဆုံးမည်မှာ သေချာ၏။ ထို့ကြောင့် အင်မော်တယ် တံခါးနောက်ပါးမှ လမ်းပြများသည် ပို၍စိတ်လှုပ်ရှားလာသည်။
“ မယုံနိုင်စရာပဲ၊ သူ့ရဲ့ထူးခြားတဲ့ အဲဒီအရှိန်အဝါက အာကာသနဲ့အချိန်ရဲ့ ဥပဒေ အတားအဆီးကနေ လွတ်မြောက်အောင် ကူညီပေးနေတယ်။ ”
“ သူဟာ အင်မော်တယ်တာအိုရဲ့ စည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖျက်ဆီးနိုင်စွမ်း ကိုတောင် ရှောင်ရှားနိုင်ခဲ့တယ်။ ”
အင်မော်တယ်တံခါးနောက်မှ အံ့အားသင့်နေသော အသံများနှင့် မယုံနိုင်သော အသံများ ပဲ့တင်ထပ်လာ၏။
“ သေမျိုးနယ်မြေကနေ ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ တစ်စုံတစ်ဦး မွေးထုတ်ပေးနိုင်ခဲ့တာလား ...
... သူက ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို သန့်စင်ခြင်းမပြုရသေးဘဲ စည်းမျဉ်းဥပဒေပေါ် အတင်းအကြပ် ချိုးဖောက်ဖို့ကြိုးစားနေတာပဲ ...
... အားလုံးပဲ၊ ဒီကောင်လေးအတွက် ငါလမ်းညွှန်ပေးမယ် ... ဒီလိုပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်က ငါ့ရဲ့ချင်းချန်းအင်မော်တယ်ဂိုဏ်းနဲ့ အသင့်လျော်ဆုံးပဲ။ ”
“ ဟမ့် ... မဟုတ်ဘူး၊ ဒီလူငယ်ကို ငါသဘောကျတယ် သူက ... ငါ့ဂိုဏ်းနဲ့သာ အထိုက်တန်ဆုံးပဲ။ ”
“ တာအိုမိတ်ဆွေတို့ ... ဘာတွေ ဖြစ်နေကြတာလဲ အင်မော်တယ်တံခါးကိုတောင် သူ အောင်အောင်မြင်မြင် မဖြတ်ကျော် ရသေးဘူးမဟုတ်လား။ ”
“ ဟီးဟီး ... လူမိုက်၊ ငါတို့ သူ့ကို သဘောကျနေပြီဆိုမှတော့ လမ်းမှာအန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့ရရင်တောင် ငါတို့ သူ့ကို ပျက်စီးခွင့်ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ”
“ မင်း ... ကောက်ကျစ်တဲ့ အဖိုးကြီးတွေ။ ”
“ ဟားဟားဟား ... ။ ”
အင်မော်တယ် တံခါးနောက်မှ ဆူညံသောငြင်းခုန်သံများ ထွက်ပေါ်လာနေ၏။ အင်မော်တယ်စင်မြင့်ပေါ်ရှိ ကျန်ရှိနေသူတိုင်းမှာ ထိုစကားများကို ကြားနေရချေပြီ။ ထို့ကြောင့် လူတိုင်း အလွန်အံ့အားသင့်ကုန်၏။
သူတို့ရင်ထဲတွင် မနာလိုမှုများ ဖြစ်တည်လာသည်။ ဤသည်မှာ ပါရမီရှင်နှင့် သာမန်လူကြား ကွာခြားချက်ဖြစ်ချေ၏။
ထိုလမ်းပြဆိုသူများအားလုံးသည် စုရီကိုသက်ဆိုင်ရာဂိုဏ်းများသို့ ခေါ်ဆောင်ရန် ယှဉ်ပြိုင်နေကြပြီး အင်မော်တယ် စည်းမျဉ်းများ ကိုပင် ချိုးဖြတ်ပေးလိုနေကြ၏။
သူတို့မဆိုနှင့် ယွီချန်ကဲ့သို့သော လူများသည်ပင် လျစ်လျူရှုခြင်းခံနေရသည်။ ဤဖြစ်ရပ်သည်မှာ ပျံ့နှံ့သွားသော် တာအိုစု၏ အမည်သည် မနာလိုဖွယ်ကောင်းအောင် ကျော်ကြားလာပေတော့မည်။
များမကြာမီ စုရီပုံရိပ်သည် အင်မော်တယ်တံခါးအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
ထိုနေ့မှာပင် သေမျိုးနှင့် အင်မော်တယ်များကြား ကောင်းကင်လမ်းဟု ခေါ်နိုင်သည့် အင်မော်တယ်တံခါးပေါက် ပြန်လည်ပျောက်ကွယ်သွားခဲ့၏။
အဆုံး၌ ဒိုမိန်းတိုက်ပွဲကွင်းတွင် အသက်ရှင်ကျန်ရှိနေခဲ့သော ကျင့်ကြံသူများကို သက်ဆိုင်ရာဒိုမိန်းများထံသို့ ပြန်လည်ပေးပို့သွားခဲ့လေသည်။
ထိုနေ့၏ အဖြစ်အပျက်များသည် အဓိကနယ်မြေလေးခုဖြစ်သည့် အရှေ့ဘက်ရွှမ်ဒေသ၊ အနောက်ဘက် နှင်းဒေသ၊ မြောက်ပိုင်း အမှောင်နယ်မြေနှင့် တောင်ပိုင်းမီးလျှံနယ်မြေ တို့တွင် ချက်ချင်းပျံ့နှံ့သွားတော့၏။
ကမ္ဘာတစ်ဝှမ်းတွင် တုန်လှုပ် ချောက်ချားဖွယ်ကောင်းသည့် စုရီ၏သတင်းများ သည်သာ ပဲ့တင်ထပ်နေချေပြီ။
***
အခန်း ၁၁၃၄ -
အင်မော်တယ် ခန်းမအတွင်းမှ ပြိုင်ဆိုင်မှုများ။
အင်မော်တယ်နယ်မြေ။ တောက်ပသောနေမင်းကြီးသည် ကောင်းကင်၌ မြင့်မားစွာ ချိတ်ဆွဲထားချေသည်။
ခမ်းနားထည်ဝါပြီး ရှေးဟောင်း နန်းတော်တစ်လုံးအထက်တွင် ‘အင်မော်တယ် ခန်းမ’-ဟူသော စာလုံးများကို ရေးထိုးထားသည့် ကမ္ပည်းပြားတစ်ချပ် ချိတ်ဆွဲထား၏။
ထိုခန်းမကြီးရှေ့တွင် အင်မော်တယ်ချီများ ဖုံးလွှမ်းနေသော ရေကန်ကြီးတစ်ကန်ရှိနေကာ ပန်းရောင်မြူများဖြင့် ပိတ်ဖုံးအငွေ့ပျံနေသည်။
အင်မော်တယ်ရေကန်။ ဤရေကန်သည် ပေတစ်ထောင်အရွယ်အစားရှိပြီး ကြွယ်ဝသော ချီစွမ်းအင်များဖြင့် တောက်ပနေ၏။
ယွီချန်၊ ချင်စုရှင်း၊ ရန်ချန်ချင်းနှင့် အခြားအစွမ်းထက်သော ပုဂ္ဂိုလ်ပေါင်းများစွာက အင်မော်တယ် တံခါးမှဖြတ်ကာ ထိုရေကန်တွင် အောင်မြင်စွာ ပေါ်ထွက်လာခဲ့သည်။
သူတို့ထဲတွင် ဓားမိစ္ဆာချင်းရှစ်လည်း ပါဝင်ချေ၏။ တစ်စုံတစ်ဦးက ပတ်ဝန်းကျင် အပြောင်းအလဲကို သတိထားမိကာ၊
“ ဒါ အင်မော်တယ် နယ်မြေလား။ ”
-ဟု ရေရွတ်လျက် လှည့်ပတ်ကြည့်သည်။
" ကောလာဟလတွေထဲက အတိုင်းပဲ ... အင်မော်တယ်မြေကို တက်လှမ်းနိုင်သူတွေဟာ အင်မော်တယ်ခန်းမရှေ့က အသွင်ပြောင်း ရေကန်ကို တိုက်ရိုက်ရောက်နိုင်တယ်။ ”
တစ်ဖက်တွင် လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အင်မော်တယ်ရေကန်ထံ ဝေ့ကြည့်ကာ ဆွေးနွေးလာကြသည်။
တစ်ဆက်တည်းမှာပင် သူတို့၏ မျက်နှာအမူအရာများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့တော့၏။
ဆန့်ကျင်ဘက်အနေနှင့် ယွီချန်၊ချင်စုရှင်း၊ ရန်ချန်ချင်းတို့သည် တည်ငြိမ်စွာ ရှိနေကြသည်။ အင်မော်တယ်နယ်ပယ်ဟူသည် ကောင်းကင်ဘုံ နယ်ပယ်ထက် ပိုမိုမြင့်မားသော တာအိုနယ်ပယ် တစ်ခုသာ ဖြစ်၏။
ယခင်က သေမျိုးနယ်မြေ၌ မည်မျှပင် သန်မာနေပါစေ အင်မော်တယ်နယ်မြေထံပါးသို့ ရောက်ရှိသော် သူတို့၏ အဆင့်အတန်းများ၊ ဘုန်းအသရေနှင့် ကျော်ကြားမှုအားလုံးသည် များစွာရယ်စရာကောင်းသွားပေမည်။
“ ဒီအင်မော်တယ်ခန်းမက ဘယ်တိုက်ကြီးမှာရှိနေလဲ ငါသိချင်တယ်။ ”
ယွီချန်မှ တီးတိုးရေရွတ်လိုက်သည်။ အင်မော်တယ်မြေတွင် တိုက်ကြီး(၄၉)တိုက်ရှိပြီး အဆုံးမရှိ ကျယ်ပြန့်သောဒေသကြီးတစ်ခုရှိ၏။
ချင်စုရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒဏ္ဍာရီအရ အင်မော်တယ်မြေ၌ အင်မော်တယ် ခန်းမနှင့် အင်မော်တယ်ရေကန်ဟူ၍ရှိ၏။
လမ်းညွှန်များသည် ထိုအရပ်နှစ်ခုလုံးကို ထိန်းချုပ်နိုင်သည်။ ဤသည်မှာ ဓမ္မအဆုံးခေတ် မတိုင်မီ သမိုင်းမှတ်တမ်းဖြစ်၏။
ယခုမူ တစ်ချိန်က ကြီးမားသော ကပ်ဘေးကြီးတစ်ခုသည် အင်မော်တယ်မြေကို ကျရောက်ပြီး ရာစုနှစ်များစွာကုန်လွန်ခဲ့၏။
ထို့ကြောင့် အင်မော်တယ်မြေအတွင်းရှိ လက်ရှိစည်းမျဉ်းများ ပြောင်းလဲသွားနိုင်မည်ကို ပြောနိုင်သည်။ လူတိုင်း ရေကန်ကြီးထံ ဝေ့ဝဲကြည့်လိုက်သည်။
ရေကန်နှင့် မဝေးလှသောနေရာတွင် ခြေချင်းချိတ်ကာထိုင်နေသည့် အဘိုးကြီးတစ်ဦး ရှိနေ၏။
ဆံပင်နှင့် မုတ်ဆိတ်မွေးများသည် ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများကိုမှိတ်လျက်ဖြင့် ဝိုင်ပုလင်းတစ်လုံး ဆုပ်ကိုင်ထား၏။
“ သူလည်း လမ်းပြတစ်ယောက်ဖြစ်နိုင်လား။ ”
ဤအတွေးသည် လူတိုင်း၏ ရင်ထဲ ဖြတ်ပြေးသွားချိန်တွင် အင်မော်တယ်ခန်းမကြီး အတွင်းမှ အသံတစ်သံ ပဲ့တင်ထပ်လာခဲ့၏။
“ အားလုံးပဲ အင်မော်တယ်တံခါးကို ဖြတ်ကျော်လာနိုင်တဲ့အတွက် ကြိုဆိုပါတယ် အခုဆိုရင် ငါတို့အားလုံးက ...
... အင်မော်တယ်မြေကို ရောက်နေပြီမို့ လူတိုင်းက တာအိုမိတ်ဆွေတွေပါပဲ အထဲကို ဝင်လာပြီး စကားပြောကြပါ။ ”
ရေကန်အထက်ရှိ ယွီချန်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ကာ ထိုအဘိုးကြီးကို အာရုံမစိုက်တော့ဘဲ ခန်းမထဲ ဝင်ရောက်လာတော့သည်။
ယနေ့ အင်မော်တယ်တံခါးကို ဖြတ်ကျော်လာနိုင်သည့် လူအရေအတွက်မှာ တစ်ရာကျော်သာရှိချေ၏။
ခန်းမအတွင်းတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ဆယ်ယောက်ကျော်ထိုင်နေ၏။ စားပွဲထိပ်တွင်ထိုင်နေသော အသက်လတ်ပိုင်း အရွယ် အမျိုးသားသည် ခရမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါလွန်းသည်။ သူထံမှ ရောင်ဝါသည် လူတိုင်းအတွက် လေးလံသောဖိအားများ ပေးစွမ်း၏။
“ စီနီယာတို့က လမ်းညွှန်တွေလား။ ”
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။ ခရမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလျက် ပြန်ဖြေသည်။
“ ဓမ္မအဆုံးခေတ် မတိုင်ခင်က ... လမ်းညွှန်တွေကို ဗဟိုအင်မော်တယ်ရုံးတော်က ခန့်အပ်ခဲ့တာပါ ... ဒါပေမယ့် အဲဒါက အတော်ကြာပါပြီ ...
... ဒီနေ့မှာ ဗဟိုအင်မော်တယ်ရုံးက မရှိတော့ပါဘူး အတိတ်နဲ့လုံးဝကွဲပြားပါတယ် အခုချိန်မှာတော့ ငါတို့ကိုလမ်းညွှန်တွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ ”
“ ဒါဆိုလက်ရှိ စည်းမျဉ်းတွေက ဘာတွေလဲလို့ မေးပါရစေ။ ”
“ ဒါက အရမ်းရိုးရှင်းပါတယ် ... ဒီမှာ ထိုင်ချင်းဂိုဏ်းခေါင်းဆောင် သခင်ချီနီအမိန့်အရ မင်းတို့အားလုံးကို လမ်းညွှန်ပေးဖို့ရှိနေတာပါ။ ”
ယွီချန်၊ ချင်စုရှင်း၊ ရန်ချန်ချင်းနှင့် အခြားသူများသည် တစ်စုံတစ်ရာကိုမှန်းဆကာ မျက်နှာအမူအရာများ လေးနက်လာ၏။
“ ဒါ့ပြင် ငါတို့မှာ လုပ်စရာနှစ်ခုရှိတယ်။ ”
ခရမ်းရောင်ဝတ်ရုံနှင့် အသက်လတ်ပိုင်းအရွယ် ထိုအမျိုးသားကပင် စကားဆက်ပြောလာ၏။
“ ပထမဦးစွာ ... လူတိုင်းရဲ့ အထောက်အထားနဲ့ မူလကိုပြောကြားပေးပါ ငါတို့မှတ်တမ်းယူဖို့လိုတယ်။ ”
“ ဘာအတွက်လဲ မေးခွင့်ရမလား စီနီယာ။ ”
ယွီချန်မှ ပြန်လည်မေးမြန်းလိုက်သည်။
“ ဒါက ရိုးရှင်းပါတယ် မိတ်ဆွေတို့ရဲ့ အချက်အလက်တွေကို ... ထိုက်ချင်ဂိုဏ်းဆီကို ပေးပို့ရမယ်လို့ တောင်းဆိုထားပါတယ်။ ”
“ ဟမ့် ... ထိုက်ချင်းဂိုဏ်းက ငါတို့ရဲ့ အထောက်အထားနဲ့ မူလကို ဘာလို့စစ်ဆေး ချင်နေရတာလဲ။ ”
ချင်စုရှင်းတစ်ယောက် မျက်ခုံးပင့်လိုက်သည်။ လူတိုင်း ထူးဆန်းသလို ခံစားချက်များရရှိလာ၏။
ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားက ခေါင်းကို အနည်းငယ်ခါယမ်းပြကာ၊
“ ဒီအကြောင်းကို ငါလည်းမသိဘူး ... သခင်ချီနီရဲ့အမိန့်မို့ ... ငါတို့ကစည်းမျဉ်းတွေနဲ့ အမိန့်ကို လိုက်နာရုံပါပဲ။ ”
-ဟု ဖြေကြားလာ၏။ ထို့နောက် ခရမ်းရောင်ဝတ်လုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားကပင်၊
“ ဒုတိယအချက်ကတော့ တာအိုမိတ်ဆွေတို့ထဲကနေ ငါတို့ဂိုဏ်းအတွက် တပည့်တွေကို ရွေးချယ်ဖို့ပါပဲ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြောင့် ယွီချန်အပါအဝင် လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာနှင့် တိတ်ဆိတ် ကုန်တော့၏။ ဤသည်မှာ သူတို့ ဘဝတလျှောက် မက်ခဲ့ရသော အိမ်မက်ပေပင်။
“ ငါတို့အားလုံးက အင်အားစု အသီးသီးကနေလာခဲ့ကြတာပါ ရွေးချယ်ခံရရင် မင်းတို့က စမ်းသပ်မှုတွေ ခံယူစရာမလိုဘဲ ...
... အင်မော်တယ်ဂိုဏ်းတွေရဲ့ ဆက်ခံသူတွေအဖြစ် မင်းတို့တွေကို ခေါ်ဆောင် သွားပေးပါမယ်။ ”
ခရမ်းရောင်ဝတ် သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလျက် ရှင်းပြလိုက်လေသည်။ လူတိုင်း၏မျက်လုံးများ ချက်ချင်း တောက်ပ သွားတော့၏။
သူတို့သည် ယနေ့မှ အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာကြခြင်း ဖြစ်ချေသည်။ သူတို့တွင် အမြစ်မရှိသေးချေ။
ထိုသို့တပည့်အဖြစ် ရွေးချယ်ခံရသော် အကောင်းဆုံးပေပင်။ တစ်စုံတစ်ယောက်မှ စိတ်လှုပ်ရှားစွာဖြင့်၊
“ စီနီယာ ... မင်း ငါတို့ကို ရွေးချယ်တဲ့အခါ စည်းကမ်းတွေရှိသေးလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ အလျင်မလိုပါနဲ့ဦး ... ငါတို့တွေ လူစုံတဲ့အထိစောင့်ရမယ် အပြင်မှာတစ်ယောက် ကျန်သေးတယ်။ ”
ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ်အမျိုးသား စကားကြောင့် လူတိုင်းအံ့အားသင့်သွားကြသည်။
“ ဝရူး ... ။ ”
ထိုအချိန်မှာပင် ခန်းမကြီးအပြင်ဘက်မှ အင်မော်တယ်ပြောင်းလဲခြင်းရေကန်က ပြင်းစွာ တုန်ခါသွားတော့၏။
သည့်နောက် မြင့်မားပြီး ခန့်ညားသောပုံရိပ်တစ်ရိပ် ရေကန်အထက်တွင် ထွက်ပေါ်လာခဲ့သည်။
အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်အေးချမ်းသောအသွင်ဖြင့် စုရီပေပင်။ စုရီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
“ အင်မော်တယ်နန်းတော်လား ... ။ ”
သူ့မှတ်ဉာဏ်အတွင်း ဝမ်ယဲ့ဘဝ အတွေ့အကြုံများ တရိပ်ရိပ်များ ဖြတ်ပြေး လာတော့သည်။
ရင်းနှီးသောသူငယ်ချင်းများ၊ ရန်သူဟောင်းများ၊ ခရီးသွား အမှတ်တရများ စသည့် အချက်အလက်တိုင်း ရှင်းရှင်းလင်းလင်း ပေါ်လွင်လာခဲ့၏။
“ မျှော်လင့်ထားတဲ့အတိုင်းပဲ ... သူ အင်မော်တယ်နယ်မြေကို ရောက်လာမယ် ဆိုတာ ငါသိနေတယ်။ ”
“ ဝှစ် ... ။ ”
ယွီချန်၊ ချင်စုရှင်းနှင့် အခြားသူများမှာ နားလည်သွားတော့သည်။ ကြီးကျယ်ခမ်းနားစွာ ထိုင်နေခဲ့သော လမ်းပြများသည် ရုတ်တရက် တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကာ ခန်းမအပြင်သို့ ရုတ်ချည်းဦးတည်သွားကြ၏။
“ ဒီမိတ်ဆွေက တကယ့်ကို ထူးချွန်ထက်မြက်တာပဲ ကျေးဇူးပြုပြီး ခန်းမထဲ ဝင်လာခဲ့ပါ ငါတို့စကားပြောရအောင်။ ”
ခရမ်းရောင်ဝတ် အမျိုးသားက ပြုံးလျက် စုရီကိုနှုတ်ဆက်ကာ ခန်းမအတွင်းသို့ ဖိတ်ခေါ် လိုက်တော့၏။
“ လူငယ်လေး ငါက ချင်းချန်း အင်မော်တယ်ဂိုဏ်းရဲ့ကာကွယ်သူ အကြီးအကဲ တစ်ယောက်ပဲ မင်းသာဆန္ဒရှိရင် ငါ့ဂိုဏ်းကို ကိုယ်စားပြုပြီး မင်းကိုငါတို့ရဲ့ အမာခံ တပည့်အဖြစ် ရွေးချယ်နိုင်ပါတယ်။ ”
ထိုစဉ် လမ်းပြအဖိုးကြီးတစ်ယောက်က သည်းမခံနိုင်တော့ဘဲ စုရီကို တိုက်ရိုက်ဖိတ်ခေါ် လာလေသည်။
“ ဟမ့် ... အဖိုးကြီး အမာခံတပည့်လား အဲဒီရာထူးကဘာလုပ်ရမှာလဲ .. ငါ့မိတ်ဆွေလေး မင်း ငါနဲ့အတူ လိုက်လာသရွေ့ ငါတို့ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်ဆိုတာ ငါအာမခံတယ်။ ”
သူ့ဘေးမှ အဖိုးကြီးက နှာခေါင်းရှုံ့ လှောင်ပြောင်ကာယုံကြည်မှုရှိရှိ ဖိတ်ခါ်လာ၏။ ထို့ကြောင့် အခြားသော လမ်းပြများသည်လည်း နှုတ်ဆိတ်မနေနိုင်တော့ချေ။
“ ဘာတွေ အလျင်လိုနေတာလဲ ... မင်းတို့တွေ ရာထူးနဲ့အခွင့်အရေး ဘယ်လောက် ပေးနေပါစေ ဒီမိတ်ဆွေရဲ့ ဆန္ဒအပေါ်သာ မူတည်ပါတယ်။ ”
“ မိတ်ဆွေလေး ... ငါကထျန်းဝူတောင်ရဲ့ အဆင့်မြင့်အကြီးအကဲတစ်ယောက်ပါ ငါ့ဂိုဏ်း ဝင်တာကသာ ... မင်းအတွက် အသင့်လျော်ဆုံးပါပဲ။ ”
ခဏအတွင်းမှာပင် လူတိုင်း စုရီကိုဆွဲဆောင်ရန် ကြိုးစားလာတော့သည်။ ထိုမြင်ကွင်းကြောင့် ယွီချန်နှင့် တခြားသူများမှာ အံ့အားသင့်သွားကြသည်။ ဤလမ်းပြများသည် စုရီကိုမြင်သောအခါ သူတို့ကို လျစ်လျူရှု၏။
ကမ္ဘာကြီးအလုပ်လုပ်ပုံမှာ အမှန်ပင် ရက်စက်ကြမ်းကြုတ်လွန်းချေပြီ။ သူတို့အတွင်း မည်သူသည် ယနေ့အတွက် အိမ်မက် မမက်ဘဲနေသနည်း။
အဆုံးတွင် ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားမှ ရှေ့သို့တိုးလာပြီး လေးနက်သောအသံဖြင့်၊
“ ငါ့အမြင်အရတော့ မိတ်ဆွေဟာ ထိုက်ချင်းဂိုဏ်းရဲ့တပည့်ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ် မင်းတို့ငြင်းခုံတာတွေရပ်ပါ။ ”
-ဟု ဟန့်တားလိုက်တော့၏။
ထိုက်ချင်းဂိုဏ်းဟူသော အမည်ကြောင့် လမ်းညွှန်များမှာ သက်ပြင်းချလျက် ဆုတ်ခွာ ကုန်တော့သည်။
သူတို့ တက်နိုင်စရာမရှိတော့ချေ။ သူတို့အားလုံးသည် ထိုက်ချင်းဂိုဏ်းကဲ့သို့သော ဧရာမဘီလူးကြီးကို မယှဉ်နိုင်သည်မှာ သဘာဝပေပင်။
စုရီသာလျှင် မျက်ခုံးပင့်လိုက်သည်။ ထိုက်ချင်းဂိုဏ်းဟူသည် ဝမ်ယဲ့၏ ရန်သူတော် ဖြစ်၏။ အင်မော်တယ်မြေသို့ စရောက်သည်နှင့် တစ်ဖက်လူမှ သူ့ကိုဖိတ်ခေါ်နေချေပြီ။
***