← Chapters

အခန်း (၁၁၃၅-၁၁၃၆)

Vol. 95 Ch. 1135-1136

အခန်း (၁၁၃၅-၁၁၃၆)

Vol. 95 Ch. 1135-1136

အခန်း ၁၁၃၅ -

ငါထွက်သွားချင်ရင် ငါ့ကို ဘယ်သူမှ မတားနိုင်ဘူး။

ထိုစဉ်အချိန်က ရွှမ်ရှောင်ကျိနှင့် လူတစ်စုသည် သူ့ကိုလုပ်ကြံရန် နတ်ဆိုးခေတ် သို့တိုင် လိုက်လံရှာဖွေခဲ့ဖူး၏။

လွန်ခဲ့သည့် တစ်နှစ်က စုရီသည် နတ်ဆိုးခေတ်တွင် လျှို့ဝှက်တံဆိပ်မှတစ်ဆင့် ရွှမ်ရှောင်ကျိ၏ တပည့်ကြီးချီနီနှင့် ဆက်သွယ်စကားပြောခဲ့ဖူးသည်။

ထိုအချိန်တွင် ချီနီသည် ဗဟိုအင်မော်တယ်ရုံးကို ပြန်တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ပြောကြားထား၏။

လက်ရှိ ထိုက်ချင်းဂိုဏ်း၏ ခေါင်းဆောင်နေရာကိုပင် ချီနင်မှ ဆက်ခံထား လေသည်။

“ မင်းက ထိုက်ချင်းဂိုဏ်းရဲ့ အဖွဲ့ဝင်လား။ ”

စုရီက ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို မေးမြန်း လိုက်လေသည်။

“ ငါ ထိုက်ချင်းဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီသေးပါဘူး။ ”

ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း အရွယ်အမျိုးသားက ပြန်ဖြေ၏။ သူ့အမည်မှာ လောင်ယွမ်ကျောက်ဖြစ်သည်။

“ အတိအကျပြောရရင် ငါ့ဂိုဏ်းက ထိုက်ချင်းဂိုဏ်းရဲ့ လက်အောက်ခံ ဂိုဏ်းလေး တစ်ခုပါ ဒါပေမယ့် ထိုက်ချင်းဂိုဏ်းရဲ့ ခေါင်းဆောင်ချီနီရဲ့ အမိန့်အရ မင်းကိုကြိုဆိုဖို့ ငါဒီမှာရှိနေတာပါ ...

... ငါ့အမြင်အရတော့ သူငယ်ချင်း ... မင်းရဲ့အရည်အချင်းနဲ့ ... ထိုက်ချင်းဂိုဏ်းရဲ့ တပည့်ဖြစ်လာဖို့ ပြဿနာ မရှိပါဘူး။ ”

စုရီမှ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နားလည်လာ၏။ ထိုအချိန်မှာပင် ရုတ်တရက် အာကာသလှိုင်းတစ်ခုပေါ်လာပြီး ပုံရိပ်တရိပ် အဝေး၌ ထွက်ပေါ်လာသည်။

ဤသည်မှာ သပ်ရပ်သော အဝတ်အစားများဖြင့် အမျိုးသားတစ်ယောက် ဖြစ်၏။ မျက်နှာသွယ်လျပြီး လင်းယုန်ကဲ့သို့ စူးရှသောမျက်လုံးများ ရှိသည်။

“ မင်္ဂလာပါ သခင်လျူ။ ”

ထိုလူပေါ်လာချိန်တွင် လောင်ယွမ်ကျောက်အပါအဝင် လမ်းပြအားလုံး အံ့အားသင့်သွားကြပြီး တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြတော့၏။

ဤသည်မှာ ကနဦးဗလာနယ်ပယ် အင်မော်တယ်တစ်ပါးပေပင်။ အင်မော်တယ် နယ်ပယ်ကို အမည်ခံအင်မော်တယ်အဆင့်၊ ဗလာနယ်ပယ် အင်မော်တယ်၊ သူတော်စင် အင်မော်တယ်နှင့် အင်မော်တယ်ဘုရင်အဖြစ် ခွဲခြားထားသည်။

လောင်ယွမ်ကျောက်နှင့် အဖွဲ့သည် အမည်ခံအင်မော်တယ်များဖြစ်ပြီး သေမျိုးများ အဖြစ် မှတ်ယူနိုင်သေး၏။

လက်ရှိရောက်ရှိလာသော သခင်လျူသာလျှင် စစ်မှန်သောဗလာနယ်ပယ် အင်မော်တယ် ဖြစ်ချေသည်။

အမည်ခံအင်မော်တယ် တစ်ထောင်လျှင် တစ်ယောက်သည်သာ ဗလာနယ်ပယ်အဆင့်သို့ တက်ရောက်နိုင်ရန် အခွင့်အရေးရှိ၏။

သေမျိုးများအတွက် အမည်ခံ အင်မော်တယ်များသည် တန်ခိုးရှင်များဖြစ်နေ သော်လည်း အင်မော်တယ်များအမြင်တွင်မူ သေမျိုးများသာဖြစ်နေသေးသည်။

ဗလာနယ်ပယ် အင်မော်တယ်သည် တိုက်ကြီးတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီး အချို့သော အင်အားစုများတွင် မဏ္ဍိုင်များဖြစ်၏။

သူတော်စင်အင်မော်တယ် များမှာမူ တိုက်ကြီးတစ်ခု၏ ပထမတန်းစား ထိပ်တန်း ပုဂ္ဂိုလ်များပေပင်။

“ ငါ့အမိန့်ကို နားထောင်ကြပါ ... သုံးရက်အတွင်း ထိုက်ချင်းဂိုဏ်းရဲ့ သံတမန် ရောက်ရှိလာလိမ့်မယ် ... သူ မလာခင်မှာ ဘယ်သူမှ ဒီကနေ ထွက်ခွာခွင့်မရှိဘူး။ ”

သခင်လျူက လမ်းပြများကို ဝေ့ကြည့်ပြီးနောက် အမိန့်ထုတ်ပြန်လိုက်သည်။ လူတိုင်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်သွား၏။

“ သခင်လျူ ... တစ်ခုခု မှားယွင်းသွားတာများလား ထိုက်ချင်းဂိုဏ်းက ဘာလို့ သံတမန်စေလွှတ်ရတာလဲ။ ”   

လောင်ယွမ်ကျောက်မှ ရှုပ်ထွေးသွားဟန်ဖြင့် မေးမြန်းလိုက်သည်။ သခင်လျူဆိုသူက သူ့ထံ စိုက်ကြည့်ကာ၊

“ ငါက သတင်းစကားပါးဖို့အတွက် ရောက်လာသူပဲ အခြေအနေကို သံတမန်လာမှ သိနိုင်ပါလိမ့်မယ်။ ”

-ဟု ပြန်ဖြေ၏။ ထို့နောက် လက်ဝှေ့ယမ်းကာ၊

“ လူတိုင်း အင်မော်တယ်ခန်းမကို ပိတ်ဆို့ထားလိုက် ငါ့အမိန့်မပါဘဲ ဘယ်သူမှ ဝင်ထွက်ခွင့်မရှိဘူး။ ”

-ဟု အမိန့်ပေးလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”  

များမကြာခင် ကြောက်မက်ဖွယ် အေးစက်မှုအငွေ့အသက်များ ထုတ်ဖော်လျက် အစွမ်းထက်သော ကျင့်ကြံသူတစ်စု ထွက်ပေါ်လာလေသည်။

ထိုသူများက လက်နက်များ ကိုင်ဆောင်လျက် ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်းပိတ်ဆို့လိုက်တော့၏။

အမည်ခံ အင်မော်တယ်ပေါင်း တစ်ရာကျော်ဖြစ်ပြီး သူတို့၏ရောင်ဝါများကို ပေါင်းစပ်လိုက်ခြင်းဖြင့် လေဟာနယ်အတွင်း နေရာလွတ်မကျန်ခဲ့ချေ။ သည်ပြင် သူတို့၏ နတ်အာရုံများကိုလည်း ဖြန့်ကျက်ထား၏။

ထိုမြင်ကွင်းကြောင့် လောင်ယွမ်ကျောက် အပါအဝင် အခြားသောလမ်းပြများသည်လည်း မျက်နှာများ ပြောင်းသွားလေသည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

ယွီချန်နှင့် ချင်စုရှင်းက လေထုအတွင်း တင်းကြပ်မှုကိုခံစားမိလိုက်သဖြင့် မျက်ခုံးများ တွန့်ချိုးသွားသည်။

သူတို့အားလုံးသည် ယခုမှပင် အင်မော်တယ်မြေသို့ ရောက်ရှိလာကြသူများ ဖြစ်ကြ၏။ သို့သော် လက်ရှိအခြေအနေသည် မကောင်းနိုင်ကြောင်း မြင်သာချေပြီ။

စုရီက ဝိုင်အိုးကိုထုတ်ယူပြီး တစ်ငုံမော့သောက်လိုက်၏။ ဤဖြစ်ရပ်များမှာ တစ်စုံတစ်ရာထံ ဦးတည်နေကြောင်း မြင်နိုင်ချေပြီ။

“ သခင်လျူ ... ဒီလောက်ထိသွားဖို့ တကယ်လိုအပ်လို့လား။ ”

လောင်ယွမ်ကျောက်က မမေးဘဲ မနေနိုင်တော့ချေ။ တစ်ဖက်လူ၏ အမည်မှာ လျူယွမ်ကျင်းပေပင်။ ထိုသူက သူ့မေးခွန်းကို ဂရုမစိုက်ဘဲ၊

“ ငါက အမိန့်ကို ပေးပို့သူပါ ... ဒီနေ့ ခွင့်ပြုချက်မရှိဘဲ ဒီနေရာကနေထွက်သွားဖို့ မကြိုးစားတာအကောင်းဆုံးပါပဲ။ ”

-ဟု ပြန်ပြောပြောလိုက်၏။   

“ မှန်ပါတယ် ... ငါလည်း အပါအဝင်ပါပဲ။ ”

ထို့နောက် လျူယွမ်ကျင်းမှ လှည့်ထွက်သွားတော့၏။ လောင်ယွမ်ကျောက် အပါအဝင် လမ်းပြများအားလုံးသည် မရေမရာ ခံစားချက်များ ဝင်ရောက်လာသည်။

ရုတ်တရက် ဤသို့သောပြောင်းလဲမှုသည် အံ့အားသင့်စရာပေပင်။ လောင်ယွမ်ကျောက်မှာ အင်မော်တယ်ခန်းမအတွင်း လှည့်ကြည့်လျက်၊

“ အားလုံးပဲ မကြောက်ပါနဲ့ ... ထိုက်ချင်းဂိုဏ်းက သံတမန် ရောက်လာရင် ငါတို့အားလုံး ရှင်းလင်းသွားပါလိမ့်မယ်။ ”

-ဟု နှစ်သိမ့်လိုက်သည်။ သို့တိုင် လူတိုင်း၏နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကျမှုကို ဖယ်ရှားမပေးနိုင်ချေ။

တစ်ချိန်တည်းမှာပင် စုရီ၏အကြည့်သည် အင်မော်တယ် ပြောင်းလဲခြင်း ရေကန်ဘေးသို့ လှည့်သွားခဲ့၏။

ရေကန်ဘေးတွင် ပိန်ချုံးနေသော အဘိုးကြီးတစ်ယောက် ဘူးသီးခြောက်အတွင်းမှ အရက်ကိုမော့သောက်ကာ ခြေချင်းချိတ် ထိုင်နေချေပြီ။

သူ့ဆံပင်နှင့် မုတ်ဆိတ်များသည် ဖရိုဖရဲဖြစ်နေပြီး မျက်ဝန်းများမှိတ်ထားလျက် အရာအားလုံးကို လျစ်လျူရှုထားခဲ့သည်။ စုရီက အကြည့်များ ပြန်လည်ရုပ်သိမ်းလိုက်ကာ ချင်းရှစ်ထံသို့ အသံပေးပို့လိုက်၏။  

“ ဒီနေ့ဖြစ်ရပ်တွေက ငါ့ကို ရည်ရွယ်ထားပုံရတယ် မင်း အသင့်ပြင်ထားပါ ငါထွက်သွားရင် မင်းကိုခေါ်သွားမယ်။ ”

ချင်းရှစ်တစ်ယောက် နှလုံးသား တစ်ခုလုံးတုန်ခါသွားကာ နားလည်ကြောင်း အနည်းငယ် ခေါင်းညိတ်ပြတော့၏။ 

စုရီမှ စကား ဆက်မပြောတော့ဘဲ ဝိုင်သောက်နေစဉ် ရုတ်တရက် တိုးညှင်းသော အသံတစ်သံ သူ့ထံသို့ ဝင်ရောက်လာသည်။

“ မိတ်ဆွေလေး ... ငါနဲ့အတူ ပူးပေါင်းဖို့ဆန္ဒရှိရင် မင်းကိုဒီနေရာကနေ ထွက်ခွာနိုင်အောင် ကူညီပေးမယ်။ ”

စုရီမှ မျက်လုံးများ တောက်ပသွားပြီး အသံလာရာအရပ်ထံ လှည့်ကြည့်လိုက်သည်။ လမ်းပြများအတွင်းမှ မုတ်ဆိတ်မွှေးရှည်ရှည်နှင့် စာပေသမားအသွင် လူတစ်ယောက်က သူ့ထံကြည့်နေချေပြီ။

“ မင်းမှာ ထိုက်ချင်းဂိုဏ်းကို စော်ကားဖို့ သတ္တိရှိနေတာလား။ ”

စုရီမှ မေးမြန်းလိုက်လေသည်။ စာပေသမားဝတ်ရုံနှင့်လူက ပြုံးလျက်၊

“ အင်မော်တယ်နယ်မြေက အရမ်း ရှုပ်ထွေးပြီး ထိုက်ချင်ဂိုဏ်းက အရာအားလုံးကို မထိန်းချုပ်နိုင်ပါဘူး မင်းမှာ ...

... သံသယတွေ ရှိနေမယ်ဆိုတာ ငါသိပါတယ် ငါ့လိုမျိုး သူစိမ်းတစ်ယောက်ကို ယုံကြည်ဖို့ တွန့်ဆုတ်နေတယ်မဟုတ်လား ...

... စိတ်မပူနဲ့ ဒီည ငါ့ရဲ့စွမ်းရည်တချို့ ပြသပေးမယ် ပြီးမှ မင်းဆုံးဖြတ်လို့ရပါတယ် ငါထွက်သွားရင် မင်းကိုခေါ်သွားပေးမယ်။ ”

-ဟု ကတိပေးလာသည်။

“ ဒါနဲ့ ဒီနေရာက ... ဘယ်မှာ ရှိနေလဲဆိုတာ မင်းငါ့ကို ပြောပြနိုင်မလား။ ”

“ ဒီနေရာက ကျင်းပြည်နယ်ရဲ့ ပိုင်လူတောင်ပါ ရှေးယခင်က ကျင်းပြည်နယ်ရဲ့ ပထမတန်းစား အင်အားစုဖြစ်တဲ့ ဖူဖန်ဘိုးဘေးမြေပဲ ...

... ဒါပေမယ့် ဖူဖန်မျိုးရိုးဟာ ဓမ္မအဆုံးခေတ်မှာ ဖျက်ဆီးခံခဲ့ရပြီး အခုတော့ ဒီနေရာတစ်ခုလုံး လူသူကင်းမဲ့နေတဲ့ ဒေသကြီးဖြစ်နေပါပြီ ...

... ကပ်ဘေးကြီးက အရာအားလုံးကို လုံးဝပြောင်းလဲစေခဲ့တယ် ဖူဖန်အင်မော်တယ် နန်းတော်လို အင်အားစုတောင် အချိန်မြစ်ထဲ ပျောက်ကွယ်ရတာကိုပဲ ကြည့်ပါဦး။ ”

စုရီက တိတ်ဆိတ်သွားသည်။ ကျင်းပြည်နယ်ရှိ ပိုင်လူတောင် ဖူဖန်နန်းတော် စသည့်အမည်များသည် စုရီနှင့်မစိမ်းချေ။

ကျင်းပြည်နယ်သည် ပြည်နယ်ကြီး (၄၉)ခုထဲမှ တစ်ခုဖြစ်ကာ ဖူဖန်နန်းတော်သည် ၎င်းပြည်နယ်၏ အုပ်စိုးရှင်ဖြစ်၏။

တစ်ချိန်က ဖူဖန်နန်းတော်ကို တည်ထောင်သူသည့် ချီချန်လီဆိုသူသည် ဗဟိုအင်မော်တယ် ရုံးတော်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။  

ဘွဲ့အမည်မှာ ဓားသခင်ချန်လီ ဖြစ်၏။ ဝမ်ယဲ့လက်အောက် ဗိုလ်ချုပ်ကြီး(၃၆)ယောက် အနက် တစ်ယောက်ပေပင်။

နဝမမြောက် ကောင်းကင်တံခါးတွင် ဝမ်ယဲ့နှင့်အတူ တိုက်ပွဲဝင်ပေးခဲ့သူဖြစ်သည်။ အင်မော်တယ်ဘုရင် ဖြစ်လာပြီးနောက် တာအို အတွက် လျှို့ဝှက်နယ်မြေတစ်ခုထံ ခရီးနှင်ရန် ရုံးတော်ကနေ အနားယူသွားသူပေပင်။

“ ကြည့်ရတာ ချီချန်လီလို ရှေးဟောင်းအဖိုးကြီးလည်း ဓမ္မအဆုံးခေတ်မှာ ကျရှုံးခဲ့ရပုံရတယ် ... မဟုတ်ရင် သူ့ရဲ့ဂိုဏ်း ပျက်စီးသွားတာကို ကြည့်နေမှာမဟုတ်ဘူး။ ”

စုရီက တစ်ယောက်တည်း မှန်းဆချက်ထုတ်နေခဲ့၏။ ဝမ်ယဲ့မှတ်ဉာဏ်များ အားလုံးမှာ ဓမ္မအဆုံးခေတ်မတိုင်မီဖြစ်သည်။

ထို့ကြောင့် ဓမ္မအဆုံးခေတ်တွင် အံ့မခန်းအင်မော်တယ်မျိုးရိုးများ မည်မျှအထိ ကျရှုံးသွားသည်ကို သူ မသိနိုင်ချေ။

ဝမ်ယဲ့၏ ရန်သူများနှင့် ပဋိပက္ခများကို မဖြေရှင်းခင် အင်မော်တယ်နယ်မြေ၏ လက်ရှိ အခြေအနေပေါ် နားလည်ရန် လိုအပ်နေပုံရ၏။

“ မိတ်ဆွေလေး ... မင်း ဒါကို သေချာစဉ်းစားပြီးပြီလား။ ”

စုရီတစ်ယောက် အချိန်အတော်ကြာ သည့်တိုင် တိတ်ဆိတ်နေသဖြင့် စာပေသမားက စိတ်လှုပ်ရှားလာလေသည်။ စုရီမှ သူ့ထံ လှည့်ကြည့်ကာ၊

“ အခုချိန်ထိ မင်းရဲ့ဂိုဏ်းအမည် ငါ့ကိုမပြောပြသေးဘူး။ ”

-ဟု မေးမြန်းလိုက်၏။

“ အလျင်မလိုပါနဲ့ဦး ... ငါနဲ့အတူ လိုက်ခဲ့မယ်လို့ သဘောတူရင် သဘာဝအတိုင်း မင်း သိလာပါလိမ့်မယ် ...

... အခုချိန်မှာ ငါပြောပြနိုင်တာ ... ငါ့ဂိုဏ်းရဲ့စွမ်းအားက ထိုက်ချင်းဂိုဏ်းအပေါ် လုံးဝ မကြောက်ဘူးဆိုတာပဲ။ ”

ထိုအချိန်တွင် စုရီက ပျင်းရိသွားကာ၊

“ မလိုပါဘူး ... ငါထွက်သွားချင်ရင် ဒီနေ့ဘယ်သူမှ ငါ့ကိုမတားနိုင်ဘူး။ ”

-ဟု တိုက်ရိုက်ငြင်းပယ်လိုက်၏။

ရုတ်တရက် ဤသို့သော ငြင်းပယ်မှုသည် စာပေသမားကိုအံ့အားသင့်သွားပြီး မျက်ခုံးများ တဖြည်းဖြည်း တွန့်သွားတော့သည်။

***

အခန်း ၁၁၃၆ -

ဒီလူက ငါ့ကိုခေါ်သွားပေးနိုင်တယ်လို့ ပြောနေတယ်။

စုရီ၏ တုန့်ပြန်စကားကြောင့် စာပေသမားသည် ခဏမျှတိတ်ဆိတ်သွားပြီး အဆုံး၌သက်ပြင်းချကာ၊

“ မိတ်ဆွေလေး ... မင်း ထိုက်ချင်းဂိုဏ်းကနေလာမယ့် သံတမန်ကို စောင့်နေမယ်ဆိုရင် အန္တရာယ်နဲ့ ရင်ဆိုင် ရလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်သည်။ စုရီက မျက်ခုံးပင့်ကာ၊

“ ဘာဖြစ်လို့လဲ ... ။ ”

-ဟု ပြန်မေးလေသည်။ စာပေသမားက မျက်မှောင်ကြုတ်လျက်၊

“ ဒိုမိန်းကွင်းကိုဖြတ်ကျော်ပြီး ... အင်မော်တယ်မြေကို ပထမဆုံးရောက်လာတဲ့ သေမျိုးတိုင်းက ပါရမီရှင်တွေပါပဲ ဒါကြောင့် အင်မော်တယ်မြေက အင်အားစုတိုင်းရဲ့ အာရုံစိုက်မှုကို ခံရကြတယ် ...

... ဒါပေမဲ့ ဒီနေ့မှာတော့ မင်းတို့ကို လမ်းပြပေးဖို့အတွက် လူနည်းနည်းလေးသာ ရောက်လာရတယ် ဒါက ဘာလို့လဲ သိလား၊ ထိုက်ချင်းဂိုဏ်းကနေ ဒီသတင်းကြီးကို ပိတ်ဆို့ထားလို့ပဲ။ ”

-ဟု ရှင်းပြလာသည်။

ထိုက်ချင်ဂိုဏ်းသည် လွန်ခဲ့သောနှစ်က အင်မော်တယ်တံခါး ပေါ်လာနိုင်မည့်နေရာများ အပေါ် သတင်းများ ဖြန့်ဝေခဲ့သည်။

ထိုထဲတွင် ကျင်းပြည်နယ်ကိုမူ ချန်လှပ်ထား၏။ ရည်ရွယ်ချက်မှာ ဒိုမိန်းကွင်းမှ တဆင့် တက်လှမ်းလာသူတိုင်းကို တစ်ဦးတည်း ထိန်းချုပ်သွားရန်ဖြစ်သည်။

စုရီက ထိုစကားများကို ကြားမှပင် သံသယအချို့ ပြေလည်သွားတော့၏။ ယခင်က အင်မော်တယ်တံခါးပွင့်သည့် အချိန်တိုင်းတွင် ဂိုဏ်းပေါင်းစုံဖြင့် စည်ကားနေတတ်သည်။

ယခုကဲ့သို့ လူသူကင်းမဲ့ပြီး လမ်းပြ လူအနည်းငယ်သာ ရှိနေခြင်းသည် အဓိပ္ပါယ် မရှိလှချေ။

“ ထိုက်ချင်းဂိုဏ်းက မင်းတို့ကို အခုလိုထိန်းချုပ်ဖို့ ကြိုးစားနေတာ ကောင်းတဲ့ အရာမဟုတ်ဘူး ငါနဲ့အတူလိုက်ခဲ့မယ်ဆိုရင် အင်မော်တယ်နယ်မြေမှာ မင်းခြေကုပ်ရယူဖို့ ငါကူညီပေးနိုင်ပါတယ်။ ”

စာပေသမားက ထပ်မံကမ်းလှမ်းလာသည်။ စုရီမှပြုံးလျက်၊

“ မတောင်းဆိုဘဲ သူစိမ်းတစ်ယောက်က ကြင်နာမှုပေးနေတာဟာ တစ်ခုခုကို လိုချင်လို့ပဲ မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။ ထိုစကားကြောင့် စာပေသမားခမျာ မျက်နှာနီရဲလျက်ဖြင့် ပြန်၍ ဖြေရှင်းရန် ပြင်တော့သည်။ သို့သော် စုရီသည် သူ့ကိုဂရုမစိုက်တော့ဘဲ ချင်းရှစ်ထံ လှည့်ကြည့်လိုက်ကာ၊

“ ငါတို့သွားရအောင် ... ။ ”

- ဟု လူတိုင်းကြားအောင် ပြောကြားလိုက်၏။

သူ့စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ အထူးသဖြင့် လမ်းပြများ ဖြစ်သည်။ ယနေ့တွင် ထိုက်ချင်းဂိုဏ်းအမိန့်အရ မည်သူမျှ ထွက်ခွာခွင့်မရှိချေ။

ဤသို့ ထွက်ခွာရန်ကြိုးစားခြင်းသည် ထိုဂိုဏ်းကို စိန်ခေါ်လိုက်ခြင်းပေပင်။ လမ်းညွှန် ခေါင်းဆောင်လော့ယွမ်ကျောက်မှ မျက်ခုံးပင့်ပြီး စုရီကို သတိပေးရန် ပြင်တော့၏။

သို့သော် သူတို့ကို စောင့်ကြပ်နေသည့် သံချပ်ကာဝတ်အစောင့်တစ်ဦးက သတိထားမိ သွားကာ၊

“ ရပ်စမ်း ... ခွင့်ပြုချက်မရှိဘဲ ထွက်ခွာချင်ရင် သတ်ပစ်ခံရမယ်။ ”

-ဟု ဟိန်းဟောက်လာသည်။ စုရီမှ ဂရုမစိုက်ချေ။

“ မင်း ... သေချင်နေတာပဲ။ ”

အဆုံးတွင် အစောင့်အမျိုးသားသည် စုရီတစ်ယောက် ရပ်တန့်ရန်ဆန္ဒမျိုး မရှိသည်ကို သတိထားမိသွားကာ လက်ဖဝါးတစ်ချက် ရိုက်ချလာခဲ့သည်။

လူတိုင်း ဖိအားများ ခံစားလိုက်ရ၏။ လော့ယွမ်ကျောက်က စုရီကိုကာကွယ်ပေးရန် ကြိုးစားလိုက်သော်လည်း စုရီမှ လက်မခံဘဲ သူ့ကိုအသာအယာနောက်သို့ ပို့လိုက်သည်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

ထို့နောက် လက်ဖဝါးတစ်ချက် ပြန်လည်ရိုက်ထုတ်လိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သံချပ်ကာဝတ်အစောင့်မှာ မြေကြီးထဲသို့ သွေးအိုင်အဖြစ် နစ်ဝင်ကာ သေဆုံးသွားတော့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ မှင်သပ်သွားကြသည်။ အင်မော်တယ်တစ်ဦးကို သေမျိုးတစ်ဦးမှ လက်ဖဝါးတစ်ချက်တည်းဖြင့် သတ်နိုင်ခြင်းမှာ မယုံနိုင်စရာပေပင်။

အခြားသော လူများမှာ အံ့အားသင့် လွန်းသောကြောင့် စကားမပြောနိုင်ဖြစ်ကုန်၏။ စုရီက အစောင့်များထံ ဝေ့ကြည့်ကာ၊

“ ဒါသတိပေးချက်ပဲ ... အခုကစပြီး ငါ့လမ်းကိုတားဝံ့ရင် ဘယ်သူမဆို အကျိုးဆက် ခံစားရလိမ့်မယ်။ ”

- ဟု ဆိုလျက် လျှောက်လှမ်း သွားတော့သည်။

“ ဟမ့် ... ဒီလိုလူမိုက်ကို လွှတ်ပေးလိုက်ရင် ငါတို့မျက်နှာ ဘယ်နားသွားထားရမလဲ။ ”

အစောင့်အတွင်းမှ အမျိုးသမီးတစ်ဦးက လှမ်းထွက်လာပြီး ကျောက်စိမ်းပုလင်းတစ်လုံး ထုတ်ယူကာ၊

“ အားလုံးပဲ ... အတူတူတိုက်ကြ။ ”

-ဟု အော်ဟစ်လိုက်၏။

ထိုအခါ အစောင့်(၁၀၀)သည် စုရီကို အရပ်မျက်နှာအသီးသီးမှ ပိတ်ဆို့လိုက်ကြကာ လက်နက်များ ထုတ်ယူလျက် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပြသလာ၏။

ယွီချန်၊ ချင်စုရှင်းနှင့် အခြားသူများမှာ ထိုမြင်ကွင်းကိုကြည့်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရလေသည်။

အမည်ခံ အင်မော်တယ် (၁၀၀)ဟူသည် အလွန်ကြောက်စရာကောင်းသော အင်အားစု ဖြစ်၏။

“ သတ် ... ။ ”

ကျယ်လောင်သော ဟိန်းဟောက်သံ နှင့်အတူ အမည်ခံ အင်မော်တယ်(၁၀၀)သည် သူတို့၏ရတနာများကို စုရီထံသို့ အစွမ်းကုန် ပစ်လွှတ်တိုက်ခိုက်လိုက်ကြသည်။

ကောင်းကင်တစ်ခုလုံး အင်မော်တယ် အလင်းများဖြင့် ဖုံးလွှမ်းသွားပြီး ဖျက်ဆီးခြင်း လှိုင်းဂယက်များသည် စုရီရှိရာသို့ ကျဆင်းသွားတော့၏။

စုရီတစ်ယောက် ထိုမြင်ကွင်းကို အထင်အမြင်သေးစွာ ကြည့်လိုက်လေသည်။ ဤမတိုင်မီဆိုသော် ထိုမျှများပြားသော အမည်ခံ အင်မော်တယ်များကြောင့် အခက်တွေ့နိုင်၏။

“ ချိုးဖြတ် ... ။ ”

စကားဆုံးသည်နှင့် လက်ဖဝါးတစ်ဖက်ကို ဖျပ်ခနဲရိုက်ချလိုက်၏။ လောကကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ ဘန်း ... ။ ”

“ ကလန် ... ။ ”

“ ခွမ်း ... ။ ”

ချက်ချင်းပင် ကောင်းကင်ထက်မှ ပျံသန်းလာသော အင်မော်တယ်လက်နက်များ အားလုံး ကြိတ်စုံအတွင်း ကျရောက်သွားသည့် ဖန်ခွက်များကဲ့သို့ ကွဲကြေမွှကုန်တော့၏။

ထိုမျှမက အမည်ခံ အင်မော်တယ် အယောက်(၁၀၀)သည်လည်း လှိုင်းလုံးကြီးများ ရိုက်ပုတ်ခံရသော လှေငယ်များအလား အရပ် မျက်နှာအနှံ့အပြား လွင့်ထွက်ကုန်သည်။

အဆုံးတွင် လူတိုင်းသွေးအိုင်ထဲ လဲကျကုန်ကြ၏။ မတ်တပ်ရပ်နေသူဟူ၍ တစ်ဦးမျှ မကျန်တော့ချေ။

“ ဒါ ... ဒါက ... ။ ”

လူတိုင်း မှင်သပ်သွားကြလေသည်။ လက်ဖဝါးတစ်ချက်ဖြင့် အမည်ခံအင်မော်တယ် (၁၀၀)ကို အနိုင်ယူသွားသည်မှာ ယုံနိုင်စရာ မရှိချေ။

“ ဒီမှာ ဘာတွေဖြစ်နေတာလဲ ... ။ ”

“ သခင်လျူ ... ။ ”

ထိုစဉ် လျူယွမ်ကျင်း ရောက်ရှိလာပြီး မြေပြင်ပေါ်ရှိ လဲကျနေသော အစောင့်(၁၀၀)ကို ဝေ့ကြည့်ကာ အံ့အားသင့်သွားသည်။

တစ်ဆက်တည်းမှာ စုရီထံပြန်ကြည့်ကာ ‘ရပ်လိုက်၊’ -ဟု ဟိန်းဟောက်လိုက်သော်လည်း အနည်းငယ် တွေဝေနေသေး၏။

“ မင်းငါ့ကို တားချင်တာလား။”

စုရီက တိုက်ရိုက်မေးမြန်းလိုက်သည်။ ထိုသို့မောက်မာလွန်းသည့် အမူအရာကြောင့် လူတိုင်းနှလုံးခုန်သံများ မြင့်မားလာချေ၏။

မည်သူသည် စစ်မှန်သော အင်မော်တယ်တစ်ပါး စိန်ခေါ်ဝံ့မည်နည်း။ တစ်ဖက်တွင် လျူယွမ်ကျင်းသည် အနည်းငယ် တုန့်ဆိုင်းလျက် အဆုံး၌ သည်းခံရန် ဆုံးဖြတ်လိုက်ချေပြီ။

“ ငါတို့က အထက်အမိန့်အရ လုပ်ဆောင်နေတာပါ .... မင်းကိုရန်ငြိုးထားတာ မဟုတ်ပါဘူး။ ”

ထို့နောက် သက်ပြင်းချလျက်၊

“ မကြာခင်မှာ တခြားအင်အားစုတွေ ဒီနေရာကိုရောက်လာပြီး မင်းတို့အားလုံးကို ဖမ်းဆီးဖို့အတွက် ကြိုးစားကြလိမ့်မယ် ...

... ဒါကြောင့် အားလုံးပဲ ငါနဲ့အတူ ငါ့ဂိုဏ်းကိုခဏလောက် လိုက်ခဲ့ဖို့ တောင်းဆို ချင်ပါတယ်။ ”

-ဟု ကမ်းလှမ်းလိုက်သည်။

ထိုသတင်းကြောင့် လူတိုင်း၏ မျက်နှာများ ပျက်သွားကြ၏။ စုရီမှာမူ မျက်မှောင်ကြုတ်ကာ အတွေးနက်နေခဲ့သည်။

“ စိတ်ချပါ ... မင်းထွက်သွားချင်ရင် ငါနဲ့အတူလိုက်ခဲ့ပြီး ငါ့ရဲ့ဂိုဏ်းကိုရောက်တဲ့အခါ မင်းတို့အားလုံးကို ဧည့်သည်ကောင်းတွေလို ဆက်ဆံပါ့မယ်။ ”

စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ ထိုက်ချင်းဂိုဏ်းသာမက အခြားသောအင်အားစု များသည်လည်း သူသည် ဝမ်ယဲ့ဝင်စားသူ ဖြစ်မှန်း မှန်းဆနိုင်ခဲ့သည်လော။

ထိုသို့ဆိုလျှင် အရာရာသည် ဒုက္ခဖြစ်ပေလိမ့်မည်။ အင်မော်တယ်မြေတွင် ရှေးယခင်က ဝမ်ယဲ့ကို အုပ်စိုးရှင်တစ်ပါးအဖြစ် လူသိများသည်။

အကြောင်းရင်းမှာ ရန်သူများစွာကို သတ်ဖြတ်ခဲ့သောကြောင့် သွေးနှင့်အရိုးတောင် ကြီးကိုဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် သူ့တွင် ရန်ငြိုးများစွာရှိ၏။ အဆိုပါရန်သူများသည် ဝမ်ယဲ့ဘဝတွင်ဖြစ်ရာ ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ချေ။

ထိုက်ချင်းဂိုဏ်း၏ ရှေးဟောင်း သက်ရှိရုပ်ကြွင်းအဖိုးကြီး ရွှယ်ရှောင်ကျိသည် ထိုသူများအနက်မှတစ်ဦးဖြစ်သည်။

“ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့မူလကိုသာ သူတို့ ဖော်ထုတ်နိုင်ခဲ့ရင် ဒီနေ့အမည်ခံအင်မော်တယ် လောက်နဲ့တော့ ကျေနပ်ကြမှာ မဟုတ်ဘူး သူတို့လို အဖိုးကြီးတွေ သေချာပေါက် ရောက်လာလိမ့်မယ်။ ”

စုရီမှ တစ်ယောက်တည်း တွေးတောနေခဲ့သည်။ သူသည်သာ ဝမ်ယဲ့မှန်း သေချာသော် ရန်သူများသည် အလျိုလျို ထွက်ပေါ်လာကြမည်မှာ သေချာ၏။

“ ကောင်လေး လှည့်စားမခံနဲ့ ... လျူယွင်ကျင်းက ဘေးအန္တရာယ်ကို ရှောင်ရှားဖို့ ပြောနေပေမယ့် ... သူ့ရဲ့ရည်ရွယ်ချက်အမှန်က မင်းတို့ကို ထိုက်ချင်းဂိုဏ်းဆီ လွှဲပြောင်းပေးချင်လို့ပဲ။ ”

ရုတ်တရက် စာပေသမားက စုရီထံ ဆက်သွယ်လာသည်။ ထို့နောက် ခဏရပ်ပြီး စကားဆက်ပြောလာပြန်၏။

“ ဒါပေမယ့် မင်းဆန္ဒရှိရင် ငါလည်း မင်းကိုခေါ်သွားပြီး ဒီကပ်ဘေးကို ရှောင်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ ”

စုရီမှ မျက်ခုံးပင့်လိုက်သည်။ ဤအဖိုးကြီးသည် လက်မလျှော့သေးချေ။ ထိုစဉ် လျူယွင်ကျင်းက စုရီကိုကြည့်ပြီး၊

“ မင်း စဉ်းစားပြီးပြီလား။ ”

-ဟု ထပ်မံမေးမြန်းလာ၏။

စုရီတစ်ယောက် ရုတ်တရက် မျက်ဝန်းများလင်းလက်လာပြီး စာပေသမားထံ လက်ညှိုးထိုးပြလိုက်သည်။

“ သူက ငါ့ကို ဒီကနေ ခေါ်သွားပြီး ဒီကပ်ဘေးကိုရှောင်ရှားဖို့ ကူညီပေးနိုင်တယ်လို့ ပြောနေတယ်။ ”

“ မင်း ... ။ ”

စာပေသမားခမျာ မျက်လုံးများ ပြူးကျယ်လျက် ထိတ်လန့်သွား၏။ လူတိုင်း၏ အကြည့်များသည်လည်း ချက်ချင်းပင် သူ့ထံသို့ ကျရောက်လာတော့သည်။

***

All Chapters